ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) ရဲ့ လှုပ်ရှားနယ်မြေ ၄ ခုမှာ အစိုးရစစ်တပ်က တပ်ရင်း ၃၀ ကျော် တပ်စွဲထားလိုက်တဲ့အတွက် မိုးကုန်လို့ ပွင့်လင်း ရာသီရောက်လာရင် ရင်ဆိုင်တိုက်ပွဲ တွေ ဖြစ်လာဖို့ ရာခိုင်နှုန်းများနေတယ်လို့ TNLA စစ်ဦးစီးချုပ်က ပြောပါတယ်။
အစိုးရစစ်တပ်နဲ့ TNLA တပ်တွေဟာ မကြာခဏ တိုက်ပွဲတွေ ဖြစ်တာလည်း ရှိပါတယ်။
မန်တုံ၊ နမ့်ဆန်၊ မိုးကုတ်နဲ့ ကျောက်မဲ မြို့နယ်တွေက TNLA ရှေ့တန်း တပ်ရင်းတွေအနီးမှာ အစိုးရစစ်တပ်တွေက မျက်နှာချင်း ဆိုင်အနေအထား တပ်စွဲထားကြောင်း သိရပါတယ်။ အဲဒီတပ်တွေဟာ အရင် ကချင်ပြည်နယ်ဘက်မှာ လှုပ်ရှားနေတဲ့ တပ်တွဖြစ်ပြီး အစိုးရနဲ့ ကချင် လွတ်လပ်ရေးအဖွဲ(KIO) တို့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ပြီးတဲ့နောက် TNLA ဘက်ကို ဦးလှည့် ချထား တာလို့ ဆိုပါတယ်။
TNLA စစ်ဦးစီးချုပ် ဒုဗိုလ်မှူးကြီး တာဟိုပလန် က “အခုမိုးကာလတော့ သူတို့က ဒီတိုင်းပဲ ထိုး(တပ်စွဲ)ထားတယ်၊ ဆောင်းတွင်း ကာလမှာတော့ စစ်ပွဲကြီးကြီးမားမား ဖြစ်လာနိုင်မယ်လို့ မြင်တယ်”လို့ ဧရာဝတီနဲ့ တွေ့ဆုံတဲ့ အခါမှာ ပြောဆိုပြီး ထိုးထားတဲ့ အစိုးရ စစ်တပ်တွေရဲ့ လှုပ်ရှားမှုကို မျက်ခြည်မပြတ် စောင့်ကြည့်နေတယ်လို့လည်း ဆိုပါတယ်။
ကချင် လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်ပွားနေတဲ့ အချိန်တုန်းက ဒီနယ်မြေတွေမှာ အစိုးရ စစ်ကြောင်းတွေ လှုပ်ရှားမှု ရှိပေမယ့် အခုလို တပ်စွဲ အထိုင်ချတာတွေ မရှိတဲ့အကြောင်း၊ စစ်ကြောင်းလှုပ်ရှားချိန်မှာ ၆၀ မမ၊ ၇၅ မမ လက်နက်တွေကို အမြင့်ဆုံးအဖြစ် ကိုင်ဆောင် အသုံးပြုတာကိုတွေ့ရပေမယ့် အခုလက်ရှိ အထိုင်ချ တပ်စွဲထားတဲ့ တပ်တွေမှာ တာဝေးပစ် အမြောက် ၁၂၀ မမ လက်နက်ကြီးတွေပါ ပါဝင်တယ်လို့ သိရပါတယ်။
ဝန်ကြီးဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဟာ တခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့၁၀ ဖွဲ့ လောက်နဲ့ ပဏာမ အပစ်အခတ် ရပ်စဲရေးလုပ်ထားပြီး ဖြစ်ပေမယ့် TNLA ဘက်က တွေ့ဆုံ ဆွေးနွေးမှုတွေပြုလုပ်ဖို့ ကမ်းလှမ်း ထားတာကိုတော့ အစိုးရဘက်က အကောင်အထည်ဖော် ဆောင်ရွက်မှုတွေ မရှိသေးဘူးလို့ ဆိုပါတယ်။
လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNLA က KIA ၊ ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA) တို့နဲ့ စစ်ရေးအရ လက်တွဲပူးပေါင်းပြီး အစိုးရကို တော်လှန်တိုက်ခိုက်နေတာ ဖြစ်ပါတယ်၊ TNLA က KIA နဲ့ ထာဝရ မဟာမိတ်ဖွဲ့ထားတာဖြစ်သလို SSPP/SSA နဲ့လည်း မိတ်ဆွေဖွဲ့ပြီး လက်တွဲ တိုက်ပွဲဝင်နေတာပါ။
KIA က မကြာသေးခင်ကပဲ အစိုးရနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေပြီး SSPP/SSA ကတော့ အစိုးရနဲ့ ပဏာမ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားပြီး ဖြစ်ပါတယ်။ တကယ်လို့ KIA နဲ့ SSPP/SSA တို့ အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေးတွေ ခိုင်ခိုင်မာမာ ပြုလုပ် နိုင်ခဲ့မယ်ဆိုရင် TNLA ဟာ တဖွဲ့တည်း ကျန်ရှိနေရမယ့် အခြေအနေပါ။
၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးတဲ့နောက် ပလောင်(တအာင်း) လူမျိုးခေါင်းဆောင်တွေက စစ်မှန်သော ဖက် ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး၊ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးဆိုတဲ့ ဦးတည်ချက်တွေနဲ့ ၁၉၆၃ ခုနှစ်မှာ ပလောင် အမျိုးသား တပ်ဖွဲ့ (PNF) တည်ထောင်ခဲ့ပါတယ်။
၁၉၇၆ ခုနှစ်မှာတော့ PNF ကို ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်မတော်(PSLA) အဖြစ်ပြောင်းလဲခဲ့ပြီး ဗိုလ်ချုပ် တာခွန် သောင်း ဦးဆောင်ခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်မှာ နဝတ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့ပြီး စစ်အစိုးရရဲ့ ဖိအားပေးမှုတွေကို မလွန်ဆန်နိုင်တဲ့ PSLA ဟာ ၂၀၀၅ ခုနှစ်မှာ စစ်အစိုးရထံ လက်နက် အပြီးအပိုင် အပ်နှံခဲ့ရပါတယ်။
အမျိုးသား ဒီမိုကရေစီတပ်ပေါင်းစု(မဒတ) အဖွဲ့ဝင် ကိုယ်စားလှယ်အဖြစ် စေလွှတ်ထားတဲ့ PSLA အဖွဲ့ဝင်အချို့က စစ်အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အယုံအကြည်မရှိဆိုပြီး မိခင်အဖွဲ့အစည်းကို မပြန်တော့ဘဲ မာနယ်ပလောမှာ ကရင် အမျိုးသား အစည်းအရုံး(KNU) နဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ အကူအညီနဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး(PSLF) ကို ၁၉၉၂ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပါတယ်။
၂၀၀၉ ခုနှစ်မှာတော့ TNLA တပ်မတော်ကို ဖွဲ့စည်းခဲ့ပြီး ၂၀၁၁ ခုနှစ်နောက်ပိုင်းမှာ ပလောင်(တအာင်း)ဒေသ အတွင်းမှာ စစ် ဆင်ရေး စည်းရုံးရေး လုပ်ငန်းတွေကို အရှိန်မြှင့်ဆောင်ရွက်ခဲ့ပြီး အချိန်တိုအတွင်းမှာ အင်အား ၁၃၀၀ ကျော်တဲ့ တပ်မတော် တခု ပြန်ဖြစ်လာခဲ့ပါတယ်။ နမ့်ခမ်း၊ ကွတ်ခိုင်၊ မန်တုံ၊ နမ္မတူ၊ နမ့်ဆန်၊ ကျောက်မဲ (မိုင်းငေါ့)၊ မိုးမိတ်၊ မိုးကုတ် မြို့နယ်တွေမှာ TNLA တပ်ရင်း ၇ ခုဖြစ်တဲ့ ၁၀၁၊ ၁၁၂၊ ၂၅၆၊ ၃၆၇၊ ၄၇၈၊ ၅၂၇ နဲ့ ၇၁၇ တို့ လှုပ်ရှားနေပါတယ်။
TNLA တပ်ဖွဲ့ထဲမှာတော့ PSLA စစ်အရာရှိဟောင်းတွေ၊ စစ်သားဟောင်းတွေ၊ ဖွဲ့စည်းပြီးနောက် စည်းရုံး စုဆောင်းထားတဲ့ တပ်သား သစ်တွေနဲ့ ပလောင်(တအာင်း) ခေတ်ပညာတတ် လူငယ်တွေ တွေ့ရပြီး TNLA က စစ်သင်တန်းပေးတာတွေ၊ KIA က အထူး သင်တန်း ခေါ်ယူပေးတာတွေရှိတယ်လို့ ပြောပါတယ်။
အစိုးရ စစ်တပ် တပ်ရင်းတွေ သူတို့နယ်မြေထဲကို အခြေချ တပ်စွဲမှုတွေ၊ ရိက္ခာ၊ လက်နက်ခဲယမ်းနဲ့ လူအင်အား ဖြည့်တင်းမှုတွေ ရှိလာပြီးတဲ့ နောက်မှာTNLA ဘက်ကလည်း အစိုးရ တပ်တွေရဲ့လှုပ်ရှားမှုတွေကို မျက်ခြည် မပြတ်စောင့်ကြည့်မှုတွေ ပြုလုပ် နေသလို ပွင့်လင်းရာသီအတွက် အဘက်ဘက်က ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
PSLA လက်ထက်တုန်းက အရာရှိငယ်ဘဝနဲ့ အထက်လူကြီးတွေ ဆုံးဖြတ်ချက်အတိုင်း လက်နက်ချခဲ့ရတယ်ဆိုတဲ့ ဗိုလ်ကြီး တာစိုးယမ် ကလည်း PSLA ငြိမ်းချမ်းရေးယူပြီးတဲ့နောက် ပလောင်(တအာင်း)ဒေသ အဘက်ဘက်က ယိုယွင်းပျက်စီးခဲ့ရသလို ဒေသခံတွေလည်း ဘိန်းနဲ့ မူးယစ်ဆေးဝါး သားကောင်တွေ ဖြစ်ကုန်ကြောင်း၊ TNLA အနေနဲ့ ဒီကိစ္စတွေကို ပြီးမြောက်အောင် ဆောင်ရွက် နိုင်လိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ TNLA နဲ့ပူးပေါင်းခြင်းဖြစ်ကြောင်း စစ်ပွဲတွေကို မလိုလားပေမယ့် နယ်မြေအတွင်း ကျူးကျော်လာရင်တော့ ပြန်လည် ခုခံဖို့ရှိတယ်လို့ ဆိုပါတယ်။
“ဒါက ကျနော်တို့ ဒေသ၊ ကျနော်တို့ရွာ၊ ကျနော်တို့ လူမျိုးကို ကျနော်တို့ နေနေတာ သူတို့ ဘာမလိုလားစရာ အကြောင်းရှိလဲ၊ ခင်ဗျားမိသားစုကို ကျနော်သွားမနှောင့်ယှက်ဘူး၊ ကျနော့်မိသားစုကို ခင်ဗျားနှောင့်ယှက်မှာ ကျနော်စိုးရိမ်တယ်၊ ဒီသဘောမျိုးပဲ၊ ကျနော့်မိသားစုကို ကျနော်က ခင်ဗျားထက်ပိုချစ်တယ်၊ ခင်ဗျားမိသားစုကို ခင်ဗျားက ကျနော့်ထက်ပိုချစ်တယ်၊ ကျနော့် ပလောင်လူမျိုးကို ကျနော်က ပလောင်မို့လို့ ကျနော်က ခင်ဗျားထက်ပိုချစ်တယ်၊ ကျနော့် ပလောင်ကို ကျနော် ကာကွယ်ချင်တဲ့ စိတ်ဓာတ်ရှိတယ်” ဆိုပြီး ဗိုလ်ကြီး တာစိုးယမ် က ပြောပြပါတယ်။
TNLA ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ ဒေသခံတွေကတော့ ဘိန်းနဲ့ မူးယစ်ဆေးဝါး လှိုက်စားခံနေရတဲ့ သူတို့ရွာတွေကို TNLA ရောက်လာမှ ပပျောက်လု နီးနီးဖြစ်သွားတဲ့အပေါ်မှာ ထောက်ခံကြသလို TNLA ဟာ သူတို့ကို ကာကွယ်ပေးလိမ့်မယ်လို့ ယုံကြည် နေကြပါတယ်။
“ကိုယ့်အမျိုးမဟုတ်တဲ့လူတွေ အုပ်ချုပ်ခံရတာကိုတော့ စိတ်ထဲမှာ ကျေနပ်မှုမရှိဘူး၊ အခု ကိုယ့်အမျိုး အုပ်ချုပ်တဲ့အတွက် ဝမ်းသာတယ်၊ TNLA ရောက်လာတဲ့အတွက် နွေးထွေး၊ လုံခြုံမှုရှိတယ်လို့ ခံစားရတယ်”လို့ အသက် ၄၀ ကျော် မန်ပူးရွာသူ တဦးက ပြောပြပါတယ်။ ဒါပေမယ့် စစ်ပွဲတွေဖြစ်လာရင်ဆိုတဲ့ ကြိုတင်ပြင်ဆင်မှုမျိုးတော့ သူတို့မှာ ဘာမှမရှိကြသေးပါဘူး။
သူတို့ကျေးရွာတွေထဲကို အရင်က အစိုးရ စစ်တပ်တွေ တခါ တရံ ဝင်လာတတ်ပြီး ဒေသခံရွာသူတွေကို အဓမ္မ ပြုကျင့်တာ တချို့ ရှိခဲ့သလို ကျေးရွာအတွင်းက ကြက်၊ ဝက်နဲ့ အိမ်မွေး တိရစ္ဆာန်တချို့ကို အဓမ္မယူငင်တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ စစ်ပွဲတွေဖြစ်မှာကို စိုးရိမ်ပေမယ့် တကယ်လို့ မလွဲမရှောင်သာဖြစ်လာခဲ့ရင် TNLA ဘက်က တတ်နိုင်တဲ့ နေရာကနေ ကူညီ ပံ့ပိုးသွားမယ်လို့ မန်ပူး ရွာသူက ပြောပါတယ်။
ကွတ်ခိုင်မြို့နယ် ငေါ့ငါး ကျေးရွာခံ အဘိုးအိုတဦးက“အစိုးရနဲ့ ပလောင်(တအာင်း)တပ်တွေ တိုက်ပွဲမဖြစ်စေချင်ဘူး၊ ငြိမ်းချမ်း ရေးယူကြ စေချင်တယ်၊ ဒီရွာမှာ အရင်က ဘိန်းစား ၈၀ ရာခိုင်နှုန်းလောက်ရှိတယ်၊ ပလောင်(တအာင်း)တပ်တွေ ရောက်လာပြီး တိုက်ဖျက်ရေးဆင်းလိုက်တာ တနှစ်ကျော် အတွင်းမှာ သုံးချိုး ၂ ချိုးလောက် ဘိန်းပြတ်သွားကြတယ်၊ အရင်က ဒီရွာဘက် မှာ အစိုးရတပ်တွေ ဝင်ထွက်တာတွေရှိပေမယ့် ဘိန်းရောင်းတဲ့လူတွေရော၊ ဘိန်းစားတွေကိုရော အရေးယူတာမရှိဘူး”လို့ ပြော ဆိုပါတယ်။
ဒါပေမယ့် အခုအချိန်မှာ ငေါ့ငါးကျေးရွာအနီးမှာ ကွတ်ခိုင်ဗျူဟာ လက်အောက်ခံတပ်တွေနဲ့ TNLA အထူးတပ်ရင်း ၁၁၂ တို့ဟာ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေလို့ နယ်မြေ မတည်မငြိမ်ဖြစ်နေတဲ့ အတွက် ဒေသခံတွေမှာလည်း သူတို့ရဲ့ အသက် အိုးအိမ် စည်းဇိမ် အတွက် စိုးရိမ်မကင်း ဖြစ်နေကြရပါတယ်။
TNLA တပ်မတော်အနေနဲ့ တပ်အင်အားတွေ တိုးချလာတဲ့ အစိုးရစစ်တပ်တွေကို မျက်ခြည် မပြတ် စောင့်ကြည့်နေရသလို ဒေသ တွင်းမှာ ရှိနေတဲ့ ပြည်သူ့စစ် တပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုကိုလည်း အလားတူ စောင့်ကြည့်နေရပါသေးတယ်။
ဒီနှစ်ဘိန်းစိုက်ရာသီမှာ TNLA က ဒေသတွင်းက ဘိန်းခင်း ၃၀၀၀ လောက်ကို ဖျက်ဆီးခဲ့သလို ဒေသတွင်းမှာ ပျံ့နှံ့နေတဲ့ ဘိန်းဖြူ၊ ဘိန်းမည်း နဲ့ အခြားမူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချမှု၊ သုံးစွဲမှုတွေကို ဦးစားပေးတိုက်ဖျက်ကြောင်း TNLA ခေါင်းဆောင် တွေနဲ့ ဒေသခံတွေဆီက ကြားသိရပါတယ်။
သူတို့ ထိန်းချုပ်နယ်မြေအတွင်းမှာ ၂၀၁၇ ခုနှစ်အတွင်း ဘိန်းနဲ့ မူူးယစ်ဆေးဝါး ကင်းစင် စေရမယ်လို့ မူဝါဒ ချ ဦးစားပေး လုပ်ဆောင်နေပြီး လာမယ့် ဘိန်းစိုက်ရာသီမှာ ဘိန်းစိုက်ခင်းတွေကို နှစ်ဆတိုး ဖျက်ဆီးဖို့ စီမံချက်တွေ ရေးဆွဲထားတယ်လို့ TNLA စစ်ဦးစီးချုပ်က ပြောပါတယ်။
တကယ်လို့ အစိုးရစစ်တပ်၊ ဒေသခံ ပြည်သူ့စစ် တပ်ဖွဲ့တွေနဲ့ TNLA တို့ တိုက်ပွဲတွေ ထိပ်တိုက် ဖြစ်ပွားခဲ့ရင်တော့ မူးယစ်ဆေး ဝါး တိုက်ဖျက်ရေးဘက်မှာ အားလျော့သွားမှာ အသေအချာပါပဲ။
မကြာသေးခင်က KIA ဗိုလ်လောင်းသင်တန်း ကဆင်းလာတဲ့ ဒုဗိုလ် မိုင်းကျော်ငြိမ်း ကလည်း လက်ရှိ TNLA ထိန်းချုပ် နယ်မြေတွေမှာ တပ်အင်အားတွေ လာပြီးတိုးချဲ့လာတဲ့အတွက် စစ်ဖြစ်မယ့် အရိပ်လက္ခဏာတွေ သူတို့လည်း ရိပ်စားမိတဲ့ အကြောင်း နဲ့ အထက်လူကြီး အမိန့်ပေးလာရင် အမိန့်အတိုင်း ဆောင်ရွက်ဖို့ အဆင်သင့်ရှိကြောင်း ပြောဆိုပါတယ်။
“စစ်အစိုးရနဲ့ပဲဖြစ်ဖြစ် ပြည်သူ့စစ်နဲ့ပဲဖြစ်ဖြစ် ထိပ်တိုက်ရင်ဆိုင်ဖို့အတွက်တော့ ကျနော်တို့မှာ အဆင်သင့်ရှိပြီးသား၊ ခွန်အား လည်း အပြည့်အဝရှိတယ်၊ ကိုယ့်နယ် ကိုယ့်ဒေသ ဖြစ်တဲ့အတွက်ကြောင့် မထိန်းသိမ်းဘူးဆိုရင် ဘယ်သူက သွားလုပ်မလဲဆိုတဲ့ ဟာမျိုး၊ ကိုယ့်နယ် ကိုယ့်ဒေသဖြစ်တဲ့အတွက်ကြောင့်မလို့ ကျနော်တို့က အစိုးရ၊ ရန်သူတွေနဲ့ တိုက်ခိုက်ဖို့အတွက်တော့ အင်အား အဆင်သင့်ရှိပါတယ်”လို့ မိုင်းကျော်ငြိမ်း က ပြောပါတယ်။
စစ်ဦးစီးချုပ် ဒုဗိုလ်မှူးကြီး တာဟိုပလန် က “KIA ကလည်း အပစ်အခတ် ရပ်စဲရေးလုပ်သွားမယ်ဆိုရင်၊ SSA က အပစ်အခတ် ရပ်စဲရေး လုပ်ထားတဲ့ အပိုင်းတွေလည်း ရှိတယ်၊ တကယ်လို့ ပလောင်(တအာင်း)ဒေသမှာ အစိုးရက စစ်မျက်နှာ လာဖွင့်မယ် ဆိုလို့ရှိရင် ကျနော်တို့ ရှိတဲ့အင်အား၊ ရှိတဲ့ အရည်အချင်းနဲ့ပဲ ရင်ဆိုင်ရမှာပဲ”လို့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ပြောပါတယ်။
TNLA တပ်ထဲမှာ ရှိနေတဲ့ အသက် ၂၀ ဝန်းကျင် တပ်သားငယ် တချို့ကတော့ သူတို့ မိုးရွာရွာထဲ ရွှံ့တောထဲမှာ စစ်တိုက်နေရ တာကို စိတ်ကုန်နေပြီလို့ ပြောတာတွေလည်းရှိပါတယ်၊ ဘယ်တပ်တွေနဲ့မှ ရန်သူလိုမဖြစ်ချင်ဘဲ ငြိမ်းချမ်းရေးယူပြီး လွတ်လွတ် လပ်လပ် သွားလာချင်ကြောင်းနဲ့ သူတို့ဖြစ်ချင်တာတွေကိုလည်း ပြောပြကြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာTNLA၊ KIA၊ SSPP/SSA စတဲ့ တိုင်းရင်းသား တပ်တွေနဲ့ အစိုးရ စစ်တပ် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ အတွက် နမ့်ခမ်းနဲ့ ကွတ်ခိုင်မြို့နယ်တွေမှာ ရာနဲ့ ချီတဲ့ ဒေသခံတွေ ထွက်ပြေး ခိုလှုံနေရဆဲ ဖြစ်ပါတယ်။ တကယ်လို့ ပွင့်လင်း ရာသီမှာ စစ်ပွဲတွေ ထပ်ဖြစ်လာခဲ့ရင်တော့ ဒေသခံတွေရဲ့ အသက်အိုးအိမ် စည်းဇိမ်တွေအတွက် စိုးရိမ်စရာတွေ ထပ်ဖြစ်လာ ဦး မှာ မလွဲ ဧကန်ပါပဲ။ ။