Health

အသက်အန္တရာယ် ခြိမ်းခြောက်တဲ့ရောဂါ သို့မဟုတ် သွေးလွန်တုပ်ကွေး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အဝါရောင်နှင့် ကော်ဖီရောင် အရည်များကို ဆက်တိုက်အန်ကာ၊ နှာခေါင်းမှ သွေးများ လျှံထွက်လာသည်အထိ ခံစားနေရသော သမီးဖြစ်သူကို ကြည့်ရင်း နေ့စဉ်ရက်ဆက် ငိုခဲ့ရသဖြင့် ဒေါ်တင်နွယ်ဦး၏ မျက်လုံးများက ဖောင်းမို့၍ နေလေသည်။

၈ နှစ်အရွယ် သမီးအမြွှာနှစ်ဦး၏ မိခင် ဒေါ်တင်နွယ်ဦးတယောက် ညနေ ကျောင်းဆင်းချိန် အိမ်ပြန်ရောက်လာသော အကြီးမလေး၏ အပြုအမူကြောင့် စိုးရိမ်ပူပန်မှုများ မြင့်တက်သွားခဲ့ရသည်။ နေ့လယ်က စားသွားသည့် ထမင်းများကို ဆက်တိုက် အန်နေသော သမီးကိုခေါ်ကာ ရန်ကုန် ကလေးဆေးရုံကြီးသို့ ပြေးခဲ့သည်။ ကလေး ဆေးရုံကြီးသို့ ရောက်ပြီးနောက် သမီးကြီးမှာ သွေးလွန်တုပ်ကွေး သွေးလန့်ရောဂါဖြင့် တက်ရောက် ကုသ ခံခဲ့ရသည်။

“တပတ်ရှိပြီ။ ခုချိန်အထိ တရက်မှ မအိပ်ရသေးဘူး။ အစာလည်း မဝင်တဲ့ သူ့ကိုပဲ ထိုင်ကြည့်ပြီး ငိုနေရတော့တာ” ဟု ဒေါ်တင်နွယ်ဦးက ပြောသည်။

အသက်အန္တရာယ်ကြားမှ ပြန်လည် ကယ်တင်နိုင်ခဲ့သည့် သမီးသည် တပတ်အကြာ ဆေးရုံတက် ကုသခံရပြီးနောက် ရောဂါ ပျောက်ကင်းကာ နေအိမ်သို့ ပြန်ခွင့် ရခဲ့သော်လည်း နောက်တနေ့တွင် အမြွှာသမီး အငယ်မလေးက ထိုရောဂါဖြင့်ပင် ထပ်မံဆေးရုံ တင်ခဲ့ရပြန်သည်။

ရန်ကုန် ကလေးဆေးရုံကြီး၏ ဆေးကုသဆောင် ၂၊ အခန်း ၂ ထဲသို့ ဝင်သွားလိုက်သည်နှင့် ကလေးလူနာများ၏ နွမ်းနယ်သော်လည်း ချစ်စရာကောင်းပြီး ဖြူစင်သည့် မျက်နှာလေးများ၊ လူနာရှင် မိဘများ၏ စိုးရိမ်ပူပင်သော မျက်နှာများကို မြင်တွေ့ရ ပေလိမ့်မည်။

ကလေးလူနာများ၏ ခုတင် သေးသေးလေးများ အကြားတွင် တာဝန်ကျသူနာပြုများ သွားလာ လှုပ်ရှားလျှက်ရှိသည်။ အခန်း ၂ အတွင်းရှိ လူနာ ခုတင်လေးများတွင် ကလေးငယ်များက နေရာလပ်မကျန်ရှိအောင် ပြည့်နေသည်။

ဆေးသွင်းစဉ် ကလေးငယ်က ရုန်းကန်သဖြင့် ဆေးထိုးအပ် လွတ်ထွက်မသွားစေရန် သစ်သားပြားလေးများကို ပတ်တီးဖြင့် တွဲပတ်ထားသည့် လက်ဖဝါး ငယ်ကလေးများကိုလည်း တွေ့ရသည်။

ယခုနှစ်စမှ ဇွန်လကုန်အထိ သွေးလွန်တုပ်ကွေး ရောဂါဖြင့် တက်ရောက်ခဲ့သော ကလေးလူနာပေါင်း ၁၇၂၇ ယောက် ရှိခဲ့ပြီး သေဆုံးသူ ၇ ဦးရှိခဲ့ကြောင်း ရန်ကုန်ကလေးဆေးရုံကြီး၏ စာရင်းများအရသိရသည်။

