ရွှေတိဂုံစေတီတော်နဲ့ ရန်ကုန်မြို့ကို နှုတ်ဆက်ပြီး ညနေ ၅ နာရီလောက်မှာ လေယာဉ်ကွင်းဆီ ကျနော် ထွက်လာပါတယ်။ ကျနော်စီးဖူးသမျှ တက္ကစီသမား အားလုံး ဘာကို မကျေမနပ် ဖြစ်နေမှန်းမသိပါ။ တချိန်လုံး မြည်တွန်တောက်တီးနေပြီး တွေ့သမျှကား၊ တွေ့သမျှလူတွေကို ဆဲဆိုကြိမ်းမောင်းနေတာ တွေ့ရပါတယ်။ ခရီးသည်ကိုလည်း လမ်းကြုံလိုက်လာ သူလိုသဘောထားပြီး တက္ကစီမောင်းရင်း ဆေးလိပ်သောက်ချင်သောက်၊ ကွမ်းတံတွေး ထွေးချင်ထွေး လုပ်နေတာတွေ့ရပါတယ်။
လေဆိပ် Check In ထဲရောက်ပါပြီ။ နိုင်ငံတကာ လေယာဉ်ကွင်းတွေမှာလိုပဲ “တီတီ-တီတီ” မြည်တဲ့ စစ်ဆေးရေး ကိရိယာတွေနဲ့ အသေအချာ စစ်ပါတယ်။ ဝန်ထမ်းတွေရဲ့ Professional ဖြစ်မှုကို သိချင်တာနဲ့ ကွန်ပြူတာအိတ်ထဲက ရေပုလင်းကို မထုတ်ဘဲ ဒီအတိုင်း ထည့်ထားပါတယ်။ ပြီးတော့ လက်ကိုင်ဖုန်း၊ ပိုက်ဆံအိတ်၊ ခါးပတ်၊ အကြွေတွေကို ဘာမှမဖြုတ်ဘဲ ဘောင်းဘီအိတ်ထဲ ဒီတိုင်းထားပြီး X-ray ကိုဖြတ်ပါတယ်။ စက်က “တီတီ-တီတီ” မြည်ပေမယ့် ဝန်ထမ်းတွေက ဘာမှ ပြန်မထုတ်ခိုင်းပါ။ ဘောင်းဘီအိတ်ကို လက်နဲ့စမ်းပြီး လက်ကိုင်ဖုန်းလား။ ပိုက်ဆံအိတ်လားလို့ မေးပြီး ဒီအတိုင်းပဲ လွှတ်လိုက်ပါတယ်။ ပိုဆိုးတာက ကွန်ပြူတာအိတ်ထဲက ရေပုလင်း။
|
အရင် ထားဝယ်ဘက်သွားစဉ် လေယာဉ်စီးတုန်းကလည်း အလားတူ ကြုံခဲ့ရဖူးပေမယ့် ဒါဟာ ပြည်တွင်းမို့လို့ ခပ်ပေါ့ပေါ့ လုပ်တာဖြစ်မယ်။ အပြည်ပြည်ဆိုင်ရာ လေဆိပ် ဆိုရင်တော့ အသေအချာ စစ်လောက်ပါတယ်လို့ ထင်ထားခဲ့တာပါ။ အခုတိုင်းဆိုရင်တော့ လေယာဉ်ကွင်း လုံခြုံရေးဝန်ထမ်းတွေက တာဝန်ကို သိပ်အလေးနက် ထားပုံမရ။ ဘန်ကောက်က သုဝဏ္ဏဘူမိလေဆိပ်နဲ့ တခြားလေဆိပ်တွေမှာ ဒါမျိုးမရပါ။ မဲဆောက်လို နယ်စပ်က လေဆိပ်မှာတောင် ဒါမျိုးမရ။ ကျနော် ကွန်ပြူတာအိတ်ထဲက ရေပုလင်းကို မဲဆောက်မှာ ထုတ်ပေးခဲ့ရပါတယ်။ သုဝဏ္ဏဘူမိ လေဆိပ်မှာဆိုရင် ရေပုလင်းမပြောနဲ့ သွားနှုတ်ထားလို့ ခံတွင်းရှင်းဖို့ ပေးလိုက်တဲ့ အရည်တောင် သယ်ခွင့်မပေး။ နောက်ဆုံး သူတို့ရှေ့မှာ ခံတွင်းကျင်းပြခိုင်းပြီးမှ ပြန်သယ်ခွင့်ပေးပါတယ်။
သုဝဏ္ဏဘူမိလေဆိပ်မှာ ငွေလဲဖို့ မေ့ခဲ့လို့ နောက်နေ့ ဘန်ကောက်မြို့လယ်က ငွေလဲကောင်တာတခုမှာ မြန်မာငွေ လဲဖို့လုပ်တော့ သူတို့ ကောင်တာမှာ မြန်မာငွေ လဲပေးဖို့ အစီအစဉ် မရှိသေးဘူးဆိုတာ သိရပါတယ်။ ရှိတဲ့ နော်ဝေငွေနဲ့ လဲလှယ် ပြီးတော့ နယ်စပ်ကို ခရီးဆက်ဖို့ ပြင်ပါတယ်။
ဒီတကြိမ် ခရီးစဉ်က ၂၅ နှစ်အတွင်း ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ်ဖြစ်သလို နယ်စပ်ဒေသရဲ့ နောက်ဆုံး ခရီးစဉ်လည်း ဖြစ်သွားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် နယ်စပ်ဒေသရှိ အဖွဲ့အစည်း အတော်များများက အပစ်အခတ် ရပ်စဲရေးလုပ်ပြီး ပြည်တွင်းကို ပြန်ဝင်ဖို့ ကြိုးစားနေကြတဲ့အတွက် နောက်တကြိမ် ကျနော် နယ်စပ် ပြန်ရောက်ရင် ဒီအဖွဲ့တွေက နယ်စပ်မှာ ဆက်ရှိ၊ မရှိ မသေချာတော့ပါ။ ဒါကြောင့် ဘန်ကောက်မှာ တည်းတာတောင် အရင်တည်းနေကျ သတင်းဌာနတွေရှိရာ မြို့လယ်မှာ မတည်းတော့ဘဲ တချိန်က ကျနော်တို့ ABSDF ကျောင်းသားတွေ၊ ဒုက္ခသည်တွေ အကြာကြီးနေခဲ့ဖူးတဲ့ ဘန်းကပိဘက်က The Mall ကုန်တိုက်ကြီးနားမှာ သွားတည်းပါတယ်။ တချိန်က ကျနော်တို့ စီးခဲ့ဖူးတဲ့ ဘန်းကပိ-ပတူနန် မြောင်းပုတ်အတိုင်းပြေးတဲ့ စက်လှေကို အလွမ်းပြေစီးပါတယ်။
နောက်တနေ့ မနက်မှာတော့ နယ်စပ်ခရီးစဉ်အဖြစ် ဘန်ကောက်ကနေ စန်ခရပူရီကို ဆင်းပါတယ်။ စန်ခရပူရီ ရေအိုင်ကြီးက အတော် ခန်းခြောက်နေပြီး သစ်သား တံတားကြီးကိုလည်း ပြန်လည် ပြုပြင်ထားတာတွေ့ ရပါတယ်။ ဘုရားသုံးဆူ နယ်စပ်ဂိတ်ဆီ ရောက်ပေမယ့် မြန်မာဘက်ခြမ်းကို ကျနော် မဝင်ရဲသေးပါ။ ဗီဇာ လျှောက်ပြီး ရန်ကုန်အထိ သွားရဲပေမယ့် နယ်စပ် ပြန်ရောက်တဲ့ အခါမှာတော့ စစ်သားတွေ၊ ရဲတွေကို မြင်ရင် အရင်လို ခပ်တန်းတန်း ဖြစ်နေတဲ့စိတ်က လျှော့ချလို့မရသေး။
အပြန်လမ်းပေါ်က စန်ခလယ်ရွာမှာ ခဏနားပြီး အမှတ်တရ ပစ္စည်း ဝယ်ရင်းနဲ့ “အရင်ကျောင်းသား တပ်ရင်းနဲ့ မွန်ဗဟိုရှိတဲ့ နန်းမကိတ်ရွာက အခုဘယ်ရောက်သွားပြီလဲ” လို့ ဆိုင်ဝန်ထမ်းတဦးကို မေးလိုက်ပါတယ် ထိုင်းလိုပြောနေတဲ့ ဆိုင်ဝန်ထမ်းဟာ ချက်ချင်း မွန်သံဝဲတဲ့ မြန်မာသံအဖြစ် ပြောင်းသွားပြီး “ဟိုရှေ့မှာ အစ်ကိုတို့ ဖြတ်လာတဲ့ တောချတောဂိတ်ဟာ ကျောင်းသားစခန်း နေရာပဲပေါ့” လို့ဖြေပါတယ်။ ပြီးတော့ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ABSDF ကျောင်းသားစခန်းတွေ အကြောင်း၊ ဘုရားသုံးဆူ တိုက်ပွဲအကြောင်း တစွန်းတစ ပြောဖြစ်ခဲ့ပါတယ်။ စန်ခရက အပြန်မှာတော့ ကျနော်တို့ ABSDF (၂၀၁) တပ်ရင်း တပ်ခွဲ (၂) စခန်း ထိုင်ခဲ့တဲ့ နတ်အိမ်တောင် စခန်းဆီ သွားပါတယ်။ လွန်ခဲ့တဲ့နှစ် ၂၀ ဝန်းကျင်က ဒီလမ်းကို လိုင်းကားစီးပြီး မကြာခဏ သွားဖူးခဲ့ပေမယ့် အခုတော့ ကျနော် ငှားလာတဲ့ ကားသမားက ဒီလောက် ကျဉ်းမြောင်းပြီး အကွေ့အကောက်များ၊ အတက်အဆင်း များလှတဲ့အပြင် လူသူမရှိတဲ့လမ်းကို သူမလိုက်ရဲဘူးလို့ ငြင်းနေတဲ့အတွက် ဒုက္ခရောက်နေပါတယ်။
တောင်တက်လမ်းဝမှာ ရှိတဲ့ ရဲစခန်းဆီမှာ ဝင်မေးပြီး ဒီလမ်းက လုံခြုံရေး စိတ်ချရပါတယ်ဆိုမှ သူက ဆက်မောင်းပါတယ်။ “နယ်စပ်ရောက်တာနဲ့ ငါ့ကို ရိုက်ပုတ်ပြီး ငါ့ကားကို မြန်မာနယ်ထဲ ယူသွားရင် ဘယ်လိုလုပ်မလဲ” တဲ့။ ဒါက ကားသမားဘက်က စိုးရိမ်မှု။ သူကားကလည်း နောက်ဆုံးပေါ် ဖိုးဝှီးကားဆိုတော့ စိုးရိမ်သင့်ပါတယ်။ ဒါပေမယ့် ကျနော်က ဒါတွေကို မစဉ်းစားမိ။ ကိုယ်သွားချင်တဲ့ နေရာဆီရောက်ဖို့ တခုတည်းကိုသာ သိတဲ့လူ။ နောက်ဆုံးမှာတော့ အကွေ့အကောက်ကများ၊ မိုးကရွာ၊ တောင်ကပြို၊ သစ်တောကထူတဲ့ ကီလိုမီတာ ၃၀ ဝန်းကျင်ရှိ တောလမ်းကို ခဲရာခဲဆစ် ဖြတ်ပြီးတဲ့နောက် တချိန်က ကျနော်တို့ ကျောင်းသားတွေ နေခဲ့ဖူးတဲ့ နတ်အိမ်တောင်ရွာဆီ ရောက်လာပါတယ်။ ရွာအလွန် ကျောက်ပုံ နယ်စပ်ဂိတ် တည့်တည့်ပေါ်မှာတော့ ရတနာ သဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်ထားတဲ့ ၀၀၀ မှတ်တိုင်။ မှတ်တိုင်ရဲ့ ဘယ်ဘက်မှာ အမှတ် (၂၀၈) တပ်ရင်း ဆိုင်းဘုတ်ကြီးနဲ့ လုံခြုံရေး စစ်သားတွေ။ မှတ်တိုင်ရဲ့ ယာဘက်မှာတော့ “ထိုင်းနှင့်မြန်မာ ကမ္ဘာတည်သရွေ့ ချစ်ကြည်စွာ နေထိုင်ကြမည်” လို့ ရေးထားတဲ့ ဆိုင်းဘုတ်ကြီး တခု။
လွန်ခဲ့တဲ့ နှစ် ၂၀ ဝန်းကျင်။ အတိအကျ ပြောရမယ်ဆိုရင် ၁၉၈၈ စက်တင်ဘာလကနေ ၁၉၉၁ ဒီဇင်ဘာအထိ ဒီဒေသဟာ ကျနော်တို့ ကျောင်းသားတွေနဲ့ KNU စခန်းနေရာတွေပေါ့။ အခု တပ်ရင်း (၂၀၈) ထိုင်ထားတဲ့ နေရာဟာ ABSDF (၂၀၁) တပ်ရင်း တပ်ခွဲ (၂) ထိုင်တဲ့ “ကျောင်းသားကုန်း” ပေါ့။ ၁၉၉၁ နှောင်းပိုင်းမှာ ဒီဒေသကို နဝတ က ထိုးစစ်ဆင် သိမ်းပိုက်ပြီး ရတနာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း ဆိုတာ ပေါ်ပေါက်လာခဲ့တာလေ။ ချစ်ကြည်ရေး ဆိုင်းဘုတ်နောက်က တောင်ကုန်းပေါ် တက်လိုက်တော့ အလံတိုင်းကုန်းကို တွေ့ရပြီး မြန်မာ-ထိုင်း အလံနှစ်ခုကို ယှဉ်ပြိုင် လွှင့်ထူထားတာ တွေ့ရပါတယ်။ အဲဒီ အလံတိုင်းကုန်းပေါ်ကနေ မြန်မာဘက်ကို ကြည့်လိုက်မယ် ဆိုရင် တိုတယ်ကုမ္ပဏီရုံးခန်းနဲ့ ရဟတ်ယာဉ်ကွင်း။ ပြီးတော့ နတ်အိတ်တောင်ကနေ ကန်ကောက် အထိ ဖောက်ထားတဲ့ ဓာတ်ငွေ့ပိုက်လိုင်းနဲ့ မြေနီလမ်းကြောင်းကြီးကို လှမ်းမြင်နေရပါတယ်။
မြန်မာဘက်ကို ဝင်လည်လို့ ရတယ်ဆိုပေမယ့် ရှေ့မှာတင်ပြခဲ့တဲ့အတိုင်း ရန်ကုန်အထိ သွားရဲတဲ့ကျနော်ဟာ နယ်စပ်က စစ်သားတွေကိုတွေ့ရင် အရင်သူပုန်စိတ်ခံက မပျောက်သေးတဲ့အတွက် စိတ်ထဲမှာ စိုးရိမ်မှုက ရှိနေဆဲ ဖြစ်ပါတယ်။ ဒီတော့ အရင်ခရီးစဉ်တွေ တုန်းကလိုပဲ လိုအပ်တာတွေကို ခပ်မြန်မြန်ကြည့်၊ ခပ်မြန်မြန်ရိုက်ယူပြီး ၁၅ မိနစ်လောက်အတွင်း ကိစ္စပြီးအောင် ကြိုးစားရပါတယ်။ တိုတယ်ကုမ္ပဏီနဲ့ တခြားဆိုင်းဘုတ်တွေကို အသေအချာ ဓာတ်ပုံရိုက်ရဲပေမယ့် မြန်မာစစ်စခန်းတွေ၊ စစ်သားတွေကို ဓာတ်ပုံချိန် ရိုက်ဖို့တော့ တွန့်ဆုတ်နေဆဲ။ သူတို့ရဲ့ အမေးအမြန်းခံရမှာကို စိုးရိမ်နေဆဲ ဖြစ်ပါတယ်။ နတ်အိမ်တောင်ရွာထဲ ခဏဝင်ပြီး တချိန်က ကျနော်တို့ နေခဲ့ဖူးတဲ့အိမ်တွေ၊ အသိမိတ်ဆွေတွေကို လိုက်နှုတ်ဆက်ဖို့ ပြင်ပေမယ့် ကျနော်နဲ့သိသူ သိပ်မရှိတော့ပါ။
နတ်အိမ်တောင်ကအပြန် နောက်တရက်မှာတော့ ထားဝယ် ခရီးစဉ်တုန်းက သွားခွင့်မကြုံလိုက်တဲ့ ကန်ချနပူရီ-ထားဝယ် ကားလမ်းပေါ်က ထီးခီးစခန်းကိုဝင်ဖို့ ကျနော် ကြိုးစားပါတယ်။ ကန်ချနပူရီနဲ့ ဘန်းကောင် (ရွာဟောင်း) အထိ အရင် လမ်းဟောင်းအတိုင်း နည်းနည်း ပြုပြင်ထားတာကိုသာ မြင်ရပေမယ့် ဘန်းကောင်နဲ့ ဖုနန်းလွန့် (နယ်စပ်ရှိ ထိုင်းဖက်ကမ်းက နောက်ဆုံးရွာ) ရွာအကြား ကားလမ်းကိုတော့ လုံး၀ တိုးချဲ့ပြီး အသစ်ပြုပြင်နေတာ တွေ့ရပါတယ်။ ဖုနန်းလွန်ရွာထိပ်၊ အရင်က ကျနော်တို့ကျောင်းသားတွေ တောထဲကနေ ထွက်လာပြီး ကန်ချနပူရီသွားဖို့ ညအိပ် ဘတ်စကားစောင့်ရတဲ့ ဘုန်းကြီးကျောင်းရှေ့က မြေနီလမ်းဟာ အခု တကယ့် ဧရာမ ကတ္တရာလမ်းကြီး ဖြစ်နေတာ တွေ့ရပါတယ်။
အဲဒီလမ်းပေါ်မှာ အဖြူ-အနီ ဆေးသုတ်ထားပြီး သံပိုက်လုံးနဲ့ ပိတ်ထားတဲ့ နယ်စပ်လုံခြုံရေးဂိတ်။ ဂိတ်ဘေးမှာတော့ အကောက်ခွန်ဌာနနဲ့ လူဝင်မှုကြီးကြပ်ရေးဌာန။ လမ်းရဲ့ ဟိုဖက်ခြမ်းမှာတော့ တောချတောခေါ် နယ်ခြားစောင့် တပ်စခန်းတခု။ အဲဒီစခန်းတွေမှာ ကိုယ်ရဲ့ နိုင်ငံကူးလက်မှတ်ကို ပြပြီးရင် ရှေ့ဘက် ၅ ကီလိုခန့် အကွာရှိ မြန်မာနယ်စပ် ထီးခီးအထိ သွားခွင့်ပေးပါတယ်။ ၅ ကီလိုမှာ ၄ ကီလိုကိုပဲ ကတ္တရာခင်းထားပြီး ကျန်တကီလိုကိုတော့ မြေနီလမ်း လုပ်ထားပါတယ်။ အဲဒီမြေနီလမ်းအတိုင်း ကားမောင်းဝင်လာတော့ အရင်က KNU ရဲဘော်တွေ ကျနော်တို့ ကျောင်းသားတွေကို ခဏခဏ တားပြီး စစ်တဲ့ဂိတ်နေရာဟာ အခုတော့ ထိုင်းစစ်သားတွေ ထိုင်နေတဲ့ဂိတ် ဖြစ်နေတာကို တွေ့ရပါတယ်။
အဲဒီဂိတ်ကိုကျော်ပြီး ဝင်သွားမယ် ဆိုရင်တော့ ထိုင်းနယ်မြေကိုကျော်ပြီး မြန်မာပိုင်နက်ထဲ ရောက်သွားပြီ ဖြစ်တဲ့အတွက် ထိုင်းဘက်က ကားတွေ ဝင်ခွင့်မရှိတော့ပါ။ ကားကိုဂိတ်မှာထား၊ ၁၀ မိနစ်လောက် လှမ်းလျှောက် ဝင်သွားတော့ ထိုင်း-မြန်မာ နှစ်ဘာသာနဲ့ ရေးထားတဲ့ နယ်စပ်ဆိုင်းဘုတ်နဲ့ ကားကို လက်ယာဘက် ကပ်မောင်းပါဆိုတဲ့ ဆိုင်းဘုတ်တွေကို တွေ့ရပါတယ်။ ထိုင်းဘက်မှာ လက်ဝဲကပ်ပြီး မြန်မာဘက်မှာ လက်ယာ ကပ်မောင်းဖို့ သတိပေးထားတာပါ။ ထိုင်းဖက်က ဝင်လာတဲ့ ဧည့်သည်တွေ နောက်ဆုံး သွားလို့ရတဲ့နေရာမှာ ဓာတ်ဆီဆိုင် အသေးစားတခုနဲ့ တိုလီမိုလီရောင်းတဲ့ ဆိုင်တခုရှိပြီး အဲဒီဆိုင်နဲ့ မျက်နှာချင်းဆိုင် တောင်ကုန်း ပေါ်မှာတော့ ဆောက်လုပ်ဆဲ မြန်မာ စစ်တပ်စခန်းတခုကို လှမ်းမြင်နေရပါတယ်။ တောင်ခြေရင်းက မင်းသမီး ချောင်းဖျားမှာတော့ အီတလီ-ထိုင်း ဆောက်လုပ်ရေးကုမ္ပဏီမှ ယာယီအိမ်ယာတချို့။ အဲဒါတွေကိုကျော်ပြီး မြန်မာနယ်ထဲ ဝင်မယ်ဆိုရင် သီးခြားခွင့်ပြုချက် တောင်းဖို့လိုပါတယ်။ တကယ်လို့ မြန်မာနိုင်ငံသားဆိုရင် ဒါမှမဟုတ် ဒေသခံဆိုရင်တော့ ဆိုင်ကယ်နဲ့ ဒီတိုင်း သွားလို့ရတယ်လို့ ဆိုပါတယ်။
တချိန်က ဒေသခံဖြစ်ခဲ့ဖူးပြီး ဒီအရပ်မှာ ၁၀ နှစ်ကျော် နေခဲ့ဖူးတဲ့ ကျနော်ဟာ အခုတော့ မြန်မာနိုင်ငံသားလည်း မဟုတ်၊ ဒေသခံအဖြစ်လည်း စာရင်းမပေါက်တော့တဲ့ အတွက် ဒီနေရာကိုကျော်ပြီး ရှေ့တိုးခွင့် မရှိပါ။ ကျနော်တို့ ABSDF ရဲဘော်တွေရဲ့ အာဇာနည်ကုန်းရှိရာ နောက်ထပ် နာရီဝက်လောက် ကားထပ်မောင်းရင် ရောက်နိုင်တဲ့ အမရာ (မင်းသမီးစခန်း) စခန်းဆီ သွားခွင့်မရဘဲ ပြန်လှည့်လာခဲ့ရပြန်ပါတယ်။ (နောက်ဆုံး သတင်းတွေအရ ထီးခီး နယ်စပ်ဂိတ်ကို ထိုင်းဘက်ကပါ ဖွင့်ပေးလိုက်တဲ့အတွက် ထားဝယ်ကနေ ထီးခီးအထိ မြန်မာလိုင်းကားတွေ ပြေးနေပါတယ်။ ထီးခီး-ဖုနန်လွန် ကနေ မဟာချိုင်အထိ ထိုင်းဘက်က လိုင်းကား တွေပြေးနေပြီလို့ သိရပါတယ်)
ထီးခီး၊ အမရာ၊ ထီးထာ၊ အမို စသဖြင့် ဒီဒေသတလျှောက်ကို ၁၉၉၇ မှာ လက်လွတ် ဆုံးရှုံးခဲ့ရတဲ့ ABSDF (၂၀၁) တပ်ရင်းနဲ့ (၂၀၃) က ကျောင်းသား အတော်များများ တတိယနိုင်ငံတွေဆီ ရောက်သွားကြပြီ ဖြစ်ပေမယ့် မဟာမိတ် KNU တွေကတော့ ဒီစခန်းတွေရဲ့ အောက်ဖက် မယ်ဖျာခီးနဲ့ ရတ်ချပူရီနယ်စပ် တလျှောက်မှာ အခိုင်မာ တပ်စခန်းတွေ ရှိနေဆဲ ဖြစ်ပါတယ်။ သူတို့နဲ့တွေ့နိုင်ဖို့ ဖုနန်းလွန်ကနေ နယ်စပ် လမ်းတလျှောက်ကိုဖြတ်ပြီး ရတ်ချပူရီခရိုင်ထဲက စဝမ်ဖီးမြို့နယ်ထဲ ကျနော်ရောက်လာပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က မြေနီလမ်းအဆင့်သာ ရှိသေးတဲ့ ဒီနယ်စပ်လမ်း တလျှောက်ဟာ အခုတော့ ကတ္တရာလမ်း အကောင်းစား ဖြစ်နေပါပြီ။ တချိန်က သေနတ်သံတွေ ကြားနေရတဲ့ ဒီလမ်းတလျှောက်ဟာ အခု တော့ အေးချမ်းငြိမ်သက်နေပြီး ဥယျာဉ်ခြံတွေ၊ အပန်းဖြေစခန်းတွေနဲ့ ပြည့်နှက်လို့။
လူဦးရေ ၈၀၀၀ ဝန်းကျင် ရှိနေဆဲဖြစ်တဲ့ ထန်းဟင် ဒုက္ခသည် စခန်းဆီ မဝင်ခင် တဂိုလမ်းရွာထိပ်က စားသောက်ဆိုင်မှာ နေ့လည်စာစားတော့ ချေသားနဲ့ တောဝက်သား အပါအဝင် တောကောင်းသားတွေ လတ်လတ်ဆတ်ဆတ် ရတယ်လို့ ဆိုပါတယ်။ တဖက်က သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးနဲ့ သစ်တော ထိမ်းသိမ်းရေး အကြောင်း ပြောနေပေမယ့် တဖက်ကလည်း လတ်ဆတ်တဲ့ တောကောင်အသားတွေ့ရင် မစားဘဲ မနေနိုင်။ တဂိုလမ်းကနေ ထန်ဟင်းစခန်းထဲ ရောက်တော့ ညနေ ၄ နာရီ ကျော်နေပြီ။ “ဓာတ်ပုံ မရိုက်ဘူးလို့ အာမခံချက်ပေးရင် စခန်းဝအထိ ဝင်ခွင့်ပေးမယ်” လို့ အောဆော်လို့ ခေါ်တဲ့ ဒုက္ခသည်စခန်းစောင့် ပြည့်သူစစ်အရာရှိက ကျနော့်ကို ပြောပါတယ်။
ကင်မရာကို အိတ်ထဲထည့်ပြီး စခန်းထဲဝင်လာတော့ စခန်းရှေ့က ဈေးတန်းအထိပဲ ကျနော့်ကို သွားခွင့်ပေးပြီး စမ်းချောင်းငယ်လေးတခု ခြားနေတဲ့ ဒုက္ခသည်စခန်းထဲ အထိတော့ ဝင်ခွင့်မပေးပါ။ အဲဒီထဲ ဝင်ချင်ရင် စဝမ်ဖီးမြို့နယ် အုပ်ချုပ်ရေးမှူးဆီက လက်မှတ်ပါမှ ရမယ်လို့ ဆိုပါတယ်။ ခရီးကြုံတုန်း ခဏဝင်လာ တဲ့ကျနော်က အဲဒါတွေကို ယူနေဖို့ အချိန်မရှိ။ ဒီတော့ စခန်းကော်မတီထဲက လူတယောက်ယောက်နဲ့ ညှိပြီးရင် ဝင်ခွင့်ရမယ်လို့ပဲ ထင်ထားခဲ့တာပါ။ ဒါပေမယ့် ပြဿနာက ဈေးဆိုင်တန်းအတွင်း စကားပြောကြည့် မိသလောက် လူတွေထဲမှာ ကျနော်ကိုသိသူ တဦးမှမရှိ။ လွန်ခဲ့တဲ့ ၁၆ နှစ် ၁၉၉၇ မင်းသမီးစခန်း ကျစဉ်က အတူတူ ထွက်ပြေးလာခဲ့တဲ့ လူအများစု တတိယနိုင်ငံ ထွက်ကုန်လို့ လူဟောင်းတွေ မရှိတော့ဘဲ နောက်ထပ်ရောက်လာတဲ့ လူသစ်တွေက အများစု ဖြစ်နေပုံရပါတယ်။
ကျနော်ကို သိမယ်လို့ လုံးဝထင်မထားတဲ့ ပုဂံမြို့က ဟိုတယ်မန်နေဂျာက ကျနော်ကို သိနေပြီး ကျနော့်ကို သိလိမ့်မယ်လို့ လုံး၀ ယုံကြည်ထားတဲ့ ဒုက္ခသည်စခန်းက လူတွေက ကျနော်ကို မသိဘူးဆိုတော့ အတော် စိတ်ညစ်သွားပါတယ်။ တကယ်က မသိရုံတင် မကပါဘူး။ နိုင်ငံခြားက ပြန်လာတဲ့ မြန်မာတဦးက သူတို့စခန်းထဲ ဘယ်လိုလုပ် ရောက်လာတာလဲ၊ ကမ္ဘာလှည့်ခရီးသည် လာလည်တဲ့နေရာလည်း မဟုတ်ဘဲနဲ့ ဒီမြန်မာ ဘာလာလုပ်တာာလဲ၊ ဒီလူ မြန်မာသူလျှိုလား ဆိုပြီးတောင် သူတို့က သံသယ ဝင်လာလို့ မနည်း ရှင်းပြပြီး ပြန်ပြေးလာရပါတယ်။ ခက်တော့ ခက်သား။ KNU အပါဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံးနီးပါး သူတို့က ရန်သူလို့ ခေါ်နေဆဲဖြစ်တဲ့ လက်ရှိအစိုးရနဲ့ အပစ်ရပ် လက်မှတ်ထိုးပြီး အဲဒီ အစိုးရ ခေါင်းဆောင်ပိုင်းတွေနဲ့ ဖက်လဲတကင်း လုပ်နေချိန်မှာတောင် နယ်စပ်က ဒုက္ခသည် စခန်းတွင်းမှာတော့ မြန်မာတွေကို မယုံသေးဘဲ မြန်မာသူလျှိုလားဆိုပြီး သံသယတွေ အရင်အတိုင်း ရှိနေဆဲပါလား။
စဝမ်ဖီးမြို့ပေါ် အရောက်မှာတော့ KNU တပ်မဟာ (၄) မှူး ဗိုလ်မှူးချုပ် ဒါးကျော်နဲ့ ကျနော် တွေ့ခွင့်ရပါတယ်။ ဒုက္ခသည်စခန်းက အခြေနေကို ပြောပြတော့ သူက တဟာားဟား ရယ်နေပြီး “ခင်ဗျားက ကျနော်ကိုမှ ကြိုမပြောတာ။ တကယ်ဆိုရင် လက်ရှိ စခန်းတာဝန်ခံက ခင်ဗျားရဲ့ မိတ်ဆွေကြီး ဘန်းချောင်းက ပဒိုလေ” လို့ သူကဆိုပါတယ်။ ဘန်းချောင်းက ပဒို ဆိုတာကတော့ ၁၉၈၈ ကျနော်တို့ တောစခိုစဉ်က ကျောင်းသားတွေကို ဘန်းချောင်းဒေသမှာ ပထမဆုံး လက်ခံစကားပြောတဲ့ ကစယ်ဒိုမြို့နယ် ဥက္ကဌ ပေါ့။ အခု တပ်မဟာမှူး ဗိုလ်ဒါးကျော်ဟာလဲ ကျနော်တို့ကို အဲဒီဘန်းချောင်းဘေးမှာ အားပေးစကား ပြောခဲ့သူပေါ့။ အဲဒီတုန်းက အသက် ၃၀ ကျော် ၄၀ ဝန်းကျင်သာ ရှိပုံရသေးတဲ့ ဗိုလ်ဒါးကျော်ဟာ အခုတော့ အသက် ၆၀ ကျော် တပ်မဟာမှူး ဗိုလ်မှူးချုပ် ဒါးကျော် ဖြစ်နေခဲ့ပါပြီ။ အသက် ၂၀ ကျော်မှာ တောခိုခဲ့တဲ့ ကျနော်တို့လည်း အသက် ၅၀ နား ကပ်လာခဲ့ပြီပဲလေ။
“ခင်ဗျားက ၂၅ နှစ်အတွင်း ပထမ ဆုံးအကြိမ် ပြည်တော်ပြန် ဆိုတော့ ကျနော်က နှစ် ၄၀ အတွင်း ပထမဆုံး ပြည်တော်ပြန်ပေါ့ဗျာ။ ပြီးခဲ့တဲ့လတုန်းက ထားဝယ်ကို ကျနော်ရောက်ခဲ့တယ်” လို့ ဗိုလ်မှူး ဒါးကျော်က ထားဝယ်လိုနဲ့ အားပါးတရ ပြောပြနေပါတယ်။ တောထဲက အတွေ့အကြုံတွေ၊ ရှေးဟောင်းနှောင်းဖြစ်တွေကို ပြောပြီးတဲ့နောက် စကားလမ်းကြောင်းက ထီးခီး-ထီးထာ-အမို ရွာတွေဘက် ရောက်လာပါတယ်။ “အဲဒီရွာတွေ အုပ်ချုပ်ရေးကိစ္စနား ဘယ်ရောက်ဦးမလဲဗျာ။ အခုချိန်အထိ တပ်နေရာချထားရေး ကိစ္စတောင် မပြတ်သေးဘူး” လို့ တပ်မဟာမှူးက ဆိုပါတယ်။ အပစ်ရပ်ဖြစ်စဉ်ရဲ့ သဘောတူညီချက်တွေအရ တပ်နေရာချထားရေး ကိစ္စပြီးမှ ရပ်ရွာအုပ်ချုပ်ရေးနဲ့ နယ်မြေစိုးမိုးရေး ကိစ္စ၊ စီးပွားရေးကိစ္စ၊ စာပေယဉ်ကျေးမှုကိစ္စ စသဖြင့်ရှိပြီး နောက်ဆုံးကျမှ နိုင်ငံရေးကိစ္စဆီ ရောက်မယ်လို့ သိရပါတယ်။
“နိုင်ငံရေးဆွေးနွေးပွဲ ရောက်ဖို့ကတော့ အကြာကြီး လိုဦးမယ် ထင်ပါတယ်ဗျာ” လို့ တပ်မဟာမှူးက ငြီးပါတယ်။ ပြီးတော့ လောလောဆယ် ကြုံတွေ့နေရတဲ့ မြေယာပြသာနာကို သူက ဆွေးနွေးပါတယ်။ ဆိုလိုတာက ထီးခီး-ထီးထာ-အမို အပါဝင် အရင်က KNU အုပ်ချုပ်ရေးအောက်ရှိ ရွာတွေကို စစ်တပ်က သိမ်းပြီး လူသစ်တွေကို နေရာချပေးတာ၊ ပြန်ရောင်းစားတာတွေ လုပ်ထားတဲ့အတွက် အခု ငြိမ်းချမ်းရေးရလို့ ပြန်လာတဲ့ ကရင်ရွာသားတွေ အတွက် မြေလည်းမရှိ၊ အိမ်လည်းမရှိ ဖြစ်နေတဲ့ကိစ္စဟာ အရေးပေါ် ဖြေရှင်းပေးဖို့ လိုနေတယ်လို့ သူက ထောက်ပြပါတယ်။ တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ အပစ်အခတ် ရပ်စဲပြီးနောက် အလျင်အမြန် ဆက်လုပ်ဖို့လိုနေတဲ့ ပြည်လည် တည်ဆောက်ရေး ကိစ္စတွေပေါ့။
ဒါပေမယ့် ဘာပြောပြော KUN တပ်မဟာမှူးတဦးနဲ့ ABSDF ကျောင်းသားဟောင်း တဦးတို့ တိုင်းပြည် ပြန်လည် တည်ဆောက်ရေး အတွက် ဆွေးနွေးနေတာဟာ တိုးတက်မှုတခုလို့ ဆိုရမှာပေါ့။ ဘာကြောင့်လဲဆိုရင် လွန်ခဲ့တဲ့ ၂၀ နှစ်ကျော်လုံးလုံး ကျနော်တို့ နှစ်ဦးကြား ဆွေးနွေးမှုဟာ တိုင်းပြည်တည်ဆောက်ရေး ကိစ္စမဟုတ်။ စစ်အစိုးရကို အပြုတ်တိုက်ရေးအတွက် လက်နက်စုရေး၊ လူစုရေးကိစ္စသာ ဖြစ်ပါတယ်။ အခု ပြန်လည် တည်ဆောက်ရေးအတွက် စဉ်းစားနေပြီဆိုတော့ ဒါ သဘောတရားအရ တိုးတက်လာတာပေါ့။ ဒါပေမယ့် တချိန်က ကျနော်တို့ရဲ့ ရန်သူတော် ဖြစ်ခဲ့ဖူးတဲ့ လက်ရှိအစိုးရက တိုင်းပြည် တည်ဆောက်ရေးအတွက် တကယ် စဉ်းစားနေတာ ဟုတ်ရဲ့လား၊ မသေချာသေးပါ။
သေချာတာ တခုကတော့ ကျနော်တို့ အခုစကားထိုင်ပြောနေတဲ့နေရာ၊ အိမ်နီးချင်းထိုင်း နိိုင်ငံမှာတော့ ကျနော်တို့ နိုင်ငံမှာလို တခါမှ ပြည်တွင်းစစ် မရှိတဲ့အတွက် လွန်ခဲ့တဲ့ နှစ် ၆၀ ဝန်းကျင် မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် စဖြစ်ပြီး ကွန်မြူနစ်တွေ တောခိုချိန်၊ တိုင်းရင်းသားအဖွဲ့တွေ တောခိုချိန်။ ၁၉၇၀ ဝန်းကျင်မှာ ဦးနုရဲ့ ပြည်ချစ်အဖွဲ့တောခိုချိန်။ ၁၉၈၈ ကျောင်းသားတွေ တောခိုချိန် စသဖြင့် ကျနော်တို့ အချင်းချင်း တိုက်ခိုက်နေစဉ် ကာလတလျှောက်လုံးမှာ အချင်းချင်း တိုက်စရာမလိုဘဲ တိုင်းပြည်တည်ဆောက်ရေးချည်း တောက်လျှောက်လုပ်ခွင့် ရနေတော့ ကျနော်တို့ထက် အများကြီးရှေ့ရောက် သွားခဲ့တယ်ဆိုတာကို လွန်ခဲ့တဲ့ ၂၅ နှစ်အတွင်း ကိုယ်တိုင် ကောင်းကောင်း မြင်ခဲ့ရပြီး ဖြစ်ပါတယ်။ ထိုင်းနိုင်ငံကိုမီအောင် ကျနော်တို့ ဘယ်လောက် အချိန်ယူ တည်ဆောက် ရဦးမလဲ။
အပစ်ခတ်ရပ်စဲရေးလုပ်ပြီး နိုင်ငံရေးဆွေးနွေး ခွင့်မရသေးတဲ့ တောင်ပိုင်းဒေသ KNU တပ်မဟာမှူးနဲ့ ဆွေးနွေးပြီးတဲ့နောက် အပစ်ခတ်ရပ်စဲရေးလုပ်ဖို့ ကြိုးစားဆဲ ABSDF ဗဟို ကော်မတီဝင်တွေနဲ့ မဲဆောက်မှာ တွေ့ခွင့်ရခဲ့ပါတယ် (သြဂုတ်လ ၅ ရက်နေ့မှာ ABSDF အဖွဲ့ အပစ်ခတ်ရပ်စဲရေး လက်မှတ် ထိုးလိုက်ပြီလို့ သိရပါတယ်)။ အခြေနေအရပ်ရပ်ကို သူတို့ရှင်းပြတဲ့အပြင် ကျနော်ရဲ့ အမြင်တွေကိုလည်း သူတို့က မေးကြပါတယ်။ သတင်းထောက်တွေဟာ သူများအမြင်တွေကို အားမနာတမ်း မေးရဲသလောက် ကိုယ်အမြင်ကို ပြောဖို့ကျတော့ တုန့်ဆုတ်လေ့ရှိတယ်လို့ ထင်ပါတယ်။ “အရင်အပိတ်ခံထားရတဲ့ ပါးစပ်ပေါက်တွေ အခုပြောချင်တာ ပြောခွင့်ရပြီပေါ့ဗျာ။ အဲဒီတခုကလွဲရင်တော့ ကျန်တာ ဘာမှ မထူးသေးပါဘူး” လို့ ကျနော်က ပြောပါတယ်။
အဲဒီစကားလုံးဟာ အခုခရီးစဉ်အတွင်း မေးသမျှလူတွေကို ကျနော်ဖြေနေကျ စကားလုံးတွေပါ။ ဒါပေမယ့် ဒီလူတွေကျတော့ ဒီလောက်နဲ့မရ။ “သာမန်လူတွေရဲ့ အခြေနေအပြင် လက်ရှိ နိုင်ငံရေး အခင်းအကျင်းကိုရော ခင်ဗျားဘယ်လိုမြင်သလဲ” လို့ မေးလာသူကလည်း အတော်များပါတယ်။ အဲဒါ အတော် အဖြေရကျပ်တဲ့ မေးခွန်းပေါ့။ NLD ရုံးတို့၊ SNLD ရုံးတို့၊ ၈၈ ရုံးတို့၊ နေပြည်တော်က လွှတ်တော်ရုံးဘေးတို့ဆီ ကျနော်ရောက်ခဲ့တယ် ဆိုပေမယ့် ဘယ်သူနဲ့မှ တရားဝင် နိုင်ငံရေးဆွေးနွေးခဲ့တာ မဟုတ်။ ဒါပေမယ့် မြင်သမျှ ကြားသမျှပေါ် မူတည်ပြီး တခုခုတော့ ပြောသင့်တယ်လို့ ကျနော် ဆုံးဖြတ်လိုက်ပါတယ်။
ပထမ ဆုံးပြောသင့်တာက အစိုးရဖက်က ရိုးသားမှုရှိရဲ့လား ဆိုတဲ့ကိစ္စ။ ABSDF အပါဝင် နယ်စပ် တကြောက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်ခတ်ရပ်စဲရေး ဆွေးနွေးတဲ့အခါမှာ အားလုံး တပြေးညီရှိရဲ့လား။ တပ်ပေါင်းစုနဲ့ ဘာကြောင့် မဆွေးနွေးသလဲ။ တချို့နေရာမှာ ဆွေးနွေးပြီး တချို့နေရာမှာ ဆက်တိုက်နေတာ ဘာကြောင့်လဲ။ ဒုတိယ ကိစ္စက အပြင်ရောက်နေတဲ့ ကျောင်းသားဟောင်းတွေ ပြန်လာရေးကိစ္စ။ ကျနော်ရဲ့ ရန်ကုန်ခရီးစဉ်အတွက် ဘန်ကောက်သံရုံးကနေ ဘာမှ အမေးအမြန်းမရှိပဲ Social ဗီဇာကို အလွယ်တကူ ထုတ်ပေးလိုက်ပေမယ့် ဥရောပ၊ မြောက်အမေရိက၊ သြစတေးလျ စသဖြင့် ဒေသတွေရှိ မြန်မာသံရုံးမှာ ဗီဇာလျှောက်တဲ့ ကျောင်းသားဟောင်းတွေ အားလုံးကို အရင်လို ဆွေ ၇ ဆင့် ဖောင်ဖြည့်ခိုင်းတာ။ ရန်ကုန်ရောက်ရင် နိုင်ငံရေး မလုပ်ဘူးလို့ ဝန်ခံချက် ထိုးခိုင်းတာမျိုးတွေ ဆက်လုပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဒါတွေဟာ အစိုးရဖက်က မရိုးသားတဲ့ သို့မဟုတ် အားလုံးအတွက် တပြေးညီ မူဝါဒမရှိဘဲ လက်တန်းလုပ်နေဆဲ ဆိုတဲ့သဘောမျိုး ဖြစ်နေပါတယ်။
ကျန်တဲ့မရိုးသားမှုတွေကိုတော့ လွှတ်တော်တွင်း လွတ်တော်ပမှာ စာဖတ်ပရိသတ်တွေ နေ့စဉ်လိုလို သိနေမြင်နေပြီးသား ဖြစ်မယ်လို့ ထင်ပါတယ်။ ကဲ … အစိုးရပြီးတော့ အတိုက်ခံဘက်ကို လှည့်ကြစို့။ “အတိုက်ခံဘက်ကလည်း အခု ခင်ဗျားတို့ အပစ်ခတ်ရပ်စဲရေး လုပ်ဖို့ပြင်နေသလိုပေါ့ဗျာ။ တပ်ပေါင်းစုအနေနဲ့ ရပ်မခံနိုင်တော့ တဖွဲ့ချင်း သင့်သလို လုပ်ရသလိုပေါ့။ ရန်ကုန်မှာလည်း တဖွဲ့ချင်းက သူသန်သလို သူလုပ်၊ ကိုယ်သန်သလို ကိုယ်လုပ် ပုံစံမျိုးဖြစ်နေတယ်။ အားလုံးပါဝင်နိုင်တဲ့ ဘုံလုပ်ငန်းစဉ်နဲ့ စနစ်တကျသွား နေတာမျိုး မတွေ့ရသေးဘူး” လို့ ဆရာကြီးလေသံနဲ့ ပြောလိုက်မိပါတယ်။
နောက်နေ့တွေမှာတော့ ABSDF ဗဟိုကော်မတီဝင်တွေအပြင် တခြားခေါင်းစဉ် အမျိုးမျိုးနဲ့ လှုပ်ရှားနေတဲ့ ဗဟိုကော်မတီဝင်ဟောင်းတွေ၊ မီဒီယာသမားတွေကို မဲဆောက်နဲ့ ချင်းမိုင်မှာတွေ့ဆုံပြီး ကျနော် စကားပြောခွင့် ရခဲ့ပါတယ်။ လက်ရှိ ABSDF မှာ အင်အား သိပ်မရှိတော့ပေမယ့် ABSDF တပ်ဖွဲ့ဝင်ဟောင်းတွေဟာ သမ္မတ အကြံပေး၊ ငြိမ်းချမ်းရေးစင်တာ အပါအဝင် နေရာအတော်များများမှာ ဆက်လက် ပါဝင်နေဆဲ ဖြစ်တဲ့အတွက် ဒီအဖွဲ့က ဗဟိုကော်မတီဝင် ဟောင်းတွေရဲ့ အမြင်ဟာ ထည့်သွင်း စဉ်းစားသင့်တယ်လို့ ထင်ပါတယ်။
“အခြေနေတွေကတော့ ဗလုံးဗထွေးနဲ့ သူ့လူမှန်းမသိ၊ ကိုယ်လူမှန်းမသိ အခြေနေပေါ့ကွာ။ ဒီတိုင်းသာ မူမရှိ၊ဘောင်မရှိ ဆက်သွားနေရင် သိပ်စောင့်စရာမလိုပါဘူး။ သမိုင်းက နောက်တပတ် ပြန်လည်လာဦးမှာပါ။ ဒီအတွက် အခုကတည်းက ငါတို့ အဆင်သင့် ပြင်ထားဖို့လိုတယ်” လို့ ကျနော် တွေ့ဆုံခွင့်ရခဲ့တဲ့ ဗဟိုကော်မတီဝင် ဟောင်းတွေထဲက အနည်းဆုံး ၂ ဦးက ပြောပါတယ်။ သူတို့ ၂ ဦးဟာ အခုချိန်အထိ ပြည်တော်တခါမှ မပြန်သေးတဲ့ ပုဂ္ဂိုလ်တွေဖြစ်ပြီး တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ရင်းနှီးသူတွေလည်း ဖြစ်ပါတယ်။ သူတို့အမြင်ဟာ လက်ရှိသွားနေတဲ့ ပြောင်းလဲမှုဖြစ်စဉ်ကို မကောင်းဘက်ကနေ မြင်လွန်းတယ်လို့ ဆိုနိုင်ပေမယ့် ဒီလိုအမြင်ရှိသူ ဘယ်လောက်များများ ရှိနေသလဲ။ သူတို့မြင်သလို တကယ်ပဲ ပြန်ဖြစ် သွားနိုင်သလား ဆိုတာဟာ စဉ်းစားသင့်တယ်လို့ ထင်ပါတယ်။
နောက်ထပ် ကျနော်တို့ ဆွေးနွေးဖြစ်တဲ့ကိစ္စကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အပေါ် အားမလို အားမရ ဖြစ်နေကြတဲ့ အကြောင်းပါ။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကြံ့ခိုင်ရေးပါတီနဲ့ စစ်တပ်ကို စည်းရုံးတာအပြင် ပါတီတည်ဆောက်ရေး၊ မဟာမိတ် တည်ဆောက်ရေး၊ လူထုပါဝင်လာရေး လုပ်ငန်းစဉ်တွေကို အဓိကဆောင်ရွက်ပြီး ကိုယ်အင်အားကို ချဲ့ဖို့လိုကြောင်း။ အဲဒီအင်အားကိုပြပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအပါဝင် ကိုယ်လိုချင်တဲ့ ကိစ္စတွေကို ရနိုင်ဖို့ ကြိုးစားသင့်တယ်လို့ တချို့က ဆိုပါတယ်။
ဒါပေမယ့် တချို့ကတော့ အဲဒီနည်းနဲ့ ခရီးသွားခဲ့တာ နှစ် ၂၀ ကျော် ကြာတဲ့အထိ ဘာမှမဖြစ်လို့ အခုနည်းသစ်ကို စမ်းနေတာ၊ ဒီနည်းကလည်း သူကလွဲပြီး ဘယ်သူမှ မလုပ်နိုင်တဲ့ အနေထားဆိုတော့ ဒါကို စောင့်ကြည့်သင့်တယ်။ စစ်တပ်နဲ့ ကြံံ့ခိုင်ရေး မပါရင် ဖွဲစည်းပုံပြင်ရေး ဘာမှမဖြစ်ဘူးဆိုတာ အားလုံးသိပါတယ်လို့ ဆိုပါတယ်။ တဆက်ဆည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD မှာ ယန္တယားမရှိဘူး။ အင်စတီကျုးရှင်း မရှိဘူး။ အရန်ခေါင်းဆောင်မှု အင်အားမရှိဘူး။ ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းအပေါ် မှီခိုလွန်းနေတယ်။ သူ့ကို အကြံဉာဏ်ပေးနိုင်သူတွေ၊ အကြံပေးအဖွဲ့တွေ လိုနေဆဲဖြစ်တယ်လို့ ထောက်ပြကြတာကို တွေ့ရပါတယ်။
နောက်တခါ တိုင်းရင်းသားတွေနဲ့ ဆက်ဆံရေးအတွက် NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ဘက်က နှေးလွန်းနေပြီး အထူးသဖြင့် ပြည့်သူ့လွှတ်တော် ကိုယ်စားပြုကော်မီတီ CRPP အဖွဲ့ဝင်ဟောင်းတွေ အပေါ် ဒီထက်မက ထဲထဲဝင်ဝင် ဆက်ဆံသင့်တယ်လို့ သူတို့က ဆိုပါတယ်။ နောက်တခါ ၈၈ မျိုးဆက် သို့မဟုတ် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့စည်းအပါဝင် လူငယ်နိုင်ငံရေးအဖွဲ့တွေနဲ့လည်း ဒီထက်မက ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်ဖို့ သို့မဟုတ် ဦးဆောင်မှုပေးဖို့ လိုနေတယ်လို့ သူတို့က ထောက်ပြကြပါတယ်။
တိုင်းပြည်ပြန်လည် တည်ဆောက်ရေး အပိုင်းမှာတော့ အစိုးရဘက်က စီးပွားရေး ပြုပြင်မှုတွေ လုပ်နေတယ်လို့ ပြောနေပေမယ့် အခုချိန်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာနိုင်ဖို့ တိကျတဲ့လုပ်ငန်းစဉ် မထုတ်ပြန်နိုင်သေးကြောင်း၊ ဒါ့အပြင် အလုပ်အကိုင်သစ်တွေလည်း ဖန်တီးမပေးနိုင်သေးတဲ့အတွက် အလုပ်သမား အများစုဟာ အိမ်နီးချင်းနိုင်ငံတွေကို အရင်ကလို ထွက်နေရဆဲဖြစ်ကြောင်း ဆိုပါတယ်။ နောက်တခါ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍအတွက် မဟာဗျုဟာလုပ်ငန်းစဉ် ဘာမှမရှိသေးကြောင်း၊ သင်ရိုးညွန်းတမ်းပြုပြင်ရေး။ နိုင်ငံတကာ အဆင့်မီပညာရေး၊ လူငယ်များ ကာယဖွံ့ဖြိုးရေး၊ အဟာရပြည့်ဝရေး၊ ဆေးကုသခွင့်ရရေး၊ ကျေးရွာတိုင်း ဆေးပေးခန်းရှိရေး၊ စသဖြင့် ရေရှည်လုပ်ငန်းစဉ် ဘာမှ မရှိသေးဘူးလို့ သူတို့က ထောက်ပြကြပါတယ်။
မဲဆောက်က မပြန်ခင် နောက်ဆုံး တရက်မှာတော့ ကျောင်းသား ဆေးခန်းခေါ် ဒေါက်တာ စင်သီယာမောင် ဆေးခန်းဆီ ကျနော် ရောက်သွားပါတယ်။ စင်သီယာဆိုတာ ၁၉၈၈ တုန်းက ကျနော်တို့နဲ့အတူ တောခိုလာတဲ့ ကျောင်းသူတဦးပေါ့။ ပြီးခဲ့တဲ့နှစ်တွေအတွင်း မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု တချို့ရှိခဲ့တဲ့အတွက် ဝန်ကြီးဦးအောင်မင်း ကိုယ်တိုင် ဒီမယ်တော်ဆေးခန်းအထိ ရောက်လာပြီး ဒေါက်တာ စင်သီယာမောင်ကို မြန်မာနိုင်ငံမှာပဲ ဆေးခန်းပြန်ဖွင့်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
အခု ကျနော်ရောက်သွားတဲ့ နေ့မှာလည်း NLD ပါတီက လွှတ်တော်အမတ် တဦးဖြစ်သူ ဒေါ်ဖြူဖြူသင်း မယ်တော်ဆေးခန်းဆီ ရောက်နေပါတယ်။ ဝန်ကြီးတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ ကိုယ်တိုင် ဒီဆေးခန်းဆီ ရောက်လာဖို့ဆိုတာ လွန်ခဲ့တဲ့နှစ် ၂၀ ကာလအတွင်း ဘယ်လိုမှ စိတ်ကူးယဉ်လို့ မဖြစ်နိုင်တဲ့ ကိစ္စတွေပေါ့။ အခုတော့ အခြေနေတွေက ပြောင်းလဲကုန်ပါပြီ။ ဒါပေမယ့် ဘယ်လောက်အထိ ပြောင်းလဲနေသလဲ ဆိုတာကတော့ မေးခွန်းရှိနေဆဲ ဖြစ်ပါတယ်။
“တိုက်ပွဲမရှိတော့လို့ မိုင်းထိတဲ့လူနာ နည်းနည်း လျှော့သွားတာကလွဲရင် ကျန်တာတွေ ဘာမှ မပြောင်းသေးဘူးဗျ။ လူနာအရေအတွက်က အရင်ထက်တောင် ပိုများလာနေသေးတယ်။ ဟိုမှာ ခင်ဗျား တွေ့တယ်မို့လား။ မျက်စိလာပြတဲ့ လူတွေဆို ဟိုး … ရန်ကုန်၊ ပုသိမ်က အထိပါတယ်” လို့ ၈၈ ကတည်းက တောခိုပြီး အခုချိန်အထိ မယ်တော်ဆေးခန်းမှာ တာဝန်ယူနေဆဲ ဝါရင့်ဆေးမှူးတဦးက ပြောပါတယ်။
ဟုတ်ပါတယ်။ ခြေတုလက်တုဌာနနဲ့ ထိခိုက်ဒဏ်ရာဌာနမှာ လူနာနည်းနည်း လျှော့သွားပေမယ့် ဖျားနာဆောင်၊ မီးဖွားဆောင်။ ပြင်ပလူနာဆောင်တွေမှာ လူတွေကြိတ်ကြိတ် တိုးနေဆဲ။ မြဝတီဘက်ကနေလာတဲ့ ကိုယ်ပိုင်ကားတွေ၊ လိုင်းကားတွေ၊ ငြိမ်းအဖွဲ့ကပိုင်တဲ့ လိုင်းကားတွေက ဆေးခန်းတွင်းနဲ့ ဆေးခန်းရှေ့မှာ နည်းတာမဟုတ်။ ဆေးခန်းရှေ့မှာဆိုရင် မယ်တော်ကားဂိတ်တောင် ဖြစ်နေပြီ။
အဲဒီကားဂိတ်က လိုင်းကားကိုစီးပြီး သောင်ရင်းမြစ်ဘေးက မြဝတီကမ်းနားကို သွားလေ့လာတော့ ဝင်လာမစဲ၊ တဖွဲဖွဲဆိုသလို များလိုက်တဲ့ မြန်မာအလုပ်သမားတွေ။ တံတားပေါ်ကတမျိုး၊ တံတားအောက်ဘက်ရှိ ဂိတ်တွေကနေ မြစ်ကိုဖြတ်ပြီးတဖုံ၊ ရေလယ်ကျွန်း ခိုးလမ်းကနေ တသွယ် ဝင်လာနေတဲ့လူတွေ ထောင်နဲ့ချီရှိနေပါတယ်။ အရင် မဲဆောက်ကို ရောက်စဉ်က တွေ့ဖူးတာထက် အခုတခေါက်မှာ လူဝင်လူထွက်က ပိုများလာတယ်လို့ ကျနော်ထင်ပါတယ်။ အဲ … ဒါပေမယ့် ထူးခြားတာတခုကတော့ အရင်က ခိုးဝင်လာကြတဲ့ မြန်မာ အလုပ်သမားတွေဟာ အခုတော့ နိုင်ငံကူးလက်မှတ်တွေ၊ အလုပ်သမား မှတ်ပုံတင်တွေနဲ့ပေါ့။
ဒါဟာ အခုခေတ်ပြောင်းကာလ အစိုးရသစ်လက်ထက် လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ သာမန်လူထုကြားက တခုတည်းသော တိုးတက်မှုလို့ ဆိုနိုင်မယ်ထင်ပါတယ်။ ဒီလိုမျိုး တိုးတက်မှုတွေ တခြားနယ်ပယ်တွေမှာ ဘာလို့ မတွေ့ရသေးတာလဲ။ ပိုက်ဆံနဲ့ လုပ်ပိုင်ခွင့်ရှိရင် ချက်ချင်းထလုပ်လို့ ရနိုင်တဲ့ နိုင်ငံကူးလက်မှတ်နဲ့ လက်ကိုင် မိုဘိုင်းဖုန်းပါမစ် တိုးထုတ်ပေးတာမျိုးမှအပ ရေရှည်လုပ်ငန်းစဉ်တွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး ကိစ္စတွေကို မဆောင်ရွက်နိုင်သေးတဲ့ သဘောလား။ အဲဒီရေရှည်ကိစ္စတွေ လုပ်နိုင်ဖို့ အစိုးရနဲ့ ပါတီတွေမှာ၊ အဖွဲ့စည်းတွေနဲ့ လူတဦးချင်းစီမှာ Capability တွေ လိုနေသေးတယ်ဆိုတဲ့ သဘောလား။ အဲဒီအတွက် အခုအစိုးရသစ် လက်ထက်မှာ လူငယ်တွေကို ဘယ်လို သင်ကြားပေးနေသလဲ။ ပညာရေးနဲ့ ကျန်းမာရေးအတွက် ဘယ်လို ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေပါသလဲ။
အနှစ်ပြန်ချုပ်ရရင်တော့ အပေါ်ထပ် အဆောက်ဦမှာ အပြောင်းအလဲတွေ ဖြစ်နေပြီလို့ ပါလီမန်ထဲကနေ ဘယ်လိုပဲပြောနေပါစေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးနေပြီလို့ ဘယ်လိုပဲ ကြေညာနေပါစေ။ အတိုက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန် တို့အကြား နားလည်မှုတွေ ရနေပြီလို့ ဘယ်လိုပဲဆိုနေပါစေ၊ သာမန်အရပ်သား ဆင်းရဲသားတွေ အတွက်ကတော့ ဘာမှ ထူးခြားမလာသေးတဲ့အတွက် ဒေါက်တာ စင်သီယာမောင် ဆေးခန်းမှာ လူနာတွေ အရင်ကထက် များလာဆဲ။ သောင်ရင်းမြစ်ကိုကူးပြီး ထိုင်းနိုင်ငံထဲ အလုပ်ဝင်လုပ်ဖို့ ထွက်လာသူတွေ အရင်ကထက် များလာဆဲ ဖြစ်နေတာကို မြင်နေရတုန်း ဖြစ်ပါတယ်။ ။