[irrawaddy_gallery]
လက်ဖက်ထွက်ရာ ပလောင်တို့၏ မြို့တော် နမ့်ဆန်ကို သွားရန် နံနက် ၅ နာရီခွဲတွင် ကျောက်မဲမြို့က ထွက်ခဲ့သည်။
ကျောက်မဲမြို့တဝိုက် အအေးဓာတ်က လွှမ်းခြုံထားဆဲ။ လမ်းဘေးအိမ်များ အိပ်မောကျနေဆဲ။ နံနက်ခင်းဈေးသည် တချို့ကတော့ စိုက်ခင်းထွက်သီးနှံများကို ဆိုင်ကယ်ပေါ် တင်ကာ သွားလာလှုပ်ရှားနေသည်။
မြို့ကို ကာရံ ထားသည့် တောင်တန်း ကြီးများကတော့ မြူများကြား ထဲတွင် နက်မှောင်နေ၏။
သီပေါသို့ သွားသည့် လမ်းဘက် တက်လိုက်ရင်ပဲ တောင်ပေါ် စိုက်ခင်းများကို စတင်မြင်နေရပြီ။
မန္တလေး-လားရှိုး အဝေးပြေး ကားလမ်းပေါ်မှာတော့ ယာဉ်တချို့ သွားလာနေ သော်လည်း များများစားစား မတွေ့သေး။ လမ်းနံဘေးက ဓာတ်ဆီဆိုင်၊ စားသောက်ဆိုင် တချို့ကတော့ ဖွင့်ရန် တာဆူနေကြ၏။
အေးမြသည့် လေအကြား ကျနော်တို့ အဖွဲ့ကို တင်ဆောင် လာသော ကားလေးသည် နံနက် ၇ နာရီ ဝန်းကျင်တွင် သီပေါမြို့ကို ရောက်သွားသည်။
နံနက်စာ စားရန် ဈေးကိုဝင်တော့ ဆိုင်အများစုက မဖွင့်သေး။ အပြင်ဘက် ဈေးတန်းတွင် နိုင်ငံခြားသူ တဦးကတော့ ရှမ်းလွယ်အိတ်ကို စလွယ်သိုင်းကာ ဗန်းခင်း ရောင်းချသည့် အဟင်းသီး ဟင်းရွက်များကို ကြည့်ရှုနေသည်။
ရေစိမ် ရှမ်းခေါက်ဆွဲ စားကာ လက်ဖက်ရည် သောက်ပြီး သည့်နောက် နမ့်ဆန်မြို့ဘက်ကို ခရီးဆက်ခဲ့ကြသည်။
တကယ့်တော့ နမ့်ဆန်ဆိုသောအမည်နှင့် ရင်းနှီးနေသည်မှာကြာပါပြီ။ နမ့်ဆန်ထွက် လက်ဖက်ခြောက်များကို ငယ်ငယ်ကတည်းကမြင်ဖူး၏။ နမ့်ဆန်သည် တခြားသော ရှမ်းပြည်မြောက်ပိုင်း မြို့ရွာများနှင့် မတူ၊ သီးခြားရှိနေပြီး တောအထပ်ထပ် တောင်အသွယ်သွယ် ကျော်ရသည့်အတွက် သီပေါ၊ ကျောက်မဲ ဒေသခံများပင်လျှင် ကိစ္စထူးထွေရှိမှာသာ သွားရောက်ကြသည်။
သီပေါဈေးမှထွက်ပြီး နမ့်ဆန်-နမ္မတူ ဘက်သို့ သွားသည့်လမ်းကို ချိုးလိုက်တော့ မှတ်မှတ်ရရ မနှစ်က သည်အချိန် သီပေါဟော် သို့ ရောက်ခဲ့သည်ကို သတိရမိ၏၊
ထိုကာလက စစ်အစိုးရမှသည် ဒီမိုကရေစီအစိုးရသို့ ကူးပြောင်းကာစဖြစ်၍ သီပေါ စော်ဘွား မိသားစုဝင်များက ပြင်ပဧည့်သည်များကို လက်ခံ မတွေ့ဆုံရဲသေးပေ။ ယခုအချိန်တွင်တော့ နိုင်ငံခြားဧည့်သည်များကို လက်ခံနေပြီလား၊ သို့မဟုတ် ယခင်က ကဲ့သို့ မရဲ တရဲပဲလား မသိ။
ရှမ်းပြည်သည် မြန်မာဘုရင်များ လက်ထက်မှ ကိုလိုနီခေတ်တိုင် စော်ဘွားတို့၏ အုပ်ချုပ်ခံဒေသ ဖြစ်၏။ ထို့နောက် တရုတ်ဖြူ ကျူးကျော်စစ်ကို အကြောင်းပြု၍ စစ်တပ်များ ရောက်ရှိလာခဲ့ရာမှ ပြန်မသွားတော့။ နောက်ပိုင်း၌ စော်ဘွားများ ကိုယ်တိုင် အာဏာစွန့်လိုက်ရသည့် အဖြစ်သို့ ရောက်ရှိခဲ့သည်။
သီပေါမြို့အထွက် အမှတ်၂၃ ခြေလျင်တပ်ရင်းကို ကျော်တော့။ ပြီးခဲ့သည့် ရက်ကပဲ ရှမ်းပြည် တပ်မတော်နှင့် အစိုးရတပ်များမနီး မဝေးတွင် တိုက်ပွဲဖြစ်ပွားခဲ့သေးသည် ဆိုသည့်စကားကြောင့် ရင်တထိတ်ထိတ် ဖြစ်ရ၏။ သီပေါသည် တော်လှန်ရေးသမား၊ သူပုန် တို့ အဓိက ထွက်ရာ ဗဟိုချက် မဟုတ်ပါလား။
ဤဒေသ၏ အခြေအနေက တခြားသော ဒေသများနှင့်မတူ။ အစိုးရနှင့် သူပုန်တို့ ငြိမ်းချမ်းရေး မယူခင်က ရပ်ရွာ အေးချမ်းသည်ဟု သိရပြီး ငြိမ်းချမ်းရေး ယူပြီးနောက်တွင် သူပုန်တို့သည် မြို့အနီးတွင် လှုပ်ရှားလာကာ စီးပွားရေး လုပ်ငန်းရှင်များကိုပင် ဆက်ကြေး တောင်းခံမှုများ ရှိလာပြီဟု မြို့ခံများထံမှ သိရသည်။
သီပေါ-နမ်ဆန့် လမ်းဘေးဝဲယာ၌ ပြောင်းဖူးခင်းတွေက တမျှော်တခေါ်၊ ဒေသအခေါ် CP ပြောင်း(ဝါ) ကြက်စာပြောင်းသည် ဆူလွယ် နပ်လွယ် ငွေရပင် ဖြစ်သည့်အတွက် ရှမ်းပြည်တခွင် လွင်ပြင်ရော တောင်ကုန်းပါမကျန် တိုးချဲ့စိုက်ပျိုးနေကြ၏။
ကားပေါ်ပါလာသည့် ဒေသခံစိုက်ပျိုးရေးအရာရှိဟောင်း ဦးတင်မောင်သိန်းကတော့ လယ်စိုက်ဧက များစွာပင်လျှင် စပါး အစား ပြောင်းကို စိုက်ပျိုးနေကြပြီဟု ဆိုသည်။
နောင်ချိုမှာလည်း ပြောင်း၊ ကျောက်မဲမှာလည်း ပြောင်း၊ သီပေါမှာလည်း ပြောင်း၊ တောင်ပိုင်းရှမ်းပြည်လည်း ပြောင်း၊ တပြောင်း တည်း ပြောင်းဟု ကြွေးကြော်ကာ စိုက်ပျိုးနေသလား မသိ။
ပြောင်း စိုက်ပျိုးမှုက ငွေရ မှန်သော်လည်း ဒေသတွင်း စပါးအထွက် ကျဆင်းပြီး ဆန်ဈေးများ တက်မလာနိုင်ဘူးလား ဆိုသည့် မေးခွန်းကိုတော့ ဦးတင်မောင်သိန်းက ပြန်မဖြေဘဲ ပြုံး၍သာ နေ၏။
ထိုင်း အခြေစိုက် CP ကုမ္ပဏီကတော့ ဒေသတွင်းမှာပင် ကြက်မွေးမြူရေး ခြံကြီးများကိုလည်း ဖွင့်လှစ်ထားသေးသည်။
ရှမ်းရွာကလေးများကို ဖြတ်သွားသည့်အခါ ပလိုင်းကိုလွယ်၍ တမျိုး၊ ခေါင်းချိတ်၍တဖုံ၊ တောစီးဖိနပ် စီးကာ အုပ်စုလိုက် လယ်ထဲ ဆင်းမည့် လယ်သူမများ၊ ပခုံးစောင်းမှာ ထွန်းတုံးချိတ်ကာ ကျွဲကိုဆွဲလာသူများကို တွေ့မြင်ရသည်။ တချို့သောကလေးများက ကျွဲအုပ်ကို မောင်းနှင်ရင်း ဖြတ်သွားသည့်ကားကို ငေးကြည့်နေကြ၏။
တနေရာ၌ အစိမ်းရောင်ခြုံပုတ်များအကြား အမိုးနီနီရဲရဲနှင့် သုံးထပ်ဆောင် နှစ်လုံး သုံးလုံး ပါဝင်သည့် အဆောက်အအုံများကို တွေ့ရသည်။ ဤကား ရှမ်းပြည်နယ်ကို ဖြတ်သန်းသွားသည့် ဓာတ်ငွေ့ပိုက်လိုင်း၏ စခန်းထောက်ပင် ဖြစ်သည်။
သီပေါနှင့် ၁၈ မိုင် ဝေးသည့် ပန်လုံလမ်းခွဲသို့ရောက်လျှင်ပင် တောင်တက်လမ်း စပါပြီ။ ပန်လုံသည် ရွာကြီးတရွာ ဆိုသော်လည်း လမ်းဆုံတို့၏ ထုံးစံအတိုင်း လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များကား ပြည့်နှက်စည်ကားလျက်၊ တောင်ဘက်ကိုသွားလျှင် နမ္မတူ၊ အရှေ့ဘက်ကိုတက်ပါက နမ့်ဆန်ကို ရောက်သည်။
ကားကို တဖြည်းဖြည်းခြင်း မောင်းနှင်တက်သွားတော့ ပန်လုံရွာကို စီးမိုးမြင်နေရသည့် တောင်ထိပ်ကို ရောက်သည်။ အပေါ်မှကြည့် သောအခါ ပန်လုံရွာ၏ အလှကို အထင်းသား မြင်ရ၏။
ဤနေရာမှပင် စတင်ကာ တိမ်သားနှင့်တောင်ခိုး ဒွေးရောယှက်တင် ပြုကြလေပြီ။ လမ်းကလည်း စတင်ကျဉ်းလာ ကြမ်းလာ၏။ မူလက ကတ္တရာလမ်း ဖြစ်သော်လည်း ယခုအပေါက်အပြဲများနှင့် တချို့နေရာများ၌ ကျောက်တုံးကျောက်ခဲများပင် ပေါ်နေသည်။ သို့သော် သည်လမ်းပေါ်တွင် ပြေးဆွဲနေသော ကားများမှာ အပေါက်အပြဲ၊ အဖုအထစ်များကို မမှုကြပေ။
တောင်ကြောကို ကွေ့ပတ်ကာ ဖောက်လုပ်ထားသည့် လမ်းသည် မြေနီကိုလည်းဖြတ်၊ ကျောက်တောင်ကိုလည်း ကျော်၊ လျှိုကို လည်း ဆင်း၊ တခါတရံချောင်းကိုလည်း ကူးသေး၏။
လမ်းဘေး ဝဲယာကြည့်လိုက်လျှင် ချောက်ကမ်းပါးကြီးတလျှောက်နှင့် တောင်နံရံများတွင်ပေါက်နေသည့် စိမ်းစိုနေသော သစ်တော၊ ထင်းရှုးတော၊ ဝါးတောကြီးများမှာ တကယ်ကို စိမ့်ကြီးမြိုင်ကြီး။ တချို့နေရာများတွင် ကျောက်တောင် နံရံများမှ သဘာ၀ ရေထွက် များသည် တသွင်သွင် ကျလျှက်ရှိ၏။
နမ့်ဆန်မြို့ဘက်မှ မောင်းနှင်လာသည့် ယာဉ်ငယ်တစီးပေါ်တွင် ကမ္ဘာလှည့်ခရီးသွားများ လိုက်ပါလာသည်။ သူတို့သည် ဤဒေသ ၏ သဘာဝအလှကို နှစ်သက် သဘောကျပုံ ရ၏။
မကြာမီ နမ့်ဆန်မြို့နယ်အစ လီလုရွာကို ရောက်လေပြီ။ လီလုမှာ ရှမ်းရွာဖြစ်၏။ လီလု ရဲကင်းသည် နမ္မတူချောင်းထိပ် မေးတင်လျက်။ ဒုဋ္ဌဝတီမြစ်ဖျား ဖြစ်သည့် နမ္မတူချောင်းသည် အဝေးကကြည့်လျှင် ခပ်သေးသေးဟု ထင်ရသော်လည်း အနီးကပ်ကြည့်သော အခါ ချောင်းပြင်ကား ကျယ်သလောက်ရေစီးလည်း သန်သည်။
ယခင်က ကောင်းကင်ကြိုးနှင့် ရေစီးအားကို အသုံးပြု၍ ဖောင်ဖြင့် တဖက်ကမ်းသို့ ကူးရသော်လည်း ယခု သံဘေလီ တံတားဖြင့် လွယ်ကူစွာ ကူးနိုင်လေပြီ။
လီလုနှင့် နမ့်ဆန်သည် ၂၂ မိုင်ခန့် ဝေး၍ တောက်လျှောက် တောင်တက်လမ်း ဖြစ်သည်။ တချို့နေရာ၌ တောင်ပြိုကာ လမ်း ပိတ်ဆို့လု မတတ်။ လမ်းသည်လည်း ပို၍ပို၍ ကျဉ်းလာပြီး ကားတစီးနှင့်တစီး ဆုံလျှင် ရပ်တန့်ပေး၍ ရှောင်ရ၏။ လူသူ အသွားအလာလည်း ပို၍ပို၍ ပြတ်လာသည်။
ပေ ၆၀၀၀ ကျော် ၇၀၀၀ အထက်သို့ ရောက်လေလေ တိမ်နှင့်မြူခိုးများ ပိုမို၍ အုပ်ဆိုင်း လာလေလေ၊ တိမ်တွေပေါ် တိမ်တွေ အကြား ခရီးသွားနေရသည့်နယ်၊ တခါတရံ မိုးသက်လေနှင့် ရွေ့လျားပါလာသော တိမ်တိုက်တို့ကြောင့် တောင်ကြောကြီးတခုလုံး ရုတ်ခြည်း အမှောင်ကျသွား၍ ရှေ့သို့ပင် မမြင်နိုင်တော့ပေ။
အမြင့်တနေရာအရောက် နောက်သို့ပြန်ကြည့်လိုက်လျှင် မြေနီတောင်ကမ်းပါးရံကို ကပ်၍ ဖောက်ထားသည့် မြွေလိမ်မြွေကောက် သဖွယ် တွန့်လိမ်နေသော လမ်းကလေးကိုတွေ့ရသည်။ နက်စောက်သော တောင်ကမ်းပါးယံ တလျှောက် တောင်စောင်းတွင် စိုက် ပျိုးထားသည့် လက်ဖက်စိုက်ခင်းများကို မြင်ရ၏။
ချိုင့်ဝှမ်းအတွင်း မြူများဆိုင်းနေသော်လည်း ချိုင်းဝှမ်းကိုကာရံထားသည့် တောင်တန်းများပေါ်တွင် နေခြည်ဖြာထွက်ကာ ဝင်းပလျက် ရှိ၏။ နေခြည်အောက်၌ အနီအပြာရောင်စုံ မိုးကာများ ဝတ်ကာ လက်ဖက်ခူးနေသူများကိုလည်း တွေ့ရသည်။
စခန်းသာရွာဆိုသည့် ပလောင်ရွာကြီး အရောက် သိသိသာသာ ပိုအေးကာ မိုးနှင်းမြူများကလည်း ပိုမိုကျလာ၏။ ရွာထိပ်ရှိ ကြီးမား လှသည့် ညောင်ပိန္နဲပင်ကြီးသည် မိုးမှုန်များကြားတွင် ထီးထီးကြီးလှပစွာ တည်ရှိနေသည်။
မန်ကန်၊ ဟိုခစ်၊ ဘုရားကြီး၊ မန်ခိုက် စသည့် ပလောင်ရွာကြီးများသည် ကုန်းစောင်းတွင် တည်ဆောက်ထားပြီး လက်ဖက်စိုက်ခြင်း၊ လက်ဖက်ခူးခြင်းဖြင့် အသက်မွေးသည့်ရွာများ ဖြစ်သည်။
ပြီးခဲ့သည့် နှစ်များအတွင်းကမူ လက်ဖက်ဆိုးဆေး ဂယက်ကြောင့် ဈေးကွက် ကမောက်ကမဖြစ်ခြင်း၊ ပလောင်ဒေသ အတွင်း လက်နက်ကိုင် လှုပ်ရှားမှုများ ရောက်ရှိလာကာ လူသူစုဆောင်းခြင်း၊ ဆက်ကြေးများ ကောက်ခံခြင်းတို့ကြောင့် လူငယ်အများစုမှာ မိရိုး ဖလာ လက်ဖက်လုပ်ငန်း ကိုစွန့်၍ တရုတ်နိုင်ငံဘက်တွင် သွားရောက် အလုပ်လုပ်ကိုင်နေကြရ လေပြီ။
စခန်းသာရွာ အလွန်မှာတော့ နိုင်ငံခြားသား ခရီးသွားနှစ်ဦး ဆိုင်ကယ်ကိုယ်စီဖြင့် မိုးကာများ ဝတ်ဆင်ကာ ဂစ်တာကျောပိုးလျက် အပြုံးမပျက် တောင်အောက်ကို ပြန်ဆင်းလာသည်နှင့် ဆုံရ၏။
တကယ်တော့ မကြာသေးမီက တိုက်ပွဲများကြောင့် ဤနယ်မြေကို အညိုရောင်နယ်မြေအဖြစ် သတ်မှတ်ကာ ပြည်ပခရီးသွားများနမ့်ဆန်ဒေသသို့ လာရောက်ခြင်းကို ယာယီ ပိတ်ပင်ထားသော်လည်း ၎င်းတို့ကား ကိုယ့်နည်းကိုယ့်ဟန်ဖြင့် သွားရောက် လည်ပတ် နေသူများသာ ဖြစ်၏။
နမ့်ဆန် ဆိုသည်ကား ရှမ်းစကားဖြစ်ပြီး မြန်မာလို ရေတုန်ဟု အဓိပ္ပာယ်ရ၏၊ တချို့ကလည်း ခိုက်ခိုက် တုန်အောင် ချမ်းသောမြို့ဟု ဆိုသည်။ ပလောင်လူမျိုးများ နေထိုင်ရာ မြို့တော်ဖြစ်ပြီး ရှေးယခင်က တောင်ပိုင် စော်ဘွား၏ အုပ်ချုပ်ခံဖြစ်သည်။ အဓိကအားဖြင့် လက်ဖက် စိုက်ပျိုး ထုတ်လုပ်ရေးနှင့် အသက်မွေးကြပြီး မြို့ပေါ်တွင် ဈေးဆိုင်များဖွင့်လှစ်ကာ အရောင်းအဝယ်ပြုလုပ်ကြသည်က များ၏။
နမ့်ဆန်သည် ဆွစ်ဇာလန် နိုင်ငံ၏ တောင်ပေါ်ဒေသလေးနှင့် တူသည်ဟု ဆိုကာ ယခင်က နိုင်ငံခြားသား ခရီးသွား အများအပြား လာရောက်ကြသည်ဟု ဒေသခံများက ပြောပြသည်။
ကမ္ဘာလှည့် ခရီးသွားများသည် နမ့်ဆန်ဒေသ၏ စိမ်းစိုသော တောတောင်များအကြား ကွေ့ကွေ့ကောက်ကောက် လမ်းပေါ်များတွင် လမ်းလျှောက်၊ တောင်တက်၊ စက်ဘီးစီးခြင်းများ ပြုလုပ်ချင်ကြမည်၊ တောင်စောင်းတွင် စိုက်ထားသည့် ညီညာသော လက်ဖက်ခင်း များကို ကြည့်ကာ သဘာဝအလှများကို ခံစားချင်မည်မှာ မလွဲပေ။
ဤအချိန်သည် ကမ္ဘာလှည့်ခရီးသွား အလာကျဲပါးသည် ဆိုသော်ငြား ခရီးသွားများ အုပ်စုလိုက် လာရောက်လျက် ရှိနေသေးသည် ကို တွေ့ရ၏။
သို့သော် တည်းခိုစရာ နေရာထိုင်ခင်း မလုံလောက်ပေ။ ကျောက်မဲမြို့၌ပင် နိုင်ငံခြားသားများ တည်းခိုနိုင်သော ဟိုတယ် တခုသာရှိ၏။ ထို့အတွက် တည်းခိုသူအနေဖြင့်လည်း ရွေးချယ်စရာမရှိသလို အပြိုင်အဆိုင် မရှိသည့်အတွက် ဝန်ဆောင်မှုပိုင်းတွင် လိုအပ်ချက်လည်း ရှိနိုင်မည်။
နိုင်ငံခြားသားများကို လက်ခံ၍ ဟိုတယ်လုပ်ငန်း လုပ်ကိုင်ချင်ကြသည့် တခြားသောသူများ ရှိသည်။ အမေရိကန် ဒေါ်လာ ရယူ လို သည်။ သို့သော် မည်သည့်အတွက် ဟိုတယ်လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် မရသည်မသိ။
အကယ်၍ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းသာ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်ပါက ရှမ်းပြည်နယ်သည် ယင်းဝင်ငွေနှင့်ပင် ရပ်တည် ကာ ဒေသ ဖွံ့ဖြိုးရေးကို လုပ်နိုင်မည်။ ဒေသခံတို့လည်း တရုတ်ပြည်နှင့် ထိုင်းနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်မှု နည်းပါးသွားမည်ဟု ထင်မိသည်။
ရှမ်းပြည်နယ်၏ သဘာဝအလှနှင့် ခရီးသွားလုပ်ငန်းအကြောင်း အတွေးနယ်ချဲ့နေဆဲမှာပဲ ပင်လယ် ရေမျက်နှာပြင် အထက် ၅၃၃၂ပေ မြင့်သည့် နမ့်ဆန်မြို့အတွင်းသို့ ဝင်လာခဲ့လေပြီ။ ။