ရန်ကုန်တိုင်းအတွင်း အဖြစ်အများဆုံး မြို့နယ်များမှာ သံလျင်မြို့နယ်၊ ဒလမြို့နယ်၊ ရွှေပြည်သာမြို့နယ်နှင့် အစွန်အဖျား မြို့နယ်များ ဖြစ်သည်။

“ဒီနှစ်က အဖြစ်များတယ်။ မနှစ်က တနှစ်လုံးမှာမှ ၁၁၄၄ ယောက်ပဲ ဖြစ်တယ်။ ဒီနှစ် အခု ပထမ ၆ လတင်ကို ၁၇၀၀ ကျော်သွားပြီ” ဟု ရန်ကုန် ကလေးဆေးရုံအုပ်ကြီး ဒေါက်တာသန်းထိုက်က ပြောသည်။

သွေးလွန်တုပ်ကွေးကြောင့် အပြင်းအထန် ဖျားနေသည့် အချိန်သည် အသက်အန္တရာယ် စိုးရိမ်ရသောအချိန် မဟုတ်သေးဘဲ၊ ရုတ်တရက် အဖျားကျပြီးနောက် ကလေးငယ်၏ ဒူးခေါင်းနှင့် တံတောင်ဆစ် အောက်ပိုင်း ခြေနှင့်လက်များ အေးစက်စေး ထန်းနေခြင်း၊ ဆီးသွားနည်းလာခြင်း၊ အဖျားကျသွားသော်လည်း ကလေးသဘာ၀ ဆော့ခြင်း၊ အစာစားခြင်းတို့ မပြုလုပ်ခြင်း၊ မကြာခဏ ဗိုက်နာခြင်း၊ အော့အန်ခြင်း၊ နားနှင့် နှာခေါင်းမှ သွေးလျှံခြင်း၊ သွားဖုံးမှသွေးထွက်ခြင်း၊ အရွယ်မတိုင်မီ ရာသီသွေး ဆင်းခြင်း၊ အမည်းရောင် ဝမ်းသွားခြင်းများ၊ ခန္ဓာကိုယ် အနှံ့တွင် အနီစက်များ ပေါ်လာခြင်း စသည့် လက္ခဏာတို့သည် အသက်အန္တရာယ် စိုးရိမ်ရသော သွေးလန့်ခြင်း လက္ခဏာများ ဖြစ်ကြောင်း သိရသည်။

သွေးလွန်တုပ်ကွေး ရောဂါကြောင့် နောက်ဆက်တွဲ သွေးလန့်ခြင်း လက္ခဏာသည် ၂၄ နာရီမှ ၄၈ နာရီအထိ ကြာတတ်ပြီး စောလျဉ်စွာ ကုသမှု မရရှိပါက အသက်သေဆုံးနိုင်သည်အထိ ဖြစ်တတ်ရာ၊ ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ပေးရန် လိုအပ် ကြောင်း အထက်ပါဆေးရုံအုပ်ကြီးက ပြောသည်။

ထို့အပြင် သွေးလန့် ရောဂါလက္ခဏာများ ဖြစ်ပွားပါက ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်း များသို့ မသွားဘဲ၊ ကလေးငယ်များအတွက် သီးသန့် ဖွင့်လှစ်ထားသည့် အစိုးရ ကလေးဆေးရုံများနှင့် ကလေးဆရာဝန်များ တာဝန်ယူ ကုသပေးသည့် ဆေးရုံများသို့သာ တက်ရောက် ကုသမှု ခံယူစေလိုကြောင်း အထက်ပါပုဂ္ဂိုလ်က ရှင်းပြသည်။

“ဖြစ်နိုင်ရင် အစိုးရဆေးရုံကိုပဲ လာစေချင်တယ်။ အပြင် ဆေးရုံထက်စာရင် အစိုးရ ဆေးရုံကိုပဲ တက်စေချင်တယ်။ ကလေး အထူးကုတွေ ရှိတဲ့ ဆေးရုံတွေ ရှိတယ်၊ ကလေးချည်းပဲ သပ်သပ် ကုတဲ့ဆေးရုံ။ ဒီဆေးရုံတွေမှာ တက်မယ်ဆိုရင် ဆရာတို့က ဒီ ကလေးကို ၂၄ နာရီ ကြည့်ပြီး ကုသပေးလို့ရတယ်။ ဘာလို့လဲ ဆိုတော့ ဆရာတို့က ကလေးပဲကုတာ။ ကျန်တဲ့လူနာကို မကု ဘူးတဲ့အခါ ဒီကလေးကိုပဲ အာရုံစိုက်ပြီး ကုပေးလို့ရတယ်” ဟု ဒေါက်တာ သန်းထိုက်က ပြောသည်။

ရန်ကုန်မြို့တွင် ကလေးလူနာများ သီးသန့်ကုသပေးသော ရန်ကုန် ကလေးဆေးရုံကြီး၊ ရန်ကင်း ကလေးဆေးရုံကြီး အပြင်၊ အရှေ့ပိုင်း ဆေးရုံ၊ အနောက်ပိုင်း ဆေးရုံ၊ သင်္ကန်းကျွန်း ဆေးရုံ၊ အင်းစိန် ဆေးရုံ၊ တောင်ဥက္ကလာ ဆေးရုံတို့တွင်လည်း ကလေး အထူးကု ဆရာဝန်များနှင့် ကလေးသီးသန့် လူနာဆောင်များရှိကြောင်း သိရသည်။

ဒေါက်တာသန်းထိုက်က ဆက်လက်၍ “ပုဂ္ဂလိကဆေးရုံတွေမှာ ကလေးချည်းပဲ သီးသန့်ကြည့်ပေးတဲ့ ဆရာဝန်တွေမရှိဘူး။ ကလေးချည်းပဲ သီးသန့်ကြည့်ပေး၊ ကုပေးတဲ့ ကျွမ်းကျင်တဲ့ ကလေးအထူးကု ဆရာဝန်တွေက တရက်မှာ တကြိမ်၊ နှစ်ကြိမ် လာကြည့်နိုင်တယ်။ သွေးလန့်နေတဲ့ ကလေးကို နေ့နေ့ ညည ၂၄ နာရီ တောက်လျှောက် ကြည့်ရတယ်။ ဒီကလေး အသက် ရှင်မလား၊ အသက်သေမလား ဆိုတာ ဆရာဝန်၊ ဆရာမတွေက ဘယ်လောက်ဂရုစိုက်ပြီး ကြည့်ရှု စောင့်ရှောက်သလဲ ဆိုတဲ့အပေါ် မူတည်တယ်” ဟု ရှင်းပြသည်။

ယခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်၍ ဇူလိုင် ၅ ရက်နေ့အထိ ကောက်ယူထားသော စာရင်းများအရ မြန်မာ တနိုင်ငံလုံးတွင် သွေးလွန် တုပ်ကွေး ဖြစ်ပွားသူ လူကြီး၊ ကလေး စုစုပေါင်း ၈၈၆၉ ဦးနှင့် သေဆုံးသူ ၁၆ ဦး ရှိခဲ့ကြောင်း သွေးလွန်တုပ်ကွေး ဌာနစိတ်မှ သိရသည်။

“ကျမသမီးက သွေးလွန်တုပ်ကွေး သံသယရှိတာပါ။ တခြား ဆေးရုံတွေ တက်ရင်လည်း အခြေအနေ ဆိုးလာရင် ကလေး ဆေးရုံကြီးပဲ လွှဲမှာဆိုပြီး ဒီကိုပဲ တန်းလာလိုက်တာ” ဟု ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်မှ ရန်ကုန် ကလေးဆေးရုံကြီးသို့ လာရောက် ဆေးကုသခံနေသည့် ကလေးမိခင်တဦးက ပြောသည်။

ကလေးများ သွေးလွန်တုတ်ကွေး ရောဂါဖြင့် ဆေးရုံတင် ကုသရတော့မည်ဆိုပါက အနည်းဆုံး သွေးလှူရှင် ၂ ဦးကို ကြိုတင် ရှာဖွေထားရန် လိုအပ်ကြောင်း ဒေါက်တာသန်းထိုက်က ဆိုသည်။

“ဆေးရုံက မဆင်းမချင်း၊ ကလေး မသေမချင်းမှာ ၅ မိနစ်၊ ၁၀ မိနစ်အတွင်း လှမ်းခေါ်လို့ရမယ့် လူမျိုးနဲ့ ဆက်သွယ်ထားဖို့လိုပါ တယ် တချို့ မိဘတွေက ဆေးရုံမှာရှိတဲ့ သွေးကို သွင်းထားပေးပါ။ နောက်မှ ပြန်ဆပ်ပါမယ်ဆိုပြီး ပြောတာမျိုး ကြုံရတယ်။ သွေးဥမြွှာနည်းတဲ့ သွေးကို သွင်းမိရင် ကလေးခန္ဓာကိုယ်ထဲမှာ အရည်တွေ များလာတာပဲရှိမယ်၊ အကျိုးမရှိဘူး” ဟု ရန်ကုန် ကလေး ဆေးရုံအုပ်ကြီး ဒေါက်တာသန်းထိုက်က အကြံပြုသည်။

ဆေးရုံတွင် သိုလှောင်ထားသည့် သွေးမှာ သွေးဥမြွှား ပမာဏ နည်းပါးပြီး သက်တမ်းတိုသောကြောင့် သွေးဟောင်းထက် စာလျှင် သွေးအသစ်ကို သွင်းစေလိုကြောင်း၊ ထို့ကြောင့် သွေးလွန်တုပ်ကွေး လူမမာရှင်များ အနေဖြင့် သွေးလှူရှင်များကို ကြိုတင် ရှာထားစေချင်ကြောင်း၊ ဆွေမျိုးနီးစပ်မှ ဖြစ်စေ၊ ကိုးကွယ်ရာ သံဃာတော်၊ သီလရှင်များဖြစ်စေ ထံမှ ရှာထားရန် လိုအပ်ကြောင်း၊ သွေးလိုသည့် အချိန်မှ သွေးထွက်ရှာပါက အချိန်မမီခြင်း ဖြစ်တတ်သောကြောင့် ကြိုတင်ရှာထား စေလိုကြောင်း ဒေါက်တာသန်းထိုက်က ပြောသည်။

“သွေးက သန့်ဖို့တော့လိုတယ်။ သွေးလွန်တုပ်ကွေး ကောင်းသွားပြီး တခြားရောဂါတွေ ကျန်ခဲ့လို့လည်း မဖြစ်ဘူး။ ဖောက်ပြီး စစ်ပြီး တခြားရောဂါတွေ မရှိဘူးဆိုမှ သွင်းရတယ်။ အဲဒီအတွက် နာရီဝက် တနာရီ ကြာပါတယ်။ သွေးရှာတာနဲ့တင် ၁ နာရီလောက် ကြာတယ်ဆိုရင် ကလေးအတွက် မကောင်းဘူး” ဟု သူက ဆိုသည်။

ထို့အပြင် သွေးလွန်တုပ်ကွေး ဝေဒနာ ပျောက်ကင်းပြီဟုအထင်နှင့် ဆရာဝန်များ ခွင့်မပြုသေးဘဲ ဆေးရုံမှ ကိုယ့်သဘောနှင့် ကိုယ် ဆင်းသွားသည့် အဖြစ်များလည်း ရှိကြောင်း သိရသည်။

“ဆေးရုံတင်ထားတာဟာ ဖမ်းတာလည်း မဟုတ်၊ ထောင်ချတာလည်း မဟုတ်၊ သူတို့ သားသမီးကို အသက်ကယ်ဖို့။ သူတို့က စိတ်မပူရတော့ဘူးဆိုရင် ဆေးရုံက ခိုးဆင်းသွားကြလို့ ဒေါင်းတောက်အောင် လိုက်ရှာရတယ်” ဟု ဒေါက်တာ သန်းထိုက်က ပြောသည်။

သွေးလွန်တုပ်ကွေး ဝေဒနာသည် အဖျားကျချိန်တွင် စိုးရိမ်စရာ ရှိသောကြောင့် အဖျားကျရုံဖြင့် ဆေးရုံမှ ဆင်း၍ မရကြောင်း၊ ပုံမှန်အားဖြင့် သွေးလန့်မလန့် စောင့်ကြည့်ပြီး ၂ ရက် အကြာတွင်မှ ဆေးရုံမှ ပေးဆင်းလေ့ ရှိကြောင်း၊ သွေးလန့်ပါက ကု၍ ပြန်လည် ကောင်းမွန်ပြီး ၂ ရက်၊ ၃ ရက်အကြာမှ ပေးဆင်းကြောင်း သူက ဆိုသည်။

“Second Shock ဆိုတာရှိတယ်။ ကျနော်တို့က အဲဒါကို စိတ်ပူတယ်” ဟု ဒေါက်တာသန်းထိုက်က ပြောသည်။

မြန်မာနိုင်ငံတွင် ယခုနှစ် သွေးလွန်တုပ်ကွေး အဖြစ်အများဆုံးဒေသများမှာ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ နေပြည်တော်တို့ ဖြစ်ကြောင်းသိရသည်။ ယခင်က ကလေးငယ်များသာ အဖြစ်များသည့် သွေးလွန်တုပ်ကွေးသည် လူကြီး များတွင်ပါ ဖြစ်ပွားလာခဲ့ကြောင်း သိရသည်။

သားသမီး ၆ ယောက်မိခင် ဒေါ်တင်နွယ်ဦးက “ကျမကလေးတွေ တယောက်မှ သွေးလွန်တုပ်ကွေး မဖြစ်ခဲ့ဖူးဘူး။ အခု ဒီ

အမြွှာ ညီအစ်မအလှည့်ကျမှ ဖြစ်တာ” ဟု ပြောသည်။

သွေးလွန်တုပ်ကွေးသည် ခြင်ကြောင့်ဖြစ်တတ်သော ကူးစက်ရောဂါများ အနက် တခုဖြစ်ရာ ခြင်ပေါက်ဖွားခြင်းမှ ကာကွယ် နိုင်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ပြည်သူလူထုကလည်း ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဋ္ဌာန၊ သွေးလွန်တုပ်ကွေး ဌာနစိတ်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ နီနီအေးက ပြောသည်။

သန်လျင်မြို့နယ်တဝိုက် ခြင်ဆေးဖြန်းခြင်း၊ ဆေးမှုတ်ခြင်းများကို စေတနာ့ ဝန်ထမ်းအဖြစ် လုပ်ကိုင်လျှက်ရှိသည့် သန်လျင် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့မှ ကိုဘီလီက “ကျနော်တို့ ကိုယ့်အစီအစဉ်နဲ့ကိုယ် စက်ဝယ်တယ်၊ စာသင်ကျောင်းတွေမှာ ဖြန်း ပေးတယ်။ ရပ်ကွက်တွေထဲမှာတော့ နေရာတိုင်း လိုက်ဖြန်း မပေးနိုင်ဘူး။ ရောဂါ ဖြစ်တယ်ကြားမှ သွားဖြန်းပေးတယ်။ အခက်အခဲ ကတော့ ရပ်ကွက်တွေထဲမှာ ကိုယ်ပိုင်သန့်ရှင်းရေး မရှိတာ များတယ်။ ခြုံတွေ မရှင်းဘူး။ ရေဆိုး ပိတ်နေတာ တွေကို မရှင်းကြဘူး။ ဒီအတိုင်း တဦးတယောက်စီ လုပ်နေရင်တော့ အောင်မြင်မှာ မဟုတ်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

သွေးလွန်တုပ်ကွေး ရောဂါ သယ်ဆောင်နိုင်သည့် ခြင်သည် ရေကြည်ရေသန့်များတွင်သာ ပေါက်ဖွားနိုင်ရာ၊ ပိုးလောက်လန်း များ သေစေနိုင်သည့် အဘိတ်ဆေးကို မိမိအစီအစဉ်ဖြင့်မိမိ ဝယ်ယူကာ ခတ်သင့်ကြောင်း ကိုဘီလီက အကြံပြုသည်။

ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်ရမည့် ပိုးလောက်လန်း သေစေနိုင်သော ဆေးများခတ်ခြင်း၊ ခြင်ဆေး ဖြန်းခြင်း၊ ဆေးမှုတ်ခြင်း လုပ်ငန်းများအတွက်လည်း အစိုးရ ဘဏ္ဍာငွေများကို ယခုနှစ်မှစတင် ချထားပေးလျှက် ရှိကြောင်း သိရသည်။

သို့သော် တိုင်းနှင့်ပြည်နယ် အနှံ့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ဆေးမှုတ်၊ ဆေးဖြန်းခြင်း၊ ဆေးခတ်ခြင်း လုပ်ငန်းများအတွက် ပစ္စည်း ကိရိယာ စုံလင်စွာ ချထားပေးနိုင်ခြင်း မရှိသေးကြောင်းလည်း ဒေါက်တာ နီနီအေးက ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၀၉ ခုနှစ် နောက်ပိုင်းမှစ၍ သွေးလွန်တုပ်ကွေးနှင့် ပတ်သက်၍ လူသိများလာခြင်း၊ စာရင်း ပြုစုနိုင်မှု အားကောင်း လာခြင်းများကြောင့် ဖြစ်ပွားမှုနှုန်း မြင့်တက်လာသည်ဟု ထင်လာရပြီး သွေးလွန်တုပ်ကွေးသည် တခြား ကပ်ရောဂါများနှင့်အတူ ၄ နှစ်တကြိမ် ဖြစ်ပွားတတ်ရာမှ ယခုနောက်ပိုင်းတွင် ကပ်ရောဂါကာလ မဟုတ်သည့် အချိန်များ တွင်လည်း ဖြစ်ပွားလာကြောင်း ၎င်းက ပြောသည်။

ယခုအခါ သွေးလွန်တုပ်ကွေး ဝေဒနာခံစားရပါက ရန်ကုန် ကလေးဆေးရုံကြီးတွင် ငွေကြေးကုန်ကျမှု မရှိဘဲ (burma.irrawaddy.com/archives/44053) ကုသ ခံနိုင်သည်ဟု ဆိုသော်လည်း သွေးဥသွေးမြွှားများ၏ အခြေအနေကို စက်ကိရိယာများဖြင့် စစ်ဆေးရသောကြောင့် ရုံးချိန်ပြင်ပတွင် ဖြစ်လာပါက ဝန်ထမ်းအင်အား မလောက်ငမှုကြောင့် ပြင်ပဓာတ်ခွဲခန်းများတွင် စစ်ဆေးရသည့် ကုန်ကျစရိတ် ရှိနိုင်ကြောင်း ဒေါက်တာသန်းထိုက်က ရှင်းပြသည်။

ကလေးဆေးရုံကြီးရှိ ကလေးလူနာဆောင်များတွင် သွေးလွန်တုပ်ကွေး ရောဂါဖြင့် တက်ရောက် နေသည့် ကလေးလူနာများ၏ ခုတင် ခေါင်းရင်းတွင် ကလေးကစားစရာ အရုပ်ကလေးများကို ချိတ်ဆွဲထားကြသည်။ ၂ နှစ်အရွယ် ကလေးငယ်တဦးက သူ၏ လက်တွင် ချည်ထားသော သစ်သားပြားလေးကို ဆွဲဖြုတ်ရန် ကြိုးစားနေသည်။ တချို့ ခုတင်များတွင် လူနာစောင့်မှာ မိဘများ မဟုတ်ဘဲ သံဃာတော်များ ဖြစ်သည်။ လူနာက ကိုရင်လေးများဖြစ်သည်။

စီဝိုင်စီပိတ်စပေါ်တွင် ပန်းနုရောင်အပွင့်ရိုက် အကျႌနှင့် နက်ပြာရောင် လုံချည် ခပ်နွမ်းနွမ်းကို ဝတ်ထားသည့် ဒေါ်တင်နွယ်ဦးက “အခု ကလေးတွေမြင်ရတာ သမီးအကြီးလေး လာတက်တုန်းက မြင်ရတဲ့ မြင်ကွင်းထက်စာရင် တော်သွားပြီ။ အရင် တပတ်တုန်းက ဆိုရင် သွေးသွင်းရတဲ့ ကလေးတွေချည်းပဲ။ အခြေအနေလည်း ဆိုးကြတယ်” ဟု ပြောသည်။

အိပ်ရေးပျက်သည့်ဒဏ်၊ မိခင် တယောက်၏ သောကကြောင့် သူ၏မျက်နှာက နွမ်းနေသည်။

ခုတင်ပေါ်တွင် လဲလျောင်းနေသည့် သမီးအငယ်လေးကို ငေးကြည့်ရင်း ဒေါ်တင်နွယ်ဦးက “အငယ်လေးကတော့ အစားအစာ ဝင်တဲ့အတွက် အကြီးမလေးလောက် စိတ်မပူရဘူး” ဟု ပြောသည်။

အခွံခွာထားသော ပန်းသီးစိတ်ကို တမြုံ့မြုံ့ဝါးနေသည့် သမီးငယ်ကို ကြည့်ကာ စိတ်အေးရသော်လည်း၊ အိမ်တွင် ဖခင်နှင့် ထားခဲ့ရသည့် ဆေးရုံဆင်းခါစ သမီးအကြီးအတွက် စိုးရိမ်စိတ်က ယခုအချိန်အထိ ရှိနေသေးသည်ဟု သူကဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading