ဆောင်းပါး

ပြန်ကြားရေးကို စာနယ်ဇင်းက ဘာကြောင့် ကန့်ကွက်သလဲ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပြန်ကြားရေး ဝန်ကြီးဌာနက ရေးဆွဲထားသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြုလိုက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနကပင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က ရေးဆွဲထားသော သတင်း မီဒီယာ ဥပဒေကြမ်းကို လက်မခံနိုင်ဟု အကြောင်းပြန်ကာ အစိုးရပိုင် သတင်းစာများတွင် အပြန်အလှန် ဆွေးနွေးငြင်းခုံခြင်းကို ထည့်သွင်း ဖော်ပြပေးရန် ပျက်ကွက်နေခြင်းတို့သည် သမ္မတဦးသိန်းစိန်အစိုးရ၏ ပြုပြင်ပြောင်းလဲရေးတွင် ရှေ့တန်းရောက်သည်ဟု နာမည်ရခဲ့သော ပြန်ကြားရေးဝန်ကြီးဌာနအဖို့ နောက်ကြောင်းပြန်လှည့်ပြီလောဟု အများက မေးခွန်းထုတ် ဝေဖန်ချင်စရာ အကြောင်းများဖြစ်သည်။

ပြည်သူ့လွှတ်တော်တွင် ဇူလိုင် ၄ ရက်နေ့က အတည်ပြုလိုက်သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်းကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (MJA)၊ မြန်မာနိုင်ငံ ဂျာနယ်လစ်များ ကွန်ရက် (MJA)၊ မြန်မာသတင်းသမဂ္ဂ (MJU) တို့က ကန့်ကွက်ကြောင်း ကြေညာချက်များ အသီးသီး ထုတ်ပြန်ခဲ့ကြသည့်အပြင် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ (ယာယီ) က ရေးဆွဲသော သတင်းမီဒီယာ ဥပဒေကြမ်းနှင့်အတူ လွှတ်တော်သို့ တင်သွင်းရန် သဘောတူခဲ့သော်လည်း လက်တွေ့တွင် သဘောတူညီချက်များကို ပြန်ကြားရေးဝန်ကြီးဌာနက ချိုးဖောက်ခဲ့မှုအပေါ် “လူကြီးလူကောင်း မဆန်သော ကတိကဝတ် ချိုးဖောက်မှု”ဟု စာနယ်ဇင်းကောင်စီဝင်များက ပြောဆိုလာကာ အဖွဲ့မှ နုတ်ထွက်ရန်အထိ စဉ်းစားလာခဲ့ကြသည်။

ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးရဲထွဋ်က ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်းသည်  ပုံနှိပ် ထုတ်ဝေလုပ်ငန်းများ မှန်မှန်ကန်ကန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ခြင်း ဖြစ်ပြီး စာနယ်ဇင်းလွတ်လပ်ခွင့် အပါအဝင် နိုင်ငံသားများ၏ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ကန့်သတ်ရန် ရည်ရွယ်ချက် မရှိဟု မည်မျှဆိုစေကာမူ စာနယ်ဇင်းသမားများက ပုံနှိပ် ဥပဒေမူကြမ်းသည် လွတ်လပ်စွာ ထုတ်ဖော်ခွင့် နှင့် မီဒီယာလွတ်လပ်ခွင့် များကို နောက်ပြန်ဆွဲယူရန် အဓိကကျသည့် ခြေလှမ်းတခုဖြစ်ပြီး အရင်က ရှိခဲ့သည့် စိစစ်ရေးမူဝါဒ နှင့် စာနယ်ဇင်းများအပေါ်တွင် အစိုးရ၏ အပြည့်အဝထိန်းချုပ်မှု တို့ကို ပြန်လည် အသက်သွင်းရန်ဟု အခိုင်အမာ ယုံကြည်နေပါသည်။

ပြန်ကြားရေးဝန်ကြီးဌာနက ပုံနှိပ်ဥပဒေကို လွှတ်တော်သို့ တင်သွင်းအတည်ပြုချက်ရယူပြီး တဖက်တွင် သတင်းလွတ်လပ်ခွင့်နှင့် သတင်းသမားများ လုံခြုံရေးကို အာမခံမည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ၏ မီဒီယာဥပဒေကို ဆန့်ကျင်ပြီး ပိတ်ဆို့ဟန့်တားနေသည်မှာ အနိုင်ကျင့် အာဏာပြနေသလိုလည်း ဖြစ်နေသည်။ ထို့ကြောင့် ယခုလို အာဏာပိုင်ဝါဒကို အရင်အတိုင်း ပြန်လည် စတင် ကျင့်သုံးနေသည်ကို မြင်တွေ့နေရလျှင် ပြန်ကြားရေးဝန်ကြီးဌာန အလိုကျ ဥပဒေများသာ အတည်ပြုပြီးခဲ့လျှင် မီဒီယာများအပေါ်တွင် အစိုးရက တိုက်ရိုက် ထိန်းချုပ် လွှမ်းမိုးခွင့် ရရှိသွားတော့မည်ကို စိုးရိမ်သည်မှာ တရားနည်းလမ်းကျပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်ဥပဒေကို အဘယ့်ကြောင့် မီဒီယာသမားများက ဆန့်ကျင်ကန့်ကွက်ရခြင်းများနှင့်ပတ်သက်ပြီး ကမ္ဘာတလွှား သတင်းအချက်အလက် လွတ်လပ်ခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်တို့ကို မြှင့်တင်ဆောင်ရွက်နေသော လန်ဒန်အခြေစိုက် ARTICLE 19 အဖွဲ့က အောက်ပါအတိုင်း သုံးသပ်မှုက ထင်ဟပ်နေသည်။

(၁) လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကို အသိအမှတ်ပြုဖော်ပြထားခြင်းမရှိခြင်း

ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်းတွင် နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေများအရ အကာအကွယ်ပေးရမည့် အခွင့်အရေးများဖြစ်သော သတင်းမီဒီယာ လွတ်လပ်ခွင့် နှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့ကို အသိအမှတ်ပြုထားခြင်းမရှိပေ။

(၂) အစိုးရက စာနယ်ဇင်းများအပေါ်တွင် တင်းကြပ်စွာ ကြပ်မတ်ထိန်းချုပ်ခွင့် ရရှိသွားမည် ဖြစ်ခြင်း

ပြန်ကြားရေးဝန်ကြီးဌာန၏ ဥပဒေကြမ်းတွင် အဓိပ္ပါယ်ဖွင့်ဆို သတ်မှတ်ချက်များက ကျယ်ပြန့်ပြီး ၎င်းကို အသုံးချ၍ လူပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းများ အနေဖြင့် ကိုယ်ဖာသာကိုယ် တရားခံဖြစ်စေခြင်းမျိုး ရှိလာနိုင်သည်။ ဥပမာပြရလျှင် နိုင်ငံရေးသမားများ၊ နိုင်ငံရေးပါတီများ၊ အင်တာနက် ဘလော့ဂါများ နှင့် အွန်လိုင်း လူမှုရေးကွန်ယက်သုံးစွဲသူများ အားလုံး ကို လက်ကမ်းစာစောင်များဖန်တီးခြင်း၊ အကြောင်းအရာအဖြစ်အပျက်များရေးသားတင်ပြခြင်းကို တို့ကို အကြောင်းပြု၍ “ထုတ်ဝေသူများ” ဟု သတ်မှတ်နိုင်သလို မိတ္တူကူးစက်ပိုင်ရှင်များသည်လည်း “ပုံနှိပ်တိုက်ပိုင်ရှင်များ” ဖြစ်လာနိုင်သည်။

ထိုနည်းတူစွာပင် “ထုတ်ဝေခြင်း” ဆိုသည့် အဓိပ္ပါယ် သတ်မှန်ချက်သည်လည်း ကျယ်ဝန်းပြီး သဘာ၀ မကျသည့်အပြင် အရေးမပါသည့် အသေးအဖွဲကိစ္စများသာဖြစ်သော ပိုစတာများ သို့မဟုတ် အီးမေးလ်များ ဖြန့်ဝေခြင်း သည်လည်း ထို ဥပဒေတွင် အကျုံးဝင်နေသည်။

