မွေးမြေရပ်နဲ့ ဝေးနေသူ တဦးဖြစ်တဲ့ ကျနော်ဟာ လပြည့်နေ့တွေ၊ ဥပုသ်နေ့တွေကို သိပ်မသိတော့ပါ။ ဒါပေမယ့် ကျနော့်သူငယ်ချင်း စက်ဘီးသမား (အခု ဒိုင်လူကြီး) ကတော့ ဘာသာရေးကို အတော်အလေးနက် ထားသူဖြစ်ပါတယ်။ အိပ်ယာမဝင်ခင်နဲ့ အပြင်ကို မသွားခင်မှာ ပုံမှန် ဘုရားထိုင် ကန်တော့လေ့ရှိသူပါ။ နောက်တခါ သူဟာ နေ့စဉ် စက်ဘီးစီးလေ့ကျင့်ခန်း မပျက်မကွက် လုပ်လေ့ရှိပြီး ကျနော်ကတော့ တောထဲမှာနေတဲ့ ၁၀ နှစ်ကျော်ကာလအတွင်း စက်ဘီးနဲ့လုံး၀ ကင်းကွာသွားခဲ့ပါတယ်။
ဒီတော့ သူ့အသက်က ကျနော့်ထက် ၅ နှစ်လောက် ကြီးတာတောင် လက်ရှိအသက် ၂၀ တန်း လူငယ်တွေနဲ့ အပြိုင် ယှဉ်စီးနိုင်ဆဲဖြစ်ပါတယ်။ စက်ဘီးပြိုင်ပွဲက မနက် ၁၀ နာရီမှ စမယ်ဆိုပေမဲ့ ၇ နာရီ လောက်ကတည်းက ကျနော်တို့အားလုံး အဆင်သင့်ဖြစ်နေပြီ။ “လယ်ဝေးက မာချက်စတာ ယူနိုက်တက်မှာ ဆုံမယ်။ ငါတို့ ဘုရားဆီ အရင်ဝင်ပြီးရင် အဲဒီကိုလာခဲ့မယ်” လို့ ဒိုင်လူကြီးအဖွဲ့ ခေါင်းဆောင် ကျနော်သူငယ်ချင်းက ကျန်တဲ့ လူတွေကို အော်ပြောပြီး ဆိုင်ကယ်နဲ့ ထွက်လာခဲ့ပါတယ်။
နေပြည်တော်မှာက ခပ်ဆင်ဆင်လမ်းတွေ အများကြီးဆိုတော့ ဘယ်လမ်းကထွက်ပြီး ဘယ်ကိုသွားနေမှန်း ကျနော်မသိပါ။ မှတ်မိသလောက်တော့ တဖက် ၄ လမ်းသွား ကွန်ကရစ်လမ်းရဲ့ အတွင်းဖက် ၂ လမ်းကို ကတ္တရာခင်းထားတဲ့ လမ်းပေါ်ကနေ ကျနော်တို့ဆိုင်ကယ် ဖြတ်လာပြီး ခြံဝင်းကျယ်ကြီးထဲရှိ ကြံ့ခိုင်ရေးပါတီရုံးခန်းကို ကျော်လာပါတယ်။ “ဒါ ဆုတောင်းပြည့်ဘုရားလေ။ ငါတို့ကောင်တွေ အောင်ပွဲရဖို့ ခဏဆုတောင်းလိုက်ဦးမယ်” လို့ ကျနော့်သူငယ်ချင်းက ပြောပြီး နံ့သာတိုင်တွေ၊ ဖရောင်းတိုင်တွေနဲ့ အလုပ်ရှုပ်နေပါတယ်။
ကျနော်ကတော့ ဒီဘုရားသစ်နဲ့ မြို့တော်သစ်ကို နှိုင်းယှဉ်ရင်း မြို့သစ်စီမံကိန်းထဲမှာ ဘုရားတည်ရေးပါ တခါတည်း ပါလာသလားလို့ စဉ်းစားနေမိပါတယ်။ ဒါဆိုင်ရင် တခြားဘာသာတွေအတွက်ရော မြို့သစ်တည် ဗိသုကာဆရာတွေ ထည့်သွင်း စဉ်းစားခဲ့တာမျိုး မရှိခဲ့ဘူးလား၊ တခြားဘာသာတွေအတွက် ဘာသာရေး အဆောက်ဦတွေလည်း မတွေ့မိပါလား။ ဒီဘုရားကနေ ပြန်ထွက်ပြီး ကြံခိုင်ရေးပါတီ ရုံးခန်းဘေးနားရှိ အမျိုးသမီးရေးရာ ရုံးဘေးကနေ ဖြတ်ဝင်လိုက်တာနဲ့ “လယ်ဝေးမြို့” ထဲရောက်သွားပါတယ်။ ရှုတင်ခန်းထဲကနေ တကယ့် သဘာဝကွင်းထဲ ရောက်သွားသလိုပါပဲ။ ကုက္ကိုပင်ကြီးတွေ အပါဝင် သစ်ပင်ကြီးတွေ၊ မီးကြိုးတန်းလန်းနဲ့ ဓာတ်မီးတိုင်ဟောင်းတွေ၊ အသစ်အဟောင်း ရောနေတဲ့ လူနေအိမ်တွေ၊ ဈေးဆိုင်တွေ၊ စက်ဘီးတွေ၊ ဆိုက်ကားတွေ၊ မြင်းလှည်းတွွေကို မြင်ခွင့်ရလိုက်ပါတယ်။
ကားလမ်းကလည်း နေပြည်တော်ကလို ကွန်ကရစ်လမ်းမကြီး မဟုတ်တော့။ သာမန် ကတ္တရာလမ်းဖြစ်သွားပြီး တွေ့ရတဲ့လူတွေကလည်း တကယ့်အရပ်ထဲက သူလို ကိုယ်လိုလူတွေပါပဲ။ နေပြည်တော်ကလူတွေက သာမန်လူတွေ မဟုတ်သလိုလို ကျနော့််စိတ်ထဲ ခံစားမိပါတယ်။ ထားပါတော့။ လယ်ဝေးမြို့ထဲ ၅ မိနစ်လောက် ဝင်ပြီးတာနဲ့ စက်ဘီးပြိုင်ပွဲ တာထွက်ဖို့ပြင်ထားတဲ့နေရာကို တွေ့ရပါတယ်။ အဲဒီမှာ စကားနည်းနည်း ပြောပြီးတဲ့နောက် ကုက္ကိုပင်တန်းအောက်ရှိ မာချက်စတာ ယူနိက်တက် လဖက်ရည်ဆိုင်ဆီ ကျနော်တို့ သွားပါတယ်။ ပရီးမီးယားလိဂ်တွေ မြန်မာနိုင်ငံမှာ သြဇာကြီးပုံများကတော့ ဆိုင်အမည်တောင် မာချက်စတာ ယူနိုက်တက်ဆိုပြီး ခပ်တည်တည် ပေးထားတဲ့အထိပါပဲ။
လမ်းဘေးက ဆိုင်သေးသေးလို့ မထင်လိုက်ပါနဲ့။ တကယ့် ဧရာမဆိုင်ကြီးပါ။ လယ်ဝေးမြို့ရဲ့ အထင်ကရဆိုင် ဖြစ်မယ်လို့ ထင်ပါတယ်။ အဲဒီမှာ မနက်စာ စားပြီးတဲ့နောက် စက်ဘီးပွဲ တာထွက်မဲ့နေရာဆီ ပြန်အလာ။ ဒိုင်အဖွဲ့က လိုအပ်တာတွေ ပြင်ဆင်ပေါ့။ ခက်နေတာက ကျနော်။ စက်ဘီးသမားဟောင်း ဆိုပေမယ့် သူများတွေလို ဒိုင်လူကြီးအဖွဲ့ဝင်လည်း မဟုတ်။ ဒီပြိုင်ပွဲမှာ လိုက်ပါနိုင်ဖို့ အား/ကာ ခွင့်ပြုချက် သက်သေ အထောက်ထား ဘာကတ်ပြားမှလည်း မရှိ။ မှတ်ပုံတင်တောင် မရှိဘူးဆိုတော့ အဲဒီ ကတ်တွေ ချက်ချင်းထလုပ်ဖို့ကလည်း မလွယ်။ ဒီလိုနဲ့ မီဒီယာကားဆီပြေးပြီး ဒီပွဲကို သတင်းယူချင်တဲ့အကြောင်း သွားပြောရပါ တယ်။
