အဖြစ်အပျက်တွေက ဆယ်စုနှစ် နှစ်ခုကျော်ခဲ့ပြီဖြစ်သော်လည်း အတိတ်၏ အရိပ်ဟောင်းတွေ၏ ခြောက်လှန့်မှုကို ဦးဝင်းကြူ ခံစားနေရဆဲဖြစ်ပါသည်။ ဇနီးဖြစ်သူ ဒေါ်ခင်ဌေးဝင်းသည်လည်း မိမိဆန္ဒနှင့် ခင်ပွန်းသည်က သမီးကို ပေးခဲ့သည့် ကတိစကားကြားတွင် ထိခိုက်ကြေကွဲနေရသည်။
ဦးဝင်းကြူ၏ အတွေးတို့က လွန်ခဲ့သော ၂၅နှစ်က စက်တင်ဘာလ၏ ညနေခင်းတခုဆီသို့ ပြန်ရောက်သွားသည်။ ထို အချိန်က ရန်ကုန်ဆေးရုံကြီးဝင်းထဲမှာ တဆောင်ကနေ တဆောင်ပြေးလွှားရင်း စစ်တပ်၏ ပစ်ခတ်မှုကြောင့် အသက် အန္တရယ် စိုးရိမ်ရသည့် အခြေအနေတွင်ရှိသည်ဟု ကြားသိရသည့် သမီးကိုလိုက်ရှာနေခဲ့သည်။ သူ့ပတ်ဝန်းကျင်မှာလည်း စစ်သားတွေ လက်ချက်ကြောင့် သွေးအလူးလူးဖြစ်ခဲ့ရသည့် လူနာတွေ ပြည့်နှက်နေ၏။ ကြမ်းပြင်က သွေးအိုင်တွေကို သူ အမှတ်ရနေသည်။
“နှစ်စဉ် နှစ်တိုင်း ဒီလို အချိန်ရောက်ရင် အားလုံးကို ကျနော် ပြန်သတိရလာတယ်” ဟု အသက် ၆၁ နှစ် အရွယ် ဦးဝင်းကြူက အဆုပ်ကို ထိမှန်သွားသည့် သေနတ်ကျည်ဆန်ကြောင့် ဆေးရုံကုတင်ပေါ်မှာ နာကျင်စွာ ညည်းညူနေခဲ့ရသည့် သမီး ဖြစ်သူ မဝင်းမော်ဦး၏ နောက်ဆုံး အချိန်တွေကို ပြန်ပြောပြသည်။
လနှင့်ချီ၍ ကြာမြင့်ခဲ့သည့် ဆန္ဒပြပွဲတွေကို အဆုံးသတ်နိုင်ဖို့ စစ်အစိုးရသစ်က အာဏာသိမ်းယူလိုက်ပြီး နောက်တရက် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့ ရန်ကုန်မြို့လယ် တနေရာတွင် အခြားသော ဒီမိုကရေစီရေး ဆန္ဒပြသူများနှင့်အတူ အသက် ၁၆ နှစ်အရွယ်ကျောင်းသူလေး မဝင်းမော်ဦး သေနတ်နှင့် အပစ်ခံခဲ့ရသည်။ တကိုယ်လုံးသွေး အလိမ်းလိမ်း ဖြစ်နေသော သူ့ကို လူငယ်ဆရာဝန်နှစ်ယောက်က သယ်ယူလာပုံကို နိုင်ငံခြားသားတဦးက ဓာတ်ပုံရိုက်သွားခဲ့ပြီး ၁၉၈၈ ခုနှစ် အောက်တိုဘာ ၃ ရက်နေ့ထုတ် Newsweek မဂ္ဂဇင်း၏ အာရှဒေသထုတ်စာစောင်တွင် ဖော်ပြခဲ့သည်။ မကြာမီပင် ထိုပုံ သည် ၁၉၈၈ အရေးအခင်းကို လူမဆန်စွာ အကြမ်းဖက်ဖြိုခွဲခဲ့ခြင်း၏ ပြယုဂ်ဖြစ်လာခဲ့၏။
နှစ်စဉ် စက်တင်ဘာလသို့ ရောက်လာတိုင်း သူတို့ဇနီးမောင်နှံမှာ ကွယ်လွန်သူ မဝင်းမော်ဦး၏ ဝိဉာဉ် ကောင်းရာဘုံဘဝသို့ ရောက်ရှိနိုင်စေရန် အတွက် ဗုဒ္ဓဘာသာတို့၏ ထုံးတမ်းစဉ်လာအတိုင်း ကောင်းမှုကုသိုလ် ပြုလုပ်ပေးရမည်လား သို့မဟုတ် သူတို့၏ အကြီးဆုံး သမီး မဝင်းမော်ဦး သေအံ့မူးမူး အချိန်တွင် နောက်ဆုံးပြောသွားသည့် “မြန်မာနိုင်ငံမှာ ဒီမိုကရေစီ မရသေးသရွေ့ကျမနာမည်ကို ခေါ်ပြီး အမျှ မဝေပါနဲ့” ဆိုသည့် ဆန္ဒကိုပဲ ဖြည့်စွမ်းပေးရမည်လား ဝေခွဲမရ ဖြစ်ကြရသည်။
ရှစ်တန်းကျောင်းသူလေး၏ နောက်ဆုံးအမှာစကားက လူတဦးတယောက် သေဆုံးခဲ့လျှင် ကျန်ရစ်သူမိသားစုက ကောင်းမှု ကုသိုလ်ပြုလုပ်ပြီး ထိုကုသိုလ်အတွက် သေသူ၏ နာမည်ကိုခေါ်၍ အမျှပေးဝေချိန်မှာ သာဓုခေါ်ဆိုနိုင်ပါမှ သေဆုံးသူ၏ ဝိဉာဉ်သည် ကောင်းမွန်ငြိမ်းချမ်းရာသို့ ရောက်လိမ့်မည်ဟု အလေးအနက်ယုံကြည်ထားကြသည့် မြန်မာ အသိုင်းအဝိုင်း အတွက် ထိတ်လန့် တုန်လှုပ်ဖွယ်ကောင်းနေသည်။
“အမေ တယောက်အနေနဲ့ ပြောရရင် သမီးရဲ့ ဝိဉာဉ်က အမှီအတွယ်မရှိ လွင့်ပါးနေရတာမျိုး ဘယ်ဖြစ်စေချင်မှာလဲ” ဟု ဒေါ်ခင်ဌေးဝင်းက သက်ပြင်းချရင်းဆိုသည်။ “ဒါပေမယ့် သူ့ရဲ့ ဆန္ဒနဲ့ ကျမ ခင်ပွန်းက သူ့ကိုပေးခဲ့တဲ့ ကတိကို လေး စားရမယ်လေ” ဟု ဒေါ်ခင်ဌေးဝင်းက သူတို့ မိသားစု နှစ်ပေါင်း ၂၄ နှစ်တာကာလအတွင်း သမီးဖြစ်သူအတွက် ဘာကြောင့် ကုသိုလ်လုပ် အမျှပေးဝေခြင်း မပြုခဲ့ရသည်ကို ဆက်ရှင်းပြသည်။
လတ်တလောတွင် မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများဖြစ်ပေါ်နေသော်လည်း ယခုနှစ်တွင် သူတို့မိသားစု က မဝင်းမော်ဦး အတွက် ကုသိုလ်ပြုအမျှပေးဝေခြင်း ပြုလုပ်နိုင်ပြီဟု မယူဆသေးကြောင်းလည်း ပြောသည်။
“ကျနော်တို့ နိုင်ငံမှာ ဒီမိုကရေစီ စံနစ် ထွန်းကားနေပြီလို့ မပြောနိုင်သေးပါဘူး” ဟုဦးဝင်းကြူက ရန်ကုန်မြို့စွန် မှ အခန်း တခန်းထဲသာရှိသည့် တဲအိမ်ငယ်လေးထဲတွင် ချိတ်ဆွဲထားသည့် မဝင်းမော်ဦး၏ ဓာတ်ပုံရှေ့တွင် ထိုင်နေရင်း ဧရာဝတီကို ပြောပြသည်။
“ကျနော်တို့မှာ ပြည်သူလူထုက လှိုက်လှိုက်လှဲလှဲ ရွေးကောက်တင်မြှောက်လိုက်တဲ့ သမ္မတ တယောက် ရှိမလာသေး သရွေ့ သူ့နာမည်ကိုခေါ်ပြီး ကျနော်တို့ အမျှဝေမှာ မဟုတ်ပါဘူး” ဟု သူက ဆိုသည်။ ဒေါ်ခင်ဌေးဝင်းကလည်းသဘောတူ ကြောင်း ခေါင်းညိတ်ပြသည်။
လမ်းတွေပေါ်မှာ ကြံချောင်းနှင့် ရိုးရာမုန့်ကလေးတွေရောင်းပြီး မိသားစု၏ ဝင်ငွေကို တဖက်တလမ်းက ဖြည့်ဆည်းပေးခဲ့သော မဝင်းမော်ဦးကို မိဘတွေက သမီးလိမ္မာလေးအဖြစ် အမြဲတမ်း အမှတ်ရနေမည်ဖြစ်သည်။ သူက နာမည်ကျော် အဆိုတော် ဟေမာနေဝင်းကို အားကျပြီး အဆိုတော်တယောက် ဖြစ်ချင်ခဲ့သည်။ မတရားမှုကို သူမုန်း၏။ ထို့ကြောင့်လည်း စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် ၁၉၈၈ အရေးအခင်း ပေါ်ပေါက်လာသည့်အခါ ပါဝင်ရမည် ဆိုတာ သိခဲ့သည်။
“မတရားမှုကို မုန်းတဲ့ စိတ်ကြောင့် သူသေခဲ့ရတာ” ဟု ဒေါ်ခင်ဌေးဝင်း ကပြောသည်။
၁၉၈၈ အရေးအခင်း၏ ထိပ်တန်းခေါင်းဆောင် တယောက်ဖြစ်သော ကိုမင်းကိုနိုင်က မဝင်းမော်ဦးနှင့် အခြားသူများ ဒီမိုကရေစီ အရေးအတွက် အသက်ကို ပေးခဲ့ရခြင်းသည် အချည်းနှီး မဖြစ်ပါ ဟုဆိုသည်။
“ဖြစ်နိုင်မယ်ဆိုရင် မဝင်းမော်ဦးနဲ့ တခြားသူတွေ အသက်ကိုစတေးပြီး တည်ဆောက်ပေးခဲ့တဲ့ တံတားကိုဖြတ်သန်းပြီး သူလိုချင်ခဲ့တဲ့ ပန်းတိုင်ဆီကို ရောက်အောင် ကျနော်တို့ ဆက်လက် ချီတက်နေကြပါတယ်လို့ သူ့ကို ကျနော်ပြောပြချင် ပါတယ်” ဟု ကိုမင်းကိုနိုင်က ပြောသည်။
မဝင်းမော်ဦး သေဆုံးခဲ့ရပြီးနောက် သူ၏ မိသားစုအနေဖြင့် စစ်တပ်ကို ပြင်းထန်စွာ စက်ဆုပ်မုန်းတီးခဲ့သည်။ သို့သော် လည်း အချိန်တွေကြာခဲ့သည်နှင့် အမျှ မြန်မာစစ်တပ် အပေါ်မှာ ထားသည့် သူတို့၏ အမုန်းတရားတွေက လျော့ပါး မှေးမှိန်လာခဲ့ရသည်။ ဦးဝင်းကြူက ပြီးခဲ့တာတွေ ပြီးပါစေတော့ဟု သဘောထားလိုက်ပြီဟု ဆိုသည်။ ထို့ပြင် သူ၏ သမီး အသတ်ခံရခြင်းအတွက် အမှန်တရားကို ရှာဖွေဖို့လည်း စိတ်မဝင်စားတော့ဟု ပြောသည်။
“ကျနော့် သမီးက ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတယ်။ ကျနော်ကိုယ်တိုင်လည်း စစ်တပ်ကို ခါးခါးသီးသီး မုန်းခဲ့ပါ တယ်။ ဒါပေမယ့် ခုချိန်မှာတော့ ဒါဟာ ဒီလိုအဖြစ်မျိုးနဲ့ ကြုံတွေ့ပြီး သေဆုံးရမယ့် သူ့ရဲ့ ကံကြမ္မာပဲလို့ စိတ်ကိုဖြေ နိုင် ခဲ့ပါပြီ။ ရင်ထဲမှာ အာဃာတတွေ မထားတော့ပါဘူး” ဟု သူကဆိုသည်။
သို့သော်လည်း သူတို့ လိုချင်နေသော တစုံတရာက ရှိနေသေးသည်။
“သမ္မတကြီးက ၈၈ အရေးအခင်းမှာ ကျဆုံးခဲ့ရသူတွေအတွက် အမှတ်တရ ဂုဏ်ပြုတာမျိုး လုပ်ပေးစေချင်ပါတယ်” ဟု ဒေါ်ခင်ဌေးဝင်းက ပြောသည်။ ထိုနည်းအားဖြင့် ဒီမိုကရေစီ ပြန်လည်တည်ထောင်ရေးခရီးကြမ်းတွင် မိမိတို့ ချစ်ခင်မြတ်နိုး သူများကို ဆုံးရှုံးခဲ့ရသည့် မိသာစုများကို ပူဆွေးသောကကို လျော့ပါးစေနိုင်ပါလိမ့်မည် ဟုလည်း သူက ထပ်ပြောသည်။
ဒေါ်ခင်ဌေးဝင်းက “အဲဒီလို တကယ်ဖြစ်လာပြီဆိုရင်တော့ ကျမတို့ အရမ်းကို ဝမ်းသာဂုဏ်ယူမိမှာပါ” ဟုလည်း ဆိုသည်။
(Kyaw Phyo Tha ၏ Why the past can’t be put to rest ကို နိုင်မင်းသွင် ဘာသာပြန်သည်)