ပြန်ကြားရေးဝန်ကြီးဌာန၏ ဥပဒေကြမ်းတွင် ထုတ်ဝေသူများ၊ ပုံနှိပ်တိုက်များ နှင့် ထုတ်ဝေဖြန့်ချီရေးလုပ်ငန်းများကို အစိုးရ၏ စီမံခန့်ခွဲမှုနှင့် ထိန်းချုပ်မှုအောက် တွင်ရှိကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ ဒီမိုကရေစီ စနစ်တွင် စာနယ်ဇင်းလုပ်ငန်း၊ ထုတ်ဝေသူများနှင့် ပုံနှိပ်သူများသည် အစိုးရ၏ ထိန်းချုပ်မှုအောက်မှ အလုံးစုံ ကင်းလွတ်ခွင့်ရှိနေ သည့်အတွက် မီဒီယာများသည် ပြည်သူတို့၏ နားနှင့် မျက်စိအဖြစ် တာဝန်ကို ပြည့်ပြည်၀၀ ထမ်းဆောင်နိုင်ကြသည်။

(၃) ထုတ်ဝေဖြန့်ချိရန် ခွင့်ပြုချက်ရယူရန်လိုခြင်းသည် ယခင်စိစစ်ရေး ပုံစံမျိုးသာ ဖြစ်နေခြင်း

ပြန်ကြားရေးဝန်ကြီးဌာန၏ ဥပဒေကြမ်းတွင် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများသည် အစိုးရထံမှ မှတ်ပုံတင်လက်မှတ် ရယူရန် လိုအပ်သည်။ ထိုကဲ့သို့ လိုင်စင် ယူရသည့် စံနစ်သည် နိုင်ငံတကာဥပဒေစံနှုန်းများ အရကြည့်လျှင် မသင်္ကာဖွယ် ရာဖြစ်သည်။ အစိုးရက စာပေစိစစ်ရေးအဖွဲ့ကို ပယ်ဖျက်လိုက်ပြီးဖြစ်သော်လည်း လိုင်စင်ရရှိရန်လိုအပ်ခြင်းကြောင့် အတိုက်အခံများ သို့မဟုတ် အစိုးရကိုဝေဖန်ထောက်ပြတတ်သူများက လိုင်စင်လျှောက်ထားလာသည့်အခါ အစိုးရဖက် က ငြင်းပယ်ခွင့်ရှိနေသည်။ ယခင်က ကျင့်သုံးခဲ့သော ကြိုတင်စိစစ်ရေး စနစ်နှင့် သက်ရောက်မှု အတူတူပင်ဖြစ်သည်။

ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့၏ အထူးပြဌာန်းချက်များ နှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်းများကလည်း အလွဲသုံးစား ပြုရန် လွယ်ကူခြင်း၊ အငြင်းပွားဖွယ်ရာ ပြဿနာများဖြစ်ပေါ်လာနိုင်စေခြင်းနှင့် နှောင့်နှေးခက်ခဲမှုများမှ ရှောင်ကျဉ် နိုင်စေရန် အတွက် မှတ်ပုံတင်ရန်မလိုအပ်ဟု သတ်မှတ်ထားသည်။

(၄) ပါဝင်သည့် အကြောင်းအရာများက ကျယ်ပြန့်လွန်းနေခြင်း

ပြန်ကြားရေးဝန်ကြီးဌာန၏ ဥပဒေကြမ်းတွင် ထုတ်ဖော်ပြောဆိုရေးသားခွင့် နှင့် ပတ်သက်၍ အမျိုးအစား သတ်မှတ်ရာတွင် မရေမရာ နှင့် ကျယ်ပြန့်စွာ ဖော်ပြထားသည်။ ဥပဒေတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိန်းချုပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းစွာ ဖော်ပြထားရန် လိုအပ်သည်။

