စောင့်ရှောက်ရေးဂေဟာ၏ မြင့်မားသော မျက်နှာကျက် ခုံးခုံးအောက်မှ စီစီညံညံရယ်သံများနှင့် လက်ခုပ်သံံများ ထွက် ပေါ်လာနေသည်။ အထဲမှာ ဘောလုံးတလုံးကို အလျှင်အမြန်ပစ်ပေးကြရင်း ပြိုင်ဖက်အသင်းသားတွေ ရှုပ်ယှက်ခတ် နေသည်။ ယနေ့ မနက်စောစောပိုင်းကလည်း အသက် ခြောက်ဆယ်နှင့်အထက် အဘိုးအို အဘွားအိုများပါဝင်သည့်အဖွဲ့ သည် ကုလားထိုင်မှာထိုင်ရင်း ခြေချောင်းလေးတွေကို နိမ့်ချီမြင့်ချီ လှုပ်ရှား၍ Aretha Franklin ၏ တေးသံနှင့် အတူ ကုလားထိုင်အကကို ကခဲ့ကြသေးသည်။
နေမကောင်းဖြစ်နေသူများ၊ နားမကြားသူများနှင့် အမြင်အာရုံချို့ယွင်းနေသူတွေလည်း သူတို့မိတ်ဆွေများ၏ အကူအညီ နှင့်ဖြစ်စေ ဂေဟာမှသီလရှင်များ၏ အကူအညီနှင့်ဖြစ်စေ ပါဝင်ကြသည်။ ရန်ကုန်မြို့တွင်နေထိုင်သူ ဦးနိုဝယ်က “ကျနော်တို့ အရမ်းပျော်တယ်လို့ ခံစားရပါတယ်” ဟု ပြောသည်။
ဒါက ကိုလံဘီယာရုပ်ရှင်မင်းသားတဦး နှင့် အီတလီနိုင်ငံသား အနုပညာကုထုံးပညာရှင်တယောက်တို့က စတင် စီစဉ် မိတ်ဆက်ပေးခဲ့သည့် Myanmar Art Social Project (MASC) စီမံကိန်းဖြစ်သည်။ ဒိန်းမတ်လူမျိုး စိတ်ပညာရှင် တယောက်နှင့် မြန်မာ အနုပညာရှင်များ၊ စေတနာ့ဝန်ထမ်းများက ဝိုင်းဝန်းကူညီကြသည်။
သူတို့ ရည်ရွယ်ချက်မှာ အနုပညာဖြင့် စိတ်ခံစားမှုကို ဖော်ထုတ်ရန်ဖြစ်သည်။ သရုပ်ဆောင်ခြင်းနှင့် အခြားသော အနုပညာဖန်တီးမှုနည်းလမ်းများကို ပေါင်းစပ်ထားသည့် လုပ်ငန်းစဉ်ဖြင့် နာလံထ ကူညီရေးဖြစ်သည်။
MASC သည် အားနည်းသူများအပေါ်တွင် အဓိက အာရုံစိုက်ပြီး လမ်းပေါ်မှ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။ ထိုထဲတွင် ခရစ်ယာန် သီလရှင်များ ဖွင့်လှစ်ထားသည့် ဆင်းရဲနွမ်းပါးသော သက်ကြီးရွယ်အိုများ ဂေဟာလည်း အပါအဝင် ဖြစ်သည်။
စီမံချက်ကို တည်ထောင်သူများက ခိုင်ခိုင်မာမာ ရေးဆွဲထားပါသည်။ Carlos Ossa သည် သရုပ်ဆောင်၊ ဒါရိုက်တာနှင့် ထုတ်လုပ်သူအဖြစ် ကိုလံဘီယာနိုင်ငံတွင် ၁၂ နှစ်ကြာရပ်တည်ခဲ့ပြီးနောက် ပဋိပက္ခကြားတွင် နေထိုင်ကြရသည့် ကလေးငယ်များ အပါအဝင် ကွဲပြားခြားနားသည့် အုပ်စု အမျိုးမျိုးနှင့် အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။
သူ၏ သရုပ်ဖော် အနုပညာအတွေ့ အကြုံများသည် Cinzia Rigodanzo ၏ စိတ်ပညာဆိုင်ရာ အထောက်အကူပြုမှုနှင့် အလွန်လိုက်ဖက်ညီခဲ့သည်။ Cinzia Rigodanzo သည် အနုပညာ ကုထုံးပညာရှင်တယောက်ဖြစ် ပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီတွင် ၆ နှစ်ကြာအမှုထမ်းခဲ့သည်။
“ကျမတို့ တွေ့တဲ့ အချိန်မှာပဲ ကျမတို့ရဲ့ အတွေ့အကြုံ ဗဟုသုတတွေကို ပေါင်းစပ်လို့ ရနိုင်မယ်ဆိုတာ သိလိုက်တယ်၊ Carlos မှာ အနုပညာနဲ့ သရုပ်ဆောင် အရည်အသွေးရှိတယ်။ ကျမမှာက အနုပညာကို ကုထုံးတခုအဖြစ် သုံးတဲ့ အတွေ့ အကြုံ ရှိတယ်လေ” ဟု Rigodanzo ကပြောသည်။
ကစားနည်းများ၊ သရုပ်ဆောင်အတတ်ပညာနှင့် ပုံဆွဲခြင်း၊ ဆေးချယ်ခြင်းတို့ကဲ့သို့သော အနုပညာရပ်များကို အသုံးပြု၍ MASC သည် လူအများကို လွတ်လပ်စွာ လှုပ်ရှားသက်ဝင်နိုင်အောင် သို့မဟုတ် မိမိတို့၏ ခံစားချက်များနှင့် အတွေ့အကြုံ များကို အသေးစိတ် ပြောပြနေရန်မလိုဘဲ ဖော်ထုတ်ပြနိုင်အောင် ကူညီနိုင်ခဲ့သည်။
ထိုနည်းလမ်းက အင်အားကောင်းသည့် ချဉ်းကပ်မှုဖြစ်သည်။ Rigodanzo က ရန်ကုန်မြို့ရှိ လမ်းပေါ်မှ ကလေးငယ်များ နှင့် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲများတွင် ကိုယ်ခန္ဓာ သရုပ်ပြမှုကို အသုံးပြုကာ ကလေးငယ်တို့၏ ခံစားချက်များနှင့် ၎င်း ခံစားချက်အတိုင်း လုပ်ကိုင်ပြူမူနိုင်အောင် ကူညီပေးနိုင်ခဲ့သည့် အကြောင်းကို ရှင်းပြသည်။
“ကျမက အရမ်းကို နာကျင်ပြီးတော့ ဝမ်းနည်းနေတဲ့ ပုံလုပ်ပြလိုက်တယ်၊ မိန်းကလေးတယောက်က ဒါကိုပြောင်းလဲဖို့ လုပ် လာတယ်။ ကျမတို့ကို ပျော်ရွှင်သွားအောင် လုပ်တာမျိုးမဟုတ်ပေမယ့် သူ့ရဲ့လက်ကလေးတွေနဲ့ နာကျင်မှုကို ကုသပေးတဲ့ အမူအရာပြတယ်” ဟု Rigodanzo ကပြောသည်။
“တကယ် အားရဖို့ကောင်းပါတယ်။ ကျမတို့ရဲ့ လေ့ကျင့်ခန်းမှာ သူ အဓိပ္ပါယ် ဖော်နိုင်ခဲ့တာ ရှင်းပါတယ်။ ကျမရဲ့ ဝမ်းနည်းမှုကို ပြောင်းလဲရမယ်ဆိုတာ သူ နားလည်တယ်။ ကျမကို နှစ်သိမ့်ကုသဖို့ သူလုပ်ခဲ့တယ်” ဟု သူက ထပ်ပြော သည်။
