အများပြည်သူပိုင် လယ်ယာ၊ ခြံမြေတွေကို သိမ်းယူပြီး တည်ဆောက်ခဲ့တဲ့ ဒီစစ်စခန်းတွေအတွက် လျှော်ကြေး ပေးတယ်လို့ ကျနော် မကြားမိသေးပါ။ အများပြည်သူတွေ ဘက်ကလည်း အဲဒီလိုပေးဖို့ တောင်းဆိုတာမျိုး ထားဝယ်ဒေသမှာ မကြားရသေးပါ။ ဒါပေမယ့် ကျနော်ထားဝယ်မှာ ရောက်နေစဉ် သတင်းနှစ်ပတ်နီးပါး ကာလအတွင်း အဓမ္မ သိမ်းယူထားတဲ့ လယ်မြေတွေအတွက် လျှော်ကြေးပေးသင့်ကြောင်း ထုတ်ဖော်မှုတခု ဖြစ်ပွားခဲ့ပါတယ်။
“မတရား သိမ်းယူထားသော လယ်မြေ” ဆိုတဲ့ စာတန်းကို ကာထားတဲ့ သွပ်ပြားတွေပေါ်မှာ ဆေးနဲ့မှုတ်ရေးပြီး ဆန္ဒထုတ်ဖော် လှုပ်ရှားမှုတခု ထားဝယ်မြို့သစ် တိုင်းအစိုးရ အိမ်ယာအနီးရှိ ဆေးရုံဆောက်ဖို့ သိမ်းထားတဲ့ မြေနေရာမှာ ဖြစ်ပွားခဲ့တာပါ။ ဒါပေမယ့် အစိုးရ တာဝန်ရှိသူတွေက ချက်ချင်း လာဖျက်သွားတဲ့အတွက် Facebook ပေါ် ဓာတ်ပုံ တင်လိုက်နိုင်တာကလွဲရင် လူသိပ်မသိလိုက်ပါဘူး။ တခါ အဲဒီလို သိမ်းထားတဲ့ လယ်တွေကို လျှော်ကြေးပေးဖို့ လယ်သမား ၁၀၀ ခန့်က လမ်းလျှောက်တန်းစီ ဆန္ဒပြဖို့ တောင်းခံချက်ကိုလည်း တိုင်းအစိုးရက ပယ်ချလိုက်တယ်လို့ သိရပါတယ်။
|
တကယ်ဆိုရင် လွန်ခဲ့တဲ့ ၂၅ နှစ်၊ ၁၉၈၈ ခုနှစ်ဝန်းကျင်က ဒီဒေသတခုလုံးမှာ ဘာအိမ်ရာမှ မရှိ၊ အားလုံး လယ်ကွင်းတွေ။ အဲဒီ ကာလဟာ အတန်းလိုက် စပါးစိုက်တဲ့ကာလဖြစ်ပြီး လယ်ယာမြေကို လုံး၀ တို့ထိခွင့်မရှိပါ။ ကျနော်တို့ရွာနဲ့ ထားဝယ်မြို့အကြားက အင်းဝန်းရွာဟာ အဲဒီကာလက ငှက်သိုက်လုပ်ငန်းနဲ့ နည်မည်ကြီးလှပါတယ်။ အဲဒီရွာက ငှက်သိုက်သူဌေးတဦးက ရွာပြင်လယ်ကွင်းထဲ နှစ်ထပ်အိမ် အကောင်းစားတလုံးကို ပျဉ်းကတိုးတွေနဲ့ အပီအပြင် ဆောက်လုပ်ခဲ့ပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာက ချက်ချင်းရောက်လာပြီး လယ်ကွင်းထဲ အိမ်မဆောက်ရဆိုတဲ့ အမိန့်နဲ့ အဲဒီအိမ်ကြီးကို ချက်ချင်းဖြိုချခဲ့ပါတယ်။
အခုကျတော့ ဧက ရာနဲ့ချီရှိတဲ့ ထားဝယ်နဲ့ ကမျောကင်းတံတားကြားက လယ်ကွင်းတွေအားလုံးကို သိမ်းပြီး တိုင်းအစိုးရအိမ်ရော၊ ကြံ့ခိုင်ရေး ရုံးခန်းနဲ့ မြို့သစ်အဖြစ် ဆောက်လုပ်လိုက်ပါပြီ။ မြန်မာနိုင်ငံမှာ ဆင်သွားရင် လမ်းဖြစ်နေတုန်းပဲဆိုတဲ့ သဘောပါပဲ။
စစ်စခန်းတွေတိုးချဲ့မှု၊ လယ်ယာခြံမြေတွေ သိမ်းပိုက်မှုအတွက် အာဏာပိုင်တွေအပေါ် အမြင်မကြည်ဖြစ်နေတဲ့ ကျနော်ဟာ အဲဒီကိစ္စတွေကို ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ယူဆရတဲ့၊ ဥပဒေစိုးမိုးရေးအကြောင်း အဆက်မပြတ် ပြောနေတဲ့ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အစည်းဝေးတခုဆီ ရောက်သွားပါတယ်။ တကယ်တော့ သူတို့အစည်းဝေးရှိမှန်း ကျနော် ကြိုမသိပါ။ ထားဝယ်မြို့ပေါ်ချည်း နေ့စဉ်သွားနေတဲ့ ကျနော်ဟာ ကိုယ့်မြို့နယ်ဖြစ်တဲ့ လောင်းလုံးမြို့ကိုလည်း လေ့လာဦးမှဆိုပြီး လောင်းလုံးကို သွားရင်းနဲ့ NLD မြို့နယ်ရုံးဆီ ရောက်သွားတာပါ။
