ဆောင်းပါး

တာဝန်ကျေတဲ့ ကာတွန်းဆရာ

This article has been converted from Zawgyi One to Unicode

၁၉၉၃ ခုနှစ် ဧပြီ ၁၃ ရက်နေ့က ကွယ်လွန်သွားတဲ့ ပန်းချီဆရာ ပေါ်ဦးသက်ဟာ တချိန်က ကာတွန်းဆရာ ဘဝကို ဖြတ်သန်း ခဲ့သူတယောက် ဖြစ်ပါတယ်။ အမေရိကန်ပြည် “Famous Artist School” ရဲ့ စာပေးစာယူ သင်တန်းသား တဦးဖြစ်ခဲ့ဖူးပြီး ဒီသင်တန်းရဲ့ သင်ခန်းစာ တော်တော်များများဟာ “ကာတွန်းပညာ” တွေပဲ ဖြစ်ပါတယ်။

၁၉၅၉ ခုနှစ် နောက်ပိုင်းကျတော့ လူထုသတင်းစာမှာ ကာတွန်းတွေ ဆွဲခဲ့ပါတယ်။ နောက် ကြေးမုံမှာလည်း ရေးခဲ့ပါ သေးတယ်။ လူထုမှာ မရေးခင် မန္တလေးမှာ ကိုတင်ဝင်း (ဒါရိုက်တာဝင်းဖေရဲ့ညီ) တို့နဲ့ တွဲပြီး “ဂလိ” စာစောင် ထုတ်ကြသေး တာပေါ့။

“… အဲဒီတုန်းက ပညာပေးသက်သက်သာ ဖော်ညွှန်းပြီး ဝင်းဖေနဲ့ လုပ်လိုက်ကြတာ အလုပ်ကောင်းလို့ ပြုတ်သွားပြီးမှ လူထု ရောက်သွားကြတာ …” လို့ ဆရာက ပြောပြဖူးပါတယ်။ လူထုသတင်းစာမှာ ကာတွန်းဆွဲတော့ ဆရာကိုယ်နှိုက်က တော်တော် ကြိုးစားခဲ့တယ်လို့လည်း ပြောပြတယ်။ တကယ်တမ်း သတင်းစာ ကာတွန်းသမားဆိုတာ ရောဂါရှိနေမှ …၊ ဒီရောဂါကို ကိုယ်တိုင်ခံစား နေရရုံတင်မက တခြားသူတွေကိုပါ ဝေမျှခံစားစေချင်တာ …၊ ကူးစက်စေချင်တာကိုး …။

ဆရာပေါ်ဦးသက်ဟာ လူထုသတင်းစာမှာ “သူတော်” ဆိုပြီး စာမဲ့ကာတွန်း ရေးပါတယ်။ “အောင်အောင်” ဆိုပြီးတော့လည်း ရှေးပုံစံ ဇာတ်တော်မျိုးလည်း ရေးတာပါပဲ။

သတင်းစာ ကာတွန်းဆိုတာ နေ့စဉ်ထုတ်ဆိုတော့ ကွင်းကွင်းကွက်ကွက် ချက်ချင်းလက်ငင်း ရေးနိုင်ရတယ်။ အကြိတ်အနယ် လုပ်ရတဲ့ နိုင်ငံရေး ကာတွန်းမျိုးတွေပဲ မဟုတ်လား။ မနက် ၁၁ နာရီ၊ ၁ ချက်လောက် သတင်းစာတွေ စုံအောင် ရောက်လာရင် စုပြီး ဖတ်လိုက်ကြတာ ၃ နာရီလောက်ဆို ပြီးပြီတဲ့။ အရေးကြီးတဲ့ သတင်းကို ဟာသနှောပြီး ကာတွန်း ရေးကြတာ။ ဆရာ ပေါ်ဦးသက်ရယ်၊ ဦးဝင်းဖေရယ် တပုံစီပေါ့။

စာရေးဆရာ ဆူးငှက်သည် “တိမ်ယံအိပ်မက် မိုးထက်နရီ” ဝတ္ထုဖြင့် အမျိုးသား စာပေဆုနှင့် ၂၀၀၆ ခုနှစ် ရွှေအမြုတေ အခန်းဆက် ဝတ္ထုရှည်ဆု ဆွတ်ခူးရရှိ ခဲ့သူဖြစ်သည်။ မန္တလေး အခြေစိုက် စာရေးဆရာ တယောက် ဖြစ်ပြီး ဧရာဝတီ ဝက်ဘ်ဆိုက်တွင် မန္တလေးနှင့် ပတ်သက်သည့် ရသဆောင်းပါးများ၊ တခြား ဂျာနယ်နှင့် မဂ္ဂဇင်းများတွင် ဝတ္ထုတို၊ ဝတ္ထုရှည်နှင့် ဆောင်းပါးများကို ဆူးငှက်အပြင် တခြားသော ကလောင်ခွဲများဖြင့်ပါ အစဉ်တစိုက် ရေးသားနေသူ ဖြစ်သည် (ဓာတ်ပုံ – The Nature)

တကယ်တော့ ကာတွန်းကို ဦးစားပေးတဲ့ နေရာမှာ လူထုသတင်းစာဟာ ထိပ်ဆုံးက ပါခဲ့ပါတယ်။ ကာတွန်းရဲ့ အနေအထား၊ တန်ဖိုးကို စေ့စေ့စပ်စပ် အကဲဖြတ်ပြီး နေရာပေးခဲ့ပါတယ်။ လတ်တလော အရေးကြီးတဲ့ ပြည်တွင်းပြည်ပ အခြေအနေကို မီးမောင်းထိုးပြတဲ့ ကာတွန်းမျိုးကို မျက်နှာဖုံးမှာ တလေးတစား သုံးခဲ့ပါတယ်။

ဆရာပေါ်ဦးသက်ဟာ သတင်းစာရဲ့ အာဘော်၊ ရပ်တည်ချက်ကို ထင်းကနဲ ထင်းကနဲ မြင်နိုင်တဲ့ သတင်း ကာတွန်းမျိုး ကိုသာမက ပင်တိုင်ရေးခဲ့တဲ့ “သူတော်” စာမဲ့ ကာတွန်းမှာတောင် လေးလေးနက်နက် ဆွဲခဲ့ပါတယ်။ “သူတော်” ကာတွန်း တွေဟာ ဒီကနေ့အထိ ခေတ်မီ အဆင့်မြင့်တဲ့ “အတွေးအခေါ်ပါ” ကာတွန်းတွေပါ။ သာမန် အတွေးမျိုးမဟုတ်ဘဲ (သီးခြားသဘော) ကာတွန်းဆရာ လိုင်စင်ကို လိမ္မာပါးနပ်စွာ အသုံးချခဲ့တဲ့ ကာတွန်းကွက်တွေပါ။

အဲဒီခေတ်တုန်းက ဆရာပေါ်ဦးသက်တို့ ဦးဝင်းဖေတို့ ပေါ်လစီ ကာတွန်းတွေက ထိမိလွန်းတော့ မြန်မာတပြည်လုံးက စောင့်ကြည့် နေကြတာပါ။ ကြေးမုံကဆို (အဲဒီခေတ်က) လခ တထောင်တောင် ပေးခေါ်သတဲ့။

ကြေးမုံ သတင်းစာက လခ တထောင် ပေးခေါ်ရလောက်အောင် မြန်မာ သတင်းစာတွေကလည်း လေးစားလိုလားမှုရှိ …၊ မနက်လင်းရင် လူထု သတင်းစာတိုက်ကို တယ်လီဖုန်း တဂွမ်ဂွမ် ဆက်ပြီး ဆရာ့ပုံကို မေးကြ မြန်းကြ၊ စာဖတ်ပရိသတ်က အလောင်းအစား လုပ်ကြရအောင် ပရိသတ်က စိတ်ဝင်စားမှု ရှိနေတဲ့ ဆရာပေါ်ဦးသက်လို ကာတွန်းဆရာ တယောက်အဖို့ အဲဒီခေတ်က စာနယ်ဇင်း စာမျက်နှာတိုင်းဟာ လက်ညှိုးညွှန်ရာ ကာတွန်းပုံ ဖြစ်စေနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဒီအရည်အချင်းဟာ ကာတွန်းဆရာတယောက်ရဲ့ တကယ့်အရည်အချင်း မဟုတ်ပါဘူး။ ကာတွန်းဆရာ တယောက်ရဲ့ တကယ့်သတ္တိ မဟုတ်ပါဘူး။

ယုံကြည်ချက်ကို ဆင်ခြေနဲ့ လဲခဲ့တာ ကာတွန်းဆရာမှ မဟုတ်ဘဲ၊ ထရံခတ်၊ သံကြိုးချိတ်၊ အုပ်စုစိတ်နဲ့ နေတာ ကာတွန်းဆရာမှ မဟုတ်ဘဲ၊ လူတွင်ကျယ်လုပ်၊ နေရာယူ၊ စာဖတ်သူ ဝေဒနာကို ဥပက္ခာပြုနိုင်သူဟာ ကာတွန်းဆရာမှ မဟုတ်ဘဲ …။

ဆရာပေါ်ဦးသက်ကို “တကယ့်ကာတွန်းဆရာ” လို့ ရဲရဲပြောနိုင်တာ ဟောဒီအချက်ကြောင့် ဖြစ်ပါတယ်။

၁၉၆၁ ခု မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ကသောင်းကနင်း ဖြစ်ချိန် ၁၉၆၁ ခု နိုဝင်ဘာလ ၇ ရက်နေ့ထုတ် လူထု သတင်းစာ ဟာ ဆရာပေါ်ဦးသက်ကို ဒါမှ ကာတွန်းဆရာလို့ ရဲရဲဝံ့ဝံ့ ကြေညာ ပေးလိုက်တာ ဖြစ်တယ်။

သတင်းစာရဲ့ ပထမ စာမျက်နှာမှာပဲ ဆရာပေါ်ဦးသက်ဟာ သူ့လက်မှတ်ထိုးပြီး “သတင်းစာ လွတ်လပ်ခွင့် မရှိပါ၍ ယနေ့ ကာတွန်း မရေးတော့ပါ” ဆိုတဲ့ ကြေညာချက်ကို ရိုက်နှိပ်ထားတယ်။

ဟုတ်ကဲ့ …၊ သတင်းစာပင်တိုင် ကာတွန်းဆရာ တယောက်ရဲ့ ကြေညာချက်ကိုပဲ လူထုသတင်းစာဟာ သတင်းစာ ခေါင်းစည်းကြီးရဲ့ အောက်တည့်တည့်မှာ ထိုက်တန်စွာ နေရာ ပေးထားပါကြောင်း …။

Loading