[irrawaddy_gallery]
တောင်မှမြောက်သို့ ပြောင်းပြန်စီးဆင်းနေသည့် သောင်ရင်းမြစ်ရေသည် ရေနီမြောင်းကြီးတခုအလား နောက်ကျိနေသည်။ မြစ်ကမ်းဘေး တဘက်တချက်စီတွင် အပင်ပေါက်ခါစ အစိမ်းနုရောင် ပြောင်းခင်းများက နေရာယူထားသည်။ ခပ်လှမ်းလှမ်း တွင် သိပ်မမြင့်မားသော်လည်း တိမ်များဖုံးနေသည့် ဒေါနတောင်တန်းက ထုနှင့်ထည်နှင့် လှပနေသည်။ တိမ်စိုင်များ ကြားမှ ထိုးထွက်နေသည့် တောင်တန်းများသည် ပင်လယ်ထဲမှ ကျွန်းငယ်များလိုပင်။
ကလို့ထူးဘော စစ်ဌာနချုပ်ရှိရာ ဆုံဆည်းမြိုင် ကျေးရွာသည် အလွန်လှပသော ရှုခင်းများ ခြံရံထားခြင်းကြောင့် ကြားဖူးနေကျ “သူပုန်နယ်မြေ” ဆိုသည့် နာမည်၊ အဓိပ္ပာယ်နှင့် အလွဲကြီး လွဲနေလေသည်။ ငယ်ငယ်က ကြည့်ခဲ့ရသော သူပုန် ဇာတ်ကား များနှင့် ကွဲချင်တိုင်း ကွဲနေသော နေရာဖြစ်သည်။ မိုးတွင်းရာသီဖြစ်သော်လည်း နေသာနေသည့်အတွက် မြင်ကွင်းများက ကြည်လင် စိမ်းလန်းလို့ နေသည်။
ဒေါနတောင်တန်း၏ အရှေ့ဘက်ခြမ်းတွင် ရှိသောဒေသ၊ ကရင်တိုင်းရင်းသား လက်နက်ကိုင်များ စိုးမိုးသည့်နယ်မြေ၊ ယခင် က အမည်းရောင် နယ်မြေဟု သမုတ်ခံရသည့် နေရာသို့ ရောက်ခဲ့ရသည့် အတွေ့အကြုံကို မည်သည့်အခါမျှ မေ့နိုင်မည် မထင်။
အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) က ဦးဆောင်ပြုလုပ်သော တိုင်းရင်းသားပေါင်းစုံ နှီးနှောဖလှယ်ပွဲ ညီလာခံသို့ ရန်ကုန်မှ သတင်း မီဒီယာပေါင်း ၃၀ ခန့် တက်ရောက်ကြရာတွင် ဧရာဝတီ သတင်းဌာမှ သတင်းထောက်တဦးအဖြစ် ပါဝင်ဖြစ်ခဲ့သည်။
တခါမှ မရောက်ဖူးသေးသည့် မြဝတီခရိုင်သို့ သွားရန် ပြင်ဆင်ချိန်တွင် စိုးရိမ်စိတ်များ ဖြစ်ခဲ့ရသည်။ ငှက်ဖျားဖြစ်မည်ကို ကြောက်သည်၊ ပြန်ပေးဆွဲ ခံရမည်ကို ကြောက်သည်။ ဓားပြတိုက်ခံရမည်ကို ကြောက်သည်။ နောက်ဆုံး ကားမှောက်မည် ကိုပင် ကြောက်မိသည်။ ထို့ကြောင့် ငှက်ဖျားကို ကာကွယ်ဖို့ ခြင်မကိုက် လိမ်းဆေးတဘူးယူခဲ့သည်။ ဓားပြတိုက်လျှင် ကလန်ကဆန် မလုပ်၊ အစွမ်းကုန် ကြောက်ပြလိုက်မည်ဟု စိတ်ကိုတင်းပြီး ကျန်ကိစ္စများကိုတော့ သဗ္ဗေသတ္တာ ကမ္မဿကာဟုသာ သဘောထားလိုက်သည်။
ရန်ကုန်မှ မြဝတီသို့ သွားရာလမ်းသည် မိုးတွင်းကာလတွင် အလွန်ကြမ်းသည်ဆိုသောကြောင့် တိုက်ရိုက်မသွားဘဲ၊ ရန်ကုန်မှ မော်လမြိုင်သို့ လိုင်းကားဖြင့် လည်းကောင်း၊ မော်လမြိုင်မှ တဆင့် ကုန်သွယ်ရေး ထွက်ပေါက် မြဝတီမြို့သို့ ဗင်ကား တစီး စုငှားကာ ခရီးဆက်ရသည်။
နေပြည်တော် ပေါ်လာပြီးနောက် မြန်မာနိုင်ငံ၏ တတိယ မြို့တော်အဖြစ်မှ မသိမသာ ရာထူးချ ခံလိုက်ရသည့် မော်လမြိုင်မြို့မှ ထွက်လာသော လမ်းဘေးတလျောက်တွင် အောင်မြင်ဖြစ်ထွန်းနေသော ရာဘာ တောအုပ်ကြီး များကို ဖြတ်သန်းရခဲ့သည်။ ထိုနေရာတွေက တိုင်းရင်းသား လက်နက်ကိုင် တပ်များနှင့် အစိုးရတပ်များ၏ ရှေ့တန်း စစ်မြေပြင်များ ဟုလည်း ဆိုနိုင်ပါသည်။ ဖြတ်သန်း ခဲ့ရသော ရွာများသည် တချို့မြို့များထက်ပင် သာယာသည်။ အိမ်ကြီးရခိုင်များ ရှိသည်။
