မင်္ဂလာပါ …။ မန္တလေးနဲ့ ပတ်သက်ပြီး ချစ်ခင်ကြ … ဂုဏ်ယူကြတဲ့နေရာမှာ မန္တလေးဈေးချိုတော်ရဲ့ မြန်မာဆန်မှု၊ အမျိုးဘာသာသာသနာ အပေါ် မြတ်နိုးကာကွယ်မှု၊ ရိုးရာ အစဉ်အလာအပေါ် သံယောဇဉ်ကြီးမှု … ဆိုတဲ့ အမျိုးသားရေး စိတ်ဓာတ်တွေ ကြီးမား ခိုင်မာခဲ့ကြမှုကြောင့်ဖြစ်တယ်။
ဒီစိတ်ဓာတ်တွေ၊ ဒီဂုဏ်သတင်းတွေဟာ “မန္တလေးရဲ့ ရပ်တည်မှု” ဆိုတဲ့ အပိုင်း ကဏ္ဍမှာလည်း အဓိကကျတဲ့ အချက် ဖြစ်ခဲ့တယ်။ ဒါကြောင့်လည်း “ဈေးချိုတော်” ဟာ မန္တလေးရဲ့ အသည်းနှလုံး ဖြစ်ခဲ့ တာပါ။ မန္တလေးရဲ့ အမျိုးသားရေးဆိုင်ရာ ရေချိန်ဟာ ဈေးချိုရဲ့ ပြဒါးတိုင်ပါပဲ။ ဒီပြဒါးတိုင်ဟာ “စီးပွားရေး” ပြယုဂ်တခုတင်မှ မဟုတ်ဘဲ၊ အဓိက ပင်စည်က “နိုင်ငံရေး” ပဲဖြစ်ပါတယ်။
မန္တလေး ရတနာပုံမ်နေပြည်တော် စတင်တည်ထောင်စဉ် မြန်မာပြည်က မြန်မာလူမျိုးတွေရဲ့ မင်းနေပြည်တော် ဖြစ်လေတော့ အဆောက်အဦးတိုင်း လိုလိုဟာ သစ်၊ ဝါး တွေကိုပဲ အသုံးပြုခဲ့ကြတယ်။ ဒီတော့ မူလမြို့တည် ပန္နက်မှာ ကတည်းက ပါခဲ့တဲ့ “ဈေးကြိုတော် (ဈေးချိုတော်)” ရဲ့ အဆောက်အဦးတွေ ကလည်း သစ်၊ ဝါး အသုံးပြုတဲ့ ဈေးရုံ အဆောက်အဦးတွေ ပါပဲ။ ပူပြင်းခြောက်သွေ့ မိုးနည်းရေရှား ရပ်ဝန်းမို့ မီးဘေးအကြိမ်ကြိမ် သင့်မှုကို ဈေးချိုတော်ဟာ တလျှောက်လုံး ခံစားခဲ့ရပေမယ့် ပြာပုံထဲက အကြိမ်ကြိမ် ရုန်းထ နိုင်ခဲ့တာကလည်း အားမာန်တခုပါ။ ၁၂၃၆ ခုနှစ် ကဆုန်လပြည့်ကျော် ၃ ရက်နေ့မှာ မန်ကျည်းပင် ဈေးအရပ်က လောင်တဲ့မီးက ဈေးချိုကို ဝါးမျိုသွားခဲ့တယ်။ ဒါကြောင့် ၁၂၃၈ ခုနှစ် ပြာသိုလဆန်း ၁၄ ရက်နေ့မှာ ဈေးချိုတော် အသစ် ပြန်လည် တည်ဆောက်ခဲ့တယ်။ ဒီဈေးသစ်ကြီးကိုပဲ ၁၂၅၈ ခုနှစ်မှာ မီးထပ်သင့်ပြန် ပါတယ်။ ၁၂၅၈ ခုနှစ် နှောင်းတန်ခူး လဆန်း ၅ ရက်နေ့မှာပါ။ ခရစ်နှစ် အလိုအရတော့ ၁၈၉၇ ခုနှစ် ဧပြီလ ၆ ရက်ပေါ့လေ။ နောက် ၃ နှစ် အကြာ ၁၉၀၀ ပြည့်နှစ် ဧပြီ ၃ ရက်မှာလည်း ဈေးချိုတော်ကို မီးထပ်လောင်ပြန်ပါတယ်။ နောက်ထပ် ၁၉၀၂ ခုနှစ် ဧပြီ ၁၂ ရက်နေ့ မှာလည်း မီးထပ်လောင်တယ်။ ဒီမီးကြီးလောင်ပြီးမှပဲ … ကျနော်တို့နဲ့ အများကြီးရင်းနှီးခဲ့တဲ့၊ ရုံကြီး ၁၂ ရုံနဲ့ ဖွဲ့စည်းထားတဲ့ ဈေးချိုတော်ကြီးကို ပြန်လည် တည်ဆောက်ခဲ့တာပါ။ ဒါကြောင့်လည်း အခု ကျန်ကောင်းကျန်ရာ ကျန်ခဲ့တဲ့ ဈေးချိုတော် နာရီစင်ကြီး အောက်ခြေမှာ “မန္တလေး ဈေးချိုကို ၁၂၆၂ ခုနှစ်တွင် ပြန်လည်တည်ဆောက်၍ ၁၂၆၅ ခုနှစ်တွင် စတင် ဖွင့်လှစ်သည်” ဆိုတဲ့ ကမ္ဗည်းကျောက်စာကို ယခုတိုင် မြင်တွေ့နေရတာပါပဲ။
ဒီလို သဘာဝမီးဘေးကို အကြိမ်ကြိမ် ကြုံတွေ့ရပေမယ့် မူလသန္ဓေမပျက်ဘဲ “ဈေးချိုတော်” ဆိုတာ နလံထူ ထောင်မတ်ခဲ့တာ ချည်းပါပဲ။ ဒါပေမယ့် တိုင်းတပါးလက်အောက် ရောက်နေတဲ့ ကာလမို့ ရန်သူမျိုးငါးပါးထဲက “မင်းဘေး” ဆိုတာလည်း ဈေးချိုတော် ကြုံရပါတယ်။ ဒါကြောင့် ဈေးရုံသစ်ကြီးတွေ တည်ဆောက်ပြီးနောက်ပိုင်း အင်္ဂလိပ်အစိုးရရဲ့ ပညာရေးဝန်ကြီးချုပ် ဆိုင်ရာ ဥပဒေပုဒ်မ ၁၁၇ အရ ထုတ်ပြန်တဲ့ ဈေးဆိုင်ရာအမိန့်နဲ့ ကန့်သတ်ချက်တွေကို ဟိုက်ကုတ် လွှတ်တော်ရှေ့နေကြီး မစ္စတာပီလေးနဲ့ မြန်မာပညာရှိမင်း ဦးကျော်ရန်တို့ စတင်ဦးဆောင် ဖွဲ့စည်းခဲ့ကြတဲ့ “အခွန်ထမ်း အသင်းကြီး” နဲ့ မန္တလေးဈေးချိုတော်တို့က ၁၉၂၀ ပြည့်နှစ် ဝါခေါင်လဆန်း ၈ ရက် (၁၉၂၈ ခုနှစ် ဇူလိုင်လ ၂၅ရက်) နေ့ အိမ်တော်ရာ ၁၄ ခန်း ဇရပ်မှာ ကျင်းပတဲ့ မြို့လုံးကျွတ် အစည်းအဝေးကြီးနဲ့ ဆန့်ကျင် ကန့်ကွက်ခဲ့ကြပါတယ်။
အလားတူ လွတ်လပ်ရေးကြိုးပမ်းမှု ဒီရေ အမြင့်ဆုံးဖြစ်ခဲ့တဲ့ ၁၃၀၀ ပြည့်ကာလ (၁၉၃၉ခုနှစ်) မှာလည်း နယ်ချဲ့ကို ဆန့်ကျင် သပိတ် ဆင်နွှဲကြတဲ့ ရဟန်းပျိုအဖွဲ့၊ ဗဟိုအမျိုးသား အထက်တန်းကျောင်းသူ၊ ကျောင်းသားများနဲ့ မန္တလေးမြို့လူထုကို ဈေးချိုတော်က အထူးအားပေး ဂုဏ်ပြုလို့ အစိုးရက ဈေးချိုမှာ ပုဒ်မ ၂၃ (၇) ကို ထုတ်ပြန်ပြီး ဖိနှိပ်ခဲ့ပါတယ်။ ဒါကြောင့် ဈေးချိုသူ၊ ဈေးချိုသားတွေက ဈေးချိုရုံကြီး ၁၂ ရုံကို သပိတ်မှောက်ကာ အိမ်တော်ရာ ဘုရားဝင်းထဲမှာ ဈေးသွားဖွင့်ပြီး ဆန့်ကျင် ကန့်ကွက်ခဲ့ကြတာလည်း သမိုင်းဝင် ဖြစ်ရပ်တခုပါ။
ဒုတိယကမ္ဘာစစ်အပြီး မြို့နယ် အုပ်ချုပ်ရေးအရာရှိ မေဂျာကနေဒီက ဈေးချိုတော်ကို ဥပဒေတွေ ထုတ်ပြီး ကိုင်တွယ်အုပ်ချုပ် ပါတယ်။ အခွန်အတုတ်၊ အမိန့် ဥပဒေတွေနဲ့ ထိန်းချုပ်မှုအပေါ် ရိုးသားစွာ လုပ်ကိုင် စားသောက်ကြတဲ့ ဈေးချိုသူ၊ဈေးချိုသားတွေ အနေနဲ့ ငြိမ်ခံမနေခဲ့ကြဘဲ ဒီအခွန်အတုတ်၊ အမိန့်ဥပဒေတွေအပေါ် ပြန်လှန်သုံးသပ်တတ်၊ ဝေဖန်တတ်ဖို့နဲ့ ရုံးပြင်ကနား ကိစ္စတွေ နားလည်တတ်ကျွမ်းပြီး ပြန်လည်ချေပနိုင်ဖို့ အဲဒီခေတ် မန္တလေးက ထုတ်ဝေတဲ့ စာစောင်တွေကလည်း ဝိုင်းဝန်းကူညီ အားပေးကြတယ်။
၁၉၄၅ ခုနှစ်မှာတော့ ဈေးချိုတော် အကျိုးဆောင် အသင်းကြီးကို ဖွဲ့စည်းပါတယ်။ တကယ့် မန္တလေးသား ဈေးချိုသူ၊ ဈေးချိုသား စစ်စစ် မျိုးချစ် ပုဂ္ဂိုလ်ကြီးများနဲ့ ဖွဲ့စည်းခဲ့တာပါ။ အမှုဆောင် ကော်မတီလူကြီးတွေကိုလည်း ၃၄ ဦး ရွေးချယ် ခဲ့ကြသတဲ့။ ဈေးချိုရုံကြီး ၁၂ ရုံအပြင်၊ တိုက်တန်းကြီး၊ တိုက်တန်းလေး၊ တခြားရုံများ၊ ဈေးတန်းများက ကိုယ်စားလှယ်တွေ သာမက နေသူရိန်နဲ့ လူငယ်များ အစည်းအရုံးက ကိုယ်စားလှယ်တွေလည်း ပါဝင်ကြတာကို ကြည့်ခြင်းအားဖြင့် ဈေးချိုတော် အကျိုးဆောင် အသင်းကြီးဟာ ဈေးချိုတော်က သာမက ပြင်ပ မျိုးချစ်ပုဂ္ဂိုလ် ကိုယ်စားလှယ်များအထိ ဈေးအမှုဆောင် များအဖြစ် ထည့်သွင်းထားခြင်းဟာ အမြင်ကျယ်မှုအဖြစ် အတုယူစရာပါ။
မျိုးချစ်ပုဂ္ဂိုလ်များရဲ့ စီးပွားရေး အစုအဝေးမှာ မျိုးချစ်ပုဂ္ဂိုလ်များရဲ့ ဦးဆောင်မှုနဲ့ ဈေးချိုတော်ရဲ့ သမိုင်းအစဉ်အလာ ထိန်းသိမ်း မှုဟာ ခေတ်စံနစ်အပြောင်းအလဲ၊ အချိုးအကွေ့တိုင်းမှာ ကြံ့ကြံ့ခံ ရပ်တည်နိုင်ခဲ့ကြတယ်။ လွတ်လပ်ရေး ကြိုးပမ်းမှု ကာလ တွေမှာ ဈေးချိုတော်ဟာ မပါမပြီး ပါဝင်ကာ ရပ်တည်ချက် မှန်ကန်ခဲ့တယ်။ လွတ်လပ်ရေးခေတ် ပြည်တွင်းစစ် ကာလ မှာလည်း မြို့သူမြို့သား၊ တိုင်းသူပြည်သား လူထုဆန္ဒနဲ့ ကိုက်ညီတဲ့ ပြည်တွင်းငြိမ်းချမ်းမှုကို ဈေးချိုသူ ဈေးချိုသားတို့က ထောက်ခံ ခဲ့ကြတယ်။ ပါလီမန်ခေတ် အစိုးရအဖွဲ့ရဲ့ အပြောင်းအလဲ တိုင်းမှာလည်း တံလျှပ်ရေထင်ပြီး လမ်းလွဲမလိုက်ခဲ့ဘူး။ ပြည်သူလူထုနဲ့ တသားတည်း ဆိုတဲ့ သမိုင်းအစဉ်အလာတွေ ရှိခဲ့တယ်။
၁၉၆၂ခုနှစ် နိုင်ငံရေး အပြောင်းအလဲကြီးမှာတော့ ဈေးချိုရဲ့ တနိုင်တပိုင် အမျိုးသား စီးပွားရေးတွေဟာ ချည့်နဲ့ ယိမ်းယိုင် သွားခဲ့ရတယ်။ ဒါပေမယ့် ဈေးချိုက မဖောက်ပြန်ခဲ့ဘူး၊ သာပေါင်းညာစား၊ ဘ နဖူး သိုက် မတူးခဲ့ဘူး၊ အမိသော်လည်း သားတော်ခဲ မလုပ်ခဲ့ဘူး၊ ပွဲလန့် ဖျာမခင်းခဲ့ဘူး၊ ရှိသမျှအင်အားနဲ့ လက်ချင်းတွဲပြီး ၁၉၇၂၊ ၁၉၇၄၊ ၁၉၇၆၊ ၁၉၈၈ စတဲ့ သမိုင်း မှတ်တိုင်ကြီးတွေမှာ ဈေးချိုရဲ့ အစဉ်အလာကို ထိန်းသိမ်းနိုင်ခဲ့ကြတယ်။ အထူးသဖြင့် ၁၉၈၈ ရဲ့ သမိုင်းဝင် အရေးတော်ပုံကြီးမှာ ဈေးချိုတော်ဟာ ရဲရဲဝံ့ဝံ့နဲ့ ပြည်သူလူထု ဘက်တော်သား ဖြစ်ခဲ့ပြီး၊ ရဟန်း၊ ကျောင်းသား၊ ပြည်သူတွေရဲ့ လူထုတိုက်ပွဲ တွေကို ရုပ်ဝတ္ထု အရရော၊ စိတ်ဓာတ်အရပါ အားပေး ပူးပေါင်းခဲ့တယ်။ ဈေးချိုတော် ရုံကြီး ၁၂ ရုံနဲ့ တခြား ဈေးရုံဈေးတန်း များရဲ့ ဖွဲ့စည်း တည်ရှိမှု သန္ဓေ မပျောက်လို့လည်း စိတ်ဓာတ် အစဉ်အလာဟာ အမျှင်မပြတ်တဲ့ သဘောလည်း ဖြစ်ပါတယ်။
၁၉၉၀ ကျော် ကာလမှာတော့ ဒီအခြေခံ ရုပ်ပစ္စည်းတွေရဲ့ အဓွန့်ရှည် တည်ရှိမှုတွေ ရုတ်ချည်း ဖြိုဖျက်ခံလိုက်ရပြီးနောက် မူလ အခင်းအကျင်း ပျက်ယွင်းမှုများနဲ့ အတူ ပိုင်ဆိုင်မှုပျက်၊ စီးပွားပျက်၊ အစဉ်အလာပျက်၊ သန္ဓေပျက်ပြီး နိုင်ငံရေး ပျက်လုနီးနီး ရောက်ခဲ့ရတဲ့ အခြေအနေကိုလည်း မူလလက်ဟောင်း အစဉ်အဆက် ဘိုးဘွားအမွေခံ ဈေးချိုသူ၊ ဈေးချိုသားတွေက ခါးစည်းခံပြီး ရသမျှအားနဲ့ “ဈေးချိုသွေး” ကို ဆက်လက် ထိန်းသိမ်းခဲ့ကြတာလည်း ဂုဏ်ယူစရာပါပဲ။
တကယ်တော့ ဈေးချိုစိတ်ဓာတ်၊ ဈေးချိုသွေးဆိုတာ မြန်မာတိုင်းရင်းသားတွေရဲ့ အစဉ်အဆက် ဆက်ဆံခဲ့တဲ့ “အမွေကောင်း” ကို ကိုယ်စားပြုခြင်းပဲ ဖြစ်ပါတယ်။