အိမ်ပြန်ခွင့် မရနိုင်တော့တဲ့ ရဲဘော်သူငယ်ချင်းတွေ အကြောင်း စဉ်းစားရင်းနဲ့ တချိန်က သူတို့ဖြတ်သွားခဲ့ဖူးတဲ့ ကလိန်အောင် တံတားပေါ် ကားကဖြတ်လာပါတယ်။ ဟိုဖက်နားမှာတော့ တန်ခိုးကြီး ကလိန်အောင် ဆံတော်ရှင်စေတီ။ အဲဒါတွေကို ကျော်လာတော့ ကန်ဘောက်နဲ့ နတ်အိမ်တောင်အကြား သွယ်တန်း ဖောက်လုပ်ထားတဲ့ ရတနာ ဓာတ်ငွေ့ပိုက်လိုင်းနဲ့ မြေနီလမ်း အကောင်းစားတခုကို လှမ်းမြင်လိုက်ရပါတယ်။ ထားဝယ်-ကန်ချနဘူရီ ကားလမ်းလောက် မကျယ်ပေမယ့် ဒေသတွင်းက လမ်းတွေထက်တော့ အများကြီး သာပါတယ်။ ဒါပေမယ့် အများပြည်သူ သုံးခွင့်ရှိပုံမရ။ ဂိတ်တွေအဆင့်ဆင့်နဲ့ ပိတ်ထားတာကို မြင်ရပါတယ်။
အဲဒီ မြေနီကားလမ်းသစ် အလွန်မှာတော့ သစ်တောကြိုးဝိုင်းဆိုတဲ့ ဆိုင်းဘုတ်တခုကို တွေ့ရပါတယ်။ ဒီတော့မှ ထားဝယ်-ရေး ကားလမ်းတလျှောက်မှာ သဘာဝတောတွေ ပျောက်ကုန်ပြီး ရာဘာတောတွေချည်း ဖြစ်နေတာကို သတိထားမိပါတယ်။ သစ်တောကြိုးဝိုင်းလို့ ရေးထားတဲ့ ဆိုင်းဘုတ်ဧရိယာ အတွင်းမှာတောင် ကားလမ်းဘေး တလျှောက် ရော်ဘာပင်တွေကို မြင်နေရပြီး ဟိုခမ်းလှမ်းလှမ်းက တောင်တန်းပေါ်မှာတော့ သဘာဝအပင်တွေ ရှိနေဆဲလို့ ယူဆရပါတယ်။
|
ကလိန်အောင် ဝန်းကျင်က လမ်းတွေဟာ ကျယ်ပြန့်ပြီး တိုးချဲ့ဖောက်ထားပုံရပါတယ်။ “ရေး-ထားဝယ် လမ်းက အရင်လို မဟုတ်တော့ဘူး။ အတော်ကောင်းနေပြီ” လို့ ပြောတဲ့ ထားဝယ်က ကျောင်းဆရာကိုလည်း သတိရမိပါတယ်။ ဟုတ်ပါတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်၊ ငွေစက္ကူအရေးခင်း ဖြစ်ကာစက ဘာလေယာဉ်မှ မပြေးတဲ့အတွက် ဒီကားလမ်းကနေ မော်လမြိုင်-ထားဝယ်ကို ကျနော် တခေါက်သွားဖူးခဲ့ပါတယ်။ အဲဒီ ခေတ်နဲ့စာရင်တော့ လမ်းနည်းနည်း ပိုကောင်းလာတာ အမှန်ပါပဲ။ ပြီးတော့ ဝါးတားဂိတ်တွေ လုံး၀ မရှိတော့တာကိုလည်း အထူး သတိထားမိပါတယ်။ တောင်တလုံးမှာ စစ်တပ်ဂိတ် တခုစီရှိပြီး အဲဒီဂိတ်တခုစီမှာ မှတ်ပုံတင်ပြ၊ ဆက်ကြေးပေး၊ ဟိုဂိတ်ရပ်၊ ဒီဂိတ်စစ်နဲ့ မော်လမြိုင်နဲ့ ထားဝယ်ကို တညအိပ် ၂ ရက်ခရီး အဖြစ် သွားခဲ့ရဖူးပါတယ်။
အခုတော့ ဝါးတားဂိတ် လုံးဝမရှိတော့ပါ။ ဘာလက်မှတ်စစ်၊ ဘာမှတ်ပုံတင်စစ်မှလည်း မရှိတော့ပါ။ “ထိုင်းတွေ ခိုးဝင်လာရင်တော့ ဒုက္ခပဲ” ဆိုပြီး စဉ်းစားရင်း ကျနော်ပြုံးမိပါသေးတယ်။ ဂိတ်တွေ မရှိတော့ဘူး ဆိုပေမယ့် လမ်းတွေက ဆိုးဆဲပါ။ အထူးသဖြင့် မလွဲတောင်တလျှောက် ဖောက်ထားတဲ့လမ်းတွေဟာ ဘယ်လိုမှ စိတ်ချယုံကြည်ဖွယ်မရှိ။ တဖက်က တောင်နံရံ၊ တဖက်က လျှိုမြောင်၊ ထိုင်းနိုင်ငံက လမ်းတွေလို လျှိုမြောင်ရှိတဲ့ဖက်မှာ ကွန်ကရစ်တိုင်တွေ၊ သံတံတိုင်းတွေ ကာရံထားတာ ဘာမှမရှိသေး။ ကားဘရိတ်ချော်ပြီး နည်းနည်းချော်သွားတာနဲ့ အားလုံး ကိစ္စချောသွားနိုင်တဲ့ အနေအထား။
