မေလ ၂၂ ရက်နေ့က ထိုင်းနိုင်ငံ လျှပ်စစ်ထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့ (Electricity Generating Authority of Thailand- EGAT) မှ ကိုယ်စားလှယ်များသည် ဘန်ကောက်မြို့ ချူလာလောင်ကွန်း တက္ကသိုလ်မှ သုတေသီများ နှင့် ကျောင်းသားများ ပါဝင်သော အဖွဲ့တဖွဲ့နှင့် အတူ ထိုင်းနိုင်ငံ မြောက်ဖက်ပိုင်း မဲဟောင်ဆောင်ခရိုင်ရှိ ဝေးလံသော ကျေးရွာလေးတရွာ ဖြစ်သည့် မဲဆမ်လတ်ရွာနေ ပြည်သူများနှင့် တွေ့ဆုံပြီး သံလွင်မြစ်တွင် တည်ဆောက်ရန် စီစဉ်နေသည့် ရေကာတာတခု အကြောင်း ရှင်းပြရန် ခရီးသွားခဲ့ကြသည်။
မဲဆမ်လတ်ကျေးရွာသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကို ပိုင်းခြားထားသည့် သံလွင်မြစ်၏ အရှေ့ဖက်ကမ်းတွင် တည်ရှိသည်။ ရွာ၏ တဖက်ကမ်းတွင် ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်ခရိုင်မှ ရွာတရွာရှိသည်။ ထိုဒေသသည် မြန်မာအစိုးရတပ်များနှင့် ကရင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့ ကာလရှည်ကြာစွာ ပဋိပက္ခများ ဖြစ်ပွားနေခဲ့သည့် ဒေသလည်း ဖြစ်သည်။
သို့သော်လည်း ယခုကာလတွင် မြန်မာအစိုးရသည် ကရင်၊ ကယား နှင့် ရှမ်းတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် အပစ်အခတ် ရပ်စဲရေး အကြိုသဘောတူညီချက်များ ဆက်တိုက်ပြုလုပ်နိုင်ခဲ့ပြီး နောက်တွင် မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသများတွင် ခက်ခဲစွာ ရယူခဲ့ရသည့် ငြိမ်းချမ်းရေးတခုဖြစ်ပေါ်နေပြီ ဖြစ်သည်။
ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းထားရန် ကတိကဝတ်များ ပြုနေကြသော်လည်း တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေသေးသည်။ ထို့အပြင် အပစ်အခတ်ရပ်စဲခြင်းကာလကို မည်မျှအထိ တည်တံ့အောင် ထိန်းသိမ်း ထားနိုင်မည်ဆိုခြင်းမှာ သေချာခြင်းမရှိသော်လည်း ကာလရှည်ကြာစွာ တဝဲလည်လည်ဖြစ်နေခဲ့ရသော သံလွင်မြစ် ရေအားလျှပ်စစ် ထုတ်လုပ်နိုင်မည့် ရေကာတာတည်ဆောက်ရေးကို ပြန်လည်စတင်နိုင်ရန် ဆောင်ရွက်နေပြီဖြစ်သည်။
သံလွင်မြစ်ပေါ်တွင် ရေကာတာ ၆ခု တည်ဆောက်ရန် စီစဉ်လျှက်ရှိသည်။ တာဆန်း နှင့် အထက်သံလွင် ရေကာတာများ က ရှမ်းပြည်နယ်တွင်တည်ရှိပြီး ရွာသစ်ရေကာတာက ကယားပြည်နယ်တွင် တည်ရှိကာ ဝဲကြီး၊ ဒါးကွင်းနှင့် ဟက်ကြီး ရေကာတာများက ကရင်ပြည်နယ်တွင် တည်ရှိသည်။ ဟက်ကြီးက မဲဆမ်လတ်ကျေးရွာ နှင့် အနီးဆုံး ရေကာတာ ဖြစ်သည်။
ထိုင်းနိုင်ငံ လျှပ်စစ်ထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့ (EGAT) နှင့် တရုတ်အစိုးရပိုင် Sinohydro Corporation တို့ ပူးပေါင်း တည်ဆောက်မည့် အမေရိကန် ဒေါ်လာ ၁ ဘီလီယံ တန်ကြေးရှိပြီး လျှပ်စစ်ဓာတ်အား ၁၂၀၀ မီဂါဝပ် ထုတ်လုပ်ပေးနိုင် သော ရေကာတာကြောင့် မဲဆမ်လတ်ရွာကလေး မြေပုံပေါ်က ပျောက်ကွယ်သွားမည်ကို စိုးရိမ်သော ကျေးရွာ ဒုတိယအကြီးအကဲ Watsan Namchaitosaporn က စီမံကိန်းကို ငြင်းဆန်ချင်ပုံရသည်။ “ကျနော်တို့တော့ အဲဒါကို မကြိုက်ဘူး၊ ဒါပေမယ့် ကျနော်တို့ ဘာမှမတတ်နိုင်ဘူးလေ၊ သူတို့က ဘယ်လိုဖြစ်ဖြစ် ရအောင်ဆောက်မှာပဲ” ဟု သူက ပြောသည်။
ထိုင်းနိုင်ငံဘက်မှ ပါဝင်ခြင်းမပြုရန် ဆုံးဖြတ်လိုက်လျှင်သော်မျှ မြန်မာအစိုးရက တရုတ်နိုင်ငံ၏ အကူအညီဖြင့် စီမံကိန်းကို ဆက်လက်ဆောင်ရွက်မည်ဟု ဘန်ကောက်က ပြောသည်ဟုလည်း သိရသည်။ “သူတို့ (EGAT) က ဒီအခွင့်အရေးကို လက်လွတ်မခံချင်ကြဘူး။ ဒါကြောင့် ကျနော်တို့အတွက် နေရာသစ်ရှာပေးဖို့နဲ့ သင့်တော်တဲ့လျော်ကြေးပေးဖို့ အာဏာပိုင်တွေကို ပြောရတော့မယ်” ဟု Watsan Namchaitosaporn ကဆိုသည်။
EGAT ၏ ကွင်းဆင်းတိုင်းထွာမှုများအရ ဟက်ကြီး ရေကာတာ ကြောင့် ကျေးရွာ ၆ ခုကို ရွှေ့ပြောင်းပေးရန် လိုအပ်ပြီး အခြား ၁၃ ရွာကို ထိခိုက်မှု အနည်းငယ်ရှိနိုင်သည်ဟု သိရသည်။ သို့သော်လည်း ထိုင်းနိုင်ငံ အခြေစိုက် အဖွဲ့အစည်းတခုဖြစ်သော Karen Rivers Watch အဖွဲ့၏ လွတ်လပ်သော သုတေသန ပြုချက်အရ ရွှေ့ပြောင်းရမည့် ကျေးရွာသည် ၂၁ ခုအထိရှိနိုင်ပြီး အခြား အသိုင်းအဝိုင်း ၄၁ ခုကိုလည်း သက်ရောက်နိုင်သည်ဟု သိရသည်။ ထိခိုက်ခံစားရမည့် လူဦးရေ ၃၀၀၀၀ ခန့်ရှိလိမ့်မည်ဟုလည်း ယင်းအဖွဲ့ကပြောသည်။
ဟက်ကြီး ရေကာတာ စီမံကိန်းကို မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ၂၀၀၆ ခုနှစ်တွင် အတည်ပြုခဲ့သော်လည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ဇော်က သံလွင်မြစ်တွင် ဆက်လက် တည်ဆောက်မည့် ရေကာတာ စီမံကိန်းများ အကြောင်း ပြည်သူ့ လွှတ်တော်တွင် တင်ပြခဲ့သည့် ယခုနှစ် ဖေဖော်ဝါရီလအထိ အစိုးရဖက်က ထိုစီမံကိန်း များကို အကောင်အထည်ဖော်ရန် ရှိမရှိ မသေချာခဲ့ပေ။
စီမံကိန်းအတွက် ရှေ့ပြေးဆောက်လုပ်ရေးလုပ်ငန်းများ မစတင်မီကတည်းကပင် ဒေသခံပြည်သူများသည် စီမံကိန်း၏ သက်ရောက်မှုများကို စတင်ခံစားနေကြရပြီဖြစ်သည်။ Karen Environmental and Social Action Network (KESAN) မှ သုတေသီနှင့် ပညာပေးတာဝန်ခံဖြစ်သော Steve Thompson က ဟက်ကြီး စီမံကိန်းအနီး တဝိုက်တွင် နေထိုင်ကြသူများမှာ မိမိတို့နေရာများမှ စတင်စွန့်ခွာနေရပြီဖြစ်သည်ဟု ပြောသည်။ ဟက်ကြီးစီမံကိန်း ဧရိယာ အတွင်းတွင် လုံခြုံရေးယူရန် အကြောင်းပြချက်ဖြင့် မြန်မာအစိုးရစစ်တပ်များလည်း ဝင်ရောက်လာနေသည်။
အမှန်တကယ်အားဖြင့် ရေကာတာ စီမံကိန်းများကို ဆက်လက် အကောင်အထည်ဖော်ခြင်းသည် ဒေသတွင်း ပဋိပက္ခများ ကို ပြန်လည်မီးမွှေးသလို ဖြစ်စေနိုင်သည့် စွန့်စားရခြင်းများလည်း ရင်ဆိုင်ရနိုင်သည်။ ဟက်ကြီး ရေကာတာစီမံကိန်း ကို ၎င်း၏ အနီး တဝိုက်ဧရိယာကို ထိန်းချုပ်ထားသည့် KNU တပ်မဟာ ၅ က ယခင်ကတည်းက ဆန့်ကျင် ကန့်ကွက်ခဲ့သည်။ ထို့ပြင် ရေကာတာစီမံကိန်း အနီးတွင် တပ်စွဲထားသော စခန်းတခုကို စွန့်လွှတ်ပေးရန် ငြင်းဆန်ခဲ့သည့်အတွက် မြန်မာ အစိုးရစစ်တပ်များနှင့် ၎င်း၏ ကွပ်ကဲမှု အောက်ရှိ ကရင်နယ်ခြားစောင့် တပ်ဖွဲ့များ၏ ပူးပေါင်းတိုက်ခိုက်မှုကို ခံခဲ့ ရသည်ဟု ဆိုသော ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) ကလည်း ပြီးခဲ့သည့် ဧပြီလက စတင်၍ ပါဝင် ပတ်သက်လာခဲ့သည်။
လူ ၄၀ ကျော် ဆုံးရှုံးခဲ့သည်ဟု DKBA သတင်းရပ်ကွက်များက ပြောကြားခဲ့သော အဆိုပါအဖြစ်အပျက်သည် ငြိမ်းချမ်းရေးက မည်မျှအကဲဆတ်သည်၊ ထိရှလွယ်သည်ကို ပြသနေခြင်းလည်း ဖြစ်သည်။ စီမံကိန်းကို ဖက်စပ်ဆောင်ရွက်နေသော နိုင်ငံခြားသားများသည်လည်း လက်တွေ့ အမှန်တရားကို ထိခိုက်နာကျင်မှုနှင့် ရင်းပြီး သိခဲ့ကြပြီးဖြစ်သည်။ ၂၀၀၇ ခုနှစ်တွင် ရေကာတာတည်ဆောက်ရေး လုပ်ငန်းခွင်မှ အလုပ်သမားစခန်း တခုကို အမည်မသိ လက်နက်ကိုင်အဖွဲ့တခုက ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် ထိုင်းလူမျိုး EGAT ဝန်ထမ်း တဦး သေဆုံးပြီး ထိခိုက် ဒဏ်ရာရသူ အမြောက်အများ ရှိခဲ့သည်။
မည်သို့ပင်ဖြစ်စေ အစိုးရနှင့် KNU အဖွဲ့တို့ သမိုင်းဝင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တခု ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် ရယူနိုင်ခဲ့သည့်အတွက် ဒေသခံများကလည်း ကန့်ကွက်နေကြသည့်တိုင် စီမံကိန်း လုပ်ငန်းများကို ပြန်လည်စတင်နိုင်ရန် အဆင်ပြေသွားပုံ ပေါ်လာနေသည်။
သို့သော်လည်း ဟက်ကြီးရေကာတာစီမံကိန်းသည် KNU အတွက် ဝေခွဲရခက်သော အကြပ်အတည်းတခု ဖြစ်လာဖွယ်ရှိ သည်ဟု (KESAN) မှ Steve Thompson ၏ အဆိုအရ သိရသည်။ “ဒေသခံတွေကတော့ ပြင်းပြင်းထန်ထန် ကန့်ကွက် နေကြတာပဲ၊ ဒါပေမယ့် လက်ရှိ KNU ခေါင်းဆိုင်ပိုင်းက ဒီကိစ္စကို အလေးအနက်ထားတာမျိုး မတွေ့ရသေးဘူး” ဟု သူက ပြောသည်။ ထို့ပြင် Steve Thompson က ဆိုးကျိုးသက်ရောက်မှုများ ရှိလာနိုင်သော်လည်း KNU ခေါင်းဆောင်များသည် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးအမြတ်အဖြစ် ရှုမြင်ပြီး စီမံကိန်းကို ဆက်လက်ဆောင်ရွက်ခွင့် ပြုဖွယ် ရှိသည် ဟု ခန့်မှန်းသည်။
အခြား အရပ်ဖက်လူ့အဖွဲ့အစည်းများကလည်း အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုသည် သံလွင် ရေကာတာ စီမံကိန်းများမှ ကြုံတွေ့လာမည့် သက်ရောက်မှုများကို အလွယ်တကူ ဆုံးဖြတ်ပေးနိုင်မည် မဟုတ်ဟု ဆိုကြသည်။
အစိုးရနှင့် လက်နက်ကိုင်တပ်ဖွဲ့တခုဖြစ်သည့် ကရင်နီ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကြားရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို လေ့လာစောင့်ကြည့်နေသော ကရင်နီ လူမှုအဖွဲ့အစည်းများ ကွန်ရက် (Karenni Civil Societies Network) မှ ပြောရေးဆိုခွင့်ရှိသူ ခူးမီရယ်က လွတ်လပ်စွာ စုံစမ်းလေ့လာခွင့် ပြုမည်ဟု သဘောတူညီချက် တခု ရှိခဲ့သော်လည်း ကယားပြည်နယ်အတွင်းရှိ ရွာသစ် ရေကာတာ တည်ဆောက်ရေး လုပ်ငန်းခွင်ကို လေ့လာစုံစမ်းခွင့်ပြုရန် သူတို့အဖွဲ့၏ အဆိုပြုမှုကို အစိုးရက ငြင်းပယ်ခဲ့သည်ဟု ပြောသည်။
“အပစ် အခတ်ရပ်စဲရေး သဘောတူညီချက်ရပြီးတဲ့နောက် ရေကာတာတည်ဆောက်ရေး လုပ်ငန်းခွင်ကို သွားကြည့်ဖို့ ကြိုးစားခဲ့ပေမယ့် အစိုးရစစ်တပ်က ကျနော်တို့ကို ရေကာတာတည်ဆောက်မယ့် နေရာကိုသွားဖို့ ခွင့်မပြုဘူး” ဟု သူက ဆိုသည်။ အစိုးရတပ်များ ထုနှင့်ထည်နှင့် နေရာယူနေသည့် အတွက် ဒေသခံ ရွာသူရွာသား အမြောက်အများ စတင် ထွက်ခွာနေကြရပြီ ဖြစ်သည် ဟုလည်း သူက ထပ်ပြောသည်။
ဟက်ကြီးရေကာတာ ကဲ့သို့ပင် ရွာသစ်ရေကာတာသည် တရုတ်အစိုးရပိုင် Datang Corporation က တည်ဆောက်မည် ဖြစ်ပြီး လျှပ်စစ်ဓာတ်အား ၆၀၀ မီဂါဝပ် ထွက်ရှိမည့် သံလွင်မြစ်ပေါ်မှ ရွာသစ်ရေကာတာ အပါအဝင် ကယားပြည် အတွင်းတွင် ရေကာတာ ၃ ခု တည်ဆောက်ရန် ၂၀၁၀ ခုနှစ် ဇန်နဝါရီလက မြန်မာအစိုးရနှင့် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်။ ကယားပြည်နယ်တွင် တည်ဆောက်မည့် နောက်ထပ် စီမံကိန်းနှစ်ခုမှာ ပွန်ချောင်း ရေကာတာ နှင့် တဘက်ချောင်း ရေကာတာများ ဖြစ်သည်။
“လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ စိုးရိမ်နေပါတယ်၊ တကယ်လို့ ငလျင်လှုပ်ပြီဆိုရင် ဆင်းလာမယ့် ရေစီးကြောင်းကြောင့် အောက်ဖက်မှာ နေတဲ့သူတွေ အကြီးအကျယ် ထိခိုက်ပျက်စီး သွားနိုင်ပါတယ်” ဟု ခူးမီရယ်က ရေကာတာ တည်ဆောက်မည့်နေရာနှင့် အနီးတဝိုက်တွင် မြေလွှာပြတ်ရွေ့ကြောင်း တခု ရှိနေသည်ကို ရည်ညွှန်း၍ ပြောသည်။
ထိုသို့သော စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေရသည့် အကြောင်းရင်းမှာ စစ်အုပ်ချုပ်ရေး အဆုံးသတ်သွားပြီး မြန်မာနိုင်ငံ အနှံအပြားမှ ပဋိပက္ခများ ရပ်တန့်သွားပြီ ဆိုသော်လည်း ရေကာတာစီမံကိန်းများနှင့် ပတ်သက်၍ ပွင့်လင်း မြင်သာစွာ ဆောင်ရွက်ခဲ့ခြင်း မရှိသောကြောင့် ဖြစ်သည်။ အစိုးရတာဝန်ရှိသူများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်များသည် ပြည်သူလူထုကို အသေးစိတ် အကြောင်းအရာများ ထုတ်ပြန်အသိပေးခြင်းမရှိဘဲ သဘောတူညီမှုများ ပြုလုပ်နေကြခြင်းနှင့် ပတ်သက်၍ မေးခွန်းထုတ်မှုများလည်း တိုးပွား၍ လာနေသည်။
မေလ နှောင်းပိုင်းတွင် ကရင်တိုင်းရင်းသားအဖွဲ့ ၄၀ ကျော်မှ ကိုယ်စားလှယ် ၁၅၀ ကျော် စည်းဝေးကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲ အပြီးတွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ၎င်း တို့က KNU ကို လျှပ်စစ်ဓာတ်အားပေး စက်ရုံများ၊ ရေကာတာများကဲ့သို့ ဒေသခံများ၏ လူနေမှုဘဝကို များစွာထိခိုက်နိုင် သည့် ကြီးမားသော စီးပွားရေးသဘောတူညီချက်များ အစိုးရနှင့် လက်မှတ်ရေးထိုးလိုသည့်အခါတိုင်း ပြည်သူကို ပြောပြ အသိပေးရန် တောင်းဆိုခဲ့ကြသည်။
ရန်ကုန် အခြေစိုက် Karen Women’s Action Group မှ ညွှန်ကြားရေးမှူး နော်ဆူဆန်နာ လှလှစိုး က ပဲခူးတိုင်း၊ တောင်ငူ ခရိုင်အတွင်းရှိ သောက်ရေခပ်ချောင်း ရေကာတာကဲ့သို့ အခြားစီမံကိန်း အချို့ကြောင့်လည်း ဒေသခံပြည်သူများ ဆိုးဆိုး ဝါးဝါး ထိခိုက် ခဲ့ရကြောင်းပြောသည်။
“ပြည်သူလူထုတွေ ဆိုးကျိုးသက်ရောက်မှုတွေတွေခံစားရပြီးတော့မှ ကျမတို့က စီမံကိန်းတွေ အကြောင်းကို ဖော်ထုတ် နိုင်ကြတယ်၊ အနာဂါတ်မှာတော့ ဒီလို ထိခိုက်မှုများတွေ မဖြစ်ချင်တော့ပါဘူး” ဟုလည်း ပြောဆိုသည်။
(Saw Yan Naing ၏ Peace Be Dammed ကို နိုင်မင်းသွင် ဘာသာပြန်သည်)