ဆောင်းပါး

ပျောက်ဆုံးသွားတဲ့ ဘ၀ လမ်းဆုံ

This article has been converted from Zawgyi One to Unicode

ကျနော်ရောက်နေတဲ့ ထိုင်းနိုင်ငံက ချင်းမိုင်မြို့မှာ အလုပ်သွားရင် နေ့တိုင်းလိုလို လမ်းဆုံ မီးပွိုင့် တခုရှိတဲ့ လမ်းတလမ်းကပဲ သွားဖြစ်ပါတယ်။ ဒီလမ်းဆုံ မီးပွိုင့်ကို ရောက်လာပြီ ဆိုရင် ချင်းမိုင်မြို့ထဲကို ရောက်တော့မယ်ဆိုတဲ့ အမှတ်အသား တခုလိုပါပဲ၊ စိတ်ထဲမှာ အလိုလို သိလာတယ်။ မီးပွိုင့်ကို ကျော်ရင်ပဲ မြို့ထဲအဝင်ဝက ကျုံးနဲ့ မြို့ရိုးတွေကို မြင်နေရပြီ။

အရပ်လေးမျက်နှာကနေ ဒီလမ်းဆုံမီးပွိုင့်မှာ ဖြတ်သန်းသွားလာ နေကြသလို၊ တချို့ကြတော့လည်း တယောက်နဲ့တယောက် တွေ့ဆုံဖို့ နေရာလို့များ သတ်မှတ်ထားသလိုပဲ။ ဟိုမှာတစု ဒီမှာတစုနဲ့ ဒီမြင်ကွင်းတွေကတော့ ကျနော်နေ့စဉ် မြင်တွေ့နေတဲ့ မြင်ကွင်း တွေ လို့ ပြောရမှာပါ။

မီးပွိုင့်ဆိုတာ မြို့အင်္ဂါနဲ့ အညီ လမ်းဆုံလမ်းခွတွေမှာ ယာဉ်တိုက်မှုတွေမဖြစ်အောင် အဝါရောင် အနီရောင် အစိမ်းရောင် အရောင် သုံးမျိုးနဲ့ လမ်းသွားလမ်းလာတွေ ယာဉ်မောင်းတွေ လိုက်နာရမယ့် အချက်ပေးစနစ် သတ်မှတ်ထားတဲ့ နေရာ မဟုတ်လား။

ဒီမီးပွိုင့်ကို ချင်းမိုင်မြို့သားတွေ အခေါ်အရ “စီယဲ့ ခမ်ထိရမ်”လို့ ပြောလိုက်ရင်ပဲ ကားသမားတွေအစ လူတော်တော်များများက သိနေကြပါတယ်။ လွယ်လွယ် ပြောရမယ်ဆိုရင်တော့ မီးပွိုင့်တခုပါ။ လူတွေကတော့ သာမန်အားဖြင့် ယာဉ်စည်းကမ်းအတွက် လမ်းဆုံတွေမှာ ထားတဲ့ မီးပွိုင့်လို့ပဲ မြင်ကြမှာပါ။

ဒါပေမယ့် ဒီမီးပွိုင့်နဲ့ အသက်မွေးနေရသူတွေ အများကြီးပါ။ အဓိကကတော့ အခုနက ဟိုတစု ဒီတစုဆိုတဲ့ လူတွေပါ။ တနေ့ ဝမ်းစာ ကို ဒီမီးပွိုင့်မှာပဲ ရှာကြသလို ဒီမီးပွိုင့်က သူတို့ ရဲ့ အလုပ်ရုံဝင်းကြီးလို့လည်း တင်စားထားကြပါတယ်။ သူတို့တွေက မြန်မာပြည်က လာတဲ့ မြန်မာနိုင်ငံသားတွေပါပဲ။ အဲဒီနေရာမှာ ထိုင်းနိုင်ငံသားတွေကတော့ မရှိသလောက် ဆိုရမလို နည်းပါးပါတယ်။ ထိုင်းတွေက ပင်ပန်းတဲ့ အလုပ်တွေ အောက်ခြေသိမ်း အလုပ်တွေ ကျပန်းအလုပ်တွေကို မလုပ်ချင်ကြပါဘူး။

