ဆောင်းပါး

၈ လေးလုံးမှာ စာရေးဆရာတွေ ဘယ်အခန်းက ပါခဲ့ပါသလဲ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

၁၉၈၈ ခုနှစ် ဇွန် ၂၂ ရက် မနက်စောစောစီးစီး အိမ်ပေါ်သို့ လူတယောက် တက်လာသည်။ တံခါးဖွင့်ပြီးသားမို့ ဧည့်ခန်းထဲသို့ တန်းဝင်လာ၏။ ကျမက သောက်လက်စ ကော်ဖီခွက်ကို ကိုင်ရင်း သူ့ကို ကြိုဆိုရသည်။

“လာ..လာ.. ဆရာမ၊ လက်မှတ်ထိုး”

မျက်မှန် ဝင်းဝင်းထဲက မျက်လုံးကျယ်ကျယ်ကြီးများဖြင့် လှမ်းကြည့်ရင်း ကျမကို လက်မှတ်ထိုးခိုင်းသူကား ဦးဝင်းခက်ပါ။ လက်ထဲက စာရွက်ကို ထိုးပေးပြီး တံခါး၀ အနီးရှိ ဆက်တီကုလားထိုင်ပေါ် ထိုင်ချသည်။ သူ အတော်ပင်ပန်း လာပုံရ၏။ စိတ်ရော လူရော ပင်ပန်းနေပုံက သူ့မျက်နှာမှာ ပေါ်လွင်နေသည်။ သူ ထုတ်ဝေသော “ပန် မဂ္ဂဇင်း” “စာမော်ကွန်း မဂ္ဂဇင်း” များအတွက် ကျမထံမှ စာမူ လာတောင်းလေ့ ရှိခဲ့၏။ ပြုံးပြုံးရွှင်ရွှင်၊ စလိုက်၊ နောက်လိုက် လုပ်နေကျ ဖြစ်သည်။ ယနေ့ နံနက်မှာတော့ သူ့မျက်နှာက ခက်ထန်နေသည်။

သူပေးသော စာရွက်ကို ကျမ ယူကြည့်၏။ စာရွက်ပေါ်မှာ ဘာမျှ ရေးမထားပေ။ လက်မှတ်ထိုးထားသော သင်္ကေတ ၂ ခုကိုကား အမှတ်တမဲ့ မြင်ရ၏။ ဘာမှန်း မသိရ။

ရွှေကူမေနှင်းသည် ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါး၊ ဘာသာပြန် စသည့် စာပေလက်ရာ မျိုးစုံကို ဂျာနယ်၊ မဂ္ဂဇင်းများတွင် ရေးသားနေသူ ဖြစ်ပြီး လုံးချင်း စာအုပ် များစွာကိုလည်း ရေးသား ထုတ်ဝေနေသည့် စာရေးဆရာမ တဦးဖြစ်သည်။

ဦးဝင်းခက်က ထိုင်နေရာမှ ထရပ်လိုက်ကာ “မနေ့က ကိစ္စ။ လမ်းပေါ်မှာ ဆန္ဒပြတဲ့ ကလေးတွေကို လုံထိန်း တွေက ကားနဲ့ တိုက်သတ်တဲ့ ကိစ္စ။ အဲဒါကို စာရေးဆရာတွေ လက်မှတ်ထိုးပြီးတော့ လွှတ်တော်ကို ကန့်ကွက်စာ တင်မလို့။ အဲဒါတွေ ရေးထားတဲ့ စာရွက်က မောင်ကိုယု ဆီမှာ။ သူက မောင်စွမ်းရည်အိမ်ကို သွားပြီ။ ကျနော်က ဆရာမဆီ လာတာ။ လူခွဲ လုပ်ရတာ။ အမြန် လက်မှတ်ထိုး။ အဲဒီစာရွက်မှာ ဦးခင်မောင်လတ်နဲ့ ဒေါ်ခင်မျိုးချစ်လည်း ထိုးပြီးပြီ”

ဦးဝင်းခက်က ဗလုံးဗထွေး စကား ပြော၏။ ကျမ သဘောပေါက်ပါသည်။ စာရေးဆရာ အချင်းချင်း ယုံကြည်သည်။ ပြီးတော့ ဘဘ ဦးခင်မောင်လတ်နှင့် အန်တီ ဒေါ်ခင်မျိုးချစ်တို့ လက်မှတ်ထိုးသည် ဆိုတော့ ကျမက ဘာမှ စဉ်းစားနေစရာ မလိုတော့။ ဘဘတို့၊ အန်တီတို့ လက်မှတ်အောက်မှာ ကျမ လက်မှတ်ကို ထိုးလိုက်သည်။ ဦးဝင်ခက်လည်း စာရွက်ကို ဆွဲယူပြီး အိမ်ပေါ်မှ အမြန်ဆင်းသွားသည်။ သူ့ကို ဝရံတာမှ သွားကြည့်တော့ လမ်းမမှာ ရပ်ထားသော ဟိုင်းလက်ကားတစီးပေါ် တက်သွား သည်ကို မြင်ရ၏။ ကားထဲမှာ မျက်မှန်ဝင်းဝင်းနှင့် နောက်တယောက်ကိုလည်း လှမ်းမြင်ရသည်။ မောင်ကိုယု မျက်နှာပါ။

မနေ့က ကိစ္စ။ မနေ့က ကိစ္စကား ရုပ်ရှင်တခု သဖွယ် ထင်မှတ်ရလေသည်။ မနေ့က မတိုင်မီကတည်းက ကလေးတွေ လမ်းပေါ်တက် ဆန္ဒပြကြမည်ဟု ကြားခဲ့၏။ ဟုတ်နိုင်ပါ့မလား။ မရေမရာနှင့် မယုံကြည်ခဲ့ပါ။ မယုံနိုင်ဟုဘဲ ဆိုပါစို့။ ကလေးတွေက ဘာသိလို့လဲ။ လူကြီးတွေတောင် မကျေနပ်တာတွေ ကိုယ့်အိမ်မှာ ရဲရဲ မပြောရဲကြ။ “နေ့ပြော နောက်ကြည့်၊ ညပြော အောက်ကြည့်” ဆိုသည့် စကားအတိုင်း၊ ကျယ်ကျယ်တောင် မပြောရဲကြတာပဲ။

သတင်းက မှန်နေသည်။ ပြည်လမ်းပေါ်မှာ ကလေးတွေ ချီတက်လာကြပြီတဲ့။ ကျမအိမ်က လှည်းတန်း မီးပွိုင့်မှ ဆိုလျှင် တောင်ဘက်ခြမ်း၊ ပြည်လမ်းမကြီးနှင့် အပြိုင်၊ အတွင်းဘက်ရှိ လမ်းကျယ်မှာ ဖြစ်၏။ ဝဂ္ဂီလမ်းကျယ်ဟု ခေါ်သည်။ လမ်းကျယ်မှ ပြည်လမ်းသို့ ထွက်သောလမ်း ၃ သွယ်ရှိ၏။ ပြည်ရိပ်သာလမ်း၊ ဝဂ္ဂီရိပ်သာလမ်းနှင့် နာနတ်တော လမ်းတို့တည်း။ ပြည်လမ်းကြီးနှင့် ကိုက် ၁၀၀ ခန့်သာ ဝေးမည် ထင်ပါသည်။ ပြည်လမ်းပေါ်မှ ကားသံများ၊ သီချင်းသံများကို ကျမ အိမ်မှ ကြားနိုင်သည်။ ထိုနေ့က ကြားနေရသော အသံများကား

“တို့ အရေး ..၊ တို့ အရေး..”

လမ်း အသီးသီးမှ လူများ ပြည်လမ်းသို့ အပြေးအလွှား သွားရောက် ကြည့်ကြသည်။ ကျမလည်း မနေနိုင်ပါ။ အိမ်နေရင်း အဝတ်နှင့်ပင် လမ်းထိပ်သို့ ထွက်လိုက်သည်။ ကိုယ့်လို ထွက်သူတွေနှင့် ဆုံသည်။ ဝဂ္ဂီလမ်းထိပ်၊ ဘုရားလေးနား ပလက်ဖောင်းပေါ် ရောက်တော့ လမ်းပေါ်မှာ တအံ့တသြ တွေ့ရသည်။

အဖြူ အစိမ်း ကလေးလေးများ။ ဘယ်လောက် များပြားသလဲ။

မြန်မာ့အသံ၊ ပညာရေး တက္ကသိုလ် ရှေ့လောက်မှ နေ၍ လှည်းတန်းမီးပွိုင့် အထိ ပြည့်နေသည်း လမ်းပေးမှာ ကားတစီးမှ မရှိတော့။ ကလေးတွေချည်း တက်ကြွ ရွှင်လန်းစွာ လမ်းလျှောက်လာကြသည်။ တုတ်ချောင်းတွေ ထိပ်မှာ ရရာအဝတ်စတွေ ချည်နှောင်ပြီး ချီတက်အလံ လုပ်လာကြသည်။ အသက်အရွယ် ခပ်ကြီးကြီး များက ကြွေးကြော်သံ အတိုင်ပိုဒ်ကို အော်၏။

“နေဝင်း အစိုးရ ဖြုတ်ချရေး”

ကျန်ကလေးများက “တို့ အရေး ၊ တို့ အရေး”

“ဒီမိုကရေစီ ရရှိရေး” “တို့ အရေး ၊ တို့ အရေး”

ပလက်ဖောင်းပေါ်မှာ လူတွေ ဖွေးဖွေးလှုပ်နေသည်။ လမ်းပေါ်မှာ မမောတမ်း လျှောက်နေသော အဖြူ အစိမ်း ကျောင်းသား ကျောင်းသူလေးများကို မမြင်ဖူးသည့်အရာ သဖွယ် ကြည့်နေကြသည်။ ကလေးများက လမ်းမကြီးပေါ် အသွား အပြန် လျှောက်နေကြခြင်း ဖြစ်၏။ ပရိတ်သတ်ထဲမှာ တယောက်က လက်ခုပ် စတီး၏ အနားက လူများ တဖျောင်းဖျောင်း လိုက်တီးကြသည်။ ကျမက လက်ခုပ်မတီးရဲပေ။ ဘေးဘီသို့ မလုံမလဲ ကြည့်ရ၏။ ကိုယ့်ကို မှတ်မိသူများ ရှိလျှင် လက်ခုပ်တီးမှုနှင့် အဖမ်းခံရမှာ ကြောက်သည်။

စက်ဘီးလေးနှင့် မောင်နှမဟု ထင်ရသော ကျောင်းသားလေး ၂ ယောက်ပါလာသည်။ အဝတ်စ အလံကို စက်ဘီးလက်ကိုင်မှာ ထောင်ထားသည်။ ကောင်လေးက စက်ဘီးနင်းသည်။ ကောင်မလေးက နောက်ဘက် ကယ်ရီယာ ပေါ်မှာ ထိုင်လိုက်သည်။ သူတို့ မောင်နှမကို ကြည့်ပြီး ပရိသတ်က လက်ခုပ်တီးပြန်သည်။

“နေဝင်းအစိုးရ ဖြုတ်ချရေး…၊ တို့ အရေး၊ တို့ အရေး” “ဒီမိုကရေစီ ရရှိရေး…၊ တို့ အရေး ၊ တို့ အရေး” အသံတွေက မိုးယံအထိ ညံနေလေပြီ။ ပရိသတ် လက်ခုပ်သံများက စည်းချက်ကျလှသည်။

ကျမက အနီးအနားမှာ အသိတယောက်တလေ ရှိလိုရှိငြား လှည့်ရှာ၏။ စာရေးဆရာ မောင်အောင်မွန် (နောင် VOA ဦးဝင်းအောင်) ကို တွေ့ရသည်။ သူလည်း ဝဂ္ဂီရိပ်သာ လမ်းမှာ နေသည်။ အသံကြား၍ ထွက်လာခြင်း ဖြစ်မည်။ ကျမက သူ့အနား ကပ်ပြီး တိုးတိုးမေးရ၏။

“ဘယ်လိုလဲ”

သူက လက်ဟန်ဖြင့် ကာလျက် “စောင့်ကြည့်ရမှာပဲ” ဟု ပြန်ပြောသည်။ ပရိတ်သတ် လက်ခုပ်တီးတော့ သူလည်း ဝင်တီးသည်။ ကျမကား မတီးရဲပါ။

အဖြူအစိမ်းလေးများသည် ပြည်လမ်းမကြီးပေါ်တွင် တောင်နှင့်မြောက် အစုန် အဆန် ချီတက်နေခဲ့ကြ၏။ သူတို့ အရေအတွက်က လျော့မသွားဘဲ တိုး၍သာ လာသည်။ ပရိသတ်လည်း ပလက်ဖောင်းလျှံကျအောင် တိုးလာသည်။

ကျမသည် အတော်ကြာ ရပ်ကြည့်ပြီး အားမရသဖြင့် တောင်ဘက်သို့ ပလက်ဖောင်းအတိုင်း လျှောက်လာခဲ့၏။ စိုက်ပျိုးရေး မှတ်တိုင်ခေါ် စိုက်ပျိုးရေး ရုံးကြီးရှေ့ ရောက်တော့ လူရွှင်တော် ဖိုးဖြူနှင့် တွေ့၏။ သူနှင့် ကျမက “မြပုဏ္ဏမာ” အငြိမ့် ကျမ အိမ်မှာ ဇာတ်တိုက်ကတည်းက အဖွဲ့သားချင်း ဖြစ်ကာ မောင်နှမသဖွယ် ရင်းနှီးခဲ့ရသည်။ သူ့ကို မြင်တော့ ကျမ အားတက်သွားသည်။ သူ့ ပခုံးကို လှမ်းဖက်လိုက်၏။

သူ့ မျက်နှာလည်း စိုးရိမ်မှုတွေ လွှမ်းနေသည်။

“ဘာ ဖြစ်မလဲ”

ကျမ အမေးက တိုးတိုးလေးသာ ဖြစ်၏။

သူက စိုက်ပျိုးရေး ဝင်းကြီးထဲ မေးထိုးပြလေသည်။ ရုံးဝင်းထဲတွင်ကား တီးအီး ၁၁ ခေါ် စစ်ကားကြီးများ အဆင်သင့် ရပ်ထား၏။ ကားပေါ်တွင် ဒိုင်းလွှားကာ တွေနှင့် လုံထိန်း ခေါ် စစ်သားကြီးများ အပြည့်။ ကျမ တကိုယ်လုံး မွေးညင်းတွေ ထောင်သွားသည်။ ဘယ်လို လုပ်ကြမလဲ။

“မမနှင်း အိမ်ပြန်တော့…၊ ကျနော်လည်း ပြန်မယ်”

သူက လှန်းတန်းဈေးနားမှာ နေသူ ဖြစ်၏။ ကျမကို ဝဂ္ဂီလမ်းထဲမှ တဆင့် လမ်းကျယ်အိမ်ရှေ့သို့ လမ်းလျှောက် လိုက်ပို့ပြီး၊ လမ်းမကြီးသို့ ပြန်ထွက်သွားသည်။ သူ အိမ်ပြန်ပုံ မရ။ ကျမကို လမ်းပေါ်မှာ မနေစေချင်တာ ဖြစ်နိုင်သည်။

အိမ်ပြန်ရောက်တော့လည်း ပြည်လမ်းမှ ကလေးသံများကို ကြားနေရဆဲ။ “တို့ အရေး..၊ တို့ အရေး..” ပဲ့တင် ထပ်နေသည်။

ထိုနေ့ တနေ့လုံး ရင်တုန်ပန်းတုန်နှင့် ထမင်းလည်း မစားဖြစ်။ အချင်းချင်း တိုးတိုးတိတ်တိတ် ပြောလိုက်၊ ပြည်လမ်းမပေါ် ပြေးကြည့်လိုက်နှင့် ညနေ ရောက်လာသည်။

“ကလေးတွေကို ကားနဲ့ တိုက်သတ်နေပြီ”

“လုံထိန်း ကားတွေ ထွက်သွားပြီ”

“ဆန်းသီရိ ရုပ်ရှင်ရုံရှေ့မှာ တဲ့”

“သေကုန်ပြီ၊ စက်ဘီးနဲ့ မောင်နှမလေးလည်း ပါသွားပြီ”

စစ်ကားသံတွေကိုလား ကြားရဲစရာ မရှိပြီ။ လမ်းမမှာ စစ်ကားကြီးများ၏ တဂျီဂျီ အသံက တခြား ကားသံများနှင့် မတူ။ စစ်ကားသံများ ကြားဝယ် … အဖြူအစိမ်း လေးများ၏  “တို့ အရေး” အသံ ပျောက်သွားခဲ့ပြီ။ တညလုံး ကြေကွဲဖွယ်။

ယင်း အဖြစ်အပျက်သည်ကား ဦးဝင်းခက်ပြောသည့် “မနေ့က ကိစ္စ” တည်း။ ။

၁၉၈၈ ခုနှစ်၊ ဇွန် ၂၂ ရက်၊ ည ၈ နာရီ

BBC မှ သတင်းလာနေသည်။ ဇွန် ၂၁ ရက်နေ့က ကျောင်းသားများ ဆန္ဒပြသည့် အကြောင်း၊ စစ်တပ်၏ လုံထိန်း ကားများနှင့် လမ်းပေါ်မှာတင် တိုက်သတ်သည့် အကြောင်း၊ ကလေးတွေ သေဆုံး အရေအတွက် အတိအကျ မသိရ။ ဤ ကိစ္စနှင့် ပတ်သက်၍ မြန်မာပြည်ရှိ “စာပေနှင့် အနုပညာရှင်များ” က လွှတ်တော်သို့ ကန့်ကွက်စာ တင်ကြောင်း၊ စာပေသမား ၁၀၀ ကျော် လက်မှတ်ရေးထိုး တင်ပြကြောင်း …။

ကျမ အံ့သြနေခဲ့၏။

ဟင် မနက်ကမှ လက်မှတ်ထိုး လိုက်တာ ခု ည သတင်းမှာ ပါလာပါလား ဟု ပီတိ ဖြစ်နေသည်။

ကျမတို့ စာရေးဆရာများကား နိုင်ငံရေးတွင် လက်ပိုက်ကြည့် မနေနိုင်ကြ သူများ ဖြစ်၏။ ဦးဝင်းခက်နှင့် မောင်ကိုယုတို့ ပျာယာခတ်ပြီး ကားတစီးနှင့် လက်မှတ် လိုက်ထိုးခိုင်းကြစဉ် မြို့ထဲမှာလည်း လူခွဲ လုပ်သဖြင့် လက်မှတ် ၁၀၀ ကျော် နေ့ချင်း ရခဲ့ခြင်း ဖြစ်သည်။ တချို့ သတင်းကြားသူများက လက်မှတ်ယူနေသူများကို လိုက်ရှာပြီး လက်မှတ်ထိုးကြသည်။ နောက်နေ့ မှာလည်း လက်မှတ်ထိုး မည့်သူများ ရောက်ပြီး ထိုးကြသည်။ “အရေးကြီးပြီ၊ သွေးစည်းကြစို့” ဆိုတာ ဒါပါပဲ။

ထိုရက်မှ စပြီး ရန်ကုန်မြို့အတွင်း ချီတက်ဆန္ဒပြပွဲများ ဟိုတကွက် သည်တကွက် ပေါ်လာသည်။ မြေနီကုန်း အရေးက သွေး ကြောင် မသွား စေသည့်အပြင် သွေးဆူလာသည်။

ဟောပြောပွဲတွေ စကြပြီ။

လူဆုံရာ အရပ်မှာ ဖြစ်သလို စင်ထိုးပြီး ဟောကြသည်။ ကျမကား နားစွင့်နေရုံမှ အပ သွား နားမထောင်ဖြစ်ပါ။ တနေ့တွင် ထီးကလေး တချောင်းနှင့် လမ်းလျှောက်လာဆဲ …၊ အနားမှာ ကားတစီး ထိုးရပ်လာ၏။ ကုမုဒြာ မဂ္ဂဇင်းမှ အယ်ဒီတာများ ဖြစ်သည်။ သူတို့ ဆရာမောင်စွမ်းရည်ကို ခေါ်ခဲ့ပြီ ဖြစ်ကြောင်း၊ ဆရာမလည်း လာပါဟု ခေါ်သည်။ နားထောင်ဖို့ စိတ်ကူးပြီး ကားပေါ် တက်လိုက်ပါခဲ့သည်။ လမ်းတွင် အယ်ဒီတာ တယောက်က ဆရာမ ဘာဟောမလဲ၊ စဉ်းစားထားနော် ဟု ဆို၏။ ကျမ ပြုံးပဲ ပြုံးလိုက်သည်။

အုတ်ကျင်း ဘူတာရုံဘေး ရောက်တော့ စင်မြင့်ပေါ်မှာ အားရပါးရ ဟောနေသော ဦးဝင်းခက်ကို မြင်ရသည်။ မကြောက်တမ်း မရွံ့တမ်း၊ စိန်ခေါ်ရဲသော သူ့ သတ္တိကို မြင်တော့ ကျမ တက်ကြွလာသည်။ ဆရာစွမ်း တက်ဟော၏။ သူပြီးလျှင် ကျမ အလှည့်တဲ့။ မစမ်းနွဲ့ကိုလည်း သွားခေါ်ပါလားဟု သူခိုး သေဖော်ညှိ ရ၏။ သူတို့ သွားခေါ်ကြသည်။ ကဲ အဖော်တွေ စုံပြီဆိုတော့ ဘာမှ မကြောက်တော့။ ပထမ အကြိမ် ဟောဖြစ်ပြီ။

ညနေ အိမ်ပြန်ရောက်တော့ ကတုန်ကရင် ဖြစ်နေ၏။ သားကြီးကို အမေတော့ ဟောခဲ့ပြီဟု ပြောပြရသည်။ သားက လူငယ်မို့ ဟောသာဟောဟု အားပေးလေသည်။

နေက်နေ့ မနက်စောစော..၊ အိမ်ရှေ့မှာ ကားထိုးဆိုက်ပြီ။ ကားပေါ်မှ “မမနှင်း… မမနှင်း” ဟု အော်ခေါ်နေသည်။ ဝရန်တာမှ ထွက်ကြည့်တော့ ဘိုင်အိုမင်းသစ်။ မမနှင်း .. လာ.. လာ။ ခင်ဗျား ဟောရမယ် ဟု ခေါ်သည်။ ကျမ လိုက်သွား၏။ ဒေါ်ခင်မျိုးချစ်၏ သားဖြစ်သူ ဒေါက်တာ ခင်မောင်ဝင်းတို့နှင့် အတူ ကြည့်မြင်တိုင်မှာ ဟောကြသည်။

နောက်တနေ့ မင်းသစ် လာခေါ်ပြန်သည်။ မောင်စိန်ဝင်း (ပုတီးကုန်း) ပါသည်။ တမြို့လုံး စင်ဘယ်နှခု ကူးခဲ့သလဲ ဆိုတာ မမှတ်မိနိုင်။ စင်တစင်မှာ ၁၀ မိနစ်လောက် ဟောပြီး တခြားစင်သို့ ကူးကြသည်။ ထမင်းလည်း မသိ၊ ဟင်းလည်း မသိ။ တချို့နေရာက ကြာဆံကြော် ကျွေးတာလည်း မစားနိုင်။ ဇောကပ်နေကြသည်။ ကားပေါ်မှာ အအေး တပုလင်းကို မျှပြီး သောက်ရ၏။ စီးကရက် တလိပ်ကို နှစ်ယောက် သောက်ရ၏။ မရမ်းကုန်းမှာ ဆရာ မင်းသိင်္ခနှင့် ဆုံသည်။ စမ်းစမ်းနွဲ့(သာယာဝတီ)၊ ကြူကြူသင်းတို့နှင့်ပါ ဆုံသည်။ မင်းသိင်္ခက ရဲဘော်တို့ မင်းတို့ ဖိနပ်တွေ ပေါက်နေတာ ကြည့်ပါဦး။ ဘောင်းဘီပြဲနေတာလည်း မြင်နေရတယ်။ မင်းတို့ သေနတ်ပြောင်းဝတွေ ဟိုဘက် မင်းတို့ ဆရာကြီးတွေဆီ လှည့်လိုက်ပါဟု ပြောရာ ကျမတို့မှာ “ဒါမှ တို့အစ်ကိုကြီးကွ” ဟု သြဘာပေးရင်း ပျော်လိုက်ရတာ။

လမ်းပေါ်မှာ ချီတက်သူတွေလည်း လျော့မသွား။ လမ်းဆုံလမ်းခွ စင်မြင့်တွေပေါ်က ဟောပြောပွဲတွေကလည်း တိုးလို့ မပေါက်အောင် စည်ကားလှသည်။

လွှတ်တော်မှာ သမ္မတ ပြောင်းသွားပြီ။ ဒေါက်တာ မောင်မောင် တက်၏။

သူတို့က လူလဲပြီး ကစားခြင်း ဖြစ်သည်။ ဒေါက်တာ မောင်မောင်က ပညာရှိ ဖြစ်သည်။ စကားပြော ယဉ်ကျေးသည်။ လူထုကို ဖျောင်းဖျ၏။ “ကျောင်းသား သမဂ္ဂ အဆောက်အဦးကို ပျော်ပျော်ကြီး အုဋ်မြစ်ချကြရအောင်” ဟူသော စကား ပြောစမှတ် ကျန်ရစ်သည်။

အဆိုတော်များ၊ ရုပ်ရှင် သရုပ်ဆောင်များ ဟောသည့် စင်တွေမှာ အဖိုးကြီး အမယ်ကြီး မကျန်၊ ကလေးတွဲလောင်းနှင့် ကလေး အမေများ မကျန်အောင် သွားရောက် အားပေးကြသည်။

ဘားလမ်း ဓမ္မာရုံမှာ စာရေးဆရာများ စုရပ်ဖြစ်လာ၏။ ဆရာ မောင်သော်ကက ဥက္ကဋ္ဌ၊ ဆရာ ဦးဝင်းတင်က ဒုတိယ ဥက္ကဋ္ဌ၊ မောင်မိုးသူက အတွင်းရေးမှူး အဖြစ် “မြန်မာနိုင်ငံ စာရေးဆရာ သမဂ္ဂ” ကို ဖွဲ့စည်းဖြစ်ခဲ့သည်။

မောင်မိုးသူက “ဒီကောင်တွေ အရှက် တပဲသားမှ မရှိဘူး” ဟု ဟောသည်။ ဆရာမကြီး ဒေါ်ကြည်ဦးနှင့် မိသားစုလည်း မနေမနား လိုက်ဟောနေသည်။ ဆရာ နန်းညွန့်ဆွေ၊ ဒေါ်ကြည်ဦး၏ သား “ဇာဂနာ” ကလည်း လက်မလည်အောင် ဟောနေလေပြီ။ တချို့စင်များတွင် အလှည့်စောင့်ရခြင်း အတွက် ငြူစူကြရ၏။ တချို့ အချိန်အကြာကြီး ယူပြီး ဟောနေသည်။ ကျမတို့ အဖွဲ့၏ သဘောထားမှာ အချိန်ကျဖို့မလို၊ အများကြီးဟောဖို့ မလို။ ဘယ်သူတွေ ဟောနေကြောင်း Public Figure ကို ပြရန်က ပို၍ အရေးကြီးသည် ဟူ၍ ဖြစ်၏။

ထို့ကြောင့် ဒေါပုံနှင့် ထောက်ကြံ့လမ်းဆုံ၊ ၎င်းမှ တဆက်တည်း ကြည့်မြင်တိုင်သို့ စသဖြင့် အပြေးအလွှား ကားတစီးနှင့် မမောနိုင်အားခဲ့ကြ။

၈ – ၈ – ၈၈ နေ့

ထိုနေ့ မတိုင်မီ ကတည်းက လှုံ့ဆော်မှုတွေ ရှိခဲ့သည်။ ဆက်သွယ်ရေး ကိရိယာကား ပြည်ပ အသံလွှင့် ဌာနများတည်း။ တယ်လီဖုန်းများ မပေါများသေးသဖြင့် သတင်းစကားကို ပြည်ပ အသံလွှင့်ဌာနများကိုသာ အားထားခဲ့ကြရသည်။ ထိုအသံလွှင့် ဌာနများက မြန်မာနိုင်ငံ အုံကြွမှု၏ သက်သေအဖြစ် နာမည်ကြီး စာရေးဆရာများကို အင်တာဗျူးလုပ်ကြသည်။ စာရေးဆရာများ၏ အသံသည် တနိုင်ငံလုံးအတွက် တွန်းအား တရပ်ဖြစ်ခဲ့၏။

ကျမသည် ထိုနေ့က ခင်ပွန်းသည်နှင့် အတူ မြို့ထဲသို့ လမ်းလျှောက်ချီတက်ဖြစ်သည်။ ဒေါက်တာ မောင်မောင်၏ အမိန့်ဖြင့် ပြည်လမ်းမကြိး (လွှတ်တော်ရှေ့) ကို မဖြတ်ရဟု ၇ – ၈ – ၈၈ ည ၈း ၀၀ နာရီ သတင်းတွင် ကြေညာပိတ်ပင်ခဲ့သည်။ ထိုသို့ ပြည်လမ်းအတိုင်း သွားမရသော အခါ လူထုကြီး (အင်းစိန် လမ်းမှ လာကြသော မှော်ဘီ၊ အင်းစိန်၊ မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်မှ) သည် ကြည့်မြင်တိုင်ဘက်မှာ လှည့်၍ ချီတက်ကြ၏။ ဤအချိန်တွင် လမ်း၌ ရေများကို အဆိပ်ခတ်ပြီး တိုက်နေသည် ဟူသော ကောလာဟလကြောင့် ကျမတို့ အိမ်မှရေပုလင်း ယူသွားရသည်။

ဘားလမ်း ဓမ္မာရုံ (စာရေးဆရာ သမဂ္ဂ စုရပ်) ရောက်သောအခါ စာရေးဆရာများကို လူခွဲပြီး ဟောပြောစင်များသို့ လွှတ်နေသည်ကို မြင်ရ၏။ ကျမ ရောက်သောအခါ အမေရိကန် သံရုံးရှေ့ (ကုန်သည်လမ်း) စင်မြင့်၌ ဟောပြောရန် လာခေါ်သည်နှင့် ကြုံသည်။ လိုက်သွား၏။ စင်ပေါ်၌ကား လူပေါင်းစုံ၍ ဟောပြောနေကြလေပြီ။

အထူးသဖြင့် ဦးနေဝင်းအား ငယ်ကျိုးငယ်နာ ဖော်ကြသည်။ ဟုတ် မဟုတ်၊ မှန် မမှန် မသိ။ ပြောခွင့်ရတုန်း အမုန်းစိတ် ဖြင့် ပြောကြခြင်း ဖြစ်၏။ ကျမက စာရေးဆရာ ဖြစ်၏။ စာရေးဆရာသည် ရိုးသားရမည်၊ ဖြောင့်မတ်ရမည်၊ လူထုနှင့် တသားတည်း ရှိရမည်၊ တတ်နိုင်လျှင် လူထုကို ခေါင်းဆောင်ရမည်။ ဤသို့ နားလည်ထား၏။

ထို့ကြောင့် စင်မြင့်ပေါ် ပြောခွင့်ရဆဲတွင် လူပြိန်းကြိုက် ထိုးနှက်ချက်များကို မပြောလိုပေ။ လူထုသည် စစ်အာဏာရှင် စနစ်ကို မုန်းတီးနေသည်။ ဒီမိုကရေစီ စနစ်ကို တောင်းဆိုနေသည်။ သို့သော် ၁၉၆၂ ခုနှစ်မှ စ၍ ၂၉ နှစ်တာမျှ ဒီမိုကရေစီနှင့် အလှမ်း ကွာခဲ့သဖြင့် ဒီမိုကရေစီ ဆိုသည်ကို (ထိုအချိန်က) အသက် ၃၅ နှစ်အောက် လူငယ်များ နားမလည်နိုင်ခဲ့ပေ။ ဒီမိုကရေစီနှင့် မင်းမဲ့စရိုက် ရောသွားမည်ကို ပူရသည်။

ထို့ကြောင့် ကျမ မီခဲ့သော ဖဆပလ ခေတ်က ခံစားဖူးသည့် ဒီမိုကရေစီ အရသာ အနည်းငယ်နှင့် ဒီမိုကရေစီ ဟူသော ဝေါဟာရ၏ မူရင်း အဓိပ္ပာယ်၊ အနှစ်သာရ များကို ဉာဏ်မီသရွေ့ ဟောပြောခဲ့သည်။ ယခု သံရုံးရှေ့ စင်မြင့် ပရိသတ် ထဲမှာ နိုင်ငံခြားသား အများစုကို မြင်ရသည်။ မိမိ တတ်စွမ်းသမျှ အင်္ဂလိပ်ဘာသာ စကားဖြင့် ဟောလိုက်သည်။

တခြား စင်မြင့်များတွင် မြန်မာလို ဟောပါသည်။

ထိုနေ့၏ အမှတ်တရမှာ .. ခါတိုင်းနေ့များလိုပင် ထမင်း တနပ်မျှ မစားဖြစ်ခြင်း ပါပဲ။ ဒေါပုံရောက်သည်။ ၂၂ မိုင်ဝေးသော ထောက်ကြံ့ ရောက်သည်။ ချက်ချင်း ပြန်လှည့်ကာ ညနေပိုင်း ကြည့်မြင်တိုင် (ဆရာ သော်ကအိမ် အနီး) မှာ ဟောရသည်။ ကျေနပ်စိတ်ဖြင့် လူသည် လုံး၀ ပင်ပန်းနွမ်းနယ်ခြင်း မရှိခဲ့။

နောက်ရက်များတွင် တိုက်ပွဲပုံသဏ္ဍာန် ပြောင်းသွားခဲ့သည်။

Hunger Strike ခေါ် အစာငတ်ခံ ဆန္ဒပြပွဲများ။

မောင်စိန်ဝင်း (ပုတီးကုန်း)က တိုင်ပင်၏။ သူက ကြံ့ခိုင်သူဖြစ်၍ အစာအငတ်ခံ ဆန္ဒပြပွဲဝင်မည်။ ကျမက ခန္ဓာကိုယ် ပါးလှပ်လှပ်မို့ အစာငတ်ခံ ဆန္ဒပြပွဲထဲ မဝင်ဖို့၊ ဆက်၍ ဟောပြောဖို့ ဖြစ်သည်။

မင်းသစ်ကား မကျေမနပ် ဖြစ်နေသည်။ ကျနော်တို့ ဟောပြောနေတာ ရပ်ဖို့ ကောင်းပြီဟု ဆိုသည်။ ဘာလုပ်မှာလဲ ဆိုတော့ သူ့လက်ညှိုးကို ကွေး၍ ပြလေသည်။ သေနတ် မောင်းဖြုတ်သည့်ပုံ၊ လက်နက်ကိုင် တိုက်ဖို့ အတော်များများ စဉ်းစားနေကြပြီ။

စစ်ကိုင်းမှာ ရဲစခန်းကို လူထုက စီးနင်းမိပြီဟု အသံလွှင့်ဌာနက အတိအကျ ပြောခဲ့ပြီ။ ကမာရွတ် ရဲစခန်းကိုလည်း ဝင်စီးပြီး တွေ့ရသမျှ သေနတ် (ရိုင်ဖယ် ဖြစ်ပါလိမ့်မည်) များကို ယူပြီး ကမာရွတ် ဘီစကွတ် စက်ရုံကို သိမ်းကြသည်။ သေနတ် မကိုင်ဖူးသော အရပ်သားများ အတွက် ဘာမျှ မဖြစ်လောက်။

တချို့က ပင်လယ်ဝမှာ အမေရိကန် စစ်သင်္ဘောတွေ ရောက်နေပြီဟု ဆိုကြ၏။ ရေတပ်သား တချို့နှင့် ကြည်း၊ လေ တချို့ ဆန္ဒပြပွဲထဲ ဝင်လာတော့ ပျော်၍ မဆုံးကြ။ ကျမတို့ စာရေးဆရာ အများစုက လက်နက်ကို မမျှော်လင့်ချေ။ အစာ အငတ်ခံ ဆန္ဒပြခြင်းသည် အမြင့်ဆုံး တိုက်ပွဲဟု (ကြားဖူးနားဝနှင့်) ယုံကြည်သည်။ ထို့ကြောင့် မင်းသစ်နှင့် ကျမတို့က နေရာအနှံ့ သွား ဟောကြစဉ် မောင်စိန်ဝင်း နှင့် ကဗျာဆရာ တချို့လည်း လှည်းတန်း မီးပွိုင့် အလယ်ရှိ ကွင်းတွင် အစာအငတ်ခံ ဆန္ဒပြပွဲ ဝင်ပါကြသည်။

၁၈ – ၉ – ၈၈

မရမ်းကုန်း ဘုန်းကြီးကျောင်းဝင်းထဲမှာ ပရိတ်သတ်က ထောင်ချီ၍ ရှိနေသည်။ စင်မြင့် သီးသန့် မဆောက်ဘဲ ဘုန်းကြီးကျောင်း၏ ပြူတင်းပေါက်မှ နေ၍ တယောက်ပြီး တယောက် ဟောကြသည်။ ကဗျာဆရာ မောင်စိမ်းနီ ဦးဆောင်သော ကဗျာသမဂ္ဂမှ လူများက လက်မောင်းမှာ လက်ပတ်အနီတွေနှင့် ရောက်လာကြသည်။ သူတို့ ခံယူချက်က “အကုန် မရရင် တခုမှ မယူဘူး” ဟူ၍ ဖြစ်၏။

ကျမနှင့် မောင်မိုးသူ ဟောပြီးသော အခါ မောင်မိုးသူက လက်ဖက်ရည် သောက်ရအောင်ဟု အဖော်စပ်၏။ လက်ဖက်ရည်ဆိုင်က လမ်းထောင့်မှာ ဖြစ်၏။ လက်ဖက်ရည် သောက်ရင်း မင်းသစ်တို့ကို စောင့်မည်။ သူတို့က အင်းစိန်မှာ ဟောပြီး ကျမတို့ကို ပြန်ကြိုဖို့ စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ မောင်စိမ်းနီ အဖွဲ့ ဟောပြောနေစဉ် လက်ဖက်ရည် ဆိုင်ထဲ ထိုင်ပြီး လက်ဖက်ရည်လမှာသောက်ဆဲ … ၊ လက်ဖက်ရည်ဆိုင်က ဖွင့်ထားသော ရေဒီယို သီချင်းကို ကျမ သတိထားမိ၏။ သီးချင်းတွေက စစ်ချီတေများ ဖြစ်သည်။ ထူးဆန်းသည်မှာ သီးချင်း တပုဒ်နှင့်တပုဒ် အကြား အစီအစဉ် တင်ဆက်သူအသံ မကြားရခြင်းပါ။ ကျမက အသံလွှင့်ရုံမှာ ၁၃ နှစ်လုံးလုံး အမှုထမ်းလာခဲ့သူမို့ အစီအစဉ် ကြေညာသူ အသံမပါဘဲ ဆက်တိုက် (Non-stop) ထုတ်လွှင့်နေခြင်းကို မသင်္ကာ ဖြစ်တော့၏။

အချိန်က ညနေ ၄ နာရီ ကျော်ကျော်။

မြန်မာ့အသံသည် နေ့လယ် ၁း၃၀ မှာ ရပ်နားပြီး ညနေ ၄း၀၀ နာရီမှာ ပြန်စလွှင့်စမြဲ။ ယခု ညနေ ၄း၀၀ မှာ ထုံးစံအရ ဆိုလျှင် သီချင်းပဒေသာ အခန်းဖြစ်ရမည်။ ယခုကား စစ်ချီသီချင်း တွေချည်း။ ပြီးတော့ ဆက်တိုက် ထုတ်လွှင့်နေပြီ။ ထူးတော့ ထူးနေပြီ။ မောင်မိုးသူကို ကျမ ပြောလိုက်၏။ သူကတော့ သိပ်ပူပန်ဟန် မပြချေ။

ညနေ ၄ နာရီခွဲပြီ ဆိုတော့ သီချင်းရပ်ပြီး ယောက်ျားသံ ပေါ်လာလေသည်။ ဦးသာဦး၏ အသံဟု ကျမ မှတ်မိ၏။ ပြီးတော့ ဦးသာဦး ဆိုသူမှာ အသံလွှင့်တာဝန်၊ သတင်းကြေညာသူ မဟုတ်။ သူက ကြီးကြပ်သူ အရာရှိ ဖြစ်၏။ ယခု သူ ကြေညာချက် ဖတ်နေပြီ။ ဘာများပါလိမ့်။ နား စွင့်ရသည်။ ထင်သည့် အတိုင်းပါပဲ။ ယခု အချိန်မှ စ၍ စစ်တပ်က အာဏာသိမ်းလိုက်ပြီ ဖြစ်ကြောင်း၊ ညနေ ၆ နာရီမှာ အားလုံးကို ဖယ်ရှားတော့မည် ဖြစ်ကြောင်း …။

မောင်မိုးသူနှင့် ကျမ ပြိုင်တူ မတ်တပ်ရပ်လိုက်ကြသည်။ လမ်းမဆီ လျှောက်လာသည်။ အင်းစိန်ရှိ မင်းသစ်တို့ထံ မဟုတ်ချေ။ ကြုံရာကားကို တားပြီး မြို့ထဲဘက် ပြန်ခေါက်ကြရတော့၏။

သူက မြို့ထဲသို့ စီးသည်။ ကျမက လှည်းတန်းမှာ ဆင်းရမည်။ လှည်းတန်း မီးပွိုင့်အလယ် ကွက်လပ်ကြီးထဲမှာ မောင်စိန်ဝင်းနှင့် ကဗျာဆရာများ ရှိနေသည်။ ဝဂ္ဂီ လူငယ် ၂၀ ကျော် ထိုင်နေသည်။ လာသမျှ လူများနှင့် စုစုပေါင်း လူဦးရေ ၁၀၀ နီးပါး ရှိမည်။ ည ၁၀း၀၀ နာရီအထိ အချိန် သတ်မှတ်ထားခဲ့သည်။ ညနေ ၆း၀၀ နာရီမှာ ဖယ်ရှားတော့မည် ဆိုတော့ သူတို့ကို အကြောင်းကြားရမည်။

ကွက်လပ်ထဲသို့ ကျမ ရောက်သွားတော့ မောင်စိန်ဝင်းက ကျမကို မှာကြားခဲ့ကြောင်း၊ သတင်းကြား၍ သူတို့ ထသွားသည့် အကြောင်း ဝဂ္ဂီ လူငယ် ခေါင်းဆောင်က ဆီး၍ ပြောသည်။

ညနေ ၅း၀၀ နာရီ။

ကွက်လပ်ကို စစ်ကားကြီးများ လှည့်ပတ်၍ ခြိမ်းခြောက်ကြလေပြီ။ ဦးပဉ္ဇင်း တပါးက သဝဏ်လွှာ ဖတ်မည် ဆို၏။ ကျမက ရေဒီယိုသတင်း ပြောပြသည်။ တက္ကသိုလ် ဆရာတယောက်က မင်းတို့နဲ့ အတူ ဆရာ အသေခံမယ်ဟု အော်နေသည်။ စာရေးဆရာ မောင်အောင်မွန် ရောက်လာ၏။ “ပွဲကြမ်းတော့မယ်” ဟု စစ်ကားကြီးများကို ကြည့်၍ ပြောသည်။

ကလေးများကို ရပ်ကွက်ထဲ ပြန်ခေါ်၏။ မရချေ။

ည ၁၀း၀၀ နာရီအထိ ထိုင်ကြမည်ဟု တင်းခံနေသည်။ စာရေးဆရာမ တယောက်က အစ်မ လုပ်ပါဦး ဟု ဆိုသည်။ သူ့ သမီးကို ခေါ်၍ မရသောကြောင့် ဖြစ်၏။ ကျမ ခေါ်လည်း မရ။ နောက်တော့ စိတ်ကူး ရပြီး ရပ်ကွက် ဘုန်းကြီးကျောင်းမှ ဆရာတော်ကို သွားလျှောက်ရ၏။ ဆရာတော် လိုက်လာပြီး ကလေးတွေကို “အိမ်ပြန်ရအောင်” ဟု တခွန်းပဲ မိန့်၏။ အားလုံး ပြန်လိုက်လာကြသည်။ သူတို့ ကျေနပ်အောင် ဘုန်းကြီးကျောင်းမှာ ၁၀း၀၀ နာရီ အထိ ဆက်ထိုင်ကြသည်။

၁၀း၀၀ နာရီပင် မထိုးသေး။

ည .. အမှောင် ပျိုးခါစ.. လမ်းမများပေါ်မှာ သေနတ်သံများ မိုးယံအထိ ညံလေပြီ။

စက်တင်ဘာ ၁၈၊ ၁၉၈၈။ စစ်တပ်က အာဏာသိမ်းတဲ့ည ပင်တည်း။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading