၁၉၈၈ ခုနှစ်က မြန်မာနိုင်ငံ၏ သမိုင်းတလျှောက်တွင် အကြီးကျယ်ဆုံးသော ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့သည်။ အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီးများ အုပ်စိုးသည့်နိုင်ငံတွင် နက္ခတ်ဗေဒင်ဆရာတို့က အချိန်အခါကောင်းဟု အကြံပြုခဲ့ကြသည့် ၈/၈/၈၈ (၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၈ရက်နေ့) ၌ ဆန္ဒပြပွဲများ တရားဝင် စတင်ခဲ့ခြင်းဖြစ်သော်လည်း မြန်မာ့နိုင်ငံရေး မီးတောင်ကြီး က လွန်ခဲ့သော တနှစ်ခန့်ကပင် ပေါက်ကွဲရန် မြည်သံပေးနေခဲ့ပြီးဖြစ်သည်။ သူတို့တွေမေ့လျော့ထားခဲ့သည့် နိုင်ငံတွင် အုံကြွမှုကြီးတခု ရုတ်တရက် ပေါ်ပေါက်မလာမီအချိန်အထိ ကမ္ဘာကလည်း အမှတ်တမဲ့သာ ရှိနေခဲ့သည်။ ထိုအချိန်က မြန်မာနိုင်ငံတွင် နိုင်ငံခြားသတင်းဌာနလည်း အလွန်နည်း၏။ သို့သော် နောက်ပိုင်းတွင် မြန်မာနိုင်ငံသတင်းများက သြဂုတ်လ ၁၇ ရက်နေ့တွင် စီ ၁၃၀ လေယာဉ်ကြီး မသင်္ကာဖွယ်ရာပျက်ကျပြီး ကွယ်လွန်သွားသည့် ပါကစ္စတန်နိုင်ငံသမ္မတ ဗိုလ်ချုပ်ကြီး မူဟာမက် ဇီယာအူးဟတ်၏ သတင်းကို ဖယ်ချပြီး ထိပ်တန်းသို့ တက်လာတော့သည်။
အောင်မြင်မှုမရခဲ့သည့် ၈ လေးလုံး အရေးတော်ပုံသည် ရက်သတ္တ ၆ ပတ်ခန့်ကြာမြင့်ခဲ့သည်။ နိုင်ငံခြားသား သူစိမ်းများကို ကြောက်တတ်သည့် ဗိုလ်ချုပ်ကြီးနေဝင်း၏ ကသောင်းကနင်းနိုင်ပြီး မှားယွင်းသော အုပ်ချုပ်ရေးစံနစ်ကြောင့် ပေါ်ပေါက်လာရခြင်းဖြစ်သည်။ ထိုနှစ်ကုန်ပိုင်းရောက်သည်အထိ အပြောင်းအလဲကို မျှော်လင့်မှုတွေ ရှိနေကြဆဲဖြစ်သည်။ ဟောကိန်းတခုက ဗိုလ်ချုပ်ကြီးနေဝင်း လုပ်ခဲ့သမျှ အမှားအယွင်းများကို ပြန်လည် ပြင်ဆင်ပြီးသည်အထိ အပြောင်းအလဲက ကြာမြင့်နိုင်မည်ဟု ဆိုသည်။ လွန်ခဲ့သော ၂၅ နှစ်ကို ပြန်ကြည့်မည်ဆိုလျှင် အဆိုပါ ဟောကိန်း သည် သွေးထွက်အောင်မှန်ခဲ့၏။ ရာစုနှစ်၏ လေးပုံတပုံ ကာလအတွင်းတွင် မြန်မာနိုင်ငံ၏ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေး လှုပ်ရှားမှု ကျဆုံးခဲ့ရခြင်းမှ လေ့လာမှတ် သားဖွယ်ရာ သင်ခန်းစာ များရနိုင်ခဲ့ပါသလား ဟုလည်း စဉ်းစားရန်ဖြစ်လာသည်။
အရွယ်အစားက အဓိက မဟုတ်ပါ
ကြီးမားသော အစောပိုင်း ဆန္ဒပြပွဲများက ရန်ကုန်တမြို့လုံးနီးပါးသို့ ပြန့်နှံ့ရွေ့လျားသွားသည်။ ထိုအချိန်က ရန်ကုန်မြို့ တွင် လူဦးရေ ၃ သန်း ကျော်ကျော် လောက်ရှိသည်။ မြန်မာနိုင်ငံသည် လူဦးရေ ထူထပ်များပြားသည့်နိုင်ငံ မဟုတ်သော်လည်း လူဦးရေ ၈ သိန်းမျှရှိသည့် မြန်မာနိုင်ငံ အထက်ပိုင်း၏ မြို့တော် မန္တလေး အပါအဝင် သေးငယ်သောမြို့များဆီမှာပါ အလားတူ ဖြစ်ခဲ့သည်။ ဆိုးရွားသည့် ဆက်သွယ်ရေးစနစ်နှင့် လမ်းပန်းဆက်သွယ်ရေး အခြေခံများ ရှိနေသည့် တိုင်အောင် ဆန္ဒပြပွဲများ၏ အရွယ်အစားက မှတ်တမ်းတင်လောက်သည်။ အဆိုးဝါးဆုံးနှင့် ထိခိုက်မှုအများဆုံး သွေးချောင်းစီး အကြမ်းဖက်မှုတွေထဲက တခုသည်လည်း လူနေကျဲပါးပြီး မြူခိုးတွေ လွှမ်းနေသော တောင်ကုန်းပေါ်က ဘုရားစေတီတွေကြောင့် လူသိများသည့် စစ်ကိုင်းမြို့က ရဲစခန်းကို ဝိုင်းပတ် ဆန္ဒပြရာတွင် ဖြစ်ပွားခဲ့ရသည်။
သြဂုတ်လ ဒုတိယလဝက်နှင့် စက်တင်ဘာလ ပထမလဝက်တို့တွင် ရန်ကုန်မြို့၌ ကြီးမားပြီး စုစုစည်းစည်းရှိသည့် ဆန္ဒပြပွဲများကို နေ့စဉ်လို ဆက်လက်မြင်တွေ့နေခဲ့ရသည်။ တက္ကသိုလ်ကျောင်းသားများ၊ အလုပ်သမားများ၊ မြို့ပြ ဝန်ထမ်းများ၊ သူနာပြုများ၊ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ လျှို့ဝှက်ရဲအဖွဲ့ဝင်များနှင့် မြန်မာ့လေတပ်မှ တပ်သားများသည် တူညီသော နဖူးစည်းစာတန်း တခုနောက်တွင် စုစည်းမိကြပြီး လမ်းမများပေါ်တွင် ချီတက်ရင်း ကောင်းမွန် မျှတသော အုပ်ချုပ်ရေးစံနစ်ကို အော်ဟစ်တောင်းဆိုခဲ့ကြသည်။ ဆယ်စုနှစ်ပေါင်းများစွာ အကျိုးမဲ့ လှောင်ပိတ်ခံထားရ ပြီးနောက် ထိုဆန္ဒပြပွဲများသည် အစပိုင်းတွင် မိမိတို့ခံစားခဲ့ရသမျှကို ရင်ဖွင့်ခဲ့ကြခြင်းသာ ဖြစ်သော်လည်း နောက်ပိုင်းတွင် တန်ဖိုးလျော့ကျစေသည့် အဖြစ်တွေ ရှိလာသည်။ ဆူပူအောင် တမင်လိုက်ပြီးလှုံ့ဆော်သူတွေ၏ လက်ရာဖြစ်နိုင်ဖွယ်ရှိ သော အိမ်ခြေရာခြေမဲ့ ၅၀ ခန့် ခေါင်းဖြတ်သတ်ခံရမှု အပါအဝင် အကြမ်းဖက်မှုအချို့ ပေါ်ပေါက်လာခဲ့သည်။ အုပ်ချုပ်ရေး ပျောက်ကွယ်နေသည့် ကာလတွင် အိမ် နှင့် အဆောက်အဦများကို ဖောက်ထွင်းခိုးယူမှုတွေလည်း ဖြစ်လာသည်။ မြောက်များစွာသော လူထုကြီးက ငြိမ်းချမ်းစွာ စုဝေးပြီး အဓိပ္ပါယ်ပြည့်ဝသော ပြောင်းလဲမှုကို တောင်းဆိုခြင်းများသည် ဤသို့ သောလုပ်ရပ်များကို အကြောင်းပြု၍ ညှိုးမှိန်သွားနိုင်သော်လည်း သူတို့ အဆိုပါဖြစ်ရပ်များ ကျူးလွန်ခဲ့သည်မှာ မယုံကြည်နိုင်စရာပင်ဖြစ်သည်။
မပြတ်သားသော ဝမ်းနည်းဖွယ်ဖြစ်ရပ်
ထိုအချိန်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးက အသက်ငင်နေပြီဖြစ်သည်။ အလုပ်လက်မဲ့ ပြဿနာက ကျယ်ကျယ်ပြန့်ပြန့် ရှိနေပြီး ပညာရေးကလည်း ကျဆင်းနေသည်။ လောင်စာဆီမှအစ စားစရာဆန်အဆုံး အားလုံးပြတ်လပ်နေသည်။ ထုတ်ကုန်ပစ္စည်းများ ဖြစ်သော အိမ်သုံးဆေးနှင့် ကော်ဖီကအစ မှောင်ခိုဈေးကွက်မှာသာ ရနိုင်သည်။ အရှေ့တောင် အာရှ၏ သဘာဝအရင်းအမြစ် အကြွယ်ဝဆုံး နိုင်ငံတွင် လူမှုရေး၊ စီးပွားရေးတွေက ကမောက်ကမ ဖြစ်နေသည်။ ယင်း အခြေအနေတို့က ကမ္ဘာ့ကုလသမဂ္ဂထံမှ အထောက်အပံ့ ရရှိနိုင်ရန် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံအဆင့်ကို လျှောက်ထား တောင်းခံဖို့ အတင်းအကြပ် တွန်းပို့ပေးခဲ့သည်။ မြန် မာနိုင်ငံ အရေးတွင် နယ်စပ်ဒေသများမှနေ၍ ရန်ကုန်ရှိ ဗဟိုအစိုးရ၏ ထိန်းချုပ်မှုကို ငြင်းဆန်တော်လှန်နေကြသည့် တဒါဇင် မကသော လူနည်းစု တိုင်းရင်းသားလက်နက်ကိုင် များကြောင့်လည်း အခြေအနေကို ပိုမိုရှုပ်ထွေးစေခဲ့သည်။
ဗိုလ်ချုပ်ကြီးနေဝင်း၏ ကျေးဇူးကြောင့် စစ်တပ်တွင်လည်း ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ စိတ်ပျက်စရာ နောက်ကြောင်းမှတ်တမ်း ရှိနေသည်။ စစ်တပ်သည် စီမံအုပ်ချုပ်မှုကျွမ်းကျင်သူများနှင့် ပညာတတ်များကို အထင်အမြင်သေးကြောင်း ပြသခဲ့ကြသည်။ ထိုအချိန်အတောအတွင်းတွင် အတိုက်အခံကလည်း ပီပီပြင်ပြင် ပေါ်ထွက်လာခဲ့ခြင်းမရှိသလို အစိုးရတခု ဖွဲ့စည်းရန်လည်း လုံလောက်သောအတွေ့အကြုံ လုံး၀ မရှိခဲ့ပေ။ ဤအဖြစ်အပျက်တွင် စစ်တပ်က ကြမ်းတမ်းစွာ တုန့်ပြန် ခဲ့ပြီး စက်တင်ဘာလ ၁၈ ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ကို ဖွဲ့စည်းခဲ့သော ဗိုလ်ချုပ်ကြီး စောမောင်က ပူပူနွေးနွေး ပဋိပက္ခ အလွန်ကာလကို များစွာ အားထုတ်ခြင်းမရှိဘဲ ကိုင်တွယ်သွားခဲ့သည်။ စစ်တပ်က အာဏာကို ရှင်းရှင်းလင်းလင်းပင် ပြန်လည်ရယူသွားပြီး ပြည်တွင်းပြည်ပမှ ပြောဆို ဝေဖန်မှုများကိုလည်း ထပ်မံ၍ လျစ်လျူရှုလိုက်သည့် အပြင် သူတို့ကိုယ်တိုင်က လွဲ၍ အားလုံးကို အပြစ်ဆိုခဲ့၏။
အတိုက်အခံများ မညီညွတ်ခြင်း
၈ လေးလုံး အရေးတော်ပုံနေ့ရက်များတွင် “သားသတ်သမား” ဟု လူသိများသည့် ဦးစိန်လွင်ကို ဖြုတ်ချနိုင်ခဲ့ကြသည်။ သူ့ကို ဇူလိုင်လနှောင်းပိုင်းတွင် ဗိုလ်ချုပ်ကြီးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အကြီးအကဲအဖြစ် အစားထိုး ရွေးချယ်ခဲ့ပြီး နိုင်ငံတော် သမ္မတလည်းဖြစ်လာသည်။ ဗိုလ်မှူးချုပ် စိန်လွင်၏ နောက်တွင် ပြေရာပြေကြောင်းပြလိုသည့် အသွင်ရှိသော ဒေါက်တာမောင်မောင် သမ္မတဖြစ်လာခဲ့သည်။ ဥပဒေပညာရှင်တယောက်ဖြစ်သော ဒေါက်တာ မောင်မောင်သည် ဗိုလ်ချုပ်ကြီးနေဝင်းကို အလွန်အမင်း ချီးမြှောက်ထားသည့် အတ္ထုပ္ပတ္တိစာအုပ်ကို ရေးသားခဲ့သူလည်း ဖြစ်သည်။
ဗိုလ်ချုပ်ကြီးနေဝင်း အုပ်စုက အချိန်ရဖို့ ရည်ရွယ်ချက်ဖြင့် လူထုကိုနစ်မျောသွားစေရန် ဇာတ်လမ်းဆင်ခြင်းဟု အများက ယူဆခဲ့သော်လည်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပရေး အကြောင်းတွေ ဒေါက်တာမောင်မောင် ပြောခဲ့သည်။ ဗိုလ်ချုပ်ကြီးနေဝင်း ရာထူးမှ အတိအလင်း နှုတ်ထွက်ချိန်ကလည်း ဒီလိုပင် ပြော ခဲ့သည်။ ဒေါက်တာမောင်မောင်က စစ်အုပ်ချုပ်ရေးဥပဒေကို ဖယ်ရှားပေးလိုက်သည့်အတွက် ဆန္ဒပြပွဲများ ဆက်လက် ဖြစ်ပေါ်နေစဉ်တွင် အခွင့်အရေးတခုကို တလခန့် ရခဲ့သည်။ ကြားဖြတ်အစိုးရ ဖွဲ့စည်းနိုင်ရန်အတွက် စကားတွေအများကြီး ပြောခဲ့ကြသော်လည်း အများက ယုံကြည်လက်ခံသော၊ ညီညွတ်သော အတိုက်အခံအဖွဲ့တခု ပေါ်မလာနိုင်ခဲ့ပေ။ စက် တင်ဘာ လဆန်းပိုင်းတွင် ဒေါက်တာမောင်မောင် နှုတ်ထွက်ပေးရန် တောင်းဆိုလာကြသည်။ ခေတ်သစ် မြန်မာသမိုင်း အစဉ်အလာနှင့် ဗုဒ္ဓဘာသာ သံဃာများပါမကျန်သော အဖွဲ့အစည်းများ အပေါ် ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရ၏ ဖိနှိပ် ကန့်သတ်ခဲ့မှုကြောင့်လည်း အခြားရွေးချယ်စရာ အလားအလာကောင်းသည့် အတိုက်အခံပေါ်ပေါက်လာရေးကို မျှော် လင့်ရုံသာ မျှော်လင့်နိုင်ခဲ့သည်။
မြန်မာ့ဒီမိုကရေစီအရေး၏ ပြယုဂ်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည်လည်း ထိုအချိန်က နိုင်ငံရေးတွင် လူသစ် တဦးသာ ဖြစ်ပြီး သြဂုတ်လအတွင်း အရေးအခင်း အရှိန်အဟုန်ရနေချိန်တွင်မှ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ နိုင်ငံရေး ဖြစ်စဉ်ထဲသို့ စတင်ဝင်ရောက်လာချိန်၌ ဖခင်ဖြစ်သူ၏ ကြီးမားသော အရှိန်အဝါမှအပ သူ့တွင် နိုင်ငံရေး အတွေ့အကြုံနှင့် ကျောထောက်နောက်ခံမရှိပေ။ သူ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အာဏာသိမ်းယူလိုက်ပြီး နောက်ပိုင်းကျမှ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်ကြီးနေဝင်း ထံသို့ အိတ်ဖွင့်ပေးစာမျိုး ရေးသားပေးပို့ပြီး လူထုကို လှုပ်ရှားအောင်လုပ်ခဲ့သည့် ဗိုလ်မှူးချုပ်အောင်ကြီးက NLD ပါတီ၏ ပထမဆုံး ဥက္ကဌဖြစ်လာသည်။ သို့သော်လည်း သူက မကြာမီမှာပင် ကိုယ်ပိုင်ပါတီထူထောင်၍ ခွဲထွက်သွားသည်။
အလုပ်သမားများသည် အထွေထွေသပိတ်ကြီးတခုဆင်နွဲရန် လုံလောက်သော သိနားလည်မှု ရှိသော်လည်း ထိုအခြေအနေကို ကျော်လွန်သွားသည့်အခါ ဖြစ်ပေါ်လာသည့် ကိစ္စများကို ကိုင်တွယ်နိုင်ခြင်း မရှိကြပါ။ ကျောင်းသားများသည် အမာခံ လှုံ့ဆော်ရေးသမား၊ စည်းရုံးရေးသမားများဖြစ်ပြီး မင်းကိုနိုင် ကဲ့သို့ အရှိန်အဝါရှိသည့် ခေါင်းဆောင်များလည်း ရှိနေသည် မှန်သော်လည်း အကျပ်အတည်းကို ကျော်လွှားပြီး နောက်တဆင့်သို့ တက်လှမ်းနိုင်ရေးအတွက် သင့်တော်သော ပုံစံ သို့မဟုတ် လှုပ်ရှားမှု ကို ရှာဖွေနိုင်ခဲ့ခြင်း မရှိပါ။
ဖြစ်စဉ်တွင် ပါဝင်ခဲ့သူအားလုံးက အတိုက်အခံများ အစိတ်အမွှာမွှာ ဖြစ်နေခြင်း၏ အန္တရာယ်ကြီးမားမှုကို သေသေချာချာ သတိပြုမိခဲ့ကြသော်လည်း အခြေအနေ တခုခုတွင် အားလုံး လိုက်လျောညီထွေ ချိတ်ဆက်ပြီး ကြီးမားသည့် အင်အားစု တရပ်ကို ဖန်တီးနိုင်ခွင့် ဆုံးရှုံးခဲ့ရသည်။ ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်း၏ အာဏာသိမ်းယူခြင်းခံခဲ့ရသော ဝန်ကြီးချုပ်ဟောင်း ဦးနုက နည်းလမ်းတခုကို စဉ်းစားမိပြီးနောက် သူ၏ အစိုးရအဖွဲ့ဟောင်းမှ လက်ကျန်လူများကို ပြန်လည် စုစည်းကာ သူသည် မြန်မာနိုင်ငံ၏ ဥပဒေအရ ရွေးကောက်တင်မြှောက်ထားသော ဝန်ကြီးချုပ်အဖြစ် တရားဝင် ရှိနေဆဲ ဖြစ်သည်ဟု စက်တင်ဘာလဆန်း၌ ကြေညာလိုက်သည်။ ထိုလုပ်ရပ်က အလုပ်သမားနှင့် ကျောင်းသားအချို့ကြားတွင်သာ သူ့ကိုရေပန်းစားစေခဲ့သော်လည်း စစ်တပ်ကို သတိပေးလိုက်သလို ဖြစ်သွားပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်မှူးချုပ် အောင်ကြီးနှင့် ဗိုလ်ချုပ်ကြီးတင်ဦး အပါအဝင် အခြားအတိုက်အခံများကို အငိုက်မိသွားစေခဲ့သည်။ အမှန်အားဖြင့် ထိုအချိန်က ဗိုလ်ချုပ်ကြီးတင်ဦးသည် ဦးနု၏ ပါတီတွင်သာရှိနေသေးသည်။
သူ ယုံကြည်ကိုးကွယ်ရာ ဗုဒ္ဓဘာသာနှင့် နိုင်ငံရေးကို အမြဲလို ရောထွေးထားတတ်သည့် ဦးနုသည် စစ်တပ်၏ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ပေါ်ပေါက်လာပြီးနောက် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် အလွန်ထိတ်လန့် တုန်လှုပ်ခဲ့ရ၏။ နောက်ပိုင်းကျမှ သူ၏ စိတ်မြန်လက်မြန်နှင့် လုပ်ခဲ့မိကြောင်း ဦးနုက ဝန်ခံခဲ့သည်။ သို့သော်လည်း သူ တကယ်လုပ်ခဲ့မိသော အမှားမှာ မှန်ကန်သည့် အရာတခုကို မှားယွင်းသည့် နည်းလမ်းဖြင့် လုပ်ခဲ့မိခြင်း ဖြစ်နိုင်ပါသည်။ သူ၏ အစိုးရအဖွဲ့ဝင်ဟောင်းအများစုမှာ ကာလကြာမြင့်စွာကပင် သေဆုံးခဲ့ကြပြီဖြစ်ပြီး ဝိဉာဉ်များသာ တက်ရောက်နိုင် ကြမည် ဖြစ်သော်လည်း ဦးနုက သူ့အိမ်မှ အခန်းတခန်းတွင် အစိုးအဖွဲ့ကို ပြန်လည် အသက်သွင်းဖို့ ဆက်လက် ကြိုးစား နေခဲ့သည်။
စက်တင်ဘာလ နှောင်းပိုင်းတွင် စစ်အစိုးရက သူတို့၏ လုပ်ရပ်များထဲတွင် ရှားရှားပါးပါး ဂုဏ်ယူစရာတခုဖြစ်သော အဖွဲ့ဝင် ငါးဦးပါဝင်သည့် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲကျင်းပရေးကော်မရှင်ကို ဒေါက်တာမောင်မောင်၏ အကူအညီဖြင့် ဖွဲ့ စည်းလိုက်သည်။ နောက်ပိုင်းလများ အတွင်းတွင် ပါတီ ၄၀၀ ကျော်လာရောက်မှတ်ပုံတင်ခဲ့ကြသည်။ ဤမျှ များပြား သော အရေအတွက်သည် NlD ပါတီနှင့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို အမည်ပြောင်းလဲလိုက်သော တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ (NUP) တို့သာ အဓိက ယှဉ်ပြိုင်ကြရသည့် ရွေးကောက်ပွဲတွင် တဒါဇင်ခန့်သာ ပါဝင်ယှဉ်ပြိုင်နိုင်သည် အထိလျော့ကျသွားခဲ့သည်။ ရွေးကောက်ပွဲကာလတွင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက နေအိမ်အကျယ်ချုပ်ချ ထားလိုက်သည့် အတွက် NLD ပါတီကို စစ်တပ်မှထုတ်ပယ်ခံခဲ့ရသည့် ဗိုလ်မှူးကြီးဟောင်း ဦးကြည်မောင်က ဦးဆောင်၍ ယှဉ်ပြိုင်ခဲ့ရသော်လည်း ကွဲပြားမှုပြဿနာများကို ထိထိရောက်ရောက် ဖြေရှင်းနိုင်ခဲ့သောကြောင့် ၁၉၉၀ ခုနှစ် မေလ ရွေး ကောက်ပွဲတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီကို မဲအပြတ်အသတ်ဖြင့် အနိုင်ယူနိုင်ခဲ့သည်။
ထို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ၏ ရလဒ်ကို နောက်ပိုင်းတွင် စစ်တပ်က မျက်ကွယ်ပြုခဲ့သည်။ ဗိုလ်ချုပ်ကြီးများက ပြည်သူလူထု၏ လိုအင်ခံစားမှုနှင့် မကိုက်ညီသည်များကို ဆက်လက်လုပ်ဆောင်တော့မည် ဟု မျှော်လင့်ချက်ကင်းမဲ့သွားရခြင်းအတွက် ရှင်းလင်းသော သာဓက ဖြစ်သည်။ ပြတ်သားတည်ငြိမ်သော ရည်မှန်းချက်၏ တန်ဖိုးကို လိုတာထက်ပိုပြီး သိလိုက်ကြရသည်။ ၁၉၉၀တွင် ပြည်သူလူထုသည် စွမ်းရည်ပြည့်စုံသော အစိုးရတခုရရှိ ရေးက အရေးအကြီးဆုံး အချက်ဖြစ်ပြီး ကျန်သည့် အရာများကို ၎င်းနောက်မှ လိုက်ရမည်ဖြစ်သည်ကို သိရှိလာခဲ့ကြ သည်။
ဒီမိုကရေစီသည် အချက်ပြမှု
ဒီမိုကရေစီ စနစ်က ပို၍ကောင်းသော အစိုးရများကို ထုတ်လုပ်ပေးသည်ဟု အနောက်နိုင်ငံများနှင့် ၎င်းတို့၏ မီဒီယာများက ဝါဒဖြန့်လေ့ရှိကြသည်။ မကြာသေးသော ဆယ်စုနှစ်များ အတွင်း သြစတေးလျ၊ ကမ္ဘောဒီးယား၊ အီဂျစ်၊ ဂရိ၊ အီရန်၊ အီတလီ၊ ထိုင်း၊ ဗြိတိန်၊ အမေရိကန်ပြည်ထောင်စု၊ သို့မဟုတ် ဗင်နီဇွဲလား စသည့် နိုင်ငံများတွင် ကျင်းပခဲ့သော လွတ်လပ် မျှတသည့် ရွေးကောက်ပွဲများ သည် ပြည့်စုံကောင်းမွန်သော အစိုးရများကို မွေးထုတ်ပေးနိုင်ခြင်း ရှိမရှိ လေ့လာကြည့်ရန် လိုအပ်လာသည်။ ရွေးကောက်ပွဲများသည် အလွန် အရေးပါသည် ဆိုခြင်းကတော့ အမှန်ဖြစ်သည်။ ဒီမိုကရေစီ၏ အကြီးဆုံး လက်ဆောင်မှာ ပို၍ကောင်းသော အစိုးရတခုကို ရွေးကောက်ပေးနိုင်မည်ဟု အာမခံချက် မပေးခြင်းဖြစ်သည်။ ဒီမိုကရေစီက မဲဆန္ဒရှင်များကို မကောင်းသောလူတယောက်အား ငြိမ်းချမ်းသော နည်းလမ်းဖြင့် စနစ်တကျ ဖယ်ထုတ်နိုင်ရန် အခွင့်အာဏာပေးခြင်းသာဖြစ်သည်။ သို့သော်လည်း အခြေအနေတခုတွင် မကောင်းသည့် အစိုးရတရပ်က သိက္ခာရှိစွာ ဖြင့် မိမိ၏ ရာထူးနှုတ်ထွက်ပေးခြင်း မရှိသည့် အဖြစ်မျိုးလည်း ကြုံလာရနိုင်သည်။ ဤနေရာတွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (စစ်အစိုးရ)က ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရန်ငြင်းဆန်ခဲ့ခြင်းသည် အကောင်းဆုံး ဥပမာဖြစ်သည်။
လူပေါင်းများစွာအတွက် တိကျစွာဆိုရလျှင် လက်ရှိအချိန်တွင် အရှေ့အလယ်ပိုင်းဒေသမှ ပြည်သူများအတွက် သွေးထွက် သံယိုမဖြစ်ဘဲ နိုင်ငံရေး အပြောင်းအလဲဖြစ်ပေါ်လာရေးသည် ရနိုင်ခဲသော အရာတခုဖြစ်နေသည်။ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ဝင် ၁၀ နိုင်ငံအတွင်းမှာပင် (ထိုအချက်ကို ထိုင်းနှင့် ဖိလစ်ပိုင်တို့က ပြင်းပြင်းထန်ထန် ငြင်းဆန်ဖွယ်ရှိသော် လည်း) အင်အားကြီးသည့် ဒီမိုကရေစီ အတိုက်အခံကို နေရာပေးခြင်းမျိုး မတွေ့ရှိရပေ။ နေပြည်တော်ရှိ မြန်မာ လွှတ်တော် တွင် စစ်တပ်မှကိုယ်စားလှယ်များပါဝင်နေသည့် အတွက် ဒီမိုကရေစီ၏ အသွင်သဏ္ဍန်မှ လမ်းကွဲထွက်နေသည်ကို လူတိုင်း မှန်ကန်စွာ ထောက်ပြနိုင်ကြသည်။ သို့သော်လည်း NLD ပါတီက အတိုက်အခံ အင်အားစုအဖြစ် ဥပဒေနှင့် ညီညွတ်သော နည်းလမ်းဖြင့် ပါဝင်နေနိုင်ခြင်းသည် ကြမ်းတမ်းခက်ခဲမည့်ခရီးလမ်းအတွက် အဓိကကျသော ပထမဆုံးခြေလှမ်းတခု ဖြစ် ပါသည်။ NLD ပါဝင်နေခြင်းသည် လွှတ်တော်ကို မိမိဖာသာ ပြန်လည် တည်ဆောက်ခြင်းအားဖြင့် သန့်စင်စေနိုင်သည်။ အယူအဆ ကွဲပြားခြားနားခြင်းမှနေ၍ အလုပ်ဖြစ်သော နိုင်ငံရေးပါဝင်မှု ဆီသို့ NLD သွားရမည့် ခရီးလမ်းတွင် ရင်ဆိုင် ရမည့် အကျပ်အတည်းတခုမှာ ပြင်ပမှ ပုဂ္ဂိုလ်များ၏ အလွန်စိုးရိမ်ကြီးသော ဝေဖန်ပြောဆိုမှုဖြစ်သည်။ ပြင်းထန်သော ကန့် ကွက်မှု မဟုတ်ပါ။
ဗိုလ်ချုပ်ကြီး နေဝင်းကိုလည်း ဆက်လက်ပြီး အပြစ်ဆိုရန် မဖြစ်နိုင်တော့ပေ။ ယနေ့ အချိန်တွင် လွန်ခဲ့သော ဆယ်စုနှစ် ငါးခုအတွင်းကာလနှင့် ပြန်လည် နှိုင်းယှဉ်ကြည့်လျှင် ဒီမိုကရေစီအဆန်ဆုံးသော အစိုးရကို ရရှိထားသည်ဟု ဆိုနိုင်ပါ သည်။ မရရှိခဲ့ခြင်းများအတွက် ပူဆွေးတမ်းတမှုကို တိုင်းတာပြသနိုင်သည့် ကရိယာမရှိပါ။ ၈ လေးလုံးမှ ရရှိနိုင်သော အကြီးမားဆုံး သင်ခန်းစာမှာ အလွယ်တကူရရှိနိုင်ခဲ့သော စိတ်ပိုင်းဆိုင်ရာ တက်ကြွမြင့်မားမှုသည် ရေရှည်တွင် တိုးတက် မှုကို မရရှိနိုင်ဟုသာ ဆိုရပေလိမ့်မည်။
(ဒေါမနစ်ဖောလ်ဒါသည် မြန်မာပြည်အကြောင်း ၁၉၈၁ခုနှစ်ကတည်းက သတင်းရေးသားနေသော ထိုင်းနိုင်ငံအခြေစိုက် ဗြိတိသျှသတင်းစာဆရာဖြစ်သည်။ ထိုင်းနိုင်ငံ ဘန်ကောက်ရှိ နိုင်ငံခြားသတင်းထောက်များကလပ် ဥက္ကဌဟောင်းလည်းဖြစ်ပြီး ၂၀၀၁ ခုနှစ်တွင် ပိတ်သိမ်းခဲ့သည့် ဟောင်ကောင်အခြေစိုက် အေးရှားဝိခ်မဂ္ဂဇင်း၏ အထူးသတင်းထောက်လည်း ဖြစ်ခဲ့သည်။)
(Dominic Faulder ၏ Lessons of ‘ 88 ကို နိုင်မင်းသွင် ဘာသာပြန်သည်။)