ဘုရားတရင်း စီးလာရတဲ့ ထားဝယ်-မော်လမြိုင် အဝေးပြေးကားကြီးက တဖြည်းဖြည်းနဲ့ “တနင်္သာရီတိုင်းမှ နှုတ်ခွန်းဆက်သပါသည်” ဆိုတဲ့ ဆိုင်းဘုတ်ကို ကျော်ပြီး “မွန်ပြည်နယ်မှာ လှိုက်လှဲစွာကြိုဆိုပါသည်” ဆိိုတဲ့ ဆိုင်းဘုတ်ကြီးရှိရာ ရေးမြို့နယ်ထဲ ရောက်လာပါတယ်။ ရေးမြို့ဝင်ခါနီး ခလရ (၆၁) ဆိုတဲ့ ဆိုင်းဘုတ်ကို မြင်တော့ ဘုရားသုံးဆူဒေသ အခြေစိုက် ABSDF တပ်ရင်း (၁၀၁)၊ (၁၀၂) နဲ့ မဟာမိတ် မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (MNLA) တို့ ပူးပေါင်းပြီး လုပ်ခဲ့တဲ့ ၁၉၉၀ မတ်လ ၂၂ ရက်နေ့ “ရေးတိုက်ပွဲ” က သူရဲကောင်းတွေ၊ ရဲဘော်သူငယ်ချင်းတွေကို သွားသတိရမိပြန်ပါတယ်။
မွန်ပြည်နယ်ထဲ ဝင်လာကတည်းက ကားလမ်းက တနင်္သာရီတိုင်းထက် နည်းနည်း ပိုကောင်းလာပါတယ်။ အထူးသဖြင့် သံဖြူဇရပ်အလွန်မှာ လမ်းက သိသိသာသာ ကောင်းမွန်လာပြီး မုဒုံအဝင်မှာတော့ အတော် ကောင်းနေပါပြီ။ ဖားအောက်ရွာနား ရောက်တော့ GTC စက်မှုတက္ကသိုလ် – မော်လမြိုင် ဆိုတာကို မြင်လိုက်ရပါတယ်။ ပြီးတော့ ရခိုင်ကုန်း သို့မဟုတ် ရွေနတ်တောင်စခန်းလို့ ခေါ်ကြတဲ့ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တည်ရှိရာ တောင်ကုန်း။
မော်လမြိုင်မြို့ ကမ်းနားလမ်းက ကိုလိုနီခေတ်လက်ကျန် တည်းခိုခန်းဆီ ရောက်တော့ ညနေ ၃ နာရီ ဝန်းကျင်ပဲ ရှိပါသေးတယ်။ တည်းခိုခန်းမှာတော့ မောင်ဘယ်သူနဲ့ ၂ ဦးဆိုပြီး ပြောလို့မရတော့။ ကျနော့်ရဲ့ နော်ဝေ မှတ်ပုံတင်ကို ထုတ်ပြရပါတယ်။ ဒါပေမယ့် ဒီတည်းခိုခန်းက နိုင်ငံခြားသားကို ဈေး ၂ ဆ မယူပါ။ ကုတင် ၂ လုံးပါတဲ့ ပန်ကာအခန်းတခုကို ၈၀၀၀ ကျပ်ပဲ ပေးရပါတယ်။ ဒါပေမယ့် ရေချိုးခန်းနဲ့ အိမ်သာက အများသုံး။ ဒါတောင် နိုင်ငံခြားဧည့်သည် အတော်များများဟာ ဒီလိုဈေးပေါ ကြပ်ညှပ်နေတဲ့ အခန်းတွေမှာ တည်းနေတာ တွေ့ခဲ့ရပါတယ်။
“အစ်ကိုက နိုင်ငံခြားသားဆိုတော့ ပတ်စပို့ ပြန်ယူသွားပါ” လို့ ကောင်တာထိုင် လူငယ်ကပြောပြီး ကျနော့် စာအုပ်ကို ပြန်ပေးပါတယ်။ ဒါပေမယ့် ကျနော်သူငယ်ချင်းရဲ့ နိုင်ငံသား စိစစ်ရေးကတ်ကိုတော့ ယူထားလိုက်ပါတယ်။ ဘာလို့ အဲဒီလို ခွဲခြားဆက်ဆံတာလဲဆိုပြီး ကျနော်ကမေးတော့ လူငယ်က ရယ်နေပြီး ဘာမှ ပြန်မဖြေပါ။ “နိုင်ငံခြားသားဆိုရင် သူတို့ မထိရဲဘူး၊ မြန်မာအချင်းချင်း ဆိုရင်တော့ လုပ်ချင်သလို လုပ်လို့ရတဲ့ သဘောပေါ့ဗျာ” လို့ ကျနော်သူငယ်ချင်းက မကျေမနပ်နဲ့ ဝင်ပြောပါတယ်။ ဒါပေမယ့် ဒီလုပ်လုပ်နေတာဟာ ဟိုတယ်ရဲ့ ပေါ်လစီလား၊ အာဏာပိုင်တွေက လုပ်ခိုင်းထားလို့လား ဆိုတာကတော့ သိပ်မရှင်းလှပါ။
ထားဝယ်မှာနေစဉ် သတင်း ၂ ပတ် ကာလတလျှောက်လုံး အိမ်မှာပဲ တည်းနေတဲ့အတွက် ဟိုတယ်တွေ အနေထားကို မလေ့လာမိ။ မော်လမြိုင်မှာတော့ ဟိုတယ်ယဉ်ကျေးမှုက အတော်ထွန်းကားနေပါပြီ။ ထိုင်းနဲ့ ပိုတူလာတယ် ပြောရမလားပါပဲ။ အသက်ခပ်ကြီးကြီး လူဖြူ အနောက်တိုင်းသားတဦးနဲ့ အသက်ခပ်ငယ်ငယ် မြန်မာ အမျိုးသမီးတဦး တွဲပြီးဝင်လာတာ တွေ့ရပါတယ်။ ဒီလိုမြင်ကွင်းမျိုးက ထိုင်းမှာရိုးနေပြီ ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ အခုမှ စတင်ပေါ်လာတယ်လို့ ထင်ပါတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်က ဒါမျိုးကျနော် မမြင်ဖူးခဲ့ပါ။ ဒါကိုပင် တိုးတက်မှု၊ ပြောင်းလဲလာတဲ့ ယဉ်ကျေးမှုလို့ ပြောရမလား၊ ဒါမှ မဟုတ် “ဒွန်တွဲတဲ့ ဆိုးဘက်လည်း ပါမယ်” လို့ သဘောထားပြီး ပွင့်လင်းခြင်းရဲ့ တခြားတဖက် မျက်နှာစာအတွက် စနစ်တကျ ကြိုတင်ပြင်ဆင်ထားဖို့ လိုမလား။
ဒီတည်းခိုခန်းမှာတွေ့တဲ့ အနောက်တိုင်းသား အများစု စိတ်ဝင်တစား သွားရောက်လေ့လာတဲ့ နေရာက မုဒုံဘက်ရှိ ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူဘုရား ဖြစ်တယ်လို့ ဆိုင်ကယ် တက္ကစီသမားတွေက ပြောပါတယ်။ “သူတို့နဲ့ လိုက်ရတာ ကိုက်တယ်ဗျ။ နှစ်နာရီလောက် အသွားအပြန်လုပ်ရုံနဲ့ တသောင်းလောက်ရတယ်” လို့ မြို့ထဲသွားဖို့ ကျနော်ခေါ်တာကို ငြင်းဆန်ပြီး နိုင်ငံခြားသားနောက် လိုက်သွားတဲ့ ဆိုင်ကယ်သမားက ပြောပါတယ်။
ဆိုင်ကယ်လည်း ခေါ်မရ၊ ဘယ်သွားရမှန်းလဲ မသိလို့ မော်လမြိုင်တက္ကသိုလ်က ဆရာဆီ ဆက်သွယ်တော့ သူ့လက်ကိုင်ဖုန်းက ဘယ်လိုမှ ခေါ်မရ။ နောက်ပိုင်းမှ သိရတာက အဲဒီနေ့ဟာ ၁၅၀၀ တန်ဖုန်းကတ်တွေ ထုတ်ပေးနေတဲ့အတွက် GSM ဖုန်းတွေ အားလုံးနီးပါးကို ပိတ်ထားတယ်လို့ ဆိုပါတယ်။ ဒီအဆိုကို အတည်ပြုဖို့ ခက်ပေမယ့် ဖုန်းခေါ်လို့ မရတာကတော့ အမှန်ပါပဲ။ ခက်တာက ဒီဆရာကလွဲပြီး မော်လမြိုင်မှာ ကျနော်သိသူ တဦးမှမရှိ။ မော်လမြိုင်တက္ကသိုလ်မှာ ၂ နှစ်နီးပါး ကျောင်းတက်ခဲ့တယ် ဆိုပေမယ့် စာသင်ခန်းထဲမှာက အချိန်နည်းနည်း စက်ဘီးစီး လေ့ကျင့်နေတဲ့ အချိန်က များများဆိုတော့ ကျနော်သိသူ အများစုက ကျောင်းသားမဟုတ်ဘဲ စက်ဘီးသမားတွေသာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီလူတွေနဲ့ အဆက်သွယ်ပြတ်နေတာ ၂၅ နှစ် ကျော်နေပြီဆိုတော့ သူတို့ကို ဘယ်လို ပြန်ဆက်သွယ်ရမှန်း ကျနော်မသိ။ ကမ်းနားလမ်းမှာ ပြိုင်ဘီးတစီးကိုတွေ့လို့ လက်တားပြီး မေးကြည့်ပေမယ့် လွန်ခဲ့တဲ့ ၂၅ နှစ်က စက်ဘီးသမားကို ဒီနေ့အသက် ၂၀ တန်း လူငယ်တွေက ဘယ်လိုမှမသိ။ ဒီတော့ တချိန်က ကျနော်တို့ လေ့ကျင့်ခန်း လုပ်ခဲ့ဖူးတဲ့ ရာမည အားကစားကွင်းဘေးရှိ အလေးမရုံဆီ စွန့်ပြီးဝင်သွားပါတယ်။ “စက်ဘီးသမားတွေနဲ့ တွေ့ချင်လို့ပါ၊ ဒီမှာ လေ့ကျင့်ခန်းဆင်းတဲ့လူများ ရှိသလား။ ကျနော်က လွန်ခဲ့တဲ့ ၂၅ နှစ်က ဒီမှာ လေ့ကျင့်ခန်းလုပ်ခဲ့ဖူးသူပါ” ဆိုပြီး မိတ်ဆက်တော့ ကျနော်ကို အထူးအဆန်းအဖြစ် ဝိုင်းလာကြည့်ကြပါတယ်။
ကိုယ်လုံးပေါ်မှန်ရှေ့မှာ ဟန်ရေးပြနေတဲ့ ပုဂ္ဂိုလ်တဦးက ထွက်လာပြီး “စက်ဘီးသမား တဦးတော့ရှိတယ်။ သူက ညနေ ၆ နာရီလောက်မှာ လာတာ။ အဲဒီအချိန် ပြန်ဝင်လာခဲ့ပါ” လို့ပြောပြီး သူတို့လေ့ကျင့်ခန်း သူတို့ ဆက်လုပ်နေကြပါတယ်။ အဲဒီအချိန်ကျမှာ ကျနော်ခေါ်လို့မရ ဖြစ်နေတဲ့ ကျောင်းဆရာရဲ့ဖုန်းက ဝင်လာပါတယ်။ တည်းခိုခန်းဆီပြန်ပြီး သူကိုပြန်စောင့်ရင်းနဲ့ ဒီအားကစားရုံဆီ ကျနော်ပြန်လာဖို့ အချိန်မရတော့။
နောက်တနေ့ မနက်စောစောမှာတော့ အငှားဆိုင်ကယ် တက္ကစီသမားတဦးကိုခေါ်ပြီး ကျနော် စိတ်မှန်းထဲ စက်ဘီးသမားတွေ ရှိနိုင်တယ်လို့ ယူဆရတဲ့နေရာတခုဆီ ခေါ်သွားပါတယ်။ “ဟာ ထားဝယ်ကြီး … ဘယ်ကနေ ဘယ်လို ရောက်လာတာလဲ” ဆိုပြီး ကျနော်ရောက်သွားတဲ့ အိမ်ရှိ လူလတ်ပိုင်းတဦးက အားပါးတရ နှုတ်ဆက်ပါတယ်။ ၂၅ နှစ်ကြာ ကွဲကွာနေတဲ့လူချင်း ချက်ချင်းမှတ်မိဖို့ဆိုတာ မလွယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ မှတ်ဉာဏ်က သိပ်မဆိုးသေး။
“ခဏလေး။ မျက်နှာသစ်လိုက်ဦးမယ်” လို့ပြောပြီးတာနဲ့ စက်ဘီးစီးဦးထုတ်ကို ဆောင်းပြီး ဆိုင်ကယ်နဲ့ ထွက်လိုက်လာပါတယ်။ သူအိမ်ရှေ့က လဖက်ရည်ဆိုင်မှာထိုင်တော့ “ထားဝယ်ကြီးတို့ ပျောက်သွားပြီး ကတည်းက စက်ဘီးသမားတွေလည်း တကွဲတပြားစီ ဖြစ်ကုန်ပြီ။ မွန်လက်ရွေးစင် အတော်များများတော့ ဘားမားဖြစ်ခဲ့ကြတယ်” လို့ သူကဆိုပါတယ်။ ပြီးတော့ ကျနော်နဲ့ အရင်းနှီးဆုံး သို့မဟုတ် အကြိတ်အနယ် ပြိုင်ဖက်တဦးကတော့ နိုင်ငံတကာ အသိမှတ်ပြု စက်ဘီးအဖွဲ့ချုပ် ဒိုင်လူကြီးဖြစ်နေပြီး အခု နေပြည်တော် ဆီးဂိမ်းစ် အတွက် တာဝန်ယူနေတယ်လို့ ပြောပါတယ်။
ပြီးတော့ အဲဒီပုဂ္ဂိုလ်ဆီ ချက်ချင်းဖုန်းဆက်ပေးပါတယ်။ “ဟာ … ထားဝယ်ကြီး။ ငါတို့ ဒီမှာ ၆ နိုင်ငံ ဖိတ်ခေါ် ပြိုင်ပွဲလုပ်နေတာ။ သန်းဘက်ခါ နောက်ဆုံးနေ့ လမ်းပေါ်ပွဲရှိတယ်။ မင်းရောက်အောင် လာခဲ့ပါ” လို့ တချိန်က ကျနော်ရဲ့ ပြိုင်ဘက်ဟောင်းကြီးက အလေးအနက် ဖိတ်ခေါ်လိုက်ပါတယ်။ ကျနော်လည်း နေပြည်တော်ကို သွားဖို့ စိတ်ကူးထားပေမယ့် ဒီလိုချက်ချင်းကြီး ထသွားဖို့ အစီစဉ်မရှိသေး။ ရန်ကုန်မှာ ဗီဇာကိစ္စ မေးမြန်းပြီးမှ သွားမလားလို့ စဉ်းစားထားပေမယ့် စက်ဘီးပွဲကိုလည်း မှီချင်တာနဲ့ သန်းဘက်ခါ နေပြည်တော် ရောက်အောင်လာ မယ်ဆိုပြီး ကတိပေးလိုက်ပါတယ်။
“ကျနော်က အခု မော်လမြိုင်မြို့နယ် NLD ရုံးမှာ တာဝန်ထမ်းနေတာလေ။ ကျနော်တို့ရုံးကိုလည်း ဝင်လာာခဲ့ပါဦး” လို့ မြို့ခံစက်ဘီးသမားက ပြောတော့ ကျနော် အံံသြသွားပါတယ်။ အားကစားသမားတွေ နိုင်ငံရေး လောကထဲ ရောက်နေလိမ့်မယ်လို့ ကျနော် ထင်မထားပါ။ ဒါပေမယ့် ကျနော် ကိုယ်တိုင်တောင် စက်ဘီးသမားဘဝကို စွန့်ပြီး သူပုန်လုပ်ဖို့ တောခိုခဲ့သေးတာပဲလေ။
စက်ဘီးသမားတွေနဲ့ စကားပြောပြီးတော့ မော်လမြိုင်ခရီးစဉ်ရဲ့ အဓိကတာဝန်ဖြစ်တဲ့ မော်လမြိုင်တက္ကသိုလ် အလွမ်းပြေ လေ့လာရေးခရီးစဉ်ကို စတင်ပါတယ်။ တက္ကသိုလ်ဘက် သွားတဲ့လမ်းတွေက သိပ် အပြောင်းအလဲ မရှိသေးပေမယ့် ဈေးကြို အဝင်ဝမှာ အဝိုင်းကြီးတခု ရှိနေတာကတော့ လုံး၀ အသစ်။ အယင်က ဒီအရပ်မှာ ငန်းတေးနဲ့ ကျိုက်မရောဘက်သွားတဲ့ လမ်းမှအပ တခြားလမ်းမရှိ။ အခုတော့ မြို့ရှာင်လမ်းဆိုလား။ လမ်းမအကြီးကြီးတခုနဲ့ အိမ်ယာအသစ်တွေကို လှမ်းမြင်လိုက်ရပါတယ်။ အဲဒီလမ်းအတိုင်း ဆက်သွားရင် မော်လမြိုင်ဘူတာ အသစ်နဲ့ အဝေးပြေးကားဂိတ်ဝိုင်း အသစ်တွေကို တွေ့ရနိုင်ပါတယ်။
အဲဒီအဝိုင်းကို ကျော်ပြီး ကျောင်းဘက် ဆက်လာတော့ မီးရထားလမ်းတခု။ “အဲဒါ ထားဝယ်ဘက်ကလာတဲ့ ရထားလမ်းပေါ့” လို့ ဆိုယ်ကယ်ဆရာက ပြောပါတယ်။ ဒါလည်း လုံးဝအသစ်ပါပဲ။ အရင်က ဒီအရပ်မှာ မီးရထားလမ်း မရှိ။ မီးရထားလမ်း အလွန်မှာတော့ နာမည်ကြီး ကျွဲကောသီးခြံတွေ၊ ပြီးတော့ အဆောင်မရသူတွေ နေရတဲ့ အပြင်ဆောင်တွေ ထွန်းကားရာ ကုန်းထိပ်အရပ်။ ကုန်းထိပ်ကိုကျော်ပြီး ကျောင်းရှေ့ ရောက်လာတော့ လမ်းက အတော်ကောင်းမွန်နေပါတယ်။ အသွားတလမ်း၊ အပြန်တလမ်း လုပ်ထားပြီး အလယ်မှာ ပန်းပင်တွေ ဘာတွေနဲ့။ ကျောင်းအဝင်၀ ဆိုင်းဘုတ်ကလည်း အကြီးကြီး၊ အင်္ဂလိပ် – မြန်မာနှစ်ဘာသာနဲ့။ တံခါးမှာလည်း အစောင့်တွေ ဘာတွေနဲ့။ နောက်မှ သိရတာက ကျနော်ရောက်သွားတဲ့ နေ့ဟာ တနိုင်ငံလုံးက တက္ကသိုလ်ဆရာတွေ မော်လမြိုင်တက္ကသိုလ်မှာ စုပြီး ပညာရေးကိစ္စ ဆွေးနွေးနေတဲ့နေ့ ဖြစ်ပါတယ်။
နောက်တခါ ကျောင်းရှေ့လမ်း ဒီလောက်ကောင်းနေတာ ကျောင်းအတွက် သက်သက်လုပ်ထားတာ မဟုတ်။ မော်လမြိုင်လေယာဉ်ကွင်း အတွက် ပြင်ဆင်ထားတာဖြစ်ပြီး မကြာခင်ကာလမှာ ဒီလေယဉ်ကွင်းဆီ ထိုင်းနိုင်ငံ မဲဆောက်က Nok Air လေယာဉ်တွေ နေ့စဉ်ပျံသန်းဖို့ အစီစဉ်ရှိနေတယ်လို့ သိရပါတယ်။ ဒေသတွင်း စီးပွားရေး လုပ်ငန်းရှင်တွေအတွက် ဖြစ်နိုင်သလို တနေ့တခြား များပြားလာနေတဲ့ ထိုင်းဘုရားဖူးတွေ အတွက်လည်း ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မွန်ပြည်နယ်အတွင်းရှိ ကျိုက်ထီးရိုးဘုရားကို ထိုင်းဘုရားဖူးတွေ အထူးစိတ်ဝင်စားတယ်လို့ သိရပြီး ကျနော်ရောက်ခဲ့ဖူးတဲ့ ဘုရားအတော်များများမှာ ထိုင်းဘုရားဖူး အများအပြားကို တွေ့ခဲ့ရပါတယ်။
လေယာဉ်ကွင်းလမ်းကနေ ကျောင်းရဲ့ အဓိပတိလမ်းအတိုင်း ဝင်လာတော့ ပင်မဆောင်ကြီးကို အရင်အတိုင်း မြင်ရပေမယ့် ပတ်ဝန်းကျင် တခုလုံးကတော့ ထုတ်သုတ်ထားလို့ ဖြူဖွေးနေသလိုပါပဲ။ တချိန်က ဆရာကြီး တက္ကသိုလ်ဘုန်းနိုင် နေခဲ့ဖူးတဲ့ ကျောင်းရှေ့က တိုက်အိမ်ပုလေးဟာလည်း နှစ်တွေကြာသွားလို့လား မသိပါဘူး။ အပင်တွေနဲ့ ဖုံးနေလို့ ကောင်းကောင်း မြင်ခွင့်မရတော့ပါ။ ကျနော် ကျောင်းရှေ့ ရောက်တာနဲ့ မိတ်ဆွေ ဆရာက ထွက်လာပြီး စာကြည့်တိုက် (အခုတော့ ကျောင်းသားရေးရာဌာန ဖြစ်သွားပြီ) ဘေးရှိ လက်ဖက်ရည်ဆိုင်ဆီ ခေါ်သွားပါတယ်။
“ဟေး … ဟောဒီမှာ လွန်ခဲ့တဲ့ ၂၅ နှစ်က ထွက်သွားတဲ့ ကျောင်းသားဟောင်းတဦး ပြန်လာလည်တယ်” လို့ အော်ပြီး သူ့ ဘော်ဒါ ကျောင်းဆရာတွေကို ပြောလိုက်ပါတယ်။ ထူးဆန်းတဲ့ သတ္တဝါတကောင်ကို တွေ့ရသလိုမျိုး ဝိုင်းကြည့်ကြပြီး ဘာမှတော့ သိပ်မပြောကြပါ။ “ဆရာ ကျနော်ဒီမှာ ရောက်နေတုန်း ကျောင်းထွက်လက်မှတ် ယူသွားချင်လို့။ အဲဒါ အခုတခါတည်း လုပ်ပေးလို့ ဖြစ်နိုင်မလား” ဆိုပြီး ကျနော်ကမေးတော့ သူကပါ ကျနော့်ကို ထူးဆန်းတဲ့ပုဂ္ဂိုလ်တဦးကို တွေ့ရသလိုမျိုးအကြည့်နဲ့ ကြည့်ပြန်ပါတယ်။
“အင်း … နေ့ချင်းပြီးတော့ မလွယ်ဘူးထင်တယ်။ ကြိုးစားပေးမယ်လေ။ မင်း ခုံနံပါတ်နဲ့ မှတ်ပုံတင်နံပါတ် ပြော” လို့ ဆရာက ဆိုပါတယ်။ လာပြန်ပြီ ဒီမှတ်ပုံတင်နံပါတ်။ တကယ်ဆို ကျနော်က ဘာမှ မမှတ်မိတော့။ ကိုယ့်အမည်နဲ့ ကျောင်းထွက်တဲ့ နှစ်ကလွဲပြီး ခုံအမှတ်တွေ၊ မှတ်ပုံတင်နံပတ်တွေ ဘာမှမသိ။ ဒီလိုနဲ့ ကျောင်းသားရေးရာ ဌာနထဲ ဆရာက ကျနော့်ကို ခေါ်သွားပါတယ်။