အလုပ်စောင့်နေတဲ့ မြန်မာပြည်သား တယောက်က“ကျနော်တို့ကတော့ မနက်မိုးလင်းတိုင်း ဒီမှာပဲ လာလာစောင့်တယ်။ တခြား အလုပ်တွေလုပ်ဖို့က ကျနော်တို့မှာ အလုပ်သမား လက်မှတ်မရှိဘူး။ ဒီမှာက အလုပ်လာခေါ်တဲ့ သူဌေးလာရင် လိုက်သွားတယ်။ အလုပ်မရတဲ့နေ့က မရှိသလောက်ဘဲ။ သူဌေးတယောက် မဟုတ်ရင် တယောက် လာနေတာပဲ” ဆိုပြီး မောင်းလာတဲ့ ကားတန်းကို အလုပ်လာခေါ်တဲ့ ကားတွေများလားဆိုတဲ့ မျှော်လင့်ချက် မျက်ဝန်းနဲ့ ကြည့်ရင်း ကျနော့်ကို ပြောပြပါတယ်။

ဒီမီးပွိုင့်အနီးဝန်းကျင်မှာ နေထိုင်တဲ့ သူတွေ ပြောပြချက်အရ လွန်ခဲ့တဲ့ နှစ် ၂၀ ဝန်းကျင်က စတယ်လို့ ပြောရမှာပါ။ မြန်မာ အလုပ် သမားတစုက စပြီး အလုပ်လာခေါ်မယ့် အလုပ်ရှင်ကို ဒီမီးပွိုင့်မှာ စောင့်နေကြတယ်။ အလုပ်ရှင်တွေကလည်း အဲဒီနေရာ လာပြီး အလုပ်သမားတွေကို ခေါ်သွားတယ်။ ညနေ အလုပ်သိမ်းတော့လည်း အလုပ်ရှင်က ဒီမီးပွိုင့်ကိုပဲ ပြန်ပို့ပေးတယ်။ ရက် ကနေ လ၊ လကနေ နှစ်ဖြစ်လာပြီး ကြာလာတော့လည်း ပုံမှန် အလုပ်မရှိကြတဲ့ မြန်မာနိုင်ငံသားတွေအတွက် တနေ့စာ အလုပ်ရဖို့ နေရာလေး ဖြစ်လာပါတော့တယ်။

မနက်လင်းလာရင် ဒီမီးပွိုင့်ကို လာမယ်။ အလုပ်ရှင်တွေကို စောင့်မယ်။ ထိုင်း အလုပ်ရှင်တွေကလည်း လုပ်ခ သက်သာတဲ့ အလုပ် သမား တွေရဖို့ ဒီမီးပွိုင့်ကို လာတာပါ။ အဲဒီက မြန်မာအလုပ်သမား အများစုမှာ ထိုင်းအစိုးရ ထုတ်ပေးတဲ့ တရားဝင်အလုပ် လုပ် ပိုင်ခွင့့် အလုပ်သမားလက်မှတ် မရှိကြတော့ ထိုင်း အလုပ်သမားတယောက် ရတဲ့ ပုံမှန်လုပ်ခနဲ့ စာရင် ထက်ဝက်လောက်ကို လျော့ပါတယ်။ သူတို့မှာ အလုပ်သမားလက်မှတ် လုပ်မယ်ဆိုရင် သူတို့ရတဲ့ နေ့တွက်ခ ဝင်ငွေလေးနဲ့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

အလုပ်သမား လက်မှတ်အတွက် ကုန်ကျစရိတ်က တနှစ်စာကို ဘတ် ၆၀၀၀ ဝန်းကျင် ပေးဆောင်ရတာပါ။ ဆိုတော့ နေ့စဉ်ဝင်
ငွေလေးရဖို့ကို ဒီမီးပွိုင့်ကိုပဲ အားကိုးကြရတာပေါ့။ အဲဒီတုန်း က နေ့စား တရက်လုပ်ခ ဘတ် ၁၂၀ ပဲ ရကြတယ်လို့ ဆိုပါတယ်။

အခုအချိန်မျိုးမှာတော့ အလုပ်ရှင်ကားတစီး ဝင်လာပြီဆိုရင် အဖွဲ့လိုက်ဖြစ်ဖြစ် တယောက်ချင်းဖြစ်ဖြစ် အရင်ဆုံး အလုပ်ရှင်နဲ့ ဈေးညှိမယ်။ အလုပ်ရတဲ့နေ့ဆိုရင် လုပ်ခ ဘတ်ငွေ ၂၅၀ ကနေ ၃၅၀ အထိ ရကြပါတယ်။ အရင်နှစ်တွေကဆိုရင် တနေ့လုပ်ခက ၂၀၀ ပဲ ရကြသေးတာပါ။ လက်ရှိ ထိုင်းဝန်ကြီးချုပ် ယင့်လပ်တက်လာပြီးတဲ့နောက် ထိုင်း အခြေခံအလုပ်သမား တယောက် တနေ့လုပ်ခ ဘတ်ငွေ ၃၀၀ တရားဝင် သတ်မှတ်ပေးလိုက်တာကြောင့် အခုလို မြန်မာအလုပ်သမားတွေပါ တရက်လုပ်ခ ဘတ်ငွေ ၂၅၀ ကနေ ၃၅၀ အထိ ရရှိလာကြတာပါ။ တချို့နေ့ တွေမှာတော့ အလုပ်ရတဲ့ သူ ရသလို မရတဲ့ သူတွေလည်း အလုပ်မရဘဲ အိမ်ပြန်ကြရတယ်။ ပုံမှန်အလုပ်မရှိတဲ့ မြန်မာနိုင်ငံသားတွေကတော့ ဒီလိုပဲ သူတို့ရဲ့ နေ့စဉ်ဘဝကို ဖြတ်သန်းနေကြတာပါ။

“မန့ကဆို အလုပ်မရဘူး။ သူဌေးက ပိုက်ဆံပေးတာ အရမ်းနည်းတယ်။ မကိုက်ဘူး။ အလုပ်မရတော့ အိမ်ပြန်တယ်။ ရတဲ့သူတွေလည်း ရကြတယ်။ တခါတလေ သူဌေးက ပိုက်ဆံမပေးတာလည်း ရှိတယ်၊ မြန်မာပြည်သားမို့လို့ သက်သက်မယ့် နိုင်စားတာ”လို့ အဲဒီနေ့က အလုပ်မရခဲ့တဲ့အကြောင်း အလုပ်သမားတယောက်က ပြောပြပါတယ်။ တချို့ထိုင်းအလုပ်ရှင်တွေရဲ့ ခေါင်းပုံဖြတ်တာ ကို ခံရတာလည်း ရှိနေပါလားလို့ သိခဲ့ရတယ်။

လွန်ခဲ့တဲ့ ၂၀၁၁ နှစ်ကုန်ပိုင်းလောက်က ထိုင်းနိုင်ငံမှာ ရေးလွှမ်းမိုးမှု ဖြစ်ခဲ့တာကြောင့် အလုပ်တော်တော်များများ လနဲ့ချီပြီး ရပ် ဆိုင်း ခဲ့ကြပါတယ်။ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်သွားပြီး အလုပ်အကိုင်တွေပါ ရှားပါးတဲ့ အခက်အခဲနဲ့ ကြုံတွေ့ခဲ့ ကြ တယ်။ ချင်းမိုင် မြို့မှာလည်း ပုဂ္ဂိလပိုင်စက်ရုံတွေ အချိန်အတော်ကြာ လည်ပတ်မှုမရှိတာကြောင့် ထိုင်းနိုင်ငံသားတွေ အပါအဝင် မြန်မာ အလုပ်သမား အလုပ် လက်မဲ့တွေ များခဲ့ရပါတယ်။

အဲဒီအချိန်ကစပြီး နေ့စားအလုပ်တွေ ကျပန်းအလုပ်တွေကို ထိုင်းလူမျိုးတွေပါ ကူးပြောင်းလာခဲ့ပါတော့တယ်။ ဒီလိုနဲ့ နှစ် ၂၀ ဝန်း ကျင် အထိ မြန်မာနိုင်ငံသားတွေ အများဆုံး အလုပ်စောင့်တဲ့ ဒီမီးပွိုင့်လမ်းဆုံမှာ ထိုင်းလူမျိုးတွေအပါအဝင် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား အစရှိတဲ့ နိုင်ငံခြားသား အလုပ်သမားတွေဟာ လမ်းလေးဘက် လေးလံလုံးမှာ အလုပ်ရဖို့ စောင့်ဆိုင်းရတဲ့ နေရာအဖြစ် ရောက်ရှိ သွားပါတော့တယ်။

အလုပ်လာစောင့်တဲ့ သူတွေ တနေ့ထက်တနေ့ များလာတာကြောင့် နေ့တိုင်း အလုပ်ရဖို့ ခက်ခဲလာတယ်လို့ မြန်မာအလုပ်စမား တွေက ပြောပြကြတယ်။ ၂၀၁၂ နှစ်ကုန်ပိုင်းမှာပဲ ဒီမီးပွိုင့်မှာ မမြင်တွေ့ဘူးတဲ့ မြင်ကွင်းတွေ မကြားဘူးခဲ့တဲ့ သတင်းတွေ နေ့စဉ်လိုလို ကြားရပါတယ်။ အလုပ်ရှင် ကားတစီးလာရင် အလုပ်ရဖို့ အတွက် သူ့ထက် ငါ အလုအယက် ပြောဆိုကြမယ်။ အခန့်မသင့်ရင် စကားများ ပြဿနာတွေတက်ကြပြီး အုပ်စုလိုက် ရန်တွေ ဖြစ်ကြ နောက်ဆုံး ထိုင်းလုံခြုံရေး ရဲတွေ လာရောက်ဖမ်းဆီးတဲ့ အဆင့် အထိ ဖြစ်လာပါတော့တယ်။
အခုလို ကျပန်းအလုပ်ရဖို့တောင် အဆင်မပြေတဲ့ အချိန်မှာ မထင်မှတ်ဘဲ လမ်းသရဲဆန်တဲ့ ထိုင်းလူငယ်တစုက ထိုင်း အခေါ် ရာဘ စိတ်ကြွဆေး ရောင်းဝယ် ဖောက်ကားဖို့ တာစူလာကြပြန်ပါတယ်။ သမာအာဇီဝနဲ့ အလုပ်လာရှာတဲ့ သူတွေထဲ စိတ်ကြွဆေး ရောင်း တဲ့ သူတွေက တစထက် တစ များလာခဲ့ ပါတယ်။ နောက်ပိုင်း ဆေးရောင်းတဲ့ သူတွေထဲမှာ မြန်မာတွေလည်း ပါဝင်လာတယ်လို့ သိရပါတယ်။ ဒီလိုနဲ့ပဲ လမ်းဆုံမီးပွိုင့်ဟာ တဖြည်းဖြည်းနဲ့ ရာဇဝတ်သားကောင်တွေရဲ့ စားကျက်မြေ နေရာအဖြစ် ပြောင်းလဲသွားခဲ့ရ ပါတယ်။

တချိန်က မြန်မာအလုပ်သမားတွေ ထမင်းချိုင့်ကိုယ်စီနဲ့ မနက်တိုင်း အလုပ်ရဖို့ စောင့်ဆိုင်းနေရတဲ့ လမ်းဆုံမီးပွိုင့်က တဖြည်းဖြည်း နဲ့ ကျီးလန့်စာ စား အခြေအနေ ရောက်သွားခဲ့ပါတယ်။ အလုပ်သမား လက်မှတ် မရှိတာကြောင့် ဘယ်နေ့ ရဲ ဖမ်းမလဲဆိုတဲ့ စိုးရိမ် စိတ်နဲ့ အလုပ်ရှင်ကို မျှော်ကြရသလို ရဲဝင်နေတယ်လို့ ကြားလိုက်ပြီ ဆိုရင်ပဲ ပြေးကြ လွှားကြနဲ့ လမ်းဆုံမီးပွိုင့်မှာ ပြေးသူ ပြေး လိုက် သူ လိုက်နဲ့ အကျည်းတန် စေခဲ့တဲ့ မြင်ကွင်းတွေလည်း မြင်တွေ့ခဲ့ပါတယ်။

“ရဲဝင်တာကတော့ အခုရက်ပိုင်း နေ့တိုင်းလိုလိုပဲ။ သူတို့က အယောက် ၂၀ လောက်ရှိမယ် အရပ်ဝတ်တွေနဲ့ လာတာ။ ကျနော် ကတော့ ပြေးတော့ လွတ်သွားတယ်။ ကျနော့်သူငယ်ချင်း ၃ ယောက်ပါသွားတယ်။ အဲဒါ ပြန်လည်း မရွေးနိုင်ဘူး။ ကျနော်တို့မှာ နေ့စားအလုပ်ရဖို့က ဒီမီးပွိုင့်ကိုပဲ အားကိုးရတာ။ အခုလို နေ့တိုင်းသာ ရဲဝင်နေရင် ကျနော်တို့ ဘယ်လို ထမင်းစားရတော့မလဲ။ ကျနော်တို့မှာ မိသားစုနဲ့”လို့ ဒီမီးပွိုင့်မှာ ထိုင်းရဲတွေလာဖမ်းတုန်း ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ အလုပ်သမားတယောက်က ပြောပြပါတယ်။

တဖြည်းဖြည်းနဲ့ မြန်မာ အလုပ်သမားတွေအတွက် ဒီမီးပွိုင့်မှာ အလုပ်ရဖို့ အခွင့်အလမ်းတွေ နည်းသထက် နည်းပါးလာခဲ့ပါတယ်။ ၂၀၁၂ ခု နှစ်ဝက်ကတည်းက နေ့တိုင်းလိုလို ရဲဝင်ဖမ်းနေတော့ အလုပ်သမားတွေ မသွားဝံ့တော့ဘဲ တိမ်းရှောင်နေကြတယ်။

မြန်မာတယောက် ကို ဖမ်းမိရင် ထိုင်း ဘတ်ငွေ ၆၀၀၀ အထက် ပေးဆောင်ရတာပါ။ မပေးနိုင်ရင် အချုပ်ထဲမှာ ကာလအတန်ကြာ ဖမ်းဆီးထားပြီး မြန်မာ ပြည် နယ်စပ်ကို ပို့ လိုက်တယ်။ ထိုင်းရဲတွေက မြန်မာတယောက်ကို မြင်လိုက်ပြီဆိုရင်ပဲ ပိုက်ဆံ ထုတ်စက် လို သဘော ထားကြတယ်လို့ မြန်မာ အလုပ်သမားတွေက ပြောဆိုကြပါတယ်။

၂၁၀၂ ခုနှစ်ကုန်ပိုင်းမှာတော့ မြန်မာအလုပ်သမားတွေဟာ တကယ်ပဲ ဒီမီးပွိုင့်ကို စွန့်ခွာရတော့မယ့် အခြေစိုက်ရောက်လာခဲ့ ပါတယ်။  အဲဒါက အောက်တိုဘာလ အစောပိုင်းမှာ ချင်းမိုင်မြို့တော်ဝန်က ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

ဒီလမ်းဆုံ မီးပွိုင့်ကို မြို့အင်္ဂါနဲ့ကိုက်ညီမှုမရှိဘူး။ ဒီလမ်းက ချင်းမိုင်မြို့ရဲ့ ဆက်သွယ်ရေးအတွက် အရေးပါတဲ့ လမ်းလည်းဖြစ်တယ်။ အခုလို ဒီလမ်းဆုံမှာ လမ်းဘေးတလျှောက် အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေရဲ့ ပုံရိပ်တွေဟာ မြို့ကို သရုပ်ပျက်စေတယ်ဆိုပြီး မည်သူ တဦးတယောက်မှ  အလုပ် စောင့်ခွင့်မရှိဘူးလို့ ကြေညာချက်ထဲမှာ ပါရှိခဲ့ပါတယ်။

လာခေါ်တဲ့ အလုပ်ရှင်ကားနဲ့ လိုက်သွားကြမယ့် မြန်မာပြည်သား အလုပ်သမားတွေ (ဓာတ်ပုံ – သန်းထိုက်ဦး / ဧရာဝတီ)

အလုပ်သမားတွေ အလုပ်စောင့်ဖို့အတွက်ကိုတော့ ချင်းမိုင်က မြို့အပြင်တနေရာကို သတ်မှတ်ပေးတယ်လို့လည်း ကြေညာချက် ထဲမှာ ထည့်သွင်းထားပါတယ်။

