ဆောင်းပါး

ကချင် ငြိမ်းချမ်းရေး နီးစပ်တော့မလား

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ကချင် လွတ်လပ်ရေး အဖွဲ့(KIO) ဆက်ဆံရေးရုံးမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အကြံပေး လုပ်ငန်း အဖွဲ့ (Technical Advisory Team) ဆိုင်းဘုတ်တင်ပွဲကို ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပခဲ့ပါတယ်။

အဲဒီ အခမ်းအနားကို ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဌ သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်း အပါအဝင် အစိုးရထိပ်တန်းခေါင်းဆောင် တချို့၊ ပြည်နယ်အစိုးရတာဝန်ရှိသူတချို့၊ မြောက်ပိုင်းတိုင်း ဒုတိယစစ်တိုင်းမှူး၊ လွှတ်တော် ကိုယ်စားလှယ်၊ ကုလ သမဂ္ဂ ကိုယ်စားလှယ်၊ နိုင်ငံရေး ပါတီနဲ့ လူမှု အဖွဲ့အစည်းတချို့က လူတွေလည်း တက်ရောက်ကြ တယ်။

အကြံပေး လုပ်ငန်းအဖွဲ့ ဆိုတာက ပြီးခဲ့တဲ့ မေလကုန်ပိုင်းက KIO ခေါင်းဆောင်တွေနဲ့ အစိုးရတို့ကြား သဘောတူညီမှုကြောင့် ဖြစ်ပေါ်လာတဲ့ ယန္တရားအဖွဲ့ တခုလည်း ဖြစ်ပါတယ်။ KIO က ကိုယ်စားလှယ် ၅ ဦးနဲ့ လူထုအခြေပြု အဖွဲ့အစည်းက ၅ ဦးပါတဲ့ ဒီ အဖွဲ့က ပညာရှင်တွေဆီက အကြံဉာဏ် တောင်းခံသွားပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ တဆင့်ချင်းတက်လှမ်းသွားရေးအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

“တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အနေနဲ့လည်း ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ဘုံဆန္ဒရှိတယ်ဆိုတာကို သဘောထား ပြော ထားပြီး ဖြစ်ပါတယ်၊ မိဘပြည်သူများခင်ဗျာ၊ ကျနော်တို့တိုင်းပြည်မှာ ငြိမ်းချမ်းရေးအတွက် ရင့်မှည့်တဲ့အချိန်ရောက်နေပါပြီ၊ အပစ်အခတ် ရပ်စဲထားရုံမဟုတ်ဘဲ၊ နိုင်ငံရေးဆွေးနွေးမှုကို အခြေခံတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တခုကို အကောင်အထည်ဖော်ဖို့ အများစုက အဆင်သင့်ဖြစ်နေကြပါပြီ၊ လက်နက်ကိုင် ပဋ္ဋိပက္ခနဲ့ ပြဿနာအဖြေရှာလို့ မရဘူးဆိုတာ ကျနော်တို့အားလုံး သဘောပေါက်ပြီး ဖြစ်ပါတယ်”လို့ ဦးအောင်မင်းက အဲဒီဇူလိုင် ၂၃ ရက်က အကြံပေးလုပ်ငန်းအဖွဲ့ ဆိုင်းဘုတ်တင်ပွဲမှာ ပြော သွားပါတယ်။

ဒါပေမယ့် KIO နဲ့ အစိုးရကြား နှစ်ပေါင်း ၁၇ နှစ်ကြာ အပစ်ရပ် ငြိမ်းချမ်းရေး ယူထားရာကနေ ၂၀၁၁ ခုနှစ် ဇွန်လက စပြီး ယခု နှစ်ဆန်းပိုင်း အထိ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားခဲ့ပါတယ်။

အစိုးရနဲ့ KIO တို့အကြား ငြိမ်းချမ်းရေး စကားဝိုင်းတွေ ကြန့်ကြာခဲ့ရတဲ့ အခြေခံ အကြောင်းတွေမှာ ဦးတည်ချက် မတူညီ တာလည်း ရှိခဲ့တယ်။

အစိုးရဘက်က လိုလားတာက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ ပထမဆုံး အပစ်အခတ် ရပ်စဲဖို့နဲ့ ပြီးမှသာ ၂ ဘက် လက်ခံနိုင်မယ့် မူဘောင် ချမှတ်ချင်တယ်။ လမ်းပြမြေပုံသဘောမျိုး လိုလားတယ်။ ဒါကိုလည်း သမ္မတ ဦးသိန်းစိန် အစိုးရဘက်က ပြောထားပြီးဖြစ်တယ်။

နောက်တဆင့်ကျမှ အင်အားစုအားလုံးပါဝင်တဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲလုပ်ပြီး သဘာတူ ညီမှုတခု ရအောင် အစိုးရဘက်က လုပ်ချင်တယ်။

သမ္မတ ဦးသိန်းစိန်ကလည်း မကြာသေးခင်က သွားရောက်ခဲ့တဲ့ ဗြိတိန်နဲ့ ပြင်သစ် ဥရောပ ၂ နိုင်ငံ ခရီးစဉ်အတွင်းမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးကို အမြန်ဆုံး အကောင်အထည် ဖော်သွားမယ်လို့ ပြောခဲ့တယ်။

ကချင် ဘက်ကတော့ နိုင်ငံရေး ပြဿနာကို အရင်ဆုံး ကျေလည်အောင် ဆွေးနွေးချင်တယ်။

ဒီလို ကွာဟမှုတွေ ရှိနေကြရာက ငြိမ်းချမ်းရေး စကားမပြောနိုင်ခဲ့ကြဘဲ ငြိမ်းချမ်းရေး စားပွဲဝိုင်းတွေနေရာမှာ စစ်ပွဲတွေက နေ ရာဝင် ယူသွားခဲ့ကြတယ်။

အခုတော့ အစိုးရနဲ့ KIO တို့ ငြိမ်းချမ်းရေး စကားပြန်စနိုင်ပြီး အကြံပေး လုပ်ငန်းအဖွဲ့ ဖွဲ့တဲ့ အခြေအနေ တခုကို ရောက်လာ တယ်။

အစိုးရ ကိုယ်စားလှယ်တွေနဲ့ KIO တို့အကြား ၂၀၁၁ ခုနှစ် ဇွန်လနောက်ပိုင်း အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးအတွက် ၁၄ ကြိမ်မက တွေ့ဆုံ ဆွေးနွေးမှုတွေအပြီး အခုလို အကြံပေးလုပ်ငန်း အဖွဲ့ ဖွဲ့တဲ့ အဆင့်ကို ရောက်လာရတာပါ။

ဒီနေရာမှာ မြန်မာအစိုးရနဲ့ KIO ငြိမ်းချမ်းရေး စကားတွေပြောဖြစ်ဖို့အတွက် တရုတ်အစိုးရရဲ့ဖိအားပေးမှုလည်း အကြောင်း တခု အပါအဝင်ဖြစ်ပါတယ်။ မြန်မာနဲ့ နယ်စပ်ချင်းရော သမိုင်းကြောင်းအရပါ ထိစပ်နေတဲ့ တရုတ်ရဲ့ အခန်းကဏ္ဍကို ကချင်ပြည်နယ် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ချန်ထားပစ်ခဲ့လို့မရပါဘူး။

တချိန်က တရုတ်အစိုးရက မြစ်ဆုံစီမံကိန်းတွေအပါအဝင် ကချင်ပြည်နယ်ထဲက စီးပွားရေးလုပ်ငန်းတချို့ကို KIO နဲ့ စာချုပ် စာတမ်းတွေနဲ့တကွ လုပ်ဆောင်တာတွေ ရှိခဲ့ပါတယ်။ အဲဒီနောက် တရုတ်ဘက်က မြန်မာအစိုးရနဲ့ ပိုနီးစပ်သွားပြီး KIO ကို လျစ်လျူရှုချင် လာခဲ့ပါတယ်။

အစိုးရ စစ်တပ်က ကချင်ပြည်နယ်ထဲ ထိုးစစ်တွေ ဆင်ခဲ့တုန်းက ကချင်စစ်ပြေး ဒုက္ခသည်တွေကိုတောင် တရုတ်နိုင်ငံ က မောင်းထုတ်ပစ်ခဲ့တဲ့ နမူနာတွေရှိခဲ့တယ်လို့ တရုတ်-မြန်မာနယ်စပ် အခြေစိုက်စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောပါတယ်။

စစ်တပ်အနေနဲ့ ကချင်ပြည်နယ်တွင်း အဓိက စိုးမိုးနယ်မြေလိုချင်တာက ကျောက်စိမ်းတွင်း စတဲ့ သဘာ၀ သယံဇာတ နေ ရာတွေနဲ့ မြစ်ဆုံ စီမံကိန်း နယ်မြေတွေပါပဲ။ တဖက်ကလည်း ဒီနယ်မြေတွေဟာ KIO ရဲ့ အရေးပါတဲ့ နေရာတွေ ဖြစ်နေပါတယ်။

ဒါကြောင့်ပဲ အဲဒီနယ်မြေတွေကို KIO စိုးမိုးနယ်မြေအဖြစ်က အစိုးရစိုးမိုးနယ်မြေဖြစ်ရေး စစ်တွေထိုးခဲ့တယ်။ ၂ ဘက် အကျ အဆုံးတွေ များခဲ့ပြီး အစိုးရဘက်က အထိနာခဲ့ပါတယ်။ လေကြောင်းကူ ထိုးစစ်တွေ အစိုးရ ဘက်က သုံးတယ်။ လေယာဉ် ဆုံးရှုံးမှုအထိ ရှိခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ သဘောထားကလည်း ဒီနယ်မြေက စီမံကိန်းလုပ်ငန်းတွေအတွက် KIO နဲ့ ဝေစု မခွဲလိုဘဲ မြန်မာ အစိုးရနဲ့သာ လုပ်ကိုင်လိုခဲ့လို့ ဒီစစ်ပွဲတွေနဲ့ နယ်စပ် မတည်ငြိမ်မှုအပေါ် တရုတ်နိုင်ငံက နှာစေးနေခဲ့တာ ထင်ရှားတယ်။

တကယ်တမ်း တရုတ်နိုင်ငံဘက်က မြစ်ဆုံ စီမံကိန်း အပါအဝင် ကချင်ပြည်နယ်ထဲက စီမံကိန်းတချို့ကို ပြန်လည်စတင် လိုတာကြောင့် ချဉ်းကပ်မှု အသစ်တွေလည်း လုပ်လာနေပါတယ်။ အထူးသဖြင့် လက်ပံတောင်း အစီရင်ခံစာအပြီး ဒေါ် အောင်ဆန်းစုကြည် ရဲ့ စွမ်းဆောင်မှုအပေါ် တရုတ်ဘက်က အားတက်လာပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ လျှပ်စစ်မီး လိုအပ်ချက်ကို အကြောင်းပြပြီး အခုလို ပြန်စဖို့ ချဉ်းကပ်လာတာ ဖြစ်ပါတယ်။

မြစ်ဆုံ စီမံကိန်းဆိုတာ သမ္မတ ဦးသိန်းစိန်က နိုင်ငံသားတွေရဲ့ ဆန္ဒပြ ကန့်ကွက်မှုတွေကြောင့် သူ့အစိုးရ သက်တမ်း ရပ် ဆိုင်း ထားတဲ့ စီမံကိန်းလည်း ဖြစ်ပါတယ်။

ကချင်ပြည်နယ်တွင်း စစ်ပွဲတွေကြောင့် ဒေသခံ အပြစ်မဲ့ပြည်သူတွေ သေကြေ၊ ဒဏ်ရာရ၊ ထွက်ပြေး တိမ်းရှောင်၊ နေရပ်စွန့်ခွာပြီး ဒုက္ခသည်တွေအဖြစ် ရောက်ခဲ့ကြရတယ်။ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးငယ်တွေက အဓိက ဓားစာခံဖြစ်ခဲ့ကြရ တယ်။ စစ်ဘေး ဒုက္ခသည် ဦးရေဟာလည်း သောင်းချီ ရှိခဲ့ပါတယ်။

အဲဒီ ကချင် ဒုက္ခသည်တွေအတွက် ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် အလှူရှင်တွေရဲ့ စားရေ ရိက္ခာတွေ ပေးပို့ရေးမှာလည်း အစိုးရ က ကန့်သတ်ပိတ်ပင်မှုတွေ ရှိသလို တချို့အလှူရှင်တွေကလည်း စိတ်ပျက်ပြီး ရန်ပုံငွေ လျှော့ချပစ်တာတွေ ကြုံကြ ရ တယ်။

နောက်ဆက်တွဲ ဆိုးကျိုးတွေအဖြစ်နဲ့ ကချင်မိန်းမငယ်လေးတွေ ဟာ စားဝတ်နေရေး အဆင်မပြေတော့ တရုတ်ပြည်ဘက် ကို အလုပ်ရမယ်ဆိုတဲ့ မြှူဆွယ်ချက်နဲ့ လူမှောင်ခိုကူးမှုရဲ့ သားကောင်ဖြစ်ခဲ့ကြရပါတယ်။ တရုတ် အမျိုးသားတွေရဲ့ ဇနီး မယား အဖြစ်ရောက်သွားသလို လိင်ဖျော်ဖြေရေး လုပ်ငန်းတွေဆီ ရောက်သွားရတာလည်း ရှိတယ်။ တချို့ဆို ကိုယ်ခန္ဓာ အစိတ်အပိုင်း ထုတ်ယူ ရောင်းစားခံရတာမျိုးလည်း ကြုံရတယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် ကချင်အမျိုးသမီးအဖွဲ့(KWAT) က မွန်းနေလီ က ပြောပြပါတယ်။

စစ်ပွဲတွေဖြစ်တိုင်း တကယ် ထိခိုက် နစ်နာရသူတွေက ဒေသခံ အပြစ်မဲ့ ပြည်သူတွေပါပဲ။ ဒါကြောင့် ငြိမ်းချမ်းရေးကို အလိုလား အတောင့်တဆုံးကလည်း ဒေသခံပြည်သူတွေက ရှေ့ဆုံးက ဖြစ်ပါတယ်။

ကချင်ပြည်နယ်တွင်းက ပဋိပက္ခစစ်ပွဲတွေဟာ သယံဇာတ စစ်ပွဲလို့တောင် အမည်ကင်ပွန်းတပ် ခံနေရပြီး နိုင်ငံရေး အခြေခံ အကြောင်းတွေသာမက အကျိုးစီးပွား ဆိုင်ရာတွေအပေါ်လည်း အခြေတည်နေပြီး ဖြေရှင်းရ ခက်နေဆဲပါ။

ကျောက်မျက် သယံဇာတ၊ ဧရာဝတီ မြစ်ဆုံ၊ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စသဖြင့် အဓိက အကြောင်းတရားတွေ ကိုလည်း အစိုးရနဲ့ KIO ကြား ဖြေရှင်းနိုင်မယ်၊ နိုင်ငံရေးနောက်ခံ ပြဿနာတွေကိုလည်း နှစ်ဘက်လုံးက ရိုးသားစွဲနဲ့ အပြန်အလှန် အသိအမှတ်ပြု ဖြေရှင်းနိုင်မယ် ဆိုရင် ဒေသခံပြည်သူတွေအတွက် တည်ငြိမ်းအေးချမ်းတဲ့ ဘ၀ လုံခြုံရေး၊ ဒေသ ဖွံ့ဖြိုးရေး ဆိုတာတွေက ကျွဲကူးရေပါ ဖြစ်လာမှာပါပဲလို့ ထင်မြင်မိပါတယ်။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading