သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ အကျင့်ပျက်ခြစားမှုတွေကို အရေးယူမှုတွေ လုပ်နေတယ်လို့ ဆိုပေမယ့် မြန်မာ-ဘင်္ဂလား ဒေ့ရှ် နယ်စပ်နဲ့ ရခိုင်ဒေသတွင်းက အကျင့်ပျက်ခြစား ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး ပွင့်လင်း မြင်သာမှုရှိရှိ ထိထိ ရောက်ရောက် အရေးယူမှု အားနည်းနေသေးတာကို တွေ့မြင်ရပါတယ်။
ပြီးခဲ့တဲ့နှစ် ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေ ဖြစ်တုန်းကတော့ မောင်တောနယ်စပ်မှာ အခြေစိုက်တဲ့ နယ်စပ်ဒေသ လူဝင်မှု စစ်ဆေး ရေး ကွပ်ကဲမှု ဌာနချုပ်(နစက) အကြီးအကဲ ဖြစ်တဲ့ နစကမှူး ဦးအောင်ကြီး ဆိုသူ တဦးတည်းကိုပဲ တာဝန်က ရပ်စဲလိုက်တာ တွေ့ရတယ်။ နစက ကို စစ်တပ်၊ လဝက၊ ရဲတပ်ဖွဲ့ နဲ့ အကောက်ခွန် စတဲ့ ဌာနတွေ နဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး အဲဒီထဲမှာ အာဏာအရှိဆုံး ကတော့ စစ်တပ်ပါပဲ။ ဒီအဖွဲ့ဟာ လာဘ်စားမှုနဲ့ ပတ်သက်ပြီး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။
နယ်စပ်ဒေသ တလျှောက်အပြင် ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အများစုမှာနေထိုင်တဲ့ မြန်မာနိုင်ငံသား မဟုတ်သူတွေကို နိုင်ငံ သားကတ် တရားမဝင် ထုတ်ပေးတာ၊ တဘက်နိုင်ငံသားတွေကို လာဘ်ငွေယူပြီး နယ်စပ်ကတဆင့် ရခိုင်ပြည်နယ်အတွင်း ကို တရား မဝင် ခိုးဝင်ခွင့်ပြုခဲ့တာ စတဲ့ အကျင့်ပျက်ခြစားမှု သတင်းတွေဟာ ကျယ်ကျယ် လောင်လောင်ထွက်ပေါ်ခဲ့ပါတယ်။
အဲဒီလို လူဝင်လူထွက် ကိစ္စတွေ၊ နိုင်ငံသားကတ် တရားမဝင် ထုတ်ပေးခဲ့တာတွေနဲ့ ပတ်သက်ပြီး လာဘ်စားမှုတွေကို မဖော်ထုတ်နိုင် သေးတာဟာလည်း စစ်တပ်က အရာရှိတွေ ပါဝင်နေတာကြောင့် ဖြစ်နိုင်တယ်လို့ ရခိုင်တိုင်း ရင်းသားများ တိုးတက်ရေး ပါတီ (RNDP) ပါတီရဲ့ ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က သုံးသပ်ပါတယ်။
“အဓိက တာဝန်ရှိသူတွေဟာ ရခိုင်စစ်တိုင်းမှူး လုပ်ခဲ့သူတွေနဲ့ စစ်တပ်ရဲ့ အဓိက နေရာမှာ တာဝန်ယူခဲ့သူတချို့ ပါဝင်နေတယ်လို့ ကျနော်တို့ ကြားထားတယ်၊ အရေးယူမှုတွေ မလုပ်နိုင်သေးတာဟာ ဒါကြောင့်လဲ ဖြစ်နိုင်တာပေါ့၊ ဒါပေမယ့် အခု အကောက်ခွန်က ဝန်ထမ်းတချို့ အရေးယူပြီဆိုတော့ လဝက က ခြစားခဲ့သူတွေကိုလည်း အရေးယူမှုတွေ ရှိလာနိုင်မယ်လို့ ယူဆပါတယ်”လို့လည်း ဒေါက်တာ အေးမောင်က ပြောပါတယ်။
ရခိုင်ဒေသမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ စစ်တိုင်းမှူးတွေအနက် ဗိုလ်ချုပ်ဝင်းမြင့် (နောင် ဒု ဗိုချုပ်ကြီး၊ နဝတ အတွင်းရေးမှူး ၃ ဖြစ်ခဲ့သူ)၊ ဗိုလ်ချုပ် မောင်ဦး(လက်ရှိ ကြံ့ခိုင်ရေး ပါတီ ဗဟိုအလုပ်အမှုဆောင်နဲ့ ရခိုင် တာဝန်ခံ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) တို့ဟာ ဘင်္ဂါလီ(မွတ်စလင်) လုပ်ငန်းရှင်တွေကို အခွင့်အရေးပေးတာ၊ အဲဒီ ဘင်္ဂါလီတွေရဲ့ လိုအပ်ချက်တွေကို လိုက်လျောပေး တာ အများဆုံး လုပ်ခဲ့သူတွေလို့ ရခိုင် ဒေသခံတွေရဲ့ စွပ်စွဲ ပြောဆိုမှု အများဆုံးခံနေရသူတွေပါ။
တပ်မမှူး၊ တပ်ရင်းမှူး အဆင့်ရှိခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေဟာလည်း ငွေကြေးပြည့်စုံတဲ့ ဘင်္ဂါလီတွေကို လုပ်ပိုင်ခွင့်တွေပေး၊ သူတို့နဲ့ ဆက်စပ် သူတွေကို ခရီးသွားလာခွင့် လက်မှတ်တွေ အလွယ်တကူလုပ်ဆောင်ပေးတာတွေဟာလည်း အများအပြားရှိခဲ့ပါတယ်။
ဒါ့အပြင် ဗိုလ်ချုပ်ကြီးခင်ညွှန့် အာဏာရှိစဉ်ကလည်း ဘင်္ဂါလီတွေကို အခွင့်အရေးပေးခဲ့တဲ့ အထောက်အထားတွေ အများအပြားရှိတယ်လို့ ရခိုင်ဒေသခံတွေက ပြောပါသေးတယ်။
ဗိုလ်ချုပ်ကြီး ခင်ညွှန့် ရဲ့ထောက်လှမ်းရေးတွေ တန်ခိုးအာဏာ ကြီးစိုးချိန်၊ စစ်တပ် သြဇာကြီးထွားချိန်မို့ ဒီဖြစ်ရပ်မျိုးတွေ အများအပြားရှိခဲ့ပေမယ့် ဘယ်သူကမှ ထုတ်ဖော်ပြောဆိုရဲတာ၊ အရေးယူတာမျိုး မလုပ်ဆောင်ရဲ ခဲ့ကြပါဘူး။
အရင်က စစ်တပ်ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေဟာ လက်ရှိအစိုးရအဖွဲ့၊ အာဏာရ ကြံ့ခိုင်ရေးပါတီ၊ လွှတ်တော် အသီးသီးတွေမှာ ထိပ်တန်း တာဝန်တွေ နေရာတွေ ရရှိထားခြင်းဟာလည်းပဲ ရခိုင်ဒေသတွင်းက အကျင့် ပျက်ခြစားခဲ့မှုတွေကို အရေးယူနိုင်ဖို့ အဟန့်အတား ဖြစ်နေတာတော့ အမှန်ပါပဲ။