ထိုကလေးငယ်များထဲမှ အများစုသည် အလွန် ဆင်းရဲသောနေရာများမှ ရောက်လာသူများဖြစ်သည်။ သူတို့၏ အနာဂတ် များကလည်း မရေရာပါ။ အလုပ်ရုံဆွေးနွေးပွဲမှ ရရှိသည့် တုံ့ပြန်မှုများကတော့ ရှင်းလင်းပါသည်။ “ကျနော် ဘယ်တော့မှ မမေ့ပါဘူး၊ အရမ်းပျော်ပါတယ်။ အရင်ထက်လည်း ပိုပြီး နားလည်တယ်” ဟု ပါဝင်တက်ရောက်ခဲ့သူတဦးက ဆိုသည်။
MASC က အင်အားကောင်းသည့် ငြိမ်းချမ်းရေးတည်ဆောက်မှု သဘောတရားများကိုလည်း သူတို့၏ လုပ်ငန်းထဲတွင် ပေါင်းစပ်ထည့်သွင်းထားသည်။ ယခုအချိန်တွင် မြန်မာနိုင်ငံ၌ လူမျိုးရေး ဘာသာရေးကွဲပြားမှုကို အခြေခံသည့် တင်းမာ မှုများ၊ ပဋိပက္ခများ ဖြစ်ပေါ်နေသည်။ ပြည်နယ်များမှ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးရနိုင်ရန်လည်း ကြိုးစားနေရ၏။ ထို့ကြောင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းဆိုသည့် စကားလုံးမှာ မြန်မာနိုင်ငံတွင် အရေးပါပြီး ရေပန်း စားနေသည်။
သို့သော်လည်း အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်လေ့လာခြင်း သို့မဟုတ် နိုင်ငံရေး အရကျေအေးခြင်းများ နှင့် ကွဲပြား ခြားနားပါသည်။
“ကျနော်တို့တွေဟာ ပဋိပက္ခတွေကြားမှာ မျိုးဆက်သုံးခုလောက်နေခဲ့ရပါတယ်။ ကျနော့်ကို ပဋိပက္ခတွေကြားမှာ မွေးခဲ့တယ်။ ကျနော့် အမေကို ပဋိပက္ခတွေကြားမှာမွေးခဲ့တယ်၊ ကျနော့် အဖိုးကို ပဋိပက္ခတွေကြားမှာမွေးခဲ့တယ်။ အခု ကျနော့် သားလည်း ဒီအတိုင်းပါပဲ” ဟု Carlos Ossa က ကိုလံဘီယာ မှ သူ၏ ဘဝကိုပြောပြသည်။
“တူညီတာတခုက ကျနော်တို့ အသက်ရှင်နေထိုင်ရေးပါပဲ။ ပဋိပက္ခတွေကြားမှာ လူတွေဟာ နေလို့ရမယ့်နေရာကို ရှာကြ ရတယ်” ဟုလည်း ကိုလံဘီယာ နိုင်ငံနှင့် မြန်မာနိုင်ငံ တူညီမှုကိုပြောပြသည်။
MASC က သဘာဝတရားကို ရှာဖွေနိုင်ဖို့ ကြိုးစားသည်။ အောက်ခြေတွင် လှုပ်ရှားဆောင်ရွက်နေသူများနှင့် အလုပ်လုပ်ပြီး မြန်မာနိုင်ငံ၏ လူငယ်မျိုးဆက်သစ်များကို ဦးတည်ချက်ထား၍ ပဋိပက္ခနှင့် ဒေါသများကို အနုပညာဖန်တီးမှုအဖြစ် အသွင်ပြောင်းပစ်ဖို့ ရည်ရွယ်သည်။ “ဘာဖြစ်လို့လဲ ဆိုတော့ အနုပညာဆိုတာ ဖန်တီးခြင်းလေ၊ ဖျက်ဆီးခြင်း မဟုတ်ဘူး” ဟု Ossa က ပြောသည်။
