ဒေသခံ သာမန်အရပ်သားတွေနဲ့ မင်းမှုထမ်းတွေကြားက လူနေမှုအဆင့်အတန်း ကွာခြားလှတဲ့ နောက်ဆုံးပေါ် ကမ္ဘာ့မြို့တော်သစ် နေပြည်တော်ကို ၂ နာရီကျော် အချိန်ပေးလေ့လာပြီးတဲ့နောက်မှာတော့ မိတ္တိလာဘက် ခရီးနှင်ခဲ့ပါတယ်။
နေပြည်တော်ကနေ ထွက်လာတော့ ပျဉ်းမနားကားဂိတ်မှာ အကြာကြီးရပ်ပါတယ်။ ပျဉ်းမနားကနေ ရန်ကုန်-မန္တလေး လမ်းအတိုင်း မောင်းလာတော့ ရေဇင်းစိုက်ပျိုးရေး တက္ကသိုလ်ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို တွေ့ရပါတယ်။ တကိုယ်တော် ဆန္ဒပြတဲ့ ပါမောက္ခ ဆရာ ဆလိုင်းထွန်းသန်းနဲ့ တောခိုခဲ့တဲ့ စိုက်ပျိုးရေး တက္ကသိုလ်က ကျောင်းသားတချို့ကို သွားသတိရမိပါတယ်။ တကယ်က ဒီလမ်းဟာ မနေ့က စက်ဘီးပြိုင်ပွဲ လုပ်စဉ်က သွားခဲ့ပြီးသားလမ်း။ ဒါပေမယ့် စက်ဘီးပွဲကိုသာ အာရုံစိုက်ခဲ့တဲ့ ကျနော်ဟာ ပတ်ဝန်းကျင်ကို သတိမထားမိ။ စိုက်ပျိုးရေး တက္ကသိုလ် ပြီးတော့ နေပြည်တော် ဆဖာရီ။ သစ်ကြီးဝါးကြီးနဲ့ တောရိုင်း တိရိဆန်တွေပေါမယ့် သဘာ၀ အနေထားမျိုးဆိုတော့ နေပြည်တော် ဆဖာရီက အတော်နာမည်ကြီးတယ်လို့ ဆိုပါတယ်။
“ဘန်ကောက်က ဆဖာရီထက် နေပြည်တော် ဆဖာရီ သာတာကတော့ သေချာတယ်ဗျ” လို့ မကြာသေးခင်ကမှ နေပြည်တော် ဆဖရီဆီ ဝင်လည်ခဲ့တဲ့ ပြည်တော်ပြန်တဦးက ပြောပါတယ်။ ကျနော်ကတော့ ဆဖာရီဆီဝင်ဖို့ အချိန်မရလိုက်ပါ။ အဲဒီ ဆဖာရီဆီ ဝင်တဲ့အပေါက်ကို ကျော်လာတော့ နေပြည်တော်ကို ဝင်တဲ့ လမ်းပေါက်အသစ်တွေ၊ ဖောက်နေဆဲ လမ်းတွေ အများကြီး။ ပြီးတော့ ဆောက်လက်စ ဆီးဂိမ်း အားကစားရုံတွေ၊ အားကစားရွာတွေ။ ပြိုင်ပွဲက ဒီဇင်ဘာမှာ စမယ်ဆိုပေမယ့် အားကစားရုံနဲ့ အားကစားရွာတွေက အခုထိ လက်စမသတ်နိုင်သေး။
အားကစားရွာကိုကျော်ပြီး ဟိုဖက်ခမ်းလှမ်းလှမ်းက တောင်စောင်းပေါ် ကြည့်လိုက်မယ် ဆိုရင်တော့ နေပြည်တော် စစ်ဌာနချုပ်နဲ့ အရုပ်ကြီး ၃ ခုရှိရာနေရာလို့ ထင်ရတဲ့ ကျယ်ပြန့်ကြီးမားလှတဲ့ တပ်စခန်းတွေနဲ့ တောအုပ်တွေကို ခပ်ဝါးဝါးမြင်နိုင်ပါတယ်။ ပျဉ်းမနား – တပ်ကုန်း – ရမည်းသင်း ကားလမ်းက နည်းနည်း နိမ့်တာကြောင့် နေပြည်တော် တခွင်လုံးနဲ့ အနောက်ဖက်က တောင်ညိုတောင်တန်းကြီး တခုလုံးကို ကားလမ်းပေါ်ကနေ လှမ်းမြင်နေရသလို ဖြစ်နေပါတယ်။ တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ နေပြည်တော် မြို့မဈေးကနေ တနာရီနီးပါး ကားမောင်းလာပြီးတဲ့အထိ မြင်ကွင်းက နေပြည်တော် စက်ကွင်းကနေ မလွတ် နိုင်သေးတဲ့ သဘောပါ။ လယ်ဝေး၊ ပျဉ်းမနား။ တပ်ကုန်းကနေ ရမည်းသင်းအထိ တကယ့်ကို ကျယ်ပြန့်လှတဲ့နေရာကြီး တခုလုံးကို နေပြည်တော်အဖြစ်ယူပြီး မြို့တော်တည်ထားတဲ့သဘော၊ စစ်ရေး အမြင်အပြင် ရေရှည်မြို့ပြအမြင်ပါ ရှိတယ်လို့ပြောနိုင်မယ် ထင်ပါတယ်။
ရမည်းသင်းမြို့နယ်ထဲ ဝင်လာတာနဲ့ သဘာ၀ ပတ်ဝန်းကျင် အခင်းအကျင်းက နည်းနည်းပြောင်းလာတယ်လို့ ထင်ပါတယ်။ မြေလတ်ပိုင်း ရာသီကနေ အညာရာသီဥတုဆီ ပြောင်းလာတဲ့သဘော။ ခြောက်သွေ့တဲ့ မြေနီနဲ့ သဲကန္တာရဆန်တဲ့ အခင်းအကျင်းကို တွေ့ရပြီး သစ်ပင်တွေ အနေထားတွေကလည်း ပြောင်းသွားပါတယ်။ ပျော်ဘွယ်ဘက် ရောက်တော့ လုံး၀ အညာလို ဖြစ်သွားပြီး ဆူးပင်တွေ၊ ထန်းပင်တွေကို တိုးပြီးမြင်လာရပါတယ်။ ဟိုငေး ဒီငေး လုပ်ရင်းနဲ့ ညနေ ၃ နာရီလောက်မှာတော့ မိတ္တိလာမြို့ဆီကားက ဝင်လာပါတယ်။
ကျနော် ကျောင်းသားဘဝက မန္တလေးနဲ့ စစ်ကိုင်းဖက်ကို တခေါက်ရောက်ဖူးပေမယ့် နေပြည်တော်ကနေ အခု မိတ္တိလာအထိ တခါမှ မရောက်ဖူးသေးပါ။ အရာရာဟာ အသစ်အဆန်း ဖြစ်နေပြီး “မိတ္ထီလာ ကန်တော်အောက်က ဖားကောက်ခဲ့ပါ” ဆိုတဲ့ ကဗျာကို သွားသတိရမိပါတယ်။ အဲဒီကန်ကိုကျော်ပြီး လမ်းဆုံလေး တခုရှေ့မှာ ကားရပ်တော့ “အဲဒီမှာပဲ ဆင်းနေလိုက်ပါ၊ ကျမတို့ဆီက လူတွေလာကြိုလိမ့်မယ်” လို့ ဒေါ်မြင့်မြင့်အေးဆီက ဖုန်းဝင်လာပါတယ်။ ဒေါ်မြင့်မြင့်အေးဆိုတာ ကျနော်တို့ DVB မှာ တာဝန်ထမ်းစဉ်က မိတ္ထီလာမြို့ရဲ့ အမာခံပရိတ်သတ်ပေါ့။
အခုတော့ ခေတ်ပြောင်းသွားလို့လား မပြောတတ်၊ သူတို့တင်တဲ့ သတင်းတွေကို DVB က မလွှင့်ပေးတော့ဘူးလို့အစချီပြီး ခေတ်ပြောင်းကာလ ဒီမိုကရေစီ အင်အားစုတွေရဲ့ မီဒီယာအခြေနေကို သူက အသေးစိတ် ရှင်းပြနေပါတယ်။ ဒေါ်မြင့်မြင့်အေးပုံကို အသေချာကြည့်တော့ ကျနော်တို့နဲ့ အသက်အရွယ် မတိမ်းမယိမ်း။ ဒေါ်မြင့်မြင့်အေး တင်မက တနေ့က NLD ရုံးမှာတွေ့တဲ့ ဒေါ်အေးအေးမာတို့၊ ဦးသိန်းဦးတို့ဟာလည်း ကျနော်တိုနဲ့ အသက်သိပ်မကွာ။
ဒါ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ဒီပဲယင်း အရေးအခင်း ဝန်းကျင်ကာလ၊ NLD ပါတီ ပိတ်ဆို့တားဆီးခြင်း ခံထားရစဉ် ကာလကပေါ့။ အခုတော့ သတင်းထောက်တွေ ကိုယ်တိုင် ကွင်းထဲသွားခွင့်ရလို့ ကျနော်ကိုယ်တိုင်တောင် မိတ္တိလာအထိ ရောက်နေပြီ မဟုတ်လား။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကဆိုရင် ဒါမျိုး စိတ်ကူးဖို့ တောင်မလွယ်။ “DVB က ခေါ်တာပါ” လို့ဆိုလိုက်တာနဲ့ တယ်လီဖုန်းလိုင်းက ပြတ်ရင် ပြတ်သွားတတ်တဲ့အချိန်။ DVB နဲ့ စကားပြောရဲ သူကလည်း သိပ်မရှိသေး။ နောက်တခါ အခုခေတ်လို လက်ကိုင်ဖုန်းကလည်း မပေါ်သေးတော့ ကျနော်တို့ မေးမြန်းချင်တဲ့ လုပ်အားပေးသမားတွေ၊ လယ်သမားတွေ၊ ဈေးသည်းတွေကို NLD ပါတီဝင်တွေက သူတို့အိမ်အထိ ခေါ်ယူ ထမင်းကျွေး၊ ညအိပ်ခွင့်ပေးပြီး ကူညီခဲ့ဖူးသူတွေပေါ့။
အခုတော့ အခြေနေတွေကပြောင်းလဲသွားခဲ့ပါပြီ။ NLD ကလည်း ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ ပါတီတခု ဖြစ်သွားခဲ့ပါပြီ။ အလားတူ တချိန်က NLD အမာခံ ပါတီဝင်တဦးဖြစ်တဲ့ ဒေါ်မြင့်မြင့်အေးကလည်း NLD နဲ့အပြိုင် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်အရွေးခံခဲ့တဲ့ တသီးပုဂ္ဂလအမတ်လောင်း တဦးဖြစ်သွားခဲ့ပါတယ်။
အဲဒီရွေးကောက်ပွဲ နောက်ပိုင်းမှာတော့ ပြည်သူ့အကျိုးဆောင် ကွန်ရက် (မိတ္ထီလာ) ဆိုတာကိုဖွဲ့ပြီး လက်ပံတောင်း ဒေသ အရေးခင်းအပါဝင် အခြေခံလူထု အကျိုးစီးပွား ကာကွယ်ရေးအတွက် ဆောင်ရွက် နေပါတယ်။ နိုင်ငံရေးပါတီတွေက လွှတ်တော်မှာပဲ အချိန်တွေကုန်နေပြီး သာမန်လူဆင်းရဲတွေရဲ့ ကိစ္စကို ဘာမှ မဆောင်ရွက်ပေးတော့ဘူးလို့ အကျိုးဆောင်အဖွဲ့ဝင်တွေကဆိုပါတယ်။ ဒေါ်မြင့်မြင့်အေးလည်း လယ်သမားအရေး ဆောင်ရွက်ရင်း ဇွန်လ ၁၀ ရက်နေ့တုန်းက အဖမ်းခံရပါသေးတယ်။
သတင်းသမားအနေနဲ့ နားထောင်ရုံမှတပါး ထင်မြင်ချက်ပေးဖို့ ကျနော်မှာတာဝန်မရှိပါ။ “တူတာတွဲလုပ်၊ မတူတာ ခွဲလုပ်ပေါ့ဗျာ။ လောလောဆယ်တော့ နေမဝင်ခင်လေးမှာ ကျနော့်ကို မြို့ထဲခဏ လိုက်ပို့ကြပါဦး” လို့ စကားလမ်းကြောင်းပြောင်းရင်း စကားဝိုင်းကို အဆုံးသတ်လိုက်ရပါတယ်။
ကွန်ရက်ရုံးရှိရာကနေ ၁၀ မိနစ်လောက် ဆိုင်ကယ်မောင်းလိုက်တာနဲ့ မီးလောင်ထားတဲ့ မြို့ပျက်တခုကို တွေ့မိတော့ ကျနော် Shock ဖြစ်သွားပါတယ်။ ရေဒီယိုသတင်းတွေ၊ တီဗီ သတင်းတွေ၊ အင်တာနက် သတင်းတွေမှာ မိတီ္ထလာက ဘာသာရေး ပဋိပက္ခတွေအကြောင်း ကြားရ မြင်ရပြီး ဖြစ်ပေမယ့် ဒီလောက်အထိ ဆိုးတယ်လို့ထင်မထားမိပါ။ ဘယ်လိုပြောရမလဲ၊ နိုင်ငံတကာ သတင်းတွေမှာ နေ့စဉ်လိုလို မြင်နေရတဲ့ အီရတ်တို့၊ အာဖဂန်တို့၊ ဆီးရီးယားတို့က မြို့ပြတိုက်ပွဲတခုအပြီး မီးလောင်နေတဲ့ တိုက်အိမ်တွေကို မြင်လိုက်ရသလို ခံစားမိပါတယ်။ နည်းနည်းနောနော တိုက်အိမ်တွေ မဟုတ်။ ဘလောက် ၄-၅ ခုလောက် အတွင်းရှိ တိုက်အိမ်တွေ၊ ဗလီတွေအားလုံး မီးလောင်ထားပြီး အဲဒီမီးလောင်ပြင်ကြီးကို ဒီအတိုင်း ပစ်ထားတာတွေ့ရပါတယ်။
“ဒီနေရာမှာ ဓာတ်ပုံမရိုက်နဲ့ဦးဗျ။ မကြိုက်တဲ့လူတွေရှိတယ်၊ နောက်တနေရာရောက်မှ ရိုက်ပါ” လို့ ကျနော့်ကို လိုက်ပို့တဲ့ ဆိုင်ကယ်သမားကပြောတော့ ကင်မရာကြီးကို အိတ်ထဲ ပြန်ထည့်လိုက်ရပါတယ်။ ဟုတ်တယ်လေ၊ ကျနော်က သတင်းသမားတဦးအဖြစ် အာဏာပိုင်တွေဆီ အကြောင်းကြားပြီးလာတာ မဟုတ်တော့ ဘာလုံခြုံရေးမှမပါ။ ဒီတော့ ကျနော်ကို လိုက်ပို့သူတွေ ပြောတဲ့အတိုင်း လိုက်နာရမှာပေါ့။ မတော်လို့ ဒေသခံတွေနဲ့ အချေအတင်ဖြစ်ပြီး ကျနော်ကင်မရာကြီး အသိမ်းခံလိုက်ရရင် ဘယ်လိုလုပ်မလဲ။ ဒီတော့ “မျက်လုံးနဲ့ စကန်ဖတ်တယ်” လို့ ကျနော်တို့ သတင်းသမားတွေကြား ပြောဆိုလေ့ရှိတဲ့ အတိုင်း မျက်စိနဲ့ပဲ အရာရာကို အသေချာကြည့်၊ ပြီးတော့ မှတ်စုပြန်ရေးတဲ့နည်းနဲ့ လုပ်ရမှာပေါ့။
တချိန်တည်းမှာပဲ ဒီလို ပဋိပက္ခဒေသအတွင်း သတင်းယူတာနဲ့ စစ်မြေပြင်အတွင်း သတင်းယူရပုံ ကွာခြားမှုကိုလည်း ကျနော် သတိပြုမိပါတယ်။ နဝတ တပ်တွေနဲ့ ကျနော်တို့ သူပုန်တပ်တွေကြား တိုက်ပွဲတွေ ပြီးလို့ မီးလောင်နေတဲ့ ရွာတွေအတွင်း ကျနော် သတင်းသွားယူဖူးပါတယ်။ နဝတ ဘက်က ထောင်ထားခဲ့တဲ့ မိုင်းတွေ ကျန်နေနိုင်တာကလွဲရင် တဖက်ရန်သူက ဒီအရပ်မှာ မရှိတော့ပါ။ ဒါပေမယ့် အခု ပဋိပက္ခဒေသမှာတော့ ဘယ်သူ့ကို ဘယ်သူမှန်းမသိ။ ကိုယ်သတင်းယူနေစဉ် ဘယ်သူက ထွက်လာပြီး ပြဿနာ လာရှာနိုင်သလဲ ဆိုတာကို မှန်းလို့မရ။
မီးလောင်ပြင်ရပ်ကွက်ကို ကျော်ပြီး တခြားရပ်ကွက် ၃-၄ ခုကို ဖြတ်ပြီးတဲ့အခါမှာတော့ နောက်ထပ် မီးလောင်ထားတဲ့ ရပ်ကွက် အသေးလေးတခုကို ထပ်တွေ့ရပြန်ပါတယ်။ ဒီရပ်ကွက်ကိုတော့ ကားလမ်းကြီးရှိရာ ကန်ဘောင်ပေါ်ကနေ ဓာတ်ပုံရိုက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီပုံက ပထမ မီးလောင်ပြင်ပုံလောက် ကောင်းမှာမဟုတ်။ အဲဒီရပ်ကွက်ကနေ အထွက်မှာတော့ ဒုက္ခသည်တွေ ခိုလှုံနေတယ်ဆိုတဲ့ မိတ္ထီလာကန်ရဲ့ အခြားတဖက်က ခရိုင်အားကစားကွင်းဆီ ကျနော်တို့ ရောက်သွားပါတယ်။ အားကစားကွင်း ဝင်ပေါက်ကို ပိတ်ထားပြီး အထဲမှာ လုံထိမ်းကား ၃ စီးနဲ့ ဘော်လီဘော ကစားနေတဲ့ ဒုက္ခသည်တချို့ကို မြင်လိုက်ရပါတယ်။
“ဒီထဲမှာချည်း နေလာရတာ ၂ လလောက် ရှိပြီဆိုတော့ ကိုယ်လက်လှုပ်ရှားဖို့ လိုမှာပေါ့လေ” လို့ ကျနော်ကို လိုက်ပို့တဲ့ ဆိုင်ကယ်သမားက ပြောပါတယ်။ ဒါပေမယ့် ဘော်လီဘော ပုတ်နေသူက နည်းနည်းသာ ရှိပြီး အများစုကြီးက အရှေ့ဖက်နားရှိ ဂိုဒေါင်ကြီးဘေးမှာ ဝိုင်းထိုင် စကားပြောနေတာ တွေ့ရပါတယ်။ အပေါက်ဝရှေ့မှာတော့ ထောင်ဝင်စာတွေ့သလို အစားစာနဲ့ အဝတ်ထည်တွေ လာပို့နေတဲ့ ဆိုင်ကယ်စီး ဇနီးမောင်နှံနဲ့ ကလေးငယ်တဦး။ “အထဲဝင်ခွင့် မပေးတော့ ဒီလိုပဲ ပေးနေရတာပေါ့ ဆရာရယ်။ သူတို့ကလည်း အိမ်မပြန်ရဲကြသေးဘူးလေ” လို့ အသားခပ်ညိုညိုနဲ့ အဲဒီမောင်နှံက ပြောပါတယ်။
သူတို့ဆိုင်ကယ်ရှိရာ ဂိတ်ပေါက်၀ ယာဖက်ဘေးနားမှာတော့ ဒုက္ခသည်တွေအတွက် သောက်ရေလို့ ယူဆရတဲ့ NGO တံဆိပ်ပါ ပလစတစ် ရေတိုင်ကီကြီးတလုံး။ အထဲမှာရော၊ ပေါက်ဝမှာပါ လက်နက်ကိုင် အစောင့်တွေ ရှိနေတဲ့အတွက် ကင်မရာကို မထုတ်တော့ဘဲ မျက်စိနဲ့ စကန်ဖတ်တာကိုပဲ ဦးစားပေးခဲ့ရပြန်ပါတယ်။ ဒီစခန်းထဲမှာ လူဦးရေ ၁၀၀၀ ကျော် ရှိတယ်လို့သိရပြီး အခြားဖက်မှာလည်း အလားတူ စခန်းတွေရှိနေဆဲ၊ အခုချိန်ထိ အိမ်မပြန်ရဲသူ၊ ပြန်စရာအိမ်မရှိသူတွေ အများအပြား ရှိနေဆဲလို့သိရပါတယ်။
အဲဒီဒုက္ခသည်စခန်းက အပြန်မှာတော့ ဓာတ်ပုံရိုက်ခွင့် ရနိုင်တဲ့ဆိုတဲ့ နောက်ထပ် မီးလောင်ပြင် ရပ်ကွက်တခုဆီ ဆိုင်ကယ်ဆရာက ကျနော့်ကို ခေါ်သွားပါတယ်။ “အဲဒီ သသာနာ့ အလံတိုင်လေးတွေ စိုက်ထားတဲ့နေရာက ဗုဒ္ဒဘာသာဝင် အိမ်တွေပေါ့” လို့ ရပ်ကွက်လူကြီးလို့ ယူဆရသူတဦးက ပြောပါတယ်။ ပထမ နေရာလောက် မဆိုးပေမဲ့ ဒီနေရာမှာလည်း အိမ်ခြေ ဒါဇင်နဲ့ချီလောင်ထားပြီး ပြိုပျက်နေတဲ့ ဗလီတွေကိုလည်း တွေ့ရပါတယ်။ အခုချိန်ထိ ကျနော်နဲ့တွေ့နေရသူတွေဟာ ဗုဒ္ခဘာသာဝင်တွေသာ ဖြစ်တဲ့အတွက် သူတို့ ပြောတဲ့ တဖက်သတ် အမြင်တွေကိုသာ ကြားခဲ့ရပြီး မွတ်စလင်ဖက်က အမြင်ကို မေးမြန်းဖို့ အခွင့်မသာခဲ့ပါ။
အဲဒီရပ်ကွက်ကအပြန် မိတ္ထီလာကန်ဘေးရှိ ဖောင်တော်ဦးဘုရားကို ဖြတ်ပြီးထွက်လာတော့ လက်နက်ကိုင် စစ်သား အများအပြားတွေကို တွေ့ရပါတယ်။ ဟိုဖက်နားမှာလည်း လုံထိန်းကားတွေက အဆင့်သင့်ရှိနေဆဲ။ ပုဒ်မ ၁၄၄ မရှိတော့ဘူး ဆိုပေမယ့် ညဖက် လမ်းထွက်သူ မရှိပါ။ ရပ်ကွက်အလိုက်၊ လမ်းအလိုက် အလှည့်ကျ ကင်းစောင့်နေရဆဲဖြစ်ပြီး ည ၈ နာရီလောက်မှာ လော်စပီကာနဲ့အော်ပြီး လုံခြုံရေးအဖွဲ့တွေ ကင်းလှည့် နေတဲ့အသံကို ကြားရပါတယ်။ တုတ်၊ ဓား၊ ဂျင်ကလိ စသဖြင့်လက်နက်တွေ တွေ့ရင် ဖမ်းမယ်ဆိုတဲ့အကြောင်း။ သက်ဆိုင်ရာဆီ အမြန်ဆုံး လာအပ်ကြဖို့နှိုး ဆော်နေတဲ့အတွက် အခင်းဖြစ်ပြီး ၂ လ ကြာတဲ့အထိ အခြေအနေက ပုံမှန် ပြန်မရောက်သေးဘူးလို့ ပြောနိုင်မယ် ထင်ပါတယ်။
ရခိုင်ဖက်ကစနေ စလိုက်တဲ့ ဒီပြသာနာဟာ နေရာအတော်များများဆီ ပျံ့နှံသွားပြီး ကျနော် ရန်ကုန် စရောက်တဲ့နေ့မှာ ပဲခူးတိုင်း ဥက္ကံဖက်မှာ ဖြစ်နေတယ်လို့ ကြားရပါတယ်။ ကျနော် ပုဂံဖက်ရောက်စဉ်မှာတော့ လားရှိုးဖက်မှာ ဖြစ်နေပြန်ပြီလို့ ကြားရပြန်ပါတယ်။ ရန်ကုန်က တက္ကစီသမားတွေ အပါအဝင် တွေ့သမျှ လူတွေကို သဘောထား မေးကြည့်တဲ့အခါ ကိုယ်မှန်၊ သူမှား ဆိုတဲ့ချဉ်းကပ်မှုမျိုးကိုသာ ကြားခဲ့ရပြီး ဒီပြဿနာ ဘာကြောင့်ဖြစ်လာသလဲ၊ မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲဆိုတဲ့ “အဖြေရှာတဲ့ စဉ်းစားချက်” မျိုး ကြားရလေ့မရှိပါ။ မေးမြန်းလိုက်တဲ့ လူတိုင်းဟာ ဘက်တခုခုမှာ ရပ်နေပြီးသားဖြစ်ပြီး အခြား တဖက်ကို ချေမှုန်းသင့်တယ်ချည်း ပြောနေတာနဲ့သာ ကြုံခဲ့ရပါတယ်။
နောက်တနေ့မနက်မှာတော့ ပုဂံကိုသွားဖို့အတွက် မိတ္တိလာ အဝေးပြေးကားဂိတ်ဆီ ရောက်လာပါတယ်။ အဲဒီကားက သတ်မှတ်ချိန်ထက် တနာရီတိတိ နောက်ကျပြီးမှ ရောက်လာပါတယ်။ ဘာကြောင့် ဒီလို နောက်ကျတာလဲလို့ မေးတော့ “ဒါ မြန်မာပြည်လေ ဆရာ” ဆိုတဲ့အဖြေထက် တိကျတဲ့ဖြေရှင်းချက်မျိုး မတွေ့ရပါ။
မိတ္ထီလာကနေ ထွက်လာတော့ အညာဒေသရဲ့ သဘာဝအနေထားကို ကောင်းကောင်း သတိထားမိပြီး ထားဝယ်နဲ့ အညာ ဘာမှ မဆိုင်ပါလားလို့ တွေးမိပါတယ်။ ကျနော်တို့ ထားဝယ်ဖက်မှာ ဒီအချိန်ဆို မိုးကို အမှီပြုပြီး ဆန်စပါးအဓိက စိုက်ကြပေမယ့် ဒီအရပ်မှာတော့ စပါးစိုက်တာ မတွေ့မိပါ။ မြေအနေထားကလည်း သဲမြေလိုလိုနဲ့ မိုးရေတင်မယ့် အနေထားမရှိ။
ကျောက်ပန်းတာင်းကို ဖြတ်ပြီး ညောင်ဦးဆီဝင်တော့ ညနေ ၄ နာရီ ထိုးခါနီးနေပြီ။ ကားဂိတ်နဲ့နီးတဲ့ တည်းခိုခန်းတခုဆီ အမြန်ပြေးပြီး နေဝင်ချိန်အမီ ပုဂံဘုရားတွေကို ဓာတ်ပုံရိုက်နိုင်ဖို့ ဆိုင်ကယ်ငှားရပါတယ်။ တကယ်က ပုဂံရောက် နိုင်ငံခြားသား အတော်များများ တနေ့ ၁၅၀၀ သာပေးရတဲ့ စက်ဘီး တွေကိုစီးပြီး ပုဂံတခွင့် လှည့်လည်လေ့ရှိကြောင်း ကျနော်ကြိုမသိပါ။ နေဝင်ချိန် ပုဂံဘုရားတွေရဲ့ အလှကို အသေအချာ ဓာတ်ပုံရိုက်နေတဲ့ အနောက်တိုင်းသူတဦးနဲ့ တွေ့မှ ဒါတွေကို သိခဲ့ရပြီး သူရဲ့ Lonely Planet ခရီးသွား လမ်းညွှန်စာအုပ်ကိုလည်း ဖတ်ကြည့်ဖြစ်ပါတယ်။ ဆိုလိုတာကတော့ နိုင်ငံတကာ ဧည့်သည်တွေက ခရီးသွားလမ်းညွှန်စာအုပ် အသေချာဖတ်ပြီးမှ လာလည်တာဖြစ်ပေမယ့် ကျနော်ကတော့ ဘာလမ်းညွန်မှ မဖတ်ဘဲ ကြုံသလို ရောက်လာသူသာ ဖြစ်နေပါတယ်။
အနော်ရထာ လမ်းမကြီးနဲ့ သီရိပဉ္စရာ လမ်းသွယ်တွေကြားရှိ နီးစပ်ရာ ဟိုတယ်တခုဆီ ဝင်သွားတော့ တည ၃၀၀၀၀ ကျတယ်လို့ ဆိုပါတယ်။ အခန်းအပြင်အဆင်ကို ကြည့်တော့ ရန်ကုန်က သုံးသောင်းတန် အခန်းထက် ပိုကောင်းပြီး ထိုင်းက အခန်းတွေလို သန့်သန့်ပြန့်ပြန့်။ ပြီးတော့ ဝန်ဆောင်မှု။ ပုဂံမှာတွေတဲ့ ဟိုတယ် ဝန်ထမ်းတွေက ရန်ကုန်က ဝန်ထမ်းတွေထက် ဧည်ဝတ်ပိုကျေတယ် ပြောရမလား။ ပို Professional ဖြစ်တယ် ပြောရမလား။ ဟိုတယ် ဝန်ထမ်းသင်တန်း တက်ပြီးသားသူတွေ၊ ဧည့်သည်နဲ့ ဘယ်လို ဆက်ဆံရမယ် ဆိုတာကို နားလည်နေသူတွေအဖြစ် ထင်မိပါတယ်။
အဲဒီလို ဟိုတယ်ဝန်ထမ်း ကောင်မလေးတွေကို ငေးနေတုန်း “ခင်ဗျားပုံကို DVB မှာ မြင်ဖူးသလားလို့” ဆိုပြီး ဟိုမန်နေဂျာဦးလေးကြီးက မေးခွန်းထုတ်လိုက်တော့ ကျနော်နည်းနည်း တွန့်သွားပါတယ်။ ဒီအရပ်မှာ ကိုယ့်ကို ဘယ်သူမှ မသိလောက်ပါဘူးလို့ ထင်ထားတာ လွဲသွားခဲ့ပေါ့။ ကျနော် DVB ကနေ အလုပ်ထုတ်ခံရပြီး ၂ နှစ်ကြာတဲ့အထိ ပရိသတ်တချို့က ကျနော်တို့ပုံတွေ၊ အသံတွေကို မှတ်မိနေဆဲပါလား။ ဒီတော့ သိပ် မိတ်ဆက်စရာ မလိုဘဲနဲ့ မိတ်ဆွေတွေ ဖြစ်သွားခဲ့ပါတယ်။ ပြီးတော့ ဟိုတယ်ဝန်ထမ်းလူငယ် တဦးရဲ့ ဆိုင်ကယ်နဲ့ ပုဂံဘုရားတွေဆီ နေဝင်ချိန်အမီ ပြေးရပါတယ်။
ပထမဆုံး ဝင်သွားတဲ့နေရာက ဟိုတယ်နဲ့ အနီးဆုံးနေရာ ရွှေစည်းခုံစေတီ။ ဓာတ်ပုံရိုက်ဖို့ ကင်မရာထုတ်တာနဲ့ ကလေးတသိုက် ရောက်လာပြီး ဘုရားသမိုင်းကြောင်း အတင်းရှင်းပြနေလို့ မနည်းတားနေရပါတယ်။ ပြီးတော့မှ ကျနော်တို့ DVB TV စလွှင့်စဉ်က ပြသခဲ့ဖူးတဲ့ ပုဂံဘုရားဘေးက ကလေးငယ်တွေနဲ့ ဒီကလေးငယ်တွေ တူတူပဲလားလို့ တွေးမိပြီး အင်္ဂလိပ်လိုရော ပြောတတ်လားလို့ မေးကြည့်မိပါတယ်။ အံသြဖွယ် ကောင်းလောက်အောင်ကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ ဘုရာသမိုင်းကို ကလေးတိုင်း ရှင်းပြနိုင်တာ တွေ့ရပါတယ်။ တကယ်တော့ ဒါဟာ သူတိုရဲ့ နေ့စဉ်အလုပ်ပဲလေ။
အလှူခံများလှတဲ့ ရွှေစည်းခုံကနေ အမြန်ရုန်းထွက်ပြီးတဲ့နောက် ဂူပျောက်ကြီး၊ ထီးလိုမင်းလို၊ အနန္ဒာ ဘုရားတွေကို ဖူးမျှော်ပြီး နေဝင်ချိန် လူစည်တယ်လို့ပြောတဲ့ သဗ္ဗညုဘုရားဆီ ရောက်အောင် ပြေးရပါတယ်။ ဘုရားပေါ်မှာ ကျနော်ထက်အရင် ရောက်နေတဲ့ နိုင်ငံခြားသား ဧည့်သည် ၅၀ လောက်တောင် ရှိမလားပဲ။ ပစ္စယံ ၃ ဆင့်စလုံး အပြည့်။ အပေါ်ဆုံး ပစ္စယံအထိ တက်ရတဲ့ အရေးက သိပ်မလွယ်။ လှေကား ထစ်လေးတွေက သေးသေး ကျပ်ကျပ်လေး။ လက်ကိုင်တန်းလေးသာ မရှိရင် အတက်အဆင်း လုပ်ဖို့ အတော် ခက်မယ် ထင်ပါတယ်။
ကံကောင်းချင်တော့ တိမ်ဖုံးနေတဲ့ နေဝန်းကြီးက ၆ နာရီ ဝန်းကျင်မှာ ပြူထွက်လာပါတယ်။ ကံဆိုးချင်တော့ ၁၅ မိနစ်လောက် အတွင်း မိုးရွာချလိုက်ပါတယ်။ လူမိုးစိုတာ ပြဿနာမရှိ၊ ကင်မရာမိုးမစိုဖို့က အဓိက ဆိုသူချည်း ဖြစ်နေတော့ ထုပ်ကြပိုးကြ၊ ပြေးကြလွှားကြနဲ့ ဘုရားရင်ပြင်တခုလုံး ဆူဆူညံညံဖြစ်သွား ခဲ့ပါတယ်။ ၁၅ မိနစ်လောက် အတွင်း ရလိုက်တဲ့ပုံတွေကတော့ သိပ်မဆိုး။ နာမည်ကြီးလှတဲ့ ပုဂံဘုရားတွေရဲ့ နေဝင်ချိန်အလှကို အမိအရ မှတ်တမ်းတင်လိုက် နိုင်ပါတယ်။ ပုဂံအလှကို ဓာတ်ပုံတွေထဲ အတော်များများ တွေ့ဖူးပြီးဖြစ်ပေမယ့် ကိုယ်တိုင်လာပြီး ဓာတ်ပုံရိုက်ရတဲ့ အရသာကလည်း ထူးကဲလှတယ်လို့ ထင်ပါတယ်။
ညနေပိုင်း ထမင်းစားချိန် ရောက်တော့ နိုင်ငံခြားသား ဧည့်သည်တွေ အထိုင်များတဲ့ စားသောက်ဆိုင်တခုဆီ ရောက်သွားပါတယ်။ ချင်းမိုင်တို့၊ ဆူခွန်ထိုင်းတို့က ဆိုင်တွေကို ရောက်နေသလို စိတ်ထဲ ခံစားရပါတယ်။ နည်မည်ကြီးနေတဲ့ မြန်မာဘီယာအပြင် အနောက်တိုင်းသားတွေအကြိုက် နည်းနည်းပြုပြင်ထားတဲ့ မြန်မာကြက်သားဟင်း၊ ဝက်သားဟင်းတွေကိုလည်း မြည်းခွင့်ရခဲ့ပါတယ်။ ဆီပြန်ဟင်းကို အနောက်တိုင်းသား အကြိုက် နည်းနည်းပြုပြင်ထားပုံက နဂိုအရသာကိုများ ပျက်သွားစေသလားလို့တော့ စဉ်းစားမိပါတယ်။ ဒါပေမယ့် ထိုင်းမှာလည်း ထိုင်းအစာတွေကို အနောက်တိုင်းအကြိုက် ဒီလိုမျိုးပြုပြင်ထားတာ တွေ့ရဖူးတဲ့အတွက် ဒါကိုပင် ဈေးကွက်စီးပွားရေးရဲ့ တွန်းအားများ၊ သို့မဟုတ် ပွင့်လင်းခြင်းရဲ့ ရောသမမွှေမှုများလို့ ခေါ်ရမယ် ထင်ပါတယ်။
နောက်တနေ့ မနက်မှာတော့ တနေကုန်မှ ၁၅၀၀ သာ ပေးရတဲ့ စက်ဘီးတစီးကိုငှားပြီး ပုဂံဘုရားတွေအနှံ့ တကိုယ်တော် ခရီးဆက်ပါတယ်။ မနေ့က ရောက်ခဲ့ပြီးဖြစ်တဲ့ အနန္ဒာဘုရားဆီ အရင်ဆုံးဝင်ပြီး ဓာတ်ပုံရိုက်တော့ ထူးထူးခြားခြား အနောက်တိုင်းသားတွေ ကြားမှာ ထိုင်းဘုရားဖူး အများအပြားကို တွေ့ရပါတယ်။ “သူတို့က အလှူအတန်း ရက်ရောတယ်လေ ဆရာ၊ အင်္ဂလိပ်တွေ (အနောက်တိုင်းသားတွေ) နဲ့ မတူဘူး” လို့ ကျနော့်ကို ထိုင်းထင်ပြီး ထိုင်းဘာသာနဲ့ ဈေးလာရောင်းတဲ့ ဘုရားဈေးသည် တဦးက ပြောပါတယ်။ ဟုတ်ပါတယ်။ ကွာတော့ကွာပါတယ်။ ဗုဒ္ဓသာသာကို ယုံကြည်လို့ ပုဂံအထိလာပြီး ဘုရားဖူးသူနဲ့ ရှေးဟောင်းသမိုင်းဝင် နေရာတခုအဖြစ် ပုဂံဆီ လာလေ့လာသူတွေရဲ့ ဦးတည်ချက်က ဘယ်တူပါ့မလဲ။
ပုဂံမှာတွေ့ရတဲ့ မြန်မာသံဃာတော် တချို့လည်း အတော် ခေတ်မီ တိုးတက်နေတာကို တွေ့ရပါတယ်။ အိုင်ပက်ကိုင်ပြီး ဓာတ်ပုံရိုက်နေတဲ့ ဘုန်းကြီးနဲ့ ဆိုင်ကယ်စီးပြီး ဘုရားဖူးသွားနေတဲ့ ဘုန်ကြီးတွေကိုလည်း အနန္ဒာဘုရားမှာ တွေ့ခဲ့ရပါတယ်။ အနန္ဒာကနေ ဘယ်ဆက်သွားရင် ကောင်းမလဲ စဉ်းစားရင်း တချိန်က ဒေါက်တာ သန်းထွန်း ဝေဖန်ခဲ့ဖူးတဲ့ နန်းမြင့်တာဝါကို သတိရလာပါတယ်။ အနန္ဒာဘုရားကနေ ကွင်းပြင်ကြီး တခုကို ဖြတ်ကျော်ပြီး နန်းမြင့်တာဝါဆီ စက်ဘီးစီးသွားရတဲ့ အရေးက သိပ်မလွယ်။ လမ်းတလျှောက်ရှိ လယ်ကွင်းပြင်တခုလုံး သဲတွေချည်းပဲ။
ဟော … ရောက်ပါပြီ။ ဝင်ကြေး ၂၀၀၀ ကျပ်ပေးရင် အပေါ်မှာ အအေးတခွက် အလကား တိုက်မယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကမ္ဘာလှည့်ခရီးသည်တွေ သိပ်မလာတာဖြစ်မယ်။ ဟုတ်တယ်လေ၊ မနေ့ညနေက ဘုရားပေါ်တက်ပြီး ဓာတ်ပုံရိုက်တာ တပြားမှ ပေးစရာမလို။ ဒီတာဝါပေါ်တက်မှ ၂၀၀၀ ပေးရမယ်ဆိုတော့ တိုးရစ်တွေ ဘယ်လာပါ့မလဲ။ ကျနော်ကတော့ ဒီတာဝါအကြောင်း သိချင်သူဆိုတော့ ၂၀၀၀ ပေးပြီး တက်ရမှာပေါ့။ ဗွီဒီယိုထဲမှာ မြင်ခဲ့ပြီးတဲ့ အတိုင်းပါပဲ။ ၉ ထပ်ရောက်တော့ အအေးတခွက် တိုက်ပါတယ်။ အပေါ်ထပ်ကို ထပ်တက်သွားတော့ လေတဖြူးဖြူး တိုက်နေတဲ့အတွက် ပူပြင်းလှတဲ့ ပုဂံနေကိုတောင် ခဏတာ မေ့သွားစေခဲ့ပါတယ်။
တာဝါပေါ်ကနေ အောက်ကို ပြန်ကြည့်တော့ အရင်ဆုံးမြင်ရတာက ဦးတေဇပိုင်တဲ့ Aureum Palace ဟိုတယ်။ မြို့ထဲက ဟိုတယ်တောင် ၃ သောင်းပေးရရင် ဒီဟိုတယ်ဆို ဘယ်လောက်များ ယူလေမလဲ။ ဘယ်လိုလူမျိုးတွေ ဒီမှာလာတည်းသလဲ။ VIP တွေလား၊ အာဏာပိုင်တွေလား။ ထားစရာ မရှိသူတွေလား။ နေပူလွန်းလို့ တာဝါပေါ် တနာရီနီးပါး ထိုင်နေစဉ်အတွင်း မြန်ခရီးသွားတချို့ ရောက်လာပေမယ့် နိုင်ငံခြားသားတော့ တဦးမှ ရောက်လာတာ မတွေ့ရပါ။ ပုဂံရဲ့ သဘာဝအလှကို ပျက်စီးစေတယ်လို့ ပညာရှင်တွေ ဝေဖန်ခံနေရတဲ့ နန်းမြင့်တာဝါ ပေါ်ကနေ ပြန်ဆင်းအပြီးမှာတော့ ပုဂံရဲ့အထင်ကရ ကျောက်စာတိုင် ရှိတဲ့ရွာဆီသွားဖို့ ရွေးချယ်ခဲ့ပါတယ်။
ကျောင်းမှာတုန်းက မြန်မာစာအဓိကနဲ့ စတုတ္တနှစ်အထိ တက်ဖူးသူအနေနဲ့ ရာဇာကုမာရ ကျောက်စာကိုတော့ မှတ်မိနေဆဲ ဖြစ်ပါတယ်။ ဒီတော့ ပုဂံရောက်တုန်း ဒီနေရာကိုတော့ ရောက်အောင်သွားဦးမှ။ မြေပုံညွန်းထဲ ပါတဲ့အတိုင်း မြစေတီဆီ ဦးတည်လိုက်တော့ ပုဂံနေက ရန်ကုန်နေ၊ ဘန်ကောက်နေတွေထက် ၂ ဆ လောက်တောင် ပိုပူမလား မသိပါ။ ကတ္တရားလမ်းတောင် အရည်ပျော်ပြီး စက်ဘီးတာယာမှာ ကပ်ပါလာတယ် ထင်ရအောင်ကို ခြစ်ခြစ်တောက် ပူပြင်းလှပါတယ်။
တွေ့ပါပြီ၊ မြင်းကပါရွာဆိုတဲ့ ဆိုင်းဘုတ်ကို ကျော်လိုက်တာနဲ့ မြစေတီဘေးက ရာဇာကုမာရ် ကျောက်စာ။ ဓာတ်ပုံနဲ့ မှတ်တမ်းတင်ပြီး အနောက်ဖက် ထွက်လိုက်တော့ ဂူပြောက်ကြီးဘုရားဆီ ရောက်လာပါတယ်။ ပျက်စီးစပြုနေတဲ့ နံရံဆေးရေး ပန်းချီတွေကို လိုက်ကြည့်နေပေမယ့် ပန်းချီ အကြောင်းလည်း ဘာမှ နားမလည်ပါ။ ဘုရားဘေးမှာတော့ ပန်းချီဆရာတွေ အများကြီး။ အဲဒီထဲက တဦးက သဲပန်းချီဆွဲနေပြီး ပုဂံဘုရားပုံတွေ၊ ရှုခင်းပုံတွေ အပြင် ဒေါ်အောင်ဆန်းစုကြည်ပုံ၊ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ NLD အလံပုံတွေကိုပါ ဆွဲထားတာ တွေ့ရပါတယ်။
အဲဒီက ပြန်အထွက်မှာတော့ ကားလမ်းတဖက်ခြမ်းရှိ မနုဟာဘုရားဆီ ဝင်ဖြစ်ပါတယ်။ ဒီဘုရားဟာ စစ်ရှုံးဘုရင်တပါးက စစ်အကျဉ်းသားဘဝမှာ တည်ထားတဲ့ ဘုရားဆိုတော့ သူပုန်စစ်သား ဖြစ်ခဲ့ဖူးတဲ့ ကျနော် စိတ်ဝင်စားမိတာ အမှန်။ ဂူထဲဝင်ကြည့်တော့ ဂူထဲကနေ ထိုးဖောက်ထွက်ဖို့ ကျိုးစားနေတယ်လို့ ယူဆရတဲ့ ဂူနဲ့မဆန့်အောင် ဖြစ်နေတဲ့ ထိုင်တော်မူ ဘုရားပုံကို တွေ့ရပါတယ်။ စစ်အကျဉ်းသား ဘဝကနေ လွတ်မြောက်ချင်နေတဲ့ စစ်ရှုံးဘုရင်ရဲ့ ဆန္ဒကို ပုံဖေါ်ထားတယ်လို့ ယူဆရပါတယ်။ ဒါ ၁၁ ရာစုက ထွန်းကားခဲ့တဲ့ ပုဂံခေတ်က သမိုင်းဆိုင်ရာ အချက်လက်တခုပေါ့။
ဒါပေမယ့် အခု ၂၁ ရာစု မြန်မာ့ စစ်သမိုင်းမှာလည်း ဒီလို ဖမ်းဆီးထောင်ချခံနေရတဲ့ စစ်ရှုံးသူတွေ ရှိနေဆဲဆိုရင် ကျနော်တို့ လက်ရှိမြန်မာနိုင်ငံတော်ဟာ လွန်ခဲ့တဲ့ နှစ် ၁၀၀၀၊ ပုဂံမင်းတွေခေတ်ကနဲ့ ဘာမှမကွာသေးဘူးလို့ ပြောရမလား။ သူနိုင်ကိုယ်နိုင် အပြတ်ရှင်းတဲ့ ၁၁ ရာစု ပုဂံခေတ် ယဉ်ကျေးမှုအစား ၂၁ ရာစုယဉ် ကျေးမှုဖြစ်တဲ့ အပြန်အလှန် အသိအမှတ်ပြု ဆွေးနွေးအဖြေရှာတဲ့ ယဉ်ကျေးမှုတရပ် မြန်မာနိုင်ငံမှာ အမှန်တကယ် ထွန်းကားလာပါစေလို့ ဆုတောင်းမိပါတယ်။
တချိန်တည်းမှာပဲ စစ်ရဲ့အကျိုးဆက်၊ သူနိုင်-ကိုယ်နိုင် အပြတ်ရှင်းရမယ်ဆိုတဲ့ ယဉ်ကျေးမှုရဲ့အကျိုး ဆက်ဖြစ်တဲ့ စစ်အကျဉ်းသားတွေ၊ စစ်ပြေးဒုက္ခသည်တွေ၊ နိုင်ငံရေးအကျဉ်းသားတွေ၊ နိုင်ငံရေးဒုက္ခသည်တွေ အားလုံး အမြန်ဆုံးလွတ် မြောက်ပါစေ။ စစ်ပွဲတွေ အမြန်ဆုံးရပ်စဲပါစေ။ တကွဲတပြားစီ ဖြစ်နေတဲ့ မိသားစုတွေ အားလုံး ငြိမ်းချမ်းစွာနဲ့ အမြန်ဆုံး ပြန်လည် ဆုံစည်းခွင့်ရပါစေလို့ မနုဟာဘုရား ရှေ့မှာ ကျနော် ဆုတောင်းနေမိပါတယ်။ ။