ဆောင်းပါး

အာဇာနည်ကုန်းမှာ ဘာမှတ်တမ်းမှ မရှိပါ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

လာမယ့် ဇူလိုင်လ ၁၉ ရက်နေ့ဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ အာဇာနည်ခေါင်းဆောင်တွေ ကျဆုံးခဲ့ ရတဲ့ ၆၆ ကြိမ်မြောက် အာဇာနည်နေ့ဖြစ်ပါတယ်။ အစိုးရ တာဝန်ရှိသူတွေ၊ လွတ်တော်အမတ်တွေ၊ နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ နိုင်ငံတကာ သံတမန်တွေ၊ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ၊ အာဇာနည် မိသားစုဝင်တွေ အပါအဝင် ပရိတ်သတ် ထောင် သောင်းချီပြီး အာဇာနည်ဗိမာန်ဆီ ချီတက် အလေးပြုကြမယ်လို့ ယူဆရပါတယ်။ ဒီနှစ် နိုင်ငံရေးရာသီဥတုကလည်း အရင်နှစ်တွေကနဲ့ မတူဘဲ အစိုးရနဲ့ အတိုက်အခံကြား အဆင်ပြေနေတဲ့အတွက် အာဇာနည်နေ့မှာ အရင်နှစ်တွေကလို အတားအဆီး မရှိလောက်ဘူးလို့ တွက်ဆမိပါတယ်။

နောက်တခါ ပွင့်လင်းလာတဲ့ နိုင်ငံရေးအခြေအနေပေါ်မူတည်ပြီး အာဇာနည်ခေါင်းဆောင်ကြီးတွေကျဆုံးတဲ့ ၁၉ ရက်နေ့ မနက် ၁၀ နာရီခွဲမှာ ဥသြဆွဲပေးဖို့၊ တနိုင်ငံလုံးက အလေးပြုကြဖို့ တောင်းဆိုသံတွေကိုလည်း အာဇာနည်နေ့အကြို လှုပ်ရှားမှုတွေအဖြစ် ကြားနေရပါတယ်။

စာရေးသူသည် ထိုင်း-မြန်မာ နယ်စပ်တွင် အခြေစိုက်သော ကျောင်းသား လက်နက်ကိုင် ABSDF အဖွဲ့ဝင်ဟောင်း ဖြစ်ပြီး DVB ၏ သတင်းထောက် ဟောင်းလည်း ဖြစ်သည်။ ယခုအခါ နော်ဝေနိုင်ငံတွင် နေထိုင်လျက် ရှိသည်

အဲဒီလို လူအများစိတ်ဝင်စားလှတဲ့ ရာဇဝင်ထဲက အာဇာနည်ဗိမာန်ဆီ ဇွန်လ ၅ ရက်နေ့က ကျနော် ရောက်သွားခဲ့ပါတယ်။ ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် ပြည်တော်ပြန်ခရီးစဉ်ရဲ့ ပထမနေ့မှာ အာဇာနည်ကုန်းက ပိတ်ထားဆဲဖြစ်တဲ့အတွက် ဝင်ခွင့်မရခဲ့ပါဘူး။ ခရီးစဉ်နောက်ဆုံးနေ့မှာ ရွေတိဂုံဘုရားဖူးပြီး အာဇာနည်ကုန်းဘက် ဝင်ကြည့်ဖို့ လမ်းလျှောက်လာလို့ ဂိတ်ဖွင့်ထားတာနဲ့တိုးပြီး ဝင်ကြည့်ခွင့် ရလိုက်တာပါ။ ဂိတ်ပေါက်ဝမှာ လက်မှတ်ရောင်းနေတဲ့ အမျိုးသမီးဝန်ထမ်း နှစ်ဦးကလွဲပြီး ဘာ လက်နက်ကိုင် အစောင့်မှမရှိပါ။

မြန်မာနိုင်ငံသားတဦးအတွက် ဝင်ကြေး ၂၀၀ ကျပ်ယူြုပီး နိုင်ငံခြားသားဆိုရင် ၃ ဒေါ်လာယူတယ်လို့ လက်မှတ်ရောင်းဌာနနဲ့ မျက်နှာချင်းဆိုင်ရှိ ဆိုင်းဘုတ်ကြီးမှာ ရေးသားထားပါတယ်။ ကျောင်းသားဆိုရင် တော့ အခမဲ့ ဝင်ကြည့်နိုင်တယ်လို့ ဆိုပါတယ်။ အကျီၤပေါ်မှာ ကပ်ပေးလိုက်တဲ့ ၂၀၀ ကျပ်တန် လက်မှတ်နဲ့အတူ အာဇာနည်ဗိမာန်ထဲဝင်လာတော့ ပရိဿတ်က သိပ်မရှိ။ မိုးဖွဲဖွဲလေးကျနေလို့ လူနည်းတာလဲ ဖြစ်နိုင်ပါတယ်။ ကျနော် အဝင်ကနေ ပြန်အထွက် မိနစ် ၃၀ ခန့်အတွင်း လူ တဒါဇင်ထက် မကျော်ပါ။ ဝင်လာသူ အားလုံးနီးပါးဟာ အာဇာနည်ဗိမာန်ကို ရွှေတိဂုံ နောက်ခံနဲ့ အမှတ်တရ ဓာတ်ပုံရိုက်နေတာ တွေ့ရပါတယ်။