“ဟေး … ဟောဒီမှာ လွန်ခဲ့တဲ့ ၂၅ နှစ်က ကျောင်းပြေးသွားတဲ့ ကျောင်းသားတဦးက အခုမှ ကျောင်းထွက်လက်မှတ် လိုချင်လိုတဲ့” လို့ အော်ပြီး ဝန်ထမ်းတွေကို ပြောလိုက်ပြန်ပါတယ်။ ထူးဆန်းတဲ့ အကြည့်တွေကို နောက်တခါ ရင်ဆိုင်ရပြန်ပေါ့။ ကျနော်ကလည်း သူတို့ရုံးခန်းကို အသေအချာ အကဲခတ် ကြည့်မိပါတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်ကနဲ့ ဘာမှ မပြောင်းလဲ။ မျက်နှာကျက်ပေါ်မှာ ပင်ကူအိမ်စွဲနေတဲ့ ပန်ကာ အို ၃ – ၄ ခုကလည်း လည်နိုင်စွမ်းမရှိ။ မီးမလာတာလည်း ဖြစ်နိုင်ပါတယ်။ ချွေးပြန်နေတဲ့ ကျနော့်ကို အားနာတဲ့ ဆရာမတဦးက ပြူတင်းပေါက်မှန်တံခါးကို နည်းနည်း ဟလိုက်ပါတယ်။
ပြူတင်းပေါက် ဟိုဖက်ဘေးမှာတော့ ဖိုင်စင်တွေက အရင်တိုင်းပါပဲ။ စာရွက်တွေ တိုးလိုးတွဲလောင်း။ စားပွဲတွေ အများကြီးရှိပေမယ့် လက်နှိပ်စက်က တလုံးတည်း။ ကွန်ပြူတာတွေ၊ ကွန်ပြူတာ စနစ်တွေ ဒီ အရပ်မှာ မရှိသေးပါ။ “မေဂျာနဲ့ တတိယနှစ်အောင်တဲ့ ခုနှစ်တော့ မှတ်မိတယ်မို့လား” လို့ ဆရာမတဦးက မေးလာပါတယ်။ မြန်မာစာမေဂျာ၊ ၁၉၈၇ လို့ ဖြေလိုက်တော့ အဲဒါတွေကိုမှတ်ပြီး မှတ်တမ်းခန်းထဲ အဲဒီဆရာမ ဝင်သွားပါတယ်။
ကွန်ပြူတာစနစ်လည်း မရှိသေး။ ကွန်ပြူတာလည်း မရှိသေး။ ဖိုင်တွေစနစ်တကျ သိမ်းနိုင်တဲ့နည်းစနစ်လည်း မရှိသေးတဲ့ဒီကျောင်းမှာ လွန်ခဲ့တဲ့ ၂၅ နှစ်က ကျောင်းသားတဦးရဲ့ ဖိုင်ကိုပြန်ရှာဖို့ဆိုတာ ဘယ်လွယ်ပါ့မလဲ။ ဒါပေမယ့် ကျနော် အထင်မှားသွားပါတယ်။ ၁၅ မိနစ်လောက် အတွင်းမှာတင် “ဟောဒီမှာတွေ့ပြီ” လို့ အော်ပြီး အဲဒီဆရာမ ပြန်ထွက်လာပါတယ်။ ခုံအမှတ်၊ မှတ်ပုံတင်နံပါတ်၊ ဘာသာ၊ အောင်တဲ့ခုနှစ်၊ ရမှတ် အားလုံး အစုံအလင်။
ကျနော်အမည်က ၂ မျိုး၊ ၃ မျိုးဖြစ်နေလို့ (ခေါ်) ခံပြီး ဝင်းထိန် (ခေါ်) ဘယ်သူလို့ အမည်နှစ်မျိုးနဲ့ ထည့်ရေးပေးလို့ ရမလားဆိုပြီး ဆရာကို အပူထပ်ကပ်ရပြန်ပါတယ်။ “အဲဒါတော့ မဖြစ်ဘူးထင်တယ်။ ဒီစာရင်းထဲမှာ ဝင်းထိန်ပဲ ရှိတော့ အဲဒီအမည်တခုပဲ ရမယ်။ ကျန်တာ မင်းဖာသာရှင်း” ဆိုပြီး ဆရာကဆိုပါတယ်။ အဲဒါမှ ဒုက္ခ။ ကွန်ပြူတာစနစ် ရှိတိုင်းလည်း မကောင်းဘူးဆိုတာကို ကျနော် သဘောပေါက်လိုက်ပါတယ်။
ဘာကြောင့်လဲဆိုရင် ကျနော်အမည်ရင်းက ဝင်းထိန်။ DVB ရောက်တော့ ထက်အောင်ကျော်။ မြန်မာ ပတ်စပို့စာအုပ် အတုကိုင်ပြီး နော်ဝေးနိုင်ငံဆီ ဝင်သွားတော့ အမည်က နောက်တမျိုး။ ဒါပေမယ့် ကွန်ပြူတာမှတ်တမ်းစနစ် ထွန်းကားတဲ့ဥရောပမှာက အခု ဒီကျောင်းသားရေးရာ ဌာနမှာလို အမည်တွေကို လက်နဲ့ရေးလို့မရ။ ဒီတော့ အဲဒီစာအုပ်အတုမှာပါတဲ့ အချက်လက်တွေ အားလုံးက ကွန်ပြူတာအသိအမှတ်ပြု အစစ်ဖြစ်ကုန်ပြီး ဝင်းထိန်ဖြစ်ကြောင်း၊ ထက်အောင်ကျော် ဖြစ်ကြောင်း ပြစရာ သက်သေအထောက်ထားက ကျနော့်မှာ ဘာမှမရှိ။ ဒီလိုနဲ့ လူကအစစ်၊ စာအုပ်ကအတုနဲ့ ခရီးဆက်ခဲ့တာ အခုနော်ဝေမှာနေတဲ့ သက်တမ်း ၁၂ နှစ်ကျော်တဲ့ အထိပါပဲ။
လောလောဆယ်တော့ ဘာမှမတတ်နိုင်။ ဝင်းထိန် အမည်နဲ့ပဲ အောင်လက်မှတ် ယူသွားရမှာဖြစ်ပြီး နော်ဝေရောက်မှ ဝင်းထိန်နဲ့ ထက်အောင်ကျော် တဦးတည်းဖြစ်ကြောင်း၊ ဝင်းထိန်နဲ့ စာအုပ်အတုထဲကလူ တဦးတည်းဖြစ်ကြောင်း ရှာကြံပြီး သက်သေပြနိုင်ဖို့ ကြိုးစားရပေတော့မည်။ “ဟိုမှာ အလုပ်အကိုင် ရှိနေပြီပဲ၊ ကျောင်းထွက် လက်မှတ်က လိုသေးလို့လား” ဆိုပြီး အသက်ခပ်ကြီးကြီး ဆရာမတယောက်က ဝင်ပြောပါတယ်။ ဒီတော့ ကျနော့်ဆရာက “ဒီကောင် ကျောင်းဆက်တက်ချင်လို့ ဖြစ်မှာပေါ့” လို့ ပြောပါတယ်။ အဲဒီမှာတခါ ထူးဆန်းတဲ့ အကြည့်တွေကို ကျနော် ခံလိုက်ရပြန်ပါတယ်။
ဟုတ်တယ်လေ။ ကျနော့် အသက်က ၅၀ နား ကပ်နေပြီ။ စတုတ္တနှစ်ကနေ ကျောင်းပြေးသွားတာတောင် ၂၅ နှစ် ကျော်နေပြီပဲ။ ကျောင်းဆက်တက်ဖို့ဆိုတာ မြန်မာနိုင်ငံမှာ ဘယ်ဖြစ်နိုင်ခြေ ရှိတော့မလဲ။ ပညာရှာချိန် ပထမ အရွယ်ကျော်လို့ စီးပွားရှာချိန် ဒုတိယ အရွယ်တောင် ကုန်ခါနီးနေပြီ။ အားမနာတမ်းပြောရရင် တတိယ အရွယ်အတွက် ဘုန်းကြီးကျောင်းသွားပြီး တရားထိုင်ရမယ့်အရွယ် ရောက်ခါနီးနေတဲ့ လူတဦးက အခုမှ ကျောင်းထွက်လက်မှတ် လာတောင်းနေတာဟာ အထူးအဆန်း ဖြစ်နေမှာပေါ့။ ဒါပေမယ့် နိုင်ငံခြားမှာက ဒီလိုအသက်ကို ပိုင်းခြားထားတာမျိုး မတွေ့မိ။ အသက်ကြီးမှ ပညာရှာချင်လည်း ပြဿနာမရှိ။ ဒီအတွက် ဒီလက်မှတ်တွေက အရေးကြီးတာကြောင့် အခုလို လူကိုယ်တိုင်ရောက်တုန်း ယူထားရတဲ့အကြောင်း ရှင်းပြတော့မှ ဆရာမတွေ နည်းနည်း သဘောပေါက်သလို ဖြစ်လာပါတယ်။
“ဒီလောက်ဆို ရတယ်။ အင်္ဂလိပ် – မြန်မာ ၂ စုံအတွက် မင်း ဓာတ်ပုံ ၄ ပုံ လိုတယ်။ ဇော်ဇော်ဆိုင်ကို သိတယ်မဟုတ်လား။ အဲဒီမှာ အမြန်သွားရိုက်လိုက်” လို့ ဆရာကပြောပြီး ကျောင်းသားရေးရာဌာနကနေ ကျနော့်ကို မောင်းထုတ်လိုက်ပါတယ်။ ဆိုင်ကယ်ဆရာကိုခေါ်ပြီး ဇော်ဇော်ဓာတ်ပုံဆိုင်ကို လိုက်ရှာတော့ အရင် ရေစင်ကြီးအောက်မှာ မရှိတော့။ ဟိုးဘက် အရင် ကားဂိတ်ဟောင်း နေရာအနီးရှိ ကျောင်းသားရေးရာ ဌာနဟောင်းက ဇော်ဇော်ဓာတ်ပုံနဲ့ တခြားဆိုင်နေရာတွေ ဖြစ်နေခဲ့ပြီ။ အကျႌဖြူ ကော်လံကတုံးနဲ့မှ ရတယ်ဆိုလို့ ဆိုင်မှာရှိတဲ့ အကျႌတွကို ငှားဝတ်တော့ ဘယ်လိုမှ အဆင်မပြေ။ ဘယ်ပြေပါ့မလဲ။ အသက် ၂၀ တန်း ကျောင်းသားတွေအတွက် အကျႌတွေက အသက် ၅၀ တန်း ဗိုက်ရွှဲနေတဲ့ လူတဦးအတွက် ဘယ်ကိုက်ပါ့မလဲ။ ဒါပေမယ့် ဘာမှမတတ်နိုင်။ ဖြစ်သလိုဝတ်ပြီး ဖိုတိုရှော့နဲ့ ပြင်ပေးမယ်လို့ ဓာတ်ပုံဆရာက အကြံပေးတဲ့အတွက် အိုကေသွားပါတယ်။
ဆရာ့ဆီ ဓာတ်ပုံပေးပြီးတော့မှ ကျောင်းတခွင် လေ့လာရေးကို စတင်ခွင့်ရပါတယ်။ ခုနကပြောခဲ့သလို အရင်ကားဂိတ်နေရာက ကျောင်းဝင်းအတွင်း မရှိတော့။ ကျောင်းအပြင် လေယာဉ်ကွင်းအနီးရှိ UTC တက္ကသိုလ်လေ့ကျင့်ရေးတပ်အနီး လိုင်းကားတွေအားလုံး ရပ်ရပါတယ်။ ကျောင်းဝင်းထဲ လိုင်းကား ဝင်ခွင့်မရှိ။ နောက်တခါ ကျနော်တို့ခေတ်ကလို သစ်သားကားကြီးတွေ မရှိတော့ပါ။ အဲဒီဘက်အပေါက်ကနေ နည်းနည်း ဆက်ဝင်လာတော့ ကျနော်တို့တချိန်က ပြေးခုန်ပစ်လေ့ကျင့်၊ စက်ဘီးစီးလေ့ကျင့်၊ ဘော်လုံးကန် လေ့ကျင်ခဲ့ဖူးတဲ့ တက္ကသိုလ်ဘောလုံးကွင်း။
အဲဒီကွင်းနဲ့ မျက်နှာချင်းဆိုင်မှာတော့ အဆောက်ဦအသစ်တခု။ ဒါပေမယ့် ဘာကြောင့်မှန်းမသိ၊ ဒီအဆောင်သစ်ကြီးက လက်စမသတ်နိုင်ဘဲ ပစ်ထားရတဲ့အတွက် ဆောက်လက်စ အဆောင်ဟောင်းကြီး တခုလို ဖြစ်နေပါတယ်။ ပြီးတော့ အဆောင်အသစ်တွေဖြစ်တဲ့ ရာမညဆောင် ၁၊ ၂။ ဒါတွေကတော့ လုံး၀ အသစ်ဖြစ်ပြီး မနေ့ကမှ ပညာရေးဝန်ကြီးကိုယ်တိုင် လာဖွင့်ပေးသွားတယ်လို့ ဆိုပါတယ်။ ပြီးတော့ တချိန်က နာမည်ကြီးခဲ့တဲ့ ဒေါက်တာ မင်းတင်မွန်ရဲ့ ဓမ္မာရုံ။
အဲဒီရဲ့ မျက်နှာချင်းဆိုင်မှာတော့ ကျနော်တို့ခေတ်က နာမည်ကြီးခဲ့တဲ့ ဝါးထရံကာ စမ်းသီတာ စာသင်ဆောင် ၅ ခု။ “မင်းတို့ခေတ်ကလူတွေ ငါ့ကိုတွေ့ရင် အဲဒီ ဝါးထရံကာဆောင်ကြီး ရှိသေးလားလို့ပဲ မေးနေကြတယ်” လို့ ဆရာက ပြန်ပြောပြလေ့ ရှိပါတယ်။ ဒီစာသင်ဆောင်တွေဟာ အခုတော့ ဝါးထရံကာ မဟုတ်တော့ပါ။ အုတ်နံရံတွေ ကာထားလို့ အထဲကိုတောင် ဘာမှမမြင်ရတော့ပါ။ ဒီစာသင်ဆောင်တွေမှအပ လူနေဆောင်တွေအားလုံး အမျိုးသမီးဆောင်တွေ ဖြစ်ကုန်ပြီ။ ကျနော်တို့ ကျောင်းသားတွေ နေခဲ့ဖူးတဲ့ မောရ၊ ဗညား၊ တနင်္သာရီ၊ သံလွင် အားလုံး ကျောင်းသူဆောင်တွေ ဖြစ်သွားပြီ။ မောရဆောင်ထဲ မှားပြီး ဝင်သွားတဲ့ကျနော် ဒရဝမ်ရဲ့ မောင်းထုတ်ခြင်းကို ခံခဲ့ရပေါ့။
အဲဒါဆို ကျောင်းသားတွေက ဘယ်မှာသွားနေရမှာလဲဆိုပြီး မေးကြည့်တော့ ဟိုး … လေယာဉ်ကွင်းအလွန် တောင်ဝိုင်းသွားတဲ့ လမ်းဘေးနားက တောတန်းထဲမှာ အဆောင် ၁၀ လုံးခန့် ရှိတယ်လို့ ဆရာက ရှင်းပြပါ တယ်။
“ဒီမှာလည်း အရင်လို တနင်္သာရီ၊ ကရင်၊ ပဲခူး၊ မွန် ၄ မျိုးတွဲ မဟုတ်တော့ဘူးလေကွာ။ မင်းတို့ ထွက်သွားပြီး ကတည်းက မော်လမြိုင် တက္ကသိုလ်ဟာ မွန်ပြည်နယ်တခုတည်း အတွက်ပဲ ကျန်တော့တယ်” လို့ ဆရာက ညည်းပါတယ်။ ဒါပေမယ့် အခု ကျောင်းတွေကို အရင်လို ပြန်ပေါင်းပေးမယ်လို့ သတင်းထွက်နေတယ် မဟုတ်လားဆိုပြီး ကျနော်ကမေးတော့ “ဘယ်လွယ်တော့မလဲ၊ မြို့တိုင်းမှာ တက္ကသိုလ်တွေ ရှိပြီးသားဆိုတော့ အဲဒါတွေကိုဖျက်ပြီး အရင်လို ပြန်ပေါင်းဖို့ဆိုတာ မလွယ်သေးပါဘူး” လို့ ဆရာက ဆိုပါတယ်။
ဒီတော့မှ ကျနော်လည်း တချိန်တုန်းက ပြည်နယ်နဲ့ တိုင်း ၄ ခုက ကျောင်းသားတွေ ဆုံစည်းခွင့် ရခဲ့တဲ့ မော်လမြိုင်တက္ကသိုလ်၊ တနိုင်ငံလုံးက ကျောင်းသားတွေ ဆုံစည်းခွင့်ရခဲ့တဲ့ ရန်ကုန်တက္ကသိုလ်တွေကို ပို လွမ်းမောနေမိပါတယ်။ အဲဒါတွေကိုပြောရင်းနဲ့ ကျောင်းရှေ့မြက်ခင်းပြင်ဘက်ကို အကြည့်ကရောက်သွားပြီး “ဆရာ ရေကူးကန်လည်း မရှိတော့ပါလား” လို့ မေးမိပြန်ပါတယ်။ “ပလတ်စတစ်အိတ်တွေ မျောပါလာတာ များလွန်းလို့ ရေကူးကန်လည်း ပိတ်လိုက်ပြီကွာ။ မော်လမြိုင်တက္ကသိုလ်မှာ ရေကူးကန် မရှိတော့ဘူး” လို့ ဆရာကဖြေပါတယ်။
ပြီးတော့ မော်လမြိုင် တက္ကသိုလ်ရဲ့ ရေကူးချန်ပီယံနဲ့ မီတာ ၁၅၀၀ အပြေး ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ ကိုတင်လေးအကြောင်း၊ မော်လမြိုင်တက္ကသိုလ်ကနေ တောခိုပြီး ABSDF ထဲ ရောက်သွားသူတွေ အကြောင်း၊ တိုက်ပွဲအတွင်း ကျဆုံးသွားသူတွေ၊ ပျောက်ဆုံးသွားသူတွေ အကြောင်း ဆရာ့ကို ကျနော်ရှင်းပြခဲ့ပါတယ်။ ပြီးတော့ ကျနော်ရေးထားတဲ့ “သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး” စာအုပ်ကို လက်ဆောင်ပေးပြီးတဲ့နောက် တခါက တက္ကသိုလ်ကို နှုတ်ဆက်ပြီး ကျနော် ထွက်လာခဲ့ပါတယ်။ တက္ကသိုလ်ကြီးတော့ အားလုံးကို သူသိနေပါတယ်ဆိုတဲ့ အထာမျိုးနဲ့ မလှုပ်မယှက်၊ ရပ်ကြည့်လျက်ပေါ့။