[irrawaddy_gallery]
မန္တလေး အရှေ့ပြင်အရပ်ရှိ ကမ္ဘာ့အကြီးဆုံး စာအုပ်လို့ အသိအမှတ်ပြုခံရတဲ့ ကုသိုလ်တော် လောကမာရဇိန် ဘုရားကြီးကို ကျော်လိုက်ရင်ပဲ ရွှေနန်းတော်ကျောင်းလို့ ခေါ်တဲ့ ရွှေကျောင်းတော်ကြီး ကို ရောက်ပါပြီ။
အဝေးကကြည့်လိုက်ရင် နေရောင်ထဲမှာ ရေနံဝနေတဲ့ မှိုင်းညို့ညို့ ရွှေကျောင်းတော်ကြီးဟာ ပနံရနေပြီး အနီးအနားမှာတော့ ပြန် လည် တည်ဆောက်ထားတဲ့ အတုမရှိ အုတ်ကျောင်းတော်ကြီးကို မြင်နေရပါတယ်။
ဝါဦး ကာလဖြစ်တာကြောင့် မန်းသူမန်းသားများဟာ ဝတ်ကောင်းစားလှတွေကို ဝတ်ဆင်ပြီး လှုပ်ရှားသွားလာနေကြသလို တချို့ကလည်း ထနောင်းပင်ရိပ်အောက်မှာ စုရုံးကာ လှူရေးတန်းရေး အတွက် ချက်ပြုတ်နေကြပါတယ်။
ကျောင်းရှေ့ ဆိုင်ကယ်ရပ်လိုက်တယ်ဆိုရင်ဖြင့် လက်ကိုင်ဖုန်းပါ မကျန် အခွန်ပေးဆောင်ဖို့ သတိပေးဆိုင်းဘုတ်တွေက သတိပေး နေသလို လူကြီး၂၀၀ ကျပ်၊ ကလေး ၁၀၀ ကျပ်၊ နိုင်ငံခြားသားဆိုရင် ကျပ် ၁ သောင်း ဝင်ကြေးအဖြစ် ကောက်ခံပါတယ်။
ရွှေနန်းတော်ကျောင်းကြီးကို ကြည့်လိုက်တဲ့အခါမှာတော့ စနုဆောင်ကို နေကျော်တည်ဆောက်ထားတဲ့ ကျောင်းဦးစံပယ်ထပ် ယွန်း ဆောင်၊ ဇေတဝန်ဆောင်၊ စမြင်ပတ်လမ်း တိုကို ကျွန်းသား အတိနဲ့ ထွင်းထုထားတဲ့ ပန်းဆွဲတန်း၊ ဝေယံတန်း၊ စိန်တောင်တန်း၊ ထောင့်ပန်း၊ မှန်ကင်း၊ ဖောင်းလုံး တုရင်၊ စုလစ်မွမ်းချွန်၊ တိုင်ထောက်နယား၊ အပြောက်အမွမ်း အခြယ်အလည်တွေနဲ့ အံသြစရာ ကောင်းလောက်အောင် ထုဆစ် ထားပါတယ်။
သီပေါမင်း လက်ထက် သရက်ကင်းလို့ခေါ်တဲ့ ထုထည်ကြီးမားတဲ့ အုတ်လှေကား ၅စင်း တည်ဆောက်ခဲ့ရာမှာ အရှေ့ဘက်ခြမ်းက လှေကားသာ မူလလက်ရာအတိုင်း တည်ရှိတော့တယ်လို့ သိရပါတယ်။
ကျောင်းပေါ်မှာရောက်နေတဲ့ တရုတ် အမျိုးသမီးနှစ်ဦးက မြန်မာတို့ရဲ့ ရှေးလက်ရာတွေကို ကြည့်ကာ တအံတသြနဲ့ ဓာတ်ပုံတဖျတ် ဖျတ် ရိုက်နေလေရဲ့။
ကြီးမားတဲ့ တိုင်လုံးပေါင်း ၁၅၀နဲ့ ထောက်ကန်ထားတဲ့ ရွှေကျောင်းကြီး အလယ်မှာတော့ ရုပ်ပွားတော်တဆူ(မံဘုရား) ရှိပြီး မြန်မာ အမျိုးသမီးလေး နှစ်ဦး က ဘုရား ဝတ်ပြုနေပါတယ်။
တချိန်ကတော့ ရွှေပိန်းချတွေနဲ့ တောက်ပြောင်ခဲ့တဲ့ အတွင်းဆောင်ကြီးဟာ အခုအခါမှာတော့ မလင်းတလင်းနဲ့ အမှောင်ဘက်ကို လုနေပါပြီ။
အရှေ့ဘက်ကို မျက်နှာမူထားတဲ့ ထိုင်တော်မူရုပ်ပွားတော်ကို ကာရံထားတဲ့ မာရဘင် ခန်းဆီးနံရံ တလျှောက်မှာတော့ ဗုဒ္ဓ မြတ်စွာဘုရား ဖြစ်စဉ် ဇာတ်တော်ကြီး ၁၀ ဘွဲ့မှ ကောင်းနိုးရာရာများကို ထုဆစ် ထားပါတယ်။
ကျောင်းအပြင် နံရံနဲ့ စင်္ကြန်လမ်း တလျှောက် အကာအရံ လက်တန်းတွေမှာတော့ နေလ အထိမ်းအမှတ် ဒေါင်း၊ ယုန်ပုံများ၊ သိကြား၊ ဗြဟ္မာ၊ လူပျံရုပ်၊ ဇော်ဂျီရုပ်၊ လောကနတ်ရုပ်၊ ကိန္ဒရီကိန္ဒရာ၊ ဘီလူး၊ နဂါး၊ နယား၊ ဂဠုန်၊ ဟင်္သာ၊ ဥဒေါင်း၊ ကျေး၊ ခြင်္သေ၊ ဆင် စတဲ့ တိရစ္ဆာန်ပုံများ၊ သူယောင်ပွင့်၊ ကြာ၊ ညောင်၊ မုဒရက်၊ ပန်းနွယ် စတဲ့ ပန်းနဲ့ အပင်မျိုးစုံ၊ အဝန်း အထောင့်၊ အခွေအလိတ်၊ ခရုပတ်၊ နဂါးလိမ် စတဲ့ ကနုတ်ပန်း လက်ရာတွေနဲ့ အနုစိတ် ပုံဖော်ထားပါတယ်။
မြန်မာမှု မြန်မာ့ဟန်တွေကြား အနောက်တိုင်းဟန် လူပျံတော်ရုပ် တချို့ကိုလည်း တွေ့မြင်ရတဲ့အတွက် အဲဒီခေတ်ကာလ ယဉ်ကျေးမှု နှစ်ခု ပေါင်းစပ်နေပြီလို့ ခန့်မှန်းနိုင်ပါတယ်။
ပျက်စီးနေတဲ့ အရုပ်တချို့ရဲ့ လက်၊ ခြေ၊ ခေါင်းပိုင်းတွေကို ခေတ်သစ်လက်ရာတချို့နဲ့ အစားထိုးထားပေမယ့် အနုစိတ် ထုဆစ် ထားတဲ့ ရှေးလက်ရာတွေကြားမှာ ကြမ်းရှရှ ခေတ်လက်ရာတချို့ကို မြင်လိုက်တဲ့အတွက် ခံစားမှုအားကို လျော့ပါးစေတယ်လို့ ထင် မိပါတယ်။
၁၈၇၈ ခုနှစ် သီပေါမင်း တည်ဆောက်ခဲ့တဲ့ ရွှေနန်းတော်ကျောင်းကြီးဟာ အခုဆိုရင် သက်တမ်း ၁၃၅ နှစ်ထဲ ချင်းနင်း ဝင်ရောက် လာနေပါပြီ။
ဒုတိယ ကမ္ဘာစစ် အတွင်း မန္တလေးမြို့ကို ဂျပန်တို့ ဗုံးကြဲ တိုက်ခိုက်ရာမှာတော့ ကံကောင်းထောက်မစွာ ဗုံးဒဏ်က လွတ်မြောက်ခဲ့ ပါတယ်။
သီပေါမင်းဟာ ခမည်းတော် မင်းတုန်းမင်းကြီး နန်းတက်ချိန်ကစပြီး နတ်ရွာစံသည့်တိုင် နေထိုင်ခဲ့တဲ့ အဆောင်တော်ကို ဖျက်သိမ်း ကာ ဘုန်းကြီးကျောင်း အဖြစ် ဆောက်လုပ် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
မန္တလေး သမိုင်းကို လေ့လာနေတဲ့ စာရေးဆရာ ဆူးငှက်ကတော့ မြန်မာ့ဓလေ့ ထုံးစံအတိုင်း သေဆုံးသွားသူရဲ့ပစ္စည်း တခုကို ဘုန်းတော်ကြီးကျောင်း လှူဒါန်းပြီး ကောင်းမှုကုသိုလ် ယူတဲ့ သဘောကို ဆောင်တယ်လို့ ဆိုပါတယ်။
ဒီရှေးဟောင်း ကျောင်းကြီးကို ယဉ်ကျေးမှုဝန်ကြီးဌာနက မြန်မာ့နည်း မြန်မာဟန် ရေနံချေး သုတ်ကာ တတ်နိုင်သမျှထိန်းသိမ်းနေ ပေမယ့်လည်း မန္တလေးရဲ့အပူအအေး၊ မိုး၊ လေ၊ နေ ဒဏ်တွေ၊ ဖုန်သဲ စတာတွေကြောင့် တချို့အပိုင်းမှာရှိတဲ့ ကျွန်းသားပြားပေါ်ထွင်း ထုထားတဲ့ အရုပ်တွေ ပျက်စီး ပေါက်ပြဲနေပါပြီ။
အဲဒီအပြင် ကျောင်းကြီးရဲ့အောက်ခြေမှာလည်း သံကူကွန်ကရစ်တိုင်တွေနဲ့ ထောက်ကန်ပြီး ထိန်းသိမ်းထားရပါတယ်။
၂၀၁၃ ဖေဖော်ဝါရီလလောက်က ရန်ကုန်အခြေစိုက် အမေရိကန်သံရုံး ယဉ်ကျေးမှုဌာနက ရွှေကျောင်းကြီးပြုပြင် ထိန်းသိမ်းရေး ကို ကူညီဖို့ စတင် ကမ်းလှမ်းခဲ့ပါတယ်။
မကြာသေးခင် ရက်ပိုင်းကတော့ အမေရိကန် သံအမတ်ကြီး ဒဲရစ် မစ်ချဲလ် ကိုယ်တိုင်ရောက်ရှိလာပြီး အမေရိကန်ဒေါ်လာ ၅ သိန်း နဲ့ နည်းပညာ အပါအဝင် ပညာရှင်တွေပါ အကူအညီပေးမယ်လို့ ကတိပြုခဲ့ပါတယ်။
၂၀၁၄ ခုနှစ်မှာ စတင် အကောင်အထည်ဖော်မယ့် ဒီစီမံကိန်းမှာ အမေရိကန် ပညာရှင်များနဲ့အတူ ယဉ်ကျေးမှု ဝန်ကြီးဌာန တာဝန် ရှိသူများ၊ မြန်မာမှုလက်ရာ ရိုးရာပညာရှင်များ ဖြစ်တဲ့ ဦးအေးမြင့်၊ တမ္မဝတီ ဦးဝင်းမောင် တို့က ပူးပေါင်းလုပ်ဆောင်မှာ ဖြစ်ပါတယ်။
အမေရိကန် အကူအညီနဲ့ ပြင်ဆင်တဲ့နေရာမှာ ကျိုးပဲ့၊ ပျက်စီး၊ ပျောက်ဆုံးသွားတဲ့ ရုပ်တု တွေကို သီပေါမင်းခေတ် လက်ရာအတိုင်း ထားရှိမှာဖြစ်တဲ့အပြင် သံချက်များအစား သစ်သားသပ် ထိုးခြင်း၊ ဆွေးမြေ့ပေါက်ပြဲနေသည့် ရေတံလျှောက်များကို လဲလှယ်ခြင်း ပြု လုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။
မြို့တည်နန်းတည် မင်းတုန်းမင်းကြီးဟာ ဘုန်းကြီးကျောင်းများကို အရှေ့ပြင်၊ အနောက်ပြင်၊ မြောက်ပြင်၊ တောင်ပြင် ခွဲခြားကာ စနစ်တကျ နေရာချထားပေးခဲ့သော်လည်း နှစ်ပေါင်း ၁၅၀ ကျော်ကြာလာတဲ့အခါ ပျက်စီး ယိုယွင်းမှုတွေကြောင့် အနည်းငယ်သာ ကျန်ပါတော့တယ်။
မန္တလေး ဒေသတဝိုက်မှာတော့ ရွှေနန်းတော်ကျောင်း၊ ဒုတိယ ရွှေအင်ပင်ကျောင်း၊ အင်းဝဗားကရာကျောင်း တို့သာ မူလလက်ရာ အတိုင်း မပျက်မယွင်း ကျန်ရှိနေပါတယ်။
ရွှေနန်းတော်ကျောင်းနဲ့ အင်းဝဗားကရာ ကျောင်းကိုသာ ယဉ်ကျေးမှုဝန်ကြီးဌာနက ထိန်းသိမ်းနိုင်ပေမယ့်၊ ရွှေအင်ပင် ကျောင်း ကတော့ ကျောင်းထိုင်ဘုန်းကြီး ကိုယ်တိုင် ထိန်းသိမ်းတယ်လို့ သိရပါတယ်။
မန္တလေး ဒေဝန်းရပ် မှာရှိတဲ့ ရွှေအင်ပင်ဘုန်းကြီးကျောင်းလည်း သက်တမ်း ၁၁၈ နှစ် ရှိပြီဖြစ်ပါတယ်၊ ကျောင်းတိုက်တခုလုံး ကျွန်း ထည်များကို အသုံးပြု တည်ဆောက်ထားတာပါ။ ရှေးလက်ရာ ဘီလူး၊ လောကနတ် စတဲ့ အရုပ်တွေနဲ့ ပုံဖော်ထားတဲ့ ကျွန်းတံကဲကြီးတွေနဲ့ လှပစွာ ဆောက်လုပ် ထားပါတယ်။
ဒါပေမယ့် ပြုပြင် ထိန်းသိမ်းတဲ့နေရာမှာ လိုအပ်ချက်တချို့ကို တွေ့နေရပြီး သစ်သားသပ်တွေနဲ့ ရိုက်သွင်းရမယ့် အစား အလွယ် တကူ သံချက်ကို အသုံးပြုခြင်း၊ လျှပ်စစ်မီး သွယ်တန်းရာမှာ စနစ်တကျမဟုတ်ဘဲ အလွယ်တကူပြုလုပ်ခြင်းကြောင့် မီးဘေး အန္တရာယ် အချိန်မရွေးဖြစ်ပေါ်နိုင်ခြင်းတို့ကို တွေ့မြင်ခဲ့ရပါတယ်။
မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ ဘုန်းတော်ကြီးကျောင်းတွေဟာ နိုင်ငံခြားသားတွေ ကားကြီးကားငယ် အသွယ်သွယ်နဲ့ လာရောက်လေ့လာမှု အင်မတန်များပြားလှပေမယ့်၊ မန္တလေး ဒေသတဝိုက် မြန်မာမှုလက်ရာ အပြည့်ရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာတော့ လေ့လာသူနည်းပြီး လူမသိသူမသိ ဖြစ်နေသေးတယ်ဆိုတာကို မန္တလေး ခရီးစဉ်မှာ မြင်တွေ့ခဲ့ရပါတယ်။ ။