ဆောင်းပါး

သူပုန်ကျောင်းသား တဦးရဲ့ ပြည်တော်ပြန် ခရီးစဉ် (၇)

This article has been converted from Zawgyi One to Unicode

ထားဝယ်ကို ရောက်နေစဉ်အတွင်း ကျနော် သွားရောက် လေ့လာချင်တဲ့နေရာ ၃ နေရာရှိပေမယ့် အဲဒီထဲက တခုကိုသာ သွားနိုင်ခဲ့ပါတယ်။ ပထမ ဦးစားပေးနေရာက ကျနော်တို့ ABSDF ကျောင်းသားတွေ ဆယ်နှစ်ဆယ်မိုးကျော် နေထိုင် တိုက်ပွဲဝင်ခဲ့တဲ့ မင်းသမီးစခန်း။ ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့မှာ (မင်းသမီးစခန်း အနီးရှိ) ထီးခီးနယ်စပ်ဂိတ် ဖွင့်ပွဲလုပ်မယ်လို့ သတင်းရထားတဲ့အတွက် အဲဒီပွဲကို ကျနော်လိုက်ချင်တဲ့အကြောင်း ၈၈ မျိုးဆက် (ထားဝယ်) နဲ့ ထားဝယ်ဖွံ့ဖြိုးရေးကုပ္ပဏီ (DDC) က သူငယ်ချင်းတွေကို အကြောင်းကြားထားပါတယ်။

သူတို့ဖက်ကနေ ကျနော်ကို ခေါ်သွားဖို့ အားလုံး တာဝန်ယူထားပြီးကာမှ “မိသားစုဆီမှာနေဖို့ လာတဲ့အချိန်မှာ ဘာလို့ အဲဒီနေရာတွေကို ထပ်သွားချင်နေရတာလဲ။ တောထပ်ခိုချင်နေသေးတာလား” ဆိုပြီး အဖေနဲ့အမေက ပြောလာပါတယ်။ တခါ ဒီခရီးစဉ်ဟာ ၂ ရက်ကြာမှာဖြစ်ပြီး ထိုင်းထဲအထိ အားလုံး ဝင်ကြမှာ ဖြစ်တဲ့အတွက် မြန်မာမှတ်ပုံတင် မရှိဘဲ နိုင်ငံခြားသား မှတ်ပုံတင်သာရှိတဲ့ ကျနော့်အတွက် အခက်အခဲ ဖြစ်နိုင်တယ်လို့ တွက်ဆမိပြီး ခရီးထွက်ခါနီးမှ မလိုက်ဖြစ်တဲ့အကြောင်း၊ နောက်ပိုင်းကျမှပဲ နေ့ချင်းပြန် ခရီးအဖြစ် သီးခြားစီစဉ်တော့မယ်လို့ ပြောလိုက်ရပါတယ်။

စာရေးသူသည် ထိုင်း-မြန်မာ နယ်စပ်တွင် အခြေစိုက်သော ကျောင်းသား လက်နက်ကိုင် ABSDF အဖွဲ့ဝင်ဟောင်း ဖြစ်ပြီး DVB ၏ သတင်းထောက် ဟောင်းလည်း ဖြစ်သည်။ ယခုအခါ နော်ဝေနိုင်ငံတွင် နေထိုင်လျက် ရှိသည်

ဒုတိယ သွားချင်တဲ့နေရာက အခုတလော အထူးနာမည်ကြီးနေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းဒေသ။ ဒီဒေသဆီ ကျနော်ကို တာဝန်ယူလိုက်ပို့သူတွေက ၈၈ မျိုးဆက် (ထားဝယ်) အဖွဲ့၊ သူတိုရဲ့ ဖိုးဝှီးကားနဲ့ ရွာကနေထွက်လာပြီး ပထမဆုံး ဝင်တဲ့နေရာက ထားဝယ်တက္ကသိုလ်။ ထားဝယ်မြစ်ကူးတံတား ဖြစ်တဲ့ ကမျောကင်းတံတားနဲ့ ဗိုလ်ဗထူးကျောက်ရုပ်ကို နည်းနည်းကျော်ပြီးတာနဲ့ ထားဝယ်တက္ကသိုလ် ဆိုတဲ့ ဆိုင်းဘုတ်နဲ့ ခြံဝင်းကြီးကို တွေ့ရပါတယ်။ အဲဒီထဲ ကားဖြတ်မောင်းဝင်လိုက်တော့ ခြံဝင်းက အကျယ်ကြီး။ ခြံဝနဲ့ ပင်မကျောင်း အဆောက်အဦးနေရာ၊ သို့မဟုတ် အဓိပတိလမ်း အရှည်က ၄ ဖာလုံလောက်ရှိမယ်လို့ ထင်ပါတယ်။