မြန်မာနိုင်ငံမှ အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ကူးလူး ဆက်သွယ်ရာတွင် အနီးဆုံးနှင့် အလွယ်ကူဆုံး ဖြစ်သည့် မြဝတီ – မဲဆောက် ကုန်သွယ်ရေး လမ်းကြောင်းကို အဓိက အသုံးပြုကြသည်။ ဒေါနတောင်ကြားကို ဖြတ်ကျော်သွားရသည့် ထိုလမ်းသည် ကျဉ်းမြောင်း ရုံသာမက၊ လမ်းမျက်နှာပြင်ကလည်း ကြမ်းတမ်းသည်။ ယခုလို မိုးတွင်းဆိုလျှင် ရွှံ့ခင်းသော လမ်းဖြစ်နေ၏။
“ဒါတောင် အခုနောက်ပိုင်း အတက်တရက်၊ အဆင်းတရက်မို့လို့ အဆင်ပြေလာတာ။ အရင်ကဆိုရင် မြဝတီကို တခါ တက်ဖို့အရေး တပတ်၊ ၁၀ ရက် စောင့်ရတယ်။ ကားတွေ သွားလို့မရလို့ လူနဲ့ ကယ်ရီလုပ်ရတဲ့ အချိန်တွေတောင် ရှိခဲ့တယ်” ဟု ယာဉ်မောင်းက ပြောသည်။
ဒေါနတောင်သည် တခြား ရိုးမတောင်တန်း ကြီးများကဲ့သို့ မမြင့်မားသော်လည်း၊ မိုးတိမ်များ၊ မြူနှင်းများနှင့် တောင်ခိုးများ ဖုံးလွှမ်း၍ နေသည်။ လမ်းတဘက်က တောင်နံရံဖြစ်ပြီး၊ တဘက်က ချောက်ကမ်းပါးဖြစ်သော တောင်ကြားလမ်းတွင် မောင်းနှင်နေသည့် ကားများက ရှင်လောင်းလှည့်နေသလို အစီအရီသွားရသည်။ လမ်းကျဉ်းကာ အကွေ့အကောက် များခြင်း ကြောင့် အလျားရှည်သည့် ကားများအတွက်တော့ အန္တရာယ်များသည်။
လမ်းခုလတ်တွင် တောင်အောက်သို့ ပြုတ်ကျသည့် ကုန်တင်ကားတစီးကို တွေ့ရသည်။ မြဝတီမှ ဘီယာစည်များတင် ဆောင်လာသည့် ထိုကား တိမ်းမှောက်မှုကြောင့် ကားမောင်းသူနှင့် ယာဉ်နောက်လိုက်တို့ သေဆုံးခဲ့သည်ဟု သိရသည်။
လမ်းတလျှောက်တွင် ဌာနဆိုင်ရာပေါင်းစုံ ရုံးထိုင်သည့် အခွန်ကောက်ခံရေး ဂိတ်များကိုလည်း တွေ့ရသည်။
“အရင်တုန်းကထက် စာရင် အခွန်ကောက်တဲ့ ဂိတ်တွေ လျော့လာတယ်လို့ ပြောလို့ရပေမယ့် ဌာနဆိုင်ရာ ဂိတ်တွေက ပိုများလာတယ်။ အရင်ကဆို ခရီးသည်တွေကို ဆင်းခိုင်းပြီး စစ်ဆေးတာတွေ လုပ်ပေမယ့်၊ အခုနောက်ပိုင်းမှာ ခရီးသည် တွေကို ဒုက္ခ မပေးတော့ပါဘူး။ ကားသမားတွေဆီကပဲ ပိုက်ဆံ တောင်းတော့တယ်။ ဘာအကြောင်းပြချက်မှ မရှိဘဲ ဂိတ်လုပ်ပြီး ပိုက်ဆံတောင်း နေကြတယ်။ အဲဒါ တရားမဝင်ဘူး။ သူတို့လူကြီးတွေ လာစစ်တုန်း ခဏပဲ ငြိမ်တယ်” ဟု ယာဉ်မောင်းက ဆိုသည်။
သင်္ကန်းညီနောင်မှ မြဝတီအထိလမ်းသည် ထိုင်းနိုင်ငံဘက်မှ လာခင်းပေးထားသည့် လမ်းဖြစ်ရာ၊ ကားပေါ်တွင် ကော်ဖီခွက် တင်ထားလျှင်ပင် မှောက်မကျနိုင်အောင် ညက်ညောလွန်းသည်။ တဘက်နိုင်ငံမှ ခင်းပေးထားသည့် ထိုလမ်းဖြတ်သန်းခကို မြန်မာ ဆောက်လုပ်ရေး လုပ်ငန်းက ကောက်ခံလျှက် ရှိသည်ကို တွေ့ရ၏။
မော်လမြိုင်မှ မနက် ၉ နာရီတွင် ထွက်လာသည့် ကားက နေ့လယ် ၂ နာရီခန့်တွင် မြဝတီသို့ ဝင်သည်။ မြဝတီသို့ ရောက်လျှင် သတင်းရင်းမြစ် ဖြစ်သည့် DKBA မှ တာဝန်ရှိသူတဦးက လာကြိုသည်။ လာကြိုသည့် ကရင်တိုင်းရင်းသား လက်နက်ကိုင် တပ် မှ ဗိုလ်ကြီးမှာ ရခိုင်တိုင်းရင်းသားတဦး ဖြစ်နေသည်။ လက်ပစ်ဗုံး တလုံးကို ဘယ်ဘက်ရင်အုံတွင် ချိတ်ကာ၊ ခါးကြားတွင် ပစ္စတို သေနတ်တလက် ထိုးထားပြီး ပျောက်ကျား ယူနီဖောင်း ဝတ်ဆင်ထားသည့် ဗိုလ်ကြီးက ကွမ်းယာကလေး မြုံ့ရင်း ပြုံးရွှင် ဖော်ရွေစွာ ကြိုဆိုသည်။ ကားနောက်ခန်းတွင် အမည်မခေါ်တတ်သည့် ပြောင်းရှည် သေနတ်တလက်စီ ကိုင်ထားသည့် တပ်သား နှစ်ဦး လိုက်ပါလာသည်။ ဒါက မြဝတီမြို့က ကြိုဆိုလိုက်သည့် မြင်ကွင်းဖြစ်သည်။
ထိုမှတဆင့် သောင်ရင်းမြစ်နံဘေးမှ ဆန်ကာ ကလို့ထူးဘော စစ်ဌာနချုပ် ရုံးထိုင်သည့် ဆုံဆည်းမြိုင် ကျေးရွာသို့ ကီလိုမီတာ ၆၀ ကျော်ခန့် ထပ်သွားရပြန်သည်။ မြဝတီမှ အထွက်တွင် တချိန်က တိုက်ပွဲများ ပြင်းထန်ခဲ့သည့် ဖလူးကြီးရွာကို ဖြတ်ရသည်။ အခုတော့ ရွာက စည်စည်ပင်ပင် ဖြစ်နေသည်။ အိမ်ကြီး အိမ်ကောင်းများကိုလည်း တွေ့ရသည်။
မြဝတီမှ ဆုံဆည်းမြိုင်သို့ သွားရာလမ်းတလျှောက်သည် ကရင်တိုင်းရင်းသား လက်နက်ကိုင်များ စိုးမိုးသည့် နယ်မြေများဖြစ် သည်။ သောင်ရင်းမြစ်နှင့် ဒေါနတောင် နှစ်ခုကြားမှ တောင်ယာ ပြောင်းခင်းများသည် တမျှော်တခေါ် ကျယ်ဝန်းလှသည်။ ရွှံ့နွံ လမ်းများကြောင့် ကားသည် ဆပ်ပြာတုံးပေါ်တွင် သွားနေသလိုမျိုး စိတ်ထဲတွင် ချော်ကျိကျိ ခံစားသည်။
ကားသည် တောင်တက်လမ်းများတွင် ရှေ့သို့တည့်တည့် မမောင်းနိုင်ဘဲ၊ ကဏန်းတကောင် ကဲ့သို့ ဘေးတိုက် မောင်းရသည့် အနေအထားမျိုးလည်း ကြုံရသည့်အခါ ကားပေါ်မှ ခုန်ဆင်းပြေးရသည် အထိ အသည်းထိတ်ဖွယ် ခရီးကြမ်း လို့ပင် ဆိုနိုင် ပါသည်။ တောင်ပေါ်လမ်းများတွင် ကင်းပုန်းများ၊ ကတုတ်ကျင်းများ၊ တပ်စခန်းငယ်များ ကိုလည်းမြင်ရသည်။
လမ်းကောင်းလျှင် ၄၅ မိနစ်ခန့်သာ မောင်းနှင်ရမည့် အကွာအဝေးကို ၄ နာရီကျော်ကျော် စီးပြီးနောက် ဆုံဆည်းမြိုင် ကျေးရွာသို့ ရောက်သည်။ ကရင်အမျိုးသား ခေါင်းဆောင် စောဘဦးကြီးဦး၏ ကျောက်စာတိုင် အနီးရှိ စတုဒီသာ မဏ္ဍပ် ရှေ့တွင် ကားရပ်သွားသည်။
“လက်နက်ချ အညံ့ခံခြင်းကို ငါတို့အလျဉ်းမလုပ်”၊ “ကရင့်လက်နက် ကရင့်လက်ထဲတွင် ရှိရမည်”၊“ကရင်ပြည်နယ် အသိအမှတ်ပြုခြင်း ပြီးပြည့်စုံရမည်”၊ “ကရင့်ကံကြမ္မာ ကရင် ဖန်တီးရမည်” ဆိုသည့် မူဝါဒ (၄)ချက်ကို ကျောက်စာတိုင်တွင် ရေးထိုးထားသည် ကိုတွေ့ရ၏။
ဖွင့်ပွဲနေ့တွင် လူပေါင်း ၃၀၀ ကျော်နှင့် အရပ်ဘက်၊ လက်နက်ကိုင် အဖွဲ့အစည်းပေါင်း ၃၀ တက်ရောက်သည့် တိုင်းရင်းသား ပေါင်းစုံ ဆွေးနွေးပွဲကို ဆုံဆည်းမြိုင်ကျေးရွာ၏ ချောင်းတဘက်ခြားရှိ တောင်နီကျေးရွာ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွင် ပြု လုပ်ခဲ့သည်။ သတင်း စာမျက်နှာများ ပေါ်တွင်သာ မြင်ဖူးသည့် ဗိုလ်ချုပ်ကြီး ေဋ္ဌးမောင် (သို့မဟုတ်) ဗိုလ်ထိန်မောင်နှင့် ဗိုလ်ချုပ်ကြီး စောလားပွယ် (ခ) ဗိုလ်နှုတ်ခမ်းမွေးတို့ကို အခုမှ လူကိုယ်တိုင် မြင်ဖူးရသည်။
ငယ်ငယ်က ကြည့်ခဲ့ရသည့် သီဟတင်စိုးနှင့် ရဲမင်းပိုင်တို့၏ ဖိုက်တင် ဇာတ်ကြမ်းကားများနှင့် ရုပ်မြင်သံကြား ပေါ်လစီ ဇာတ်လမ်း များကြောင့် သူပုန်ဆိုသည်မှာ ရုပ်ဆိုးဆိုး၊ ခပ်ကြမ်းကြမ်း၊ ခပ်ရမ်းရမ်း လူများဟု ထင်မှတ်ဖူးသော်လည်း ယခု မြင်ရသူ နှစ်ဦးစလုံးမှာ ခက်ထန်သည့်စရိုက်၊ ရက်စက် ကြမ်းတမ်းသည့် အမူအရာများ လုံးဝမရှိသည်ကို တွေ့ရသည်။ နှုတ်ခမ်းမွေး ကားကားဖြင့် အသက်ကြီးရင့်လှပြီဟု ထင်ထားသည့် ဗိုလ်နှုတ်ခမ်းမွေး သည်ပင်လျှင် နှုတ်ခမ်းမွှေး ရိတ်ထား သည့် အသွင်ကို မြင်ရသဖြင့် အတော်ရုပ်ဖြောင့်သော ကရင်ကြီးဟု စိတ်ထဲတွင် ထင်မိသည်။
ဆွေးနွေးပွဲ ကျင်းပသည့် ၃ ရက်တာ ကာလအတွင်း ၂၁ ရာစု ပင်လုံညီလာခံ ခေါ်ယူရေးအတွက် ဦးတည် ဆွေးနွေးခဲ့ ကြသည်။ အကောင်အထည်ဖော်မည့် အလုပ်အဖွဲ့ကို ဖွဲ့ကြသည်။ ကော်သူမွဲခီး ထုတ်ပြန်ချက်ကို ထုတ်ကြသည်။ ခေါင်းစဉ်နှင့် ဆွေးနွေးချက် များက ကောင်းသည်။ သို့သော် ဟောတဖွဲ့၊ ဟောတဖွဲ့ပေါ်လာပြီး မကြာခဏ ပျောက်ကွယ်သွား တတ်သည့် အဖွဲ့ပေါင်းစုံလို အဖျားရှူး၊ မရှူးကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။
ဆွေးနွေးပွဲ ကာလအတွင်း တည်းခိုရသည့် တောင်နီကျေးရွာတွင် ပြည်တွင်းစစ် ကာလ တလျှောက်လုံး ပြောင်းရွှေ့ ပုန်းရှောင်ရသည့် စစ်ဘေး ဒုက္ခသည်ဖြစ်ခဲ့သူများ နေထိုင်ကြသည်။ ရွာထဲရှိ အိမ်အများစုတွင် ဗုံးခိုကျင်းများ တူးထားကြ သည်ကိုလည်း ထူးခြားသော မြင်ကွင်းအဖြစ် တွေ့မြင်ရသည်။ ရွာဦးရှိ လျောင်းတော်မူ ဘုရားကြီးပင်လျှင် စစ်ပွဲများ အဆက်မပြတ်သဖြင့် အပြီးမသတ်ရ သေးကြောင်း လုံခြုံရေးတာဝန်ကျ DKBA စစ်သား တဦးကပြောပြသည်။
“အဘက ဒေါနတောင် တဘက်က ကော့ကရိတ်မြို့နယ် ဇာတိပဲ။ စစ်တွေဖြစ်ရင်း ဟိုပြေး၊ သည်ပြေးနဲ့ ဒီရွာကို ရောက်လာ တာ။ ငယ်ငယ်က စစ်တပ် ပေါ်တာဆွဲတာ ပါဖူးတယ်။ ပြန်ထွက်ပြေးပြီး လွတ်လာတာ။ ဒီထက် ပြေးစရာမြေလည်း မရှိတော့ပါ ဘူး။ ဟော .. ဟိုမှာ သောင်ရင်းမြစ်ပဲ ရှိတော့တယ်။ သူများနိုင်ငံတော့ ကူးမပြေးဘူး။ ဒီမှာပဲ အသေခံတော့မယ်” ဟု တောင်နီ ကျေးရွာမှ အသက် ၆၀ ဝန်းကျင်ရှိ ကရင် အမျိုးသားကြီးတဦးက ဆိုသည်။
တရွာလုံးက ပြောင်းနှင့် ပဲ စိုက်ပျိုးရေး လုပ်ငန်း လုပ်ကြသည်။ တောင်နီရွာ တဘက်ကမ်းရှိ ထိုင်းသူဌေးများ ထံမှ မျိုးစေ့ ပြောင်းနှင့် တောင်ယာအတွက် လိုအပ်သော မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ အပင်သန်ဆေး စသည့် သွင်းအား စုများကို အကြွေးစနစ်ဖြင့် ယူရသည်။ သီးနံှထွက်သည့် အချိန်တွင် သူတို့ထံ ပြန်ရောင်းချကာ၊ သူတို့အကြွေး ကို ပြန်ဆပ်ရသည်။ တဘက်ကမ်း ရွာများတွင် ထိုင်းနိုင်ငံသား ကရင်လူမျိုးများလည်း ရှိသည်ဟု သိရသည်။
အနီးဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများသည် ဝင်ငွေ၏ အနည်းအများအလိုက် ရာခိုင်နှုန်းဖြင့် အစိုးရစစ်တပ်နှင့် DKBA ထံသို့ အခွန်ဆောင်ရသည်။
“အခွန်က သိပ်ပြီး ဝန်ထုပ်ဝန်ပိုးမဖြစ်ပါဘူး။ ဥပမာ- ပြောင်းဖူး ၁၀ တောင်းရရင် ၁ တောင်းကို ထက်ဝက်စီ ခွဲ ပြီး အခွန်ဆောင်ရတယ်” ဟု တောင်နီကျေးရွာမှ ကရင်အမျိုးသမီးကြီး တဦးက ပြောသည်။
မြန်မာကျပ်ငွေ မသုံးဘဲ၊ ထိုင်းဘတ်ငွေကိုသာ သုံးစွဲသော ရွာများလည်းဖြစ်သည်။ မြန်မာ ဖုန်းလိုင်းမမိ၍ ထိုင်းနံပါတ်နှင့် ဖုန်းများကို ကိုင်ကြရသည်။ တရွာလုံးနီးပါး လက်ကိုင်ဖုန်း တလုံးစီတော့ ရှိကြသည်။ မြန်မာ ဖုန်းလိုင်း မမိဟု ဆိုသော်လည်း ယခုခေတ်ပေါ် ၁၅၀၀ တန် ဖုန်းက ပထမ တရက်တွင်တော့ အချိန်ပိုင်း လိုင်းမိလိုက်ပြီး နောက်ရက်များတွင် လိုင်း ပြန်ပျောက် သွားသည်။
သောင်ရင်းမြစ် တဘက်ကမ်းရှိ ထိုင်းနိုင်ငံပိုင် ကျေးရွာများကို လှမ်း၍မြင်နေရသည်။ ဆက်သွယ်ရေး တာဝါတိုင်များ၊ အိမ်ကြီး အိမ်ကောင်းများ၊ လျှပ်စစ်မီး၊ ကွန်ကရစ်လမ်းမ များနှင့် ဈေးဆိုင်ကြီးများ ရှိသော တဖက်ကမ်းရှိ ကျေးရွာများကို ဒီဘက်က လူတွေ မှီခိုနေကြရသည်။ ဆန်၊ ဆီ၊ ဆားကအစ၊ အိမ်ဆောက်ပစ္စည်း၊ အိမ်အသုံးအဆောင် အားလုံးကို ကူးတို့ လှေငယ် ကလေးများဖြင့် ကူးကာ ထိုင်းဘက်ကမ်း ရွာများမှ ဝယ်ယူသုံးစွဲကြသည်။
ထို့ကြောင့်လည်း ဗိုလ်ချုပ်စောလားပွယ်က သူ၏ စိုးမိုးနယ်မြေရှိ ရွာသူရွာသားများအား “တိုင်းပြည်နှင့် လူမျိုးအတွက်ဖြစ် ပါစေ၊ ထိုင်းပြည်နှင့် လူမျိုးအတွက် မဖြစ်ပါစေနှင့်” ဟု သတိပေးထားခြင်း ဖြစ်ပေမည်။ ထို သတိပေး စာတမ်း ရိုက်နှိပ် ထားသည့် အင်္ကျီများ ဆင်တူဝတ်ထားသော ကရင်လူငယ်များက ဆွေးနွေးပွဲ လာရောက်သည့် ဧည့်သည်များကို ကျွေးမွေး ဧည့်ခံရေး တာဝန်ယူကြသည်။
