ပုဂံခရီးစဉ် အပြီးမှာတော့ ဗီဇာကလည်း ကုန်ဖို့ ၂ ရက်သာ ကျန်တော့တဲ့အတွက် ရန်ကုန်ကို အမြန် ပြန်ဆင်းလာရပါတယ်။ ပုဂံ-ရန်ကုန် ကားပေါ်မှာ ရန်ကုန်-နေပြည်တော် ကားထက် နိုင်ငံခြားသား ပိုများတာတွေ့ရပြီး ခရီးသည် ၃ ပုံ ၂ ပုံ လောက်က နိုင်ငံခြားသားတွေ ဖြစ်ပါတယ်။ ကားကလည်း ကောင်း၊ ကားဆရာတွေကလည်း ကျွမ်းတဲ့အတွက် ဒီ်ခရီးစဉ်က စိတ်ချရလောက်တယ်လို့ ထင်မိပါတယ်။ ဒါပေမယ့် တနေ့ည (မေလ ၂၅ ညက) ကမှ ဒီအဝေးပြေး ကွန်ကရစ် လမ်းမသစ်ကြီးပေါ်မှာ ကားထပ်မှောက်လို့ နိုင်ငံခြားသားတွေ အပါအဝင် လူ ၁၂ ဦး သေဆုံးထားတဲ့ သတင်းက လတ်လတ်ဆတ်ဆတ်ကြီး ဖြစ်နေတော့ စိုးရိမ်စိတ်ကို ဘယ်လိုမှ လျှော့ချလို့မရ။ ပုဂံကနေ ရန်ကုန်မြို့ဝင်တဲ့အထိ ကောင်းကောင်း အိပ်လို့ မပျော်ခဲ့ပါ။
အစစအရာရာ အဆင်ပြေပါတယ်လို့ ချီးမွမ်းခန်းဖွင့်ခံနေရတဲ့ ပုဂံ-ရန်ကုန် အထူးဘတ်စကားဟာ ရန်ကုန်မြို့ ဝင်ခါနီး ခရေပင်လမ်းခွဲနား ရောက်မှ မြန်မာဇာတိပြပါတော့တယ်။ မနက် ၅ နာရီဝန်းကျင် မှောင်မဲနေဆဲမှာ ကားကို ရပ်လိုက်ပြီး “အောင်မင်္ဂလာအထိ သွားရင် လူသိပ်ရှုပ်တယ်၊ ဒီမှာဆင်းတာ ကောင်းတယ်၊ ရန်ကုန်မြို့ထဲအထိ ၄၀၀၀ ပဲ ယူပါတယ်” လို့ ကားပေါ်တက်လာတဲ့ တက္ကစီသမားတွေက အော်ပြောပါတယ်။ ကားကို ဒီမှာရပ်ပြီး ဒီလိုလုပ်မယ် ဆိုတာကို စပယ်ယာက ဘာမှကြိုတင်ရှင်း ပြထားခြင်းမရှိပါ။ အခု တက္ကစီသမားတွေ ကားပေါ်ရောက်ပြီး ဖောက်သည် ခေါ်နေတဲ့အထိ စပယ်ယာက ဘာမှဝင်မပြောသေး။ မြန်မာတွေက တက္ကစီသမားတွေ ခေါ်တာကို နားလည် နိုင်ပေမယ့် နိုင်ငံခြားသားတွေက မနက်စောစောစီးစီး ဘာတွေဖြစ်နေလဲဆိုတဲ့ နားမလည်နိုင်တဲ့ အကြည့်တွေနဲ့။
မြန်မာအများစုက သဘောပေါက်ပြီး ဒီမှာ ဆင်းလိုက်ကြပေမယ့် နိုင်ငံခြားသားတွေကတော့ မဆင်းပါ။ ဂိတ်ဆုံးအထိ ဆက်လိုက်သွားကြမယ့်ပုံပါပဲ။ စပယ်ယာကို ကိုယ်တိုင်သွားမေးတော့ ဒီမှာဆင်းတာ ပိုကောင်း တယ်ဆိုတာနဲ့ ကျနော်လည်း ဆင်းပြီး နီးတဲ့ တက္ကစီတစီးပေါ် တက်လိုက်ပါတယ်။ တကယ်တော့ ၄၀၀၀ ဆိုတာ တဦးချင်းစီ အတွက်သာ ဖြစ်ပြီး လူ ၂ ဦးအတွက် ၈၀၀၀ ယူလိုက်ပါတယ်။ ပထမတဦးကို ဗဟန်းဘက်မှာချပြီး ကျနော့်ကိုတော့ အလုံအထိ လိုက်ပို့ပေးပါတယ်။ ဒါလည်း မြန်မာနိုင်ငံရဲ့ ထူးခြားချက်ပါပဲ။ နေရပ်မတူတဲ့ ခရီးသည်နှစ်ဦးကို တက္ကစီ တစီးတည်းနဲ့ တင်ပြီး တယောက် ၄၀၀၀ စီယူတဲ့ စနစ်ပေါ့။
ရန်ကုန်ကို ရောက်ရောက်ချင်း ပထမဆုံး ကျနော်သွားတဲ့နေရာက ပန်းဆိုးတန်းလမ်းရှိ ပြည်ဝင်ခွင့်နဲ့ နေထိုင်ခွင့်ဌာန။ ဆိုင်းဘုတ်တင်ထားတဲ့အတိုင်း အတိအကျပြောရမယ်ဆိုရင် “လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားပြုဌာနခွဲ၊ ပြည်ဝင်၊ ပြည်ပြန်ဝင်နှင့် နေခွင့်ဌာန” ဆီကိုဖြစ်ပါတယ်။ နေပြည်တော်က ရုံးတွေမှာ အစောင့်တွေ များလှပေမယ့် ရန်ကုန်က ဒီရုံးမှာတော့ ဘာအစောင့်မှမရှိ။ အထဲ ဝင်သွားတော့ Reception ကောင်တာလည်း မရှိပါ။ အမျိုးသမီးအများစု ပါဝင်တဲ့ အဖြူ အစိမ်းလို ယူနီဖောင်းတွေ ဝတ်ထားတဲ့လူတွေက စားပွဲတွေမှာထိုင်ပြီး ဖိုင်လှန်သူလှန်။ စကားပြောသူပြောနဲ့ ကျနော်ဝင်လာတာကို ဘယ်သူကမှ အဖက်မလုပ်ပါ။
အနီးဆုံးစားပွဲက အမျိုးသမီးကြီး တဦးရှေ့က ခုံမှာထိုင်ပြီး ဆိုရှယ်ဗီဇာ သက်တမ်းတိုးချင်ကြောင်းပြောတော့ ဘယ်မှာနေလဲ၊ ဘယ်လောက် တိုးချင်တာလဲ စသဖြင့် မေးပါတယ်။ ပြီးတော့ ကိုယ်နေတဲ့မြို့နယ် လဝကမှာ အရင်တင်ပြဖို့ လိုတယ်။ အဲဒီမြို့နယ် လဝက က စာရပြီးမှ ဒီရုံးကိုလာပါ။ ဒါဟာ ဗဟိုရုံး ဖြစ်တယ်လို့ အရင်ခေတ် လက်ကျန် စာရေးမ မျက်နှာထားနဲ့ ကျနော့်ကို ပြောလိုက်ပါတယ်။ အဲဒါမှ ဒုက္ခ။ ဗီဇာက မနက်ဖြန် ကုန်တော့မယ့်ဟာကို။ သူအကြံပေးတဲ့အတိုင်း ဟိုရုံး-ဒီရုံးသွားနေရရင် အချိန်တွေ ကျော်ကုန်တော့မှာပေါ့။
“အိုဗာစတေး Over Stay နေလို့ရ တယ်မို့လား။ တရက် ၃ ဒေါ်လာ ပေးလိုက်ရင် အားလုံး အိုကေတယ်လို့ ကျနော် ကြားဖူးပါတယ်” လို့ နည်းနည်း အထွန့်တက်လိုက်တော့ ဝန်ထမ်းအမျိုးသမီးက မျက်မှောင်ကုပ် ကြည့်ပြီး “အဲဒါဆိုရင် ဟိုဖက်စားပွဲမှာ သွားပြော” လို့ နောက်စားပွဲတလုံးဆီ လက်ညိုး ညွှန်လိုက်ပါတယ်။ စားပွဲအားလုံးရှိ ဝန်ထမ်းတိုင်း လိုလိုကတော့ မျက်နှာထား တပုံစံတည်းပါပဲ။ ဘယ်လိုပြောရမလဲ။ ပုဂံ-ရန်ကုန် အဝေးပြေးကားပေါ်က စပယ်ယာမလေးရဲ့ မျက်နှာထားနဲ့ တခြားစီဖြစ်နေတယ်လို့ အလွယ်ပြောနိုင်မယ် ထင်ပါတယ်။ ပုဂ္ဂလိက ကုမ္ပဏီ ဝန်ထမ်းနဲ့ အစိုးရဝန်ထမ်းဆိုတော့ ဒီလောက်တော့ ကွာမှာပေါ့လေ။
ဒါပေမယ့် အဲဒီစားပွဲရှိ ဝန်ထမ်းအမျိုးသမီးက ကျနော်တောင် ဘာမှမပြောရသေးခင် “ဟုတ်တယ်။ Over Stay နေပြီး တရက် ၃ ဒေါ်လာနှုန်းနဲ့သာ လေယာဉ်ကွင်း လဝက မှာပေးလိုက်။ အဲဒါအကောင်းဆုံးနည်းပဲ” လို့ ပြောချလိုက်တော့ ကျနော် အတော် အံ့သြသွားပါတယ်။ သူတို့ကိုယ်တိုင် ဒီလိုပြောမှတော့ အိုဗာစတေးနဲ့ နေလို့ရတာ သေချာသွားပြီပေါ့။
အဲဒါသေချာပြီ ဆိုတာနဲ့ သီတင်းတပတ် ထပ်နေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ပြီးတော့ ဘန်ကောက်-ရန်ကုန် အသွား အပြန် ဝယ်ထားတဲ့ လေယာဉ်လက်မှတ်ကို သီတင်းတပတ် ထပ်တိုးဖို့ သွားပြောရပါတယ်။ ကျနော် ဝယ်ထားတဲ့ လက်မှတ်က ရက် ၃၀ အတွင်း ဈေးချထားတဲ့လက်မှတ်တဲ့။ ရက်ထပ်တိုးလို့ မရ။ တိုးမယ် ဆိုရင် ဒေါ်လာ ၁၀၀ ထပ်ဆောင်း ပေးရမယ်လို့ ဆိုပါတယ်။ ဘာမှမတတ်နိုင်။
နောက်တနေ့ မနက်မှာတော့ ရန်ကုန် ရောက်နေတုန်း ဆယ်တန်းအောင်လက်မှတ် ယူသွားဦးမှဆိုပြီး ရန်ကုန် တက္ကသိုလ် (လှိုင်နယ်မြေ) ဝင်းအတွင်းရှိ ဇွဲကပင်ဆောင်ဆီ ပြေးရပါတယ်။ ဒါပေမယ့် ဒီမှာက အောင်လက်မှတ် ထုတ်ပေးတဲ့ နေရာမဟုတ်၊ အမှတ်စာရင်း ထုတ်ပေးတဲ့နေရာသာ ဖြစ်တယ်။ အောင်လက်မှတ် လိုချင်ရင် လသာမြို့နယ်ကို သွားပါလို့ အဲဒီက လမ်းညွန်လိုက်ပါတယ်။ တက္ကစီခနဲ့ မွဲမယ့်ကိန်းပါပဲ။ လသာ ရဲစခန်းအနီးရှိ မြန်မာနိုင်ငံ စာစစ်အဖွဲ့လို့ ဆိုင်းဘုတ်တင်ထားတဲ့ အဆောက်အအုံတခု ရှေ့ရောက်တော့ “အောင်လက်မှတ် အမြန်ရရှိအောင် ဆောင်ရွက်ပေးနေပါသည်။ ပွဲစားမလိုပါ” ဆိုတဲ့ စာတန်းကြီးကို တွေ့ရပါတယ်။
အဲဒီ အဆောက်အအုံကြီးထဲ ဝင်သွားတော့ အောင်လက်မှတ်ရဖို့ တန်းလာစီနေတဲ့ လူငယ်တွေ အများကြီး။ “ဟောဒီမှာ ဖောင် အရင်ဖြည့်ပါ။ တစောင် ၂၅၀ တည်းပါ” လို့ စာရေးမတဦးက ပြောပါတယ်။ အဲဒီဖောင်ကိုယူဖို့ လှမ်းလိုက်တော့ ကျနော့် ကိုယ်ပေါ် မိုးစက်တချို့ ကျလာပါတယ်။ အပေါ်ကို မော့ကြည့်လိုက်တော့ ခေါင်မိုးကမလုံ။ မြန်မာနိုင်ငံ ပညာရေးဌာနနဲ့ စာစစ်ဌာနကြီး ခေါင်မလုံဘဲ မိုးယိုနေတာကို ကိုယ်တိုင် မြင်လိုက်ရတယ် ဆိုပါတော့။ ဒါပေမယ့် ကျနော်မှအပ ကျန်လူအားလုံးက ခေါင်မလုံလို့ မိုးယိုတဲ့ ကိစ္စကို အထူးအဆန်းလို့ ထင်ထားပုံမရပါ။ အားလုံး ပုံမှန်အတိုင်းရေး၊ ပုံမှန်အတိုင်းဖြည့်၊ ပုံမှန်အတိုင်း တန်းစီပေါ့။
“ဦးလေးက သားအတွက် ကိုယ်စား လာယူပေးတာလား” ဆိုပြီး အသံကြားလို့ လှည့်ကြည့်လိုက်တော့ ကျနော့်ဘေးမှာ ဘယ်သူမှမရှိ။ ဒီတော့မှ စာရေးမလေးက ကျနော်ကိုကြည့်ပြီး ပြောနေမှန်း ရိပ်မိလိုက်ပါတယ်။ သေရော။ မဟုတ်ပါဘူး။ ကျနော်ကိုယ်တိုင်အတွက် လာယူတာပါဆိုပြီး ရှင်းပြပေမယ့် “၁၉၈၃ က အောင်လက်မှတ်ကို ၂၀၁၃ ကျမှလာယူတဲ့လူ မတွေ့ဖူးပါဘူး” လို့ဆိုပြီး သူက မယုံဘဲ ကျနော် နောက်နေတယ်လို့ ထင်နေပါတယ်။ ဒုက္ခပါပဲ။ နောက်ဆုံးတော့ ဒါဟာ ထူးခြားဖြစ်စဉ် ဖြစ်တဲ့အတွက် အပေါ်ထပ်က အရာရှိနဲ့ သွားပြီ ဆွေးနွေးပါလို့ အဲဒီ စာရေးမလေးက အကြံပြုလိုက်ပါတယ်။ အပေါ်ထပ်ကို တက်လာပေမယ့် အခန်းဝတွေမှာ ဆိုင်းဘုတ်မရှိတော့ ဘယ်အခန်းကို သွားရမှန်းမသိ။
“ရှင့် အောင်စာရင်းက ၁၉၈၈ အောက်တိုဘာမှာ ထုတ်သွားပြီးပြီလို့ စာရင်းပြထားတယ်။ ဒီတော့ ပျောက်ဆုံးအနေနဲ့ ပြန်လျှောက်လွှာတင်ရမယ်” ဆိုပြီး အသက်ခပ်ကြီးကြီး ပညာရေးဝန်ထမ်း အမျိုးသမီး တဦးက ပြောပါတယ်။ ဒုက္ခပါပဲ။ ၁၉၈၈ စက်တင်ဘာကတည်းက တောခိုသွားတဲ့လူရဲ့ အောင်စာရင်းကို အောက်တိုဘာမှာ ဘယ်သူကများ လာထုတ်သွားပါလိမ့်။ တခါမှ မထုတ်ရသေးလို့ အခု လူကိုယ်တိုင် လာထုတ်ပါတယ်ဆိုမှ ဘယ်သူက ကြားက ထုတ်သွားတာလဲ။ ဒါပေမယ့် ဒီလို မေးခွန်းထုတ်တာကို သူတို့ မကြိုက်ပါ။ မှတ်တမ်းထဲမှာ ရေးထားတဲ့အတိုင်းပဲ ပျောက်ဆုံးကြောင်း အထောက်ထားပြပြီး ပြန်လျှောက်ရုံမှအပ အခြားနည်း မရှိဘူးလို့ ဆိုပါတယ်။ အဲဒီအတွက် ဘယ်လောက် ကြာမလဲဆိုတော့ အနည်းဆုံး တလလောက်တော့ ကြာမယ်လို့ ဝန်ထမ်း အမျိုးသမီးကြီးက ဖြေပါတယ်။ သေရော။
မနက်ဖြန် နိုင်ငံခြားကို ပြန်တော့မယ်။ ကိုယ်စား တယောက်ယောက်က ထုတ်ပေးထားလို့ ရလားဆိုတော့ နိုင်ငံခြားမှာ နေတာ သေချာရင် ကိုယ်စားထုတ်လို့ရတယ်။ ဒါပေမယ့် အောက်ပါ အချက် ၈ ချက်လိုတယ် လို့ဆိုပါတယ်။ ကျောင်းသားရဲ့ နိုင်ငံကူးလက်မှတ် မိတ္တူ၊ ကိုယ်စားထုတ်သူရဲ့ မှတ်ပုံတင်မိတ္တူ၊ ကျောင်းသားရဲ့ မှတ်ပုံတင်မိတ္တူ၊ နိုင်ငံခြားသွားကြောင်း ရပ်ကွက်မှထောက်ခံစာ၊ သန်းခေါင်စာရင်းမိတ္တူ၊ General Power (GP) မူရင်း၊ ကိုယ်စား ထုတ်သူရဲ့ ကတိဝန်ခံချက်၊ ကျောင်းသားရဲ့ ကိုယ်စား လွှဲစာ။
“ကဲ သိပြီလား၊ မြန်မာနိုင်ငံရဲ့ ကြိုးနီစနစ်အကြောင်း” လို့ ပြောပြီး ကိုယ်နဖူး ကိုယ်ရိုက်ရုံမှအပ ဘာမှမတတ်နိုင်။ မော်လမြိုင်တက္ကသိုလ်မှာ ကျောင်းထွက်လက်မှတ် နေချင်းပြီးရလာလို့ ဒီမှာလည်း ဆယ်တန်း အောင်လက်မှတ်များ နေ့ချင်းပြီး ရမလားဆိုပြီး မျှော်လင့်ချက်နဲ့ ရောက်လာတဲ့ ကျနော် တခါတည်း လက်လန်သွားပါတယ်။ နိုင်ငံခြားမှာက ဘွဲ့လက်မှတ်တွေထက် ဆယ်တန်းအောင်လက်မှတ်က ပိုအရေးကြီးတယ်လို့ ပြောကြတဲ့အတွက် လူကိုယ်တိုင် ရောက်တုန်း ကြိုးစားကြည့်တာပါ။ အခုတော့ တက္ကစီခလည်းကုန်၊ အချိန်လည်းကုန်၊ လူလည်းစိတ်ညစ်။ ဒီလို ကြိုးနီ စနစ်ကြီးနဲ့ ကတော့ ဒီမိုကရေစီ နိုင်ငံသစ်မှာ ဘယ်လိုမှ အလုပ်မဖြစ်နိုင်ပါ။
နောက်တနေ့ မနက်မှာတော့ တက္ကစီချည်း စီးနေလို့မဖြစ်ဘူး။ အများပြည်သူနဲ့ဆိုင်တဲ့ ဘတ်စ်ကားတွေ၊ မြို့ပတ် ရထားတွေ စီးကြည့်ဦးမှဆိုပြီး ဆင်ခြေဖုံးဒေသတခုဖြစ်တဲ့ ရွှေပြည်သာမြို့နယ်ဆီ ခရီးထွက်လာပါတယ်။ လှည်းတန်းမီးပွိုင့်အနီးရပ်ပြီး အင်းစိန်နဲ့ ရွှေပြည်သာဘက်သွားတဲ့ ဘတ်စကားတွေကို စောင့်ရင်း မြင်ခဲ့ရတဲ့ မြင်ကွင်းတွေက အထူးအဆန်းတွေပါ။ မြန်မာနိုင်ငံမှာ လက်ယာကပ်မောင်း စနစ် ကျင့်သုံးနေတာ ကြာပြီဖြစ်ပေမယ့် လက်ဝဲဘက်မှာ လူဆင်းတံခါးပါတဲ့ ဘတ်စ်ကားတချို့ မြင်ခဲ့ရပါတယ်။ တချို့ကားတွေမှာ ဝဲဖက်က တခါးကို အသေ (ဖြစ်သလို) ပိတ်ပြီး ယာဖက်က လူဆင်းနိုင်အောင် စီစဉ်ထားပေမယ့် ဝဲဖက်ကနေ လူဆင်းနေဆဲ ကားတစီးကိုလည်း ထူးထူးခြားခြား မြင်ခဲ့ရပါတယ်။
ဟော … လာပါပြီ။ ရွှေပြည်သာဆီ သွားမယ့်ကား။ လွန်ခဲ့တဲ့ ၂၅ နှစ်ကျော် ကျောင်းသားဘဝက စီးခဲ့ဖူးတဲ့ ဘတ်စကားထက်တောင် အခြေနေ ပိုဆိုးပါတယ်။ အဲကွန်းမရှိ။ ပန်ကာမရှိ။ ဆိုဖာခုံမရှိ။ ပြူတင်းပေါက်မှန်မှာ ဆွဲတင်စရာ ကလစ်တခြမ်းပြုတ်လျက်ရှိ။ ဒါပေမယ့် ဈေးကတော့ တက္ကစီထက် အများကြီး သက်သာပါတယ်။ တနာရီကျော် စီးရတဲ့ လှည်းတန်းနဲ့ ရွှေပြည်သာကို တယောက် ၂၀၀ ကျပ်ပဲ ကျပါတယ်။ ပူအိုက်လွန်းလို့ ကလစ်မရှိတဲ့မှန်ကို လက်နဲ့မပြီး ဟထားစဉ် မိုးရွာလာတဲ့အတွက် ဒုက္ခများခဲ့ရပါသေးတယ်။ ဒီကြားထဲ ကွမ်းစားပြီး ပြူတင်းပေါက်ကနေ ထွေးလိုက်သူကရှိသေး။
အင်းစိန် RIT (ရန်ကုန် စက်မှုတက္ကသိုလ်) ရှေ့ ကားဖြတ်သွားစဉ် ကျနော်က အထူးအဆန်းအဖြစ် ခေါင်းပြူကြည့် လိုက်ပါတယ်။ နဂိုကတည်းက နည်းနည်းဆိုးနေတဲ့ လမ်းက အင်းစိန်အလွန်မှာ ပိုဆိုးလာပါတယ်။ ရန်ကုန်မှာ လူဦးရေ ၆ သန်းလောက်ရှိပြီး ဘန်ကောက်မှာ ၁၂ သန်း လောက်ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ရန်ကုန်ဆင်ခြေဖုံး ဒေသဆီသွားတဲ့ လမ်းနဲ့ ဘန်ကောက် ဆင်ခြေဖုံးဆီ သွားတဲ့လမ်းက ဘာမှမဆိုင်။ ဘတ်စ်ကားတွေကလည်း ဘာမှမဆိုင်။ ခရီးသည်တွေကလည်း မြို့ထဲကလူတွေနဲ့ ရွှေပြည်သာဖက်က လူတွေရဲ့ ဝတ်စားဆင်ယင်မှု နည်းနည်းကွာတယ်လို့ ထင်ပါတယ်။
တနာရီလောက် သည်းခံစီးပြီးတဲ့ အခါမှာတော့ ကျနော်ရဲ့ဆွေမျိုးတဦး နေထိုင်တဲ့ ရွှေပြည်သာမြို့စွန် ရပ်ကွက် တခုဆီ ရောက်လာပါတယ်။ သူဟာ အရင် ၁၉၈၈ ဝန်းကျင်က မင်္ဂလာတောင်ညွန့်မြို့နယ် ပုသိမ်ညွန့်ဘက်က ရထားလမ်းအနီး နေထိုင်ပြီး အဲဒီကနေ ဒီကိုပြောင်းရွှေခံရတာလို့ ဆိုပါတယ်။ သူ့အိမ်ပေါ် ကျနော်ရောက်သွားတော့ အရင် ရထားလမ်းဘေး ရပ်ကွက်ကအိမ်နဲ့ သိပ်မထူးခြား။ ဧည့်ခန်းမှာ ခဏထိုင်တော့ ဘုန်းကြီးနဲ့ ဒဿန ပညာရှင် တွေရဲ့ အဆိုအမိန့်တွေ အများကြီးကို နံရံမှာကပ်ထားတာ သတိပြုမိပါတယ်။ “ခဏလေးနော်၊ ဂဏန်း သွားဖမ်း လိုက်ဦးမယ်” လို့ အိမ်ရှင်က ပြောပြီးထွက်သွားတော့ ဒီဗွက်အိုင်ထဲမှာ ဂဏန်းရှိလို့လား ဆိုပြီး ကျနော်က မေးမိပါတယ်။ “မင်းကလည်း။ နှစ်လုံးထီကို ပြောတာလေကွာ” ဆိုတော့မှ ဒီလို ရပ်ကွက်တွေမှာ နှစ်လုံးသမားတွေ များမှန်း သတိထားမိပါတယ်။ လမ်းကြားလေးတွေကို ကွန်ကရစ်ခင်းထားပေမယ့် အိမ်လေးတွေက ခပ်သေးသေး ပုပုလေးတွေ။
ရွှေပြည်သာက အပြန်မှာတော့ ဂိတ်ဆုံးမှတ်တိုင် ဗိုလ်တထောင် ဘုရားနားအထိ ဘတ်စကားစီးပြီး ဘုရားဝင်ဖူး ဖြစ်ပါတယ်။ ပြီးတော့ ပုဇွန်တောင် ဘူတာဘက်လှည့်ပြီး မြို့ပတ်ရထား တက်စီးပါတယ်။ ဘတ်စကားစီးတုန်းက ခုံနေရာ ရသေးပေမယ့် ရထားပေါ်မှာတော့ ထိုင်ဖို့မပြောနဲ့ ရပ်ဖို့တောင် နေရာကမသေချာ။ ကင်မရာအိတ် တကားကားနဲ့ ဆိုတော့ လူကြားထဲတိုးဖို့ သိပ်မလွယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်က မြို့ပတ်ရထားထက် ဒီနေ့ ရထားက လူပိုများပြီး ပြွတ်သိပ်နေတယ်လို့ ထင်ပါတယ်။ ဒီရထားနဲ့ အလုပ်သွားရတာ အဆင်ပြေလားဆိုပြီး ထမင်းချိုင့်ကို လက်တဖက်ကဆွဲ၊ တဖက်က လွယ်အိတ်ကို ဖိကိုင်ပြီး နံရံမှာမှီရပ်စီးနေတဲ့ လူငယ်တဦးကို မေးကြည့်မိပါတယ်။
“ကျနော့်အလုပ်က ရထားလမ်းနဲ့နီးတော့ အဆင်ပြေပါတယ်။ ရထားခကလည်း ၁၀၀ ပဲပေးရတယ်လေ အစ်ကို။ ရထားလမ်းနဲ့ ဝေးတဲ့လူတွေတော့ ဘယ်ကိုက်မလဲ” ဆိုပြီး သူကဖြေပါတယ်။ အချိန်က ညနေ ၅ နာရီဝန်းကျင် ဆိုပေမယ့် ရထားထဲမှာ မှောင်မှောင်မဲမဲ။ အသက်ရှူကျပ်သလို ဖြစ်လာတဲ့အတွက် ၂ ဘူတာလောက် စီးပြီးတာနဲ့ ကျနော်ဆင်းလိုက်ပါတယ်။ ရထားကြီးပေါ်မှာတော့ လူတွေပြည့်ကျပ်လျက်ရှိဆဲပါ။
မြို့ထဲဖက် ပြန်တဲ့ရထားကို စီးမယ်ပြင်တော့ ဒီအချိန်မှာ အထွက်ရထားပဲ များပြီး အဝင်ရထားက နာရီဝက်ကြာမှ တစီးရှိမယ်လို့ ဘူတာဝန်ထမ်းက ပြောပါတယ်။ အသွားနဲ့အပြန် ရထားစီးရေ ဘာကြောင့်မတူလဲ ဆိုပြီးမေးတော့ ဘာမှပြန်မပြောပါ။ အင်း … ဒီတိုင်းဆိုရင်တော့ တက္ကစီ ငှားရဦးမှာပေါ့လေ။ ဒီတခါ တက္ကစီက သိပ်မဆိုး။ အဲကွန်းတွေ ဘာတွေနဲ့။ ဒါပေမယ့် ရန်ကုန်ကလမ်းတွေပဲ ဆိုးလို့လား။ တက္ကစီသမားတွေပဲ ရမ်းလို့လားတော့မသိပါ။ ရန်ကုန်က တက္ကစီပေါ်မှာ ထိုင်တဲ့အခါ ဘန်ကောက်က တက္ကစီပေါ်မှာ ထိုင်သလိုမျိုး ကွန်ပြူတာစာရိုတ်တာ၊ တယ်လီဖုန်းပြောပြီး အလုပ်လုပ်တာတွေအတွက် အဆင်မပြေပါ။
ပြီးတော့ ဘတ်စကားနဲ့ မြို့ပတ်ရထား။ ဘန်ကောက်မှာလည်း မြို့ပတ်ရထားအဟောင်း ပြေးနေဆဲဖြစ်ပေမယ့် အများစုကတော့ နောက်ဆုံးပေါ် မြေအောက်ရထားနဲ့ မိုးပျံရထားကို စီးနေကြပါတယ်။ ရန်ကုန်မှာ မြို့ပတ် ရထားလမ်းတွေ အဆင့်မြင့်အောင် ကြိုးစားဖို့ သင့်နေပါပြီ။ ဘတ်စကားလိုင်းတွေ အတွက်လည်း အဆင့်မြင့်တဲ့ ကားတွေ တင်သွင်းဖို့ လိုမယ် ထင်ပါတယ်။ မဟာရန်ကုန် လူဦးရေ ၆ သန်းအတွက် အများသုံး Public Transport ကိစ္စကို တာဝန်ရှိသူတွေ အလေးထား စဉ်းစားသင့်နေပြီလို့ ထင်မိပါတယ်။
နောက်တနေ့ မနက်မှာတော့ ဈေးကြီးလှတဲ့ တက္ကစီကိုပဲ ထပ်ငှားပြီး သင်္ကန်းကျွန်းဘက်က ၈၈ ရုံးဆီ ပြေးရပြန်ပါတယ်။ ဘယ်သူကမှ တာဝန်ပေးပြီး လွှတ်လိုက်တာ မဟုတ်ပေမယ့် ၈၈ မျိုးဆက်ထဲမှာ ကိုယ်လည်းတဦး ပါတယ်လို့ ကိုယ်ဖာသာ သတ်မှတ်ထားတော့ ၈၈ ငွေရတု အခမ်းအနားအတွက် ဆွေးနွေးပွဲလုပ်မယ် ဆိုတာကို ကျနော်လည်း စိတ်ဝင်စားတာပေါ့။ ကျနော် ရောက်သွားတဲ့အချိန်မှာ အခမ်းအနား ကျင်းပရေးအတွက် ကော်မီတီ ၁၀ ခု ကျော်ဖွဲ့ပြီး တာဝန်ခွဲနေကြပါတယ်။ တက်ရောက်လာတဲ့ လူဦးရေ ၇၀ လောက်ရှိမယ်လို့ ခန့်မှန်းရပြီး အားလုံး အသက် ၃၅ နဲ့ ၅၅ အကြားတွေ ဖြစ်ပါတယ်။ အခမ်းအနားတက်ကြောင်း လက်မှတ်ထိုးပေးဖို့ စာရွက်ကမ်းပေးနေတဲ့ ကလေးမလေးတဦးပဲ အသက် ၂၀ တန်းတွေ့ရပါတယ်။ ၈၈ မျိုး ဆက်အပြင် တခြား မျိုးဆက်တွေ၊ လက်ရှိ ကျောင်းတက်နေဆဲ ကျောင်းသားတွေပါ ပါလာရင် ပို မကောင်းဘူးလားလို့တော့ စဉ်းစားမိပါတယ်။
အဲဒီက အပြန်မှာတော့ ၈၈ မျိုးဆက် သတင်းစာဆရာ တချို့နဲ့ စကားစပ်မိပြီး ငွေရတုအခမ်းအနားက အမှတ်တရ အတွက် သက်သက် လုပ်မှာလား။ ၈၈ အရေးတော်ပုံအတွင်း ကျဆုံးသူတွေအတွက် ကျောက်တိုင်တွေ ဘာတွေ စိုက်ဦးမှာလား။ ရှေ့လုပ်ငန်းစဉ်က ဘာတွေရှိလဲလို့ ဆွေးနွေးဖြစ်ပါတယ်။ ပြီးတော့ ဒီမိုကရေစီ လိုလားတဲ့ နိုင်ငံရေး အင်အားစုတွေကြားက လှုပ်ရှားမှုတွေဟာ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု ရှိရဲ့လား။ ဟန်ချက်ညီရဲ့လား။ အတိအကျ ပြောရမယ်ဆိုရင် ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီ နဲ့ အခု ၈၈ အပါဝင် နိုင်ငံရေး
အင်အားစုတွေ၊ ကျောင်းသား အင်အားစုတွေ၊ လူ့အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့တွေ၊ တိုင်းရင်းသား အဖွဲ့တွေကြားမှာ အားလုံး သဘောတူထားတဲ့ ဘုံလုပ်ငန်းစဉ် တခု ရှိထားရဲ့လားဆိုပြီး ကျနော်တို့ မေးခွန်းထုတ် ဖြစ်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း စစ်တပ်နဲ့ ကြံ့ဖွံ့ကို စည်းရုံးဖို့ ကြိုးစားရင်းနဲ့ ပါတီတည်ဆောက်ရေးတို့၊ မဟာမိတ် ဆက်ဆံရေးတို့၊ တပ်ပေါင်းစုတို့ဖက် အချိန်မပေးနိုင်တော့ဘူး ထင်ပါတယ်လို့ တယောက်က ထင်မြင်ချက် ပေးပါတယ်။
ခက်တာက သူ့မှာ အင်စတီကျုးရှင်း မရှိဘူးဗျ။ သူ မအားရင် သူ့ကိုယ်စား လုပ်ပေးမယ့်သူ၊ လုပ်ပေးမယ့် အဖွဲ့လည်းမရှိဘူး။ ခင်ဗျားတို့ အပြင်ကပြန်လာတဲ့ ပုဂ္ဂိုလ်တွေကလည်း ဒေါ်အောင်ဆန်းစုကြည်ဆီမှာအကြံပေး မလုပ်ဘဲ သမ္မတဆီ ရောက်ကုန် ကြတာကိုး ဆိုပြီး နောက်တယောက်က ကျနော့်ဘက် မျက်ခုံးပင့်ပြပြီး ဆိုပါတယ်။
“အတိုက်ခံတွေက အချင်းချင်း ကြားမှာသာ အဆက်စပ်မရှိ အားနည်းနေတာ၊ အစိုးရနဲ့ကျတော့ အားလုံးက အဆက်သွယ်ရှိနေပြန်ရော။ အားလုံးက သူတို့ Road Map နောက်ကို လိုက်နေရတာကိုးဗျ” ဆိုပြီး ကျနော်က ဝင်ထောက်တော့ အားလုံးရဲ့မျက်လုံးက ကျနော့်ဘက် လှည့်လာပါတယ်။
ရန်ကုန်ကနေ ပြန်ထွက်မယ့် ဇွန်လ ၅ ရက်နေ့မှာတော့ ရွှေတိဂုံစေတီတော်ဆီသွားပြီး “မကြာခင် အမိမြေဆီ အပြီး ပြန်လာခွင့်ရပါစေ” လို့ ဆုတောင်းခဲ့ပါတယ်။ ဘုရားပေါ်က ပြန်အဆင်းမှာတော့ မြောက်ဖက်မုခ်ဘက်ကနေ ထွက်ပြီး အာဇာနည်ကုန်းကို ဝင်အလေးပြုခဲ့ပါတယ် (https://burma.irrawaddy.com/archives/44251 )။ ဂိတ်ပေါက်ဝမှာ လက်မှတ်ရောင်းနေတဲ့ အမျိုးသမီးဝန်ထမ်းနှစ်ဦးက လွဲပြီး ဘာလက်နက်ကိုင် အစောင့်မှမရှိ။ မြန်မာနိုင်ငံသားတဦး အတွက် ဝင်ကြေး ၂၀၀ ကျပ်ယူပြီး နိုင်ငံခြားသား ဆိုရင် ၃ ဒေါ်လာယူတယ်လို့ လက်မှတ်ရောင်းဌာနနဲ့ မျက်နှာချင်းဆိုင်ရှိ ဆိုင်းဘုတ်ကြီးမှာ ရေးသားထားပါတယ်။ ကျောင်းသားဆိုရင်တော့ အခမဲ့ ဝင်ကြည့် နိုင်တယ်လို့ ဆိုပါတယ်။ အကျႌပေါ်မှာ ကပ်ပေးလိုက်တဲ့ ၂၀၀ ကျပ်တန် လက်မှတ်နဲ့အတူ အာဇာနည်ဗိမာန်ထဲ ဝင်လာတော့ ပရိသတ်ကသိပ်မရှိ။ ဝင်လာသူ အားလုံးနီးပါးဟာ အာဇာနည် ဗိမာန်ကို ရွှေတိဂုံနောက်ခံ နဲ့ အမှတ်တရ ဓာတ်ပုံရိုက်နေတာ တွေ့ရပါတယ်။
အာဇာနည်ဗိမာန်က ပြန်ထွက်ပြီး ရေတာရှည်လမ်းဘက် ဆင်းဖို့ပြင်တော့ သူရဲကောင်းဗိမာန်ဆိုတဲ့ ဆိုင်းဘုတ်ကို အပေါ်ဘက် တောင်ကုန်းပေါ်မှာ မြင်လိုက်ရပါတယ်။ အရင်က ဒီနေရာမှာ ဘာတွေရှိမှန်း ကျနော် မမှတ်မိတော့ပေမယ့် အခု သူရဲကောင်းဗိမာန် ဆောက်ထားတဲ့နေရာဟာ အာဇာနည်ကုန်းထက် ပိုမြင့်ပြီး အမြင့်ဆုံးတောင်ကုန်းလို့ ဆိုနိုင်ပါတယ်။ “ဒီလမ်းမဟုတ်ဘူး၊ အပြင်လမ်းကသွားပါ” လို့ လက်နက် ကိုင်မထားတဲ့ စစ်သားတဦးက ကျနော့်ကို အော်ပြောပါတယ်။ သူပြောတဲ့အတိုင်း သွားတော့ သူရဲကောင်းဗိမာန်ဆီ မရောက်ဘဲ ဘုန်းကြီးကျောင်းထဲ ဦးတည်နေပါတယ်။
“အဲဒီလမ်း မဟုတ်ဘူး၊ ကျနော်က သူရဲကောင်းဗိမာန်ကို ဝင်ကြည့်ချင်လို့ပါ” လို့ပြောတော့ အပြင်လူ ဝင်ခွင့်မရှိဘူးလို့ စစ်သားက ဆိုပါတယ်။ ဘာကြောင့်မရတာလဲ ဆိုပြီး ထပ်မေးတော့ အဲဒါတော့ သူမသိဘူး၊ အပေါ်က အမိန့်အတိုင်းလို့ ဖြေပါတယ်။ ဒါဆိုရင် ဒီနေရာကနေ ဓာတ်ပုံရိုက်လို့ရလား ဆိုတော့ ဒါလည်း မရဘူးလို့ ဆိုပါတယ်။ ဒါဆိုရင် သူရဲကောင်း ဗိမာန်က ဘာလို့ ဖွင့်ထားသေးလဲဆိုတော့ အစောင့်စစ်သားက ဘာမှ ပြန်မပြောတော့ပါ။ အခြေနေမဟန်တာနဲ့ ကျနော်လည်း လှည့်ပြန်လာခဲ့ပါတယ်။
တကယ်ဆိုရင် အာဇာနည်ကုန်းက ခေါင်းဆောင်ကြီးတွေကို အလေးပြုသလိုမျိုး သူတို့ကို အလေးပြုဖို့ သွားခြင်း မဟုတ်ပါ။ ဘယ်လိုလူမျိုးတွေကို သူရဲကောင်းအဖြစ် မှတ်တမ်းတင်ထားသလဲ ဆိုတာကို သိချင်လို့ သက်သက် ဖြစ်ပါတယ်။ အထူးသဖြင့် လွန်ခဲ့တဲ့နှစ် ၂၀ ကာလအတွင်း ကျနော်တို့ သူပုန်တပ်ဖွဲ့တွေနဲ့ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း ကျဆုံးတဲ့ အစိုးရစစ်သားတွေ၊ စစ်ဗိုလ်တွေကို သူရဲကောင်းအဖြစ် မှတ်တမ်း တင်ထားသလားဆိုတာကို ကျနော် အလွန်သိချင်နေပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင်ကြီးတွေက ကိုလိုနီနယ်ချဲ့ လက်အောက်ကနေ လွတ်လပ်ရေးရဖို့ ကြိုးပမ်းရင်းနဲ့ ကျဆုံးသွားလို့ အာဇာနည် ဖြစ်လာတာ သဘာဝကျပေမယ့် ပြည်တွင်းစစ်မှာ ကိုယ့်လူမျိုးအချင်းချင်း တိုက်ပြီး သူရဲကောင်းဖြစ်တာကတော့ သိပ်မဟုတ်သေးဘူးလို့ ထင်ပါတယ်။
တဆက်တည်းမှာပဲ အစိုးရဘက်ကနေ သူတို့စစ်သားတွေကို ဒီလို သူရဲကောင်းဗိမာန်မှာ တကူးတက မှတ်တမ်းတင် ထားမယ်ဆိုရင် သူပုန်တွေဘက်ကကော သူတို့ရဲ့ စစ်သားတွေအတွက် ဒီလိုသူရဲကောင်း ဗိမာန်ဖြစ်ဖြစ်၊အာဇာနည်ကုန်း ဖြစ်ဖြစ် တခုခု မသတ်မှတ်ထားသင့်ဘူးလား။ ကယန်းပြည်သစ်ပါတီက သူတို့ ထိန်းချုပ်နယ်မြေအတွင်း အာဇာနည်ကုန်း တခုဆောက်ပြီး ကျဆုံးရဲဘော်တွေအတွက် ဂုဏ်ပြုထားတဲ့ ဗီဒီယိုမှတ်တမ်းတခုကို တွေ့ဖူးပါတယ်။ ဒါပေမယ့် ABSDF အပါဝင် တခြားအဖွဲ့တွေက ဒီလိုမျိုး ဂုဏ်ပြု မှတ်တမ်းတင်တာ၊ အာဇာနည်ကုန်း ဆောက်တာမျိုး မတွေ့ရသေးပါ။
တကယ်ဆိုရင် ဒီလိုနှစ်ဖက် တိုက်ပွဲအတွင်း ကျဆုံးသူတွေတင်မက ၈ လေးလုံး အရေးတော်ပုံ၊ ၂၀၀၇ အရေးတော်ပုံတွေမှာ ကျဆုံးသွားသူတွေကိုလည်း အလားတူ မှတ်တမ်းတင် ဂုဏ်ပြုထားသင့်တယ်လို့ ကျနော် ထင်ပါတယ်။ ၈၈ အရေးတော်ပုံအတွင်း ကျဆုံးသွားသူတွေဟာ အခု ကျနော်ရောက်နေတဲ့ သူရဲကောင်း ဗိမာန်ထဲက စစ်သည်တော်တွေထက် ပိုပြီး သူရဲကောင်းဆန်စွာ ပေးဆပ်သွားသူတွေ မဟုတ်ပါလား။ ၈ လေးလုံး ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနားပြီးရင် ၈လေးလုံး သူရဲကောင်းဗိမာန်ဖြစ်ဖြစ်၊ အာဇာနည်ဗိမာန် ဖြစ်ဖြစ် အမြန် ပေါ်ပေါက်လာပါစေလို့ ဆုတောင်းနေမိပါတယ်။ ။