ကျောင်းသားအားလုံး ဆိုင်ကယ်နဲ့လာ၊ ဆိုင်ကယ်နဲ့ ပြန်သွားတဲ့အတွက် ကျနော်တို့ခေတ်ကလို အဓိပတိလမ်းပေါ် လမ်းသလားတဲ့ခေတ် မရှိတော့ဘူးလို့ သိရပါတယ်။ ကျနော်တို့ခေတ်လို့ အလွယ်ပြောလိုက်ပေမယ့် တကယ်က ဒီကျောင်းဟာ လုံးဝအသစ်။ ကျနော်တို့ခေတ်က တက်ခဲ့ဖူးတဲ့ ထားဝယ်ကောလိပ် သို့မဟုတ် ဒေသကောလိပ်က ထားဝယ်မြို့ပေါ် ဆေးရုံကြီးဘေးနားမှာ။ ကျောင်းအဆောက်အဦးက အရင်အတိုင်းရှိနေဆဲ ဖြစ်ပေမယ့် ဆိုင်းဘုတ်က ပြောင်းသွားခဲ့ပါပြီ။ ထားဝယ်ပညာရေးကောလိပ် ဖြစ်သွားပြီ။

အခု ကျနော်ဖြတ်သွားနေတဲ့ ထားဝယ်တက္ကသိုလ်ဆိုတာက ကျနော်တို့တတွေ တောထဲရောက်ပြီးမှ ၈ လေးလုံး အရေးတော်ပုံနောက်ပိုင်း တက်လာတဲ့ စစ်အစိုးရခေတ်မှာ ကျောင်းသားတွေကို ခွဲခြားထားရေး၊ ကျောင်းတွေကို နယ်ပို့ရေး စီမံကိန်းအရ ၂၀၀၀ ခုနှစ်ဝန်းကျင်ကမှ အသစ်ဖွင့်လိုက်တဲ့ကျောင်း။

“သားသမီး ဆယ်တန်းအောင်ပြီးတာနဲ့ မိဘတွေ ခေါင်းကြီးတော့တာပါပဲ။ ဒီကျောင်းတက်ဖို့က ဆိုင်ကယ်မရှိရင် မဖြစ်ဘူးလေ” လို့ ကျောင်းသားမိဘ သူငယ်ချင်တဦးက ပြောပါတယ်။ ထိုင်းကလာတဲ့ ဆိုင်ကယ် တစီးကို ၈ သိန်းလောက်ဈေးရှိပြီး ဗီယက်နမ် ဆိုင်ကယ်တွေဆို နည်းနည်းသက်သာတယ်လို့ ဆိုပါတယ်။

အခုနောက်ပိုင်းဆောက်တဲ့ ကျောင်းပုံစံတွေက အရင်ခေတ်က (ကိုလိုနီခေတ်လက်ကျန်) အဆောက်ဦတွေလောက် ကျနော့်ရင်ကို ဆွဲဆောင်မှုမရှိ။ ဒီကျောင်းက ဆောက်တာ မကြာသေးဘူးဆိုပေမယ့် ဆေးတွေကွာနေတာ၊ နည်းနည်း အက်ကွဲနေတာတွေကို ကားလမ်းပေါ်ကနေတောင် လှမ်းမြင်နေရပါတယ်။

“ဆေးပြန်သုတ်ဖို့ချည်း သက်သက်တောင် သိန်း ၈၀ လောက် လိုနေတာ။ အစိုးရကချပေးတာက တနှစ်လုံးအတွက် သိန်း ၅၀ တည်းရလို့ ဆရာတွေ စိတ်ပျက်နေတယ်” ဆိုပြီး ၈၈ ကျောင်းသားတဦးကပြောပါတယ်။

ထားဝယ်တက္ကသိုလ် ဝင်းထဲကနေဖြတ်ပြီး အနောက်ဖက်ကို ထွက်လိုက်တော့ မောင်းမကန်ကမ်းခြေဆီ သွားတဲ့လမ်းပေါ်က အမှတ် (၁၀၄) တပ်ရင်းရှေ့  ရောက်သွားပါတယ်။ ဒီတပ်ရင်းဟာ ၈ လေးလုံး အရေး တော်ပုံ မတိုင်ခင်လေးကမှ ဒီဒေသဆီ ရောက်လာတာဖြစ်ပြီး အဲဒီမတိုင်မီအထိ ထားဝယ်မှာ ခလရ (၂၅) တပ်ရင်းတခုပဲ ရှိပါတယ်။

ခလရ (၁၀၄) နဲ့ တောရှည်ရွာကို ကျော်တော့ မောင်းမကန်တောင်။ အရင်စက်ဘီးစီး လေ့ကျင့်စဉ်က ခက်ခဲစွာ တက်ခဲ့ရတဲ့ကားလမ်းဟာ အခုတော့ ရေနက်ဆိပ်ကမ်း စီမံကိန်းတန်ခိုးကြောင့် ကျယ်ပြန့်ကောင်းမွန်စ ပြုလာနေပါပြီ။ ဒါပေမယ့် အရင်ကရှိခဲ့ဖူးတဲ့ လမ်းဘေးတလျှောက်က သဘာဝတောတွေကတော့ ရာဘာခြံ ဖြစ်သွားခဲ့ပေါ့။ တောင်ထိပ်ရောက်တာနဲ့ မောင်းမကန်ပင်လယ်နဲ့ ပန်းတက်အင်းချောင်းကို လှမ်းမြင်လိုက်ရပြီး နဘုလယ်ဒေသ ရေနက်စီမံကိန်းဖက်ကိုတော့ ခပ်ဝါးဝါးပဲ မြင်လိုက်ရပါတယ်။

ကမ်းခြေဖက်ရောက်တော့ အရင်သစ်သားခုံနေရာမှာ ပလတ်စတစ်ခုံတွေ နေရာယူထားတာကလွဲရင် အရင်အတိုင်း လှပဆဲ။ ထင်းရူးပင်ရိပ်အောက်က ဆိုင်တန်းမှာထိုင်ရင်း ပင်လယ်ဖက်ကနေ ဖြတ်တိုက်လာတဲ့ လေကိုရှုလိုက်ရတဲ့ အရသာက ထူးကဲလှပါတယ်။ ကမ်းနားစပ်က သဲသောင်ပြင်ပေါ်မှာ ဆိုင်တန်းတွေရှိနေပြီး အဲဒီဆိုင်တန်းရဲ့ အတွင်းဖက်မှာတော့ စားဖိုးဆောင်နဲ့ ရေချိုပြန်ချိုးတဲ့အခန်းတွေ ရှိပါတယ်။ ဒါပေမယ့် ထူးခြားတာကတော့ အခုချိန်အထိ မောင်းမကန်မှာ ဟိုတယ်နဲ့ တည်းခိုခန်း မတွေ့ရဘဲ အရင်ခေတ်ကအတိုင်း “ဘိုတဲ” အဟောင်းတွေကသာ နေရာယူထားဆဲဖြစ်ပါတယ်။

“ထားဝယ်ဖွံဖြိုးရေးကုပ္ပဏီ DDC က ဟိုဖက်နားမှာ ဟိုတယ်ဆောက်ဖို့ ပြင်နေပါတယ်။ မကြာခင် ဟိုတယ်တွေ ရှိလာမှာပါ။ နိုင်ငံခြား ဧည့်သည်တွေလည်း ရောက်လာမှာပါ” လို့ ကျနော့်ကို လိုက်ပို့သူတွေက ပြောပါတယ်။

အခုချိန်အထိ နိုင်ငံခြားသားတွေ မောင်းမကန်မှာ တည်းခွင့်ရှိမရှိ မသိရသေးပါဘူး။ သေချာတာကတော့ လွန်ခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်အထိ မောင်းမကန်မှာ နိုင်ငံခြားသား ညအိပ်ခွင့်မရှိတဲ့အတွက် မနက်သွား ညဖက် ထားဝယ်မြို့ ပေါ် ပြန်အိပ်ရတယ်လို့ သိရပါတယ်။

ကမ်းခြေပေါ်လမ်း ဆင်းလျှောက်ကြည့်တော့ ထိုင်းနိုင်ငံက နာမည်ကျော် ဖူးခက်ကမ်းခြေထက်တောင် ပိုကျယ်ပြန့်၊ ပိုလျှောက်လို့ ကောင်းသလိုပါပဲ။ ဒါပေမယ့် ရေအရောင်ကတော့ ဖူးခက်လောက် ကြည်လင်မှုမရှိပါ။ ကမ်းခြေကနေ ရွာကိုပြန်ဖြတ်ပြီး ပန်းတက်အင်းဘက် ဝင်လာတော့ ကားလမ်းက ကတ္တရာလမ်း မဟုတ်တော့ပါ။ ဒါပေမယ့် ကိစ္စမရှိ။ ရေနက်စီမံကိန်းက လုပ်ပေးထားတဲ့ မြေနီလမ်းတွေက ကတ္တရာလမ်းတွေနီးပါး ကောင်းနေပါတယ်။ ရွာမဝင်ခင် ပထဆုံးတွေ့ရတာက ရေပူစမ်း။ အရင်က သဘာဝအတိုင်းရှိတဲ့ ရေပူစမ်းဟာ အခုတော့ ရေချိုးခန်းတွေဘာတွေနဲ့ အသေအချာ လုပ်ထားတယ်လို့ သိရပါတယ်။

ပန်းတက်အင်းကနေ ထွက်လာတော့ များလိုက်တဲ့ သီဟိုဠ်စိုက်ခင်းတွေ၊ ရော်ဘာခြံတွေ။ တောရိုင်းက မကျန်တော့ သလောက်ပါပဲ။ သပြေ၊ ညောင်ပင်ဆိပ်၊ မူးဒူး စသဖြင့် ရွာငယ်တွေကို ကားကဖြတ်လာပါတယ်။

“မူးဒူးရွာက ပြောင်းပေးရမယ့် စာရင်းထဲမှာပါတယ်လေ။ စီမံကိန်းနယ်မြေက အကျယ်ကြီးပဲ၊ စတုရန်း ကီလိုမီတာ ၂၀၀ ကျော်တယ်” လို့ လိုက်ပို့သူတွေက ပြောပါတယ်။ တိုက်အိမ်ငယ်နဲ့ သစ်သားအိမ်ငယ်တွေ အပါအဝင် မူဒူးမှာ အိမ်ခြေ ၁၀၀ ကျော် လောက်ရှိမယ်လို့ ထင်ပါတယ်။

ဒါပေမယ့် သူတို့က ဒီရွာမှာကားမရပ်။ ကျနော်ကလည်း အပြန်ကျရင် ရပ်မယ်ထင်ပြီး အပြန်ကျမှ ရွာသားတွေကို မေးတော့မယ်လို့ စိတ်ကူးနဲ့ ဘာမှမပြောဖြစ်။ ဒီလိုနဲ့ ကားက ရေနက်ဆိပ်ကမ်း စီမံကိန်းဧရိယာထဲ ဝင်လာပါတယ်။

“ဒါရှမ်း (ထိုင်းတွေကို ဒေသခံများ အခေါ်) တွေ ဖောက်ထားတဲ့လမ်းလေ။ ကန်ချနဘူရီ – ထားဝယ်ကားလမ်းပေါ့” လို့ ကားဆရာက ပြောတော့ ကျနော် အတော်အံသြသွားပါတယ်။ ကားလမ်းက ကျနော်တို့ ထားဝယ်ဘက်ကလမ်းတွေနဲ့ ဘာမှမဆိုင်။ နေပြည်တော် အဝေးပြေးလမ်းနဲ့ တူတယ်လို့ အလွယ်ပြောနိုင်မလားပါပဲ။ မြေနီလမ်းကြမ်း အဆင့်သာရှိသေးတယ် ဆိုပေမယ့် ကား ၄ စီး တပြိုင်တည်း မောင်းနိုင်တဲ့ အခြေအနေရှိပါတယ်။ အဲဒီ ကားလမ်းပေါ် ၈ ကီလိုမီတာလောက် မောင်းပြီးတာနဲ့ ပင်လယ်ကမ်းစပ်ရှိ KM 0+000 (ထားဝယ်-ကန်ချနဘူရီ ကားလမ်းအစ) လို့ ရေးထားတဲ့ ဆိုင်းဘုတ်ရှေ့ဆီ ကျနော်တို့ ရောက်လာပါတယ်။

“အဲဒီ ရှမ်း (ထိုင်း) တွေ လူပါးဝတယ်။ သူတို့ကားတွေအားလုံး ရှမ်း (ထိုင်း) နံပတ်တွေနဲ့ မြန်မာနိုင်ငံမှာ မောင်းချင်တိုင်း မောင်းခွင့်ရနေပေမယ့် ကျနော်တို့ဆီက ကားဆိုရင် ထိုင်းထဲလုံး၀ ဝင်ခွင့်မပေးဘူး” လို့ ကားဆရာက ပြောပါတယ်။

သူပြောမှ ကျနော်လည်း ကားတွေကို အသေအချာ ကြည့်ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ထရပ်ကားတွေရော၊ အီတလီ-ထိုင်း ကုမ္ပဏီ တံဆိပ်ပါတဲ့ ဖိုးဝှီးကားတွေအားလုံး ထိုင်းနံပါတ်တွေနဲ့။ ပြီးတော့ ဝန်ထမ်းတွေ အားလုံးနီးပါးက ထိုင်းလူမျိုးတွေ။ တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ ထိုင်းနိုင်ငံက လမ်းဖောက်လုပ်ရေး စီမံကိန်း လုပ်ငန်းခွင်တခုထဲ ရောက်နေသလို ကျနော်စိတ်ထဲ ခံစားနေရပါတယ်။

“ဟိုးမှာ မြင်နေရတာ ရေနက်ဆိပ်ကမ်းနေရာပေါ့။ ဘာမှမရှိသေးဘူး။ အခုမှ မြေနေရာ ရှင်းတုန်း” လို့ ကျနော့်ကို လိုက်ပို့သူတွေကပြောပြီး အဲဒီဖက်ကို သွားဖို့ သူတို့ စိတ်ဝင်စားပုံမရပါ။ KM 0+000 နေရာကနေ ပြန်လာပြီး စီမံကိန်းရုံးထဲ ဝင်ကြပါတယ်။ ထိုင်းစတိုင်ဆောက်ထားတဲ့ ဧည့်ရိပ်သာ၊ ရုံးခန်းနဲ့ ဝန်ထမ်း အိမ်ရာတွေက အတော် ကောင်းမွန်လှပနေပါတယ်။ ပြီးတော့ ထိုင်းရိုးရာ နတ်ကွန်းတခုကိုလည်း စီမံကိန်း ရုံးခန်းရှေ့မှာ ထင်ထင်ရှားရှား တွေ့ရပါတယ်။ စီမံကိန်းရုံးခန်းထဲမှာတော့ ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်နဲ့ ကန်ချနဘူရီ-ထားဝယ် ကားလမ်း အခြေအနေ အသေးစိတ်ကို မြေပုံတွေ၊ ဇယားတွေနဲ့ အသေအချာ ရှင်းပြထားတာ တွေ့ရပါတယ်။

စီမံကိန်းရုံးက ပြန်အထွက်မှာတော့ ပြောင်းရွှေ့ခံ ရွာသားတွေအတွက် အိမ်ယာအသစ် ဆောက်ပေးထားတယ်ဆိုတဲ့ ဘဝါကျေးရွာဖက်ကို ကျနော်တို့ ဦးလှည့်ခဲ့ပါတယ်။ အဲဒီဘက်ကို ကားလမ်းသစ်က ဖောက်နေဆဲဖြစ်တဲ့အတွက် မူလလမ်းဟောင်းအတိုင်း သစ်ပင်တွေကြား၊ ဗွက်အိုင်တွေကြားကနေ ကျနော်တို့ မောင်းလာရပါတယ်။

“ဒါဗမာလမ်း စစ်စစ်ကို ပြန်ရောက်လာပြီလေ။ ရှမ်း (ထိုင်း) နဲ့ဗမာ အဲဒါ ကွာတာပေါ့” လို့ ကားဆရာက ငြီးတွားနေပါတယ်။ ဒီရွာကတော့ ပြောင်းရွှေခံရမယ့်သူတွေ လာနေမယ့်နေရာဆိုတော့ ပြောင်းရွှေ့စာရင်းထဲ မပါပါ။

“လျော်ကြေးရတယ်ဆိုပေမယ့် ဘယ်သူမှ မပြောင်းချင်ကြဘူးဗျ။ ကိုယ်နေရာမှာပဲကိုယ် နေချင်ကြတာပေါ့” လို့ ဘဝါရွာထိပ် ဘုန်းကြီးကျောင်းဘေးက လက်ဖက်ရည်ဆိုင်မှာ ခဏထိုင်စဉ် ဒေသခံ လူငယ်တဦးက ပြောပါတယ်။ ဘုန်းကြီးကျောင်းရှေ့  ကားလမ်းပေါ်မှာတော့ အီတလီ-ထိုင်း ကုမ္ပဏီ တံဆိပ်ပါ ဖိုးဝှီးကားတချို့နဲ့ အမည်မသိ ဖိုးဝှီးကားတွေ တဝီဝီ။ ဒေခံတွေရဲ့ နွားလှည်းတွေ၊ ဆိုင်ကယ်တွေ၊ စက်ဘီးတွေကို သိပ်မတွေ့မိ။

အဲဒီဆိုင်ကနေ ချောင်းကူး တံတားတခုကိုဖြတ်၊ ရွာအလွန်ရောက်တာနဲ့ အိမ်ယာသစ် စီမံကိန်းအဖြစ် လက်စ မသတ်ရသေးတဲ့ အိမ်အလုံးရေ ၁၀၀ ခန့်ကို တွေ့ရပါတယ်။ “ဒီအိမ်သစ်တွေက လူတောင် မနေရသေးဘူး။ ပြီးခဲ့တဲ့လက အိမ်အမိုးပြိုကျလို့ သူတို့ ချက်ချင်းပြန်ပြင်လိုက်တယ်” လို့ လိုက်ပို့သူတွေက ပြောပါတယ်။

အိမ်တန်းရှေ့မှာ ကားခဏရပ်ပြီး ဝင်လေ့လာကြည်တော့ နှစ်ထပ်အိမ်လေးတွေက သိပ်မဆိုး။ အပေါ်ထပ်မှာ အိပ်ခန်း၊ ဧည့်ခန်းနဲ့ အောက်ထပ်မှာ ရေချိုးခန်း၊ အိမ်သာအပါဝင် ဆင်ဝင်သဘောမျိုး ခြေတံ ရှည်တိုင်တချို့ ရှိပါတယ်။

“သူတို့အတွက် အရေးကြီးတာက အိမ်မဟုတ်ဘူးဗျ။ လယ်နဲ့ ခြံပဲ။ တသက်လုံး လယ်လုပ်၊ ခြံစိုက်လုပ်လာတဲ့ လူတွေက ဒီဝန်ထမ်းအိမ်ယာလို နေရာမှာနေပြီး ဘာလုပ်စားကြမှာလဲ။ လျှော်ကြေးရမယ့် ငွေကလည်း တနှစ်လောက် ထိုင်စားရင်ကုန်ပြီပေါ့” လို့ ၈၈ ကျောင်းသားတွေက ထောက်ပြပါတယ်။ ဒီလို မကျေလည်မှုတွေ၊ ကန့်ကွက်မှုတွေ ရှိနေဆဲဖြစ်တဲ့အတွက် အခုချိန်အထိ ဒီအိမ်ယာသစ် စီမံကိန်းဆီ တဦးမှ ပြောင်းလာတာ မတွေ့ရသေးပါ။

နောက်တခုက စက်မှုဇုန်ကိစ္စ။ အခုချိန်အထိ ရေနက်ဆိပ်ကမ်းနဲ့ အဝေးပြေး ကားလမ်းအကြောင်းကိုသာ လူပြောများနေကြပေမယ့် တကယ့်ပြဿနာက စက်မှုဇုန်။ ဒီဒေသမှာ တည်ဆောက်မယ့် စက်မှုဇုန်ဟာ ထိုင်းနိုင်ငံ ရနောင်းခရိုင် ပင်လယ်ကမ်းခြေဖက်မှာ နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ မာတပွတ် စက်မှုဇုန်ကို အခု နဘုလယ်မှာ တည်ဆောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံမှာ လှပတဲ့ ပင်လယ်ကမ်းခြေနဲ့ သဘာ၀ မြေအနေထားတွေ ပျက်စီးသွားတဲ့အတွက် ဒေသခံတွေက ဝိုင်းဝန်းကန့်ကွက်ရာကနေ အဲဒီစက်မှုဇုန်ကို မြန်မာနိုင်ငံဆီပြောင်းဖို့၊ တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ မာတပွတ် စက်မှုဇုန်မှ နဘုလယ် စက်မှုဇုန်သို့ပေါ့။

အိမ်ယာသစ် စီမံကိန်းကို လေ့လာမှု အပြီးမှာတော့ နဘုလယ်ရွာဘေးကနေ ဖြတ်ပြီး ကားလမ်းသစ်ပေါ် ပြန်တက်၊ လာရာလမ်းဖြစ်တဲ့ မောင်းမကန် – ပန်းတက်အင်းဘက် မပြန်တော့ဘဲ KM 0+000 လမ်းကနေ ရေဖြူမြို့ဖက် ခရီးဆက်ခဲ့ပါတယ်။ ကန်ချနပူရီ- ထားဝယ်ကားလမ်းရဲ့ ထားဝယ်မြစ် အနောက်ဖက်ခြမ်း အခြေအနေကို ကောင်းကောင်းမြင်ခဲ့ရပြီး ကားလမ်းက လုံးဝကို နေပြည်တော် အမြန်လမ်းနဲ့တူနေတာ သတိထားမိပါတယ်။ ပကောဇွန်း၊ ရင်လှိုင်စသဖြင့် ဆီအုန်းခြံရှိတဲ့ ရွာအစွန်တွေကို ဖြတ်ပြီးတဲ့နောက် ထားဝယ် မြစ်ဖြတ်တံတားဆီ ရောက်လာပါတယ်။

အရင်က ဒီအရပ်မှာ မြစ်ကူးတံတား မရှိပါ။ ရေဖြူမြို့တောင် တံတားမရှိတဲ့အတွက် အရှေ့ဘက်ကမ်းနဲ့ အနောက်ဖက်ကမ်းဆိုပြီး မြို့နှစ်ခွ ဖြစ်နေပါတယ်။ အခုတော့ ကန်ချနဘူရီ-ထားဝယ် ကားလမ်းစီမံကိန်း တန်ခိုးကြောင့် ယာယီမြစ်ကူးတံတား ရှိနေပါပြီ။ ဒါပေမယ့် ရေဖြူမြို့ရဲ့ အပေါ် ၅ ကီလိုလောက် ကွာတဲ့အတွက် ဘယ်သူမှ ဒီလမ်းက လာမကူး။ ထုံးစံအတိုင်း လှေနဲ့ပဲ ကူးနေကြဆဲဖြစ်တာကို တွေ့ရပါတယ်။ ယာယီ မြစ်ကူးတံတားရဲ့ အရှေ့ဖက် ထားဝယ်-ရေး ကားလမ်းဘေးဆီ ရောက်တော့ ဆီအုန်းပင်တွေကို ခုတ်လဲှသုတ်သင်ထားတာကို စိတ်မကောင်းဖွယ် မြင်ရပါတယ်။

လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကာလ၊ ၈၈ ဝန်းကျင်ကဆိုရင် ဆီအုန်းပင်ကို ဒီလိုခုတ်လဲှ မီးရှို့ဖို့ နေနေသာသာ ခွင့်ပြုချက်မရဘဲ အပင်နား ကပ်သွားရင်တောင် အဖမ်းခံရနိုင်တဲ့ အနေအထား။ အခုတော့ အဲဒီလောက်အထိ အရေးကြီးခဲ့တဲ့ ဆီအုန်းစီမံကိန်းဟာ ဘာမှသုံးစားလို့ ရပုံမပေါ်တော့ပါ။ မီးလောင်ပြင် ဆီအုန်းပင်တွေကို ကျော်ပြီးတဲ့နောက် ကလုံးထားရွာထဲ ကျနော်တို့ရောက်လာပါတယ်။ ဒီရွာဟာ ကန်ချနဘူရီ- ထားဝယ် ကားလမ်းကို အဓိက ကန့်ကွက်နေတဲ့ ရွာပေါ့။

“ဒီနေရာမှာ Dam ဆောက်မယ်ဆိုပြီး ITD (အီတလီ – ထိုင်း ကုမ္ပဏီ) လုပ်တာလေ။ ရွာသားတွေ ဝိုင်းကန့်ကွက်လို့ အခုပျက်သွားပြီ” လို့ လိုက်ပို့သူတွေက ပြောပါတယ်။ ကလုံးထားချောင်းရေဟာ အခု မေလကုန်ခါနီး အလွန် ရေရှားတဲ့ကာလအထိ မခန်းမခြောက် စီးဆင်းနေဆဲ။ ထူထပ်တဲ့သစ်တော၊ လှပတဲ့တောင်တန်း၊ နက်စောက်တဲ့ ရှိုမြောင်းတွေကြားကနေ စီးဆင်းနေတဲ့ ဒီချောင်းကို ရေနက်ဆိပ်ကမ်း စီမံကိန်း သောက်သုံးရေ အတွက် တာတမံဆောက်ဖို့ အီတလီ-ထိုင်း ကုမ္ပဏီက ပြင်ဆင်တာလို့ ဆိုပါတယ်။ စီမံကိန်းလုပ်မယ့် လက္ခဏာ ဘာမှ မတွေ့ရတော့ပေမယ့် No Dam ဆိုတဲ့ စာလုံးတွေကိုတော့ ချောင်းဘေးက ကျောက်ဆောင်နံရံပေါ်မှာ ဆေးနဲ့ရေးထားတာ တွေ့ခဲ့ရပါတယ်။

ကလုံးထားကနေ ရေဖြူမြို့ထဲ ပြန်အဝင်မှာတော့ တပ်ရင်းအသစ် ၃ ခုကို တန်းစီတွေ့ရပါတယ်။ ခမရ (၄၀၆)၊ (၄၀၇)၊ (၄၀၈)။ မြို့လုံခြုံရေးအတွက်လား။ ကန်ချနဘူရီ-ထားဝယ် ကားလမ်း လုံခြုံရေးအတွက်လား၊ သိပ်မကွဲပြားလှ။ ဒါပေမယ့် ၁၉၉၁ နတ်အိမ်တောင် တိုက်ပွဲ (ရတနာဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းအတွက်) နဲ့ ၁၉၉၇ မင်းသမီးစခန်း တိုက်ပွဲ (ကန်ချနဘူရီ-ထားဝယ်ကားလမ်း စီမံကိန်းအတွက်) တွေမှာ ဒီတပ်တွေ အဓိက နေရာက ပါဝင်ခဲ့တယ် ဆိုတာကိုတော့ အဲဒီကာလ တိုက်ပွဲတွေကို ကြုံခဲ့ဖူးတဲ့ ကျနော် ကောင်းကောင်း မှတ်မိနေပါတယ်။

ရေဖြူကနေ ထားဝယ်မြို့ဆီ ဝင်လာတော့ မြို့ဝင်ကြေးနဲ့ ဘီးခွန်ဆိုပြီး ကျပ် ၁၀၀၀ ပေးလိုက်ရပါတယ်။ ဒီလို ပေးနေရတာကို ၈၈ ကျောင်သားတွေက သိပ်မကျေနပ်။ “ကမျောကင်း တံတားဘက်မှာတော့ ဆိုင်ကယ်တွေ အခွန်မပေးရအောင် ကျနော်တို့ လုပ်ပြီးပြီ။ ဒီဖက်မှာလည်း ဆက်လုပ်ရဦးမယ်” လို့ ၈၈ ကျောင်းသားတွေက ပြောပါတယ်။ ဘီးခွန်ကောက်နေသူတွေဟာ သူ့တာဝန်သူ ထမ်းနေတယ်ဆိုပေမယ့် ဝန်ထမ်းမှန်း သိလောက်တဲ့ ယူနီဖောင်းတခုခု ဝတ်ဆင်ထားတာမျိုး မရှိပါ။ အစိုးရတာဝန် ထမ်းနေတဲ့၊ အများပြည်သူဆီမှာ အခွန်ငွေ ကောက်နေသူတွေက ယူနီဖောင်းမဝတ်တဲ့ အပေါ်မှာတော့ ကျနော်နည်းနည်း စိတ်ပျက်မိပါတယ်။ ပြီးတော့ ဒီလို အခွန်ကောက်လို့ ရတဲ့ငွေတွေကို သူတို့ဘယ်မှာ ပြန်သုံးသလဲ။ အခွန်ပေးနေရသူတွေ သိခွင့်ရှိသင့်တာပေါ့။

အကောက်ဂိတ်ကို ကျော်လာတော့ ထားဝယ်မြို့ရဲ့  ပထမဆုံးရွာ မောင်မယ်ရှောင်။ အဲဒီရွာထိပ်မှာ GTC နည်းပညာတက္ကသိုလ် (ထားဝယ်) ကို ဘွားကနဲ တွေ့လိုက်ရပါတယ်။ တက္ကသိုလ် ကျောင်းသားတွေကို ထားဝယ်မြို့ အနောက်ဖက်ကမ်းနဲ့ အရှေ့ဖက်ကမ်းက မြို့ ပြင်ရွာတွေဆီ ထုတ်ထားတဲ့ သင်္ကေတပေါ့။ GTC ကို ကျော်ပြီး သိပ်မကြာခင်မှာ သပြေချောင်းရွာကို ရောက်လာပါတယ်။ အရင်က ဝက်ခြေထောက်ပြုတ်နဲ့ နာမည်ကြီးခဲ့တဲ့ သပြေချောင်းဟာ အခုတော့ တပ်နယ်မြေတခု ဖြစ်သွားခဲ့ပါပြီ။

စစ်ဒေသ ကွပ်ကဲမှုဌာနချုပ် (စကခ) အမှတ် ၈ ဌာနချုပ် ရုံးစိုက်တဲ့နေရာ ဖြစ်နေပြီး (၄၀၁) ကနေ (၄၁၀) အထိ တပ်ရင်း ၁၀ ခုနဲ့ တခြား အကူတပ်ရင်းတွေ၊ နောက် လက်နက်ကြီးတပ်၊ အင်ဂျင်နီယာတပ်၊ ထောက်ပို့တပ်၊ ကုတင် ၁၀၀ ဆံ့ စစ်ဆေးရုံတွေအထိ အဲဒီမှာ ဆောက်ထားတယ်လို့ သိရပါတယ်။ အဲဒီစစ်ရုံးချုပ် ရှိရာဒေသနဲ့ ထားဝယ်မြို့ဆီ အထူးဖောက်ထားတဲ့ ကားလမ်းမ အကောင်းစားတခုကိုလည်း သပြေချောင်း- ထားဝယ် ကားလမ်းပေါ်ကနေ လှမ်းမြင်နေရပါတယ်။

သပြေချောင်းကိုကျော်ပြီး အိမ်ရှေ့ ပြင်ရောက်တော့ ထားဝယ်လေယဉ်ကွင်း တိုးချဲ့ထားတဲ့အတွက် အရင်လို ဝဲကျွန်းအရပ်ဆီ ဝင်တဲ့လမ်း မရှိတောပါ့။ အောက်ဘက်ဆင်းပြီး ဆင်ဆိပ်ဘက်က နေဝင်ရင်ဝင်။ မဟုတ်ရင် အပေါ်ဖက်တက် တပ်နယ်မြေအသစ်တွေကို ဖြတ်ပြီး ဗျောတောဝဂိတ် ဖက်ဝင်ရင်ဝင် ဒီနှစ်နည်းပဲ ရှိပါတယ်။ ထားဝယ်ခရိုင်မှာ တပ်နယ်တွေက အရင်ကထက် ၁၀ ဆလောက်တိုးလာတဲ့ သဘောလား။

ဒါတောင် ထားဝယ်ခရိုင် အတွင်းရှိ သရက်ချောင်းမြို့နယ်က တပ်တွေမပါသေး။ အဲဒီအောက်ကို ဆက်ဆင်းပြီး ပုလောအခြေစိုက် တပ်တွေ၊ မြိတ်အခြေစိုက် ကမ်းရိုးတန်း တိုင်းစစ်ဌာနချုပ်။ ဘုတ်ပြင်းဖက်ရှိ စကခ (၁၃) အပါအဝင် ရှိသမျှတပ်တွေ အားလုံးကို ပေါင်းလိုက်မယ်ဆိုရင် ၈၈ နောက်ပိုင်း တနင်္သာရီတိုင်းအတွင်း တိုးလာတဲ့ တပ်ရင်းပေါင်း ၅၀ ကျော်အထိတောင် ရှိသွားနိုင်ပါတယ်။

ဒါပေမယ့် တချိန်က အဲဒီလိုတပ်တွေ တိုးချဲ့ဖို့ အမိန့်ခဲ့သူတွေ လက်ရှိနေထိုင်တဲ့ နေပြည်တော်က ပါလီမန်ထဲမှာတော့ စစ်တပ်အုပ်ချုပ်ရေးခေတ် ကုန်သွားပြီ။ လူထုကရွေးချယ်တဲ့ ဒီမိုကရေစီခေတ် အုပ်ချုပ်ရေးခေတ်ဆီ ရောက်နေပါပြီလို့ စစ်ဗိုလ်ဟောင်း သမ္မတနဲ့ လွှတ်တော် ဥက္ကဌတွေက ပြောဆိုနေတယ်။ ဒါ့အပြင် အရပ်သားတချိုကြားမှာလည်း ဒီမိုကရေစီခေတ်ကို ရောက်နေပြီလို့ ပြောသံတွေ ကြားနေရပါတယ်။

ဒါပေမယ့် အခု ကျနော်သွားခဲ့တဲ့ မိုင် ၆၀-၇၀ လောက် တနေ့စာ ခရီးစဉ်အတွင်းမှာတောင် စစ်စခန်းနဲ့ တပ်ရင်းပေါင်း ၁၀ ကျော် တွေ့ခဲ့ရပါတယ်။ စစ်တပ်က အရပ်ဖက် အုပ်ချုပ်ရေးမှာ ဝင်မပါတော့ဘူး ဆိုပေမယ့် စစ်တပ်မှအပ တခြား ဘာအဖွဲ့စည်းကမှ စစ်တပ်လို အခိုင်အမာ တည်ဆောက်ထားတာမျိုး မတွေ့ရသေးပါ။

တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ ဒီမိုကရေစီစနစ်ရဲ့ သင်္ကေတတွေဖြစ်တဲ့ အရပ်ဘက် အင်စတီကျုးရှင်းတွေ ဘာမှ မတွေ့ရသေးဘဲ စစ်စခန်းတွေကိုသာ အခိုင်အမာ တွေ့နေရဆဲ ဖြစ်တဲ့အတွက် နေပြည်တော်က စစ်ဗိုလ်ဟောင်းတွေ ပြောနေတဲ့ စစ်တပ်အုပ်ချုပ်ရေးခေတ် လွန်သွားပြီ၊ ဒီမိုကရေစီခေတ်ကိုရောက် နေပြီဆိုတာကို ယုံယုံကြည်ကြည် လက်ခံနိုင်ဖို့ ကျနော် အတော် ကြိုးစားရဦးမှာ ဖြစ်ပါတယ်။

(ဆက်လက် ဖော်ပြပါမည်)

Loading