အခြားသူတယောက်၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို ထိခိုက်မှု မရှိစေရန်၊ အမျိုးသားလုံခြုံရေးကို ကာကွယ်ထိန်းသိမ်းရန်၊ အများပြည်သူနှင့် သက်ဆိုင်သော အမိန့်များ သို့မဟုတ် ပြည်သူ့ကျန်းမာရေး သို့ မဟုတ် ပြည်သူ တို့၏ ကိုယ်ကျင့်တရား သက်ဆိုင်သောကိစ္စများ စသည်ဖြင့် တရားဝင် ရည်ရွယ်ချက်များအတွင်းတွင်သာ ကန့်သတ်ထားပြီး ကန့်သတ်မှုမှာလည်း ရည်ရွယ်ချက် ပြီးပြည့်စုံသည့်အထိ လိုအပ်သလောက် အတိုင်းအတာသာဖြစ်သည်။

မရှင်းလင်းသော၊ မလိုအပ်သော အချိုးအစားမညီညွတ်သော ထိန်းချုပ်ကန့်သတ်မှုများသည် လုပ်ပိုင်ခွင့် အလွဲသုံးစားပြု ခြင်းနှင့် စိစစ်ရေးစနစ်ကို ဖြစ်ပေါ်လာစေနိုင်သည်။ ပြန်ကြားရေးဝန်ကြီးဌာန၏ ဥပဒေကြမ်းပါ တားမြစ်ချက်များစာရင်းက အများပြည်သူနှင့် ဆိုင်သောစကားရည်လုခြင်း၊ ငြင်းခုန်ခြင်းများနှင့် ယခင်စစ်အာဏာရှင်ဥပဒေများကို ဝေဖန်ပြောဆိုခြင်း သို့ မဟုတ် ငြိမ်းချမ်းစွာ ဆန္ဒပြရန်ဦးဆောင်ခြင်းများကို ထိန်းချုပ်ကန့်သတ်ထားသည်။

မြန်မာနိုင်ငံသည် ယခုအချိန်တွင် လူမျိုးရေး ခွဲခြားဆက်ဆံခြင်း၊ လိင်ခွဲခြားဆက်ဆံခြင်းစသည်တို့ နှင့် သက်ဆိုင်သော ပဋိပက္ခများကို ရင်ဆိုင်နေရသည်ဆိုသော်လည်း ထိုပြဿနာ အများစုသည် နှစ်ပေါင်းများစွာကြာခဲ့သည့် စိစစ်ရေးနှင့် ဖိနှိပ်ချုပ်ချယ်မှုများကြောင့် ပေါ်ပေါက်လာရခြင်းဖြစ်သည်။ ထိုအကြောင်းကို ပြောဆိုဆွေးနွေးခြင်းသည် ပြဿနာကို ဖြေရှင်းရန် တခုတည်းသော နည်းလမ်းဖြစ်သည်။ လူသိရှင်ကြားဆွေးနွေး ငြင်းခုန်ခြင်းကို စိစစ်ပိတ်ပင်ခြင်းကြောင့် မမြင်နိုင်သည့် တင်းမာမှုများကို ပိုမိုများပြားလာစေနိုင်ပြီး နောက်ဆုံးတွင် ပေါက်ကွဲပွင့်ထွက် သွားစေနိုင်သည်။

(၅) ချမှတ်သည့် ပြစ်ဒဏ်က ကြီးလေးခြင်း

ပြန်ကြားရေးဝန်ကြီးဌာန၏ ဥပဒေကြမ်းတွင် ကြီးလေးသည့် ဒဏ်ငွေ နှင့် ထောင်ဒဏ်များပါဝင်ပြီး လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုရေးသားမိသူများအတွက် မျှတမှုမရှိပေ။ ထိုသို့ ကြီးမားသည့် ပြစ်ဒဏ်ကြောင့် စာနယ်ဇင်းများသည့် ကိုယ်ဖာသာ ပြန်၍ စိစစ်ဖြတ်တောက် ရတော့မည်ဖြစ်ပြီး အကျင့်ပျက်ခြစားမှု၊ ဒီမိုကရေစီ၊ ဥပဒေအပြောင်းအလဲများ၊ ခွဲခြားဖိနှိပ်မှုများ၊ ရာဇဝတ်မှုခင်းများ ၊ အဓိကရုဏ်းများ နှင့် အခြားသော အကြောင်းအရာများကို ရေးသားနိုင်ကြတော့မည် မဟုတ်ပေ။

Did you find apk for android? You can find new Free Android Games and apps.
Loading