သတင်းယူဖို့ဆိုပြန်တော့ သတင်းထောက်ကတ်လည်း မရှိ။ Freelance လို့ပြောတာကိုလည်း မီဒီယာကား တာဝန်ရှိသူတွေက နားမလည်။ နောက်ဆုံးတော့ စက်ဘီးသမားတွေနဲ့ ပြန်ညှိပြီး စက်ဘီးသမားဟောင်း၊ DVB သတင်းထောက်ဟောင်းဆိုတဲ့ စကား ၂ လုံးနဲ့ မီဒီယာကားပေါ် လိုက်ပါ သတင်းယူခွင့် ရသွားပါတယ်။ မီဒီယာကား ဆိုပေမယ့် မြန်မာတီဗီ၊ စကိုင်းနက်နဲ့ အားကစားဝန်ကြီးဌာနက သတင်းသမား၊ ကင်မရာသမားတွေကလွဲရင် လွတ်လပ်တဲ့ တသီးပုဂ္ဂလ သတင်းသမား တဦးမှမပါ။ ဘာမှ မတတ်နိုင်။ သူတို့လဲ လခစား သတင်းသမားတွေပဲလေ။ ခေတ်ပြောင်းကာလမှာ ဒီလူတွေနဲ့လက်တွဲ ဆောင်ရွက်ကြရမှာ ဖြစ်တယ်လို့ပြောနေကြတယ် မဟုတ်လား။
အမျိုးသားကီလိုမီတာ ၁၅၀ (မိုင် ၁၀၀ နီးပါး) အတွက် ဝင်ပြိုင်တဲ့ အသင်းတွေကတော့ ဘရူနိုင်းက ၄ ဦး။ မလေးရှားက ၄ ဦး။ ထိုင်းက ၄ ဦး။ စင်ကာပူကတဦးနဲ့ မြန်မာက အသင်း (က) နဲ့ (ခ) မှ ၄ ဦးစီ။ အား လုံး ၂၁ ဦးပေါ့။ တာစထွက်တာနဲ့ ထိုင်းနဲ့ မလေးရှားက စက်ဘီးသမားတွေ အရှိန်ပြင်းပြင်းနဲ့ ဖောက်ထွက်လိုက်တာ အမျိုးသမီးရေးရာ ရုံးရှေ့မှာတင် မြန်မာစက်ဘီးသမားတွေက ၁၀ မီတာလောက် ပြတ်ကျန်နေခဲ့ပါတယ်။ ဒါပေမဲ့ အိမ်ရှင်ဆိုတော့လည်း အားတင်းပြီး လိုက်ရင်းနဲ့ နောက်ပိုင်းမှာတော့ မြန်မာတဦး ပထမ အုပ်စုကို ပြန်မီလာပါတယ်။
မိုးတဖွဲ့ဖွဲ့ရွာနေတဲ့ကြားထဲ အကြိတ်အနယ် ရှိလှတဲ့ပြိုင်ပွဲက နေပြည်တော်လမ်းမပေါ်မှာ ကြည့်ကောင်းလှပါတယ်။ တိုင်းပြည်ဘဏ္ဍငွေ အများအပြားသုံးပြီး စိတ်ကြိုက်ဖောက်ထားတဲ့ ဒီကွန်ကရစ်လမ်းမကြီးတွေကို အတော်များများက ဝေဖန်နေပေမဲ့ အခု စက်ဘီးပြိုင်ပွဲ အတွက်ကတော့ ဒီလမ်းတွေက ကွက်တိပါပဲ။ ရန်ကုန် – ပြည်လမ်း တလျှောက် စီးရင်တောင် စက်ဘီးအရှိန်က ဒီလောက်ကောင်းမှာ မဟုတ်။ ဒီအတွက် နေပြည်တော်မြို့တည် ဉာဏ်ကြီးရှင် ဗိုလ်ချုပ်ဟောင်းတွေကို စက်ဘီးသမားတွေက ကျေးဇူးတောင် တင်သင့်တယ် ထင်ပါတယ်။
ဒါပေမဲ့ အားနည်းချက်တွေကလည်း အများကြီး။ အထူးသဖြင့် ရုပ်ဝတ္တုပစ္စည်းပိုင်းမှာ မြန်မာ့စက်ဘီးအဖွဲ့ချုပ်က ဘာမှမပြည်စုံသေး။ နိုင်ငံတကာ အဆင့်မီ စက်ဘီးပွဲ ကျင်းပနေတယ် ဆိုပေမဲ့ ပြိုင်စက်ဘီးတင်တဲ့ကား မြန်မာနိုင်ငံမှာ မရှိသေးပါ။ ဒီတော့ ဖိုးဝှီးကားပေါ် စက်ဘီးနဲ့ အပိုပစ္စည်းတွေကို ဒီတိုင်းတင်ပြီး Service ကားအဖြစ် စာရေး ကပ်ထားရပါတယ်။ နောက်တခါ အသင်းတခုချင်းစီ အတွက်လည်း ကားမပေးနိုင်သေး။ ဒီတော့ အသင်းနည်းပြတွေက မီနီဘတ်စ်လို ဗင်ကားကြီးတစီးစီ စီးပြီး လိုက်ကြရပါတယ်။ ပြသာနာက အသင်းတခုချင်းစီ အတွက် လိုအပ်တဲ့ ဝိုင်ယာလက်လမ်းညွန်၊ အနီးကပ် အကြံပေးမှုနဲ့ သောက်ရေ၊ အစားစာ၊ ဆေးဝါးကအစ ပံ့ပိုးပေးဖို့ မလွယ်ပါ။ ဗင်ကားကြီးနဲ့ဆိုတော့ တခြား စက်ဘီးသမားတွေကို ကျော်ပြီး ကိုယ့်စက်ဘီးအသင်းဆီ ကျော်တက်သွားဖို့ဆိုတာ မသင့်တော်။ ဒီတော့ မြန်မာဒိုင်အဖွဲ့ဝင် ဆိုင်ကယ်သမားတွေက တဆင့်ပေးတဲ့ သောက်ရေဗူးနဲ့ပဲ နိုင်ငံတကာ အားကစားသမားတွေ ကျေနပ်ခဲ့ရတဲ့ပုံပါပဲ။
ဆိုလိုတာက ဥရောပက နာမည်ကြီး Tour de France ပြိုင်ပွဲကိုသာ မြင်နေကြဖြစ်တဲ့ ကျနော်အဖို့တော့ နေပြည်တော်က စက်ဘီးပြိုင်ပွဲဟာ လွန်ခဲ့တဲ့ ၂၅ နှစ်ကျော် ကျနော်တို့ ခေတ်ကနဲ့ ဘာမှမထူး သေးပါဘူး။ ဒါပေမယ့် ဒီအမြင်ကို ကျနော့်သူငယ်ချင်း ဒိုင်လူကြီးက လက်မခံပါ။ “အဲလိုတော့ မဟုတ်ဘူးကွ ထားဝယ်ကြီး။ ဒီကောင်တွေရဲ့ Speed က ကီလို ၄၀ အထက်မှာ အမြဲရှိတယ်။ ချစ်ကိုတို့ စီးနေတဲ့ ကာဗွန်ဘီးတွေဆိုရင် သိန်း ၅၀ ကျော်တန်တယ်။ အဲဒါ အား/ကာ က ပေးထားတာ။ မင်းတို့ ငါတို့ ခေတ်ကလို ၂၅ လမ်းက ပစ္စည်းတွေနဲ့ ဖြစ်သလို ဆင်ထားရတဲ့ခေတ် မဟုတ်တော့ဘူး” လို့ သူက ဆိုပါတယ်။