“ခင်ဗျားဒီကို ရောက်နေတုန်း ကျနော်တို့ပါတီရဲ့ အစည်းဝေးကိုလည်း လိုက်လေ့လာကြည့်ဦးလေ” ဆိုပြီး မြို့နယ် စည်းရုံးရေးမှူးဥက္ကဌက ဖိတ်တဲ့အတွက် ရပ်/ကျေး အစည်းဝေး ကျင်းပတဲ့ ကထောင်းနီရွာဆီ ကျနော် ပါသွားတာပါ။ တကယ်ဆိုရင် ကားလမ်းတလျှောက်သာ ရောက်ဖူးတဲ့ ကျနော်ဟာ လယ်ကွင်းတွေထဲက ဒီရွာငယ်တွေဆီ အရင်ကတခါမှ မရောက်ဖူးသေးပါ။ လောင်းလုံးကနေ ညင်းမော်၊ အဲဒီကနေ မြေနီ လမ်းအတိုင်း ဝင်လာတော့ စစ်ပြဲ၊ လေးသွန်းခံ၊ ကထောင်းနီ စသဖြင့်။
ဒီရွာတွေကို မရောက်ဖူးပေမယ့် စစ်ပြဲဆိုတာ ၁၉၈၈ ဝန်းကျင်က လယ်သမားအရေးမှာ အတော် နာမည်ကြီးခဲ့တဲ့ရွာပေါ့။ အဲဒီကာလက အတန်းလိုက် စိုက်ရတဲ့ စီမံကိန်းစပါးခေတ်ဆိုတော့ အရှုံးခံပြီး စိုက်ရတဲ့ အဲဒီစနစ်ကို မကြိုက်တဲ့ စစ်ပြဲရွာသားတွေက စိုက်ပျိုးရေး ဝန်ကြီးဌာန ဝန်ထမ်းတွေကို ဓားနဲ့လိုက်ခုတ်တဲ့အထိ ဖြစ်ခဲ့ဖူးပါတယ်။ အခုတော့ စီမံကိန်းစပါးခေတ်လည်း မဟုတ်တော့။ ရွာသားတွေ စိတ်ထဲမှာလည်း အဲဒါတွေကို မှတ်မိပုံမရတော့ပါ။
ကထောင်းနီ ရွာအဝင်ဝက တထပ်တိုက်အိမ်လေးရှေ့မှာ NLD အလံ တင်ထားတာတွေ့ရပြီး အထဲမှာတော့ လူ ၅၀ ကျော် အစည်းဝေး လုပ်နေကြပါတယ်။ ဟောပြောနေသူတွေရဲ့ နောက်ကျော နံရံပေါ်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ။ ဘေးနံရံမှာတော့ ကြားဖြတ်ရွေး ကောက်ပွဲမှာ လောင်းလုံးမြို့နယ်အတွက် အနိုင်ရ NLD အမတ်ဖြစ်သူ ဦးအောင်စိုးရဲ့ မဲဆွယ်ကာလ ဓာတ်ပုံနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆွေစဉ်မျိုးဆက် အခြေပြဇယားတခု။
“ရွေးကောက်ပွဲ ကာလတုန်းက သိပ်တက်ကြွကြပေမယ့် အခုချိန်မှာ နည်းနည်း အီနေလို့ ပုံမှန်အစည်းဝေးတွေ လုပ်ရင်းနဲ့ အရှိန်ပြန်တင်နေရတာ” လို့ မြို့နယ်ဥက္ကဌက ကျနော့်ကို ပြောပါတယ်။ ကျေးရွာ အစည်းအဝေးပြီးတော့ မြို့နယ်ကော်မတီနဲ့ ရပ် / ကျေးကော်မတီတို့ရဲ့ အစည်းဝေး။ ဦးအောင်စိုးရဲ့ အမေရိကန်ခရီးစဉ်။ နိုင်ငံရေး လူမှုရေး အခြေနေတွေ။ ပြိုင်ဖက်ပါတီတွေရဲ့ အခြေအနေတွေ စသဖြင့်။ ထူးခြားတာကတော့ လောင်းလုံမြို့နယ်မှာ NLD ပါတီ အနိုင်ရထားလို့လား မသိပါ၊ NLD ရပ် / ကျေး ရုံးခန်းတွေကို ရွာတိုင်းလိုလိုမှာ တွေ့ရပေမယ့် ကြံ့ခိုင်ရေးပါတီ ရုံးခန်းရှိတဲ့ရွာ သိပ်မတွေ့ရပါ။ တစညပါတီဆိုရင် ပိုနည်းပါတယ်။ ဒီ ၃ ပါတီမှအပ တခြားပါတီ ဆိုင်းဘုတ်မျိုး ကျနော်တို့ မြို့နယ်ထဲမှာ မတွေ့မိပါ။
ကထောင်းနီက အပြန်မှာတော့ လေးသွန်းခံရွာ NLD ရုံးဆီဝင်ပြီး ဗိုလ်မှူးဗထူးအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်။ လူငယ်ပိုင်းက ဘာမှမသိကြဘူးလို့ ဆိုတဲ့အတွက် ဘုန်းကြီးကျောင်းမှာ ဥပုသ်စာင့်နေတဲ့ အသက် ၈၀ ကျော်အရွယ် အဖွားအို ၂ ဦးကို သွားခေါ်လာကြပါတယ်။ “အဖွားတို့နဲ့ အိမ်နီးချင်းဆိုပေမယ့် သူက နည်းနည်း အသက်ပိုကြီးတယ်။ မိုင်းထဲ သွားလုပ်စားရင်းနဲ့ တော်လှန်ရေးထဲ ပါသွားတာ။ အဖွားတို့ကတော့ ဂုဏ်ယူလို့မဆုံးဘူး” လို့ အဖွားအို ညီအစ်မက ပြောပါတယ်။ ဒီရွာမှာ ဗိုလ်ဗထူး အမှတ်တရ ဘာမှလုပ်မထားဘူးလား ဆိုပြီး ကျနော်က ထပ်မေးခဲ့ပါတယ်။
“အရင်ခေတ်က တခါ ဗိုလ်ဗထူး ကျောက်ရုပ် ဆောက်ဖို့ အစိုးရက ပိုက်ဆံပေးဖူးတယ်လေ။ အဲဒါ ကျောက်ရုပ် မဆောက်ဘဲ ဝါးနဲ့ရက်တဲ့အရုပ်ကို စက္ကူကပ်ပြီးလုပ်လိုက်တာ ခဏပဲခံတာပေါ့” လို့ အဖွားအို ၂ဦးက ရှင်းပြပါတယ်။
ဗိုလ်ဗထူး နေဖူးတဲ့ခြံတခုကို သွားကြည့်ခဲ့ပေမယ့် ရေတွင်းဟောင်းတခုနဲ့ ကွင်းပြင်တခုကလွဲရင် ဘာမှမရှိ။ “ဒီလမ်းကို ဗိုလ်ဗထူးလမ်းလို့ အမည်ပေးထားတယ်လေ။ ဒါပေမယ့် ဆိုင်းဘုတ် မရှိတော့ ဘယ်သူမှ မသိဘူးပေါ့” လို့ လေးသွန်းခံရွာခံ NLD ပါတီဝင်တဦးက ပြောပါတယ်။ လောင်းလုံမြို့နဲ့ ထားဝယ်မြို့တွေမှာလည်း ဗိုလ်ဗထူးလမ်း ဆိုတာတွေကို တွေ့ရပြီး မန္တလေးမှာ ဗထူးကွင်း။ ရှမ်းပြည်ဘက်မှာ ဗထူးတပ်မြို့ ဆိုတာတွေရှိပါတယ်။ ဒါပေမယ့် သူ့ မွေးရပ်မြေ လေးသွန်းခံရွာမှာ ဘာမှမရှိတာကတော့ တခုခုလွဲနေသလိုပါပဲ။ ဖက်ဆစ်တော်လှန်ရေးမှာ ထူးချွန်စွာ တိုက်ပွဲဝင်ခဲ့တဲ့ သူရဲကောင်းတဦးကို ကျနော်တို့ ဒီလိုပဲ မေ့လျော့ထားသင့်ပါသလား။
ဗိုလ်ဗထူးရွာ လေးသွန်းခံကနေ ကားလမ်းမဆီ ပြန်အထွက် ညင်းမော်ရွာက အအေးဆိုင်မှာ ခဏထိုင် နားစဉ် မမျှော်လင့်ဘဲနဲ့ မော်လမြိုင် တက္ကသိုလ်က ကျောင်းနေဖက် သူငယ်ချင်းတဦးနဲ့ တိုးပါတယ်။ ၂၅ နှစ်ကြာပြီးတဲ့နောက် အချင်းချင်း မှတ်မိဖို့ သိပ်မလွယ်တော့ပေမယ့် ဟိုတစ ဒီတစ ပြောရင်းနဲ့ သူက ဘော်လီဘောသမား၊ ကျနော်က စက်ဘီးသမား ဆိုတာကို စပ်မိသွားပါတယ်။ “မင်း ဒီကိုရောက်လာတာနဲ့ အတော်ပဲ။ တီဇစ်ဖက်က ငါတို့ခြံကို လိုက်ကြည့်ပါ။ ပင်လမ်းကမ်းခြေက သိပ်လှတယ်။ တလောကတောင် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် လာလည်သွားသေးတယ်လေ” ဆိုပြီး သူက ကျနော့်ကို ဖိတ်ပါတယ်။
တကယ်ဆိုရင် ကျနော်သွားဖို့ စဉ်းစားထားတာက အဲဒီရွာမဟုတ်။ အဲဒီဘေးနားမှာ ကပ်နေတဲ့ စမ်းလမ်းရွာ။ ဘာဖြစ်ဖြစ် နှစ်ရွာစလုံး ရောက်ဖူးတာပေါ့လေ ဆိုပြီး သူတို့ခေါ်ရာနောက် ဆိုင်ကယ် ၃၊ ၄ စီးနဲ့ ကျနော်တို့ လိုက်သွားပါတယ်။ စီမံကိန်း ဆီအုန်းခြံတွေ၊ မိုးရွာလို့ ပျက်စီးနေတဲ့ တောင်ပေါ် ကားလမ်းကြမ်းတွေကို နာရီဝက်ကျော် ဖြတ်သန်းပြီးတဲ့နောက် သာယာလှပတဲ့ အနောက်ဖက် ပင်လယ်ကြီးကို ဘွားကနဲ မြင်လိုက်ရပါတယ်။ ကျနော်တို့ ရွာကနေဆို ဆိုင်ကယ်နဲ့ တနာရီနီးပါး။ လောင်းလုံးကနေဆို နာရီဝက်လောက် စီးလိုက်ရုံနဲ့ ရောက်နိုင်တဲ့ ဒီလောက်လှပတဲ့ ပင်လယ်ကမ်းဆီ အရင်က ကျနော်တခါမှ မရောက်ဖူးခဲ့ပါ။
ဘာကြောင့်မှန်းမသိ။ ကျနော်ငယ်ငယ်က ကားလမ်းမတလျှောက်ရှိ ရွာတွေလောက်သာ ရောက်ဖူးပြီး တောတိုးရတဲ့၊ တောင်တက်ရတဲ့ အရပ်ဆီ တခါမှျှ မသွားဖူးခဲ့ပါ။ ဒါပေမယ့် တကယ်တန်း သွားမယ့်သွားတော့လည်း ၇ ရက်လောက် ဆက်တိုက် လမ်းလျှောက်၊ တောတိုး၊ တောင်တက် လုပ်ရတဲ့ ထိုင်း-မြန်မာနယ်စပ်က မင်းသမီးခစန်းအထိ ရောက်သွားခဲ့တယ် ဆိုပါတော့။ “ဒီတောင်ကုန်းလေးပေါ်မှာ Resort ဆောက်ရင် သိပ်လှမှာ။ မြေတကွက်လောက် မင်း ဝယ်ထားလိုက်ပါလား။ မကြာခင်မှာ ဒီနေရာက ဈေးကွက်ဝင်လာနိုင်တယ်” ဆိုပြီး စီးပွားရေးအမြင်ရှိတဲ့ သူငယ်ချင်းက နိုင်ငံခြားပြန် အလုပ်လက်မဲ့ ကျနော့်ကို အထင်တကြီးနဲ့ အဆိုပြုချက် တင်သွင်းလာပါတယ်။ ပြီးတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ သူတို့ဒေသဆီ ရောက်လာအောင် သတင်းများများ တင်ပေးဖို့လည်း သူက တိုက်တွန်းနေပြန်ပါတယ်။
