မြန်မာပြည်အတွက် အရေးကြီးတဲ့ အပြောင်းအလဲ တရပ် ဖြစ်ခဲ့တဲ့၊ ကျောင်းသားလူငယ် ရဟန်းရှင်လူ အများအပြား သွေးမြေ ကျခဲ့ရတဲ့ ၈ လေးလုံး အရေးတော်ပုံကြီးရဲ့ ၂၅ နှစ်ပြည့် အခမ်းအနားကို ပြည်တွင်းမှာ ပထမဆုံးအကြိမ် လွတ်လွတ် လပ်လပ် ကျင်းပဖို့ လုံးပမ်းနေကြချိန်နဲ့ တပြိုင်နက်တည်း လိုလိုမှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ သန်လျင် ရေနံချက် စက်ရုံက အောက်ခြေ ဝန်ထမ်းတချို့ ဆန္ဒပြကြမယ် ဆိုတဲ့ သတင်းတရပ် ထွက်ပေါ်လာပါတယ်။
ဘာကြောင့် တိုက်တိုက်ဆိုင်ဆိုင်လို့ သုံးနှုန်းတာလဲဆိုတော့ သန်လျင်ရေနံချက် စက်ရုံနဲ့ စက်ရုံဝန်ထမ်းတွေဟာ တနိုင်ငံလုံး ပါဝင်တဲ့ ၈ လေးလုံး အရေးတော်ပုံကြီးနဲ့ ပတ်သက်သလို၊ ၈ လေးလုံးကာလမှာ ရေနံဝန်ထမ်းတွေရဲ့ အခန်းကဏ္ဍက လှပခဲ့လို့ပါပဲ။
အားလုံးသိကြတဲ့အတိုင်း တပါတီအာဏာရှင် စနစ်ကို မလိုလားတဲ့ ပြည်သူတရပ်လုံး လမ်းပေါ်ထွက် ဆန္ဒပြကြရာမှာ မတရားမှုကို ခေတ်အဆက်ဆက် တော်လှန်ခဲ့တဲ့ အလုပ်သမား လူတန်းစားတွေ၊ အစိုးရ အရာရှိနဲ့ ရုံးဝန်ထမ်းတွေလည်း ပါဝင်ခဲ့ကြတာပါ။ အဲဒီအထဲမှာ သန်လျင်ရေနံချက် စက်ရုံက အလုပ်သမားတွေ၊ အရာထမ်းတွေ၊ ဝန်ထမ်းတွေဟာလည်း သူတို့ တက်နိုင်တဲ့ ဘက်က တတပ်တအား ပါဝင်ခဲ့ကြပါတယ်။
ကျမအိမ်ရှေ့ကနေ ဆက်သွားရင် ရေနံဂိတ်ဝကို ရောက်တဲ့အတွက် သန်လျင်မြို့နယ် ၈ လေးလုံးသပိတ်ကို စလိုက်တဲ့ မြင်ကွင်းကို ကျမ မြင်တွေ့ခဲ့ရပါတယ်။ ဘယ်လိုမှ မမေ့နိုင်တဲ့ မြင်ကွင်းပါ။
သန်လျင်မြို့နယ်ရဲ့ ၈ လေးလုံးသပိတ်ကို တခြားမြို့နယ်တွေမှာလိုပဲ ကျောင်းသားတွေက စတင် ဖဲကြိုးဖြတ် ဖွင့်လှစ် လိုက်တာလို့ ဆိုနိုင်ပေမယ့် ရေနံလုပ်သားတွေရဲ့ အခန်းကဏ္ဍက မမေ့နိုင်အောင်ပါပဲ။ ၈ ရက်နေ့ မနက် စောစောမှာ ကျောင်းသားတွေက ရေနံဂိတ်ဝကို ပိတ်ပြီး တရားသွားဟောကြတဲ့ အတွက် အလုပ်ခွင်ဝင်ခါနီး ဆဲဆဲ အလုပ်သမားတွေ တအုံတမကြီး လိုက်ပါလာခဲ့ရာက သန်လျင်သပိတ်ကို စခဲ့တာပါ။ အသက် ၁၇ နှစ်အရွယ် ကျမ အတွက် ဒီမြင်ကွင်းက သိပ်ကို ကြီးကျယ် ထူးဆန်းနေပါတယ်။ ကျမတို့ အိမ်ရှိရာ လမ်းကလေးဘက်ကို ဦးတည်ပြီး လက်သီး လက်မောင်းတန်း လျှောက်လှမ်းလာတဲ့ လူထုကြီးထဲမှာ ကျမရဲ့ ဘကြီးတွေ၊ ဦးလေးတွေ၊ အစ်ကိုတွေ အပါအဝင် ရေနံလုပ်သား အများစု ပါဝင်နေခဲ့ပါတယ်။
၈၈ ဟာ နယ်ချဲ့ကိုတော်လှန်ရာမှာ အရေးပါခဲ့တဲ့ ၁၃၀၀ ပြည့် အရေးတော်ပုံကြီး နှစ် ၅၀ ပြည့်လည်း ဖြစ်ခဲ့ပါတယ်။ ၁၃၀၀ ပြည့် အရေးတော်ပုံ ဆိုတာ သခင်ဖိုးလှကြီး ဦးဆောင်တဲ့ ရေနံမြေသပိတ်ကနေ စတင်ခဲ့တာပဲ မဟုတ်လား။ အလယ်တန်း သမိုင်း သင်ခန်းစာတွေကနေ သိခဲ့တဲ့ ကျမရဲ့ အသိလေး တထွာတမိုက်နဲ့ အဲဒီတုန်းက စဉ်းစားမိပြီး ကျက်သီးဖြန်းဖြန်း ထမိတယ်။ ၁၃၀၀ ပြည့် အရေးတော်ပုံတုန်းက ရေနံမြေ အလုပ်သမားတွေဟာ ဗြိတိသျှ အစိုးရ လက်ထက် ချဉ်သီး ပင်အောက် ချဉ်သီးရှားမှုကို မခံနိုင်ဖြစ်ပြီး တော်လှန်ခဲ့ကြတာပါ။ ရေနံတွေကို ပုံစံမျိုးစုံနဲ့ မြင်တွေ့နေရပေမယ့် သူတို့အိမ်မှာ မီးခွက်ထွန်းစရာ ရေနံဆီတောင် လုံလောက်အောင် မရတဲ့အပြင်၊ တခြား အလုပ်သမား အခွင့်အရေးတွေကို နည်းမျိုးစုံနဲ့ ချိုးဖောက်ခံခဲ့ရတာကြောင့် အုံကြွခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီ အရေးတော်ပုံထဲမှာ သန်လျင် ရေနံမြေလုပ်သားတွေလည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။ ၈ လေးလုံးမှာလည်း တပါတီ အာဏာရှင် စနစ်ရဲ့ နည်းမျိုးစုံ ဖိနှိပ်မှု၊ မတရားမှုတွေကို ကျောင်းသား၊ ရဟန်း ပြည်သူတွေနဲ့ ပူးပေါင်းပြီး ဒီ အလုပ်သမားတွေ တော်လှန်ကြဟာ ၁၃၀၀ ပြည့် အရေးတော်ပုံ နှစ် ၅၀ ပြည့်ကို ကျင်းပလိုက်သလိုပါပဲ။
၈ လေးလုံးမှာ လူထုအပေါ် မတရားတဲ့ တပါတီ အာဏာရှင်စနစ်ကို တွန်းလှန်ဖို့ တထောင့်တနေရာက ပါဝင်ခဲ့တဲ့ သန်လျင် ရေနံမြေက လုပ်သာေးတွ၊ ဝန်ထမ်း၊ အရာထမ်းတွေဟာ ၁၃၀၀ ပြည့် အရေးတော်ပုံကို ၁၃၅၀ ပြည့် အရေးတော်ပုံကြီး အဖြစ် အသစ်တဖန် ဆင်နွှဲရာမှာ ပါဝင်ခဲ့တဲ့အတွက် စက်တင်ဘာ ၁၈ စစ်အာဏာ သိမ်းပြီးချိန်မှာ ၈ လေးလုံး အရေးတော်ပုံထဲ ပါခဲ့တဲ့ အရာထမ်းတွေ ပင်စင်ပေးခံရတာ၊ တချို့ အလုပ်ပြုတ်ကြ၊ မိသားစုဘဝတွေ ထိခိုက်ခဲ့တာ သတိရနေပါသေးတယ်။
သန်လျင်ရေနံချက် စက်ရုံဆိုတာဟာ ဟိုးအရင် သန်လျင်မြို့ရဲ့ ကျက်သရေဆောင်၊ အလှတရားတခု၊ ဂုဏ်သိက္ခာ တရပ် လို့လည်း ဆိုနိုင်ပါတယ်။ ၁၉၈၈ မတိုင်ခင်ကဆိုရင် အချိန်မှန်မှန်ထွက်ပေါ်လာတတ်တဲ့တဲ့ စက်ရုံ ဥသြသံတွေနဲ့အတူ အလုပ်သမား ဝတ်စုံ၊ ဝန်ထမ်းဝတ်စုံတွေ ဝတ်ဆင်ပြီး စက်ရုံဆီ သူ့အဆိုင်းနဲ့သူ ဦးတည် လျှောက်လှမ်းသွားကြတဲ့ ရေနံလုပ်သားတွေကို မြင်တွေ့ရစမြဲ ဖြစ်ပါတယ်။
ဆိုခဲ့သလို ကျမတို့ အိမ်ရှေ့က လမ်းကလေးကနေ ဆက်သွားခဲ့ရင် စက်ရုံဝင်ပေါက်ကို ရောက်နိုင်တဲ့အတွက် ဥသြသံနဲ့အတူ အိမ်ရှေ့ကနေ ဖြတ်လျှောက်သွားတဲ့ အလုပ်သမားတန်းကြီးကို နေ့တိုင်း မရိုးနိုင်အောင် မြင်တွေ့ကြရတာပါ။ အဲဒီတုန်းက သန်လျင်မြို့မှာ ရေနံချက်စက်ရုံ အလုပ်သမားတွေ၊ ဝန်ထမ်းတွေဟာ လူဦးရေရဲ့ သုံးချိုးတချိုးလောက်တောင် ရှိမလားဘဲ။ စက်ရုံက ဥသြသံဟာ မြို့သူမြို့သားတွေ အတွက် နာရီဆိုလည်း မမှားခဲ့ပါဘူး။ မနက်စောစော ဥသြသံပေါ်လာရင် ဒါဟာ မနက် ၆ နာရီ၊ နောက်တကြိမ်က ၈ နာရီ၊ နောက် နေ့လယ် ၂ နာရီ၊ ပြီးတော့ ရုံးဆင်းချိန် ညနေ ၄ နာရီ စသည်ဖြင့် အချိန်မှန်မှန် ပေါ်ထွက်ခဲ့တဲ့ ဥသြသံ ဖြစ်ပါတယ်။ ပြောရရင် အာဇာနည်နေ့တိုင်းမှာ သန်လျင်မြို့နယ်တမြို့နယ်လုံးကို ကိုယ်စားပြုပြီး နံနက် ၁၀ နာရီ ၃၇ မိနစ်မှာ မြို့သူမြို့သားတွေက ကျဆုံးခဲ့တဲ့ ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြု အလေးပြုဖို့ အတွက် ဥသြဆွဲပေး ခဲ့တာလည်း ဒီရေနံချက်စက်ရုံကြီးကပါပဲ။ သမိုင်းကြောင်း လှခဲ့တဲ့ သန်လျင်ရေနံချက် စက်ရုံကြီး ဆိုတာကို ပြောချင်တာပါ။
အခုတော့ ဘာကြောင့်မှန်းမသိဘဲ စက်ရုံက ဥသြသံကို မကြားရတာ ဆယ်စုနှစ် ၂ ခုကျော်ခဲ့ပါပြီ။ စက်ရုံကြီးဟာလည်း မြို့ကျက်သရေဆောင် မဟုတ်တော့ဘဲ၊ နည်းမျိုးစုံ ခိုးနေသူတွေအတွက် စားခွက်လုရာ နေရာတခု ဖြစ်လို့နေပါပြီ။ ဝန်ထမ်း ၁၅၀၀ ကျော်ရဲ့ မိသားစုဝင်တွေ အတွက် ထမင်းအိုးသာ မကတော့ဘဲ၊ သန်လျင်မြို့က ဘီယာဆိုင်တွေ၊ သာကေတက ကာရာအိုကေ ဆိုင်တွေ သူဌေးဖြစ်ဖို့၊ ရေနံလုပ်သား မိန်းမတချို့ တယောက်နဲ့တယောက် ဂုဏ်တုဂုဏ်ပြိုင်ဖို့ နာမည်ပျက်နေရတဲ့ ငွေတွင်းကြီး ဖြစ်လို့နေပါပြီ။ ဒါလည်း အရင်းစစ်တော့ အမြစ်မြေရာက ဆိုသလို ၁၉၈၈ ခုနှစ် နောက်ပိုင်း စစ်အုပ်ချုပ်ရေး ကာလတလျှောက်မှာ ဖြစ်ခဲ့၊ ပျက်စီးခဲ့တာပါ။ စက်ရုံမှူးဆိုတဲ့နေရာ၊ ဌာနမှူးဆိုတဲ့ နေရာတွေ၊ နေရာကောင်း၊ ခွင်ကောင်းတဲ့ နေရာတွေမှာ အုပ်ချုပ်သူတွေဟာ ပညာရှင်တွေ မဟုတ်ဘဲ ပုခုံးမှာ ကြယ်ပွင့်တပ်ထားသူတွေ၊ ဝတ်စုံခဏလဲထားတဲ့ ဗိုလ်မှူးတွေ၊ ဗိုလ်ကြီးတွေချည်း ဝင်လာခဲ့တဲ့အချိန်မှာ ဖြစ်ခဲ့တာလို့ ဆိုချင်ပါတယ်။
၈ လေးလုံး ကာလနောက်ပိုင်း စစ်အုပ်ချုပ်ရေး လက်ထက် တလျှောက်လုံး နေရာတိုင်းမှာ အကျင့်ပျက်၊ ခြစားမှုတွေနဲ့ ပွစာတိုက်လာခဲ့၊ ပွင့်လင်းမြင်သာမှုတွေ ပျောက်ဆုံး၊ ဝန်ကြီးဌာနတိုင်းရဲ့ အရာရောက်တဲ့ နေရာတွေမှာ စစ်တပ်ကပဲ ကြီးစိုး၊ အကြောက်တရားတွေနဲ့ အထက်ဖားအောက်ဖိ အုပ်ချုပ်ရေးယန္တရား ပျက်ကြီးထဲမှာ သန်လျင်ရေနံချက် စက်ရုံဟာလည်း ဘာသားနဲ့ ထုထားလို့လဲ ဆိုသလို လွယ်လွယ်ရ လွယ်လွယ် အလွဲသုံးစားလုပ်၊ အန္တရာယ်ကင်းဖို့ အဆင့်ဆင့် ဂါရဝပြု ပေးကမ်း ဝေခွဲမျှစား လုပ်ခဲ့ကြတဲ့ သဘောပါပဲ။
သန်လျင် ရေနံချက်စက်ရုံရဲ့ တည်နေရာဟာ ပင်လယ်ဝနဲ့ အနီးဆုံးနေရာမှာ ဖြစ်တဲ့အတွက် ပြည်တွင်းကိုဝင်လာတဲ့ နိုင်ငံခြားက ဆီသင်္ဘောတွေဆိုက်ကပ်ဖို့ အကောင်းဆုံး နေရာ၊ ခေတ္တ သိုလှောင်ထိမ်းသိမ်းရာ နေရာ ဖြစ်သလို၊ ပြည်တွင်းက ဆီတွေတခြားကို ထွက်ဖို့လည်း ဒီနေရာကပဲ အစပြုပါတယ်။ အဲဒီတော့ သိုဖြန့်လို့ခေါ်တဲ့ ဌာနအတွက် အကောင်းဆုံး စားပေါက်ကြီးတခု ဖြစ်နေတယ်လို့ သိရပါတယ်။
လုပ်သက် ၁၀ နှစ်ကျော်ပြီဖြစ်တဲ့ ဌာနစုမှူး တယောက်ရဲ့ အဆိုအရ စက်ရုံမှာချက်ပြီး ထွက်ရှိတဲ့ ဆီပမာဏရဲ့ ၉၀ ရာခိုင်နှုန်းကိုသာ အစိုးရက ယူတာဖြစ်ပြီး ကျန်တဲ့ ၁၀ ရာခိုင်းနှုန်းလောက်ကို ဆီမှိုက်အဖြစ် သတ်မှတ်တဲ့အတွက် ဒီ ၁၀ ရာခိုင်နှုန်းထဲကနေ ရတဲ့ဆီဟာ စက်ရုံဝန်ထမ်း အားလုံးအတွက် ကြားပေါက် သက်သာချောင်ချိရေး ဝင်ငွေ ဖြစ်တယ်၊ အစိုးရ လစာနဲ့ မလောက်ငတဲ့ ဝင်ထမ်းတွေအတွက် စားဝတ်နေရေး ဖူလုံရုံလို့ သိရပါတယ်။ ဒါပေမယ့် စားဝတ်နေရေး ဖူလုံရုံတင် မကဘဲ၊ လောဘကြီးတဲ့ သိုဖြန့်လို့ ခေါ်တဲ့ ဆီသိုလှောင် ဖြန့်ဖြူးရာနေရာမှာ လုပ်ကြတဲ့ ဝန်ထမ်းတချို့ရဲ့ အလွဲသုံးစားမှုတွေကြောင့် အရှုံးပေါ်မှုက ကြောက်ခမန်းလိလိ ဖြစ်လာပါတယ်။ အဲဒီဌာနက ဝန်ထမ်းတချို့ရာ သန်လျင်မြို့ထဲမှာ ကျပ်သိန်း ရာထောင်ချီတဲ့ အိမ်ဝယ်တာ၊ ခြံဝယ်တာတွေကိုပါ ပေါ်ပေါ်ထင်ထင် လုပ်နေပေမယ့် သူတို့ကို ဘယ်သူကမှ၊ ဘယ်လိုမှ အရေးယူတယ်လို့ မကြားသိရပါဘူး။ စစ်အုပ်ချုပ်ရေး ကာလတလျှောက်လုံး အဲဒီအလွဲသုံးစားမှုတွေကို တဗိုလ်တက်၊ တဗိုလ်ဆင်း အုပ်ချုပ်နေပေမယ့် ဒီအတိုင်း လျစ်လျှူရှုခဲ့တဲ့ သဘောပါ။ အခု လက်ရှိ ဦးသိန်းစိန် အစိုးရ လက်ထက်မှာတော့ သန်လျင် ရေနံချက် စက်ရုံ အရှုံးပေါ်မှုတွေနဲ့ ပတ်သက်လို့ စစ်ဆေးရေးအဖွဲ့ လွှတ်တာမျိုးတွေ လုပ်လာပါတယ်။
အခု မလုပ်ဖြစ်ခဲ့တဲ့ ဆန္ဒထုတ်ဖော်ပွဲ ဘာကြောင့် စီစဉ်ခဲ့တယ်၊ ဘာကြောင့်ပျက်သွားတယ် ဆိုတာကလည်း ဒါတွေနဲ့ ပတ်သက်နေပါတယ်။ စစ်ဆေးရေးအဖွဲ့က တကယ့် အကြီးစားသူခိုးတွေကို အရေးမယူဘဲ၊ အစွန်အဖျားလောက်သာ စားရတဲ့ အောက်ခြေ ဝန်ထမ်းတချို့ကို နယ်ပြောင်းမယ် ဆိုတဲ့ သတင်း ထွက်ပေါ်လာတာကြောင့် ဒီအလုပ်သမား တွေက မြို့နယ်အုပ်ချုပ်ရေးမှူး ဆီမှာ ခွင့်ပြုချက်တင်ပြီး တရားဝင် ဆန္ဒထုတ်ဖော်ဖို့ စီစဉ်ကြတာပါ။ အဲဒီလို ဆန္ဒ ထုတ်ဖော်ဖြစ်လိုက်ရင်တော့ တနွယ်ငင် တစင်ပါပြီး အကုန်တန်းစီ ပေါ်ကုန်တော့မယ့် အနေအထား ရှိပါတယ်။ ဆန္ဒထုတ်ဖော်ခွင့်ကို ဇူလိုင် ၂၇ ရက်နေ့ မနက်မှာ ရခဲ့ပါတယ်။ ဒါပေမယ့် ကံသီပြီး၊ လုံခြုံရေးတွေ ဆန္ဒထုတ်ဖော်မယ့် သတင်း ပေါက်ကြားသွားတာ တကြောင်း၊ စွမ်းအင်ဝန်ကြီး အပြောင်းအလဲ ဖြစ်သွားတာ တကြောင်းတို့ကြောင့် ဝန်ထမ်းတွေ နယ်ပြောင်းမယ့် ကိစ္စ ဆိုင်းငံ့သလိုလို၊ မဖြစ်တော့ဘူးလိုလိုနဲ့ ဆန္ဒထုတ်ဖော်ပွဲလည်း ပျက်သွားခဲ့ပါတယ်။ စက်ရုံမှူးက ဆန္ဒမထုတ်ဖော်ဖို့ မေတ္တာရပ်ခံတယ် လို့လည်း ရေနံ အသိုင်းအဝန်းက ကြားသိရပါတယ်။
ဒီအဖြစ်အပျက်က အခုလို ၈ လေးလုံး ၂၅ နှစ်ပြည့်ချိန်နဲ့ တိုက်ဆိုင်နေတာတော့ တော်တော် ထူးခြားတယ် ပြောရမှာပါ။
ကျမ အနေနဲ့ကတော့ ၈ လေးလုံး ကာလမှာ အားတက်သရော ပါဝင်ခဲ့တဲ့ ရေနံလုပ်သားတွေ၊ ဝန်ထမ်းတွေ၊ အရာထမ်းတွေ၊ ၈ လေးလုံးမှာ ပါဝင်ခဲ့လို့ အလုပ်ထိခိုက်၊ မိသားစုဘဝတွေပါ ထိခိုက်ရတဲ့ သူတွေကို သတိရမိတုန်းပါပဲ။
အခု အချိန်ဟာ ၈ လေးလုံး ၂၅ နှစ်ပြည့်ဆိုရင် ၁၃၀၀ ပြည့် အရေးတော်ပုံကြီး ၇၅ နှစ်ပြည့်ကို ရေနံမြေ အလုပ်သမား တွေလည်း ပါဝင် ကျင်းပသင့်တဲ့ အချိန် ဖြစ်ပါတယ်။ စိတ်မကောင်းစရာ အဖြစ်ကတော့ သန်လျင် ရေနံချက် စက်ရုံ ဝန်ထမ်းတွေ၊ အလုပ်သမားတွေဟာ အခုလို သမိုင်းဝင် အချိန်ကာလမှာ တဦးနဲ့တဦး ဝေစု မကိုက်လို့ ဆန္ဒထုတ်ဖော် ကြမယ့် အနေအထားအထိ ရောက်နေတာပါပဲ။
ဒါပေမယ့် လူနည်းစုရဲ့ မတရားမှုကို ဖော်ထုတ်ဖို့၊ ကြီးမားတဲ့ အလွဲသုံးစားမှု ကြီးတွေကြောင့် နိုင်ငံတော် ဘဏ္ဍာများစွာ ဆုံးရှုံးနေရမှုတွေကို တတ်နိုင်သလောက် တားဆီးဖို့ ရေနံလုပ်သားတွေမှာ တာဝန်ရှိတယ်၊ ဒါတွေကို ဖော်ထုတ်ဖို့ အချိန်လည်း ရှိသေးတယ်လို့ ထင်ပါတယ်။
အဲဒီလိုဆိုရင် ၁၃၀၀ ပြည့် အရေးတော်ပုံမှာ နယ်ချဲ့ကို အံတုခဲ့တဲ့ ရေနံလုပ်သားတွေရဲ့ အခန်းကဏ္ဍ၊ ၈ လေးလုံး အရေးတော်ပုံ ဖြစ်တဲ့ မြန်မာနှစ် ၁၃၅၀ ပြည့် တပါတီအာဏာရှင် စနစ်ကို ဖြိုလှဲခဲ့ရာမှာ ပါဝင်ခဲ့တဲ့ ရေနံလုပ်သားတွေရဲ့ အခန်းကဏ္ဍတွေဟာ သမိုင်းတွင်ခဲ့သလို၊ အရုပ်မဆိုးခဲ့သလို အခု ၈ လေးလုံး ၂၅ နှစ်ပြည့် မြန်မာနှစ် ၁၃၇၅ ခုနှစ်မှာလည်း ရေနံ လုပ်သားတွေရဲ့ မတရားမှု တိုက်ဖျက်ရေးအတွက် တထောင့်တနေရာက ပါဝင်မှု အခန်းကဏ္ဍက လာမယ့် အနာဂတ်မှာ သေသပ်လှပတဲ့ သမိုင်းတခုအဖြစ် ကျန်ရှိနေပါလိမ့်မယ်။