သို့သော်လည်း မြန်မာနိုင်ငံတွင် အနုပညာ သို့မဟုတ် သရုပ်ဆောင်ပြသခြင်းကို လူမှုရေး ကရိယာတခုအဖြစ် သုံးသည့် အလေ့အထ နည်းပါးသည့်အတွက် အခက်အခဲတွေတော့ရှိသည်။ အနုပညာကုထုံး ကျွမ်းကျင်သူလည်း အလွန်နည်း သည်။ ထို့ကြောင့် ဒေသခံ စေတနာ့ဝန်ထမ်းများ အနုပညာရှင်များပါဝင်သည့် ကွန်ယက်တခုတည်ဆောက်ရန်နှင့် ၎င်းတို့ စွမ်းဆောင်ရည် တိုးတက်လာဖို့ ကူညီမည့်သင်တန်းများ စီစဉ်ပေးရန် MASC က ရည်ရွယ်လာသည်။ ထိုအစီအစဉ်ကြောင့် သူတို့အနေဖြင့်လည်း မြန်မာ့ယဉ်ကျေးမှု၊ ရိုးရာ အနုပညာပုံစံများနှင့် လူမှုရေးလုပ်ငန်းများကို လေ့လာနိုင်ခဲ့သည်ဟု Ossa နှင့် Rigodanzo ကရှင်းပြသည်။
ပြုလုပ်ခဲ့သော အလုပ်ရုံဆွေးနွေးပွဲများသည် ဂေဟာမှာ နေထိုင်သူများအတွက် အလွန်အကျိုးဖြစ်စေခဲ့သည်ဟု Sisters of Reparation စောင့်ရှောက်ရေး ဂေဟာမှ သီလရှင် Sister Lina က ပြောသည်။ “ဒါက အရမ်းကို အရေးကြီးပါတယ်။ သူတို့ တွေက ဘဝရဲ့နောက်ဆုံးအချိန်ကို ရောက်နေကြပြီလေ၊ တကယ်လို့ ကျမတို့က ဒီလိုမျိုးတွေ လုပ်မပေးခဲ့ဘူးဆိုရင် သူတို့ တွေဟာ အထီးကျန်သွားလိမ့်မယ်” ဟု သူကဆိုသည်။
အလုပ်ရုံဆွေးနွေးပွဲကို ပြန်ကြည့်လိုက်ရာ အခိုက်အတန့် ငြိမ်သက်နေသည်ကို တွေ့ရသည်။ မိုက်ခရိုဖုန်းက လက်တခုကနေ တခုဆီကို ကူးပြောင်းနေ၏။ ရုတ်တရက်ဆိုသလို ဆွဲဆောင်မှုရှိသည့် အသံတခုက အခန်းထဲမှာ ပဲ့တင်ထပ်၍ ပေါ်လာသည်။ အသံရှင်က ခေတ်ဟောင်း အင်္ဂလိပ်တေးတပုဒ်ကို တကယ့်အဆိုတော်ကြီးတယောက်၏ သီဆိုပုံမျိုးနှင့် ကျကျနန ဆိုနေသည်။
သီဆိုနေသော အဘိုးအိုက သီချင်းကို ဘာကြောင့် ဒီလောက်ကောင်းအောင် ဆိုနိုင်ရသည့် အကြောင်းကို ရှင်းမပြပါ။ သို့သော် သူ့ခံစားမှုကို လွတ်လပ်စွာဖော်ထုတ်ခွင့် ရပါသည်။ နားထောင်ချင်သူလည်း စိတ်ဝင်တစား နားထောင်ခွင့်ရှိသည်။ သူ့ကိုယ်သူ ပြန်လည်တွေ့ရှိခဲ့တာ သေချာပါသည်။
“အနုပညာဆိုတာ လူသားတွေအတွက်ပါ၊ ခင်ဗျားတို့ရဲ့ စိတ်ခံစားမှုကို ဖွင့်ဟဖို့နေရာလည်း ဖြစ်ပါတယ်” ဟု Ossa က ဆိုသည်။
( Dani Patteran ၏ In Burma, Art to Heal Old Wounds ကို နိုင်မင်းသွင် ဘာသာပြန်သည်)