ကျနော်လည်း အများသူငါလို ဓာတ်ပုံရိုက်ပြီးတဲ့နောက် ”ကြယ်ဖြူရှိတဲ့ အတုံးက ဗိုလ်ချုပ်အောင်ဆန်း အုတ်ဂူထင်တယ်နော်” လို့ ကျနော့်ကို လိုက်ပို့တဲ့ သူငယ်ချင်းကို မေးမိပါတယ်။ သူကလည်း ဟုတ်မယ်ထင်တယ် လို့ပြောပြီး အာဇာနည်တွေရဲ့ အမည်တွေ အတုံး ၉ တုံးမှာ ရေးထားသလားလို့ လိုက်ရှာကြည့်ပေမယ့် ဘာစာမှမတွေ့ပါ။ အနီရောင်ကျောက်တုံးတွေမှာ အလှပျက်မှာစိုးလို့ ရေးမထားတာဖြစ်မယ်၊ တနေရာရာမှာတော့ အာဇာနည်သမိုင်းကြောင်း ရေးထားတဲ့ ကျောက်စာတိုင်တွေ မှတ်တန်းမှတ်ရာတွေ ရှိကိုရှိရမယ်ဆိုပြီး ဗိမာန်ရှေ့ဖက်၊ ဘေးဖက်တွေ၊ နောက်ဖက်တွေ နေရာစုံ လိုက်ရှာကြည့်ပါတယ်။

ကျနော် ၈ တန်း ကျောင်းသားဘဝတုန်းက အရင် အမိုးပါတဲ့ အာဇာနည်ဗိမာန်ဟောင်းဆီ တခေါက် ရောက်ဖူးပါတယ်။ အသေအချာ မမှတ်မတော့ပေမယ့် အာဇာနည်အုတ်ဂူတွေကို တခုချင်းခွဲထားပြီး အမည်တွေ မှတ်တမ်းတွေ အသေချာရေးထားတယ်လို့ မှတ်မိနေပါတယ်။ အခုတော့ အာဇာနည်ဗိမာန် တဝင်းလုံး အသေအချာ လိုက်ရှာပေမယ့် ဘယ်မှာမှ မှတ်တန်းမတွေ့ပါ။ ပတ်ဝန်းကျင်က လူတွေကို မေးကြည့်တော့လည်း မသိဘူးလို့ ဆိုပါတယ်။ ဂိတ်ပေါက်ဝဆီ ပြန်လာပြီး ”မှတ်တန်းရေးထားတဲ့ ကျောက်စာက ဘယ်နားမှာလဲ” လို့ လက်မှတ်ရောင်း စာရေးမတွေကို မေးကြည့်ခဲ့ပါတယ်။

”အဲဒါတွေက မလုပ်ရသေးဘူးလေ အကို” လို့ စာရေးမလေးရဲ့ အဖြေကို ကြားရတော့ ကျနော် Shock ဖြစ်သွားပါတယ်။ ”ဟေ ဟုတ်လား၊ ဘယ်လိုဖြစ်လို့လဲ” ဆိုပြီး ကျနော်က တအံတသြနဲ့ အသံခပ်ကျယ်ကျယ် ထွက်သွားပါတယ်။ စာရေးမလေးတွေ ဘာဆက်ပြောရမှန်း မသိဖြစ်နေစဉ်မှာ ဧည့်သည်အဖြစ် လက်မှတ်ဝယ်နေတဲ့ အသက်ခပ်ကြီးကြီး အမျိုးသမီးက ”ဒီကလေးတွေက ဘာသိမှာလဲ။ အရင်ဗိမာန် အဟောင်းတုန်းက မှတ်တမ်းတွေ အားလုံးရှိတယ်။ ချွန်ဒူးဝမ် ဗုံးခွဲပြီး နောက်ပိုင်း ဆောက်တဲ့ ဒီဗိမာန်မှာက ဘာမှမရှိသေးဘူး” ဆိုပြီး ဝင်ပြောလိုက်ပါတယ်။