အလားတူ ၂၀၁၀ ရွေး ကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ မဲရဖို့အတွက် ဘင်္ဂါလီဦးရေ ၅ သိန်းလောက်ကို ယာယီနိုင်ငံသား ကတ်ပြား တွေ ထုတ်ပေးခဲ့တယ်လို့ ရခိုင် ပဋိပက္ခ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ထိရောက်စွာ စုံစမ်း ဖော်ထုတ် အရေးယူပေးဖို့ ရခိုင် ပြည်သူတွေက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ သမ္မတ၊ သက်ဆိုင်ရာ အစိုးရအဖွဲ့တွေကို တင်ပြ တောင်းဆို ထားပေးမယ့် ဒီနေ့အထိ ဆောင်ရွက်တာ မတွေ့ရသေးပါဘူး။
လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန(လဝက) ဝန်ကြီး ဦးခင်ရီကတော့ ရခိုင်ပြည်နယ်မှာ ဘယ်နိုင်ငံသားမှန်း ဖော်ထုတ်လို့ မရသေးသူ၊ သူတို့ကိုယ်တိုင်လည်း ဘယ်နိုင်ငံသားဆိုတာကို အထောက်အထား တစုံတခု မပြနိုင်သေးသူတွေကို White Card (အဖြူရောင် ကတ်)ထုတ်ပေးထားပြီး ၂၀၁၀ ရွေးကောက်ပွဲတုန်းက မဲပေးခွင့်ပြုခဲ့တယ်လို့ ရန်ကုန်မြို့မှာ ဘာသာပေါင်းစုံတွေဆုံပွဲ လုပ်စဉ် ဇူလိုင်လ ၂၁ ရက်နေ့က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ ရခိုင်ပြည်တွင်းမှာ ဘင်္ဂါလီ ၁၀ သိန်း အနက် ၅ သိန်းပဲ အဖြူရောင်ကတ် ထုတ်ပေးထားတယ်လို့လည်း ဦးခင်ရီ က ပြောဆိုတယ်။
ဒါ့အပြင် ဘင်္ဂါလီလူမျိုးတွေကို ရခိုင်မျိုးနွယ်စုဝင်ဖြစ်တဲ့ ကမန်တိုင်းရင်းသား အမည်ခံ ကတ်ပြားတွေကို လဝက တွေက လာဘ် ငွေယူ ထုတ်ပေးထားတာ ရှိပါသေးတယ်။
ကမန် တိုင်းသားဦးရေ စုစုပေါင်းဟာ ၂ သောင်းဝန်းကျင်ပဲ ရှိပေမယ့် လက်ရှိမှာ ကမန် တိုင်းရင်းသား ကတ် ကိုင်ဆောင်ထားသူ ဦးရေဟာ ၂ သိန်း ဝန်းကျင်ဖြစ်နေတယ်လို့ VOA မြန်မာပိုင်း အစီအစဉ်နဲ့ အင်တာဗျူး တခုမှာ ကမန် တိုင်းရင်းသားခေါင်းဆောင် တဦးက ဖြေဆိုခဲ့ပါတယ်။
မောင်တော၊ ဘူးသီးတောင်ဒေသမှာ ဘင်္ဂါလီ ဦးရေ ၉၇၊ ၉၅ ရာခိုင်နှုန်းနီးပါး အထိ တိုးပွားနေတာဟာလည်း ဒေသဆိုင်ရာ အာဏာပိုင် တွေရဲ့ အကျင့်ပျက်ခြစားမှုတွေကို သက်သေပြနေသလိုပါပဲ။
ရခိုင်ပြည်နယ်မှာ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ဒု ပြည်နယ်မှူး တာဝန်ကို ဆယ်စုနှစ်ချီ တာဝန်ထမ်းဆောင်ခဲ့တဲ့ အငြိမ်းစား ဝန်ထမ်း ဦးသာမြ ကလည်း တဘက်နိုင်ငံက တရားမဝင် ခိုးဝင်လာသူ ဦးရေဟာ ၇၅ ရာခိုင်နှုန်းကျော် ရှိတယ်လို့ ဧရာဝတီ ကို ပြောပါတယ်။
ဦးသာမြက“ကျနော့် အတွေ့အကြုံအရ ပြောရမယ်ဆိုရင် တဘက်နိုင်ငံက ဝင်ရောက်လာတာဟာ ၇၅ ရာခိုင်နှုန်း ကျော်မယ်လို့ ပြော ချင်တယ်၊ ဘာကြောင့်လဲဆိုတော့ လူဦးရေတိုးပွားမှုဟာ တနှစ်ထက်တနှစ် အရမ်းများနေတယ်”လို့ ဆိုပါတယ်။
လဝက ဝန်ကြီး ဦးခင်ရီကတော့ ဒါဟာ မမှန်ဘူးလို့ ငြင်းဆိုထားပါတယ်။ လဝက တွေ လာဘ်စားပြီး ဘင်္ဂါလီတွေကို ခိုးသွင်းတယ် လို့ လူအများက ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲ ပြောဆိုနေမှုတွေကို သူကိုယ်တိုင်ကြားနေတယ်၊ ဒါဟာ လုံး၀ မဟုတ်ဘူးလို့ လွတ်လပ် တဲ့ အာရှအသံ(RFA) နဲ့ အင်တာဗျူးမှာ ဖြေဆိုထားတယ်။ ပြီးခဲ့တဲ့နှစ် ရခိုင်ဒေသတွင်း အခြေအနေတွေနဲ့ပတ်သက်ပြီး မေးမြန်း စဉ်မှာ ဖြေဆိုထားတာပါ။
ဝန်ကြီး ဦးခင်ရီက“လဝက တွေက လာဘ်စားပြီး ဘင်္ဂါလီတွေကို ခိုးသွင်းလို့ လူဦးရေများနေတယ်ဆိုတာ မဟုတ်ပါဘူး၊ ကျနော်တို့ အဖွဲ့ ၂ ခုနဲ့ စစ်ဆေးတာ ခိုးဝင်တဲ့သူ တယောက်မှ မတွေ့ဘူး၊ ဒါပေမယ့် ဒါဟာ အမှန်လို့တော့ မပြောပါဘူး၊ စစ်တဲ့အချိန် ပုန်းရှောင် နေတာမျိုး ရှိရင်လည်း ရှိမှာပေါ့”လို့ ဆိုတယ်။
ဒါ့အပြင်ဘင်္ဂါလီ လူဦးရေ အဆမတန်ပွားများ နေတာဟာ မွေးဖွားနှုန်းကြောင့်ရယ်၊ အင်္ဂလိပ်နယ်ချဲ့တွေ မြန်မာနိုင်ငံကို အုပ်ချုပ် စဉ်က ကိုယ့်မြေ၊ ကိုယ့်နိုင်ငံ၊ ကိုယ့်ဘာသာကို မိမိတို့နိုင်ငံသားတွေ ကိုယ်တိုင် စီမံပိုင်ခွင့် မရှိခဲ့တဲ့ အတွက်ကြောင့်သာ ဖြစ်တယ်လို့လည်း ပြောပါသေးတယ်။
ဘင်္ဂါလီလူဦးရေ အခုလို အဆမတန်များပြားနေတာကိုလည်း ၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေ ကြီးထွားလာတော့မှပဲ လူအများက သတိထားမိလာတာ၊ သိကြတာ ဖြစ်ပါတယ်။
ဘင်္ဂါလီတွေ အဆမတန်တိုးပွားနေတာဟာ မွေးဖွားနှုန်းများတာနဲ့လည်း သက်ဆိုင်တယ်၊ ဒါပေမယ့် ဝင်ရောက်လာသူ ဦးရေလည်း အရမ်းများတယ်လို့ ဦးသာမြကတော့ သူ့ရဲ့အတွေ့အကြုံတွေအရ သုံးသပ်ပါတယ်။
ဒါ့အပြင် ဝန်ထမ်းတွေဟာ ရခိုင်ပြည်ရဲ့ နယ်စပ်ဒေသ တွေမှာ တာဝန်ကျေပွန်အောင် ထမ်းဆောင်နိုင်ခြင်း မရှိခဲ့ဘူး၊ ခိုးဝင်မှုကို ဘယ်လိုမှ ကာကွယ်နိုင်စွမ်း မရှိခဲ့ဘူး၊ အားနည်းချက်တွေလည်း အများကြီးရှိခဲ့တယ်လို့ ဝံသာနု အင်တာနက်စာမျက်နှာမှာ ဖော်ပြ ထားတဲ့ ဦးသာမြရဲ့ အင်တာဗျူးမှာ ပါရှိပါတယ်။
ဦးသာမြက“ကျနော် ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အချိန်မရွေး ပြောဆိုဖို့ အဆင်သင့်ပါပဲ၊ ကျနော့်မှာ ခိုင်လုံတဲ့ အထောက် အထား၊ အချက်အလက်တွေ အများကြီးရှိပါတယ်၊ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောချင်တာ ကြာပါပြီ”လို့ ဧရာဝတီ ကို ပြောပါတယ်။
ဗိုလ်ချုပ်ဝင်းမြင့်ဆိုရင် သူနဲ့လုပ်ငန်းသဘောအရ ရင်းနှီးတဲ့ ဘင်္ဂါလီတချို့ကို နေ့ချင်းပြီး မှတ်ပုံတင် ထုတ်ပေးခဲ့တာမျိုးတောင် ရှိခဲ့ တယ်လို့ ဦးသာမြရဲ့ အင်တာဗျူးမှာ ဖော်ပြထားပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် ထိစပ်မှုဧရိယာဟာ မိုင်ပေါင်း ၁၆၀ ဝန်းကျင်ရှိနေတဲ့အတွက်ကြောင့် ဝန်ထမ်းအင်အား လုံလောက်စွာ မထားနိုင်ခဲ့တာဟာလည်း ဘင်္ဂါလီတွေရဲ့ ဝင်ရောက်မှုကို ကာကွယ်ဖို့ အားနည်း ခဲ့ပါတယ်။ အရင် အစိုးရ လက် ထက် တွေတုန်းက နယ်စပ်စခန်းတခုမှာ ဝန်ထမ်း ၃-၄ ဦးပဲ ရှိခဲ့ပါတယ်။ လက်ရှိမှာတော့ စခန်းတခု ၅ ဦးနဲ့အထက် ရှိပြီး စခန်း ၃၀ ကျော် ရှိတယ်လို့ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေနဲ့ ရခိုင်ပြည်ထဲမှာ နေထိုင်တဲ့ ဘင်္ဂါလီတွေဟာ လူမျိုးတူ၊ ရုပ်တူ၊ ဘာသာစကား၊ ယဉ်ကျေးမှု စတဲ့ အရာတွေက တထပ်တည်းကျနေခြင်းဟာလည်းပဲ ခွဲခြားရ ခက်တာမို့ ဒီလူတွေရဲ့ ခိုးဝင်လာမှုကို ကာကွယ်နိုင်ခြင်း မရှိတဲ့ အချက် ထဲမှာ ပါဝင်နေတယ်လို့ ဆိုရမှာပါ။
နယ်စပ်က ခိုးဝင်သူတွေကို တခါတလေမှာ ဥပဒေအရ ထောင်ဒဏ်ပေး၊ ပြီးရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြန်ပို့ပေမယ့် ဘင်္ဂလားဒေ့ရှ် အစိုးရက သူတို့နိုင်ငံသား မဟုတ်ဘူးငြင်းလို့ မြန်မာနိုင်ငံတွင်းမှာပဲ ထိန်းသိမ်းထားရတဲ့ အခါ ကျွေးမွေးစရိတ်၊ နေထိုင်စရိတ်တွေ များတာကြောင့် နောက်ပိုင်းမှာ မဖမ်းချင်ကြတော့ဘူး၊ ဖမ်းတဲ့သူကလည်း နာမည်ဆိုးပဲ ထွက်တယ်လို့ ဦးသာမြက ပြောထားပါ တယ်။
ဦးနေဝင်း အစိုးရလက်ထက် ၁၉၇၀ ဝန်းကျင်လောက်က ဘင်္ဂါလီ ငါးဖမ်းလှေ ၃ စီးနဲ့ဘင်္ဂါလီ ၅၀ ဝန်းကျင်ကို ဖမ်းမိလို့ ဥပဒေ အရ တရားစွဲဖို့ လုပ်တုန်း ဦးနေဝင်းနဲ့ ဘင်္ဂလားဒေ့ရှ် သမ္မတ တို့ စကားပြောဆိုမှု အဆင်ပြေကာ ချစ်ကြည်ရေးအတွက် တရားစွဲမှု မလုပ် ခဲ့ရဘူးလို့ ဦးသာမြက ပြောတယ်။ တဘက်နိုင်ငံက ခိုးဝင်သူတွေဟာ မြန်မာနိုင်ငံက ဥပဒေကို အလေးထားမှု မရှိတဲ့အတွက် လည်း ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်း ထွက်နေကြတယ်လို့ ဆိုပါတယ်။
ယခင်အစိုးရ လက်ထက်မှာ ရဲချုပ်တာဝန်ထမ်းဆောင်ခဲ့တဲ့ လက်ရှိ လဝက ဝန်ကြီး ဦးခင်ရီကတော့ ရခိုင်ဒေသ မှာ လဝက တာဝန် ထမ်းဆောင်ခဲ့တဲ့ ဝန်ထမ်း ၃ ပုံ ၂ ပုံဟာ ရခိုင်တိုင်းရင်းသားတွေသာ ဖြစ်တယ်၊ ဒါကြောင့် ကိုယ့်ဒေသကို ထိခိုက်စေမယ့် အရာတွေကို လုပ်ဆောင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒေါက်တာ အေးမောင်ကတော့“ရခိုင်လူမျိုးတွေက တကယ့်တာဝန်ရှိတဲ့နေရာတွေမှာ မရှိခဲ့ပါဘူး၊ အဓိက အာဏာရှိတာ၊ လုပ်ပိုင်ခွင့် ရှိတာက စစ်တပ်က အရာရှိတွေပါ၊ တကယ်လို့ ရခိုင်လူမျိုးတွေက ဥပဒေ ချိုးဖောက်ခဲ့ရင်လည်း အရေးယူဖို့ လိုအပ်တာပေါ့”လို့ ဆိုတယ်။
ဘင်္ဂါလီကိစ္စတွေမှာ ကျယ်ကျယ်ပြန့်ပြန့် လာဘ်စားခဲ့တယ်လို့ ရခိုင်ဒေသခံ အများစုက ပြောနေတဲ့ နစက အဖွဲ့မှာ ဝန်ထမ်း အင်အား ၁၂၀၀ ကျော် ရှိပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ် ဇွန်လ ၈ ရက်နေ့၊ မောင်တော အကြမ်းဖက် မှုနဲ့ဆက်စပ်ပြီး နစက မှူး ဦးအောင်ကြီး တဦးတည်းကိုပဲ တာဝန်က ရပ်စဲခဲ့တာတောင်မှ ဘယ်လို အရေးယူမှု လုပ်ခဲ့တယ်ဆိုတာ ဒီနေ့အထိ ဘယ်သူကမှ သေချာမသိကြသေးပါဘူး။
ဦးအောင်ကြီးဟာ ဘင်္ဂါလီ လုပ်ငန်းရှင်တွေဆီက သိန်းထောင်ချီ လာဘ်ငွေယူပြီး ဘင်္ဂါလီတွေ အကြမ်းဖက် နေတာကို အချိန် မီတားဆီးတာ မလုပ်ခဲ့ဘူးလို့ မောင်တောဒေသခံတွေရဲ့ စွပ်စွဲမှုတွေကိုခံခဲ့ရသူပါ။ လာဘ် စားမှုနဲ့ ကျော်ကြားခဲ့တဲ့ နစက ခေါင်းဆောင် ဦးအောင်ကြီး ကိုတာဝန်က ရပ်စဲပြီး နောက်ပိုင်းမှာတော့ နစက ကို ဖျက်သိမ်းလိုက်ပါတယ်။
ရခိုင်ပြည်နယ်ထဲက နစက ဌာနချုပ်ကိုဖျက်သိမ်းကြောင်း နိုင်ငံတော် သမ္မတ အမိန့်နဲ့ ဒီလ ၁၂ ရက်နေ့က ရုတ်တရက် ကြေ ညာခဲပေမယ့် ဘာကြောင့် ဖျက်သိမ်းတယ်ဆိုတာတော့ ဒီနေ့ထိ ရှင်းလင်းထုတ်ပြန်တာမျိုး မရှိပါ ဘူး။
နစက ကို ဖျက်သိမ်းတာဟာ အရေးယူမှု လုပ်တာ မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ နစကမှာ ပါဝင်တဲ့ ဝန်ထမ်းတွေ ဟာ သူ့မိခင်ဌာနတွေမှာ ပုံမှန်အတိုင်း တာဝန်ထမ်းဆောင်ရုံ ဖြစ်လို့ပါပဲ။ နယ်စပ် လုံခြုံရေး အတွက် နစက နေရာတွင် ရဲ တပ်ရင်း တရင်း ကို အစားထိုးကြောင်း သိရပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေဟာလည်းပဲ နစက အဖွဲ့လိုမျိုး ဖြစ်လာမှာကိုတော့ ရခိုင်ဒေသခံတွေက စိုးရိမ်မှု ရှိနေကြတယ်။
တကယ်တော့ အဲဒီဒေသတွေမှာ တာဝန်ပေးတဲ့ ဝန်ထမ်းတွေကို ကာလတိုပဲ တာဝန်ပေးသင့်ပါတယ်။ တနှစ်၊ နှစ်နှစ်ထက် ပို တာဝန်မပေးသင့်ပါဘူး။တာဝန်ယူတာ ကြာလာတာနဲ့အမျှ အဲဒီဒေသက ဘင်္ဂါလီလုပ်ငန်းရှင်တွေနဲ့ ရင်းနှီးကျွမ်းဝင်မှုတွေ ရ လာပြီး အဲဒီကတဆင့် ဥပဒေချိုးဖောက်မှု၊ လာဘ်စားမှုတွေ ဖြစ်ခဲ့တဲ့ သာဓကတွေ ရှိခဲ့လို့ပါပဲ။
နစက ဖျက်သိမ်းပြီးနောက် လာဘ်စားသူလို့ သံသယ ရှိသူတွေကို ဆက်လက်အရေးယူတာတွေ၊ တာဝန်က ရပ်စဲ တာတွေ ဆက်လုပ်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရ အနေနဲ့ ဒီပြဿနာတွေကို တိတိကျကျ ထိရောက်အောင် မဆောင်ရွက်ဘဲ နိုင်ငံရေး ကစားကွက် တခု၊ အာဏာတည်မြဲရေးအတွက် နိုင်ငံရေး လှည့်ကွက်တခု အနေနဲ့ အသုံးချဖို့ အတွက်သာ အချိန်ဆွဲ လုပ်ဆောင် နေဦးမယ် ဆိုရင်တော့ ရခိုင်ပြည်နယ်တွင်းက မီးတောက်တွေဟာ ဘယ်သော အခါမှ ငြိမ်းအေး သွားလိမ့်မယ်လို့ မထင်ပါဘူး။ ။