ချစ်ကိုကို ဆိုတာကတော့ ဒီနေ့ မြန်မာ့လက်ရွေးစင် စက်ဘီးသမား ၈ ဦးထဲက အကောင်းဆုံးတဦး ဖြစ်ပါတယ်။ သူပြောတာလည်း မှန်ပါတယ်။ ဒီနေ့ မျိုးဆက်သစ် လူငယ်တွေရဲ့ စက်ဘီးတွေ နိုင်ငံတကာ အဆင့်မီလာပြီး Speed တွေ တက်လာတာ၊ နည်းစနစ်တွေ ကောင်းလာတာ အမှန်ပါပဲ။ ဒါပေမယ့် အခုကိစ္စက ကိုယ့်အသင်း တခုတည်း ကောင်းနေရုံနဲ့မပြီး။ နိုင်ငံတကာ ပြိုင်ပွဲတခုကို ကိုယ်က တာဝန်ယူကျင်းပနေတာ မဟုတ်ပါလား။ ဒီလိုပြိုင်ပွဲကြီး တခုအတွက် မြန်မာ့စက်ဘီး အဖွဲ့ချုပ်နဲ့ ၂၇ ကြိမ်မြောက် နေပြည်တော် SEA Games ပြိုင်ပွွဲတာဝန်ခံတွေ အဆင်သင့် ဖြစ်နေရဲ့လား ဆိုတာကိုသာ ကျနော်က မေးခွန်း ထုတ်နေတာပါ။
ရုပ်ဝတ္တုပစ္စည်းဖြစ်တဲ့ စက်ဘီးတင်ကား၊ ဒိုင်လူကြီးကား၊ မန်နေဂျာကားတွေ မရှိသေးတဲ့အပြင် ကျနော့် သူငယ်ချင်း ဦးဆောင်တာဝန်ယူနေတဲ့ ဒိုင်လူကြီးအဖွဲ့ကလည်း စေတနာ့ဝန်ထမ်းတွေ။ မော်လမြိုင်ကနေ ကိုယ်ဆိုင်ကယ်နဲ့ ကိုယ်လာပြီး အခမဲ့ဝန်ဆောင်မှု ပေးနေသူတွေ။ အနှစ်ချုပ်လိုက်ရင်တော့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ လုပ်ဖို့ ၅ လတောင် မလိုတော့ပေမဲ့ အခြေအနေ အရပ်ရပ်ဟာ အဆင့်သင့် မဖြစ်သေးဘူးလို့ ကျနော်ထင်မိပါတယ်။ တနည်းအားဖြင့် ပြောမယ် ဆိုရင်တော့ နိုင်ငံတကာ ပြိုင်ပွဲတခုကို ပြည်နယ်၊ တိုင်း ပြိုင်ပွဲလို သဘောထားပြီး ကျင်းပနေသလားလို့တောင် ကျနော်ထင်နေမိပါတယ်။
ဒီလိုနဲ့ စက်ဘီးပွဲက လယ်ဝေးကနေ တာထွက်ပြီး နေပြည်တော် လမ်းကြီးတွေပေါ်ဖြတ်။ အဲဒီကတဆင့် ပျဉ်းမနားကနေ မန္တလေး ကားလမ်းဟောင်းပေါ် ဖြတ်သန်း၊ တပ်ကုန်းမြို့ကနေ ကီလို ၁၀၀ လောက် ခရီးနှင်ပြီးတဲ့ အခါမှာတော့ တပ်ကုန်း လမ်းပေါ်ကနေ နေပြည်တော် ဥတ္တရသီရိဘက်ကို ပြန်ဝင်ပါတယ်။ နေပြည်တော်ဆီ ဝင်တဲ့ လမ်းပေါက်တွေ ဘယ်နှစ်ခုတောင်ရှိမှန်း ကျနော်မသိပါ။ အားလုံးဟာ ခပ်ဆင်ဆင်တွေဖြစ်ပြီး ၆ လမ်းသွား ကွန်ကရစ်လမ်းတွေချည်း ဖြစ်ပါတယ်။ ဒါပေမဲ့ လမ်းတလျှောက် မြင်ရတဲ့ယာဉ်တွေထဲမှာတော့ အကောင်းစား ကားက ခပ်နည်းနည်းဖြစ်ပြီး မော်တော်ဆိုင်ကယ်တွေ၊ သုံးဘီး ဆိုင်ကယ်တွေ၊ ထော်လာဂျီတွေနဲ့ မြင်းလှည်းတွေကိုသာ အများဆုံးတွေ့ရပါတယ်။
နေပြည်တော်ရဲ့ ဒီဘက်လမ်းခွဲ ထူးခြားချက်က တောင်ကုန်းလေးတွေနဲ့ လမ်းအကွေ့ အကောက်လေးတွေ အတော်များများ ရှိပါတယ်။ ဒီတော့ စက်ဘီးပွဲကို ဓာတ်ပုံရိုက်လို့ ကောင်းတာပေါ့။ အဲဒီလို ဓာတ်ပုံရိုက်ကွက် ကောင်းကောင်းရဖို့ ရှေ့ကနေပြေးလာတဲ့ မီဒီယာကားဟာ မနေ့က ကျနော်ပြောဖူးတဲ့ ပုံစံတူ ဗုဒ္ဓဂါယာ ဘုရားရှိရာ တောင်ကုန်းဆီ ရောက်လာပါတယ်။ “အားပါးပါး လူတွေ များလှချည်းလား” လို့ ကျနော်နှုတ်က အော်မိတဲ့အထိ များလိုက်တဲ့ ပရိသတ်တွေ။ တသောင်းကျော် နှစ်သောင်းမက ရှိမယ်လို့ ထင်ပါတယ်။ ဘုရားရှေ့ လမ်းမပေါ်က ၆ လမ်းသွား ကားလမ်းအပြည့်။ လိုင်းကားတွေ၊ ဖိုးဝှီးကားတွေ၊ ထော်လာဂျီတွေ၊ သုံးဘီးဆိုင်ကယ်တွေ ရပ်ထားလို့ ကျနော်တို့ စက်ဘီးပွဲအတွက်တောင် လမ်းကြောင်း မကျန်တော့သလို ဖြစ်နေပါတယ်။ နောက်ပိုင်းမှာ ပြန်သိရတာက လူတွေ မများများအောင် တရွာကို သတ်မှတ်လူဦးရေ မလာမနေရဆိုပြီး အတင်းဆင့်ခေါ်ထားတယ်လို့ ဆိုပါတယ်။ အင်း … မြို့တော်သစ်နဲ့ အစိုးရသစ်ဆိုပေမဲ့ အကျင့်ဟောင်းတွေက မပျောက်သေးပါလား။
ကံကဆိုးချင်းတော့ အဲဒီလူတွေကြားက တောင်ထိပ်မှာ မီဒီယာကား ခဏရပ်ပြီး ဓာတ်ပုံရိုက်ဖို့ စောင့်နေစဉ် ရိုက်ကွင်းရှာကောင်းတဲ့ ကျနော် ကားပျောက် ကျန်ခဲ့ပါတော့တယ်။ မီဒီယာကားပေါ် ပါလာသူတွေထဲမှာ ကျနော်မှအပ အားလုံးနီးပါး ယူနီဖောင်းဝတ်ထားသူတွေဖြစ်ပြီး အဲဒီယူနီးဖောင်းဟာ မြဝတီ တီဗီ ယူနီဖောင်းလို့ ဆိုပါတယ်။ ဒါကို မသိတဲ့ကျနော်ဟာ ဗုဒ္ဓဂါယာပွဲကို တီဗီရိုက်နေတဲ့ မြဝတီအဖွဲ့နဲ့ စက်ဘီးပွဲရိုက်တဲ့ မြဝတီအဖွဲ့ကို မှားပြီး ကိုယ့်ဘေးမှာ ဒီလူတွေရှိသေးတယ် ဆိုပြီး နေလိုက်တာ ကားဆီပြန်လာတော့ မီဒီယာကားက မရှိတော့ပါ။ အဲဒါမှ ဒုက္ခ။ အငှားဆိုင်ကယ်စီးပြီး လိုက်မယ်လုပ်တော့ ဒီနေရာက နေပြည်တော်နဲ့ မိုင် ၂၀ လောက် ဝေးသေးတဲ့အတွက် ဘာဆိုင်ကယ်မှ မရှိဘူးလို့ ဆိုပါတယ်။
နောက်ဆုံးတော့ ကျနော် စကားပြောဖို့ အတွန့်ဆုတ်ဆုံး စာရင်းထဲမှာပါတဲ့ လက်နက်ကိုင်ရဲတွေကို အကူအညီတောင်းပြီး စက်ဘီးပွဲရဲ့ နောက်ဆုံးကားကိုတားကာ ကျနော့်ကို ထည့်ပေးဖို့ တောင်းဆိုရပါတယ်။ ကံကောင်းချင်တော့ သူတို့တားပြီး ထည့်ပေးလိုက်တဲ့ကားက မြန်မာအသင်း တာဝန်ရှိသူ၊ အရင်စက်ဘီး အဖွဲ့ချုပ် အတွင်းရေးမှုး ဦးဇော်မြင့် ပါလာတဲ့ကား။ “ဟေ့ကောင် မင်း ဘယ်လိုဖြစ်တာလဲ” ဆိုပြီး သူက ကျနော့်ကို နှုတ်ဆက်ပါတယ်။ ဒါပေမဲ့ ကျနော်က စက်ဘီးဝတ်စုံနဲ့ မဟုတ်ဘဲ ကင်မရာကြီး လွယ်ထားတဲ့ သတင်းထောက်ပုံ ပေါက်နေတော့ တချိန်က သူတပည့် စက်ဘီးသမားကို ဇဝေဇဝါ ဖြစ်သွားပုံရပါတယ်။ ကျနော်ကလည်း ရှင်းပြမှ ပိုရှုပ်မှာစိုးတာနဲ့ ဘာမှမပြောပဲ ပြုံးပြီးသာ နေလိုက်ပါတယ်။
အား/ကာ တာဝန်ရှိသူ ကားဆိုတော့ မီဒီယာကားလို ရှေ့တိုးနောက်ဆုတ် သွားချင်သလို သွားလို့မရ။ နောက်ဆုံးအုပ်စု စက်ဘီးအဖွဲ့နဲ့အတူ ခပ်ဖြည်းဖြည်းသာ မောင်းလာရတဲ့အတွက် ပထမ ဆုံးပန်းဝင်သွားတဲ့အဖွဲ့ကို ဓာတ်ပုံရိုက်ဖို့ ဘယ်လိုမှ မမီတော့ပါ။ သတင်းသမားဘဝဆိုတာ ဒီလိုပါပဲ။ အခွင့်ရေးဆိုတာ နှစ်ခါ မရနိုင်ဘူးဆိုတာကို နောက်တကြိမ် သင်ခန်းစားယူရုံမှတပါး ဘာမှ မတတ်နိုင်။ ဒီလိုနဲ့ လွှတ်တော် အဆောက်ဦရှိတဲ့ လမ်းပေါ်ဖြတ်၊ အဲဒီအလွန် ရွှေတိဂုံစေတီတော် ပုံတူရှိတဲ့ တောင်ကုန်းထိပ်မှာ ပန်းဝင်တော့ နောက်ဆုံး ဝင်လာတဦးကိုသာ ဓာတ်ပုံ ရိုက်ခွင့် ရပါတော့တယ်။
စာရင်းချုပ်လိုက်တော့ ထိုင်းနှစ်ဦးက ပထမနဲ့ ဒုတိယ ရသွားပြီး မလေးရှားက တတိယ ရသွားပါတယ်။ မြန်မာကတော့ ပန်းဝင်ခါနီးမှ စက်ဘီးတာယာပေါက်လို့ ဆိုပြီး ဘာမှမရလိုက်ပါ။ ပန်းဝင်ပွဲကိုမမီလို့ ဆုပေးပွဲကို အသေအချာ ဓာတ်ပုံရိုက်မယ်လို့ ကျနော်က ပြင်နေပေမဲ့ ကျန်တဲ့မီဒီယာသမားတွေက စက်ဘီးသမားတွေထက် အားကစား ဒုဝန်ကြီးကို ပိုစိတ်ဝင်စားနေတာ တွေ့မိပါတယ်။ ဒါကလဲ မြန်မာနိုင်ငံရဲ့ ထူးခြားချက်ပါပဲ။
နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ကျနော် တွေ့မိသလောက်ကတော့ တာဝန်ရှိသူတွေဟာ အဖြည့်ခံသဘောသာဖြစ်ပြီး တကယ့်ဇာတ်ကောင်က အားကစားသမားတွေ။ ပထမရသူ၊ ဒါမှမဟုတ် တာယာပေါက်လို့ ပန်းမဝင်နိုင်သူ၊ ဒဏ်ရာရလို့ သွေးပေနေသူတွေဟာ ကင်မရာတွေ ဝိုင်းခံနေရတဲ့ပုဂ္ဂိုလ်တွေပေါ့။ နေပြည်တော်မှာတော့ ဒီလိုမဟုတ်သေး။ ခရီးပမ်းလှတဲ့ အားကစားသမားတွေက သာမန် ပလတ်စတစ်ခုံတွေပေါ် ထိုင်နေရပြီး တာဝန်ရှိ လူကြီးမင်းတွေက ဆိုဖာခုံတွေနဲ့။ “မင်းကလည်းကွာ။ ဝန်ကြီးပုံမပါရင် သူတို့ အထောင်းခံရမှာပေါ့” လို့ စက်ဘီးသမားတဦးက ပြောတော့မှ ဟုတ်သားပဲလို့ ကျနော် သဘောပေါက်လိုက်ပါတယ်။
စက်ဘီးပွဲမှာ လာဘ်မကောင်းလို့ စိတ်ပျက်နေတဲ့ ကျနော်ဟာ အဲဒီနေညမှာတော့ နေပြည်တော်မှာ မီးပျက်တဲ့ အထူးသတင်းပုဒ်ကို ရလိုက်ပါတယ်။ ဟုတ်တယ်လေ၊ တနိုင်ငံလုံးမှာ မီးပျက်တာ သတင်း မဟုတ်တော့ပေမဲ့ နေပြည်တော်မှာတော့ ၂၄ နာရီ မီးထိန်ထိန်လင်းနေတယ်လို့ ကျနော် ကြားဖူးထားပါတယ်။ ဒါပေမဲ့ အဲဒီနေ့ည ၁၁ နာရီကနေ မနက် ၇ နာရီအထိ နေပြည်တော်မှာ (ကျနော်တို့ ဧည့်ရိပ်သာ တခုတည်းလားတော့ မသိပါ) မီးပျက်တာကို ကျနော် ကြုံလိုက်ရပါတယ်။
