၉၆၉ က ၎င်းတို့ကိုယ် ၎င်းတို့ စည်းစနစ်တကျ ဖွဲ့စည်းထားသော အောက်ခြေလူထု၏ ဘာသာရေးအဖွဲ့အဖြစ် သရုပ်ဖော်ကြသည်။
ထိုအဖွဲ့ကို ဦးဆောင်သူဖြစ်သော ဘုန်းတော်ကြီး ဦးဝီရသူသည် ယခင်စစ်အစိုးရလက်ထက်က မွတ်စလင်ဆန့်ကျင်ရေး အဓိကရုဏ်းတွင် သွေးထိုးလှုံ့ဆော်မှုဖြင့် ထောင်ချခံခဲ့ရဖူးပြီး သူ့ကိုယ်သူ “မြန်မာဘင်လာဒင်” ဟု တခါက ခေါ်ဆိုသုံး နှုန်းခဲ့ဖူးသည်။
ဦးဝီရသူက မွတ်စလင်ဆိုင်များကို သပိတ်မှောက်ရန် နှင့် ဘာသာခြားလက်ထပ်ခြင်းကို ရှောင်ရှားရန် ဗုဒ္ဓဘာသာဝင် များကို တိုက်တွန်းနှိုးဆော်ခဲ့သည်။ သူက မွတ်စလင် ဗလီများကို “ရန်သူ့စခန်းများ” ဟု ခေါ်ဝေါ်ခဲ့သည်။
ရိုက်တာသတင်းဌာနမှ ၉၆၉ ၏ မူလဇစ်မြစ်ကို ခြေရာခံကြည့်သည့်အခါ စစ်အာဏာရှင်လက်ထက်တွင် အစိုးရ အရာရှိတဦးက စတင်ခဲ့သည်ဟု တွေ့ရှိရသည်။ ယခု အစိုးရ လက်ထက်တွင်လည်း အစိုးရထိပ်တန်း အရာရှိကြီးများ၊ သြဇာကြီးသည့် ရှေးရိုးစွဲဝါဒီ ဘုန်းတော်ကြီးများ၏ ထောက်ခံမှုသာမက နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အဖွဲ့ဝင် အချို့၏ ထောက်ခံမှုကိုပင် ရရှိနေသည်။
ဦးဝီရသူကို လေးစားထောက်ခံသူတွေထဲတွင် မြန်မာနိုင်ငံ၏ သာသနာရေးဝန်ကြီးလည်း အပါအဝင်ဖြစ်သည်။
မြန်မာနိုင်ငံ သာသနာရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဆန်းဆင့်က“ ဦးဝီရသူရဲ့ ဟောကြားမှုတွေက မေတ္တာတရားကို အားပေးဖို့နဲ့ ဘာသာတရားတွေကြားမှာ အပြန်အလှန်လေးစားကြဖို့ပါ၊ ဘာသာရေး အဓိကရုဏ်းတွေဖြစ်ပွားအောင် သူက သွေးထိုး လှုံ့ဆော်နေတယ် ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု သူ၏ ဝန်ကြီးသက်တမ်းတွင် ပထမဆုံးသော နိုင်ငံတကာမီဒီယာ တခုနှင့် တွေ့ဆုံခြင်းအဖြစ် ရိုတ်တာ သတင်းဌာနနှင့် တွေ့ဆုံရာတွင် ပြောကြားလိုက်သည်။
ဦးဆန်းဆင့်သည် မြန်မာစစ်တပ်မှ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး တဦးဖြစ်ပြီး ၉၆၉ ဘုန်းတော်ကြီးများ ဦးဆောင်သည့် မွတ်စလင်စီးပွားရေးလုပ်ငန်းများကို သပိတ်မှောက်ရန်တိုက်တွန်းနေမှုကို မှားယွင်းမှုတခုဟု ရှုမြင်ခြင်းမရှိပေ။ “ ကျနော်တို့ အခု ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးနေပါတယ်။ ဒါကို ဘယ်သူမှ ပိတ်ပင်လို့မရပါဘူး၊ စားသုံးသူရဲ့ ရွေးချယ်မှု ပေါ် မှာပဲ မူတည်ပါတယ်” ဟု သူကပြောသည်။
သမ္မတဦးသိန်းစိန်ကလည်း ၉၆၉ လှုပ်ရှားမှုအပေါ်တွင် လိုက်လျောမှုရှိသော အမြင်ကိုပြသခဲ့သည်။ ယခုဆောင်းပါး အတွက်မှတ်ချက်ပေးရန် သမ္မတရုံးက ငြင်းဆန်ခဲ့သော်လည်း တိုင်းမ်မဂ္ဂဇင်းနှင့် ပတ်သက်၍ ကြေညာချက်တစောင် ထုတ်ပြန်ထားရာတွင် ၉၆၉ ဆိုသည်မှာ ငြိမ်းချမ်းရေး၏ သင်္ကေတတခု သက်သက်သာဖြစ်ပြီး ဦးဝီရသူ သည်လည်း ဗုဒ္ဓ၏ သားတော် ရဟန်းတပါးဖြစ်သည်ဟု ဖော်ပြခဲ့သည်။
ဦးဝီရသူ နှင့် အခြားဘုန်းကြီးအချို့သည် မြန်မာနိုင်ငံအနှံ့အပြားတွင် ဖြစ်ပေါ်ပျံ့နှံ့နေသည့် လူမျိုးရေး၊ ဘာသာရေးခွဲ ခြား သည့် အဓိကရုဏ်းများနှင့် နီးစပ်ဆက်သွယ်မှုများ ရှိသည်ဟု ဆိုကြသည်။ မွတ်စလင်ဆန့်ကျင်ရေး မတည်ငြိမ်မှုများသည် ရာစုနှစ်တဝက်ခန့် ကြာခဲ့သော စစ်အုပ်ချုပ်ရေး ကာလများအတွင်းမှာကတည်းကိုက စတင်လောင်မြိုက်နေခဲ့ပြီး အရပ်သား အမည်ခံ အစိုးရ အာဏာရယူခဲ့သည့် ၂၀၁၁ ခုနှစ် မတ်လ နောက်ပိုင်းတွင် ဆိုးဝါးရက်စက်သည့် တိုက်ခိုက်မှုများ ပေါ် ပေါက်လာခဲ့သည်။