မြို့တော်ဝန်ရဲ့ ထုတ်ပြန်ချက်အပြီး ရက်ပိုင်းမှာပဲ အာဏာပိုင်တွေနဲ့ စည်ပင်ဝန်ထမ်းတွေက စောင့်ကြည့်တာတွေနဲ့ လမ်းသန့်ရှင်း ရေး တွေ လုပ်လာကြပါတော့တယ်။

ဒီမီးပွိုင့်မှာ ဝမ်းစာအတွက် အပူအပင်ကြားထဲကနေ အလုပ် စောင့်မျှော်ရတာတွေ အဆုံးသတ်သွားပြီလား…။

မကြာခင်မှာပဲ မီးပွိုင့် ဝန်းကျင်ကို အသွင်သစ်နဲ့ မြင်နေရပါပြီ။ အရင်လို မစည်ကားပေမယ့် အရင်မြင်ကွင်း အဟောင်းတွေကိုတော့ ဆက်ပြီး မြင်တွေ့နေရတုန်းပါ။ ကွာခြားသွားတာကတော့ မြန်မာနိုင်ငံသားနေရာမှာ ထိုင်းလူမျိုးတွေက ပြောင်းလဲ ယူလိုက်တာပဲ ဖြစ်ပါတယ်။ ၏

ဒီမီးပွိုင့်မှာ ပုံမှန်အလုပ်စောင့်တတ်တဲ့ မြန်မာပြည်သား တဦးက“ချင်းမိုင်လဝကက ပြောတာ ဒီနေရာမှာ ဘယ်သူမှ အလုပ်မစောင့် ရဘူး။ အလုပ်ဆောင့်တဲ့ နေရာမဟုတ်ဘူးပေါ့။ ဆိုင်းဘုတ် တွေလည်း ကပ်ထားတယ်။ အခုဆို ဗမာပြည်သားတွေ မလာရဲတော့ ဘူး။ ဈေးတွေမှာ လှည်းတွန်း ဈေးရောင် အလုပ်တွေပဲ လုပ်ကြတော့တယ်။ ထိုင်းတွေက သက်သက်မဲ့ညစ်တာ။ သူတို့ဘဲ စောင့် မယ်။ ဗမာတွေကို အလုပ်မရစေချင်လို့လေ။ ရဲတွေနဲ့ ညှိပြီး ဒီမီးပွိုင့်ကို ပိတ်လိုက်တာ။ အခု သူတို့ကြတော့ သွားသွားစောင့်ကြ တာပဲ။ ဘာရဲမှ မဖမ်းပါလား”လို့ ပြောပြပါတယ်။

တိုင်းတပါးမှာ တရားမဝင် အလုပ်သမားအဖြစ် ဘယ်လိုသွားလာ နေထိုင် ရပ်တည်နေရတာလဲ ဆိုတာ ကာယကံရှင်တွေ အသိဆုံး ပါ။ ထိုင်း တနိုင်ငံလုံးက သိန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသား တရားမဝင်အလုပ်သမားတွေကို နေ့စဉ်ရှာဖွေ ဖမ်းဆီးနေတာလည်း ထိုင်း နိုင်ငံရဲ့ တည်ဆဲဥပဒေ အရလည်း ဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာအလုပ်သမားတွေ ကိုယ့်နေရပ်ကို ပြန်ဖို့ဆိုတာက သူတို့အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတရပ်လို ဖြစ်နေပါတယ်။ မိခင်နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးနေဆဲ ဖြစ်သလို နေ့စဉ်ဝမ်းစာအတွက် ရုန်းကန်နေရတဲ့ အခြေအနေတွေကနေ မလွတ်မြောက်နိုင်သေးသရွေ့ အခုလို တိုင်းတပါးရောက် မြန်မာအလုပ်သမားတွေဟာ ရေကြည်ရာ မြက်နုရာ လုပ်ကိုင် စားသောက် နေကြရတဲ့ သံသရာထဲမှာ တဝဲ၀ဲ လည်နေရဦးမှာပဲ ဖြစ်ပါတယ်။     ။

Loading