ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ နေ အိမ်တွင် ဩဂုတ်လ ၁၉ ရက်က ကွယ်လွန်သွားခဲ့သည့် အသက် ၉၅ နှစ်အရွယ် စာရေးဆရာ၊ ကဗျာဆရာ ငြိမ်းချမ်းရေး ဝါဒီ ဆရာကြီး ဒဂုန်တာရာသည် ဝေဖန်ရေးဆရာများနှင့် နိုင်ငံရေး အမြင်မတူသူများ၏ ဝေဖန်တိုက်ခိုက်မှုများ ရှိနေသော်လည်း ယုံကြည်ချက်ကို အလံမလှဲခဲ့သူ မြန်မာနိုင်ငံ စာပေလောက၏ ကြီးကျယ်သော ရုပ်ပုံလွှာတခုဖြစ်ခဲ့သည်။ သူ့ဘဝသည် မြန်မာ့နိုင်ငံရေးနှင့် အမျိုးသားယဉ်ကျေးမှု အထူးသဖြင့် ခေတ်ပေါ်စာပေနှင့် ကဗျာ ဖွံ့ဖြိုးတိုးတက်ဖြစ်ထွန်းမှု ရေစီးကြောင်းနှင့် ခွဲမရပေ။
၂၀ ရာစုသို့ ကူးပြောင်းချိန်တွင် မြန်မာ့စာပေသည် ရိုးရာအစဉ်အလာ ဂန္ထဝင်ဟန်မှနေ၍ ထင်ထင်ရှားရှား ခွဲထွက်လာခဲ့ သည်။ ၁၉၀၄ ခုနှစ်တွင် ဂျိမ်းစ်လှကျော်က ပြင်သစ်စာရေးဆရာကြီး Alexandre Dumas ၏ The Count of Monte Cristo ဝတ္ထုကို တစိတ်တပိုင်း မှီငြမ်း၍ “မောင်ရင်မောင် မမယ်မ” အမည်ဖြင့် ပထမဆုံးသော မြန်မာခေတ်သစ် ဝတ္ထုအဖြစ် ရေးဖွဲ့ခဲ့သည်။ မြန်မာ့စာပေသမိုင်းတွင် ကဏ္ဍသစ်တရပ် ဖွင့်လှစ်လိုက်ခြင်းလည်း ဖြစ်ပါသည်။ ထိုတီထွင်ဆန်းသစ်မှု က အခြားသူများကိုလည်း အနောက်တိုင်းစာပေများ အပါအဝင် ကမ္ဘာ့စာပေကို လေ့လာခြင်းအားဖြင့် မြန်မာစာပေ အရေးအသားကို ဆန်းသစ်အောင် အားထုတ်ရာတွင် များစွာအထောက်အကူပြုမည် ဆိုသည့်အချက်ကို သိရှိနိုင်စေခဲ့သည်။
၁၉၂၀ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်ပေါ်ပေါက်လာပြီးနောက် တက္ကသိုလ် အသိုင်းအဝိုင်းနှင့် အဆက်အသွယ်ရှိသူများ အထူးသဖြင့် J S Furnivall တည်ထောင်သော မြန်မာနိုင်ငံ ပညာပြန့်ပွားရေး အသင်းတို့သည် နိုင်ငံခြားစာပေများကို မြန်မာတို့ ဖတ်နိုင်အောင်ပြုလုပ်ပေးဖို့ ဆုံးဖြတ်ခဲ့ကြသည်။ နိုင်ငံခြားစာပေလက်ရာများကို မှီငြမ်းသည့် မြန်မာဘာသာ စာပေများ ဖန်တီးခဲ့ကြသည်။ ထိုလှုပ်ရှားမှု အသစ်တွင်ပါဝင်ခဲ့ကြသော စာရေးဆရာများသည် ဝတ္ထုတိုများ ကဗျာများ အပါအဝင် ၎င်းတို့၏ ကိုယ်ပိုင်လက်ရာများကိုလည်း ရေးသားခဲ့ကြသည်။
ယခုအခါတွင် “ခေတ်စမ်းစာပေ” ဟုခေါ်တွင်သည့် ခေတ်ပေါ်စာပေ လှုပ်ရှားမှုတွင် အကျော်အမော် စာရေးဆရာ ၃ ဦး ပေါ် ထွက်ခဲ့ရာတွင် သိပ္ပံမောင်ဝသည် ရှင်းလင်း ထိမိသော စကားပြေအရေးအသားကြောင့် ထင်ရှားပြီး ဇော်ဂျီ နှင့် မင်းသုဝဏ် တို့သည် သူတို့၏ လေ့လာစူးစမ်းမှု အားကောင်းခြင်းနှင့် ပြည်သူတို့၏ နေ့စဉ်ဘဝနှင့် သဘာဝတရား၏ အသေးစိတ်များကို ထင်ဟပ်ဖော်ပြနိုင်သည့် ကဗျာများကို ရေးဖွဲ့နိုင်ခဲ့ခြင်းအတွက် လေးစားချီးကျူးခံခဲ့ရသည်။ စိတ်ကူးယဉ် ဝါဒသမားများ ဟု ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ခြင်းခံရသည့် William Wordsworth ၊ P B Shelley၊ John Keats နှင့် Rabindranath Tagore တို့၏ ရေးဟန်နှင့် အမြင်များက ခေတ်စမ်း စာရေးဆရာများအပေါ် အလွန်လွှမ်းမိုးခဲ့ကြသည်။
နောက်ပိုင်းကာလရောက်သည့် အခါ ဝေဖန်သူအများအပြားက ခေတ်စမ်းစာပေလှုပ်ရှားမှုသည် အနုပညာပိုင်းဆိုင်ရာ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုကို ကြီးမားစွာထောက်ပံ့ပေး နိုင်ခဲ့သော်လည်း ထိုအချိန်က ဗြိတိသျှ ကိုလိုနီလက်အောက်မှ လွတ်လပ်ရေးရရှိရန် တောင်းဆိုမှုများ တိုးပွားလာနေ သည့် တနိုင်ငံလုံး၏ ခေတ်ပြိုင် နိုင်ငံရေးဆန္ဒများကို ထင်ဟပ်ပြသနိုင်ခြင်း မရှိခဲ့ဟု ထောက်ပြခဲ့ကြသည်။
ကိုလိုနီခေတ်ကာလတလျှောက် မြန်မာ့စာပေလောကတွင် သြဇာကြီးမားသော ပုံရိပ်မှာ သတင်းစာဆရာ၊ ပြဇာတ်ရေး ဆရာ၊ ကဗျာဆရာနှင့် သမိုင်းပညာရှင်အဖြစ် အများက လေးစားကြည်ညိုကြသော သခင်ကိုယ်တော်မှိုင်း ဖြစ်သည်။ သူ၏ အောင်မြင်သော စာပေလက်ရာများ သည် မျိုးချစ်စိတ်ဓာတ်နိုးကြားလာစေပြီး မေတ္တာ၊ ကရုဏာ နှင့် မြန်မာတို့၏ အတိတ် သမိုင်းကြောင်းများ အပြင် ခေတ်ပြိုင်လွတ်လပ်ရေးလှုပ်ရှားမှုများကိုပါ သရုပ်ဖော်နိုင်ခဲ့သည်။ သခင်ကိုယ်တော်မှိုင်းသည် ရှေးရိုးဟန်ဖြင့် ကဗျာ လင်္ကာအဖွဲ့အနွဲ့များ သုံး၍ ရေးသားသူဖြစ်သော်လည်း သူနှင့် ခေတ်ပြိုင်များ အတွင်းတွင် သူတို့ ခေတ်အခါ၏ နိုင်ငံရေးလိုအပ်ချက်များ နှင့် အနုပညာရသကို အောင်မြင်စွာ ပေါင်းစပ် ရေးသားနိုင်သူအဖြစ် လေ့လာဆန်းစစ်သူများက လက်ခံသဘောတူခဲ့ကြသည်။
ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း နှစ်များတွင် ပေါ်ပေါက်လာခဲ့သော လူငယ်စာရေးဆရာများသည် ကိုလိုနီစနစ်နှင့် ဖက်ဆစ်ဝါဒကို ခက်ခဲစွာ ရင်ဆိုင် ကျော်ဖြတ်ခဲ့ရသော အတွေ့အကြုံများ၏ နက်ရှိုင်းစွာသက်ရောက်မှုကိုခံစား ကြရသည်။ ထို့ပြင် စစ်ပြီးကာလတွင် ရေပန်းစားခဲ့သော လက်ဝဲယိမ်းသည့် နိုင်ငံရေးအတွေးအခေါ်များ၏ လွှမ်းမိုးခြင်းကိုလည်း ခံခဲ့ရသည်။
နောက်ဆုံးအချိန်ထိ လှပသော ကဗျာများ၊ ဝတ္ထုတိုများ၊ ဝတ္ထုရှည်များနှင့် အတွေးအမြင်မှတ်တမ်းများကို ရေးသားနေခဲ့သော ဒဂုန်တာရာကို စစ်ပြီးခေတ် တိုးတက်သော လူငယ်စာရေးဆရာများ၏ ခေါင်းဆောင် အဖြစ် အသိအမှတ် ပြုခဲ့ကြသည်။ စစ်ပြီးခေတ်တွင် သူက “စာပေသစ်” ဆိုသည့်ခေါင်းစဉ်အောက်တွင် “အနုပညာသည် ပြည်သူ့အတွက်” ဆိုသည့် သရုပ်မှန်စာပေ အယူအဆကို မြှင့်တင်ပေးသည့် တာရာ မဂ္ဂဇင်းနှင့် ကို ထုတ်ဝေခဲ့သည်။ အမှန်တကယ်အားဖြင့် ဒဂုန်တာရာသည် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ နိုင်ငံရေး အသားပေးသည့် စာပေမျိုးကို တိုက်ရိုက်အမွေ ဆက်ခံသူ ဖြစ်ပြီး တင်ပြပုံ နည်းလမ်းနှင့် ရှုမြင်သုံးသပ်မှုကို ပို၍ခေတ်မီလာအောင် ပြောင်းလဲပေးနိုင်ခဲ့သူဖြစ်သည်။
လေ့လာသူအချို့က ဒဂုန်တာရာ၏ စာပေလက်ရာများသည် သခင်ကိုယ်တော်မှိုင်း၏ ရေးဟန်နှင့် လွတ်လပ်ရေးအကြို ခေတ်က ခေတ်စမ်းစာရေးဆရာတို့၏ ဟန်ကို ပေါင်းစပ်ထားခြင်း ဖြစ်သည်ဟု ဖွင့်ဆိုကြသည်။ ခေတ်စမ်းစာပေ၏ ရှေ့ ဆောင်တဦး ဖြစ်သော ဆရာကြီး မင်းသုဝဏ် ကလည်း ဒဂုန်တာရာ၏ စာပေသစ်လှုပ်ရှားမှုကို “ခေတ်စမ်း၏ ခေတ်စမ်း” ဟု အမည်တပ်ခဲ့၏။
ဒဂုန်တာရာနှင့် သူ၏မိတ်ဆွေများသည် ခေတ်စမ်း၏ အသွင်သဏ္ဍန်ကိုသာ ချိုးဖျက်ခဲ့သည်မဟုတ်ဘဲ ခံစားနိုင်စွမ်းနှင့် ရေးဟန်ကိုပါ ပြောင်းလဲခဲ့ကြသော်လည်း ကဗျာရေးသည့်အခါ ခေတ်စမ်းဆရာတို့၏ ကာရန် သဘောတရားကို ဆက်လက်သုံးစွဲခဲ့ကြသည်။ ဒဂုန်တာရာ၏ စာပေလှုပ်ရှားမှုသည် အံ့အားသင့်ဖွယ် ကောင်းလောက်အောင်ပင် ယနေ့ထိ ဆက်လက် လွှမ်းမိုးနေဆဲ ဖြစ်သည်။
သို့သော်လည်း ဝေဖန်ခံရခြင်းမှ ဒဂုန်တာရာ မကင်းလွတ်ခဲ့ပါ။ သူနှင့် ခေတ်ပြိုင်စာပေသမားများ၊ အထူးသဖြင့် အခြားသော ပြည်သူ့စာပေဂိုဏ်းသားများက ဒဂုန်တာရာ၏ စာရေးဟန်သည် အဆန်းထွင်လွန်းပြီး လက်တွေ့မဆန်ဘဲ စိတ္တဇ ဆန်ဆန် စိတ်ကူးယဉ် အရေးအသားတွေဖြစ်သည်ဟု စွပ်စွဲခဲ့ကြသည်။
ဒဂုန်တာရာသည် စာပေကို ဦးဆောင်သူ ပုံရိပ်တခုအဖြစ်သက်သက်သာမကဘဲ ကျော်ကြားသည့် ငြိမ်းချမ်းရေး ဆောင်ရွက်သူ တယောက်လည်း ဖြစ်သည်။ ပြည်တွင်း ငြိမ်းချမ်းရေး နှင့် နိုင်ငံတကာ ငြိမ်းချမ်းရေး ကိစ္စများတွင်ပါ ထိထိ ရောက်ရောက် ပါဝင်ခဲ့သူ ဖြစ်သည့်အတွက် နိုင်ငံရေးအရ ဖိနှိပ်မှုများလည်း ကြုံတွေ့ခဲ့ရသည်။
၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းယူလိုက်ပြီးနောက်တွင် ကွန်မြူနစ်အဖြစ် စွပ်စွဲခံရပြီး လေးနှစ်ကြာ ဖမ်းဆီး ထိန်းသိမ်းခံ ခဲ့ရသည်။ ပုဂ္ဂိုလ်ပိုင်းအရကြည့်လျှင် ဒဂုန်တာရာကို အေးချမ်းတည်ငြိမ်သူ၊ အများနှင့် လိုက်လျော ညီထွေ နေနိုင်သူ အဖြစ်မြင်ရသော်လည်း ကိုယ်ပိုင်ယုံကြည်ချက်ကိုတော့ မလွတ်တမ်း ဆုပ်ကိုင်ထားတတ်သူလည်း ဖြစ်သည်။
သူသည် မြန်မာ့လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ် အောင်ဆန်း နှင့် အလွန် ရင်းနှီး ကျွမ်းဝင်သည်။ ဂျပန်ခေတ်တွင် အစိုးရ ရာထူးကြီးကြီး တခု ယူဖို့ ဗိုလ်ချုပ်အောင်ဆန်းက ကမ်းလှမ်းခဲ့သေးသော်လည်း ဒဂုန်တာရာက ငြင်းပယ်ခဲ့၏။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံမခံရမီ ၁၉၄၇ ခုနှစ်တွင် ဒဂုန်တာရာက “အောင်ဆန်း သို့မဟုတ် အရိုင်း” အမည်ရှိသည့် ဗိုလ်ချုပ် အောင်ဆန်း၏အကြောင်း အလွန်လက်ရာမြောက်သော်လည်း ပြင်းထန်စွာဝေဖန်ခြင်းများရရှိခဲ့သည့် အက်ဆေး တပုဒ် ရေးသားခဲ့သည်။
သူတို့၏ ခေါင်းဆောင်ကို ယခုလို ပုံဖော်ရေးသားခဲ့ခြင်းအတွက် မြန်မာနိုင်ငံသားများစွာ အံ့အားသင့်ခဲ့ကြသော်လည်း ဒဂုန်တာရာနှင့် ကာယကံရှင် ဗိုလ်ချုပ်အောင်ဆန်းတို့ကမူ ထိုအက်ဆေးကို တာရာ မဂ္ဂဇင်းတွင် ပထမဆုံး အကြိမ် ဖော်ပြခဲ့ပြီးနောက် ထွက်ပေါ်လာသော အငြင်းပွားဖွယ်ရာ ဝေဖန်မှုများကို အပြုံးမပျက် တုန့်ပြန်ခဲ့ကြသည်။
ဒဂုန်တာရာ၏ နောက်ထပ်ရဲရင့်မှုတခုမှာ ဗိုလ်ချုပ်နေဝင်း၏ ဆိုရှယ်လစ် အာဏာရှင် အစိုးရလက်ထက်၌ လွတ်လပ် ရေး ကြိုးပမ်းမှုတွင် ပါဝင်ခဲ့သူများကိုချီးမြှင့်သော ဂုဏ်ထူးဆောင်ဆုကို ငြင်းပယ်လိုက်ခြင်း ဖြစ်သည်။ နိုင်ငံ့ဂုဏ်ရည်ဆုသည် လစဉ် ထောက်ပံငွေလည်းပေးသည့် အတွက် ကျော်ကြားသည့် မျိုးချစ်ပုဂ္ဂိုလ်တို့၏ သစ္စာရှိမှုကို ယူနိုင်ရန် အတွက်
လာဘ်ငွေပေးခြင်းတမျိုးဟု သူက ယူဆခဲ့၏။ ဆု ကို လက်ခံယူရန် ငြင်းဆန်ခဲ့ပြီးနောက် ဒဂုန်တာရာသည် ကိုယ့်ကိုယ်ကို နယ်နှင်ဒဏ်ပေးသည့် အနေဖြင့် မြို့တော် ရန်ကုန်ကို စွန့်ခွာသွားခဲ့ပြီး သူ၏ကျော်ကြားသော ကဗျာတပုဒ်တွင် ကိုယ့်ကိုယ် ကို မဲဇာပို့လိုက်ခြင်းဟု ရေးသား စပ်ဆိုခဲ့ပါသည်။
“သူက အာဏာပိုင်တွေရဲ့ အမြင်မှာ မြန်မာနိုင်ငံရဲ့ Boris Pasternak လို ဖြစ်လာတယ်လေ။ မဲဇာ ဆိုတာ မြန်မာနိုင်ငံရေး အစဉ်အလာမှာ ဘုရင်တွေက သူတို့ကို ဆန့်ကျင်တဲ့သူတွေကို နယ်နှင်ဒဏ်ပေးတဲ့ နေရာပါ။ ဆိုဗီယက် ခေတ်က gulags လို နေရာမျိုးပေါ့” ဟု လူငယ် ကဗျာဆရာ တယောက်က မှတ်ချက်ချ ပြောပြသည်။
လက်ဝဲအယူအဆကို ယုံကြည်သူဖြစ်သော်လည်း သူ၏ဘဝနေထိုင်မှုမှာရော သူ၏ အသိအမြင်တွေမှာပါ အများ လက်ခံကြ သည့် ဆိုရှယ်လစ်အယူအဆများကို ထုတ်ပြနေစရာမလိုဟု ဒဂုန်တာရာက ယူဆခဲ့သည်။ သူ့ကိုယ်သူ လူပုံအလယ်တွင် လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပါဝင်ခဲ့သူဟု ကိုယ်ရည်သွေး ပြောခြင်းကိုလည်း ရှောင်ကြဉ်ခဲ့သည်။ ဘ၀ သက်တမ်း တလျှောက်လုံးတွင် နိုင်ငံရေးပါတီများနှင့်လည်း ကင်းရှင်းအောင် နေထိုင်ခဲ့၏။
ရှည်လျားကောက်ကွေ့သော ဆံပင်များရှိပြီး ဘန်ကောက် ပိုးလုံချည်နှင့် အရောင်စုံ အင်ဒိုနီးရှား ပါတိတ်ရှပ် အကျႌများကို ဝတ်ဆင်လေ့ရှိသော ဒဂုန်တာရာသည် သူ၏သက်တမ်းတလျှောက်လုံးကို လူပျိုကြီး ဘဝဖြင့် ကျော်ဖြတ်ခဲ့သူ လည်း ဖြစ် သည်။ ရန်သူမရှိ မိတ်ဆွေသာရှိသည် ဟုပြောလေ့ရှိသော သူ၏ လွတ်လပ်သော စိတ်ခံစားမှုသဘာဝကို ပန်းချီဆွဲခြင်း၊ စန္ဒရားတီးခြင်းဖြင့် ဖော်ထုတ်ပြရခြင်းကို သဘောကျသည်။
၁၉၇၀ ပြည့်လွန်နှစ်များတွင် အနောက်တိုင်း ခေတ်ပြိုင်စာပေ၏ အကြီးအကျယ်လွှမ်းမိုးမှုခံရသည့် လူငယ် ကဗျာဆရာ မျိုးဆက်သစ်တခု ပေါ်ပေါက်လာခဲ့သည်။ သူတို့က ဗီယက်နမ် စစ်ပွဲနှင့် နယ်ချဲ့ စနစ်ကိုဆန့်ကျင်ကြသည်။ အစဉ်အလာကို ချိုးဖျက်ပြီး ကာရန် မပါသော လွတ်လပ်သည့်ပုံစံဖြင့် ကဗျာတွေကို စတင်ရေးဖွဲလာကြသည်။ အစိုးရ ဆန့်ကျင်ရေး မဟုတ်သော်လည်း သူတို့၏ ကဗျာများတွင် မကြာခဏဆိုသလို ပါဝင်လာတတ်သည့် လူမှုရေး မမျှတမှု အကြောင်းတွေကြောင့် ဗိုလ်ချုပ်နေဝင်း စစ်အစိုးရနှင့်နီးစပ်သော ရှေးရိုးစွဲသမားတွေ၏ ခါးခါးသီးသီး ဝေဖန် တိုက်ခိုက်ခြင်းကို ခံကြရသည်။
ဂန္ထဝင်စာပေကို ဖျက်ဆီးသူများ၊ ကွန်မြူနစ်များ အဖြစ် စွပ်စွဲခံရသော ထိုလူငယ်ကဗျာဆရာများဖက်မှ ဒဂုန်တာရာက မားမားမတ်မတ် ရပ်တည် ကာကွယ်ပေးခဲ့သည်။ ဂန္ထဝင်နှင့် ပတ်သက်၍ သိရှိနားလည်ထားလျှင် ကောင်းသည် မှန်သော်လည်း ကဗျာဆရာကို မည်သည့် အရာကမျှ တင်းကျပ်စွာ ချုပ်ကိုင်ထားရန် မလိုအပ်ဟု ဒဂုန်တာရာက ထပ်ခါတလဲလဲ ပြောခဲ့၏။
၁၉၈၈ ခုနှစ်သို့ရောက်သည့် အခါ မြန်မာနိုင်ငံတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲရေးကို တောင်းဆိုမှုများက ထိပ်တန်းသို့ ရောက်လာသည်။ စာရေးဆရာ ကြီးငယ်မရွေး ဒီမိုကရေစီရရှိရေးလှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်လာကြ၏။ ထိုအချိန်မှ စ၍ သူတို့၏ မကျေနပ်မှုများ၊ ရပ်တည်ချက်များနှင့် ဒီမိုကရေစီဆန်သည့် လူ့အသိုက်အဝန်းကို မျှော်လင့်ခြင်းများ ဖော်ပြသည့်အခါတွင် စာပေစိစစ်ရေးကို လှည့်စားနိုင်ရန် အတွက် Surrealism၊ Magic realism နှင့် Stream-of-consciousness စသည့် ပုံစံနှင့် နည်းစံနစ် အမျိုးမျိုး သုံးစွဲ၍ ရှုပ်ထွေးစွာ ရေးသားလာကြသည်။
ထိုအချိန်တွင် ဒဂုန်တာရာ သည် စာပေများ ဆက်လက်ရေးသားနေဆဲဖြစ်သော်လည်း အသက်အရွယ်ကြောင့် အမြင် အာရုံ အားနည်းချို့ယွင်းနေပြီ ဖြစ်သည်။ ကမ္ဘာ့ နိုင်ငံရေး ရာသီဥတု အပြောင်းအလဲကို ဘာလင်တံတိုင်း ပြိုကျခဲ့ပြီးနောက် ရေးသားသော “နှင်းခဲပျော်ချိန်” အမည်ရှိ ကဗျာတွင်ထည့်သွင်း ရေးသားခဲ့သည်။ နိုင်ငံရေး တရားသေဝါဒနှင့် အနုပညာ မလွတ်လပ်မှုတို့၏ ရလဒ်အဖြစ် လူတိုင်းရော နိုင်ငံများပါ ပြိုလဲပျက်စီးနိုင်ကြောင်း ဆိုလိုခြင်းဖြစ်သည်။
မြန်မာစာပေတွင် သရုပ်မှန်ဝါဒမှ ခွဲထွက်လာရခြင်း အကြောင်းထဲတွင် ခေတ်ပြိုင် အခြေအနေများကို ထည့်သွင်းစဉ်းစားပါက နားလည်နိုင်သော်လည်း ကံမကောင်းသည့် ဘေးထွက်ဆိုးကျိုးလည်း ရှိခဲ့သည်။ ငယ်ရွယ်သော စာရေးဆရာများက ဖွံ့ဖြိုးလာသော သရုပ်မှန် မဟုတ်သည့် အရေးအသားဖက်ကို ပိုမိုတိမ်းညွှတ်သွားကြပြီး သရုပ်မှန်ဝါဒကို စွန့်လွှတ်ခဲ့ကြတော့သည်။
၁၉၉၀ နှစ်များ၏ အစောပိုင်းတွင် မြန်မာနိုင်ငံတွင် မော်ဒန်နှင့် ပို့စ်မော်ဒန် အယူအဆများနောက်သို့လိုက်သူ အမြောက် အများပေါ်ထွက်လာခဲ့ပြီး အလှအပခံစားမှုနှင့် နိုင်ငံရေးအရ ပေါ်လွင်ထင်ရှားသော လက်ရာများ ရှိခဲ့သည်။ များသောအားဖြင့် သူတို့သည် လူ့ အသိုင်းအဝိုင်းဆိုင်ရာ ကိစ္စများကို ကျယ်ကျယ်ပြန့်ပြန့် ရေးသားသည့် ရည်ရွယ်ချက်မှနေ၍ လုံးလုံးလျားလျား ခွဲထွက်လာသည့် စာပေများကို ဖန်တီးခဲ့ဟန်ရှိသည်။
“စတင်မိတ်ဆက်လာတဲ့ အယူအဆအသစ်တွေကို လက်ခံကြိုဆိုဖို့ လို့ပါတယ်၊ ဒါပေမယ့် အဲဒါတွေက လိုတာထက် ပို များလာတော့ လူငယ်စာရေးဆရာတွေဟာ လက်ရှိအခြေအနေကို ထင်ဟပ်ပြဖို့ဆိုတာနဲ့ ဝေးကွာသွားကြတယ်” ဟု မန္တလေးမြို့မှ နာမည်ကျော် စာရေးဆရာ တဦးက ပြောသည်။
တိုင်းပြည်အတွက် ကိုယ်ကျိုးမဖက်ဘဲ တာဝန်ထမ်းကြရန် စစ်အစိုးရ၏ အနုပညာကို အသုံးချ၍ ဝါဒဖြန့်ခြင်းကို တုန့်ပြန် သည့်အနေဖြင့် အနောက်တိုင်းအတွေးအခေါ် အယူအဆများ နောက်ကို မျက်စေ့မှိတ်လိုက်မိကြသော လူငယ်စာရေးသူ အချို့သည် “အနုပညာသည် ဘာအတွက်မှ မဟုတ်” ဆိုသည့် အယူအဆနောက်သို့ လိုက်သူများ အဖြစ် ကိုယ်ကိုယ်ကို ကြေညာကာ အစွန်းဖက်ဆီသို့ ပိုရောက်သွားကြသည်။
၁၉၉၀ နှစ်များ၏ အလယ်ပိုင်းလောက်ရောက်သည့် အချိန်တွင် ဒဂုန်တာရာသည် အဆိုပါ အုပ်စုတခု၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။ ကွန်မြူနစ်ဟောင်းများ၊ ဗိုလ်ချုပ်နေဝင်း၏ မဆလပါတီဝင်ဟောင်းများနှင့် လူငယ် စာရေး ဆရာ အချို့ပါဝင်သည့် ထိုအဖွဲ့က ခေတ်နောက်ပြန်ဆွဲပြီး မျိုးဆက်သစ်စာရေးဆရာများကို တားဆီး နှောက်ယှက် နေသူ ဟု စွပ်စွဲခဲ့ကြသည်။ (“တာရာခေတ်ကို ရိုက်ချိုးကြ” “ကတီ္တပါ လမ်းခွဲ” စသည့်အသံများ ပေါ်ထွက်လာခဲ့သည်။)
“ဒီတိုက်ခိုက်မှုတွေမှာ ဖုံးကွယ်ထားတဲ့ အစီအစဉ် တခု ရှိပုံရတယ်။ သူတို့က ဒဂုန်တာရာကို ကွန်မြူနစ်ဟောင်းလို့ တံဆိပ်ကပ်ပြီး လူသိထင်ရှား နာမည်ဖျက်ဖို့ ကြိုးစားခဲ့တာပါ။ ဒီလို စွပ်စွဲတိုက်ခိုက်ခံရခြင်းအတွက် စစ်အစိုးရက ကျေနပ်နှစ်သိမ့်နေမယ် ဆိုတာက သံသယရှိစရာ မလိုပါဘူး” ဟု မြန်မာနိုင်ငံ၏ ထင်ရှားသောစာရေးဆရာကြီး တဦး သံသယဖြစ်ဖွယ်ရာ တိုက်ခိုက်ခံနေရသည့် အနေအထားကို ရောက်ရှိနေခြင်း နှင့် ပတ်သက်၍ ဒဂုန်တာရာနှင့် နီးစပ်သော သမိုင်းပညာရှင် တယောက်က သုံးသပ်သည်။
သူက ဒဂုန်တာရာကဲ့သို့ မြန်မာ ခေတ်ပေါ်စာပေသမိုင်းမှ သက်ရှိခံတပ်ကြီး တဦးကို တိုက်ခိုက်ခြင်းမှာ မတော်တဆ တိုက်ဆိုင်မှု လုံး၀ မဖြစ်နိုင်ဟု သုံးသပ်သည်။ “မြန်မာစာပေ လှုပ်ရှားမှုဟာ လူစုကွဲနေပြီ။ သူ့ဖာသာ ခွဲခြား ပစ်လိုက်တာ” ဟု လည်းအဆိုပါ သမိုင်းပညာရှင်က မှတ်ချက်ပေးသည်။ ထို့ပြင် တိုင်းပြည်ကို အုပ်ချုပ်နေသော စစ်အစိုးရက သြဇာ ရှိသော စာပေပညာရှင်ကြီးများနှင့် အခြားသော လက်ဝဲ အယူအဆ လေ့လာလိုက်စားသူများကို ခြိမ်းခြောက်မှု တခုအဖြစ် သဘောထားသည် ဟု သူက ထပ်ပြောသည်။
ဒဂုန်တာရာ၏ သည်းခံနိုင်မှုစွမ်းအားကို သရုပ်ပြပေးသလို ဖြစ်ခဲ့သော တိုက်ခိုက်ထိုးနှက်မှုများ အနည်ထိုင် သွားခဲ့ပြီ ဖြစ်ပါသည်။ သူက ထိုအဖြစ်တို့သည် မြန်မာနိုင်ငံ၏ လက်ရှိ လူမှုရေး နှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေကို နက်ရှိုင်း စွာ သတိထားရာမှ စတင်ဖြစ်ပေါ်လာခဲ့သည်ဟု ထင်မြင်ပုံရသည်။ အသိပညာနှင့် စိတ်ခံစားမှုတွင် နစ်မြုပ်စီးမျောခြင်းက အနာဂါတ်အတွက် အဓိပ္ပါယ်ရှိသော ဦးတည်ရာကို အသည်းအသန် လိုက်လံရှာဖွေနေသည့် လူငယ်စာရေးဆရာများကို ဖိစီးနှိပ်စက်ရာမှ ဖြစ်ပေါ်လာခဲ့သည်ဟု သဘောထားခဲ့သည်။ ဒဂုန်တာရာ စာရေးဆရာများသည် မိမိတို့၏ ပတ်ဝန်းကျင်နှင့် ထိတွေ့ပတ်သက်ခြင်းမှ ကင်းလွတ်အောင် မစွမ်းဆောင်နိုင် ဆိုသည့် သူ၏ ယုံကြည်မှုကို ထပ်ပြောသည်။
“အနုပညာကို သူတို့ရဲ့ လူမှုရေး၊ နိုင်ငံရေး အခြေအနေတွေဆီကနေ ဘယ်သူမှ ခွဲမထုတ်နိုင်ဘူး” ဟု ဒဂုန်တာရာ ရေးသားခဲ့သည်။ “မြန်မာနိုင်ငံဟာ အခုဆိုရင် အသွင်ကူးပြောင်းရေးကာလကို ရောက်နေပါတယ်။ လူငယ်တွေက သူတို့ရဲ့ စိတ်ထဲမှာနဲ့ သူတို့ရဲ့ ဖန်တီးအားထုတ်မှုတွေထဲမှာ တခုခု လိုနေတယ်လို့ ခံစားနေကြရတယ်။ တကယ်တမ်းမှာတော့ မြန်မာ့စာပေဟာ အခုအချိန်မှာ ကမ်းခြေအသစ်တခုကို ရှာဖွေနေပါပြီ” ဟု ဒဂုန်တာရာက ပြောကြားခဲ့သည်။
(၂၀၀၀ ပြည့်နှစ် ဇူလိုင်လထုတ် ဧရာဝတီမဂ္ဂဇင်းပါ Min Zin ၏ The Living History: Dagon Taya & Modern Burmese Literature ကို နိုင်မင်းသွင် ဘာသာပြန်သည်)