ရခိုင်ပြည်နယ်တွင် ယမန်နှစ်က အုံကြွပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၉၂ ယောက်ခန့်သေဆုံး၍ လူ ၁၄၀၀၀၀ ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်ကြရသည်။ အများစုမှာ နိုင်ငံမဲ့ မွတ်စလင်များဖြစ်သည်။ ရိုက်တာသတင်းဌာန၏ စုံစမ်းမှုအရဆိုလျှင် ရခိုင်ပြည်နယ်တွင် အောက်တိုဘာလအတွင်းက ဖြစ်ပွားခဲ့သော မွတ်စလင်များအား တိုက်ခိုက်မှုကို ဗုဒ္ဓ ဘာသာ ဘုန်းတော်ကြီးများ၏ သွေးထိုးလှုံ့ဆော်ခြင်းခံနေရသည့် ရခိုင် အမျိုးသားရေးဝါဒီများက ဦးဆောင်ခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များက ရံဖန်ရံခါ အားပေးကူညီခဲ့ကြသည်ဟု တွေ့ရှိရသည်။
ယခုနှစ် မတ်လအတွင်းက မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာမြို့တွင် မွတ်စလင်ဆန့်ကျင်ရေး ဆူပူအကြမ်းဖက်မှုများ ထပ်မံ ဖြစ်ပွားခဲ့ပြီး လူ ၄၄ ဦးခန့်သေဆုံးကာ လူ ၁၃၀၀၀ ကျော် နေအိမ်ကိုစွန့်ခွာထွက်ပြေးခဲ့ကြရသည်။ အဆိုပါတိုက်ခိုက် သတ် ဖြတ်မှုများကို ဘုန်းတော်ကြီးများ ဦးဆောင်သည့် ဒေါသထွက်နေသော ဗုဒ္ဓဘာသာလူအုပ်ကြီးများက ကျူးလွန်ခဲ့ခြင်း ဖြစ်သည်ဟု ရိုက်တာသတင်းဌာနက ဧပြီလတွင် မှတ်တမ်းတင်ခဲ့သည်။ မေလတွင်လည်း မြန်မာနိုင်ငံ မြောက်ပိုင်း လားရှိုးမြို့တွင် ဗုဒ္ဓဘာသာဝင်များက မွတ်စလင်နေအိမ်များနှင့် အဆောက်အဦးများကို မီးရှို့တိုက်ခိုက်ဖျက်ဆီးခဲ့သည်။ ထိုအချိန်မှစ၍ မတည်ငြိမ်မှုသတင်းများ နိုင်ငံအနှံ့ ပျံ့နှံ့နေခဲ့သည်။
၉၆၉ ဂဏန်းသည် ပင်ကိုယ်အားဖြင့် ဗုဒ္ဓဘုရား၏ ဂုဏ်တော်၊ တရားတော် နှင့် သံဃာတို့ကိုရည်ညွှန်းသည့် အတွက် တဖက်သားကို စော်ကားတိုက်ခိုက်လိုသည့် သဘောမျိုး မဟုတ်။ သို့သော်လည်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို နစ်မြုပ်ပျောက်ကွယ်သွားစေနိုင်သည့် သွေးချောင်းစီး အကြမ်းဖက်မှုများတွင် စိတ်ဓာတ်မြှင့်တင်မှု အနေဖြင့် သုံးစွဲခဲ့ကြသည်။
၉၆၉ ဦးဆောင်သူ တယောက်ဖြစ်သည့် ဦးဝိမလဘိဝံသကလည်း မွတ်စလင်ဆိုသည် မှာ လုံခြုံအားနည်းသည့် အိမ်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာပြီး အိမ်ကိုလုယူမည့်သူနှင့် တူသည်ဟု ပြောခဲ့သည်။ “စည်းမျဉ်း ဥပဒေတွေမရှိဘူးဆိုရင် ငါတို့ရဲ့ လူမျိုးနဲ့ဘာသာ ပျောက်ကွယ်သွားလိမ့်မယ်၊ နိုင်ငံတောင်မှ ဆုံးရှုံးသွား နိုင်တယ်” ဟု ဦးဝိမလဘိဝံသက မကြာသေးမီကမှ ဟောပြောခဲ့သည်။
မြန်မာနိုင်ငံတွင် တရားဝင် နိုင်ငံတော် ဘာသာ သတ်မှတ်ပြဌာန်းထားခြင်း မရှိသော်လည်း အုပ်ချုပ်သူ အစဉ်အဆက် က ဗုဒ္ဓဘာသာကိုသာ ဦးစားပေးခဲ့သည်။ မွတ်စလင်များက နိုင်ငံလူဦးရေ၏ ၄ ရာခိုင်နှုန်းရှိသည်။ သန်း ၆၀ မျှရှိသော လူဦးရေ၏ ၉၀ ရာခိုင်နှုန်းက ဗုဒ္ဓဘာသာဝင်များဖြစ်သည်။ စစ်အစိုးရလက်ထက်က သာသနာရေးဝန်ကြီးဌာနတွင် ဗုဒ္ဓဘာသာ နှင့် ပတ်သက်သည့် အထူးဌာနတခု ထပ်မံတိုးချဲ့ ဖွင့်လှစ်ခဲ့သည်။
ရှာရလွယ်သော ဓားစာခံ
ဘုန်းတော်ကြီးများသည် မြန်မာ့နိုင်ငံရေးတွင် တစိတ်တပိုင်းပါဝင် ပတ်သက်ခဲ့ကြသည်။ စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒပြခဲ့သော ၂၀၀၇ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင် အဓိကနေရာမှ ပါဝင်ခဲ့ကြသည်။ လက်ရှိသမ္မတ ဦးသိန်းစိန် အပါအဝင် စစ်အစိုးရက ၎င်းတို့ကို အကြမ်းဖက်နှိမ်နင်းခဲ့သည်။ သို့သော်လည်း ယခုအခါတွင် ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးအစီအစဉ်များကြောင့် တိုင်းပြည်ရှိ ၅၀၀၀၀၀ ခန့်ရှိသော သံဃာတို့သည် လွတ်လပ်စွာ ပြောဆိုခွင့်၊ စုရုံးခွင့် များရရှိလာကြသည်။ ဗုဒ္ဓဘာသာ တရားတော်များသာမက ၉၆၉ အယူအဆများကိုပါ ပျံ့ပွားအောင် ဟောပြောနိုင်ဖို့ အတွက် လွတ်လပ်စွာ ခရီးသွားလာနိုင်ကြသည်။
မြန်မာနိုင်ငံ၏ အခြေတည်ဖွံ့ဖြိုးစ ဒီမိုကရေစီတွင် ဘုန်းတော်ကြီးများသည် ၂၀၁၅ ခုနှစ် ၌ ကျင်းပရန်ရှိသည့် အထွေထွေ ရွေးကောက်ပွဲကို ဦးတည်လှုပ်ရှားနေသည့် နိုင်ငံရေး အင်အားစုတရပ်အဖြစ် ပေါ်ထွက်လာသည်။ သူတို့၏ စွမ်းအားကို အကြောင်းပြု၍ နောက်ကွယ်တွင် လျှို့ဝှက်ကြံစည်မှုရှိနေသည် ဆိုသည့် အယူအဆတခုလည်း ပေါ်ပေါက်လာသည်။ ၉၆၉ လှုပ်ရှားမှုကို ယခင်စစ်အစိုးရအတွင်းမှ ခေါင်းမာသူတစုက ကြိုးကိုင်ပြီး မတည်ငြိမ်မှုများ ဖြစ်ပွားစေရန် လှုံ့ဆော်ကာ ပြု ပြင်ပြောင်းလဲရေးလမ်းချော်သွားအောင်ပြုရင်း ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ အနိုင်မရစေရန် ဖျက်ဆီးလိုသည့် သဘောဖြင့် ဖန်တီးခဲ့ခြင်းဖြစ်သည်ဟု ယူဆခြင်းများလည်း ရှိနေသည်။
အဆိုပါယူဆချက်ကို မှန်ကန်ကြောင်း သက်သေပြနိုင်ခြင်း မရှိသေးသော်လည်း အစိုးရပိုင်းက အချို့ ပြောဆိုမှုများက ဖြစ်နိုင်ကြောင်း ပြသနေသလိုရှိသည်။
“တချို့လူတွေက ပြုပြင်ပြောင်းလဲရေးအတွက် အရမ်းစိတ်အားထက်သန်ကြတယ်၊ တချို့ကတော့ အပြောင်းအလဲကို မလို ချင်ကြဘူး၊ ဒါကြောင့် လူမျိုးရေး ဘာသာရေးခွဲခြားမှု အဓိကရုဏ်းတွေမှာ ပြုပြင်ပြောင်းလဲမှု ဆန့်ကျင်ရေးသမားတွေပါ ကောင်းပါနိုင်ပါတယ်” ဟု သမ္မတဦးသိန်းစိန်၏ အနီးကပ်ဆုံးအကြံပေးနှစ်ဦး အနက်မှ တဦးဖြစ်သည့် ဝန်ကြီး ဦးစိုးသိန်းက ရိုက်တာသတင်းဌာနသို့ ပြောသည်။
အကယ်၍ ၉၆၉ လှုပ်ရှားမှုကို အာဏာပိုင်အသိုင်းအဝိုင်းရှိ ခေါင်းမာသူများက ကြိုးကိုင်ထိန်းချုပ်နေခြင်း မဟုတ်ဟုဆိုလျှင်ပင် ၎င်းသည် အစိုးရထိပ်တန်းပုဂ္ဂိုလ်များမှစ၍ အောက်ခြေလူတန်းစားအလွှာများအထိ ကျယ်ကျယ် ပြန့်ပြန့်ထောက်ခံ နေကြ ပြီး လှုပ်ရှားမှုသည်လည်း အရှိန်အဟုန်ရနေပြီဆိုခြင်းကတော့ အမှန်ဖြစ်သည်။
အစိုးရ တာဝန်ရှိသူများကလည်း မသိလိုက်ဖာသာနေခြင်းဖြင့် ကျောထောက်နောက်ခံပေးခဲ့ကြောင်း ၉၆၉ သံဃာတပါး ဖြစ် သည့် ဦးဝိမလက ဆိုသည်။ “အမျိုးဘာသာ၊ သာသနာကို ကာကွယ်ဖို့အတွက် တရားတွေဟောတာကို ခွင့်ပြုပေးထား တယ်၊ ဒါကြောင့် သူတို့လည်း ထောက်ခံတယ်လို့ ယူဆပါတယ်” ဟု ဆရာတော်ကပြောသည်။
မြန်မာမွတ်စလင်အဖွဲ့ချုပ်၏ ရန်ကုန်ကိုယ်စားလှယ်ကလည်း ထိုအချက်ကိုလက်ခံသည်။ “မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေက ပိုပြီးတိုးလာတယ်၊ အစိုးရကလဲ ရပ်တန့်အောင် မလုပ်ဘူး” ဟု ကျောင်းဆရာ ဦးမျိုးဝင်းက ပြောသည်။ သူက ၉၆၉ လှုပ်ရှားမှုကို အမေရိကန်နိုင်ငံမှ လူမည်းဆန့်ကျင်ရေး ကေသုံးလုံး Ku Klux Klan (KKK) လှုပ်ရှားမှု နှင့် အလားတူသည်ဟု ဆိုသည်။
သာသနာရေးဝန်ကြီးဌာန ဝန်ကြီးဦးဆန်းဆင့် ကမူ ထိုလှုပ်ရှားမှုတွင် အစိုးရတာဝန်ရှိသူများ ပါဝင်ပတ်သက်မှု မရှိကြောင်း ငြင်းဆိုသည်။ သို့သော် ဦးဝီရသူနှင့် အခြားဘုန်းကြီးများ ဟောပြောနေသည့် အယူဝါဒရေးရာများကို ကာကွယ်ပြောဆို ခဲ့သည်။“သူတို့တွေက ပြဿနာဖြစ်အောင် ဟောပြောနေကြတယ်လို့ ကျနော် မထင်ပါဘူး” ဟု သူကပြောသည်။
ဒေသဆိုင်ရာ အာဏာပိုင်များကလည်း ၉၆၉ လှုပ်ရှားမှုကို ကျောထောက်နောက်ခံပြုခဲ့ကြသည်။
မြန်မာ ဘာသာ ၉၆၉ ဂဏန်း၊ စင်္ကြာဝိုင်းတခုနှင့် ဗုဒ္ဓဘာသာ ဧကရာဇ် အာသောကကို ကိုယ်စားပြုသည့် ခြသေ့ၤ လေး ကောင် ပါဝင်သည့် အမှတ်တံဆိပ်သည် ယခုအခါမြန်မာနိုင်ငံတွင် လူတိုင်းသိနေကြသည်။ ထိုအမှတ်တံဆိပ် ပါဝင်သည့် စတစ်ကာများကို တရားပွဲများတွင် အခမဲ့ဝေငှပေးနေသည်။ ထို စတစ်ကာများကို ဆိုင်များ၊ နေအိမ်များ၊ အငှားကားများ နှင့် မြန်မာဗုဒ္ဓဘာသာတို့၏ အထွဋ်အမြတ်ထားရာ ရွှေတိဂုံစေတီမှ အမှတ်တရ ပစ္စည်းဆိုင်များတွင် ကပ်ထားကြသည်။ မငြိမ်သက်မှုများ ဖြစ်ပွားခဲ့ရာနေရာများတွင်လည်း မြင်နေကျဖြစ်သည်။
အာဏာပိုင်အချို့ကလည်း ထိုအမှတ်တံဆိပ်ကို လေးစားရိုသေရမည့် အရာတခုအဖြစ် သဘောထားကြသည်။ ရန်ကုန် အနီးရှိ ပဲခူးဒေသတွင် ကွမ်းယာ ဆိုင်တွင်ကပ်ထားသော ၉၆၉ စတစ်ကာကို မွတ်စလင်တယောက်က ခွာပစ်လိုက်သည့် အတွက် ပဋိပက္ခ ဖြစ်ပွားခဲ့ပြီးသည့်နောက် တရားရုံးက ၎င်းကို အင်္ဂလိပ် ကိုလိုနီ ခေတ်ကတည်းက ပြဌာန်းခဲ့သည့် ဥပဒေတရပ်ဖြစ်သော “သာသနာကို ညှိုးနွမ်းပျက်ပြားစေမှု” ဖြင့် ယခုနှစ် ဧပြီလအတွင်းက ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့သည်။
တရားဝင်တပိုင်း မူလဇစ်မြစ်
၉၆၉ လှုပ်ရှားမှု မြန်မာနိုင်ငံတွင် စတင်ခဲ့သည့်အချိန်ကို နောက်ကြောင်းပြန်၍ ဝါဒပြန့်ပွားလာသည့်ဇစ်မြစ် နှင့်ပတ်သက်၍ ဦးဝိမလ၊ ဦးဝီရသူနှင့် အခြားသော ၉၆၉ တရားဟောပြောသူများက ရဟန်းလူထွက် ဦးကျော်လွင်ကို အသိအမှတ်ပြုကြ သည်။ ဦးကျော်လွင်သည် အစိုးရအရာရှိ စာရေးဆရာလည်း ဖြစ်ပြီး ယခုအခါတွင် သိသူ တော်တော်နည်းနေပြီဖြစ်သည်။
ယခင်စစ်အာဏာရှင်များက ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးအခင်းကို လူမဆန်စွာ အကြမ်းဖက်နှိမ်နင်းခဲ့ အပြီးတွင် ဗုဒ္ဓ ဘာသာဝင်များကို ဝါဒကို စည်းရုံးရေးအတွက် ဦးကျော်လွင်ကိုရွေးချယ်ခဲ့သည်။ ၁၉၈၈ အရေးအခင်းတွင် ရက်စက်စွာ ဖြိုခွဲတိုက်ခိုက်ခဲ့သည့် အတွက် ဘုန်းကြီးများ အပါအဝင် လက်နက်မဲ့ ဆန္ဒပြသူ ထောင်ပေါင်းများစွာ သေကြေ ဒဏ်ရာ ရခဲ့ ကြသည်။ ထို့ကြောင့် စစ်အစိုးရအပေါ် မုန်းတီးစက်ဆုပ်မှုကို ဖော်ပြရန်အတွက် ဘုန်းကြီးများက စစ်တပ်မိသားစုတို့၏ လှုဒါန်းမှုများကို ငြင်းပယ် သပိတ်မှောက်ခဲ့ကြသည်။
ထို့နောက် စစ်တပ်က ကျဆင်းသွားသည့် ပုံရိပ်ကို ပြန်လည်ပြင်ဆင်ရန် နှင့် အစိုးရကို ရန်သူသဖွယ် သဘောထားသည့် ဘုန်းကြီးများကို ထိန်းချုပ်ရန် စီစဉ်ဆောင်ရွက်လာခဲ့သည်။ ဘုန်းကြီးများကို မှတ်ပုံတင်စေပြီး လှုပ်ရှားမှုများကို ကန့်သတ် သည်။ တဖက်တွင်လည်း အစိုးရမီဒီယာများမှ နေ၍ ဗိုလ်ချုပ်များက စေတီပုထိုးများကို ပြုပြင်နေပုံများ၊ ကျောင်းထိုင် ဆရာတော်ကြီးများကို လှူဖွယ်ပစ္စည်း ဆက်ကပ်နေပုံများကို နေ့စဉ် ပြသခဲ့သည်။
၁၉၉၁ ခုနှစ်၌ စစ်အစိုးရက သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာနကို သာသနာရေးဝန်ကြီးဌာနလက်အောက်တွင် တည်ထောင်ဖွဲ့စည်းပြီး ဦးကျော်လွင်ကို အကြီးအကဲအဖြစ် ခန့်အပ်လိုက်သည်။ ပါဠိစကားလုံး ဖြစ်သော သာသနာဆို သည်မှာ ကိုးကွယ်ရာ ဘာသာတရားဟု အဓိပ္ပါယ်ရသည်။ မြန်မာနိုင်ငံတွင် သာသနာ ဆိုသည်ကို ဗုဒ္ဓဘာသာ နှင့်အတူတူပင် ဖြစ်သည်ဟု နားလည်ကြသည်။
သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာနကိုတည်ထောင်ပြီးနောက်တွင် ဦးကျော်လွင်ရေးသားထားသည့် စာများ ကို စုစည်းပြီး “ဗုဒ္ဓဘာသာဝင်ကောင်း တယောက်ဖြစ်အောင် ဘယ်လိုနေထိုင်မလဲ” အမည်ရသည့် စာအုပ်တအုပ်ကို ထုတ်ဝေ ဖြန့်ချီခဲ့သည်။ ထိုစာအုပ်ကို ၂၀၀၀ ခုနှစ်တွင် “အကောင်းဆုံး ဗုဒ္ဓဘာသာဝင်” အမည်ဖြင့် ပြန်လည်ထုတ်ဝေခဲ့ပြီး အစောပိုင်း ကာလများက အသုံးပြုခဲ့သည့် ၉၆၉ အမှတ်တံဆိပ်ကို စာအုပ်အဖုံးတွင် ဖော်ပြခဲ့သည်။
၁၉၉၂ ခုနှစ်တွင် ဦးကျော်လွင် ရာထူးမှ အနားယူခဲ့သည်။ လက်ရှိ သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာန အကြီးအကဲမှာ စစ်ဖက်အရာရှိဟောင်းတယောက်ဖြစ်သော ဦးခိုင်အောင် ဖြစ်သည်။
ဦးကျော်လွင်၏ ဇနီးနှင့် သားဖြစ်သူတို့သည် ရန်ကုန်မြို့လယ် အိမ်တလုံးတွင် နေထိုင်ကြသည်။ ဦးကျော်လွင် ရေးသားခဲ့သော စာအုပ်များကို ဧည့်ခန်းအတွင်းရှိ စာအုပ်စင်ပေါ်တွင် မြင်နိုင်ပြီး ဦးကျော်လွင် ရဟန်းဘဝက ဓာတ်ပုံများ၊ ကမ္မဌာန်းနည်းပြအဖြစ် တရားပြနေသည့် ဓာတ်ပုံများကို ဘောင်သွင်းချိတ်ဆွဲထားသည်။
အခြားဓာတ်ပုံတခုတွင် ဦးကျော်လွင်နှင့် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဒုတိယဗိုလ်ချုပ်ကြီးခင်ညွှန့်တို့ စကား ပြောဆို ရယ်မောနေသည်ကို မြင်နိုင်သည်။ ဦးကျော်လွင်သည် အခြားသော စစ်အစိုးရခေါင်းဆောင်များနှင့်လည်း နီးကပ် သော ဆက်ဆံရေးရှိသည်ဟု သားဖြစ်သူ မော်တော်ကားတင်ပို့သည့်လုပ်ငန်း လုပ်ကိုင်နေသော ဦးအောင်လွင်ထွန်းက ပြောသည်။
“အကောင်းဆုံး ဗုဒ္ဓဘာသာဝင်” စာအုပ်ကို ထိုအချိန်က စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး စောမောင်၏ တိုက် တွန်းချက်အရ ရေးသားခဲ့ခြင်းဖြစ်သည်ဟု သူက ပြောပြသည်။ ယခင်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်လည်း မကြာ ခနတွေ့ဆုံကာ ဘာသာရေးဆွေးနွေးဖြစ်သည်ဟုလည်း သိရသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အနားယူခဲ့သည့် ၂၀၁၁ ခုနှစ် နောက်ပိုင်းတွင် အများပြည်သူ မြင်ကွင်းမှ ပျောက်ကွယ်နေခဲ့သည်။
“အကောင်းဆုံး ဗုဒ္ဓဘာသာ” ဆိုသည့် စာအုပ်မှာ ဈေးကွက်တွင် ပြတ်သွားပြီဖြစ်၍ ဦးအောင်လွင်ထွန်းက နောက်တကြိမ် ထုတ်ဝေရန်စီစဉ်နေသည်။ “လာမေးကြတဲ့ သူတွေ အများကြီးပဲ” ဟု သူကပြောသည်။ လက်ရှိဖြစ်ပေါ်နေသော မွတ်စလင်များကို သပိတ်မှောက်ရန် အပါအဝင် ၉၆၉ လှုပ်ရှားမှုများကို သူက ထောက်ခံသည်။ “ဒါက ကျနော်တို့ရဲ့ သာသနာကို ကာကွယ်ဖို့ စည်းရိုးကာတာပါပဲ” ဟု ဆိုသည်။
နာမည်ကို ထုတ်ဖော်မရေးသားရန် မေတ္တာရပ်ခံခဲ့သော ဦးကျော်လွင်၏ ဇနီးဖြစ်သူကလည်း ၉၆၉ လှုပ်ရှားမှုကို ထောက် ခံသည်။ မွတ်စလင်နှင့် လက်ထပ်သော ဗုဒ္ဓဘာသာဝင်များသည် မင်္ဂလာဆောင်တွင် ဗုဒ္ဓ၏ ရုပ်ပုံပေါ်သို့ ခြေဖြင့်နင်းဖြတ် သွားရင် အဓမ္မ ခိုင်းစေခြင်းခံရသည်ဟု သူကပြောသည်။ ရှီယက် မူဆလင်များ၏ ရိုးရာဓလေ့တွင် တိရိစ္ဆာန်များကို ရက် စက်စွာ သတ်ဖြတ်လေ့ရှိသဖြင့် လူသတ်ရန်လည်း ၎င်းတို့အတွက် လွယ်ကူသည်ဟု ဆိုသည်။
သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာန၏ အကြီးအကဲဖြစ်နေစဉ် ဦးကျော်လွင်နှင့် ဆုံတွေ့ခဲ့သော ဘုန်းတော်ကြီး များထဲတွင် ကျောက်ဆည်ဒေသမှ ဦးဝိစိတ္တဘိဝံသလည်း ပါဝင်သည်။ သူ့ကို ယနေ့အချိန်တွင် ၉၆၉ လှုပ်ရှားမှုကို ဦးဆောင် လှုံ့ဆော်နေသော ဦးဝီရသူအဖြစ် လူသိများလာသည်။
၁၉၉၂ ခုနှစ်တွင် တွေ့ဆုံခဲ့ကြပြီးနောက် ဦးဝီရသူနှင့် ဦးကျော်လွင် အဆက်အသွယ် မပြတ်ရှိနေခဲ့သည်ဟု ဦးအောင်လွင်ထွန်းက ပြောသည်။ ဖခင်ဖြစ်သူက ဦးဝီရသူ ၏ အတွေးအမြင်များအပေါ် လေးစားမှုရှိသည်ဟု သူက ယုံကြည်သည်။ “သူက တခြားသူတွေ မလုပ်နိုင်တာကို လုပ်နေတာ၊ အမျိုးဘာသာကို ကာကွယ်စောင့်ရှောက်နေတာပါ” ဟုပြောသည်။
၂၀၀၁ ခုနှစ်တွင် ဦးကျော်လွင် ကွယ်လွန်သည့်အခါ အသက် ၇၀ ရှိပြီဖြစ်သည်။ ၎င်းနှစ်ထဲမှာပင် ဦးဝီရသူက ၉၆၉ အကြောင်း တရားများ စတင်ဟောပြောခဲ့သည်။ ထို့နောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံတွင် မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုတခု တိုးတက်လာနေသည်ဟု အစိုးရကို အစီရင်ခံခဲ့သည်။ မွတ်စလင်ဆန့်ကျင်ရေး စိတ်ထားများသည် ၂၀၀၁ ခု နှစ် မတ်လတွင် တာလီဘန်တို့က အာဖဂန်နစ္စတန် နိုင်ငံ ဘာမီယန်ရှိ ဗုဒ္ဓဆင်းတုများကို ဖျက်ဆီးလိုက်ခြင်းနှင့် စက်တင် ဘာလတွင် အယ်လ်ကေဒါ တို့က အမေရိကန်နိုင်ငံကို တိုက်ခိုက်ခဲ့ခြင်းများ ဖြစ်ပေါ် ခဲ့ပြီးနောက်တွင် ပိုမိုတိုးပွားလာနေခဲ့သည်။
နောက် ၂ နှစ်ကြာသည့်အခါ ၎င်း၏ ဇာတိကျောက်ဆည်မြို့တွင် ဘာသာရေးအဓိကရုဏ်းများ ဖြစ်ပေါ်လာစေရန် သွေးထိုးလှုံ့ဆော် သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေမှုဖြင့် အစိုးရက ဦးဝီရသူကို ထောင်ဒဏ် ၂၅ နှစ်ချမှတ်ခဲ့သည်။ ကျောက်ဆည် ပဋိပက္ခတွင် ဗုဒ္ဓဘာသာဝင်များက မွတ်စလင် ၁၀ ဦးခန့်ကို သတ်ဖြတ်ခဲ့သည်ဟု အစိုးရက သတင်းထုတ် ပြန်ခဲ့သည်။ ၉၆၉ လှုပ်ရှားမှုတွင် ပထမဆုံး သွေးစွန်းခြင်းဖြစ်၏။
၉၆၉ နှင့် ၇၈၆
ဦးဝီရသူသည် နိုင်ငံရေး အကျဉ်းသားများကိုပေးသည့် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၂၀၁၁ ခုနှစ်တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။ ထိုအချိန်တွင် မြန်မာဘင်လာဒင်ဟု သူ့ကိုယ်သူကင်ပွန်းတပ်ပြီး ၉၆၉ ၏ စစ်သွေးကြွ မျက်နှာစာကို ထုတ်ပြခဲ့သည်။ ၉၆၉ လှုပ်ရှားမှုကို မွန်ပြည်နယ်မှ ဘုန်းတော်ကြီးများက စတင်စုစည်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
မွန်ပြည်နယ်တွင်နေထိုင်သူများက သူတို့ကိုယ်သူတို့ မြန်မာနိုင်ငံ၏ ပထမဆုံးသော ဗုဒ္ဓဘာသာဝင်များအဖြစ် ဂုဏ်ယူလေ့ရှိကြ၏။ ယခင်နှစ် ဆူပူမှုများ ဖြစ်ပွားသည်မှစ၍ ၉၆၉ လှုပ်ရှားမှု ကွန်ယက်တခုကို တနိုင်ငံလုံးတွင် စုစည်းဖြန့်ကျက်နိုင်ခဲ့သည်။ မွန်ပြည်နယ်မြို့တော် မော်လမြိုင်တွင် မွတ်စလင်ပိုင် ဘတ်စ်ကားကုမ္ပဏီတခုကို သပိတ်မှောက်ရာတွင် ဦးဆောင်ခဲ့ကြသည်။ ထို့နောက် မွတ်စလင် စီးပွားရေးလုပ်ငန်းများကို တနိုင်ငံလုံး အတိုင်းအတာဖြင့် သပိတ်မှောက်ရေးကို ၉၆၉ ၏ ပင်မရည်မှန်းချက် အဖြစ် တိုးချဲ့လာခဲ့သည်။
၁၉၄၈ ခုနှစ် ဗြိတိသျှထံမှ လွတ်လပ်ရေးရရှိခဲ့စဉ်ကတည်းက အစိုးရထိပ်ပိုင်းရာထူးနေရာ အမြောက်အများကို မွတ်စလင်များ ရယူနိုင်ခဲ့ကြသည်။ သို့သော်လည်း ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းယူခဲ့ပြီး နောက်ပိုင်းတွင် အခြေအနေ ပြောင်း လဲသွားပြီး မွတ်စလင် အရာရှိများ ခန့်ထားခြင်း၊ ရာထူး တိုးမြှင့်ပေးခြင်းတို့ကို ဟန့်တားပိတ်ပင်ခဲ့သည်။ စစ်တပ်အနေဖြင့်လည်း မွတ်စလင်များသည် စီးပွားရေးတွေ လွှမ်းမိုးထားပြီး ရရှိသည့် အမြတ်အစွန်းများဖြင့် ဗလီများတည်ဆောင်ကြသည်၊ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို ဇနီးမယားအဖြစ် ဝယ်ယူကာ အစ္စလာမ် အတွေးအခေါ်များကို ပြန်ပွားအောင် လုပ်နေကြသည်ဟု အမြင်မျိုးရှိခဲ့သည်။
လက်ရှိတွင် မူဆလင်လုပ်ငန်းများကို သပိတ်မှောက်ကြသည့် ကိစ္စသည် တရားမျှတမှုရှိသည်ဟု ၉၆၉ ကို ထောက်ခံသူ အသက် ၃၁နှစ် အရွယ် အမျိုးသမီးရှေ့နေ ဒေါ်ဇာနည်ဝင်းထွန်း က ပြောသည်။ မွတ်စလင်များက ဗုဒ္ဓဘာသာ စီးပွားရေး လုပ်ငန်းများကို ရှောင်ကြဉ်ထားသည်မှာ ကြာမြင့်လှပြီဟု သူကဆို၏။ “သပိတ်မှောက်ဖို့ ကျမတို့စခဲ့တာ မဟုတ်ပါဘူး၊ သူတို့က အရင်လုပ်တာပါ၊ ကျမတို့က သူတို့နည်းနဲ့ ပြန်တုန့်ပြန်တာမျိုးပါပဲ” ဟု ဒေါ်ဇာနည်ဝင်းထွန်းက ပြောသည်။
သူဆိုလိုသည်မှာ တောင်အာရှ နိုင်ငံများမှ မွတ်စလင်အိမ်များ၊ စီးပွားရေးလုပ်ငန်းများတွင် ဖော်ပြထားလေ့ရှိသော ၇၈၆ ဆိုသည့် ဂဏန်းဖြစ်သည်။ ၎င်းက အစ္စလာမ် ဘာသာတရားအရ အလ္လာရှင်၏ အမည်၊ မေတ္တာနှင့် ဂရုဏာဖြင့် ဆုမွန်ကောင်း တောင်းခြင်းကို ကိုယ်စားပြုသော ဂဏန်းများဖြစ်သည်။ သို့သော်လည်း မြန်မာဗုဒ္ဓဘာသာများက သူတို့စိတ်ထဲစွဲနေသည့် သချာၤဗေဒင်နည်းအရ ဂဏန်းသုံးလုံးကို ပေါင်းကာ ရရှိသည့် ၂၁ ဂဏန်းဆိုသည်မှာ ၂၁ ရာစုတွင် မွတ်စလင်များက ကမ္ဘာကိုလွှမ်းမိုးရမည်ဟု ဆိုလိုခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။
မည်သည့်အတွက်ကြောင့် ဗုဒ္ဓဘာသာဝင် အချို့က ထိုသို့နားလည်လက်ခံထားကြသည် ဆိုခြင်းကို လွယ်ကူစွာ သိနိုင်ပါ သည်။ ဥပမာပြရလျှင် မွတ်စလင်တို့၏ ဘာသာရေးနှင့် စားသောက်ခြင်းဆိုင်ရာ ဓလေ့အရ ဗုဒ္ဓဘာသာစားသောက် ဆိုင် များတွင် သွားရောက်စားသောက်ခြင်းကို တားမြစ်ထားသည်။ မွတ်စလင်များက အငယ်စားနှင့် အလတ်စား လုပ်ငန်းကဏ္ဍ အချို့တွင်လည်း လွှမ်းမိုးထားသည်။ မွတ်စလင်ပိုင် ဆောက်လုပ်ရေးလုပ်ငန်းများ ဖြစ်သည့် Naing Group၊ Motherland နှင့် Fatherland ကုမ္ပဏီများသည် ပြုပြင်ပြောင်းလဲရေးကာလအတွင်း ရန်ကုန်မြို့တွင် တဟုန်ထိုး တိုးတက်လာနေသည့် ဆောက်လုပ်ရေး လုပ်ငန်းခွင်များကို ပို၍ကြီးစိုးလာနေကြသည်။
သို့သော်လည်း အမေရိကန် ဒေါ်လာဘီလီယံနှင့်ချီ၍ တန်ကြေးရှိသည့် စီမံကိန်းများကို လုပ်ကိုင်ခွင့်ရရှိသော အကြီးဆုံး ဆောက်လုပ်ရေးကုမ္ပဏီများကို ယခင်စစ်အစိုးရနှင့် ရင်းနှီးကျွမ်းဝင်သော သူဌေးကြီးများက ပိုင်ဆိုင်ပြီး ၎င်းတို့မှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။
ရန်ကုန် အနောက်ပိုင်းမှ ဗုဒ္ဓဘာသာဝင်ဖောက်သည်များသည် မွတ်စလင်ပိုင်ဆောက်လုပ်ရေး ကုမ္ပဏီများနှင့် ချုပ်ဆိုထား သော စာချုပ်များကို ဖျက်သိမ်းပစ်ကြကြောင်း၊ အကြောင်းမှာ တည်ဆောက်ပြီးစီးသွားသည့် အချိန်တွင် ၉၆၉ ထောက်ခံ သူများက လာရောက် တိုက်ခိုက်ဖျက်ဆီးကြမည်ကို စိုးရိမ်၍ဖြစ်ကြောင်း အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မွတ်စလင်အမျိုးသား ဦးရွှေမောင် ကပြောသည်။ “မြို့နယ် တခုမှာ ဖြစ်လိုက်ပြီ ဆိုရင် တခြားနေရာတွေမှာပါ ထိခိုက်သွားမှာ ကျနော်စိုးရိမ်တယ်” ဟု သူကပြောသည်။
ခွဲခြားနေထိုင်လိုခြင်း
၉၆၉ ထောက်ခံသူ ဒေါ်ဇာနည်ဝင်းထွန်းက မွတ်စလင်များကို ရှောင်ကြဉ်ခြင်းသည် ငြိမ်းချမ်းမှုရအောင်လုပ်ခြင်းပင် ဖြစ်ကြောင်းပြောသည်။ မိတ္ထီလာရွှေဆိုင်တွင် မွတ်စလင်ဆိုင်ရှင် နှင့် ဗုဒ္ဓဘာသာဈေးဝယ်သူ အချင်းများရာမှ စတင် ခဲ့ သည့် ပဋိပက္ခကို ဥပမာအဖြစ် သူက ထောက်ပြသည်။ “တကယ်လို့ သူတို့က ကိုယ့်လူမျိုးဆိုင်မှာပဲ ဝယ်ခဲ့မယ်ဆိုရင် ဒီလို ပြဿနာတွေ ဖြစ်လာမှာ မဟုတ်ဘူး” ဟု သူကပြောသည်။
သူ၏ မှတ်ချက်က ခွဲခြားနေထိုင်ခြင်းဖြင့် လူမျိုးရေး ဘာသာရေး ခွဲခြားမှု အဓိကရုဏ်းများကို အဖြေရှာနေသည့် အစိုးရ၏ မူဝါဒကို ရောင်ပြန်ဟပ်နေသည်။ ယမန်နှစ်က ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် အနည်းဆုံး လူ ၁၅၃၀၀၀ ခန့် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသည်။ ၎င်းတို့ထဲမှ အများစုမှာ လုံခြုံရေး အစောင့်အကြပ်ဖြင့် ဒုက္ခသည် စခန်းများတွင် နေထိုင်နေကြရပြီး မိမိတို့၏ ဘဝဟောင်းကို ပြန်သွားနိုင်ရန် မျှော်လင့်ချက် ရေးရေးသာရှိသည်။
သြဇာရှိသည့် ဘုန်းတော်ကြီး အချို့ကမူ ၉၆၉ လှုပ်ရှားမှုကို လူသိရှင်ကြား ဝေဖန်ခဲ့ကြသည်။ ထို့ပြင် Facebook သုံးစွဲသူ အချို့ ကလည်း ၉၆၉ စတစ်ကာ ကပ်ထားသည့် အငှားကားများကို သပိတ်မှောက်ရန် စီစဉ်ခဲ့ကြသည်။
မွန်ဘုန်းတော်ကြီး ဦးဝိမလက အခြားသံဃာများ၏ ဝေဖန်မှုကို အရေးမစိုက်ဟု ပြောသည်။ “ ကောင်းတာလုပ်နေတာကို သူတို့ မတားမြစ်သင့်ဘူး” ဟု သူကဆိုသည်။
ရန်ကုန်မြို့ အနီး၌ ဇွန်လ လယ်ပိုင်းတွင်ပြုလုပ်ခဲ့သော သံဃာအစည်းအဝေးသို့ ဦးဝီရသူ တက်ရောက်လာပြီး ဗုဒ္ဓဘာသာ ဝင် အမျိုးသမီးများအား မွတ်စလင်ယောက်ျားများနှင့် လက်ထပ်ခွင့်ကို တားမြစ်သည့် ဥပဒေကို တင်ပြခဲ့သည်။ ထိုအစည်း အဝေးသို့ သံဃာ ရာပေါင်းများစွာ တက်ရောက်ခဲ့သည်။
ဦးဝီရသူ ၏ အဆိုတင်သွင်းမှုကို အမေရိကန်တွင် ပညာသင်ကြားခဲ့၍ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာပြုတက္ကသိုလ်မှ ပါမောက္ခဆရာတော်လည်း ဖြစ်သူ ဦးဓမ္မပီယက ထောက်ခံခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာပြုတက္ကသိုလ်မှာ အာရှရှိ အခြားသော ဗုဒ္ဓဘာသာတက္ကသိုလ်များနှင့် ဆက်သွယ်မှုများ ရှိသလို ၎င်းတို့၏ လေးစားကြည်ညိုမှုကိုလည်း ရရှိ ထားသည်။
ဦးဓမ္မပီယက ၉၆၉ သည် ငြိမ်းချမ်းသောလှုပ်ရှားမှုဖြစ်ပြီး မြန်မာနိုင်ငံ၏ အလားအလာကောင်းနေသည့် အသွင်ကူးပြောင်း မူတွင် အားပေးကူညီနေကြောင်းပြောသည်။ “၉၆၉ က ဘာမှ ထုတ်ဝေဖြန့်ချီခဲ့တာ မရှိပါဘူး၊ ဗုဒ္ဓဘာသာဝင်တွေဟာ ငြိမ်း ငြိမ်းချမ်းချမ်း ညီညီညွတ်ညွတ်နဲ့ အမြဲနေချင်ခဲ့တာပါ” ဟု ဦးဓမ္မပီယက ပြောပြသည်။
ဗလီများ အလိုမရှိ
၉၆၉ လှုပ်ရှားမှု၏ ပြိုင်ဖက်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဖြစ်သည်။ သူတို့၏ ဆက်သွယ်မှုမှာ ရန်လိုမှုနှင့် လိုက်လျောမှု သဘော နှစ်ခုလုံး ပါဝင်နေသည်။
မတ်လနှောင်းပိုင်းက YouTube ဝက်ဆိုက်တွင် တင်ခဲ့သော မိန့်ခွန်းတခုတွင် NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ် အတွင်းစည်းတွင် မွတ်စလင်များက လွှမ်းမိုးထားသည်ဟု ဦးဝီရသူက ပြောကြားခဲ့သည်။ “ကြိုက်တဲ့မြို့က NLD ရုံးကိုသွားကြည့်လိုက်၊ မုတ်ဆိတ်နဲ့ လူတွေတွေ့လိမ့်မယ်” ဟု သူကဆို၏။
ဦးဝိမလကို ထောက်ခံကြသူများကလည်း ပြီးခဲ့သည့်နှစ်က ရခိုင်ပြည်နယ်တွင် ဗုဒ္ဓဘာသာဝင်များ ဒုက္ခရောက်ခဲ့ချိန်တွင် ဗုဒ္ဓဘာသာဖြစ်လျှက်နှင့် ဗုဒ္ဓဘာသာဝင်များဖက်မှ ဝင်ရောက်ပြောဆိုခြင်း မရှိသည့်အတွက် ၎င်းတို့ နေအိမ်များရှိ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများကို ဖယ်ရှားပစ်လိုက်ကြသည်ဟု ဆိုသည်။
လူမျိုးဘာသာရေးခွဲခြားသည့် ပဋိပက္ခများတွင် ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်သက်နေမှု ကြောင့် မွတ်စလင်များကလည်း အမျက်ထွက်ခဲ့ကြသည်။
မြန်မာမွတ်စလင်အစည်းအရုံးကလည်း NLD ပါတီဝင်များသည် ၉၆၉ အမှတ်တံဆိပ်ပစ္စည်းများကို ရန်ကုန်တွင် ဖြန့်ဝေ နေသည်ဟု စွပ်စွဲသည်။
NLD ၏ ပြန်ကြားရေးတာဝန်ခံ ဦးဉာဏ်ဝင်းက အချို့ပါတီဝင်များ ၉၆၉ လှုပ်ရှားမှုတွင် ပါဝင်မှုရှိခဲ့သည်ဟု ဝန်ခံပြောဆို ခဲ့သည်။ “ဒါပေမယ့် NLD ဟာ ပါတီဝင်တွေရဲ့ လွတ်လပ်မှုနဲ့ အခွင့်အရေးကို စွပ်ဖက်တားဆီးမှာ မဟုတ်ပါဘူး၊ လူမှုရေး ကိစ္စနဲ့ ပတ်သက်လို့ သူတို့ယုံကြည်ရာကို လုပ်ခွင့်ရှိပါတယ်” ဟု သူကဆိုသည်။
အသက် ၃၆ နှစ်အရွယ် တက္ကဆီမောင်းသူ ကိုမင်းသက်လင်းက ထိုအခွင့်အရေးကို အပြည့်အ၀ အသုံးချသည်။ သူ၏ ကား တံခါး အတွင်းအပြင် နှစ်ဖက်လုံးတွင် ၉၆၉ စတစ်ကာများကပ်ထားသည်။ မင်းထက်လင်းက မွတ်စလင်ဆန့်ကျင်ရေး စိတ် ဓာတ်ပြင်းထန်သည်ဟု အများသိကြသည့် သာကေတမြို့နယ်မှ NLD ခေါင်းဆောင် တယောက်လည်းဖြစ်သည်။
ဖေဖော်ဝါရီလ အတွင်းက သာကေတမြို့နယ်မှ ဗုဒ္ဓဘာသာဝင်များသည် ကိုမင်းသက်လင်း၏ အိမ်အနီးရှိ မွတ်စလင်စာသင် ကျောင်းတခုကို ဗလီတခုအဖြစ်ပြောင်းလဲရန် လျှို့ဝှက်လုပ်ဆောင်နေသည်ဟု စွပ်စွဲခဲ့ကြသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာသည့် အချိန်တွင် အဆောက်အဦက ပြိုပျက်သွားပြီဖြစ်သည်။
တလကြာသည့်အခါ ဦးဝိမလ နှင့် အခြားမွန်ဘုန်းကြီး နှစ်ပါး သာကေတသို့ ရောက်ရှိလာပြီး ၉၆၉ တရားပွဲ သုံးရက် ဟောကြားကာ“ဓမ္မဆေး” ဟု အမည်ရသည့် စာစောင်များ ဖြန့်ဝေခဲ့ကြသည်။ ထိုစာစောင်များတွင် “အရှုံးမပေးဘဲ တိုက်ခိုက်ကြ” ဟု လှုံ့ဆော်တိုက်တွန်းထား၏။
ယခုအချိန်တွင် ထိုအဆောက်အဦကို ချိပ်ပိတ်ပြီး ရဲများက စောင့်ကြပ်နေသည်။ “လူတွေက ဒီမှာ ဗလီ မရှိစေချင်ကြဘူး” ဟု ကိုမင်းသက်လင်းက ပြောသည်။
သူ ပြောသည့်အတိုင်းပင် ၉၆၉ တို့၏ ဘာသာရေး သွေးများကို နိုးကြားစေသည့် လှုံ့ဆော်ရေးတေးသံကခေါင်မိုးများ ပေါ်တွင် ပျံ့လွင့်နေသည်။ ထိုသီချင်းကို အနားရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းက ကျောင်းလာအပ်ကြမည့် ကလေးငယ်များ အတွက် ဖွင့်ထားပေးခြင်း ဖြစ်သည်။
(ရိုက်တာ သတင်းထောက် Andrew R. C. Marshall ၏ Myanmar gives official blessing to anti-Muslim monks ကို နိုင်မင်းသွင် ဘာသာပြန်သည်)