နှင်းယွန်းတော့မည်
ဖျော့ဖျော့ကလေး၊ မြူဝတ်မြှေးလည်း
နှေးနှေးသက်ဆင်း၊ နှင်းအကြွင်းတို့
ဖြည်းညင်းသာသာ ကျလေပြီ။
“ဆောင်းအကုန် နွေအကူး ဆိုပါတော့ကွာ၊ ဆောင်းအကုန်ဆိုပေမယ့် လုံးဝကုန်ဆုံးသွားတာမျိုးတော့ မဟုတ်ဘူး။ နှင်းယွန်း တော့မည် ဆိုတာက နှင်းတွေ လောကကြီးအထဲက ထွက်ခွာသွားတော့မှာကို ပြောတာ။ ဆောင်းရဲ့ နောက်ဆုံးအချိန် အားအင် သိပ်မရှိတော့ဘူး။ နွမ်းဖျော့ဖျော့ကလေး ဖြစ်နေပြီလေ။ အကြွင်းဆိုတာကျန်တာ။ အေး … အဲဒီဆောင်းရဲ့ နောက်ဆုံးလက်ကျန် နှင်းကလေးတွေဟာ လောကကြီးထဲက မထွက်ခွာချင်ပေမယ့် နောက်ရောက်လာမယ့် နွေဦးကိုလည်း နေရာပေးရဦးမယ် မဟုတ်လား၊ ဒါကြောင့် မသွားချင် သွားချင်နဲ့ ဖြည်းဖြည်းလေး ထွက်ခွာသွား နေရတာကို ကဗျာဆရာက ပြောတာပဲ”
တပည့်များကို ဆရာဒဂုန်တာရာ၏ “နှင်းယွင်းဟေမန်” ကဗျာအကြောင်း ကျနော် ပြောပြနေခြင်းဖြစ်သည်။ တပည့်များ စာရေးကူးနေကြခိုက် ကျနော် အခန်းအပြင်ဘက် ဝရံတာသို့ထွက်လာခဲ့သည်။ ကျနော်တို့ကျောင်းမှာ နှစ်ထပ်ကျောင်းကြီး ဖြစ်ပြီး ကျနော် စာသင်နေသည့် အတန်းမှာ အပေါ်ထပ်တွင်ရှိသည်။ ထို့ကြောင့် အနောက်ဘက်သို့ လှမ်းမျှော်ကြည့် လိုက်သောအခါ လယ်ကွင်းစိမ်းစိမ်းများ၊ အိမ်အမိုးရောင်စုံများကို ကျော်လျှက် မှိုင်းညို့ညို့ဝေသီနေသော မြန်မာပြည်မှ တောင်တန်းများကို လှမ်း၍မြင်လိုက်ရသည်။
“ဆရာ အခုကဗျာကိုရေးတဲ့ ဒဂုန်တာရာကို ဆရာသိလား”
ရုတ်တရက် ထွက်ပေါ်လာသည့် အတန်းထဲမှ တပည့်တယောက်၏ မေးလိုက်သံကြောင့် ကျနော် အတန်းတွင်း ပြန်ဝင် လာခဲ့ပါသည်။ ပြီးတော့ ကျနော်၏ တပည့်ကလေးများကို မှော်ဘီဘောလုံးစက်ရုံ အနီးမှ ဆိတ်ဖလူးနံ့ သင်းသော အိမ်ကလေး အကြောင်း စာပေသစ်၊ ပါတိတ်၊ အစကနဦး “မေ”၊ လက်ရှိ မောရဋ္ဌ အကြောင်းများကို အစီအစဉ်မကျနစွာ ပြောပြနေမိလေ တော့သည်။
ဆရာသည် စာပေသစ်ကို ဦးဆောင်ခဲ့သူဖြစ်သည်။ ရေးရိုးရေးစဉ် တွေးရိုးတွေးစဉ်မှ လမ်းခွဲထွက်ကာ ရေးနည်းအသစ်၊ စကားလုံးအသစ်၊ အတွေးအခေါ်အသစ်၊ အကြောင်းအရာအသစ်၊ တင်ပြပုံ အသစ်များကို ရဲဝံ့ပြောင်မြောက်စွာ ဖန်တီး တည်ဆောက်ခဲ့သူ ဖြစ်လေသည်။
ထို့ကြောင့် ဆရာဒဂုန်တာရာကို “တာရာ စသော စာရေးဆရာ တစုကား စကားသစ်ကို မရရအောင်ရှာသုံးကြ၏။ စကားသစ် သုံးနိုင်ရန် အခြေအနေကို တမင်ဖန်တီး၍ သုံး၏။ ဤမျှသာမက ပြွတ်သိပ်ထိုးသုံး၏။ စာတမျက်နှာတွင် စကားဆန်း လေးငါး ခြောက်လုံး သုံးချင်သုံး၏။ ဥပမာ တာရာ၏ နာမည်ကြီး “လေနုအေးကား နော့ဆဲကို” ဆိုသော “မေ” ၏ အဖွင့်စာကြောင်း ကိုကြည့်၊ စာကြောင်း တခုလုံးကို ရတု အဆုံးသတ် ဆန်ဆန်ရေးပြီး အဆန်းတကြယ် ဝတ္ထုစဖွင့်လိုက်၏။ လေနုအေးဆိုသော စကားသစ်ကို တည်ဆောက်လိုက်ရုံမက “နော့” လည်း “နော့” စေသေး၏။ သို့ကလို ပြွတ်သိပ် ဆန်းလိုက်သောကြောင့် နားမဝင်စရာ ဖြစ်လာသည်။ တာရာ ကိုယ်တိုင်ကပင် ထိုစကားလုံးကို မုန်းတီး ရွံရှာလာသည်။ ဤမျှသာလော၊ တာရာသည် မည်မျှ စကားဆန်း ထွင်ချင်ပါသနည်းဟူမူ “အပြာမှ ဝေါ့လ်ဒစ္စနေအပြာဗျ” ဟုပင် ရှားရှားပါးပါး မဆန်းဆန်းအောင် ရေးရရှာလေသည်။ ပြောတော့ ပြည်သူ့စာပေ။ ရေးတော့ သူတယောက်တည်း နားလည်မည့်စကား။ ပြောတော့ အမျိုးသား ယဉ်ကျေးမှု။ ရေးတော့ အမေရိကန် ပုံတူ” ဟု ဆရာ သိန်းဖေမြင့်က ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့ ခြင်း ဖြစ်လေသည်။
ဆရာသိန်းဖေမြင့်က ဆရာဒဂုန်တာရာကို ထိခိုက်နစ်နာစေလိုသော သဘောဖြင့် ဝေဖန်ခဲ့ခြင်းမဟုတ်ပါ။ ဆရာတို့ ကိုင်စွဲသော ပေတံတချောင်းစီ ဖြစ်ကြလိမ့်မည်၊ ရှိကြလိမ့်မည်။ ထိုပေတံများဖြင့် တိုင်းတာကြခြင်းသာ ဖြစ်ပါသည်။
“တာရာသည် အသစ်အဆန်းထွင်ခြင်း ဆိုသောအလံကို လွှင့်ထူလျှက် အင်္ဂလိပ်စာပေမှ စိတ်ကူးဉာဏ်ကွန့် များကို တိုက်ရိုက် ဘာသာပြန်၍လည်း ရေးလေ့ရှိ၏။ တခါတရံ မတော်မတည့်သော ရသများ ပေါ်ပေါက်စေ၏။ ဥပမာ မေလထုတ် ရှုမဝတွင် ပါသော “မြိုင်” ဝတ္ထု၌လည်း လားရှိုးမြို့မှ လမ်းတလမ်း ညအခါ သာယာပုံကို ဤသို့ ရေးထား၏။ “လမ်းကြီးသည် လရောင် တွင် ဝတ်လစ်စလစ် ရေချိုးနေသည်” အင်္ဂလိပ်စာပေတွင် “ဝတ်လစ်စလစ်” ဆိုသော စကားကြောင့် အလှတမျိုး ပေါ်လွင်ကောင်း ပေါ်လွင်ပေမည်။ မြန်မာ စာပေ၌ကား အလှတမျိုး မဟုတ်ဘဲ ညစ်ညမ်းမှုသာ ပေါ်စေ၏။ မြန်မာစာပေ၌ “ဝတ်လစ်စလစ်” သည် အလှတမျိုးကို ဆောင်စေလျှင် ဦးစွာပထမ တာရာတို့ တစုသည် “ဝတ်လစ်စလစ်” သဘာ၀ အလှဖော် အလေ့အထ ပြန့်နှံ့အောင် လုပ်ရဦးမည်ဖြစ်ပေသည်” ဟု ဆရာသိန်းဖေမြင့်က ဝေဖန်ထားသေးသည်။
မည်သို့ဆိုစေ ခေတ်စမ်းဟုဆိုလိုက်လျှင် ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်နှင့် ဆရာသိပ္ပံမောင်ဝကို ပြေးမြင်ကြရမှာ အမှန်ပင် ဖြစ်သကဲ့သို့ စာပေသစ်ဟု ဆိုလိုက်လျှင်ကား ဆရာဒဂုန်တာရာနှင့် တာရာမဂ္ဂဇင်းကိုသာ ပြေးမြင်ကြပါလိမ့်မည်။
“စာပေခေတ်တွေ ပြောင်းလဲမှုဟာ နိုင်ငံရေးခေတ်တွေ ပြောင်းလဲမှုရဲ့ ရိုက်ခတ်ချက်တွေ ဖြစ်တယ်။ နိုင်ငံရေး ပြောင်းလဲမှု ကြောင့် စာပေလည်း ပြောင်းလဲရတာပဲ။ ပြည်သူ့ ဒီမိုကရေစီခေတ်ဟာ၊ တနည်းပြောရရင် ဒီမိုကရေစီ သစ်ခေတ်ဟာ စာပေ သစ်ပါပဲ။ စာပေသစ်ခေတ်ဟာ အရင်းရှင်စနစ်နဲ့ ဆိုရှယ်လစ် စနစ်အကြားမှာရှိတယ်။ အရင်းရှင်ခေတ်ကနေ ဆိုရှယ်လစ် ခေတ်ကို ပြောင်းလဲနေတဲ့ ကာလမှာ အားအကောင်းဆုံးကာလ ဖြစ်တယ်” ဟု ဆရာ ဒဂုန်တာရာက ပြောခဲ့၏။
ကျနော် စာပေသစ်ကို ချစ်ပါသည်။
ရွှေကြေးစည် ဘုရားဖူးအဖွဲ့မှ ဒေါ်စန်းစန်းအောင်၏ အကူအညီဖြင့် ရန်ကုန်မှ အောင်ပန်းသို့ သွားနေသည့် Express ကား ကြီးပေါ်သို့ ကျနော်ရောက်နေ၏။ ကျနော်နှင့်အတူ မဂ္ဂဇင်း၊ ဂျာနယ်အသီးသီးမှ အယ်ဒီတာ၊ သတင်းထောက်နှင့် စာရေးဆရာ များ၊ ကဗျာဆရာများ စုစုပေါင်း အယောက် ၄၀ ခန့်ပါလေသည်။
ကားကအမှောင်ထဲသို့ အရှိန်ဖြင့် တိုးဝင်နေသည်။ ကားပေါ်၌ကား တရားပွဲ၊ နိုင်ငံရေးတရားပွဲ၊ ဗိုလ်ချုပ်ကြီး (ဟောင်း) ဦးခင်ညွန့်၏ လက်မရွံ့ထောက်လှမ်းရေး တပ်သားများ လုံး၀ လိုက်ပါလာခြင်းမရှိဟု ယုံကြည်ရသောကြောင့် လည်းကောင်း၊ “ကျမ သမ္မတကြီး ဦးသိန်းစိန်ကို ယုံတယ်” ဆိုသည့် ဒေါ်အောင်ဆန်းစုကြည်၏ စကားကို ယုံကြည်ကြသောကြောင့် လည်းကောင်း၊ အမျိုးသား စာပေဆုရ မောင်ခိုင်ခန့်က ဟောဒီတရားပွဲကို အများ၏ဆန္ဒအား လျစ်လျူရှုကာ စီစဉ်ခြင်း ဖြစ်လေသည်။ တယောက် ၅ မိနစ်တော့ ဟောရမည်ဆိုပဲ။ ကျနော်က နိုင်ငံရေးသမားမှ မဟုတ်ဘဲ။ ကာတွန်းဆရာပဲ။ ကျနော်က နိုင်ငံရေးသမားမှ မဟုတ်ဘဲ။ စာရေးဆရာပဲ။ ကျနော်က နိုင်ငံရေးသမားမှ မဟုတ်ဘဲ။ ကဗျာဆရာပဲ။ ကျနော်က နိုင်ငံရေးသမားမှ မဟုတ်ဘဲ၊ အယ်ဒီတာပဲ။ ဒါကြောင့် ကျနော်က နိုင်ငံရေးသမား ဖြစ်နေလေတော့သည်။ ထိုင်ခုံ နောက်မှီ ပေါ်သို့ ခေါင်းကိုလှန်ချလိုက်ကာ မျက်စိများကို ပိတ်လိုက်သည်။ ကျနော့် နားထဲသို့ ဝင်ရောက်လာကြသည်က ဆရာကြီး ရွှေဥဒေါင်း၏ ဆရာဒဂုန်တာရာအပေါ် ထင်မြင်ယူဆချက်များ …။
“စာရေးဆရာ ဒဂုန်တာရာသည်လည်း ကမ္ဘာ့ငြိမ်းချမ်းရေး ကိုယ်စားလှယ်တဦး အဖြစ်နှင့် အတူသွားကြရ၍ ၎င်းအား အထိုက် အလျောက် လေ့လာခွင့်ရခဲ့သည်။ ပီကင်းသို့ မသွားကြမီ ၄ နှစ်ခန့်လောက်က ဒဂုန်တာရာသည် ကျွနု်ပ်၏ အယူအဆများနှင့် ပတ်သက်၍ မည်သို့မည်ပုံ ဝေဖန်သည်ဟု ငွေဥဒေါင်းက ကျွန်ုပ်အား ပြောပြဖူး၏။ စာရေးဆရာ ရန်အောင်သည် ဤအတွက် ကြောင့် ဒဂုန်တာရာအား ရိုက်မည်ပြုသေးသည် ဟူ၍ပင် ငွေဥဒေါင်းကပြောဖူး၏။ (ဟုတ်၊ မဟုတ်ကား မပြောတတ်၊ ဆရာရန်အောင် မဟုတ်လျှင်လည်း တယောက်ယောက် ဖြစ်ပါလိမ့်မည်။ နာမည်ကိုတော့ ကျွန်ုပ် ခပ်မေ့မေ့ ရှိနေသည်။ သို့သော် ဆရာရန်အောင် ဟူ၍ပင် ပြောသည်ထင်၏) ၁၉၅၀ ပြည့်နှစ်တွင် ကျွနု်ပ် သီတာလမ်း၌ နေထိုင်လျှက် ရှိစဉ် ငွေဥဒေါင်းသည် ကျွန်ုပ်အား သူ့အိမ်သို့ ထမင်းစားဖိတ်၍ ရောက်သွားသောအခါ ဒဂုန်တာရာကို တွေ့ရသဖြင့် ကျွနု်ပ် အံ့သြမိသေး၏။ ကျွနု်ပ်သည် အသက်အရွယ်အလိုက် အကဲခတ်တတ်သူတယောက် ဖြစ်သည်နှင့် ကျွန်ုပ်၏ သားထွေး အရွယ်လောက်မျှ ရှိသူတယောက်က ကျွန်ုပ်အကြောင်းကို ဆရာရန်အောင်လို ကြားလူ တယောက်က ဝင်၍ ရိုက်ချင် လောက်အောင် ရှုတ်ချပြောဆိုရချေမည်လော ဆိုကာ ဒဂုန်တာရာအပေါ်၌ (ငွေဥဒေါင်း၏ စကားအရ) အာဃာတ ထားလျှက် ရှိသည် ဖြစ်သောကြောင့် ငွေဥဒေါင်းက တိုက်ကျွေးခြင်းကိုလည်း မသောက်၊ ဒဂုန်တာရာနှင့်လည်း စကားဟဟ မပြောဘဲ နှုတ်ဆိတ်နေခဲ့မိသည်။ ဒဂုန်တာရာကိုယ်၌ကလည်း “စကားရောဖောရော” နှင့်နှောတတ်သူ တယောက် (Good Mixer) မဟုတ်သဖြင့် ခွကျတတနှင့် ထမင်းစားပွဲ ပြီးဆုံးသွားခဲ့သည်။
အကယ်၍ ကျွနု်ပ်သည် ငွေဥဒေါင်း ဝယ်ထားသော ရမ်အရက်ကိုသောက်ခဲ့ပါမူ (အသောက်သမားတို့၏ ထုံးစံအတိုင်း) ရောရော နှောနှော ပြောမိဆိုမိ ဖြစ်လာလိမ့်မည်ဟု ကျွန်ုပ်သိ၏။ ထို့ကြောင့်ပင် ကျွနု်ပ်သည် တမင်ရှောင်၍ မသောက်ဘဲ နေခဲ့ခြင်းဖြစ်၏။ ပီကင်းသို့ ရောက်ကြ၍ တကြိမ်နှစ်ကြိမ် စကားပြောမိသောအခါ၌ မူကား ဒဂုန်တာရာမှာ လူပေါင်းဆန့်ခြင်း မဆန့်ခြင်းကို အပထား၍ အရည်အချင်းအားဖြင့် “ခေ” သော လူငယ်တယောက် မဟုတ်ခြင်းကို ကျွန်ုပ် အကဲခတ် နိုင်လာ ပါသည်။ တည့်တည့် ဝန်ခံရလျှင် ဒဂုန်တာရာကား ကျွနု်ပ်ထင်မိသည်ထက် “ပြည့်” သော အရည်အချင်း ရှိခြင်းကို တွေ့ရ၏။ အတီးအမှုတ် အကြောင်းကို ပြောကြရာတွင် “ကျနော် စန္ဒရားတီးလျှင် တော်ရုံတန်ရုံ အဆိုတော်မျိုးနဲ့ မဖြစ်ဘူး။ စောမြ အေးကြည် တို့လို အဆိုတော်ကြီးမျိုးနဲ့မှ တီးချင်တယ်” ဟု ဒဂုန်တာရာ ပြောလိုက်သဖြင့် ကျွန်ုပ် အတော် မျက်လုံးပြူးသွား၏။ ဟုတ်လောက်သည် ထင်ခြင်းတဝက် (မူလအာဃာတကြောင့်) ကြွားသည် ထင်ခြင်းကား တဝက် ဖြစ်နေ၏။
သို့ရာတွင် ပီကင်း၌ပင် သူ၏ လက်သံကို ကျွန်ုပ်နားထောင်ခွင့် ရသောအခါ အာဂလူငယ်တယောက် ပေတကားဟု ကျွနု်ပ် ဆုံးဖြတ်ခဲ့ပါသည်။ ထို့နောက် စာပေအကြောင်းမှစ၍ ထွေရာလေးပါး အကြောင်းအရာများကို ဆွေးနွေးကြရာတွင် သူ၏ အရည်အချင်းကို အကဲခတ်မိ၍ အာဃာတစိတ်များ လုံးဝလွင့်စင် သွားပါလေတော့သည်။ လူတယောက်၌ အရည်အချင်း ပြည့်ဝခြင်းကို တွေ့ရသည့်အခါ သူ၏ အခြားသော ချို့ငဲ့ချက်များကို ခွင့်လွှတ်နိုင်ခြင်းမှာ ကျွန်ုပ်၏ ချို့ယွင်းချက် ပေလော၊ သို့တည်းမဟုတ် ကောင်းခြင်းတရပ် ပေလော။ မပြောတတ်ပါ။ အချို့ကမူ လူစွမ်းကောင်း ကြည်ညိုတတ်ခြင်း (Hero Worship) ဟုခေါ်ကြ၍ နုံညံ့သည်ဟု ဆိုကြလေသည်။ မည်သို့ပင်ဖြစ်စေ၊ တရုတ်ပြည် ခရီးတွင် ကျွနု်ပ်အကြောင်းကို ဒဂုန်တာရာက သိခြင်းထက် ဒဂုန်တာရာအကြောင်းကို ကျွနု်ပ်သိရခြင်းက ပိုသည်ထင်၏ ဒဂုန်တာရာအပေါ်၌ ယခင်က ထားခဲ့သည့် အာဃာတ စိတ်မှာလည်း လုံးဝပျောက်ကွယ်သွားခဲ့ပါလေပြီ”
ဆရာကြီး ရွှေဥဒေါင်းကိုယ်တိုင် ချီးကျူးခဲ့ရသော ဆရာဒဂုန်တာရာကို ကျနော်ကရော ချီးကျူးဖို့ လိုသေးပါသလား။ ဟင့်အင်း။ ကျနော် မြင်းထိန်းငတာမဖြစ်ချင်ပါ။ သို့သော် ကျနော်သည် မျက်စိမှိတ်ထားရင်းမှ တိုးတိုးကလေး ရေရွတ်မိသွားလေသည်။
“ကျနော်မဟုတ်ဘူး။ ကျနော်တို့ လာနေပြီ ဆရာ”
ကျနော်တို့ အောင်ပန်းရောက်တော့ အောင်ပန်းသည် အိပ်ရာထစ အပျိုမတယောက်နှယ် ကပိုကရို။ လေနုအေးကလည်း နော့နေ၏။ ကားပေါ်မှဆင်းပြီး ပတ်ဝန်းကျင်ကို ဝေ့ကနဲ ကျနော် ကြည့်လိုက်သည်။ ကျနော်ငယ်ငယ် ၁၉၇၀ တဝိုက်က တွေ့ခဲ့ရ သော စိုပြည်စိမ်းလန်းမှုများကို မတွေ့ရတော့။ ကုန်းခေါင်ခေါင် ယာမောမောနှင့် တောင်ကောများ ကိုသာ တွေ့ ရတော့သည်။ ဆရာ ဒဂုန်တာရာအိမ် ဘယ်မှာလဲ။
ဆရာဒဂုန်တာရာ အိမ်ရောက်တော့ ရိုးရိုးကလေး ဆရာ့အိမ်ကို တွေ့ရသည်။ အုတ်ခံပျဉ်ထောင်နှင့် နှစ်ထပ် နွမ်းနွမ်းလျလျ။ အင်မတန်ရိုးသော ကဗျာဆရာ၊ စာရေးဆရာကြီးသည် ရိုးရိုးအိမ်ကလေးမှာ နေထိုင်နေ၏။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကို ဆရာကြီး သခင်ကိုယ်တော်မှိုင်းနှင့်အတူ ယှဉ်တွဲလျက်၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို ဆရာကြီး သခင်ကိုယ်တော်မှိုင်းနှင့် အတူ ယှဉ်တွဲလျှက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သော၊ မြန်မာ့စာပေ ဖွံ့ဖြိုးတိုးတက်ရေးကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့သော ဟောဒီ အဘိုးအိုကြီးကို အစိုးရမင်းများခင်ဗျား၊ ခင်ဗျားတို့ ဘာခံစားချက်တွေကြောင့် ဒီအတိုင်း ပစ်ထားရက်လိုက်ကြတာလဲ။ ကျနော့်ကို ပြောပြကြစမ်းပါ။ ပြောပြလိုက်ကြ စမ်းပါဗျာ။
ဆရာဒဂုန်တာရာက ပက်လက်ကုလားထိုင်ကလေး တလုံးအပေါ်မှာ ငြိမ်ငြိမ်သက်သက် လဲလျောင်းနေ၏။ စောင်နွမ်းနွမ်း ကလေး တထည်ကို ရစ်သိုင်းလျက်၊ မျက်လုံးများ စုံမှိတ်လျှက်၊ နှုတ်ခမ်းများ ပိတ်လျှက်၊ တခြားသူများ မည်သို့ ခံစားနေရ သည်မသိ။ ကျနော့် ရင်ထဲမှာ ကြေကွဲခြင်း ပန်းတို့ လန်းလို့ နေပေတော့သည်။
ရန်သူမရှိ … မိတ်ဆွေသာရှိသော ဆရာအို … ၊ မုန်းသူမရှိ … ချစ်သူသာရှိသော ဆရာအို .. အခုတော့ ဒီဆရာအို လဲရှာလေပြီ။
ဆရာဒဂုန်တာရာ၏ ၉၄ နှစ်ပြည့် မွေးနေ့အခမ်းအနား ကျင်းပရာ အောင်ပန်း မဟာဝိသုဓ္ဓာရုံ ဘုန်းတော်ကြီး ကျောင်းဝင်း အတွင်း ဆရာက သူ့မွေးနေ့ အမှတ်တရစကား ပြောခဲ့သည်။
“ရန်သူမရှိ မိတ်ဆွေသာရှိ၊ မုန်းသူမရှိ ချစ်သူသာရှိ။ နိုင်ငံရေး လုပ်တယ် ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာ .. အဲဒီအကြောင်းလေးပဲ ကျနော်ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော် ခေတ်သုံးခေတ် ကို ဖြတ်သန်းခဲ့တယ်။ ကျနော် ကျောင်းသားငယ်ငယ်ဘ၀ ဆယ်ကျော်သက်လို့ ပြောကြပါစို့။ အင်္ဂလိပ်လက်အောက်ခံ ခေတ်က တခေတ်။ နိုင်ငံခြား လက်အောက်ခံပေါ့ဗျာ။ ဒုတိယ ခေတ်က လွတ်လပ်ရေး ပြီးတော့ ဖ ဆ ပ လ အာဏာရတဲ့ သခင်နု ဝန်ကြီးချုပ်လုပ်တဲ့ခေတ်။ အဲဒါတခေတ်။ တတိယခေတ်လို့ ပြောရမှာကတော့ ၁၉၆၂ ကနေ ဒီနေ့အထိပါ။ သုံးခေတ်။ အဲဒီအတွေ့အကြုံအရ ကျနော်တို့တိုင်းပြည်မှာ ပြည်သူတွေအတွက် အလိုအပ်ဆုံး ကတော့ လက်နက်ကိုင် တိုက်တာမျိုးမရှိတဲ့၊ စစ်မရှိတဲ့ … စစ်ကင်းမဲ့တဲ့ ငြိမ်းချမ်းရေးခေတ်ပဲ။ အဲဒီလို ကျနော် နားလည်တယ်။ အဲဒီငြိမ်းချမ်းရေး ခေတ်ရှိမှ ကျနော်တို့တတွေ နိုင်ငံတော်သစ်အတွက်ပေါ့ …၊ အများကောင်းစားပြီး လူသား တွေရဲ့ စွမ်းအား အရင်းအမြစ်ကို ထုတ်နိုင်တဲ့ အခြေအနေမျိုးက ရှိမှာကိုး။
ကျနော့် အတွေ့အကြုံအရ ကျနော် ခံစားရတာကတော့ အညီညွတ်ဆုံးခေတ်က စစ်ကြီးမဖြစ်မီကာလ ၁၉၄၅ ပေါ့။ ဂျပန်တွေကို တော်လှန်ခဲ့တဲ့ တိုက်ပွဲအထိ ညီညွတ်ရေးကို ကျနော် ကိုယ်တိုင်တွေ့ခဲ့ရတာပဲ …။ ညီညီညွတ်ညွတ် ရှိကြလို့ လည်း အားဖြစ်တယ်။ အားဖြစ်လို့လည်း ညီညွတ်ရေးအရှိန်နဲ့ ၁၉၄၈ လွတ်လပ်ရေးကြေညာနိုင်ခဲ့တာပဲ …။ အဲဒီ တလျောက် လုံး ကျနော်က ကျောင်းသားဖြစ်နေတော့ ကျောင်းသားတွေလုပ်ခဲ့တာ ၁၉၂၀ က စခဲ့တာကိုး။ ငြိမ်းချမ်းသောနည်းနဲ့ လုပ်ခြင်းသာလျှင် ငြိမ်းချမ်းရေးစစ်စစ်ကို ရနိုင်တယ်လို့ ကျနော်ယုံကြည်တဲ့အတွက် ရန်သူမရှိလို့ ကျနော်သုံးလိုက်တာ။ ရန်သူမရှိဆိုတဲ့ အဓိပ္ပာယ်က တချို့လည်း နားလည်ရခက်ပုံရတာ တွေ့ရတယ်။ ရန်သူမရှိဆိုတာ ရန်သူလို့ တဘက်ကို ကိုယ်က သဘောမထားတဲ့ဟာကို ကျနော်က ဆိုလိုက်တာဖြစ်တယ်။ ကျနော် မဂ္ဂဇင်း တစောင်မှာ ရေးဖူးတာရှိတယ်။ အတွေးအမြင်မှာထင်တယ်။ “ရန်သူရှိသည် သို့သော်မရှိ” အဲဒါပါပဲ။ ကျနော် ဒီလောက်ပဲ ရှင်းပါရစေဗျာ။ ဘာလို့လဲဆိုတော့ ကိုယ်တိုင်သိတာ ကောင်းတယ်။ ကျနော်တို့တိုင်းပြည်ဟာ သယံဇာတကြွယ်ဝတယ်။ ဒီတော့လွတ်လွတ်လပ်လပ် ရှိတယ်။ ဒါဆိုရင် ညီညွတ်မယ်။ ညီညွတ်ရင် ငြိမ်းချမ်းရေးရှိမယ်။ ငြိမ်းချမ်းရင် တိုးတက်မယ်ပေါ့။ ဒီတော့ ပန်းတိုင်ဟာ ငြိမ်းချမ်းရေး ပါပဲ” ဟု ပြောလေသည်။
ကျနော်က အဝေးမှာ မြင်နေရသော တံလျှပ်ထ တောင်ကုန်းများကို ကြည့်လိုက်သည်။ ၁၉၆၃ ခုနှစ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များက ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာလား၊ ဘာဖြစ်လို့ မိတ်ဆွေဖြစ်မလာဘဲ ရန်သူတွေပဲ ပြန်ဖြစ် သွားကြတာလဲ။ နအဖ၊ နဝတ လက်ထက် လက်နက်နဲ့ ငြိမ်းချမ်းရေးလဲတယ် ဆိုတာကရော၊ ပြီးတော့ (BGF) နယ်ခြားစောင့် တပ်တွေ ဖွဲ့တာကရော ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ကြတာပဲလား။ တကယ်ရော မိတ်ဆွေဖြစ်ခဲ့ကြပါသလား။
ဒါဖြင့် … မတူတာတွေ ဘေးဖယ်ပြီး တူတာတွေ တွဲလုပ်ကြမယ်ဆိုတာကရော …၊ ကျွန်မ သမ္မတကြီးကို ယုံတယ် ဆိုတာကရော …၊ တံခါးဖွင့်ကြည့်လိုက်တော့ ကျနော်တို့ ဘာမှမတတ်ဘူး … စတာ စတာတွေကရော ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်နေကြတာပဲလား။ ကျနော်တွေးပြီး ခေါင်းရှုပ်လာသည်။
အောင်ပန်းမြို့မှ ပြန်လည် ရောက်ရှိပြီးသည့်နောက် ကျနော် ဖြတ်သန်းနေရသည့် ပြက္ခဒိန်များ၊ နာရီများသည် စိတ်တထင့် ထင့် ပြက္ခဒိန်များနှင့် နာရီများသာ ဖြစ်နေခဲ့သည်။ ကျနော် မျက်နှာချင်းဆိုင်ခဲ့ရသည့် ဆရာဒဂုန်တာရာ၏ အခြေအနေသည် နေ့လား ညလား အခြေအနေမှန်း အသက်အရွယ်နှင့် အတွေ့အကြုံအရ ကျနော် သိရှိရိပ်စားမိပေသည်။ ကျနော်၏ နားအတွင်းသို့ သတင်းဆိုးတခု ရောက်ရှိလာမည့် အချိန်ကို ဘုရားတလျှက် ကျနော် စောင့်စားနေမိခဲ့ပါသည်။
ကျနော်ကသာ သတင်းဆိုးတခုကို ရင်ဆိုင်နိုင်ဖို့ အတွက် စိတ်အားတင်းကာ စောင့်ဆိုင်းနေမိခဲ့သော်လည်း တကယ်တမ်း ကျနော့်ဆီသို့ ရောက်ရှိလာခဲ့သည်က သတင်းဆိုးသုံးခုမျှပင် ဖြစ်လေသည်။ ပထမတခုက ဆရာမောင်ဝံသ ဆုံးပြီတဲ့၊ ဒုတိယတခုက ဆရာမင်းလူဆုံးပြီတဲ့။ သြော် လူငယ်တွေကို ချစ်သော အရေးပေးသော၊ အလေးထားသော ဆရာ ဒဂုန်တာရာက နောက်ဆုံးမှသာ လိုက်သွားဟန်တူပါသည်။
ဆရာက စာပေသစ်ကိုတွေ့ခဲ့၏။ လူငယ်မျိုးဆက်သစ် နုမျစ်များကိုတွေ့ခဲ့၏။ သို့သော် ငြိမ်းချမ်းရေးသစ်ကို ဆရာတွေ့ မသွား။ အစိုးရသစ်ကို ဆရာတွေ့မသွား။
ဆရာဒဂုန်တာရာက သူ၏ “မေ” ဝတ္ထုအဆုံး၌ “အကောင်းကို ရှာ၏။ အကောင်းကား မရှိတော့” ဟုရေးထားသည်။ အကောင်းကိုရှာဖို့ အကောင်းကို တွေ့အောင်လုပ်ဖို့ ကျနော်တို့ လျှောက်ကြရဦးမည်။
ရဲခေါင်မဲမောင်သည် ကာတွန်း နေမျိုးအေး၏ ကလောင်ခွဲဖြစ်သည်။ ၎င်းသည် ရန်ကုန်အခြေစိုက် မဂ္ဂဇင်းနှင့် ဂျာနယ်တချို့တွင် အယ်ဒီတာ အဖြစ် တာဝန်ယူခဲ့သူ၊ လက်ရှိ ကာတွန်းများ ရေးဆွဲခြင်း၊ ဆောင်းပါးများ ရေးသားခြင်းတို့ အစဉ်တစိုက် ပြုလုပ်နေသူ ဖြစ်သည်။ ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့ရှိ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ၏ ကလေးများအတွက် ဖွင့်လှစ်ထားသော စာသင်ကျောင်းများတွင်လည်း ဆရာအဖြစ် အမှုထမ်းခဲ့ဖူးသူ ဖြစ်သည်။