ကင်မရာတလုံး၊ ကွန်ပြူတာတလုံးကလွဲပြီး ဘာမှ ကိုယ်ပိုင်မရှိတဲ့ ဥရောပပြန် သူပုန်လူထွက် သတင်းထောက်ကြီးခမျာ ဘာပြောရမှန်း မသိတာနဲ့ “နိုင်ငံရေး အခြေအနေတွေ တိုးတက်လာရင် တဖြည်းဖြည်းဖြစ် လာမှာပေါ့” လို့ ခပ်ဝါးဝါး စကားကိုဆိုရင်း တချိန်က ကျောင်းနေဖက် သူငယ်ချင်းကို နှစ်သိမ့်လိုက်ရပါ တယ်။ ဥယျာဉ်ခြံတွေ၊ ငါးဖမ်းလုပ်ငန်းတွေနဲ့ စည်ကားနေတဲ့ တီဇစ်ရွာကနေ ပြန်အထွက်မှာတော့ နောက်ထပ် အလားတူ ပင်လယ်ကမ်းစပ် ရွာတခုဖြစ်တဲ့ စမ်းလှမ်းရွာဆီသွားဖို့ လောင်းလုံမြို့ဖက် ပြန်လှည့် လာရပါတယ်။ လောင်းလုံးမြို့ အဝင်ဝကနေ အနောက်ဖက်တောင်ကို ကျော်လိုက်တဲ့ အခါမှာတော့ တီဇစ်ရွာထက် ပိုလှတဲ့ စမ်းလှမ်းကမ်းခြေနဲ့ တံငါရွာတန်းကို လှမ်းမြင်လိုက်ရပါတယ်။
“ရေနံချက် စက်ရုံသာ ဒီနေရာမှာ တကယ်ဆောက်ဖြစ်ရင် ဒီဒေသတခုလုံး တိုးတက်လာမှာ သေချာတယ်” လို့ ဒေသခံ စီးပွားရေးသမား တဦးက ပြောပါတယ်။ ဒါပေမယ့် ကျနော်နဲ့အတူ ပါလာတဲ့ NLD အဖွဲ့ဝင်တွေကတော့ ဒီစီမံကိန်းကို သိပ်လိုလားပုံမရ။ “အဲဒီစီမံကိန်းသာ လုပ်ဖြစ်ရင် ဒေသတခုလုံး သဘာ၀ ပတ်ဝန်းကျင် ပျက်စီးထိခိုက်လိမ့်မယ်၊ အခုမြင်နေရတဲ့ လှပတဲ့ ကမ်းခြေတောင် ပျက်စီးသွားနိုင်တယ်” ဆိုပြီး ဝင်ပြောပါတယ်။
သူတို့အချင်းချင်း အခုလို ငြင်းဆိုနေကြပေမယ့် အစိုးရဘက်ကတော့ ဒီဒေသမှာ ရေနံချက်စက်ရုံ ဆောက်မယ်၊ မဆောက်ဘူး ဆိုတာကို အခုချိန်အထိ တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။ ဒါပေမယ့် သေချာတာတော့ ဒီလို နိုင်ငံတကာ စီမံကိန်းတွေပေါ် မူတည်ပြီး ဒေသတွင်းရှိ မြေဈေးတွေက အတက်အကျ အလွန်မြန်နေတာကို ကျနော် သတိထားမိပါတယ်။ ပြီးတော့ စီးပွားရေးသမားနဲ့ နိုင်ငံရေးသမားတို့ရဲ့ကြားက မတူညီတဲ့ အနာဂတ်ရှုမြင်ပုံတွေ။ ဒါတွေဟာ အခုတလော အပြန်အလှန်ငြင်းခုံဖွယ် Debate ဖြစ်နေပြီး အချိန်ယူ ဆွေးနွေးငြင်းခုန်သင့်တဲ့ ကိစ္စတခုအဖြစ် ရှုမြင်ရင်း လှပတဲ့ စမ်းလမ်းကမ်းခြေနေက ပြန်ထွက်လာခဲ့ပါတယ်။
ထားဝယ်မှာ ၁၀ ရက်ကျော် နေထိုင်စဉ်အတွင်း ကျနော်အများဆုံး လုပ်ဖြစ်ခဲ့တာကတော့ သူငယ်ချင်းဟောင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင် ဝိုင်းဖွဲ့စကားပြောခြင်းပါပဲ။ အဲဒီထဲမှာ ဝဲကျွန်းဘက်က စက်ဘီးစီးဖော် အနည်းအကျဉ်း ပါဝင်ပေမယ့် အများစုက ထားဝယ်နဲ့ မော်လမြိုင်မှာ အတူတူတက်ခဲ့တဲ့ ကျောင်းနေဘက် သူငယ်ချင်းတွေ။ သူတို့အားလုံးဆီက ထွက်လာတဲ့ အဓိက မေးခွန်းကတော့ “တင်လေးတို့က ဘယ်လို ဖြစ်သွားတာလဲ” ဆိုတဲ့ စကားလုံးပါပဲ။
ကိုတင်လေး ဆိုတာကတော့ လွန်ခဲ့တဲ့ ၂၅ နှစ် ကျနော်တို့ တောခိုစဉ်က ဦးဆောင်လာခဲ့သူ မော်လမြိုင် တက္ကသိုလ် နောက်ဆုံးနှစ် ရူပဗေဒကျောင်းသား၊ ထားဝယ်တနယ်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂရဲ့ ဥက္ကဌ။ သူနဲ့အတူ သွားဖက်ဆိုင်ရာ ဆေးကျောင်းသား ကိုအောင်မိုးမြတ်၊ လှိုင်တက္ကသိုလ် စိတ်ပညာကျောင်းသား ကိုကျော်အောင်တို့ဟာ ၁၉၈၈ ဒီဇင်ဘာလအတွင်း အခု နယ်စပ်ဂိတ်ဖွင့်ပွဲနဲ့ နာမည်ကြီးနေတဲ့ ထီးခီးမှာ ပျောက်ဆုံးသွားခဲ့ပါတယ်။ တခါ ထားဝယ်ဒေသ ဒီမိုကရေစီတပ်ဦးရဲ့ အတွင်းရေးမှူး ရှေ့နေ ကိုမြင့်သိန်း၊ ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းပညာရပ် ကျောင်းသား ကိုစိုးစိုးနဲ့ ထားဝယ်ကောလိပ် ဓာတုဗေဒကျောင်းသား ကိုစိုးအောင်ခင်တို့လည်း ၁၉၈၉ ဖေဖော်ဝါရီလမှာ အခု ကန်ချနဘူရီ-ထားဝယ် ကားလမ်းပေါ်ရှိ ဆင်ဖြူတိုင်ကျေးရွာဝန်းကျင်မှာ ပျောက်ဆုံးသွားခဲ့ပြန်ပါတယ်။
ဒီလူပျောက်မှုတွေအတွက် ကျောင်းနေဖက် သူငယ်ချင်းတွေက ကျနော့်ကို မေးခွန်းထုတ်နေကြတာပါ။ “ပျောက်တယ် ဆိုတာကတော့ အလောင်းပြန် မတွေ့သေးလို့ ပျောက်တယ်လို့ပဲ တရားဝင် သုံးရတာပေါ့ ကွာ” လို့ အစချီပြီး သိသမျှကို ဖြစ်ကြောင်းကုန်စင် ရှင်းပြရပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ ကျနော်တို့ အဲဒီလို ဆွေးနွေးပြောဆိုနေကြတဲ့ လုပ်သားရုပ်ရှင်ရုံရှေ့က “အေးမေ” လက်ဖက်ရည်ဆိုင် နံရံမှာ ကျနော် ရေးခဲ့တဲ့ “သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး” စာအုပ်ကြော်ငြာ လာကပ်ထားတာ တွေ့ရပါတယ်။ “မင်းရေးထားတာက ဝေဝေဝါးဝါးနဲ့ကွာ၊ သေတယ်ဆိုလည်း သေတယ်၊ အသတ်ခံရတယ်ဆိုလည်း အသတ်ခံရတယ် ရှင်းရှင်းပြောပေါ့” ဆိုပြီး ကျနော်ရေးထားတာတွေကို အားမလိုအားမရနဲ့ သူငယ်ချင်တွေက ပြောပါတယ်။
ကျောင်းနေဖက် သူငယ်ချင်းတွေကို ဒီလို ပွင့်ပွင့်လင်းလင်း ရှင်းပြခွင့်ရပေမယ့် ပျောက်ဆုံးသွားသူ၊ ကျဆုံးသွားသူ “ရဲဘော်သူငယ်ချင်း” တွေရဲ့ မိဘဆွေမျိုးတွေကိုတော့ ဒီလိုမျိုး ရှင်းပြခွင့် မရခဲ့ပါ။ မှတ်မှတ်ရရ ကျနော်နဲ့ ၈၈ အဖွဲ့ ရေနက်ဆိပ်ကမ်း လေ့လာရေးခရီးစဉ်က ပြန်လာတဲ့နေ့မှာ ကိုတင်လေးနဲ့အတူ ပျောက်ဆုံးသွားတဲ့ထဲက ကျောင်းသားတဦးရဲ့ မိခင်က ကျနော်ကို တွေ့ချင်ကြောင်း ဖိတ်ခေါ်တဲ့အတွက် သူတို့အိမ်ဆီ ရောက်သွားပါတယ်။ တကယ်ဆိုရင် ကျနော်က ကျောင်းနေဖက် သူငယ်ချင်းတွေကို ပြောပြတဲ့အတိုင်း ဖြစ်စဉ်အမှန်ကို အသေးစိပ် ရှင်းပြဖို့ပါ။
“ပျောက်သွားသူဆိုတော့ ကြာရင်တွေ့မှာပေါ့လေ။ အမေက အခုထိ မျှော်နေတာ။ ဒါပေမယ့် ငါ့သားက သူများတွေ ပြန်လာချိန်မှာတောင် ဘာမှ အဆက်သွယ်မလုပ်ဘဲ နေနိုင်လိုက်တာ” ဆိုပြီး သူ့အမေက ပြောလိုက်တဲ့အတွက် ကျနော် အတော် စိတ်ထိခိုက်သွားပါတယ်။ ဖြစ်စဉ်အသေးစိပ်ကို ပြောပြမယ်ဆိုတဲ့ စိတ်ကူးနဲ့ ရောက်လာတဲ့ ကျနော်ဟာ “အမေ့သား သေသွားပြီ” လို့ ဘယ်လိုမှ ပြောမထွက်တော့ပါ။ ပိုပြီး စိတ်မကောင်းဖွယ် ဖြစ်စေတာကတော့ အဲဒီလို မျော်နေဆဲဖြစ်တဲ့အတွက် သူ့သားအတွက် အခုချိန်အထိ ဆွမ်းသွတ် အမျှဝေတာ မလုပ်ရသေးဘူးလို့ သိရပါတယ်။
ကျနော်လုံး၀ စိတ်ထိခိုက်သွားပါတယ်။ မူလအစီစဉ်အတိုင်းဆိုရင် ဒီလိုပျောက်ဆုံး၊ ကျဆုံး ရဲဘော် သူငယ်ချင်းတွေရဲ့ မိသားစု အားလုံးနဲ့ ၈၈ ရုံးမှာဖြစ်ဖြစ် တွေ့ဆုံပြီး အခြေနေတွေကို ရှင်းပြဖို့ ကျနော်က စိတ်ကူးထားတာပါ။ ဒါပေမယ့် အခု အခြေအနေတိုင်းဆိုရင် အဲဒီလို ရှင်းပြကာမှ အဟောင်းတွေ အသစ်ပြန်ဖြစ်ပြီး လူကြီးမိဘတွေ ပိုခံစားရမယ့်သဘော ရှိတဲ့အတွက် “ဒီအတိုင်း မျှော်လင့်ခွင့် ရှိနေသေးတာကပဲ ပိုကောင်းပါတယ်လေ” လို့ သဘောထားပြီး အဲဒီ အစီစဉ်ကို ကျနော် ဖျက်လိုက်ပါတယ်။
နောက်ထပ် တိုက်ဆိုင်မှု တခုကတော့ ကျနော် ထားဝယ်ကနေ ရန်ကုန်တက်လာပြီး နောက်တရက်မှာ ကျနော်တို့ မင်းသမီးခစန်း ၂၀၁ တပ်ရင်းရဲ့ (ဘက်မလိုက်အဖွဲ့) တပ်ရင်းမှူး ကိုသောင်းညွန့် မိသားစုနဲ့အတူ မဲဆောက်ကနေ ထားဝယ်မြို့ဆီ ဝင်လာပါတယ်။ နောက် ၂၀၁ တပ်ရင်းရဲ့ ဒုတပ်ရင်းမှူးဖြစ်သူ ဆရာ အောင်မြင့်ဟာလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာကတည်းက မိသားစုနဲ့အတူ မဲဆောက်ကနေ ထားဝယ်ကို ဝင်လာခဲ့ပါတယ်။ ၂၀၁ တပ်ရင်း မင်းသမီးစခန်းမှာ တာဝန်ယူခဲ့ဖူးတဲ့ ကျနော်တို့ ၃ ဦး အခုလို ထားဝယ်မြို့ဆီ ပြန်လာခွင့်ရပေမယ့် ကိုတင်လေး အပါအဝင် အထက်ဖော်ပြပါ ပုဂ္ဂိုလ် ၆ ဦးနဲ့ ကျဆုံး၊ သေဆုံးစာရင်းဝင် ရဲဘော် ၈၀ ကျော်ကတော့ ဘယ်တော့မှ အိမ်ပြန်လာခွင့် မရနိုင်တော့ပါ။
“မင်းတို့အဖွဲ့ကလည်း ဗိုလ်စိုးသိန်း အဖွဲ့လောက်တောင် နေရာမရပါလားကွာ” လို့ လက်ရည်ဆိုင်မှာ ထိုင်နေစဉ် သူငယ်ချင်းတဦးက နောက်တော့ ကျနော် စိတ်မကောင်း ဖြစ်မိပြန်ပါတယ်။ ဗိုလ်စိုးသိန်းဆိုတာက အရင် ပြည်ချစ်ခေတ်ကတည်းက တောခိုခဲ့တဲ့ ထားဝယ်သားတဦးဖြစ်ပြီး KNU လက်အောက်ခံ “ထားဝယ်သားတပ်” ရဲ့ တပ်မှူးဖြစ်ပါတယ်။ သူဟာ ၁၉၉၀ ပြည့်လွန် နှစ်တွေအတွင်း နတ်အိမ်တောင်စခန်း ကျပြီးတဲ့နောက် လက်နက်နဲ့ ငြိမ်းချမ်းရေး လဲတယ်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ တပ်ဖွဲ့အလိုက် လက်နက်ချလာသူပါ။
ဒီအတွက် သူတို့အဖွဲ့ကို ထားဝယ်မြို့ ပြင်နားရှိ ဇလွန်းရွာအနီးမှာ ရွာသစ်တခု တည်ပေးထားပြီး စီးပွားရေး လုပ်ပိုင်ခွင့် တချို့လည်း ပေးထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အခု ကျနော်တို့ ABSDF တပ်ရင်း (၂၀၁) က တပ်ရင်းမှူး ၂ ဦး ပြန်ဝင်လာချိန်မှာ သက်ဆိုင်ရာအစိုးရက ဘာမှ မစီစဉ်ပေးတဲ့အပေါ် ထားဝယ်မြို့ရှိ သူငယ်ချင်းတွေက ဝိုင်းနောက်နေကြတာ ဖြစ်ပါတယ်။ ကျနော်တို့ ABSDF ကျောင်းသားတွေရဲ့ စွန့်လွှတ် အနစ်နာခံမှုတွေက ဗိုလ်စိုးသိန်း လောက်တောင် အလေးပေးခြင်း မခံရတဲ့သဘောလား။
ထားဝယ်ဒေသမှာ သတင်း ၂ ပတ်နီးပါး နေပြီးတဲ့ အခါမှာတော့ ဗီဇာသက်တမ်း ကုန်ခါနီးလာတဲ့အတွက် ရန်ကုန်ပြန်တက်ဖို့ ကျနော် ပြင်ပါတယ်။ လာတုန်းက လေယာဉ်နဲ့ လာတဲ့အတွက် လမ်းခရီး အခြေနေကို ဘာမှ မသိလိုက်။ ဒါကြောင့် အခုအပြန်မှာတော့ ရထားတဝက်၊ လိုင်းကားတဝက် စီးပြီးပြန်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ့် ပြသာနာက မိုးသိပ်ရွာနေတဲ့အတွက် ရထားက လမ်းချော်မှု ခဏခဏဖြစ်တယ်။ တောထဲညအိပ်နေရရင် ခရီးစဉ် ပျက်လိမ့်မယ်ဆိုပြီး မကြာသေးခင်ကမှ အဲဒီရထားနဲ့ ခရီးသွားထားတဲ့ ကျောင်းဆရာတဦးက သတိပေးပါတယ်။