ဆွေးနွေးပွဲ နောက်ဆုံးရက်တွင် DKBA စစ်ဦးစီးချုပ် ဗိုလ်နှုတ်ခမ်းမွေး အိမ်သို့ သွားရောက်လည်ပတ်ခွင့် ရခဲ့သည်။ သစ်မာ များဖြင့် ဆောက်လုပ်ထားသည့် တထပ်အိမ်ကျယ်ကြီး ဖြစ်ပါသည်။ အိမ်ဘေး ပတ်လည်တွင် လက်နက် အပြည့်အစုံနှင့် လုံခြုံရေးများက နေရာယူထားသည်။ အိမ်၏ ဘုရားကျောင်းဆောင်တွင် မြိုင်ကြီးငူ ဆရာတော်၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်စောဗိုလ်မြ၊ ကရင်အမျိုးသား ခေါင်းဆောင် စောဘဦးကြီး တို့၏ ဓာတ်ပုံနှင့် ပန်းချီကားများကို ချိတ်ဆွဲထားသည်။ စစ်ယူနီဖောင်းဖြင့် တွေ့နေကျ ဗိုလ်နှုတ်ခမ်းမွေးသည် စွပ်ကျယ် အကျႌအဖြူကို ဝတ်ဆင်ထားပြီး ဧည့်သည်များကို ကရင်အမျိုးသား ဝတ်စုံများ လက်ဆောင်ပေးကာ ဧည့်ခံသည်။
လုံခြုံရေး ယူထားသော DKBA စစ်သားတချို့နှင့်လည်း စကားစမြည် ပြောဆိုခွင့် ရသည့်အခါ ကရင်ပြည်နယ်၊ ကြာအင်း ဆိပ်ကြီး မြို့နယ်မှ လူငယ်တဦးက ပြည်တွင်းစစ်ဒဏ်ကို ရှောင်ရှားရင်း ထိုင်းနိုင်ငံအတွင်းရှိ နို့ဖိုး ဒုက္ခသည် စခန်းသို့ ရောက်ခဲ့ရာမှ တဆင့် ကရင်အမျိုးသား အစည်းအရုံး (KNU) သို့ ဝင်ရောက်ကာ အမျိုးသားရေး ခံယူချက်ဖြင့် တိုက်ပွဲ ဝင်ခဲ့ကြောင်း ပြောပြသည်။
“အဲဒီတုန်းက ညီအထွေးဆုံးလေးက DKBA မှာပေါ့။ ကရင် အချင်းချင်း တိုက်နေရတာကို စိတ်ညစ်လာတာနဲ့ KNU က ထွက်ပြီး နို့ဖိုး စခန်းက အမေ့ဆီ ပြန်တယ်။ အမေကပြောတယ်၊ နင်တို့ ညီအစ်ကိုနှစ်ယောက် တယောက်နဲ့ တယောက် သတ်နေကြ ပေတော့တဲ့။ ကျနော် တော်တော် စဉ်းစားသွားတယ်။ ပြီးတော့ ကျနော် DKBA ထဲ ဝင်တယ်။ ညီလေးကတော့ တပ်ထဲမှာ မရှိတော့ဘူး။ အခု ကျနော့် ပထွေးက နယ်ခြားစောင့်တပ် (BGF) မှာ ရှိတယ်။ သူကတော့ သေချင်သေပါစေ။ သူတို့က သစ္စာဖောက်တွေပဲ။ အမေကတော့ ကျနော်တို့နဲ့ ဗိုလ်ချစ်သူတို့ နယ်ခြားစောင့်တပ်နဲ့ တိုက်နေတုန်းမှာ ဆုံးတယ်လို့ ကြားရတယ်” ဟု ထိုစစ်သားလေးက သူ့ဘ၀ တစိတ် တပိုင်းကို ကရင်သံဝဲ၀ဲဖြင့် ဖွင့်ဟသည်။
ကရင်လက်နက်ကိုင် တပ်မတော် ၂ ခုတွင် စစ်မှုထမ်းခဲ့သည့် အတွက် တိုက်ပွဲကြီး ၂ ခုကို တိုက်ဖူးသည့် အတွေ့အကြုံ ရှိ ကြောင်းလည်း သူက ဆိုသည်။
“ကျည်ဖူးက ကျနော့်ဘေးကို ကျလာတာ။ တော်သေးတာပေါ့၊ မပေါက်လို့ ကျနော်မသေလိုက်ဘူး။ စစ်မတိုက်ရတော့ဘူး ဆိုရင်တော့ ကျနော် ရွာပြန်ပြီး အေးအေးဆေးဆေး နားတော့မယ်။ အခုတော့ ကျနော့် လူမျိုးအတွက် ကျနော် တိုက်ရဦးမယ်။ ငယ်ချစ်ဦး ကိုလည်း လက်မထပ်နိုင် သေးဘူး။ ဘယ်တော့မှ လက်ထပ်နိုင်မလဲဆိုတာ မသေချာသေးဘူး။ သူကတော့ စောင့် နေတုန်းပဲလေ” ဟု သူက အပြုံးတဝက်ဖြင့် ဆက်ပြောသည်။
တောင်နီရွာ ပတ်ပတ်လည်တွင် လက်နက်အပြည့်၊ ကျည်အပြည့်၊ ဝတ်စုံပြည့်ဖြင့် လုံခြုံရေး တာဝန်ယူထားသည့် စစ်သား များထဲတွင် ကရင်စစ်သားများ သာမက မဟာမိတ်အဖြစ် ပူးပေါင်းထားသည့် ရခိုင်တပ်မတော်မှ စစ်သားများကိုလည်း တွေ့ရသည်။ ချင်းမျိုးနွယ်စုဖြစ်သည့် ဇိုမီး စစ်သားများကိုလည်းတွေ့ရသည်။
“ကျနော်တို့က ဗမာကို တိုက်နေတာ မဟုတ်ဘူး။ အစိုးရရဲ့ မူဝါဒတွေကို မကြိုက်လို့ တိုက်နေတာ” ဟု ရခိုင်တပ်မတော်မှ တပ်စုမှူးတဦးက ခပ်တည်တည် ပြောသည်။
သူတို့ လိုက်ရှင်းပြသဖြင့် မည်သည့်နေရာတွင် တိုက်ပွဲများဖြစ်ခဲ့သည်၊ မည်သည့်နေရာတွင် လူ ဘယ်နှဦး သေဆုံးခဲ့သည် ဆိုသည့် ဗဟုသုတများလည်း ရခဲ့သည်။
တောင်နီရွာ၏ အမြင့်ဆုံး ဘုရားတောင်ကုန်းပေါ်မှ လှမ်းမြင်ရသည့် မြင်ကွင်းသည် မြင်ဖူးသမျှသော အလှဆုံးရှုခင်းများ အနက် တခုအပါအဝင်ဟု ဆိုရမည်။ သို့သော်လည်း တက်ကြွပျော်ရွှင်မှုထက် လွမ်းမောဖွယ်ပိုကောင်းသည့် ရှုခင်းဟု ခံစားရသည်။
ထို့အပြင် နှစ်ပေါင်း ၆၀ ကျော် ရင်ဆိုင်ခဲ့ရသည့် ပြည်တွင်းစစ်ပွဲများကြောင့် ထိုင်းနိုင်ငံနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်ကြရသည့် ကရင် တိုင်းရင်းသားများအတွက် ပြန်လည် နေရာချထားပေးရန် အသစ် တည်ဆောက်လျှက်ရှိသည့် ဝေါလေမြိုင် မြို့နယ်ခွဲသို့လည်း သွားရောက် လည်ပတ်ခွင့်ရခဲ့သည်။
ဆုံဆည်းမြိုင်နှင့် ဝေါလေမြို့နယ်ခွဲကြားတွင် အစိုးရတပ်မတော်၏ ဗျူဟာတပ်ရင်းတစ်ခုလည်းရှိသည်။ တဘက်နှင့်တဘက် နယ်မြေများအတွင်းဖြတ်သန်းသွားလာရေးအတွက် ကြိုတင်သတင်းပို့စနစ်ကျင့်သုံးကြသဖြင့် ပုံမှန်သွားလာနိုင်ကြောင်း သိရသည်။
ဆုံဆည်းမြိုင်မှ ၄၅ မိနစ်ခန့် မောင်းလျှင်ရောက်သည့် အကွာအဝေးတွင် ဝေါလေမြိုင် မြို့နယ်ခွဲကို တည်ထောင်ထားသည်။ အိမ်ခြေ ၄၅၀ နှင့် လူဦးရေ ၂၃၀၀ ကျော် ရှိသော ထိုမြို့နယ်ခွဲတွင် ကရင်၊ ဗမာ၊ မွန်၊ ရခိုင်နှင့် ပအိုင်း (ပအိုဝ့်) လူမျိုးများ နေထိုင်ကြကြောင်း အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ထံမှ သိရသည်။
မြို့နယ်ခွဲသည် KNU၊ DKBA၊ စစ်တပ်၊ အစိုးရနှင့် ပြည်သူ့စစ်တို့၏ အုပ်ချုပ်မှု အောက်တွင်ရှိကြောင်းလည်း သူကဆိုသည်။ ဝေါလေ တဘက်ကမ်းတွင် ထိုင်းရွာတရွာလည်း ရှိသည်။ ထိုနှစ်ရွာကြားရှိ သောင်ရင်းမြစ်သည် ရန်ကုန်မှ ပုဇွန်တောင် ချောင်းထက်ပင် ကျဉ်းသည်။ သောင်ရင်းမြစ်ကို ဖြတ်ထိုးထားသည့် သစ်သားတံတားငယ်၏ ထိပ်တွင် ထိုင်းစစ်သား နှစ်ဦးက မောင်းရှည်သေနတ် ကိုယ်စီဖြင့် စောင့်ကြပ်နေသည်။ ညနေ ကျောင်းဆင်းချိန်ဖြစ်ရာ၊ တဘက်ကမ်းသို့ ကျောင်းသွားတက်ပြီး ပြန်လာသည့် ထိုင်းနိုင်ငံ ကျောင်းဝတ်စုံဝတ်ထားသော မြန်မာနိုင်ငံသား ကလေးငယ်များကိုလည်း တွေ့ခဲ့ရသည်။
ထိုင်းဘက်အခြမ်း သောင်ရင်းမြစ်ကမ်းကို ကျောက်စီနံရံများချကာ ရေတိုက်စားမှုဒဏ်က ကာကွယ်ထားသော်လည်း၊ မြန်မာပြည်ဘက်ခြမ်း ကမ်းပါးသည် အကာအကွယ်မဲ့ ရေတိုက်စား ခံနေရသည်ကို ခြားနားချက်တခုလို မြင်နေရသည်။ မလှမ်းမကမ်းရှိ ဈေးဆိုင်တန်းများတွင် “ဒါ … ဒို့ပြည်၊ ဒါ…ဒို့မြေ၊ ဒို့ … ပိုင်တဲ့မြေ” ဆိုသည့် မြန်မာနိုင်ငံတော်သီချင်းကို အသံပြိုင်အော်ကာ ပြေးတမ်းလိုက်တမ်း ဆော့ကစားနေသော ကလေးငယ်များကို မြင်တွေ့ရသည်။
“၂၀၁၁ ဒီဇင်ဘာ နောက်ပိုင်းမှာ တိုက်ပွဲတွေ မဖြစ်တော့ဘူးဗျ။ ဒီကို ပြန်လာမယ့် ဒုက္ခသည်တွေအတွက် မြေဧက သောင်း ကျော်ကို လုပ်ပေးနေပါတယ်။ ဒီကိုပြန်လာရင် စိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်ငန်းတွေ လုပ်လို့ရတယ်” ဟု အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတိုးရင်က ရှင်းပြသည်။
ကျေးရွာကြီး တခုသာသာရှိသော ဝေါလေတွင် ဆောက်လက်စ ဌာနဆိုင်ရာ အဆောက်အအုံများနှင့် အထက်တန်းကျောင်းကို တွေ့ရသည်။ ဆောက်လက်စ ကျောင်းအတွင်း၌ ကလေးငယ်များ စာသင်နေကြသည်ကိုလည်း တွေ့ရသည်။ ဝေါလေမှ ထိုင်းနိုင်ငံ တဘက်ခြမ်းသို့ နေ့ချင်းပြန် သွားရောက် ပညာသင်ကြားလျှက် ရှိသည့် ကလေးငယ် ၂၀ ကျော် ရှိကြောင်း သိရသည်။
ဆုံဆည်းမြိုင်မှ မြဝတီသို့ ပြန်ရတော့မည့် ညတွင် ကဆုန်လက မှုန်ဝါးဝါးသာ လင်းနေသည်။ လူခြေတိတ်သွားသော သက်ကြီး ခေါင်းချချိန် လောက်တွင် မိုးပေါ်ထောင်၍ ပစ်လေသလား၊ ရွာလမ်းမ တလျှောက်ဆီသို့ ပစ်လိုက် လေသလား မခန့်မှန်း နိုင်သော သေနတ်သံတချက် ကျယ်လောင်စွာ ထွက်လာသည်။ စောစောက အသံ ကျယ်ကျယ်ဖြင့် အချင်းချင်း ဟောင်ကြ၊ အူကြလုပ်သည့် တောင်နီရွာမှ ခွေးများ၏ အသံသည်လည်း ချက်ချင်း တိတ်သွားသည်။ ဘာဖြစ်တာလဲ၊ ဘာဖြစ်လာဦးမှာလဲ စိုးရိမ်စွာ တွေးတောရင်း မနက်မိုး လင်းသည် အထိ အိပ်မပျော်ခဲ့သောညသည် ကလို့ထူးဘော စစ်ဋ္ဌာနချုပ် ခရီးစဉ်အတွင်း အမှတ်တရ အဖြစ်ဆုံး ညဟု ဆိုနိုင်ပါသည်။
မနက် နေရောင်ခြည်လင်းသည်နှင့် ရွာထဲရှိ ကလေးငယ်များ ကျောင်းစိမ်း ဝတ်စုံလေးများ ကိုယ်စီဖြင့် စာသင်ကျောင်း ဆီသို့ သွားနေသည်ကို မြင်ရ၏။ သူတို့အချင်းချင်း ကရင် ဘာသာစကားဖြင့်သာ ပြောကြသည်။ သိပ်မကြာခင်မှာပင် ကျောင်းသား ၆၀ ကျော်ကို သင်ပြပေးမည့် ဆရာမ တဦးတည်းသာ ရှိသော ရွာဦးစာသင်ကျောင်းဆီမှ မြန်မာနိုင်ငံတော်သီချင်း သီဆို နေသည့် အသံ ပျံ့လွင့်ထွက်လာသည်။
၅ ရက်မြောက်နေ့တွင် ဒေါနတောင်တန်း၏ အရှေ့ဘက် အရိပ်မှ ပြန်ခဲ့သည်။ လမ်းဘေးဝဲယာတွင် အလာတုန်းကထက် ပို၍ ရှည်လျား လာပုံရသည့် ပြောင်းပင်ငယ်များကြောင့် ပတ်ဝန်းကျင်က ပို၍ စိမ်းလန်းနေသည်။ သောင်ရင်းမြစ်ရေ ကြည်လင် ချိန်တွင် တခေါက် တခါတော့ ပြန်လာချင် ပါသေးသည်။ နားထဲတွင် သောင်ရင်းမြစ်ဖျားဆီမှ ဆော့ကစားနေသော ကရင်တိုင်းရင်းသား ကလေးငယ်များ၏ သံပြိုင်သီချင်းသံကိုလည်း ကြားယောင်နေမိသည်။
“ဒို့ … ဘိုးဘွား အမွေအနှစ်မို့ … ချစ်မြတ်နိုးသလေ၊…ဒို့ … ပြည်၊ ဒို့ … မြေ၊ … ပြည်ထောင်စုကို.. အသက်ပေးလို့……ဒို့…ကာကွယ်မလေ”။