အဲဒီအချိန်ကျမှ စာရေးမလေးတွေက တခုခုကို သတိရသလိုနဲ့ အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ အာဇာနည်ဗိမာန်ရဲ့ အချက်လက်များဆိုတဲ့ ၃ ခေါက်ချိုး စာရွက်လေးတခု ကျနော်ဆီ လှမ်းပေးလိုက်ပါတယ်။ မြန်မာလို မရှိဘူးလားဆိုတော့ မရှိဘူးလို့ ဆိုပါတယ်။ အဲဒီ ၃ ခေါက်ချိုး စာရွက်လေးကလည်း ကော်ပီကူးထားတဲ့ အဖြူအမဲ စာရွက်လေးဖြစ်နေ ပြန်ပါတယ်။

၁၉၄၇ ဇူလိုင်လ ၁၉ ရက်နေ့ မနက် ၁၀ နာရီ ၃၇ မိနစ်မှာ ဗိုလ်ချုပ်တို့ လုပ်ကြံခံရပုံ၊ ဗိုလ်ချုပ် အောင်ဆန်း၊ သခင်မြ၊ ဒီးဒုတ် ဦးဘချို၊ ဦးရာဇတ်၊ ဦးဘဝင်း၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွား စပ်စံထွန်း၊ ဦးအုန်းမောင်နဲ့ ကိုထွေးတို့ ၉ ဦးဟာ လုပ်ကြံခံရတဲ့ အာဇာနည်ခေါင်းဆောင် ၉ ဦးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ တကယ်ဆိုရင် ရဲဘော်ကိုထွေးဟာ ခေါင်းဆောင်မဟုတ်ပါ။ ဦးရာဇတ်ရဲ့ လုံခြုံရေးအရာရှိသာ ဖြစ်ပါတယ်။ နိုင်ငံခြားသားတွေ အမှတ်မှားနိုင်တဲ့အတွက် လက်ကမ်းစာစောင်တွေကို အသေအချာ စိစစ် ရေးသားသင့်တယ်လို့ ထင်မိပါတယ်။

၁၉၈၃ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှာ တောင်ကိုးရီးယားသမ္မတ ချွန်ဒူးဝမ်နဲ့အဖွဲ့ လာရောက် အလေးပြုစဉ် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ အဲဒီတဲ့နောက် အာဇာနည်ဗိမာန်ဟောင်းအစား အခုမြင်နေရတဲ့အသစ်ကို ၁၉၈၄ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့မှာ စတင်တည်ဆောက်ခဲ့ပြီး ဗိမာန်ဝင်းရဲ့အကျယ်က ၇ ဒသမ ၇၄ ဧကရှိပြီး ဗိမာန်ရဲ့အမြင့်က ၃၀ ပေ၊ အလျားက ၁၇၄ ပေ၊ အနံက ၁၆၀ ပေလို့ ဖော်ပြထားပါတယ်။

ဒီအထိက ကျနော်ထင်ထားတာနဲ့ သိပ်မကွဲပြားသေးပေမယ့် အုတ်ဂူတွေကို အမည်တပ်တဲ့ အခါမှာတော့ ကြယ်ဖြူရှိတဲ့ဂူဟာ ဗိုလ်ချုပ်ဂူမဟုတ်ပဲ ဦးဘဝင်းဂူဖြစ်နေပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ဂူက အလယ်တည့်တည့်မှာဖြစ်ပြီး ဝဲဘက်အစွန်ဆုံးက သခင်မြ၊ ကြယ်ဖြူရှိတဲ့ဂူက ဦးဘဝင်း၊ ပြီးတော့ မိုင်းပွန်စော်ဘွားနဲ့ ဦးအုန်းမောင်၊ ဗိုလ်ချုပ်ရဲ့ ဝဲဘက်မှာတော့ ဒီးဒုတ် ဦးဘချို၊ မန်းဘခိုင်၊ ဦးရာဇတ်နဲ့ ရဲဘော် ကိုထွေးတို့ဖြစ်ပါတယ်။

ဒါက ဂိတ်ဝက တောင်းမှပေးလိုက်တဲ့ လက်ကမ်းစာစောင်လေးထဲ ကျနော်တွေ့ရတဲ့ အချက်လက်တချို့  ဖြစ်ပါတယ်။ ဒါပေမယ့် ဒီစာရွက်က လူတိုင်းကို ပေး မပေး ကျနော် မသိပါ။ နောက်တခါ မြန်မာလို ဘာကြောင့် မရေးထားတာလည်း ကျနော် မရှင်းပါ။ နောက်တချက်ကတော့ ဒီစာရွက်ထဲမှာ အာဇာနည်ဗိမာန်အကြောင်းကိုပဲ အလေးပေးထားပြီး ဗိုလ်ချုပ်တို့ ဘာကြောင့် လုပ်ကြံခံရလဲ၊ ဘယ်သူတွေက လုပ်ကြံတာလဲ ဆိုတဲ့ သမိုင်းနောက်ခံ အချက်လက်တွေ ဖော်ပြထားခြင်းမရှိပါဘူး။