မနက်ပိုင်းရောက်တော့ ဒိုင်လူကြီး အဖွဲ့တွေအားလုံးက မော်လမြိုင်ကို ပြန်ဖို့ပြင်။ ကျနော်ကလည်း ပုဂံဘက် ဘုရားဖူး ဆက်သွားဖို့ ပြင်ပါတယ်။ ဒါပေမဲ့ ပုဂံဘက်သွားတဲ့ ကားတွေက မနက်စောစောနဲ့ ညနေပိုင်းသာရှိတယ်လို့ ဆိုပါတယ်။ ကျနော်က မနက်ပိုင်းမှာ နေပြည်တော်တခွင် လေ့လာရေးလုပ်ပြီးမှ နေ့လည်ပိုင်းလောက် ခရီးထွက်ချင်သူ။ ညနေပိုင်း ကားစီးမယ်ဆိုရင်လည်း လမ်းတလျှောက် မှောင်မှောင်မည်းမည်းနဲ့ ဘာမှ မြင်ခွင့်ရမှာမဟုတ်။ ဒီတော့ ပုဂံအသွား ကြားခရီးမှာ ရှိတယ်ဆိုတဲ့ မိတ္ထီလာမှာ တညအိပ်မယ်လို့ အရေးပေါ် ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ ပြီးတော့ ပစ္စည်းတွေကို စည်ပင်ဧည့်ရိပ်သာရုံးမှာ အပ်ပြီး နေပြည်တော်တခွင့် လေ့လာရေးလုပ်ဖို့ ကြံပါတယ်။
“ကားတော့မရှိဘူးဆရာ။ ဟိုလမ်းဘေးက ဆိုင်ကယ်တက္ကစီတွေကိုသာ ငှားသွားလေ” လို့ စည်ပင်ဝန်ထမ်းက အကြံပေးတော့ ကျနော် စိတ်ညစ်သွားပါတယ်။ ဒီလောက် တောခေါင်တဲ့မြို့ထဲမှာ ကိုယ်တခါမှ မသိဖူးတဲ့ လမ်းဘေး ဆိုင်ကယ်သမားကို ငှားသွားလို့ ဘယ်စိတ်ချရပါ့မလဲ။ ဟုတ်တယ်လေ။ နေပြည်တော်ဆိုတာ ကျနော် တခါမှ ရောက်ဖူးတာမဟုတ်။ အရင်နေ့ကအထိ စက်ဘီးသမား သူငယ်ချင်းတွေနဲ့ အတူနေလို့ အိုကေနေပေမဲ့ အခုတကိုယ်တော် ဆိုတော့ စိတ်ထဲမှာ သိပ်မလုံခြုံလှ။ နောက်ဆုံးတော့ စည်ပင်ဝန်ထမ်း လူငယ်တဦးက သူ့ဆိုင်ကယ်နဲ့ လိုက်ပို့ပေးမယ်။ ၅၀၀၀ ကျပ် ပေးပါဆိုတဲ့နဲ့ ဈေးတည့်သွားပါတယ်။
အဲဒီလိုဈေးတည့်ပြီး ပါလီမန်ရှေ့ကို ချီတက်တော့မှ လူနေရပ်ကွက် စည်ပင်ရိပ်သာနဲ့ ပါလီမန်က ၁၀ ကီ လိုမီတာ ဝေးမှန်း သိလိုက်ရပါတယ်။ ဘယ်ဘက် ၁၀ လမ်း၊ ညာဘက် ၁၀ လမ်း၊ အလယ်မှာ မျဉ်းဝါလိုင်း တားထားတဲ့ ပါလီမန်ရှေ့က လမ်းမကြီးက တကယ့်ဧရာမ။ ကျနော်တို့ ထားဝယ်လေယဉ်ကွင်းထက် အများကြီး ပိုကျယ်နေပါတယ်။ ဘိုးရင်း ဂျက်လေယာဉ် ဆင်းမယ်ဆို ဆင်းနိုင်တဲ့ လမ်းကြီးမျိုးပါ။ ဘေးတဖက်စီမှာ ပလက်ဖောင်းနဲ့ ဓာတ်မီးတိုင်တွေ ရှိပေမဲ့ အလယ်မှာ မျဉ်းဝါလိုင်းမှအပ ဘာအတားအဆီးမှ မရှိ။ အဲဒီ လမ်း ၂၀ သွား ကားလမ်းပေါ်မှာတော့ ကျနော်တို့ မော်တော်ဆိုင်ကယ်တစီးမှ တခြား ဘာယာဉ်မှ မတွေ့မိ။ ၅ မိနစ်လောက်ကြာမှ တစီးတလေ ပေါ်လာတဲ့ ဌာနဆိုင်ရာကားနဲ့ ဆိုင်ကယ်တချို့။ ကျန်တဲ့အချိန်မှာ တိတ်ဆိတ်ငြိမ်သက်နေတဲ့ လေယာဉ်ကွင်းနဲ့တူတဲ့ ပါလီမန် လမ်းမကြီးပေါ့။
ပေ ၂၀၀ လမ်းမကျယ်ကြီးကို ကျော်၊ ပါလီမန်ရှေ့က ဂိတ်ပေါက်ဝဆီ သွားပြီး “ပါလီမန်ထဲ ဝင်လေ့လာလို့ရလား” လို့ ကျနော်က ရိုးသားစွာ သွားမေးမိပါတယ်။ “ဘယ်အဖွဲ့ကလဲ၊ ဘာကိစ္စလဲ၊ ဘာကြောင့် ဒီကို ရောက်လာတာလဲ” စသဖြင့် မေးခွန်းများစွာကို ဂိတ်တာဝန်ခံလို့ ယူဆရသူ အရပ်ဝတ်အရာရှိတဦးက ဆက်တိုက်မေးလိုက်ပါတယ်။
“ဘယ်အဖွဲ့ကမှ မဟုတ်ဘူး။ ဒီကို ခဏရောက်တုန်း အမှတ်တရ ဓာတ်ပုံ ရိုက်သွားချင်လို့ပါ” လို့ပြောတော့ အဲဒီအရာရှိဘေးက ဝါကီတော်ကီ ကိုင်ထားတဲ့ စစ်ယူနီဖောင်းဝတ် အရာရှိတဦးက ကျနော်ကို သတင်းသမားမှန်း တွက်ဆမိသွားပုံရပါတယ်။ လေသံကို ချက်ချင်းပြောင်း လိုက်ပြီး “အထဲဝင်မယ်ဆိုရင်တော့ သက်ဆိုင်ရာက ခွင့်ပြုချက် စာရွက်စာတမ်း လိုတယ်ဆရာ၊ အဲဒါကလည်း မခက်ပါဘူး။ ဟိုတောင်ထိပ်မှာ မြင်နေရတဲ့ လွှတ်တော်ရုံးမှာ သွားယူလိုက်ရုံပါပဲ” လို့ ယဉ်ကျေးစွာနဲ့ တုန့်ပြန်ချက်ပေးပါတယ်။
“အာ … အဲလောက်အထိ ကျနော် အချိန်မရဘူးဗျ။ လွတ်တော်အဆောင်ထဲ မဝင်ဘဲ အပြင်ကနေ ရိုက်မယ်ဆိုရင်ရော ရမလား” ဆိုပြီး ကျနော်က ဈေးဆင့်ကြည့်လိုက်ပါတယ်။ “မရဘူးဆရာ။ တာဝန်အရ လုပ်ရတာပါ။ ဒီလိုင်းကိုကျော်ပြီး အထဲဝင်လို့မရပါဘူး” လို့ အဲဒီစစ်အရာရှိက ဖြေပါတယ်။ အဲဒါမှ ဒုက္ခ။ လူနေအရပ်နဲ့ ပါလီမန်က ၁၀ ကီလိုမီတာ ဝေးတဲ့အပြင် ခြံစည်းရိုးနဲ့ ပါလီမန်အဆောက်ဦကလည်း ကီလိုဝက်လောက် ဝေးနေပြန်ပါတယ်။ ပါလီမန်ဆီ ရောက်ဖို့ ဒီဂိတ်ကနေ ဧရာမတံတားကြီးတခုကို ဖြတ်သွားရဦးမှာ ဖြစ်ပါ တယ်။
တခြားနေ့တွေ၊ အထူးသဖြင့် လွှတ်တော်အစည်းဝေး ရှိတဲ့နေ့တွေဆိုရင်ရော အထဲဝင်လည်ခွင့်ရလားလို့ ကျနော်က ထပ်မေးမိပြန်ပါတယ်။ “လွှတ်တော်အစည်းဝေး ရှိတဲ့နေ့ဆို ဒီလမ်းမကြီးတခုလုံး ပိတ်ထားတာဗျ” လို့ စစ်အရာရှိကဖြေတော့ ကျနော် အတော်စိတ်ပျက်သွားပါတယ်။ ခွင့်ပြုချက်ပေးတဲ့နေရာမှာပဲ ရပ်ပြီး ဓာတ်ပုံတွေ ရိုက်ခဲ့ရပါတယ်။
ဒါပေမဲ့ တခြားဖက်ကနေလည်း အလားတူရိုက်လို့ ရနိုင်ပါတယ်လို့ အဲဒီစစ်အရာရှိက အကြံပေးလိုက်တဲ့ အတွက် ပါလီမန်ခြံဝင်းကို တပတ်ပတ်ပြီး ဓာတ်ပုံရိုက်ဖို့ ကျနော်ကြိုးစားခဲ့ပါတယ်။ ပါလီမန်ခြံဝင်းက အကျယ်ကြီးဆိုတော့ တပတ်ပတ်ရေးက သိပ်မလွယ်။ ဝင်္ကဘာဝင်နေရသလိုပါပဲ။ လမ်းတွေကလည်း ရှုပ်တာနဲ့ နေပြည်တော် စည်ပင်ဝန်ထမ်း ဆိုင်ကယ်သမားတောင် အလွဲလွဲအချော်ချော်။ ထွက်ပေါက်ပိတ်နေတဲ့ လမ်း ၂ ခုကို ကြုံခဲ့ရပြီးနောက်မှာတော့ အနောက်ဘက် ဝင်ပေါက်ဆီ ကျနော်တို့ ရောက်လာပါတယ်။ ဒါပေမဲ့ ဒီဘက် ဂိတ်စောင့်တဲ့ ပုဂ္ဂိုလ်တွေက ကျနော့်ကို လမ်းညွှန်လိုက်တဲ့ စစ်ဗိုလ်လောက် သဘောမကောင်း။ ဆက်ဆံရေးက ကျိုးတိုးကျဲတဲ။ ဓာတ်ပုံရိုက်တာကို သိပ်ကြိုက်ပုံမရ။ အများနဲ့ဆိုင်တဲ့ ပါလီမန်ကို သူတို့စစ်ရုံးချုပ်က လျှို့ဝှက်စစ်ဆင်ရေးခန်းလို့များ ထင်နေသလားမသိပါ။
စိတ်ထဲမှာတော့ ပါလီမန်ရှေ့ရောက်နေတာနဲ့မတူပဲ စစ်တပ်ဝင်းတခုအတွင်း ရောက်နေသလိုလို၊ ထွက်ပေါက် ပိတ်မိနေသလိုလို ခံစားခဲ့ရပါတယ်။ တချိန်တည်းမှာပဲ မြို့ထဲသွားရင် နေ့စဉ်လိုလို ဖြတ်လျှောက်သွားနေကြ အော်စလိုမြို့က ပါလီမန်ကို သွားသတိရမိပါတယ်။ အများပြည်သူ အလွယ်တကူ လာနိုင်တဲ့ မြို့လယ်ခေါင်မှာ ပါလီမန်ကို ဆောက်ထားပြီး ဓာတ်ပုံကြိုက်သလောက်ရိုက်။ အစောင့်တွေကိုပါ ခေါ်ပြီး ကိုယ်နဲ့တွဲရိုက်ရင် သူတို့က သဘောတွေကျလို့။ ဓာတ်ပုံများများရိုက်လေ သူတို့ပါလီမန်ကို လူသိများလေပေါ့။ အခု နေပြည်တော်မှာတော့ ဒီလိုမျိုးမဟုတ်။ အစောင့်စစ်သားတွေကို နိုင်ငံတကာ ပါလီမန် လေ့လာရေးခရီးစဉ်အဖြစ် ပို့ပေးဖို့ လိုနေလေမလား။
ထားပါတော့။ စစ်တပ်ကနေ အရပ်သားအစိုးရဆီ အသွင်ကူးပြောင်းရေးကာလ အစပိုင်းဆိုတော့ ဒီလောက်တော့ သီးခံစိတ်ရှည်ရမှာပေါ့လေ။ ဆက်ဆံပြောဆိုရတာ ခက်ခဲပြီး လူထုနဲ့ အလှမ်းဝေးလှတဲ့ ပါလီမန်ကို အဝေးမြင် လေ့လာမှုအပြီးမှာတော့ ဝန်ကြီးဌာနတွေကို လျှပ်တပြက် အကြည့်နဲ့ လိုက်လေ့လာရပါတယ်။ တောင်တလုံးစီမှာ ဝန်ကြီးဌာနတခုစီ ဆောက်ထားတာတွေ့ရပြီး ဌာနတွင်းဝင်ပြီး မေးမြန်းစုံ စမ်းဖို့ဆိုတာ မလွယ်။ အများနဲ့ဆိုင်တဲ့ ပါလီမန်ကတောင် ဒီလို မေးခွန်းတွေ မေးနေရင် ဝန်ကြီးဌာနဆို ပိုဆိုးမှာပေါ့။
ဝန်ကြီးဌာန ရုံးခန်းတွေရှေ့ ဆိုင်ကယ်နဲ့ပတ်နေစဉ် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနဲ့ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်တို့ နော်ဝေရောက်စဉ်က သူတို့ရဲ့ လိပ်စာကတ် ပေးထားခဲ့ပြီး နေပြည်တော်ရောက်ရင် သူတို့ဆီလာဖို့ ဖိတ်ကြားထားတာကို သတိရလာပါတယ်။ ဒါပေမဲ့ တတိယ နိုင်ငံတခုမှာ သူလိုကိုယ်လို မိတ်ဖြစ်ဆွေဖြစ် တွေ့တာ အကြောင်းမဟုတ်ပေမယ့် နေပြည်တော်က ဝန်ကြီးဌာနအထိဝင်ပြီး သွားတွေ့ဖို့ဆိုတာ သင့်တော်ပါ့မလား။ အင်တာဗျုးလုပ်ဖို့ ချိန်းထားတာလည်း မဟုတ်။ ဂျာနယ်လစ်ဗီဇာနဲ့ ဝင်လာတာလည်း မဟုတ်။ တွေ့ဆုံဆွေးနွေးစရာ ကိစ္စကလည်း အတိအကျ ဘာမှမရှိ။ ဒီတော့ ဝန်ကြီးမင်းများရဲ့ လိပ်စာကတ်ကို ပြန်သိမ်းပြီး အများပြည်သူအခြေနေကို လေ့လာဖို့ ဆုံးဖြတ်လိုက်ပါတယ်။
“နေပူတော်” လို့ နောင်ပြောင် ခေါ်ဝေါ်လေ့ရှိတဲ့အတိုင်း နေအလွန်ပူလှတဲ့ ကွန်ကရစ် လမ်းမတွေပေါ် သာမန် အရပ်သားတွေ ဘယ်လို သွားလာနေကြသလဲ။ ဝန်ကြီးဌာန ရုံးခန်းတွေရှေ့နားမှာ ရန်ကုန်ထက် ဆယ်ဆလောက် သန့်ပြန်တဲ့ ဘတ်စ်ကားဂိတ် အကောင်းစားတွေကို တွေ့မိပေမယ့် ဘတ်စ်ကားတော့ နေပြည်တော်မှာ တစီးမှမတွေ့မိပါ။ ရန်ကုန်မှာ ဆိုင်ကယ်စီးခွင့် မရှိလို့ အမိန့်ထုတ်ထားသလို နေပြည်တော်မှာလည်း ဘတ်စ်ကားမောင်းခွင့် မရှိလို့ အမိန့်များ ထုတ်ထားလေသလား။ သာမန်ပြည်သူတွေ ဘယ်လိုခရီး သွားကြသလဲ။
“ဝန်ကြီးတွေက ကိုယ်ပိုင်ကားတွေနဲ့၊ သာမန်ပြည်သူက စက်ဘီးတွေ၊ ဆိုင်ကယ်တက္ကစီတွေ။ သုံးဘီးတွေနဲ့ပေါ့ အစ်ကိုရာ” လို့ တက္ကစီသမားက ပြောပါတယ်။ ဒါပေမဲ့ သာမန်အရပ်သားတွေကို နေပြည်တော်လမ်းမပေါ်မှာ ကျနော်မတွေ့မိပါ။ စည်ပင်ဝန်ထမ်း တံဆိပ်ပါ ယူနီဖောင်းဝန်ထားတဲ့ အမျိုးသမီးတချို့ကိုတော့ လမ်းမသစ်ကြီးဘေးက အလှစိုက်ထားတဲ့ မြက်ခင်းထဲ ပေါင်းနှုတ်နေတာကို မြင်ခဲ့ရပါတယ်။ တကယ်တမ်း ပြောမယ်ဆိုရင် ကိုယ်ပိုင်ကားနဲ့ ဆိုင်ကယ်သာမရှိရင် နေပြည်တော်မှာ ခရီးသွားဖို့ သိပ်မလွယ်။ လူနေရပ်ကွက်နဲ့ ပါလီမန်က ၁၀ ကီလို။ ဝန်ကြီးဌာန တခုနဲ့တခုက တကီလိုနီးပါးစီ ဝေးကွာ။ တောကလဲနက်၊ လမ်းကလဲကျယ်။ လူကလဲပြတ် ဆိုတော့ ဥယျဉ်မြို့တော်ကြီး သို့မဟုတ် တောတွင်းမြို့တော်တခုထဲ ရောက်နေသလို ကျနော်ခံစားမိပါတယ်။
ဒါဆိုရင် ဒီမြို့တော်ရဲ့ ဖန်တီးရှင် ဗိုလ်ချုပ်မုှူးကြီးရော အခုဘယ်မှာလဲ။ “ခင်ဗျား နေပူတော်ရောက်ရင် ခေါင်းဆောင်ကြီးရဲ့ အိမ်ကို ဓာတ်ပုံရိုက်ခဲ့ပေးစမ်းပါဗျာ” ဆိုတဲ့ အော်စလိုက မိတ်ဆွေတဦးရဲ့ အမှာ စကားက ကျနော့် ခေါင်းထဲ ဝင်လာပါတယ်။ ဒါနဲ့ ဆိုင်ကယ်သမားကို ခေါင်းဆောင်ကြီးရဲ့ အိမ် ဘယ်နားလဲ၊ သွားကြည့်လို့ရလား ဆိုပြီး မေးကြည့်တော့ တခါမှမကြားဖူးတဲ့ မေးခွန်းတခုကို ကြားရတဲ့ပုံစံမျိုးနဲ့ ဆိုင်ကယ်သမားက ကျနော့်ကို ပြန်ကြည့်ပါတယ်။ ဒါဆိုရင် အရုပ်ကြီး ၃ ခုရှိတဲ့နေရာရော သွားကြည့်လို့ရလားဆိုတော့ “အဲဒါလည်း ကျနော် မသိဘူး၊ စစ်တပ်ဝင်းထဲမှာလို့ ထင်ပါတယ်” လို့သာ ဆိုင်ကယ်သမားက ဖြေပါတယ်။
သူဖြေမှ ကျနော်လည်း အသေအချာ သတိထားမိပါတယ်။ နေပြည်တော်ကို မရောက်ဖူးခင်ကဆိုရင် နေပြည်တော် ဝင်တာနဲ့ အဲဒီ ရာဇဝင်ထဲက သူရဲကောင်း ၃ ဦးရဲ့ပုံကို အရင်ဆုံး မြင်ရမယ်လို့ ထင်ထားခဲ့တာပါ။ အခု အသေအချာ ပြန်စဉ်းစားကြည့်တော့မှ အဲဒီပုံတွေက နေပြည်တော် စစ်ရေးပြကွင်းထဲမှာပဲ။ တပ်မတော်နေ့ အခမ်းအနား ဗီဒီယိုပြကွက်တွေမှာ ဒီပုံတွေကို မြင်ခဲ့ရတာပဲ။ လူအများနဲ့ဆိုင်တဲ့ ပါလီမန်တောင် လူနေအရပ်နဲ့ ၁၀ ကီလိုမီတာ ဝေးနေရင် ကန့်သန့်နယ်မြေဖြစ်တဲ့ စစ်ရေးပြကွင်းဆိုရင် ဘယ်လောက်များ ဝေးနေလိမ့်မလဲ။ ပါလီမန်ရှေ့မှာတောင် ဒီလောက် အစစ်ဆေးများနေရင် အဲဒီတပ်နယ်ထဲများ ရောက်သွားလို့ကတော့ ဘာမှမမေးဘဲ တခါတည်းများ ဖမ်းထည့်ထားလေမလား လို့တောင် တွေးနေမိပါတယ်။
အဲဒီဘက်ကို သွားခွင့်မရဘူးဆိုရင် ကျနော်ရဲ့ နေပြည်တော် လေ့လာရေးက ဒီမှာတင် ရပ်ရတော့မှာလား။ အချိန်က တနာရီလောက် ကျန်နေသေးတာနဲ့ ရွေတိဂုံစေတီတော် ပုံတူနဲ့ ဆင်ဖြူတော်နေရာတွေကို သွားရောက် လေ့လာခဲ့ပါတယ်။ ဒီရွေတိဂုံစေတီတော် ပုံတူက ပုဂံက ရှေးဘုရားတွေလို ဘုရားအောက်ထဲ ဝင်ခွင့်ရအောင် ဖန်တီးပေးထားတာကတော့ ထူးပါတယ်။ အဲဒီက ဆင်းလာတော့ ဆင်ဖြူတော်စခန်း။ “ဆင်ဖြူဆိုတာ ခရုသင်းစွဲနေတဲ့ ဆင်ပေါ့ကွာ။ တိရစ္ဆာန်ဆိုမှ လူထက် အဆင့် နိမ့်တာပေါ့။ အဲဒါကို ရှိခိုးနေရတယ်လို့” ဆိုတဲ့ ကွယ်လွန်သူ သမိုင်းဆရာကြီး ဒေါက်တာ သန်းထွန်း ရေဒီယိုအင်တာဗျုးတခုမှာ ပြောခဲ့တဲ့ စကားကို ပြန်ကြားယောင်နေမိပါတယ်။
ဆင်ဖြူစခန်းကနေ မြို့ထဲပြန်အဝင် လမ်းဘေး တနေရာမှာတော့ လယ်ထွန်နေတဲ့ လယ်သမားတဦးနဲ့ နွားကျောင်းနေတဲ့ လူငယ်နှှစ်ဦးကို တွေ့ပါတယ်။ “လမ်းတွေကောင်းလာတော့ အဲဒီလမ်းပေါ် နွားမတက်အောင် ထိမ်းရလို့ ကျနော်တို့ ပိုအလုပ်ရှုပ်တာပေါ့ ဆရာ” လို့ နွားကျောင်းသားတဦးက ပြောပါတယ်။ သူတို့ဟာ နေပြည်တော် ဝန်းကျင် ကျေးရွာတွေကဖြစ်ပြီး နေပြည်တော်တည်ကာစမှာ သူတို့ရွာတွေ ပြောင်းရွေ့ခံရကြောင်း၊ အခုတော့ ဟိုခမ်းလှမ်းလှမ်းမှာ မြင်နေရတဲ့ ရွာငယ်လေးမှာ သူတို့နေကြောင်း ဆိုပါတယ်။ “အဖေကတော့ လယ်ဈေးတွေ တက်လာတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ စပါးဈေးက မတက်ဘူး၊ သူဌေးတွေက လယ်တွေကို လိုက်ဝယ်နေတာလေ ဆရာ” လို့ နောက်ထပ် နွားကျောင်းသားတဦးက ဆိုပါတယ်။
၄ တန်းလောက်အထိ ကျောင်းနေဖူးတယ်ဆိုတဲ့ ဒီကလေးနှစ်ယောက်ဟာ အခု အသက် ၁၄-၁၅ နှစ် ဝန်းကျင်သာ ရှိသေးပေမယ့် စာသင်ခန်းနဲ့ သူတို့ဘ၀ ဘာမှမဆိုင်တော့သလိုပါပဲ။ “ကျောင်းတော့နေချင် တာပေါ့ဗျာ။ ကျနော် ကျောင်းသွားရင် နွားတွေကို ဘယ်သူကျောင်းပေးမှာလဲ” လို့ တဦးက ဆိုပါတယ်။ ကျနော်ကလည်း မေးခွန်းသာ မေးတတ်ပြီး အဖြေပေးတတ်သူ မဟုတ်တော့ သူတို့ကို မုန့်ဖိုးလောက်ပေးပြီး နှစ်သိမ့်ရုံမှတပါး တခြားမလုပ်တတ်။ သူတို့နွားတွေရှိတဲ့ ကွင်းထဲကြည့်လိုက်တော့ လယ်ထွန်နေတဲ့ လယ်သမားတဦး။ အနောက်မှာတော့ ရွွှေတိဂုံစေတီတော် ပုံတူ။ နေပြည်တော်ရဲ့ သရုပ်မှန်ဇာတ်ကွက်တခုကို အမီအရ ရိုက်ယူပေါ့။
လယ်သမားနဲ့ နွားကျောင်းသားတွေကို နှုတ်ဆက်ပြီးနောက် နေပြည်တော် လမ်းမကြီးပေါ် ကျနော်တို့ ဆိုင်ကယ် ပြန်ရောက်လာပါတယ်။ ဒီလောက်ကြီးကျယ်တဲ့ လမ်းမကြီးတွေ။ ရှည်လျာထွေပြား အကောင်းစား ရန်ကုန်-နေပြည်တော် အဝေးပြေးလမ်းမကြီး၊ ခန်းနားလှတဲ့ပါလီမန်၊ ကျယ်ပြန့်လှတဲ့ ဝန်ကြီးဌာ နရုံးခန်းတွေ၊ ရေကန်တွေ၊ ပန်းခြံတွေ၊ စစ်ရေးပြကွင်းတွေ၊ ဧရာမရုပ်တုကြီးတွေ၊ ဟိုတယ်ကြီးတွေ စသဖြင့် ဒီလောက်ကြီးမားတဲ့၊ ဒီလောက် အကုန်အကျများမယ့် ဆောက်လုပ်ရေး စီမံကိန်းအတွက် ငွေတွေ ဘယ်ကရသလဲ။ နေပြည်တော် စီမံကိန်းအတွက် ဘတ်ဂျက် ဘယ်လောက်များ ကုန်ကျခဲ့သလဲ။ ဘယ်မှာလဲ ငွေစာရင်းရှင်းတမ်း။
ဒီစာရင်းဇယားတွေကို သိချင်လို့ မေးမြန်းစုံစမ်းခဲ့ပေမဲ့ အခုအချိန်အထိ ဘယ်သူမှ အတိအကျ ဖြေကြားခြင်းမရှိသေးပါ။ သမ္မတရုံး၊ ဝန်ကြီးဌာန၊ လွှတ်တော်တွေရဲ့ ဝက်ဘ်ဆိုက်တွေထဲမှာ ရှာဖတ်ဖို့ကြိုးစားပေမဲ့လည်း နေပြည်တော်စီမံကိန်းနဲ့ ဆိုင်တဲ့ ဖော်ပြချက်မျိုး အခုထိမတွေ့ရသေးပါ။ ပိုပြီးထူးခြားတာကတော့ ဒေါက်တာဆိတ်ဖွားလို အမှုမျိုးကအစ မီးခွက်ထွန်းပြီး ရှာဖွေနေတဲ့ ရွေးချယ်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ကိုယ်တိုင်က သူတို့ထိုင်နေတဲ့ ပါလီမန်ရဲ့ ကုန်ကျစရိတ်၊ သူတို့အမြဲတန်း သွားနေရတဲ့ မြို့တော်သစ်ရဲ့ ကုန်ကျစရိတ်တွေကို လွှတ်တော်မှာ မေးခွန်းထုတ်တာမျိုး တခါမှ မကြားမိသေးပါ။
ဘာကြောင့်များပါလိမ့်။ နေပြည်တော် တည်ဆောက်ရေးကို တာဝန်ယူခဲ့တာက လက်ရှိအစိုးရမဟုတ်ဘဲ အရင်စစ်အစိုးရ ဖြစ်နေလို့လား။ ဒါမှမဟုတ် နေပြည်တော် အဝင်ဝမှာ အခုအထိ အိမ်တွေဆောက်ဆဲ၊ ဟိုတယ်တွေဆောက်ဆဲ၊ လမ်းတွေဖောက်ဆဲဆိုတော့ စီမံကိန်းမပြီးသေးလို့ ရှင်းတန်း မထုတ်ပြန်သေးတဲ့ သဘောလား။ နေပြည်တော်စီမံကိန်းက ဘယ်တော့ပြီးမှာလဲ။ စီမံကိန်းကာလက ဘယ်လောက်လဲ။ ၂၀၁၅ အထိလား။ ကမ္ဘာ့နာက်ဆုံးပေါ် မြို့တော်သစ်ရဲ့ လမ်း ၂၀ မောင်း ဧရာမလမ်းမကြီးဘေးက ပါလီမန်ရှေ့မှာ ခဏရပ်ရင်း ကျနော် စဉ်းစားနေမိပါတယ်။