ဆောင်းပါး

သူပုန်ကျောင်းသား တဦးရဲ့ ပြည်တော်ပြန် ခရီးစဉ် (၁၀)

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မော်လမြိုင်နဲ့ ရန်ကုန်ပြေးတဲ့ ကားလိုင်းတွေက ထားဝယ်-မော်လမြိုင်ကားထက် အများကြီးသာပြီး ထိုင်းနဲ့ ပိုတူနေပါတယ်။ ၃ ခုံတန်း အယောက် ၃၀ စီး အထူးဘတ်စကား၊ သို့မဟုတ် ထိုင်းမှာဆိုရင်တော့ VIP တို့၊ ၉၉၉ တို့လို ကားတွေအတွက် တယောက် ၁၀၀၀၀ ကျပ် ပေးရပါတယ်။ ဒါပေမဲ့ ဒီလိုအကောင်း စားကားမှာလဲ အိမ်သာက မပါပြန်ဘူး။ စီးတဲ့လူတွေက ထားဝယ်-မော်လမြိုင် ကားပေါ်က လူတွေလို ခလေးခလောက်တွေ မပါတော့ဘဲ စီးပွားရေးသမားတွေ များပုံရပါတယ်။ တက်လာကတည်းက လက်ကိုင်ဖုန်းထုတ်ပြီး ပြောနေကြတာ ဘေးလူတောင် နားမခံနိုင်တော့တဲ့ အထိပါပဲ။

အဝေးပြေးကားဂိတ် အသစ်ကနေ သံလွင်မြစ်ကိုဖြတ်တဲ့ မုတ္တမတံတားပေါ် တက်လာကတည်းက မြင်ကွင်းဟာ အသစ်အဆန်း။ လွန်ခဲ့တဲ့ ၂၅ နှစ် ကျနော်တို့ ကျောင်းသားဘဝကဆိုရင် ဒီလိုတံတား မရှိသေးတဲ့အတွက် ဇက်ကိုစီးပြီး မုတ္တမဖက်ကို ကူးရပါတယ်။ အဲဒီလို ကူးနေစဉ်အတွင်း လှေငယ်လေးတွေက ဇက်ဘေးကို ရောက်လာပြီး စစ်ဆေးရေး အဖွဲ့ဝင်တချို့ ဇက်ပေါ်တက်လာ၊ ဇက်ပေါ်က လူ၀၀တွေ သို့မဟုတ် အုန်းပင်လုံချည် အပါအဝင် မှောင်ခိုသွင်းလာတဲ့ အဝတ်ထည်တွေကို ၃-၄ ထပ် ဝတ်ထားသူတွေကို ဖမ်းဆီးစစ်ဆေးပေါ့။ အခုတော့ ဘာအစစ်ဆေးမှ မတွေ့ရတော့တဲ့အတွက် အဲဒီလိုမှောင်ခိုခေတ် မရှိတော့ဘူးလို့ ယူဆရပါတယ်။

မုတ္တမဘက် ရောက်တော့လည်း မြင်ကွင်းက အရင်လို မဟုတ်တော့။ သေချာတာကတော့ ကားလမ်းတွေက အရင် ကျနော် မော်လမြိုင်-ရန်ကုန်ကို စက်ဘီးစီးပြီး သွားဖူးစဉ်ကထက် အဆမတန် ကျယ်ပြန့်ကောင်းမွန်နေပါတယ်။ နောက်တခါ ကားလမ်းတလျှောက် လျပ်တပြက် မြင်ရတဲ့ နိုင်ငံရေပါတီ ဆိုင်းဘုတ်လေးတွေကလည်း ပြောင်းလဲလာပါတယ်။ ထားဝယ်ဘက်မှာ ပါတီကြီး ၃ ခုရဲ့ ဆိုင်းဘုတ်ကိုသာ တွေ့ရပေမဲ့ မွန် ပြည်နယ်ထဲ ဝင်လာကတည်းက မွန်ပါတီ၊ ကရင်ပါတီ ဆိုင်းဘုတ်တွေအပြင် ပအို့ဝ်ပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီနဲ့ အမျိုးသားနိုင်ငံရေး အင်အားစုပါတီ ဆိုင်းဘုတ်တွေကိုပါ မြင်လာရပါတယ်။

နောက်တခါ ပတ်ဝန်းကျင်မြင်ကွင်းက နည်းနည်းပြောင်းလာပြီး ထားဝယ်ဘက်မှာလို ရာဘာခြံတွေအပြင် တောထန်းပင်တွေ၊ တောထန်းပင်နဲ့ မိုးထားတဲ့အိမ်တွေကိုလည်း လမ်းဘေးတလျှောက် မြင်ခဲ့ရပါတယ်။ ပြီးတော့ ဒီဘက်မှာက ထားဝယ်ဘက်မှာလို သဘာဝပတ်ဝန်းကျင် သိပ်မပျက်စီးသေး။ လယ်ထွန်နေတဲ့ နွားတွေ၊ နွားလှည်းတွေ၊ တချို့ နေရာဆို ကျွဲလှည်းတွေကိုပါ မြင်ခဲ့ရပါတယ်။ ကားလမ်း အခွန်ကောက်ဂိတ်တခုမှာတော့ “ရွှေသံလွင်ကုမ္ပဏီက တာဝန်ယူဆောက်လုပ်သည်” ဆိုတဲ့စာတန်းကို တွေ့ရပါတယ်။

“ကုမ္ပဏီတွေက လမ်းဆောက်ပြီး အခွန်ကောက်စားနေတာလေ” လို့ ကျနော်ဘေးမှာထိုင်တဲ့ ခရီးသွား တဦးကပြောပါတယ်။ ရွှေသံလွင်၊ အေရှားဝေါ၊ ထူး အပါဝင် ကုမ္ပဏီကြီးအားလုံးနီးပါးဟာ အစိုးရနဲ့ ပေါင်းပြီး ရိုက်စားလုပ်နေတဲ့ ခရိုနီတွေဖြစ်ပေမဲ့လည်း ဒီလိုလမ်းဖောက်ပြီး အခွန်ကောက်စားတဲ့ အိုင်ဒီယာကတော့ သိပ်မဆိုးဘူးလို့ ထင်ပါတယ်။ အနည်းဆုံးတော့ ကျနော်တို့လို သာမန်ခရီးသည်တွေ လမ်းကောင်းကောင်းပေါ်မှာ ဘတ်စ်ကားစီးခွင့် ရတာပေါ့။ ဒါပေမဲ့ တချို့ကုမ္ပဏီတွေဟာ လမ်းဘေး ဝဲ-ယာက သစ်တောတွေကို စိတ်ကြိုက်ခုတ်ယူ၊ လယ်ယာ၊ ဥယျာဉ်တွေကို သိမ်းယူတာမျိုးလည်း ရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ဘာဖြစ်ဖြစ် မော်လမြိုင် – ထားဝယ် – မြိတ် – ကော့သောင်းဘက် လမ်းတွေကိုလည်း ဒီကုမ္ပဏီတွေက ဆက်ဖောက်ပေးသင့်တယ်လို့ ထင်မိပါတယ်။

ဒီလို တွေးလို့ကောင်းတုန်းမှာ ကားကရပ်လိုက်ပြီး “ထမင်းစားလို့ရတယ်၊ ကျန်းမာရေးလုပ်လို့ရတယ်” ဆိုတဲ့အသံ ထွက်လာပါတယ်။ ဆိုင်းဘုတ်ကို ကြည့်လိုက်တော့ ဘီလင်းမြိုနယ်ထဲ ရောက်နေပြီ။ ဒီအရပ်ရှိ ကျန်းမာရေး လုပ်တဲ့နေရာက အတော်ကောင်းပါတယ်။ ကားအကောင်းစားမို့လို့ ဆိုင်အကောင်းစားမှာရပ်ပြီး ထမင်းစား၊ ကျန်းမာရေးလုပ်တာလည်း ဖြစ်နိုင်ပါတယ်။ သေချာတာကတော့ ကလိန်အောင်က ကျမ်းမာရေးခန်း၊ ထမင်းစားခန်းတွေထက် ဘီးလင်းက အခန်းတွေက အများကြီးသာပါတယ်။ ထိုင်းနဲ့ ပိုတူနေပြီး နိုင်ငံခြားသား ခရီးသွားတချို့ကိုလည်း မြင်ခဲ့ရပါတယ်။

ဒါပေမဲ့ အသေချာကြည့်တော့ အဲဒီနိုင်ငံခြားသားတွေက ကမ္ဘာလှည့်ခရီးသည်တွေ မဟုတ်။ UN အမှတ် ဘယ်လောက်၊ အထူးအဖွဲ့လို့ ရေးထားတဲ့ ဖိုးဝှီးကားပေါ် တက်သွားတာကို မြင်ရပါတယ်။ သူတို့ကားရဲ့ နံရံမှာတော့ သေနတ်တလက်ကို ကြက်ခြေခတ်ထားတဲ့ သင်္ကေတ တွေ့ရပါတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်က သေနတ်ကိုကြက် ခြေခတ်ထားတဲ့ နိုင်ငံခြား NGO မျိုး ဒီအရပ်မှာ မတွေ့ဖူးခဲ့ပါ။

တကယ်တော့ ဘီးလင်းဆိုတာ ၂၀၀၀ ပြည့့်လွန် နှစ်တွေအထိ ABSDF ကျောင်းသားတွေ၊ KNU တပ်တွေ မကြာခဏ ရောက်ခဲ့တဲ့နေရာပေါ့။ အခု ကျနော် ထမင်စားနေတဲ့ ဆိုင်ရဲ့ ဟိုမှာဖက်ကမ်းဟာ KNU တပ်မဟာ ၁ နယ်မြေလေ။ ကျောင်းသားတပ်ရင်းတွေ အခြေစိုက် လှုပ်ရှားခဲ့တဲ့နယ်မြေပေါ့။ အခုတော့ အဲဒီထဲက တဦးဖြစ်တဲ့ကျနော်က ဘီးလင်းထမင်းဆိုင်မှာ ရောက်နေပြီး နောက်ထပ် ကျောင်းသား ၃-၄ ဦးကတော့ MPC လို့ လူသိများတဲ့ မြန်မာ ငြိမ်းချမ်းရေး စင်တာမှာ တာဝန်ထမ်းနေကြတယ်လို့ သိရပါတယ်။ နောက်တခါ အရင်က နယ်စပ်မှာ အခြေစိုက်တဲ့ နိုင်ငံခြား NGO တချို့က စစ်ရပ်စဲရေး၊ မြေမြှုပ်မိုင်း ရှင်းလင်းရေး၊ ဒုက္ခသည် ကူညီရေးအတွက် ဆောင်ရွက်နေပါပြီ။ KNU ဆက်ဆံရေး ရုံးတွေတောင် ဒီမြို့တွေမှာ ဖွင့်ထားပြီးတဲ့အထိ အခြေနေက ပြောင်းလဲနေပါပြီ။ ဒါပေမဲ့ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာတဲ့ အဆင့်ထိတော့ မတက်နိုင်သေးဘူးလို့ သိရပါတယ်။

ပတ်ဝန်းကျင်ကို ငေးမောရင်း၊ အဲဒီ ပတ်ဝန်းကျင် နောက်ကွယ်က “တောင်ပေါ်မြေရဲ့ အခြား တဖက်မျက်နှာ” က ဖြစ်စဉ်တွေကို စဉ်းစားရင်းနဲ့ ကားက စစ်တောင်းတံတားသစ်ကို ကျော်ပြီး ဘုရားကြီးဘက်ရောက် လာပါတယ်။ ဒါပေမဲ့ ထူးခြားတာက ဘုရားကြီးကနေ ပဲခူးဘက်ကို ဆက်မသွားဘဲ တခြားဘက်ဆီ ကားက ဦးတည်လာတဲ့အတွက် ဘယ်ကိုမောင်းနေတာလဲလို့ ဘေးထိုင်ခုံကလူကို မေးကြည့်ပါတယ်။ ဒါပေမဲ့ သူလည်း မသိဘူး၊ အရင်ကတော့ ဒီလမ်းက မသွားဘူးလို့သာ အဖြေရခဲ့ပါတယ်။ ကျနော်တို့ အဲဒီလို အပြန်အလှန် ပြောရင်းနဲ့ ကားက လမ်းမသစ် အကောင်းစားကြီးတခုဆီ ရောက်လာပါတယ်။

“မန္တလေးသို့” နဲ့ “ရန်ကုန်သို့” ဆိုတဲ့ ဆန့်ကျင်ဘက် ဆိုင်းဘုတ် ၂ ခုကို တွေ့လိုက်ကတည်းက ဒါ နေပြည်တော် လမ်းသစ်ဖြစ်မယ်လို့ ထင်လိုက်ပါတယ်။ ကျနော်တို့ကားက ရန်ကုန်သို့ ဆိုတဲ့ဘက်ကို ဆက်မောင်းလာပြီး ဗီဒီယိုသတင်းတွေထဲမှာ မြင်ခဲ့ရတဲ့အတိုင်း တကယ့်ကို ကွန်ကရစ်လမ်းမကြီး။ တချို့ နေရာတွေမှာ ၆ လမ်းသွား။ တချု့ နေရာတွေမှာ ၄ လမ်းသွား။ ဒါပေမဲ့ အချိန်က ညနေ ၇ နာရီဝန်းကျင် ဖြစ်နေတဲ့အတွက် မြင်ကွင်းက သိပ်မရှင်းလှတော့ပါ။

နောက်တနေ့ မနက်မှာတော့ နေပြည်တော်ကို သွားဖို့အတွက် မြောက်ဥက္ကာလာဘက်ရှိ အောင်မင်္ဂလာ အဝေးပြေးကားဂိတ်ဆီ ပြေးရပါတယ်။ ရန်ကုန်-နေပြည်တော် အထူးဘတ်စကားက ၆၀၀၀ ကျပ်သာ ပေးရပေမယ့် မြို့ထဲနဲ့ အောင်မင်္ဂလာကားဂိတ် တက္ကစီခက ၃၅၀၀ ထွက်သွားပါတယ်။ မော်လမြိုင်က အဝေးပြေးကားဂိတ်က ထိုင်းနဲ့ တူပါတယ်လို့ ပြောခဲ့မိတဲ့ ကျနော်ဟာ အခု မဟာရန်ကုန် အဝေးပြေးကား ဂိတ်ကျမှ ချီးကျူးမိတာ ဆန္ဒစောသွားပြီ ဆိုတာကို သိလိုက်ပါတယ်။

ကားဂိတ်နေရာက တကယ့်ကိုဗျောက်သောက်။ အထူးဘတ်စကားလိုင်းတွေရဲ့ ရုံးခန်းတွေ၊ နားနေခန်းတွေ၊ အိမ်သာတွေ ကောင်းပေမဲ့ အဲဒီဂိတ်ဆီ သွားရာလမ်းတလျှောက်က စိတ်ညစ်စရာ။ ဂိတ်ဝင်းလေးက ကျဉ်းကျဉ်းလေး။ ရပ်ထားတဲ့ ကားတွေက အများကြီး၊ စနစ်ကျမှု လုံးဝမရှိ။ ထိုင်းက ဂိတ်တွေလို ကားရပ်ဖို့နေရာ စီစဉ်ပေးထားတဲ့ ဖလက်ဖောင်းမျိုး လုံးဝမရှိပါ။ ပလက်ဖောင်းတောင် မရှိမှတော့ ဘယ်ကားက ဘယ်ပလက်ဖောင်းကနေ ထွက်မယ်ဆိုတာ ဘယ်လိုမှ သတ်မှတ်လို့မရတော့။ ထိုင်းမှာတော့ မဲဆောက်လို မြို့လေးကအစ ပလက်ဖောင်းနံပါတ်ပါတဲ့ ကားဂိတ်တွေ စနစ်တကျ လုပ်ထားတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာတော့ ထားဝယ်၊ မော်လမြိုင်ကနေ အခု ရန်ကုန်ရောက်တဲ့အထိ ပလက်ဖောင်းပါတဲ့ ကားဂိတ်မျိုး မတွေ့ရဘဲ ကြုံသလိုရပ်၊ အဆင်ပြေသလို တက်-ဆင်း လုပ်နေကြတာကိုသာ တွေ့နေရပါတယ်။ အဝေးပြေး ဂိတ်အတွင်းတင် ကားကျပ်တာ မဟုတ်။ ဂိတ်ဝန်းကျင်က အရံကားတွေ ရပ်ထားတဲ့ နေရာတွေကလည်း စနစ်ကျမှုဘာမှမရှိ။ လယ်ကွင်းထဲ မြေဖို့ထားတဲ့ ကွင်းပြင်အပေါ် ဘတ်စ်ကားတွေ ရာနဲ့ချီ ရပ်ထားတာကို တွေ့ရပါတယ်။ နောက်တခါ ဈေးရောင်းသူတွေ၊ အကြော်သည်တွေ အသံကလည်း တစာစာ။ ဟွန်းတီးသံက တညံညံ။ ဒီကြားထဲ မိုးကပါ ရွာချလိုက်တော့ ဗွက်ထနေတဲ့ မြေကွင်းပေါ်မှာ သိုင်းကွက်နင်းပြီသာ မလျှောက်တတ်ရင် နေပြည်တော် မရောက်ဘဲ ဗွက်အိုင်ထဲ အရင်လဲသွားနိုင်ပါတယ်။

ဒါပေမဲ့ ကားပေါ်ရောက်တဲ့ အခါမှာတော့ ကားအပြင်ဘက်က အခင်းအကျင်းနဲ့ ဘာမှမဆိုင်။ ဘန်ကောက်- ချင်းမိုင် ကားတွေထက်တောင် (အိမ်သာ မပါတာကလွဲရင်) ပိုကောင်းနေပါတယ်။ ကားစပယ်ယာက မြန်မာ-အင်္ဂလိပ် နှစ်ဘာသာနဲ့ ကောင်းမွန်သေသပ်စွာ နှုတ်ဆက်ပြီး ယဉ်မောင်းတွေက ဘယ်သူတွေ၊ ဘယ်ကုမ္ပဏီက လက်မှတ်ရထားသူတွေ စသဖြင့် ကွန်ပြူတာက ထွက်လာတဲ့ စကားလုံးတွေလို့ ထင်ရတဲ့အထိ ညီညာသံစဉ်နဲ့ ချိုမြစွာ ပြောပြနေပါတယ်။ ပြီးတော့ လက်ကိုင်တယ်လီဖုန်းနဲ့ အိတ်ဆောင် ကွန်ပြူတာအတွက် ဘက်ထရီ အားသွင်းတဲ့ နေရာကိုလည်း ကားပေါ်မှာ ဖန်တီးပေးထားပါတယ်။

အဲ … ဒီကားပေါ်မှာတော့ “ကားပေါ် ထမင်းမစားရ” ဆိုတဲ့ စာတန်း မရှိတော့ပါဘူး။ အားလုံး ကော်ဖီ သောက်သူသောက်၊ မုန့်စားသူစားပေါ့။ ဒီလိုနဲ့ ကားက မနေ့က လာရာလမ်းအတိုင်း မင်္ဂလာဒုံ၊ ထောက်ကြံံ့ကနေ နေပြည်တော် အထူးလမ်းမကြီးပေါ် တက်လာခဲ့ပါတယ်။ ပဲခူးလမ်းခွဲရောက်တော့ ပဲခူးဘက် မဝင်တဲ့အတွက် မနေ့ကရော၊ ဒီနေ့ပါ ပဲခူးကို ကျနော်မရောက်ဖူးလိုက်ပါ။ တကယ်က ပဲခူးတင် မကပါဘူး။ နေပြည်တော်လမ်းက နေပြည်တော်ကလွဲပြီး ဘယ်မြို့ကိုမှ မဝင်ပါ။

မိုင် ၂၀၀ ကျော် ရှည်လျှားပြီး ကတ္တရာမပါ ကွန်ကရစ်သက်သက် ခင်းထားတဲ့ ဒီလမ်းမကြီးဟာ  ကားမှောက်မှု အများဆုံးလမ်းအဖြစ် နာမည်ကြီးနေတဲ့အတွက် ကားစီးရတာကလည်း ခပ်လန့်လန့်။ ဒါပေမဲ့ ယာဉ်မောင်းတွေက အတော်ကျွမ်းကျင်ပုံရပြီး ကားကလည်း ကောင်းပါတယ်လေလို့ဆိုပြီး စိုးရိမ်မှုကို သက်သာအောင် လျှော့ချရပါတယ်။ လုံး၀ အသစ်ကျပ်ချွတ်ဖြစ်ပုံရတဲ့ ဒီကားလမ်းကြီး တလျှောက်မှာ ကားလမ်းနဲ့ ကားကလွဲပြီး တခြားဘာမှမရှိ။ ပဲခူးရိုးမတလျှောက် ဖောက်ထားတယ် ဆိုပေမဲ့ အံသြဘွယ် ကောင်းလောက်အောင်ကို သစ်ကြီးဝါးကြီးတပင်မှ မတွေ့မိ။

ပဲခူးအလွန်မှာ လယ်ကွင်းလေးတွေ၊ ဗွက်တောလေးတွေ တွေ့ရပေမဲ့ တဖြည်းဖြည်းနဲ့ လယ်ကွင်းတွေမရှိတော့ဘဲ တောအုပ်ငယ်လေးတွေ၊ ခြောက်သွေ့ ကွင်းပြင်ငယ်လေးတွေကိုသာ တွေ့ရပါတယ်။ ပြီးတော့ လုပ်အားပေးစခန်းလို နေရာလေးတွေ ဟိုတကွက်၊ ဒီတကွက်။ ကားလမ်းဘေးမှာ မြို့မရှိတဲ့အပြင် ရွာလည်း မရှိပါဘူး။ နောက်တခါ ပတ်ဝန်းကျင် မြင်ကွင်းကလည်း အပြောင်းလဲ မရှိပါဘူး။ ကားလမ်းက အကွေ့ အကောက်လည်း မရှိ၊ အတက်အဆင်းလည်း သိပ်မရှိတဲ့အတွက် ကားကရှေ့ကို သွားလို့သွားနေမှန်းတောင် သိပ်မသိသာ။ ကျနော့် စိတ်ထဲမှာတော့ ကားစီးနေရတာနဲ့မတူဘဲ ရထားစီးနေရသလိုလို၊ သင်္ဘောစီးနေ ရသလိုလို ခံစားမိပါတယ်။

မြင်ကွင်းကလည်း မပြောင်း၊ ဓာတ်ပုံရိုက်ဖို့ကလည်း အကွက်အကွင်း မကောင်းလို့ စိတ်ညစ်ပြီး ခဏအိပ်ပျော် သွားတဲ့အချိန်မှာ “ထမင်းစားလို့ရပြီ၊ ကျန်းမာရေး လုပ်လို့ရပြီ” ဆိုတဲ့ စပယ်ယာရဲ့ ချိုသာတဲ့အသံကို ကြားလိုက်ရပါတယ်။ ကားဘေးကို ကြည့်လိုက်တော့ “၁၁၅ မိုင် စားသောက်ဆိုင်တန်းများ” ဆိုတဲ့ ဆိုင်းဘုတ်နဲ့ တကယ့် ဆိုင်အကြီးကြီးတွေ။ အိမ်မက်များ မက်နေသလား၊ စိတ်ကူးယဉ် စာပေထဲကလိုမျိုး တောတောင်တွေထဲရှိ သိုက်နန်းထဲက မြို့တခုဆီများ ရောက်နေသလားဆိုပြီး ကိုယ်မျက်လုံးကို ပွတ်သပ်မိတဲ့ အထိပါပဲ။ ရွာတောင်မရှိတဲ့ ဒီလမ်းတလျှောက်မှာ ဒီဆိုင်ကြီးတွေက ဘယ်လို ရောက်နေတာပါလိမ့်။

စပယ်ယာကို မေးကြည့်တော့ ဒီလမ်းတလျှောက်မှာ ဒီဆိုင်တန်းမှအပ တခြား ဘာဆိုင်မှ မရှိ။ ကားလည်း ဘယ်မှာမှမရပ်ဘဲ ဒီတနေရာတည်းသာ ရပ်တဲ့အတွက် ဒီဆိုင်မှာ တခုခုစားသွားသင့်တယ်လို့ စပယ်ယာအမျိုးသမီးက အဆိုပြုပါတယ်။ ဘာစားရင် ကောင်းမလဲဆိုပြီး ဆိုင်းဘုတ်တွေကို ဖတ်ကြည့်တော့ “မြန်မာ၊ ယိုးဒယား၊ တရုတ်၊ အင်း+ရှမ်း၊ ဥရောပနှင့် ဂျပန်အစားအစာများ” ရနိုင်သည်ဆိုတဲ့ ဆိုင်းဘုတ်ကြီးတခုကို တွေ့ရပါတယ်။ ရှမ်းနဲ့ အင်း အစားစာဆိုပြီး သီးခြားတွေ့တော့မှ မြန်မာ့ရိုးရာ အစားအစာက ဘာတွေလဲ။ ဆီပြန်ဟင်း၊ မုန့်ဟင်းခါးနဲ့ လဖက်သုတ်လောက်ပဲ ရှိတာလားလို့ စဉ်းစားမိပါတယ်။ ဆီပြန်ဟင်းကို စိုးရွံ့နေတဲ့ ကျနော်ဟာ ကော်ဖီ သောက်မလားဆိုပြီး ကော်ဖီစက်လိုက်ရှာပေမဲ့ မရှိသေးပါ။

စားသောက်ဆိုင်တန်းနောက်က ကျန်းမာရေးအခန်းကို ဝင်သွားတော့ ကောင်းလိုက်တဲ့ အခန်း။ ကျနော့် ခရီးစဉ်တလျှောက် တွေ့ဖူးသလောက် အိမ်သာတွေထဲမှာ နေပြည်တော် အဝေးပြေးကားဂိတ်က အိမ်သာက အကောင်းဆုံးပါပဲ။ အားလုံး ဘိုထိုင်တွေ၊ ဘိုမတ်တပ်ပန်းတာတွေနဲ့ သန့်သန့်ပြန့်ပြန့်။ အကောင်း တွေချည်း တွေ့နေရတဲ့ ကျနော်ဟာ ဒါတွေကို ရှုတင်အဖြစ်များ လုပ်ထားသလားဆိုပြီး သံသယဝင်လာပါတယ်။

အဲဒီလိုသားနားလှတဲ့ ဆိုင်တန်းရဲ့ အခြားတဖက်က ခပ်စုတ်စုတ် ကွမ်းယာဆိုင်တန်းလေး၊ အတိုအထွာ ရောင်းတဲ့ ဆိုင်တန်းလေးတွေဘက် လှည့်ခဲ့ပါတယ်။ “ကျနော်တို့က ဒေသခံတွေလေ၊ သူတို့က ရန်ကုန်ကနေ အခုမှ ရောက်လာသူတွေပေါ့” လို့ ကွမ်းယာလည်းရောင်း၊ သူကိုယ်တိုင်လည်း ကွမ်းအတော်ကြိုက်ပုံရတဲ့ အသက် ၃၀ ဝန်းကျင် ဆိုင်ရှင်အမျိုးသားက ပြောပါတယ်။ ပြီးတော့ အာဏာရှိသူ၊ လုပ်ပိုင်ခွင့်ရှိသူနဲ့ မပိုင်ရင် ဒီခေတ်မှာ ဘာမှလုပ်စားလို့ မရတဲ့အကြောင်း၊ ဒီဆိုင်တန်းကြီးတွေ အားလုံးဟာ အဲဒီလို ပိုင်ရာဆိုင်ရာ လူတွေက လုပ်ထားတာလို့ သူက မကျေမနပ်နဲ့ ပြောဆိုနေပါတယ်။

ဒီလိုဆိုင်တွေ ရှိလာတဲ့အတွက် ဒေသခံတွေ အလုပ်အကိုင် တိုးရလာတာမျိုးရော မဖြစ်လာဘူးလားဆိုတဲ့ အမေးကိုတော့ သူက သိပ်ဘဝင်ကျပုံမရ။ “အဲဒါက မပြောပလောက်ပါဘူးဗျာ။ ကားလမ်းဖောက်စဉ်က သိမ်းထားတဲ့ လယ်တွေ၊ ခြံတွေနဲ့စာရင် ဘယ်ပြောပလောက်မလဲ” ဆိုပြီး သူက တုန့်ပြန်ပါတယ်။ ဒီကားလမ်းက တောတွေချည်း ဖြတ်ဖောက်တာ မဟုတ်ဘူးလားဆိုတော့ မဟုတ်ဘူး၊ လယ်တွေ၊ ခြံတွေ အသိမ်းခံထားရတယ်လို့ သူက ဆိုပါတယ်။ “ခရီးသည်တွေကလည်း သူတို့ဆိုင်ချည်းပဲ ဝင်ကြတယ်ဗျာ။ ကျနော့်ဆိုင်ဘက် ကွမ်းယာလာဝယ် သူက တဆယ်မှာ တယောက်တောင် မရှိဘူး” လို့ ဒေသခံဆိုင်ရှင်က ပြောပါတယ်။

ကျနော်တို့ အဲဒီလိုပြောနေစဉ် လူတယောက်ဝင်လာပြီး ကွမ်းယာဝယ်သွားပါတယ်။ သူစီးလာတဲ့ ကားကို ကြည့်လိုက်တော့ ဖိုးဝှီးအကောင်းစား။ ဒီမှာရပ်ထားတဲ့ ကိုယ်ပိုင်ကားတွေရော၊ ဘတ်စကားတွေရော အားလုံး တကယ့် အကောင်းစားတွေ။ ခပ်ညံ့ညံ့ကားတွေ ဒီအထူးလမ်းပေါ် မောင်းခွင့်မရှိဘူးလို့ ဆိုပါတယ်။ ကားပေါ်ကလူတွေကလည်း ခပ်ညံ့ညံ့ပုံတွေ မဟုတ်။ အားလုံး ပြောင်ပြောင်ရောင်ရောင်တွေ။ တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ အားလုံးဟာ ဒေသခံ ဆင်းရဲသား လူထုဘဝနဲ့ လုံး၀ ကင်းကွာနေပြီး တောထဲမှာ လာဆောက်ထားတဲ့ ရှုတင်နဲ့ ဇာတ်ဝင်ခန်းထဲက လူတွေလို ဖြစ်နေပါတယ်။

၁၁၅ မိုင်စခန်းကနေ နောက်ထပ် မိုင် ၁၀၀ ခန့်ကို ထူးမခြားနည်းနဲ့ ဖြတ်သန်း ပြီးတဲ့အခါမှာတော့ နေပြည်တော်ဒေသဆီ ရောက်လာပါတယ်။ နေပြည်တော်ဆိုတာ မြန်မာနိုင်ငံမှာ နောက်ဆုံးပေါ်မြို့ ဖြစ်တာနဲ့အညီ မြို့အဝင်မှာ ဘာသစ်ပင်မှ မရှိ။ လယ်ကွင်းလိုလို တောရိုင်းလိုလို နေရာတွေကို ဘူဒိုဇာနဲ့ ထိုးဖြိုထားပြီး အဆောက်ဦအသစ်တွေ ဆောက်နေတာကို မြင်ရပါတယ်။ ပြီးတော့ ရာဇဝင်ထဲက အမည်တွေလို ခေါ်ရခက်၊ မှတ်ရခက်တဲ့ ပါဠိသက် စကားလုံးတွေပါတဲ့ မြို့အမည်တွေကို စပယ်ယာက ရွတ်ပြပြီး ဘယ်မှာဆင်းကြမလဲလို့ မေးပါတယ်။ တခါမှ မရောက်ဖူးသေးတော့ ဘယ်မှာဆင်းရမှန်း ကျနော်မသိပါ။ စက်ဘီးသမားတွေ ပြောထားတဲ့အတိုင်း “စည်ပင်ရိပ်သာ၊ ရွေကြာပင်စခန်း” လို့ပြောလိုက်ပါတယ်။

ဟော … နေပြည်တော်ကို စဝင်ပါပြီ။ ရုပ်ရှင်ရိုက်ဖို့ ဆောက်ထားတဲ့ တကယ့်ရှုတင် အတိုင်းပါပဲ။ ကောင်းလိုက်တဲ့ ကွန်ကရစ်လမ်းရဲ့ တဖက်တချက်စီမှာ လှပခန့်ငြားတဲ့ ပန်းပင်တွေ၊ သစ်ပင်တွေနဲ့ လူနေအိမ် အကောင်းစားတချို့။ ပြီးတော့ အမည်မှတ်ရခက်တဲ့ ပါဠိသက် မြို့ငယ်တခုရဲ့ လမ်းလေးဆုံ။ လမ်းဆုံဘေးက အုတ်တံတိုင်းတွေ လေးဖက်လေးတန် ခပ်ဆင်ဆင်မို့ ကားဝင်လာတဲ့လမ်းနဲ့ ပြန်ထွက်တဲ့လမ်းတောင် သိပ်မကွဲပြားလှ။ အဲဒီလမ်းဆုံကို ကျော်ပြီးတာနဲ့ ဟိုတယ်ဇုန်ထဲ ရောက်လာပါတယ်။ ရှေ့မှာပြောခဲ့တဲ့ ရှုတင်ထက် ပိုပြီး ရှုတင်ဆန်တဲ့ မြင်ကွင်းတွေပေါ့။ တကယ့် ဧရာမဟိုတယ်ကြီးတွေ။ အနောက်တိုင်း အမည်တွေရော၊ ပါဠိသက် အမည်တွေရော စုံလို့ပါပဲ။ တချို့က ပြီးနေပြီ၊ ဧည်သည်တွေ တည်းနေပြီဖြစ်ပေမဲ့ တဝက်လောက်က အခုမှဆောက်နေဆဲ တန်းလန်းကြီး။

အဲဒီအကောင်းစား ဟိုတယ်တွေဘေးရှိ အကောင်းစား ကားလမ်းမဘေးက မြက်တောစပ်တခုမှာတော့ ကျွဲလှည်း ၃ စီး ဖြတ်မောင်းလာတာကို မြင်လိုက်ရပါတယ်။ ကင်မရာထုတ်ဖို့ အချိန်မရလိုက်လို့ နေပြည်တော်ရဲ့ သရုပ်မှန်ပုံတခု သို့မဟုတ် ဒေသခံနဲ့ ဧည့်သည်တွေရဲ့ ဘဝနေနည်း ကွာခြားပုံအကြောင်း မှတ်တန်းတခု လက်လွတ်ခံလိုက်ရပါတယ်။ ဟိုတယ်ဇုန် အလွန်မှာတော့ ရေကန်တွေ၊ ပန်းခြံတွေ၊ ရေပန်းတွေနဲ့ လှပခန့်ငြား အိမ်မက်ထဲက မြို့အလားပေါ့။ ဒီလိုနဲ့ ဘတ်စကားက မှတ်ရခက်ပြီး ခပ်ဆင်ဆင်တူတဲ့ နောက်ထပ် လမ်းဆုံ ၂ ခုလောက်ကို ကျော်ပြီးတာနဲ့ မြို့မဈေးဆီ ရောက်လာပါတယ်။ ၁၁၅ မိုင်ရှိ ဈေးတန်းနဲ့အပြိုင် သားနားနေပေမဲ့ နေပြည်တော် ကားဂိတ်မှာလည်း ကားရပ်ဖို့ ပလက်ဖောင်းမရှိ၊ ဂိတ်နံပါတ် မရှိသေးပါ။

အဲဒီအချိန်မှာ စက်ဘီးသမားတွေဆီက တယ်လီဖုန်းဝင်လာပြီး သူတို့လည်း မြို့မဈေးမှာ ရောက်နေတယ်ဆိုတာနဲ့ ဒီမှာပဲ ဆင်းလိုက်ပါတယ်။ Myanmar တံဆိပ်ပါတဲ့ SEA Games စက်ဘီးစီးအကျႌ ဝတ်ထားတဲ့ လူတစု ဆိုင်ကယ်အကြီးစားတွေနဲ့ ရောက်လာပါတယ်။ “ထားဝယ်ကြီး တက်၊ အဆောင်ကိုပြန်မယ်” ဆိုတာနဲ့ သူတို့ခေါ်ရာနောက် လိုက်လာခဲ့ပါတယ်။ မြို့မဈေးကနေ ရေကန်တွေ၊ ပန်းခြံတွေကိုဖြတ်။ အဲဒီလို ပန်းခြံတွေ၊ ကားလမ်းမဘေးက အလှပြစိုက်ခင်းတွေအတွက် ရောင်းတန်းဝင် လုပ်ထားတဲ့ မျိုးဥယာဉ်ကိုဖြတ်။ လူလည်းမရှိ၊ ဂိတ်တံတခါးလည်းတခါမှ ဖွင့်တာမတွေ့မိတဲ့ နေပြည်တော် မြို့တာ်ခန်းမဆိုတာတွေကို ဖြတ်ပြီးတဲ့နောက် စည်ပင်ဧည့်ရိပ်သာ ၂ ဆီ ရောက်လာပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက လွှတ်တော်အမတ်တချို့ နော်ဝေကို ရောက်လာစဉ် ပြောပြဖူးတဲ့အတွက် စည်ပင် ဧည့်ရိပ်သာ ညံ့တဲ့အကြောင်း အကြမ်းဖျင်းသိပြီးဖြစ်ပေမဲ့ ဒီလောက်အထိ အဆင့်နိမ့်လိမ့်မယ်လို့ ထင်မထားပါ။ ဒါပေမဲ့ ဈေးကတော့ အလွန်ပေါပါတယ်။ ၃ ယောက်အခန်းတခုကိုမှ တရက် ကျပ် ၆၀၀၀ ဆိုတော့ တယောက်မှ ၂၀၀၀ ပဲ ကျတာပေါ့။ ဒါပေမဲ့ နိုင်ငံတကာမှာ ကျနော်တွေ့ဖူးသမျှ အိပ်ခန်းတွေဟာ ၂ ယောက်အိပ် ကုတင်တလုံးတည်း ပါတဲ့အခန်း၊ ကုတင် ၂ လုံးပါတဲ့ ၂ နှစ်ယောက်အိပ်ခန်း တွေသာများပေမဲ့ နေပြည်တော်ကျမှ ထူးထူးခြားခြား ကုတင် ၃ လုံးပါတဲ့ အခန်းတွေချည်း အဆောင်ပေါင်း ရာနဲ့ချီ ပုံစံတူ ဆောက်ထားတာ မြင်ရပါတယ်။

ဒီအဆောင်တွေမှာ နိုင်ငံခြားသား တည်းခွင့်မရှိဘူးလို့ ကြားဖူးတဲ့အတွက် ကျနော့်အမည်နဲ့ ဧည့်စာရင်း မသွင်းတော့ဘဲ အားကစားသမားတွေအတွက် ခွဲတန်းထဲက ကုတင်လွတ်တလုံးမှာ ဒီတိုင်းပဲ စခန်းချလိုက်ပါတယ်။ ကျနော့် စိတ်ထဲမှာတော့ မြို့တော်သစ် နေပြည်တော်က ဧည့်ခန်းဆောင် အသစ်ထဲရောက်နေတယ်လို့ ဘယ်လိုမှ ခံစားလို့မရ။ လွန်ခဲ့တဲ့ ၂၅ နှစ်က မကြာခဏ တည်းခဲ့ဖူးတဲ့ အောင်ဆန်းကွင်းထဲက အားကစားသမားတွေရဲ့ စုပေါင်းအခန်းမှာ နေရသလိုမျိုးသာ ခံစားနေမိပါတယ်။

ဒီဧည့်ရိပ်သာ အဆောင်တွေရဲ့ အဓိက အားနည်းချက်ကတော့ ရေချိုးခန်းပါပဲ။ ဘိုထိုင်အိမ်သာ မပါတဲ့အပြင် ရေစီးရေဆင်း လုံးဝမကောင်းပါ။ ချိုးပြီးသားရေတွေက အပေါက်ထဲ မဆင်းဘဲ အိုင်နေတဲ့အတွက် ရေချိုးခန်းဝင်ရင် ချော်လဲနိုင်သလို အဲဒီ အိုင်နေတဲ့ရေက ခြင်ကိုပါ မွေးပေးနိုင်တဲ့အတွက် အတော့်ကို ကသိကအောင့် ဖြစ်ရပါတယ်။ “အခုတော့ လွှတ်တော် ကိုယ်စားလှယ်တွေက ဒီလိုအခန်းမှာ မနေတော့ဘူး။ ဟိုဘက်မှာမြင်ရတဲ့ အဲကွန်းပါတဲ့ တသောင်းခွဲတန် အခန်းတွေနဲ့ဖြစ်သွားပြီ” လို့ စက်ဘီးသမားတဦးက ပြောပါတယ်။ ကျနော် ရောက်တဲ့အချိန်မှာ လွှတ်တော်ရပ်ထားချိန်ဖြစ်လို့ နေပြည်တော် ပါလီမန်ကနေ ဒီမိုကရေစီအရေး ဆောင်ရွက်မယ်လို့ ပြောနေတဲ့ အမတ်မင်းတွေနဲ့ တွေ့ခွင့် မရလိုက်ပါ။

မြို့တော်သစ်က စနစ်မကျတဲ့ ရေချိုးခန်းထဲ သန့်ရှင်းရေးလုပ်ပြီးတဲ့နောက် ညနေစာ စားဖို့ ဆိုင်လိုက်ရှာရပါတယ်။ ကျနော်ရောက်နေတဲ့ ရိပ်သာ ၂ ဖက်က ဆိုင်တွေဟာ ဈေးကြီးပြီး စားစရာမစုံဘူးလို့ ဆိုတဲ့ အတွက် ကားလမ်းမကြီးတခုကို ပြန်ကျော်ပြီးသွားရတဲ့ ဧည့်ရိပ်သာ ၁ ဘက်ဆီ လမ်းလျှောက်လိုက်ရပါတယ်။ ဒီဖက်မှာတော့ အဝေးပြေးကားဂိတ်က ဆိုင်တွေလို ဧည့်ခေါ်သံတွေ ဆူညံနေပြီး အောင်ဆန်းကွင်းဘေးက မော်လမြိုင်လိုဆိုင်တွေ အပါအဝင် ဒါဇင်နဲ့ချီရှိတဲ့ ထမင်းဆိုင်တွေကို တွေ့ရပါတယ်။ ထမင်း တပွဲပြင်မှ ၁၅၀၀ လောက်ပဲ ပေးရပြီး ငါးပိနဲ့ တို့စရာတွေ အခမဲ့ဝန်ဆောင်မှု ပေးတဲ့အတွက် ထမင်းအစားများတဲ့ အားကစားသမားတွေအတွက် ကွက်တိပါပဲ။

နေပြည်တော်ဆိုတာ မြို့သစ်ဖြစ်တာနဲ့အညီ နေပြည်တော်မှာ မွေးတဲ့လူက အခုမှ ၅ နှစ်အရွယ်လောက်သာ ရှိနိုင်သေးတဲ့အတွက် ဒီမှာတွေ့တဲ့လူ အားလုံးဟာ ဧည့်သည်တွေ ချည်းပဲပေါ့။ အားလုံး ဧည့်သည်တွေဆိုတဲ့အတိုင်း တဦးနဲ့တဦး မသိကြ။ ဘယ်သူကို ဘယ်သူမှန်း မသိဆိုတော့ နေပြည်တော်ရဲ့ လုံခြုံရေးစနစ်ကို ဘယ်လို စီစဉ်ထားလဲလို့ စဉ်းစားမိပါတယ်။ ဒါပေမယ့် ကိစ္စမရှိ။ အခု ကျနော်ရောက်နေတဲ့ နေရာက သာမန် အရပ်သားတွေအတွက် တည်းခိုခန်းသာဖြစ်ပြီး နိုင်ငံခြားသားတွေက ဒီအရပ်နဲ့ ၂ ကီလိုမီတာလောက် ဝေးတဲ့ ဟိုတယ်ဇုန်မှာ။ ဝန်ထမ်းတွေက မြို့မဈေးနဲ့ သိပ်မဝေးတဲ့အရပ်က သီးခြားဝန်ထမ်းအိမ်ယာမှာ။ ဝန်ကြီးတွေက ဒီအရပ်နဲ့ ၁၀ ကီလိုမီတာ ကျော်ဝေးတဲ့ ဝန်ကြီးဌာန ရုံးခန်းတွေမှာ။ စစ်ဗိုလ်တွေက ဒီအရပ်နဲ့ ၁၅ ကီလိုမီတာလောက်ဝေးနိုင်တဲ့ နေပြည်တော် စစ်ရုံးချုပ်ဝန်းကျင်မှာ။ ဒီတော့ ဧည့်ရိပ်သာ လုံခြုံရေးက သူတို့အတွက် ထည့်စဉ်းစားစရာ မဟုတ်လောက်ပါ။

နေပြည်တော်မှာ ရောက်နေတဲ့ ဧည့်သည်အများစုဟာ ဝန်ကြီးဌာနတွေဆီမှာ စာရွက်စာတန်းလိုချင်လို့ လာစောင့်နေသူတွေ။ အစိုးရနဲ့ မကင်းရာမကင်းကြောင်း ရှိသူတွွေ၊ အများအားဖြင့် လူလတ်ပိုင်းအရွယ်တွေ များကြပေမဲ့ သက်ကြီးရွယ်အိုနဲ့ ကလေးခလာက်တွေပါပါတဲ့ ဧည့်သည်တစုကိုလည်း ကျနော်တည်းတဲ့ ဘေးကအဆောင်မှာ ထူးထူးခြားခြား တွေ့ရပါတယ်။ “အဲဒါ ငါတို့မော်လမြိုင်ဖက်ကနေ တက်လာကြတဲ့ ဗုဒ္ဓဂါယာ ဘုရားဖူးတွေလေ” လို့ ဒိုင်လူကြီးတဖြစ်လဲ မွန်လက်ရွေးစင် စက်ဘီးသမားတွေက ပြောပါတယ်။ “ဗုဒ္ဓဂါယာသွားဖို့က နေပြည်တော်အထိ လာစရာလိုလို့လား။ ရန်ကုန်ကနေ ဗီဇာလာလျှောက်ပြီး သွားလည်း ရတယ်မဟုတ်လား” ဆိုပြီး ကျနော်က ပြန်မေးတော့ သူတို့က ဝိုင်းရယ်ကြပါတယ်။

ကျနော့်အမေးမှာ ဘာရယ်စရာပါလို့လဲ။ “ထားဝယ်ကြီး မင်း အဲဒါ ခက်တာပေါ့။ ရွေတိဂုံတို့ ဗုဒ္ဒဂါယာတို့က နေပြည်တော်မှာလည်း ရှိနေပြီလေကွာ” ဆိုတော့မှ သူတို့ရယ်တာကို ကျနော်သဘော ပေါက်လိုက်ပါတယ်။ ပြီးတော့ မနက်ဖြန်ဟာ ကဆုန်လပြည့်နေ့ ဖြစ်တဲ့အတွက် နေပြည်တော်ရှိ ပုံတူလုပ်ထားတဲ့ ဗုဒ္ဓဂါယာ ဖွင့်ပွဲကျင်းပမယ်၊ ဒါကြောင့် အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂါယာအစစ်ဆီ မသွားနိုင်တဲ့ နိုင်ငံတဝှမ်းက ဘုရားဖူးတချို့ အခုလို နေပြည်တော်ဆီ ရောက်နေကြဖြစ်တယ်လို့ သိလိုက်ရပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

Did you find apk for android? You can find new Free Android Games and apps.
Loading