ဒီတော့ လိုင်းကားကိုပဲ တခုတည်းသောနည်းအဖြစ် ရွေးလိုက်ရပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေက လုပ်အားပေးကိစ္စနဲ့ နာမည်ကြီးခဲ့တဲ့ သေမင်းတမန် ရထားလမ်းသစ်ကို ကျနော် လေ့လာခွင့် မရတော့ပါ။ ဒါပေမယ့် လိုင်းကားစီးရင်းနဲ့လည်း ရထားလမ်းကို မြင်ရနိုင်တယ်လို့ ကျောင်းဆရာက အကြံပေးပါတယ်။ ကားလက်မှတ် ဝယ်မယ်ပြင်တော့ ပြသာနာက ရှိနေပြန်ပါတယ်။ ထားဝယ်-ရေး ကားလမ်းမှာ နိုင်ငံခြားသား စီးခွင့်မရှိသေးဘူးလို့ ဆိုပါတယ်။ ဒီတော့ ရွာက သူငယ်ချင်းတဦးကို မော်လမြိုင်အထိ လိုက်ပို့ပေးဖို့၊ သူ့ မှတ်ပုံတင်နံပတ်နဲ့ ကားလက်မှတ် ဝယ်ရပါတယ်။
ကားလက်မှတ်ဝယ်ရင်၊ ရထားလက်မှတ်ဝယ်ရင် မှတ်ပုံတင် နံပါတ်လိုတာကလည်း မြန်မာနိုင်ငံရဲ့ ထူးခြားချက်ပါပဲ။ ထိုင်းနိုင်ငံတလွှား ကျနော်ခရီးသွားနေတာ ဘာမှတ်ပုံတင်မှ ပြစရာမလိုပါ။ ကားလက်မှတ် အတွက် ကျသင့်ငွေ ပေးလိုက်ရင် ပြီးတာပါပဲ။ ဒါပေမယ့် မြန်မာပြည်မှာတော့ ဒါမျိုးမရသေး။ ဘာလုပ်လုပ် မှတ်ပုံတင်နံပါတ် ပြောနေရတုန်း။ ဒီလိုနဲ့ မောင်ဘယ်သူနဲ့ နှစ်ဦးလို့ပြောပြီး ထားဝယ်-မော်လမြိုင် ကားလက်မှတ်ဝယ်ပါတယ်။ ခရီးသည်အများစုက ညဘက်ထွက်တဲ့ အဲကွန်းကားကို စီးလေ့ရှိပေမယ့် ကျနော်က လမ်းတလျှောက် မြင်ကွင်းတွေကို ကြည့်ချင်သူဆိုတော့ အဲကွန်း မရှိတဲ့ နေ့ခင်းဖက်ကားကို ရွေးလိုက်ရပါတယ်။
ကားထွက်ချိန်က မနက် ၅ နာရီ အတိဆိုတော့ ကျနော်ရွာကနေ မနက် ၄ နာရီလောက် ကတည်းက တက်လာရပါတယ်။ မိုးမရွာလို့ တော်ပါသေးတယ်။ ကမျောကင်း တံတားကိုကျော်၊ ဝဲကျွန်းအရပ်ကိုဖြတ်၊ အဲဒီကမှတဆင့် ဆင်ဆိပ်ဖက်ကို ဆင်းပြီးမှ အဝေးပြေး ကားဂိတ်တွေရှိတဲ့၊ ရှေ့မှာတင်ပြခဲ့ဖူးတဲ့ သပြေချောင်း စစ်စခန်းတွေနဲ့ သိပ်မဝေးတဲ့ အိမ်ရှေ့ ပြင်အရပ်ဆီ ရောက်လာပါတယ်။ ကွက်တိပါပဲ။ ကျနော်တို့ ရောက်ပြီးတာနဲ့ ကားက စထွက်ပါတယ်။
အဝေးပြေးကားဆိုတော့ ထိုင်းက အဝေးပြေးကားတွေလိုပဲ ဖြစ်မှာပါဆိုပြီး အလွယ်ထင်ထားခဲ့တာ ကျနော့်အမှား။ ထားဝယ်-မော်လမြိုင် အဝေးပြေးကားက ရန်ကုန်မှာပြေးနေတဲ့ ဘတ်စကောင်းဟောင်းတွေနဲ့ ဘာမှမကွာ။ ထိုင်ခုံက ကျင်းကျပ်။ ပစ္စည်းတင်စရာ နေရာကမရှိ။ ဘေးနားမှာလည်း ကလေးကလောက်တွေပါတဲ့ မိသားစုတွေ။ ရှေ့ဆုံးခုံမှာတော့ ဘုန်းတော်ကြီးနှစ်ပါး။ ကားစထွက်ကတည်းက ဖွင့်လိုက်တဲ့ တရားခွေကို နားထောင်ရင်း၊ ဘေးနားက ကလေးငိုသံ၊ အော်ဆူသံတွေကို နားထောင်ရင်းနဲ့ ထားဝယ်-မော်လမြိုင်ခရီးကို စတင်ခဲ့ရပေါ့။
နောက်ထူးခြားတာက ထိုင်းမှာဆိုရင် ကားပေါ်တက်တာနဲ့ ရေသန့်နဲ့ မုန့်တွေပေးလေ့ရှိပါတယ်။ ဒီမှာလည်း ရေသန့်တဗူးပေးပေမယ့် စားစရာ ဘာမှမပေး။ မပေးတဲ့အပြင် “ကားပေါ် ထမင်းမစားရ။ မိမိ ပစ္စည်း မိမိ တာဝန်” ဆိုတဲ့စာတန်းတွေ ကပ်ထားတာ တွေ့ရပါတယ်။ မရှင်းတာက ထမင်းပဲ စားလို့မရတာလား။ ထမင်းမဟုတ်တဲ့ တခြားအစာဆိုရင် စားခွင့်ရှိသလား။ ဘာလို့ ကားပေါ် ထမင်းစားခွင့် မရှိတာလဲ။ အဲဒီလို မေးခွန်းထုတ်ဖို့ ပြင်နေတဲ့ ကျနော်ကို ဘေးကသူငယ်ချင်းက “မေးမနေပါနဲ့၊ ရှုပ်ပါတယ်” လို့ တားတဲ့အတွက် ဘာမှ မမေးဖြစ်တော့ပါ။
ဒီလိုနဲ့ ထားဝယ်ကနေ ရေဖြူမြို့ကိုကျော်ပြီး မြို့နယ်ခွဲအသစ်ဖြစ်တဲ့ ကလိန်အောင်မှာ ကားရပ်ပါတယ်။ နာရီဝက်ခန့် ရပ်မယ်။ “ထမင်းစားလို့ရတယ်။ ကျန်းမာရေးလုပ်လို့ ရတယ်” ဆိုပြီး စပယ်ယာက ပြောပါတယ်။ ထမင်းစားတာကတော့ ဟုတ်ပါပြီ။ ကျမ်းမာရေးက ဘယ်လို လုပ်ရမှာလဲ။ ထမင်းမစားခင် လေ့ကျင့်ခန်း လုပ်ရဦးမှာလား ဆိုတော့ ကျနော့်သူငယ်ချင်းက ရယ်ပါတယ်။ ဒီတော့မှ မြန်မာနိုင်ငံက အဝေးပြေးကားတွေမှာ ထိုင်းက ကားတွေလို အိမ်သာ မပါတဲ့အတွက် သင့်တဲ့နေရာမှာ ရပ်ပြီး အပေါ့အပါးသွားတာကို ဆိုလိုမှန်း သိလိုက်ရပါတယ်။
ကလိန်အောင် မြို့နယ်သစ်ဆိုပေမယ့် ထမင်းဆိုင်နဲ့ အိမ်သာတွေကတော့ အတော် အိုဟောင်းနေပါပြီ။ သီတင်းတပတ်ကြာမှ ကားတန်း အတက်တခု၊ အဆင်းတခုသာ ရှိတဲ့ခေတ်က သုံးခဲ့တဲ့ ဆိုင်တွေ၊ အိမ်သာတွေဟာ အခု တနေ့ ကားအစီးရေ ၂၀-၃၀ လောက်အထိ ပြေးနေတဲ့ခေတ်မှာ အလျဉ်မီအောင် ဝန်ဆောင်မှု မပေးနိုင်တော့ပါ။ ဒီတော့ အပေါ့အပါး သွားရမယ့်နေရာက စိတ်ပျက်စရာကြီး။ အိမ်သာက နည်းနည်း၊ တန်းစီသူက များများ၊ တန်းစီပြီး ကိုယ့်အလှည့်ရောက်တော့လဲ အပေါ့အပါး သွားချင်စိတ် ကုန်လောက်အောင် အိမ်သာတွေက ညစ်ပတ်လွန်းလှပါတယ်။
ကလိန်အောင်ကနေ ကားပြန်ထွက်တော့ “ကိုယ်ဘေးကလူ ကျန် မကျန် ခရီးသည်အချင်းချင်း ကြည့်ပေးကြပါ” ဆိုပြီး စပယ်ယာက ပြောတဲ့အတွက် ကျနော် အတော်အံ့သြသွားပါတယ်။ ခရီးသည်ကျန်မကျန် က ကားသမားတွေတာဝန် မဟုတ်ဘူးလား။ ကိုယ်ပစ္စည်းကိုယ် တာဝန်ယူရမယ်၊ ကိုယ်ဘေးကခရီးသည် ကျန်မကျန်လည်း ကိုယ် တာဝန်ယူရမယ် ဆိုရင် ကားသမားတာဝန်က ကားမောင်းရုံ သက်သက်ပဲလား။ မြန်မာတွေ ခရီးသွားဝန်ဆောင်မှု လုပ်ငန်းနဲ့ အကျွမ်းတဝင် မရှိသေးတာလဲ ဖြစ်နိုင်ပါတယ်။
ဒီလိုစိတ်ထဲ ကသိကအောက် ဖြစ်ပါတယ်ဆိုမှ နောက်ထပ် ကသိကအောက်တခုက ကလိန်အောင်မြို့ အထွက်မှာ စောင့်နေပြန်ပါတယ်။ ရေး-ထားဝယ် အဝေးပြေး ကားလမ်းမကို ဖြတ်ပိတ်ရပ်ထားတဲ့ ထရပ်ကားတစီးကို တွေ့ရပြီး အဲဒီကေားပေါ် နွားတွေမောင်းတင်နေတာ မြင်လိုက်ရပါတယ်။ “အဲဒါ ငြိမ်းချမ်းရေးအဖွဲ့က လူတွေလေ” ဆိုပြီး ဘေးနားက ပြောသံကြားတော့ ကျနော် အတော်စိတ်ပျက်သွားပါတယ်။ နွားမှောင်ခို လုပ်တာ ငြိမ်းအဖွဲ့ အလုပ်လား။ ဒါပေမယ့် အဲဒီနွားမှောင်ခိုသမားက ဒေသခံ အာဏာပိုင်တွေနဲ့တော့ အတော်ပိုင်ပုံ ရပါတယ်။ ယူနီဖောင်း အပြည့်အစုံ ဝတ်ထားတဲ့ ရဲတဦးကပါ သူ့နွားတွေကို ကားပေါ်မောင်းတင်နိုင်ဖို့ ကူပေးနေတာ မြင်ရပါတယ်။ သူတို့ ဒီလိုလုပ်တာကို ကျနော်တို့ အဝေးပြေးကားက ၁၀ မိနစ်လောက် ရပ်စောင့်နေရပါတယ်။ ကားသမားက ဟွန်းတတီတီ တီးတော့မှ နွားမှောင်ခိုသမားက သူ့ကားကို လမ်းပေါ်ကနေ နည်းနည်း ခွာပေးပါတယ်။
ငြိမ်းအဖွဲ့ဆိုမှ ဒီဒေသတွေဟာ အရင်က ကျနော်တို့ ABSDF တပ်တွေ လှုပ်ရှားခဲ့တဲ့ နေရာတွေဆိုတာကို သတိရလာပါတယ်။ ထားဝယ်မြို့အရှေ့ဘက် မောင်မယ်ရှောင်ကနေ ရေဖြူ၊ ကလိန်အောင်၊ ကံပေါက် ဒေသတခုလုံးဟာ ABSDF ၂၀၁ တပ်ရင်း၊ တပ်ခွဲ (၂) လှုပ်ရှားခဲ့တဲ့ နေရာတွေပေါ့။ တပ်ခွဲမှူး ကိုသိန်းမြင့်ကျော် အပါအဝင် ကျဆုံးသွားတဲ့ ရဲဘော်သူငယ်ချင်းတွေ၊ ကျနော်တို့လို အိမ်ပြန်ခွင့် မရနိုင်တော့တဲ့ ရဲဘော်သူငယ်ချင်းတွေကို ကျနော် အရမ်းသတိရနေမိပါတယ်။
(ဆက်လက်ဖော်ပြပါမည်)