[irrawaddy_gallery]
ပြည်ထောင်စုအဆင့် လွှတ်တော်တွေ ကျင်းပနေတာ အခုဆိုရင် ၂ နှစ်ကျော် (သက်တမ်း တဝက်ခန့်ရှိ)လာပြီ ဖြစ်ပေမယ့် ကိုယ်စားလှယ်တချို့ဟာ ကိုယ့်ရဲ့ မဲဆန္ဒရှင်ပြည်သူတွေနဲ့ ထိတွေ့မှု အားနည်းသလို၊ လွှတ်တော်ထဲမှာ ထိရောက်မှုမရှိတဲ့ မေးခွန်းနဲ့ အဆို တချို့ကို မေးမြန်း ဆောင်ရွက်နေတာတွေလည်းပဲ တွေ့နေရဆဲ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းက ကိုယ်စားလှယ် တချို့ရယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် စတဲ့ ဒေသတွေက ကိုယ်စားလှယ်တချို့ဟာ ကိုယ့် မဲဆန္ဒရှင် ပြည်သူတွေနဲ့ တနှစ်နေလို့ တကြိမ် ထိတွေ့မှု မရှိသလို၊ မေးမြန်းဆွေးနွေးတဲ့ မေးခွန်းတွေ၊ အဆိုတွေဟာလည်း တခြားစီ ဖြစ်နေပါတယ်။
မိမိ ရွေးကောက်ခံခဲ့တဲ့ မဲဆန္ဒနယ် အတွင်းက အဖြစ်အပျက် အကြောင်းအရာ မဟုတ်ဘဲ လက်ရှိ မိမိနေထိုင်ရာ ရန်ကုန်မြို့က အကြောင်း အရာတွေကို မေးမြန်းတာမျိုး၊ တခြားဒေသက ကိစ္စတွေကို မေးမြန်းတာတွေ အတော်များများ တွေ့နေရပါတယ်။
ဒါ့အပြင် ကျေးရွာလမ်း ပြုပြင်ရေး၊ ရွာမူလတန်းကျောင်း ပြုပြင်ပေးရန် ရှိမရှိ၊ ငွေ အကြွေစေ့တွေ ပြန်ထုတ်ပေးရန် ရှိမရှိ၊ ချောင်း ကမ်းပါး ပြိုကျတာ ကာကွယ်ပေးရန် ရှိမရှိ၊ တံတား ကွန်ကရစ်တွေ ပျက်စီးနေတာ ပြုပြင်ပေးရန် ရှိမရှိ စတဲ့ မေးခွန်း အများ အပြားတွေကိုလည်း ပြည်ထောင်စု အဆင့် လွှတ်တော်တွေမှာ ဒီနေ့အထိ မေးမြန်းနေကြဆဲပါ။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့ပြည်ထောင်စု လွှတ်တော် နာယကသစ် သူရ ဦးရွှေမန်း ကိုယ်တိုင်ကလည်း လူနာတင်ယာဉ် ပါ ဖုန်းနံပါတ်တွေဟာ အရေးပေါ်လာရင် ခေါ်ရတာ ရှည်လျားနေတဲ့အတွက် နံပါတ် ၃ လုံးသာထားဖို့ ဆက်သွယ်ရေး ဝန်ကြီးဌာ န ကို တိုက်တွန်းကြောင်း လွှတ်တော်အစည်းအဝေးမှာ အကျယ်တဝင့် ပြောဆိုသွားတာ တွေ့ရတယ်။
အဲဒီလို အသေးအမွှားတွေကို အချိန်ကုန်ခံ ဆွေးနွေးနေကြတာကို ခွင့်ပြုပေးထားပေမယ့် တနိုင်ငံလုံးက လယ်ယာမြေတွေ အဓမ္မ သိမ်းယူထားတဲ့ စစ်တပ်ကို ဝေဖန်ထောက်ပြ ဆွေးနွေးမှုကိုတော့ သူရ ဦးရွှေမန်းက ခွင့်မပြုခဲ့ပါဘူး။ စစ်တပ်ကို ဝေဖန် တာဟာ စစ်တပ်အပေါ် ပြည်သူတွေက အထင်လွဲမှားမှုတွေ ဖြစ်စေတဲ့ အတွက်ကြောင့်လို့ ဦးရွှေမန်းက အကြောင်းပြတယ်။
စစ်အစိုးရ လက်ထက်မှာ စစ်တပ်၊ စစ်ဗိုလ်ချုပ်တွေနဲ့နီးစပ်တဲ့ စီးပွားရေးသမားတွေနဲ့ ဒေသဆိုင်ရာ အာဏာပိုင် အဆင့်ဆင့် က သိမ်းယူထားတဲ့ မြေသိမ်းယာသိမ်း ပြဿနာဟာ ဖြေရှင်းရ ခက်ခဲနေပြီး ကြီးမားတဲ့ စိန်ခေါ်မှု တရပ် အဖြစ် ရှိနေဆဲပါ။
အဲဒီအထဲမှာ စစ်တပ်သိမ်းထားတာဟာ အများဆုံးဖြစ်ပါတယ်။ သိမ်းထားတဲ့ တချို့မြေတွေကို စစ်တပ်က စီးပွားရေး ကုမ္ပဏီ တွေကို ငှားစားနေတဲ့ အကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ဆွေးနွေးရာ စစ်တပ်ကိုယ်စားလှယ် ဗိုလ်မှူး ချုပ် ကျော်ဦးလွင် ဆိုသူက ကန့်ကွက်တဲ့အတွက် လယ်ယာမြေကိစ္စ ဆက်မဆွေးနွေးဖို့ ဦးရွှေမန်းက တားမြစ်ခဲ့ပါတယ်။
မြို့နယ်၊ ရပ်ကွက် အဆင့်က ဖြေရှင်းပေးနိုင်တဲ့ အရာတွေကို ပြည်ထောင်စု အဆင့်မှာ အချိန်ကုန်ခံ မေးမြန်းတာ၊ ဆွေးနွေး နေရတာဟာ လွှတ်တော် စတင်ခဲ့စဉ်တုန်းကတော့ သက်တမ်းနုလို့၊ အတွေ့ အကြုံ မရှိသေးတဲ့ အတွက်ဖြစ်တယ်လို့ ကိုယ် စားလှယ်တွေက တုံ့ပြန်ခဲ့ကြတယ်။ ဒါ့အပြင် အုပ်ချုပ်ရေး အာဏာပိုင် အဆင့်ဆင့်ဟာလည်းပဲ ကိုယ်စားလှယ်တွေရဲ့ တင်ပြ တောင်းဆိုမှုတွေကို အလေးထား လုပ်ဆောင်ပေးမှု မရှိတဲ့အတွက် လို့ဆိုကြတယ်။
အသေးအမွှား ကိစ္စတွေကို အခုအချိန်ထိ မေးခွန်းထုတ်နေကြတာ၊ အဆိုတင်တာတွေ တွေ့နေရဆဲမို့ အစိုးရ အာဏာပိုင်တွေ ဟာ လွှတ်တော်ရဲ့ တိုက်တွန်းမှုတွေကို အလေးထားမှု မရှိသေးဘူးလို့ ဆိုရမှာပါပဲ။ အောက်ခြေ အဆင့် အာဏာပိုင်တွေကို ဗဟို အစိုးရ ကလည်း ထိရောက်အောင် လမ်းညွှန်ပေးနိုင်မှု မရှိသေးပါဘူး။
ကြံ့ခိုင်ရေး ပါတီရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေကတော့ လွှတ်တော်သက်တမ်း နှစ်နှစ်ကျော်မှာ အောင် မြင်မှု အများအပြားရရှိထားပြီး ဖြစ်တယ်လို့ ဆိုတယ်။ ဒါပေမယ့် လယ်ယာမြေ သိမ်းယူမှုဆိုင်ရာ တချို့တော့ ဒီနေ့အထိ အောင်မြင်မှု မရှိသေးဘူးလို့ ပြောတယ်။
လွှတ်တော်အနေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်မှု ဥပဒေ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ၊ လယ်ယာမြေ ဥပဒေ စတဲ့ တနိုင်ငံ လုံးအတွက် အရေးပါတဲ့ ဥပဒေတွေ ကို ပြဌာန်ပေးနိုင်ခဲ့တာလည်း ရှိပါတယ်။
လွှတ်တော်ထဲမှာ နေရာအများဆုံး ရထားတဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်အများစု ဟာလည်းပဲ မြို့နယ်၊ ရပ်ကွက် အဆင့် ဖြေရှင်းနိုင်တာတွေကို မေးမြန်းတာ၊ အဆိုတင်တာ အခုချိန်အထိ လုပ်နေကြသေးသလို၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD )ပါတီ ကိုယ်စားလှယ်တွေဟာလည်းပဲ လွှတ်တော်ထဲရောက်တာ တနှစ်ကျော်လာပေမယ့် ပြည်သူတွေအတွက် အရေးကြီးတဲ့ မေးခွန်းတွေ မေးမြန်းတာ၊ အဆိုတင်တာ အားနည်းနေဆဲပါပဲ။
ဥပမာ-မကွေးတိုင်း ဂန့်ဂေါမြို့နယ် ကျွန်းခုံသာရွာ အနီးက ရထားလမ်းနဲ့ ကားလမ်းပါတဲ့ မြစ်ကူးတံတားရဲ့ ကတ္တရာတွေ ပျက် စီးနေတဲ့ အတွက် ပြုပြင်ပေးရန် ရှိမရှိဆိုတဲ့မေးခွန်းကို ဂန့်ဂေါ မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြင့် က ဒီလဆန်းက မေးမြန်းခဲ့ပါတယ်။
ပြည် မဲဆန္ဒနယ်က ကိုယ်စားလှယ် ဦးဝင်းမြင့်ကလည်းပဲ “ဆိုင်ကယ်စီး ဦးထုပ် မဆောင်း၍ ဖမ်းဆီးခံရသူများအား ဆိုင်ကယ် စီး ဦးထုပ်ကို ချက်ချင်းရောင်းချ၍ လက်တွေ့ဆောင်ရွက်ပေးရန် ညွှန်ကြားချက်များ ထုတ်ပြန်ပေးဖို့ ရှိမရှိ”ဆိုတဲ့ မေးခွန်းကို မေး ပါတယ်။
အလားတူ NLD ပါတီ ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းရဲ့ ပြည့်တန်ဆာတွေအတွက် ဘ၀ အာမခံချက်ရှိအောင် လုပ်ပေးဖို့ မေးမြန်း တာ၊ အဆိုတင်ခဲ့တဲ့ အပေါ်မှာလည်းပဲ လူအများ ဝေဖန်ခဲ့ကြပါတယ်။ ပြည့်တန်ဆာတွေ အရေးကို အလေးမထားလို့ ထောက်ပြတာ မဟုတ်ပါဘူး။
ချင်းပြည်နယ်က ရွေးကောက်ခံထားတဲ့ ကိုယ်စားလှယ်က ရန်ကုန်မြို့မှာ မော်တော်ကားလမ်းတွေ ပိတ်နေတဲ့ကိစ္စတွေ ဖြေ
ရှင်း ဆောင်ရွက်ပေးမယ့် အစီအစဉ်တွေကို မေးမြန်းတာမျိုးလည်း ရှိနေပါတယ်။
“ကိုယ့် မဲဆန္ဒနယ်က ကိစ္စကို မမေး၊ မဆွေးနွေးဘဲ တခြားဒေသက ကိစ္စမေးမြန်းတဲ့အတွက် သူ့ကို ရွေးချယ်လိုက်တဲ့ ပြည် သူတွေအတွက် နစ်နာတာပေါ့၊ ၂၀၁၅ ရွေးကောက်ပွဲမှာ ဒီလိုမျိုး မရွေးမိဖို့ အရေးကြီးတာပေါ့၊ ကိုယ့်ဒေသမှာ အမှန်တကယ် နေတဲ့သူမျိုးကိုပဲ မဲပေးရွေးချယ်သင့်တယ်”လို့ ဦးလှဆွေက ဆိုပါတယ်။
ရခိုင်ပြည်နယ်၊ မာန်အောင် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိန် ဆိုရင်လည်းပဲ ရန်ကုန်မြို့က ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ကမာရွတ်၊ အလုံမြို့နယ်တွေထဲက အိမ်နောက်ဘက် လမ်းကြားတွေမှာ အမှိုက်တွေ စုပုံနေလို့ အနံ့ဆိုး ထွက်တာ၊ မီးဘေး စိုးရိမ်ရတာတွေကြောင့် နွေရာသီ မရောက်မီ ရှင်းလင်းပေးဖို့ ရှိမရှိ ဆိုတဲ့ မေးခွန်းကို ပြီးခဲ့တဲ့ ဇူလိုင် လထဲမှာ မေးမြန်းခဲ့ပါတယ်။
ဦးအောင်စိန်ဟာ မာန်အောင်ဇာတိ ဖြစ်ပေမယ့် ရွေးကောက်ပွဲ မဲဆွယ်စဉ်နဲ့ ရွေးကောက်ပွဲ လုပ်တဲ့အချိန်က လွဲရင် မာန် အောင် ဒေသ ကို လာရောက်မှု မရှိကြောင်း၊ ဒေသခံတွေရဲ့ အကျိုးကို ဆောင်ရွက်ပေးမယ်ထင်လို့ မဲပေးခဲ့တာ ဖြစ်ကြောင်း ဒေသခံ တွေက ပြောပြပါတယ်။
“ဦးအောင်စိန် က ရန်ကုန်မှာပဲနေပြီးတော့ မာန်အောင်က မဲဆန္ဒရှင်တွေနဲ့လာတွေ့တာ သိပ်မရှိပါဘူး၊ ဒေသခံတွေ အတွက် လည်း အလုပ်လုပ်တာ မတွေ့ရဘူး၊ မာန်အောင်ကျွန်းမှာ လေယာဉ်ကွင်း တည်ဆောက်ဖို့ ရှိမရှိဆိုတာကို တခါတော့ မေးခွန်းမေးတာ တွေ့လိုက်တယ်”လို့ မာန်အောင် ဒေသခံ တဦးက ပြောတယ်။
မာန်အောင်ကျွန်းကို ခရီးသွားဇုန် တည်ဆောက်ဖို့ အစီအစဉ်ရှိတယ်ဆိုတဲ့အတွက် ကျွန်းပေါ်မှာရှိတဲ့ လယ်ယာမြေ၊ နွားစား ကျက်မြေစတဲ့ ဧက ၅ သောင်းကျော်ထဲက ၄ သောင်းဝန်းကျင်ကို စီမံကိန်းအတွက် လျာထား ထားလို့ မိမိတို့မြေတွေ ဆုံးရှှုံး မှာကို ဒေသခံတွေက စိုးရိမ်မှုရှိနေတယ်၊ ဒါနဲ့ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိန် အနေနဲ့ ဘာမှ ကူညီပေး တာ မရှိသေးဘူးလို့ မာန်အောင် ဒေသခံတွေက ပြောကြပါတယ်။
အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုး ကတော့ ပြည်ထောင်စုအဆင့် လွှတ်တော် ကိုယ်စားလှယ် တွေ ဖြစ်တာမို့ နိုင်ငံတဝန်း ဘယ်ဒေသက အကြောင်းအရာကို ဖြစ်ဖြစ် မေးမြန်းပေးတာဟာ မှားတယ်လို့ မဆိုလိုဘူးလို့ မှတ်ချက်ပြုပါတယ်။
တနိုင်ငံလုံးနဲ့သက်ဆိုင်တဲ့ အဆိုတွေ၊ မေးခွန်းတွေဆိုရင်တော့ ဘယ်မဲဆန္ဒနယ်က ကိုယ်စားလှယ်ပဲ ဖြစ်ဖြစ် ပါဝင်ဆွေးနွေး သင့်ပါတယ်။
တကယ်တော့ မြန်မာနိုင်ငံ တခုလုံးက လယ်ယာမြေသိမ်းမှု ပြဿနာတွေ၊ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စ၊ တိုင်းရင်းသား ဒေ သတွေက စစ်ပွဲတွေ၊ စစ်ပွဲတွေ ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ဒုက္ခသည် အရေး ကိစ္စတွေ၊ စစ်အစိုးရ လက် ထက်က လုပ်ထားခဲ့တဲ့ စီမံကိန်း အများအပြားဟာ ပွင့်လင်းမြင်သာမှု မရှိလို့ ဆန္ဒပြ ကန့်ကွက်မှုတွေ စတာတွေဟာ အရေး တကြီး ဖြေရှင်းပေးဖို့ လိုအပ်နေတဲ့ အရာတွေပါ။
ဒါပေမယ့် လွှတ်တော်ထဲမှာတော့ ဒီကိစ္စတွေအတွက် အချိန်ပေးပြီး အသေးစိတ်ဆွေးနွေးတာ သိပ်မတွေ့ရပါဘူး။ ပြည်တွင်း ငြိမ်းချမ်းရေး ဆောင်ရွက်ဖို့ ကော်မတီ၊ ကော်မရှင်တွေ ဖွဲ့စည်းရုံကလွဲပြီးတော့ ငြိမ်းချမ်းရေး အတွက် အမြန်ဆုံး ဖြေရှင်းပေးဖို့ အစိုးရ အပေါ် ဖိအားပေး တိုက်တွန်းတာမျိုး သိပ်မတွေ့ရပါဘူး။
မြန်မာတနိုင်ငံလုံးက ကျေးလက်ဒေသတွေမှာ လယ်မြေသိမ်းမှု ပြဿနာတွေ၊ လျှပ်စစ်မီး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး စတဲ့လိုအပ်ချက်တွေ အများအပြားရှိနေပါသေးတယ်။ ဒါ့အပြင် တရားဥပဒေ စိုးမိုးရေး အားနည်းနေတဲ့ အ တွက် တနိုင်ငံလုံးမှာ ခိုးမှု၊ လုယက်မှု၊ လူသတ်မှု စတဲ့ မှုခင်းပေါင်းစုံဟာလည်း အစိုးရ သတင်းစာတွေ အပါအဝင် သတင်းမီဒီ ယာမှာ တွေ့နေရပါတယ်။
လွှတ်တော်ရဲ့ အချိန်သက်တမ်းဟာ နောက်ထပ် လ ၃၀ ပဲ ကျန်ပါတော့တယ်။ အဲဒီအချိန်အတွင်းမှာ အဓိက မကျတဲ့ အ ကြောင်းအရာတွေနဲ့ပဲ အချိန်ကုန်နေမယ် ဆိုရင်တော့ တနိုင်ငံလုံးနဲ့ဆိုင်တဲ့ ကိစ္စတွေကို အချိန်ပေးဖြေရှင်းနိုင်ဖို့ မလွယ်ပါဘူး။
လယ်ယာမြေကိစ္စ၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ စစ်ပြေးဒုက္ခသည် အရေးတွေအပြင် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆွဲပြီး တိုင်းရင်း သားတွေ တောင်းဆိုနေတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ အာဏာခွဲဝေရေး၊ ဒေသထွက် သယံဇာတ ခွဲဝေသုံး စွဲရေး စတဲ့ အကြောင်းအရာတွေဟာလည်း ပြည်တွင်း တည်ငြိမ်အေးချမ်းရေး နဲ့ ဆက်စပ်နေတာမို့ အချိန်ယူ အလေးထား ဆွေးနွေးဖို့ လိုအပ်မှာပါ။
တချို့ကိုယ်စားလှယ်တွေဟာ ပြည်သူ့ကိုယ်စားလှယ် ဆိုပေမယ့် ပြည်သူ့တို့ရဲ့ အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး ရဲတဲ့ အနေအထား မရှိသေးတာလည်း တွေ့ရတယ်။ လွှတ်တော် ဥက္ကဋ္ဌ မျက်မုန်းကျိုးမှာ၊ စစ်တပ်က မျက်မုန်းကျိုးမယ့် အရာ၊ အစိုးရ အဖွဲ့ ညိုညင်မယ့် အရာတွေကို ရှောင်ရှားနေဆဲ ဖြစ်နေတာလည်း တွေ့ရပါတယ်။
အရေးမကြီးလှတဲ့ မေးခွန်းတွေကို ရှည်လျားစွာ မေးမြန်းနေကြတဲ့အတွက် လိုရင်းသာ မေးမြန်းကြဖို့ သူရ ဦးရွှေမန်းက သတိ ပေး နေပေမယ့် မလိုက်နာကြတဲ့အတွက် သြဂုတ်လ ၁၉ ရက်နေ့မှာ သတိပေး အကြောင်းကြားစာ ထုတ်ပြန်လိုက်တာလည်း တွေ့ရပါတယ်။
အစည်းအဝေးတွေ မြန်ဆန်သွက်လက်စေဖို့ မေးခွန်းတွေကို မလိုအပ်ဘဲ ရှည်လျားခြင်းမရှိတဲ့ မေးခွန်းများကိုသာ လွှတ်တော်မှာ မေးဖို့ အကြောင်းကြားစာပါ။ ဒါပေမယ့် တချို့မေးခွန်းတွေဟာ အကျိုးအကြောင်းနဲ့ရှင်းပြ မေးမြန်းရတာ ရှိပေမယ့် ကိုယ်စားလှယ် အများစုဟာ မလိုတာတွေ ပြောနေတာက များပါတယ်။
တကယ်တော့ မြန်မာနိုင်ငံက လွှတ်တော်ဟာ နိုင်ငံတကာက လွှတ်တော်တွေနဲ့အတော်ကြီး ကွာခြားတာလည်း တွေ့ရတယ်၊ စစ်တပ်ကို မဝေဖန်ရတဲ့အပြင် အမြင်မတူတာတွေကို အပြန်အလှန် ဝေဖန်တာ၊ ထောက်ပြတာ ငြင်းခုံတာလည်း သိပ်မတွေ့ရပါဘူး။ နိုင်ငံခြားတိုင်းပြည်တွေက ပါလီမန်တွေမှာဆိုရင် အမြင်မတူတာကို ဝေဖန်ထောက်ပြ ငြင်းခုံရာ ကနေ ဖိနပ်နဲ့ ကောက် ပစ်တာ၊ လက်သီးနဲ့ ထထိုးတာမျိုးတွေ အထိရှိပါတယ်။ နေပြည်တော်က လွှတ်တော်ကိုလည်း အဲဒီလိုမျိုး ဖြစ်ရမယ် လို့တော့ မဆိုလို ပါဘူး။ ပါလီမန်က ပါလီမန်နဲ့တူဖို့ပဲ အရေးကြီးပါတယ်။
ဒါပေမယ့် နေပြည်တော်က ပါလီမန် အဆောက်အအုံထဲက ကိုယ်စားလှယ်တော်တွေကတော့ ကိုယ်စားလှယ် တဦးရဲ့ဆွေး နွေးမှုကို နောက်တဦးက စိတ်မဝင်စားဘူးဆိုရင် အိပ်ငိုက်သူက ငိုက်၊ အင်တာနက် သုံးသူကသုံး၊ သတင်းစာ ဖတ်နေသူက ဖတ် စတဲ့ ပုံစံမျိုးစုံရဲ့ ဓာတ်ပုံတွေကို အင်တာနက် စာမျက်နှာတွေမှာ တွေ့ရပါတယ်။
အိပ်ငိုက်နေကြတာနဲ့ ပတ်သက်ပြီး သီပေါ မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက “လွှတ်တော် အမတ် များ တိတ်တခိုး အိပ်ကြပုံ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါး ရေးပြီး သူရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ တင်ထားတာ လည်း တွေ့ရပါတယ်။
တကယ်တော့ ကိုယ်စားလှယ်တွေ အနေနဲ့ သူများဆွေးနွေးမှုအပေါ် စိတ်ဝင်စားမှုမရှိတာ၊ မိမိ ဆွေးနွေးရမယ့် အလှည့် မရောက် သေးဘူး၊ အာရုံစူးစိုက်မှု မရှိဘူး ဖြစ်နေတယ်ဆိုရင် အိပ်ငိုက်နေမယ့်အစား နားနေဆောင် သွားနားတာ၊ အပြင်ထွက် လမ်းလျှောက်တာ စတဲ့ အာရုံပြောင်းမှုတွေနဲ့ လွတ်လပ်စွာ စိတ်အပန်းဖြေသင့်ပါတယ်။ လွှတ်တော် ဥက္ကဋ္ဌ အနေနဲ့လည်း ဒါမျိုးကို ခွင့်ပြုပေးသင့်ပါတယ်။
လွှတ်တော်အစည်းအဝေးတွေ လှှုပ်လှှုပ်ရှားရှား ဖြစ်သွားစေမယ့် အကြောင်းအရာတွေ၊ ဝေဖန်မှုတွေ၊ အပြန်အလှန် ငြင်းခုံမှု တွေကို လွတ်လပ်စွာ ပြောဆိုဆွေးနွေးခွင့် မပေးဘဲ တင်းကျပ်မှု၊ ထိန်းချုပ်မှုတွေသာ ဆက်လုပ်နေကြဦးမယ်ဆိုရင်တော့ နောက်ထပ် ကျန် နေသေးတဲ့ လ ၃၀ အတွင်းမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စတွေ၊ ပြည်တွင်းစစ် လုံး၀ ရပ်စဲရေးဆောင် ရွက်မှုတွေ ဟာ ပြည်သူတွေ မျှော်လင့်နေကြသလို မြန်မြန်ဆန်ဆန်နဲ့ လက်တွေ့အကောင်အထည်ပေါ်လာဖို့ အားနည်းနေဦးမှာ ဖြစ်ပါတယ်။ ။