ဆိုတော့ ဒီလို လက်ကမ်းစာရွက် ပေးတာအပြင် အာဇာနည်ဗိမာန်ပေါ်မှာပါ အာဇာနည်တွေရဲ့ အမည်နဲ့ သူတို့ရဲ့ သမိုင်းကြောင်းကို အသေအချာ ရေးပြထားသင့်တယ်လို့ ကျနော်ထင်ပါတယ်။ အဲဒီလို စာနဲ့ရေးထားတာအပြင် နိုင်ငံတကာ ပြတိုက်တွေမှာလို Audio တွေ၊ ဗွီဒီယိုတွေနဲ့ပါ ရှင်းပြပေးတဲ့ စနစ်လည်း ရှိ ထားသင့်တယ်လို့ ထင်ပါတယ်။ အဲဒါတွေ ဘာမှမရှိတော့ အာဇာနည်ဗိမာန်ဆီ အလေးပြုဖို့လာတဲ့ ကျနော်တို့လို ပုဂ္ဂိုလ်တွေအတွက် အခက်တွေ့မှာပေါ့။ ဒီဗိမာန်ဆီ လေ့လာရေးလာကြတဲ့ ကလေးငယ်တွေ၊ ကျောင်းသားတွေဆို ပိုဆိုးမှာပေါ့။

အာဇာနည် ဗိမာန်ဆီ ရောက်သွားပြီး အာဇာနည်တွေအကြောင်း ဘာမှသိခွင့်မရလိုက်တဲ့အပေါ် ကျနော် မကျေမလည် ဖြစ်နေပါတယ်။ ဒီဗိမာန်သစ်ကို ၁၉၈၄ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့ကတည်းက ဆောက်လုပ်ခဲ့တာဖြစ်တဲ့အတွက် အခုဆိုရင်နှစ် ၃၀ နီးပါး ရှိနေပါပြီ။ အခုထိ မှတ်တမ်းစာတွေ၊ ကျောက်စာတွေ မရေးရသေးဘူးဆိုတော့ နှစ် ၃၀ ကြာတဲ့အထိ အာဇာနည်ဗိမာန်က လက်စမသတ်ရသေးတဲ့ သဘောလား။ အာဇာနည်တွေရဲ့သမိုင်းကို တမင်တကာ မရေးပဲ ချန်ထားတာမျိုးလား။ နောက်တခါ ၁၉၈၈ အရေးတော်ပုံ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ကို မကြည်လင်တဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်းကို မှေးမှိန်အောင် လုပ်ထားတယ်လို့ ဆိုရင် ၁၉၈၄ မှာ ၈ လေးလုံး အရေးတော်ပုံ မဖြစ်သေးပါ။ ဒေါ်အောင်ဆန်းစုကြည်လည်း အဲဒီအချိန်ထိ ရန်ကုန် ပြန်မနေသေးပါ။

ဆိုတော့ ၁၉၈၄ အာဇာနည်ဗိမာန် ဆောက်လုပ်ရေး စီမံကိန်းမှာ ဘာတွေလွဲနေခဲ့သလဲ။ ဘာကြောင့်လဲ။ အရင်က အလွဲတွေကို ပြန်ပြင်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ လက်ရှိ အစိုးရခေတ်မှာကော ဒီအားနည်းချက်တွေကို ပြန်ပြင်ဖို့ မကြိုးစားကြဘူးလား။ အရာ အတော်များများကို မေးခွန်းထုတ်လေ့ရှိတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကကော ဒီကိစ္စကို ဘာကြောင့်များ မေးခွန်းမထုတ်သေးတာလဲ။

အာဇာနည်နေ့မှာ ဥဩဆွဲ အလေးပြုဖို့ တိုက်တွန်းတာအပြင် အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ မှတ်တန်းတွေကို အာဇာနည်ဗိမာန်မှာ အမြန်ရေးထိုးပေးဖို့ လိုအပ်နေပါကြောင်း ၆၆ ကြိမ်မြောက် အာဇာနည်နေ့အမှီ အလေးအနက် တိုက်တွန်း တင်ပြလိုက်ရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading