ဆောင်းပါး

လမ်းမထက်က နေဝင်ချိန်ဘဝများ

This article has been converted from Zawgyi One to Unicode

ကမာရွတ်လှည်းတန်း၏ နေ့လယ်ခင်းက ရောင်စုံလူများဖြင့် စည်ကားနေသည်။ မိုးက အုံ့မှိုင်းနေရာမှ ရုတ်ချည်းဆိုသလို သည်းသည်း မည်းမည်း ရွာချလိုက်၏။

လှည်းတန်း ကားဂိတ်အနီး ပလက်ဖောင်းအစွန်းတွင် ကျုံ့ကျုံ့ကလေး ထိုင်နေသည့် အမယ်အိုသည် သူ့ဘေးလွယ်အိတ်ထဲမှ ပလတ်စတစ် အကြည်စခေါက် တခုနှင့် ပလတ်စတစ် ခေါင်းစွပ်ကို ထုတ်လိုက်သည်။ သူ၏ ငွေရောင် လှိုင်းထနေသော ဆံပင်များနှင့် ဆံထုံးကလေးကို အုပ်မိုးကာ ခေါင်းစွပ်ကို စွပ်ပြီးလျှင် ဖာရာထေးရာ ဗလပွနှင့် အဝတ်အစားများ လုံခြုံစေရန် ပလတ်စတစ်ပိုင်းဖြင့် ခြုံလိုက်သည်။

မိုးနှင့်အတူ လေတချက်တချက် ဝှေ့လိုက်တိုင်း ခြုံထားသည့် ပလတ်စတစ်စလေး လွင့်ပါမသွားစေရန် အစ နှစ်ဘက်ကို ဆွဲစေ့ရသည်။ အဘွားအိုသည် သူ့ရှေ့တည့်တည့်တွင် ချထားသည့် ဒန်ခွက်ကလေးထဲသို့ တတောက်တောက် ကျနေသော မိုးရေစက်များကို ငေးကြည့်ခြင်း၊ နဘေးမှ ဖြတ်သွားဖြတ်လာ လူများကို မော့ကြည့်ခြင်းတို့ကို ပုံမှန်အလုပ်တခုလို ပြုလုပ်နေ လေသည်။ ဖြတ်သွားသူတို့၏ ဖိနပ်မှ ရွှံ့စက်များ သူ့ခန္ဓာကိုယ်ဆီသို့ လွင့်စင်လာခြင်းကို သူ သတိပင်မပြုမိသလို ထိုင်နေခြင်း ဖြစ်သည်။

အသက် ၇၈ နှစ် အရွယ်ရှိ ယင်းအမယ်အို ဒေါ်မိမိက “မော်လမြိုင်မှာ သားတယောက်ရှိပေမယ့် ချွေးမက မကြည်ဖြူဘူး။ သူများ မသဒ္ဓါရေစာ မစားချင်လို့ အဘွား သူတို့ဆီမှာ သွားမနေတာပါ။ အခုနေတဲ့ အိမ်မှာ တရက်ကို နေစရိတ် ၁ ထောင် ပေးရတယ်။ အဘွား နေမကောင်း ဖြစ်ရင်လည်း သူတို့ပြုစုပေးတယ်။ မိသားစုတွေလို ဖြစ်နေကြပြီလေ” ဟု သူ့ဘ၀ တစိတ်တပိုင်းနှင့် ခေတ္တခိုကိုးရာ နေရာအကြောင်းကို ဖွင့်ဟ ပြောဆိုသည်။

အဘွား ဒေါ်မိမိ၏ ခင်ပွန်းသည် သချႋုင်းတွင် မြေတူးသည့် သုဘရာဇာ တဦးဖြစ်ပြီး လွန်ခဲ့သည့် ၁၃ နှစ်ခန့်က ကွယ်လွန် ခဲ့ကြောင်း သိရသည်။

“အဲဒီတုန်းက အဘွားတို့က ပဲခူးမှာနေတာ။ သူ တွင်းတတွင်း တူးရင် ၃၅၀ ရတယ်။ အဘွားက ၁ ပတ်တခါ ရန်ကုန်ကိုလာပြီး အလှူခံတယ်။ ၃ ထောင်လောက် စုမိရင် ပြန်သွားတယ်။ သူဆုံးသွားတော့ အဘွားတို့ နေခဲ့တဲ့ အိမ်လေးကို ရောင်းပြီး သူ့ကို သင်္ဂြိုဟ်ခဲ့တယ်” ဟု အဘွားဒေါ်မိမိက ဆိုသည်။

အဘွားဒေါ်မိမိသည် မော်လမြိုင်ဇာတိဖြစ်ပြီး ငယ်စဉ်က ၉ တန်းအထိ ကျောင်းနေဖူးသူ တဦးဖြစ်သည်။ သူ ၉ နှစ် သမီးအရွယ်တွင် ဆေးရုံသန့်ရှင်းရေး ဝန်ထမ်း မိခင်နှင့်လည်းကောင်း၊ ဆယ်ကျော်သက် အရွယ်တွင် ဆိုက်ကားနင်းသော ဖခင်နှင့်လည်းကောင်း အသီးသီး သေကွဲကွဲခဲ့ရပြီး မိဘမဲ့ မိန်းကလေးတဦး အဖြစ် နေထိုင်နေစဉ် မျှော်လင့်မထားဘဲ အရှက်နှင့် ရင်းရသည့် ဘဝလမ်းကြမ်းများကို ဖြတ်သန်းခဲ့ရကြောင်း ပြောပြသည်။

“အဘွားငယ်ငယ်က ကြီးလာရင် ကျောင်းဆရာမ ဖြစ်ဖြစ်၊ သူနာပြုဖြစ်ဖြစ် လုပ်ချင်ခဲ့တယ်” ဟု သူက ဆိုသည်။

သူ၏ ပျိုရွယ်စဉ် ဘဝများကို အသေးစိတ် ပြန်ပြောလိုဟန်မရှိသည့် အဘွားသည် စောင်းနေသည့် ပလက်ဖောင်းမျက်နှာပြင်မှ သူ့ထံသို့ စီးကျလာသည့် မိုးရေစီးကြောင်းများကို ထိုင်လျှက်ပင် ရှောင်လိုက်၊ တိမ်းလိုက် လုပ်နေလေသည်။

အဘွား ဒေါ်မိမိကဲ့သို့ပင် နောက် အဘွားအိုတစ်ဦးမှာ ဒေါ်တင်ရီဖြစ်သည်။ အသက် ၆၅ နှစ် စွန်းစွန်းရှိသည့် သူ့ကို ရန်ကုန် မြို့လယ်ခေါင် ဆူးလေ ရထားလမ်း ခုံးကျော်တံတားပေါ်တွင် ရှိုက်ကြီးတငင် ငိုကြွေးနေသော အနေအထားဖြင့် မြင်တွေ့ရခြင်း ဖြစ်သည်။ သူနှင့် မလှမ်းမကမ်းတွင် မြို့တော် စည်ပင်သာယာရေး ကော်မတီ ယူနီဖောင်းဝတ်ထားသူ တဦးက အသက် ၉ နှစ် ဝန်းကျင်အရွယ်ရှိ ကလေးငယ် တဦးအား လမ်းတဘက် ဆီသို့ ခေါ်ဆောင်သွားသည်ကို ကြည့်လျှက် တုန်ရီနေသော သူ့ကို တွေ့ရသည်။

“မြေးရယ်၊ အဘွားကို မဖမ်းပါနဲ့နော်။ အဘွား သူတောင်းစား မဟုတ်ပါဘူး။ အဘွားဒီမှာ မတောင်းတော့ဘူးနော်။ သွားတော့မယ်နော်” ဆိုသည့် စကားလုံးများကို နှုတ်မှ တတွတ်တွတ်ရွတ်ရင်း သူ့ရှေ့တွင် ရပ်နေသူကို တုန်ရင်လျှက်က တောင်းပန်နေသည်။ သူ့ အကျႌ နွမ်းနွမ်းလေးဖြင့် မျက်ရည်များကို သုတ်လိုက်၊ နှုတ်မှ တတွတ်တွတ် တောင်းပန်လိုက်ဖြင့် ထိုနေရာမှ ထွက်သွားဟန် ပြင်နေသည့် ထိုအမယ်အို၏ လက်ထဲတွင် မုန့်အနည်းငယ်နှင့် ငှက်ပျောသီး ထည့်ထားသည့် ကြွပ်ကြွပ်အိတ်ထုတ် လေးကို ကိုင်ထားသည်။

အဘွားဒေါ်တင်ရီသည် အဘွားဒေါ်မိမိကဲ့သို့ ယာယီခိုလှုံရန်နေရာပင် မရှိသူဖြစ်သည်။ သူညအိပ်သည့်နေရာမှာ ရန်ကုန် ဘူတာကြီးဖြစ်သည်။

“ည ရထားစောင့်တဲ့ လူတွေနားမှာ အဘွားအိပ်တယ်။ မိန်းကလေး အဖော်ရှိမယ့်နေရာမျိုးကို အဘွားရွေးတယ်။ သူတို့ ကြားထဲမှာ အိပ်တော့ ခရီးသည်မှတ်ပြီး အဘွားကို လာမဖမ်းဘူး။ အဘွား ဒီလိုမနေချင်ဘူး။ အလုပ်လေး တခု လုပ်ချင်တယ်။ ထမင်းစားရရင် တော်ပါပြီ။ အဘွား အလုပ် လုပ်နိုင်ပါသေးတယ်” ဟု မှိုင်းမှုန်နေသော သူ့မျက်လုံးများဖြင့် ရန်ကုန် ဘူတာကြီး၏ စုလစ်မွန်းချွန် ခေါင်မိုးများကို လှမ်းငေးလျှက် ပြောသည်။

သားသမီး ကျောထောက်နောက်ခံ မရှိသည့်ကြားက အိမ်ထောင်ဘက် အဘိုးအို ဆုံးပါးသွားချိန်တွင် ရန်ကုန်တိုင်း ကျောက်တန်း မြို့နယ်ရှိ တဦးတည်းသော အစ်ကိုဖြစ်သူထံ ခိုလှုံနေခဲ့ရာမှ၊ အစ်ကိုက ထပ်မံ ဆုံးပါးသွားပြန်ရာ သူစိမ်းများကို ကရိကထ မပေးလိုသော အဘွားဒေါ်တင်ရီသည် လမ်းပေါ်သို့ ရောက်လာရခြင်း ဖြစ်သည်။

အမယ်အို ဒေါ်မိမိနှင့် အဘွားဒေါ်တင်ရီသည် မြန်မာနိုင်ငံရှိ ခိုကိုးရာမဲ့ သက်ကြီးရွယ်အို မြောက်များစွာ ရှိသည့်အနက်၊ မိမိ ဝမ်းရေးအတွက် ရန်ကုန်မြို့ရှိ လူစည်ကားရာ အရပ်များသို့ လှည့်လည်ကာ အလှူခံနေရသည့် သက်ကြီးရွယ်အို တချို့ပင်ဖြစ်သည်။

မြန်မာနိုင်ငံတွင် သက်ကြီးရွယ်အိုနှင့် ပတ်သက်၍ တိကျသော စာရင်းဇယားများမရှိသလို၊ ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုများ မည်မျှရှိနေသည်ကိုလည်း သတ်သတ်မှတ်မှတ် စစ်တမ်း ကောက်ယူထားခြင်း မရှိပေ။

အရေအတွက် အတိအကျ ပြရန်ခက်ခဲသော်လည်း ရန်ကုန်မြို့ရှိ လူစည်ကားရာ အရပ်များတွင် သက်ကြီးရွယ်အို အလှူခံများ တိုးပွားလာသည်ကို မြင်တွေ့ နေရသည်။

တချို့ သက်ကြီးရွယ်အိုများက စုံတွဲလိုက်ဖြစ်သည်။ အဘိုးအို လက်ကိုဆွဲကာ အဘွားက တရွေ့ရွေ့လိုက်ပါလျှက် အလှူခံ နေသည့် မြင် ကွင်းများကလည်း ရန်ကုန်တွင် မြင်တွေ့ရဖန် များလာသည်။

ထို အဘိုးအဘွားအိုများ ကဲ့သို့ ခိုကိုးရာမိသားစု အရင်းချာအရိပ်မှ ဝေးကွာနေပြီး အသက်ရှင် ရပ်တည် နေထိုင်နိုင်ရေးအတွက် နည်းမျိုးစုံဖြင့် ရွှေ့ပြောင်း ကျင်လည်နေရသည့် သက်ကြီးရွယ်အိုများ ရှိနေခြင်းသည် မြန်မာ့လူမှု အသိုက်အဝန်း၏ ယဉ်ကျေးမှု စံနှုန်း လျော့ကျလာခြင်းလားဟု မေးခွန်းထုတ်နေသူများ ရှိနေသည်။

မြန်မာနိုင်ငံသည် မိဘက သားသမီးကို အရွယ်သုံးပါးစလုံး စောင့်ရှောက်ပေး သကဲ့သို့၊ သားသမီးကလည်း အသက်အရွယ် အိုမင်းလာသော မိဘများ၊ ဘိုးဘွားများကို ပြန်လည် စောင့်ရှောက်ပြုစုသော ဓလေ့ဖြင့် နေထိုင်လာကြသူများ ဖြစ်ရာ၊ ရန်ကုန် လမ်းမများ ထက်တွင် အနယ်နယ် အရပ်ရပ်မှ ရောက်လာသည့် ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုများကို မြင်တွေ့လာရခြင်းက ကောင်းမွန်သော လက္ခဏာတရပ် မဟုတ်ဟု သုံးသပ်သူများလည်း ရှိသည်။

လွန်ခဲ့သည့် ၃ နှစ်ခန့်က ကြေးမုံ သတင်းစာတွင် ဖော်ပြခဲ့သော ကြော်ငြာတကွက်က ဖတ်ရှုမိသူများ၏ နှလုံးသားကို ဆွဲကိုင်လှုပ်ခါ ခဲ့ပြီး လူမှုကွန်ရက်များ ပေါ်တွင် ပြန့်နှံ့သွားခဲ့သည်။

“ဇနီးမောင်နှံ နှစ်ဦးစလုံးကို နေစရာပေး လက်ခံမည့် ညစောင့် လုံခြုံရေးဝန်ထမ်း လုပ်လိုပါသည်။ အငြိမ်းစား ကျောင်းဆရာနှင့် ဆရာမ” ဟု ဖော်ပြထားသည်။ ဆက်သွယ်ရန် ဖုန်းနံပတ် ထည့်ပေးထားသည်။ မန္တလေးမြို့မှ ထိုနိုင်ငံ့ဝန်ထမ်းဟောင်း အဘိုးနှင့် အဘွားတို့ နှစ်ဦးသည် သူတို့လိုချင်သော အလုပ်ကိုရလေသလား၊ သူတို့အတွက် နေစရာလေး တခု ရလေသလား မသိရသော်လည်း ထိုစဉ်က ၎င်းတို့ ခိုကိုးရာမဲ့၊ နေစရာမဲ့ ဖြစ်နေသည်ဆိုသည့် အချက်မှာ အငြင်းပွားစရာ မရှိပေ။

တချို့ သက်ကြီးရွယ်အိုများမှာ ဝမ်းရေးအတွက် အလှူခံနေခြင်းများ ရှိသကဲ့သို့၊ တချို့မှာ တန်ဖိုးနည်းလှသော ပစ္စည်း အတိုအစကလေး များကို ရောင်းချကြသူများလည်း ရှိသည်။ တချို့က မိသားစုမရှိ၊ သားသမီး ဆွေမျိုးမောင်နှမ မရှိ၊ တချို့က သားသမီး ရှိသော်လည်း အားကိုးရန် မဖြစ်နိုင်သည့် အခါတွင် အဘွား ဒေါ်မိမိကဲ့သို့ ကိုယ့်မာန် ကိုယ်တင်းကာ သားသမီး အရိပ် မခိုလှုံလိုသူများလည်း ရှိလေသည်။

ရန်ကုန်မြို့ရှိ မြို့ပတ်ရထား များပေါ်တွင် တွယ်ချိတ်၊ နဖာကလော်၊ မြို့ပတ်ရထား လမ်းညွှန်စာအုပ်ငယ် စသည့် တန်ဖိုးနည်း အသုံး အဆောင်တချို့ကို နေ့စဉ် ရောင်းချနေသည့် အဘိုးအိုတဦးက “တနေ့ကို အဘိုးအတွက် ၃ ထောင်လောက် ကျန်တယ်။ အဘိုးသမီး အငယ်ဆုံးက ၁၀ တန်း ကျောင်းသူလေ။ သူ့ကျောင်းစရိတ်ကို အဘိုးက ထောက်ရတယ်။ အဘိုးအတွက် မနက်စာကိုတော့ သားအငယ်က ကျွေးတယ်။ နေ့လယ်နဲ့ ညစာကို အပြင်မှာ ဝယ်စားတယ်။ သမီးက မလိမ်မာဘူး။ စာမကြိုးစားဘူး” ဟု သူ့ဘဝကို ညည်းတွား ပြောဆိုသည်။

မြန်မာ့ မီးရထားဋ္ဌာန၏ အောက်ခြေ ဝန်ထမ်းတဦးဖြစ်သူ သားအငယ်၏ ဝန်ထမ်း လိုင်းခန်းတွင် သူနှင့် သူ၏ သမီးငယ် နေထိုင်ခွင့်ရသဖြင့် နေစရိတ်ပူရန် မလိုကြောင်းလည်း သူက ရှင်းပြသည်။

အသက် ၇၀ ကျော် ဘိုးဘွားများအတွက် နေ့ပိုင်း စောင့်ရှောက်ရေး ဂေဟာ (Day Care Centre) တခုကို လာမည့် စက်တင်ဘာတွင် ကမ္ဘာအေး လူမှုဝန်ထမ်း ဦးစီးဋ္ဌာနရုံးချုပ်၌ စတင်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း လူမှုဝန်ထမ်း ဦးစီးဌာန သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းဌာနခွဲမှ ညွှန်ကြားရေးမှူးက ပြောခဲ့သည်။

“အဓိကကတော့ သားသမီးတွေ အလုပ်သွားတဲ့အချိန် အိမ်မှာ အထီးကျန်ပြီး တယောက်တည်း ကျန်နေခဲ့ရတဲ့ ဘိုးဘွားတွေ၊ လူမှုရေးအရ စောင့်ရှောက်ဖို့ လိုနေတဲ့ ဘိုးဘွားတွေကို ဆင်းရဲချမ်းသာမရွေး လက်ခံသွားမယ်။ မြန်မာနိုင်ငံမှာ ဒီလိုလုပ်တာ
ပထမဆုံးပါ” ဟု ညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုးက ရှင်းပြသည်။

မရမ်းကုန်မြို့နယ်တွင် ဖွင့်လှစ်မည့် အဆိုပါ Day Care Centre တွင် အဆိုပါ စင်တာနှင့် အနီးတဝိုက် မြို့နယ်များမှ ရပ်ကွက်များမှ စာရင်းရယူပြီး ဘိုးဘွား ၃၀ ကျော်ကို ရှေ့ပြေး အစီအစဉ်အဖြစ် စောင့်ရှောက် ပေးသွားမည်ဖြစ်ကာ နောက်ပိုင်းတွင် လူဦးရေတိုးချဲ့ လက်ခံသွားမည် ဖြစ်ကြောင်း၊ လာမည့် ၂၀၁၄ – ၁၅ ခုနှစ်တွင် မန္တလေးတိုင်းအတွင်း ဖွင့်လှစ်ရန် စီစဉ်ထားပြီး ပြည်နယ်နှင့်တိုင်း အားလုံးတွင် တိုးခဲျ့ လုပ်ဆောင်သွားမည့် အစီအစဉ်များလည်း ရှိကြောင်း အထက်ပါ ပုဂ္ဂိုလ်ထံမှ သိရသည်။

ဘိုးဘွားများအတွက် Day Care Centre တွင် လမ်းဘေး၌ အလှူခံ စားသောက်နေသည့် ဘိုးဘွားများ၊ အိမ်ခြေယာမဲ့ ဘိုးဘွားများကို လက်ခံဦးမည် မဟုတ်ဘဲ အဆိုပါ ဘိုးဘွားများအား စည်းရုံးဆဲ အခြေအနေတွင်ပင် ရှိသေးကြောင်း၊ စည်းရုံးဖူးသည့် အတွေ့အကြုံများအရ အိမ်ခြေယာမဲ့ ဘိုးဘွားတချို့မှာ ဘိုးဘွားရိပ်သာများတွင် နေလိုသည့် ဆန္ဒ မရှိကြကြောင်း ဦးအောင်ကျော်မိုးက ဆိုသည်။

“တချို့ဘိုးဘွားတွေကို လိုက်ပြီးစည်းရုံးတယ်။ တချို့က ရိပ်သာမှာမနေချင်ဘူး။ တဖြည်းဖြည်းတော့ စည်းရုံးနေပါတယ်။ ကျနော်တို့မှာ ဝန်ထမ်းအင်အားက တိုင်းနဲ့ပြည်နယ် အဆင့်ပဲရှိတယ်။ ခရိုင်နဲ့ မြို့နယ်တွေမှာ မရှိဘူး။ လူအင်အား မလုံလောက်ဘူး။ အခုတော့ ဝန်ကြီးကို ဖွဲ့စည်းပုံတိုးချဲ့ဖို့ တင်ပြထားတယ်။ ဒါဆိုရင် ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်မယ်” ဟု လူမှုဝန်ထမ်း ဦးစီးဌာန ရုံးချုပ်မှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုးက ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုများနှင့် ပတ်သက်သည့် စောင့်ရှောက်မှု အစီအစဉ်ကို ပြောသည်။

ထို့အပြင် လူမှုဝန်ထမ်းဦးစီးဋ္ဌာနနှင့် Help Age Internationalတို့ပူးပေါင်းကာ အထက်မြန်မာပြည်ရှိ ပြင်ဦးလွင်၊ အရာတော်နှင့် မလှိုင်မြို့ နယ်များရှိ ကျေးရွာ ၁၀၀ ကျော်၊ ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်တချို့နှင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ တချို့ မြို့နယ်များတွင် ဘိုးဘွားများအတွက် အိမ်တိုင်ယာရောက် စောင့်ရှောက်ရေး စီမံချက်များကို ၂၀၀၄ ခုနှစ်မှ စတင်လုပ်ဆောင်ခဲ့ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောသည်။

လက်ရှိတွင် တနိုင်ငံလုံး၌ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများမှ တည်ထောင်သော သက်ကြီးရွယ်အို များအား စောင့်ရှောက်မှုပေးလျှက် ရှိသည့် ရိပ်သာပေါင်း ၇၀ ကျော်ရှိပြီး ဘိုးဘွားစုစုပေါင်း ၃၀၀၀ ကျော်ကို စောင့်ရှောက်ထားကြောင်း မြန်မာနိုင်ငံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဋ္ဌာနမှ ထုတ်ပြန်ထားသော စာရင်းဇယားများ အရ သိရသည်။

တချို့ ဘိုးဘွားများမှာ မိသားစု ကျောထောက်နောက်ခံ မရှိ၊ ခိုကိုးရာ အသိုက်အမြုံမဲ့၊ စားဝတ်နေရေး ချို့တဲ့သည့် အခြေအနေ မျိုးဖြင့် ဘ၀ နေဝင်ချိန်ကို ဖြတ်သန်း နေရသော်လည်း စားချိန်အိပ်ချိန်၊ ဘုရားဝတ်ပြုချိန်၊ နားချိန် စသဖြင့် အချိန် အကန့် အသတ်များ၊ စည်းမျဉ်းများ ရှိသည့် ဘိုးဘွားရိပ်သာ များတွင် ပြောင်းရွှေ့ နေထိုင်လိုစိတ် မရှိကြသည်ကို တွေ့ရကြောင်း Save The Age မှ ကိုရီးက ရှင်းပြသည်။

ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုများအား ရာသက်ပန်စောင့်ရှောက်မှု အစီအစဉ်များကို ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေသည့် Save The Age အဖွဲ့မှ တာဝန်ရှိသူတဦးဖြစ်သည့် ကိုရီးက “ဘိုးဘွားရိပ်သာတွေ ရှိတယ်။ ဒါပေမယ့် ရိပ်သာတွေမှာ စည်းမျဉ်း စည်းကမ်းတွေ၊ ထောက်ခံချက် တောင်းတာတွေ ရှိတယ်။ ချက်ချင်းသွားပို့လို့ လက်ခံနိုင်တဲ့ နေရာမျိုးတွေ ရှိသင့်တယ်။ ရိပ်သာလည်း မဟုတ်၊ အိမ်လည်း မဟုတ်တဲ့ ပုံစံမျိုးလေးတွေ လုပ်ပေးနိုင်ရင် ကောင်းမယ်။ ဘိုးဘွားရိပ်သာ တွေမှာလည်း စည်းမျဉ်း စည်းကမ်းတွေ လျှော့သင့်တယ်” ဟု ပြောသည်။

ရန်ကုန်မြို့ အနှံ့အပြားရှိ လမ်းမများထက်တွင် စားဝတ်နေရေးအတွက် အလှူခံနေသည့် သက်ကြီးရွယ်အို များအတွက် နိုင်ငံတော်တွင် ကောင်းမွန်၍ စနစ်ကျသော အစီအမံများ မရှိသည်ကိုလည်း အဘွားဒေါ်မိမိ၏ ပြောပြချက်အရ သိနိုင်သည်။

“အဘွားကို စည်ပင်ကဖမ်းပြီး မှော်ဘီ ဝါးနက်ချောင်းကို ပို့ဖူးတယ်။ အဲဒီမှာ အဘွားလို လူတွေအများကြီးပဲ။ စားရသောက်ရ တာလည်း ဆားပါလို့ ငပိမပါ၊ ငပိပါလို့ ဆားမပါ၊ အိပ်ရတာကလည်း ခေါင်းအုံးရှိလို့ စောင်မရှိ၊ စောင်ရှိလို့ ခေါင်းအုံးမရှိ။ နေရတာ တော်တော်ဒုက္ခ ရောက်ပါတယ်။ အဘွားအခုလို နေရပေမယ့် အဘွားဝင်ငွေနဲ့ ဝါဆိုသင်္ကန်းလည်း ကပ်နိုင်တယ်။ အဘွားကိုလှူတာထဲက သူများကိုလည်း အဘွားက ပြန်လှူတယ်” ဟု ဒေါ်မိမိက ပြောသည်။

ရန်ကုန်-ပြည်လမ်းမှ လမ်းတဘက်သို့ ဖဲ့ဆင်းသွားပြီး ၇ မိုင်ကျော်ခန့် ဝေးသည့် နေရာတွင် ရန်ကုန်မြို့ လမ်းမများပေါ်မှ ခေါ်ဆောင်လာသည့် အိမ်ခြေယာခြေမဲ့ မိသားစုများ၊ ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုများကို ထားသည့် ဝါးနက်ချောင်း စခန်းရှိပြီး ထိုစခန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်း ဖွင့်လှစ်ထားခြင်း ဖြစ်သည်။

အစိုးရမဟုတ်သော ပြည်တွင်း အရပ်ဖက်လူ့အဖွဲ့အစည်း များက တာဝန်ယူ စောင့်ရှောက်ထားသည့် ရိပ်သာများ ရှိသော်လည်း အခက် အခဲများစွာရှိနေကြောင်း Save The Age မှ ကိုရီးက ပြောသည်။

“အစိုးရမှာလည်း လုပ်စရာတွေ အများကြီးပဲ။ အစိုးရချည်း အားကိုးနေမယ့်အစား လူတိုင်း၊ ရပ်ကွက်တိုင်း၊ မြို့နယ်တိုင်းမှာ တာဝန်ရှိပါတယ်။ သက်ကြီးရွယ်အိုတွေ ဒုက္ခရောက်တယ်ဆိုတာ ပတ်ဝန်းကျင်က မစောင့်ရှောက် တာကြောင့်လည်း ပါတယ်။ အခု သက်ကြီးရွယ်အို ကူညီပေးရေး လုပ်နေတဲ့လူတွေမှာ ပိုက်ဆံချမ်းသာတဲ့၊ ငွေကြေး တတ်နိုင်တဲ့ လူတွေ မပါလာဘူး။ အဲဒီလို လူတွေက ဝိုင်းဝန်းထောက်ပံ့လိုက်ရင် အဆင်ပြေမယ်” ဟု သူက ဆက်လက်ပြောသည်။

ရန်ကုန်မြို့တွင် သက်ကြီးရွယ်အိုများကို စောင့်ရှောက်ပေးနေသည့် ပြည်တွင်း ကိုယ်ထူကိုယ်ထ အရပ်ဖက်လူ့အဖွဲ့အစည်း အနည်းငယ် သာရှိပြီး ၎င်းတို့မှာ သန်လျင် သဘာဝတရားရိပ်သာ၊ ဆည်းဆာရိပ် ဂိလာနယ ဘိုးဘွားများ ထိန်းသိမ်း စောင့်ရှောက်ရေး အဖွ့ဲ၊ မေတ္တာရိပ်နှင့် Save The Age သက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့် ထောက်ပံ့ရေး ပရဟိတ လူငယ်များအသင်းတို့ဖြစ်ကြောင်း သိရသည်။

သန်လျင် သဘာဝတရားရိပ်သာသည် ခိုကိုးရာမဲ့ ဘိုးဘွား ၁ ထောင်ကျော်ကို စောင့်ရှောက် ပေးထားသည့် ဘုန်းတော်ကြီးကျောင်း တကျောင်း ဖြစ်သည်။ ဆည်းဆာရိပ် ဂိလာနယ ဘိုးဘွားများ ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့သည်လည်း သန်လျင် မြို့နယ်တွင်တည်ရှိပြီး အသက်အရွယ် အိုမင်း၍ ကျန်းမာရေး ချို့တဲ့ကာ ခိုကိုးရာမဲ့နေသော ဘိုးဘွားများအား မိသားစု ပုံစံဖြင့် ကြင်နာယုယမှု ပေးရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ထားသည့် ရိပ်သာငယ် တခုဖြစ်သည်။ လတ်တလောတွင် အသက် ၇၀ နှင့်အထက် ဘိုးဘွား ၆၄ ဦးကို စောင့်ရှောက်ပေးလျှက် ရှိသည်။ သားသမီး ကျောထောက်နောက်ခံမရှိ၊ ဆင်းရဲ ချို့တဲ့ပြီး ခိုလှုံရာ ကင်းမဲ့နေသော ဘဝနေဝင်ချိန် ဂိလာန သက်ကြီး ရွယ်အိုများအတွက် မြန်မာ နိုင်ငံ၏ တခုတည်းသော ရိပ်သာဟု ဆိုနိုင်သည်။

စောင့်ရှောက်မှု ခံယူရန် လိုအပ်နေသည်ဟု စာရင်းပေးထားသည့် ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုများ ထပ်တိုး လက်ခံနိုင်မည့် နေရာ အလုံအလောက် မရှိခြင်းက ဆည်းဆာရိပ်၏ အခက်အခဲ တခုဖြစ်ကြောင်းလည်း သိရသည်။

“တယောက် နေရာလွတ်မှ နောက်တယောက်ကို လက်ခံရတဲ့အတွက် နေရာမလွတ်ခင်မှာ တချို့ ဘိုးဘွားတွေက အဖိတ် အစဉ် ဖြစ်သွားကြပြီလေ။ အခု လောလောဆယ်မှာ ဒီကိုလာဖို့အတွက် စောင့်ဆိုင်းနေတဲ့ ဘိုးဘွားက အနည်းဆုံး ၂၀ ရှိတယ်” ဟု ဆည်းဆာရိပ် တည်ထောင်သူ တဦးဖြစ်သည့် စာရေးဆရာမ ဒေါ်သန်းမြင့်အောင်က ပြောသည်။

“အစိုးရပိုင်းကရော၊ လူမှုအဖွဲ့အစည်း တွေပါ ကိုယ့်နိုင်ငံထဲက သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ အတွက် လုပ်ပေးဖို့ လိုအပ်တယ်။ တကယ့် မိသားစုတွေကလည်း မိဘတွေကို တကယ် စေတနာထားပြီး ရုပ်ပိုင်းရော၊ စိတ်ပိုင်း ဆိုင်ရာတွေကိုပါ ဂရုစိုက်ဖို့ လိုတယ်။ ကိုယ့်အလှည့်မှာ မိဘတွေကို ကရိကထတွေ ပေးခဲ့ပြီး ကိုယ့်အလှည့်ကျတော့ ပစ်ပယ်ချင် လာတာတွေ ရှိတယ်” ဟု ဒေါ်သန်းမြင့်အောင်က ဆက်လက်ပြောသည်။

တချို့က ငွေကြေး ကျပ်တည်းဆင်းရဲမှု၊ ဆင်းရဲနွမ်းပါးမှု များကြောင့် မိဘများအား ပစ်ပယ်သဖြင့်၊ လမ်းမပေါ်သို့ ရောက်လာ ရသည့် သက်ကြီးရွယ်အို များသည် လူ့ဂုဏ်သိက္ခာ ကျဆင်းနေကြရရာ လူ့အဖွဲ့အစည်း တခုလုံးတွင် တာဝန်ရှိကြောင်း၊ အစိုးရနှင့် အကူအညီ ပေးရေး အဖွဲ့အစည်း များတွင်သာ တာဝန်ရှိခြင်း မဟုတ်ဘဲ၊ ပတ်ဝန်းကျင်နှင့် မိသားစု အချင်းချင်း ကြားတွင်လည်း တာဝန်ရှိကြောင်း သူက ဆိုသည်။

“သားသမီးကိုယ်တိုင်က မိဘကို ရိပ်သာရှေ့လာချခဲ့တာမျိုး ရှိတယ်။ တလောက ကျီတော် လမ်းထောင့်မှာ လူရည်သန့် နှစ်ယောက်က ကားနဲ့လာပြီး အဘိုးတယောက်ကို ပစ်ထားတယ်ဆိုပြီး အကြောင်းကြားလို့ သွားခေါ်ရတယ်။ ရောက်စက စကား မပြောနိုင်ဘူး။ သေသေချာချာ ပြုစုပြီး နေပြန်ကောင်းလာတော့ စကားပြောတာ အင်္ဂလိပ်လိုပဲ ပြောတယ်။ ပညာတတ် တယောက်ပဲ။ သူငယ်စဉ်က သူများ အပေါ်မှာ ဆိုးခဲ့လို့ အများက ဒဏ်ခတ်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ကျမ ပြောချင်တာကတော့ သူတို့တတွေဟာ ဘာမှ မလုပ်နိုင်တော့တဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်နေကြပါပြီ။ အရင်က ဆိုးခဲ့တာတွေကို ပြန်ပြောမနေကြပါနဲ့တော့။ မျှားပစ်တဲ့သူကို မရှာကြပါနဲ့တော့။ မျှားဒဏ်ရာကိုပဲ ကုပေးကြဖို့ သင့်ပါတယ်” ဟု ဒေါ်သန်းမြင့်အောင်က အတွေ့အကြုံ တခုနှင့် နှိုင်းယှဉ်၍ ပြောပြသည်။

ထို့အပြင် ဘိုးဘွားရိပ်သာ အရေအတွက် များခြင်း၊ နည်းခြင်းနှင့် ပတ်သက်၍ “ပုဂ္ဂလိက ဘိုးဘွားရိပ်သာတွေ ဖွင့်ဖို့က အခက်အခဲ သိပ်မရှိတော့ပါဘူး။ ဒါပေမယ့် ဘိုးဘွားတွေကို စောင့်ရှောက်တဲ့ နေရာတွေ ရှိနေတာပဲ ဆိုပြီး တာဝန်မဲ့ သားသမီးတွေ ပေါ်မလာစေချင်ဘူး” ဟု သူက ဆိုသည်။

Save The Age သက်ကြီး ရွယ်အို စောင့်ရှောက်ရေးနှင့် ထောက်ပံ့ရေး ပရဟိတ လူငယ်အသင်းမှာ အင်တာနက် စာမျက်နှာများမှ တဆင့် တွေ့ရှိခင်မင်သည့် ဝါသနာတူ လူငယ်များဖြင့် ဖွဲ့စည်းထားသော ကိုယ့်အားကိုယ်ကိုး အဖွဲ့ငယ် တခုဖြစ်သည်။ ထိုအဖွဲ့သည် ရန်ကုန်မြို့ အနှံ့တွင် နေထိုင်သည့် မိသားစု ကျောထောက်နောက်ခံ မရှိသော အသက် ၆၅ နှစ်နှင့် အထက် ပစ်ပယ်ခံ ဘိုးဘွားများအား ကွင်းဆင်း လေ့လာကာ ရာသက်ပန် ထောက်ပံ့မှုပေးလျှက် ရှိပြီး လတ်တလော တွင် ဘိုးဘွား ၃၃ ဦးအား စောင့်ရှောက်ပေးလျှက် ရှိကြောင်း သိရသည်။

“ကလေးသူငယ်တွေ အတွက် လုပ်ပေးနေတဲ့ အဖွဲ့တွေ အများကြီး ရှိကြတယ်။ ဒါပေမယ့် သက်ကြီးရွယ်အိုတွေ အတွက် လုပ်ပေးမယ့်သူ ရှားတယ်။ ကျနော် သိသလောက် ပြည်ပ NGO တွေကလည်း သက်ကြီးရွယ်အို အတွက် လုပ်နေတာမရှိဘူး” ဟု ကိုရီးက ပြောသည်။

လမ်းပေါ်တွင် အလှူခံနေသည့် သက်ကြီးရွယ်အိုများ အနက် တချို့မှာ အမှန်တကယ် မိသားစုမဲ့၊ ခိုကိုးရာမဲ့ နေသူများ ဖြစ်သော်လည်း၊ တချို့မှာ သားသမီးများက မိဘများ၏ ဝင်ငွေကို အဆင်သင့် စားနေသူများလည်း ရှိနေပြန်သည်။ တချို့ ဘိုးဘွားများကို သူစိမ်းများက နေစရာပေး၊ စားစရာကျွေးကာ တနေ့တာ ဝင်ငွေများကို ပြန်အပ်ရသည့် အခြေအနေမျိုးလည်း ရှိသည်။ သက်ကြီးရွယ်အို လူကုန်ကူးခံရခြင်း တနည်းဟု ဆိုနိုင်သည်။

“လှိုင်မြို့နယ်ထဲက ရေမြောင်းတခုပေါ်မှာ အိမ်လေး ဆောက်ပြီး တယောက်တည်းနေတဲ့ အဘွားတယောက်ကို ကျနော်တို့ အဖွဲ့က သွားပြီး အိမ်ပြင်ပေးတယ်။ ရပ်ကွက်က လာကူညီပေးတဲ့ အစ်ကိုနှစ်ယောက်ကို ကျနော်တို့က ညနေကျတော့ မုန့်ဖိုးပေးတယ်။ နောက်နေ့ ထပ်သွားတော့ အဲဒီလူတွေ ကျနော်တို့ကို လာမကူညီတော့ဘူး။ ဘာကြောင့်လဲလို့ မေးတော့ အဲဒီ ရပ်ကွက်က ဆယ်အိမ်မှူးက မနေ့က မုန့်ဖိုးပေးတာမှာ သူ့အတွက် ဝေစု မပါလို့ အဲဒီလူ နှစ်ယောက်ကို သွားမကူညီရဘူး ဆိုပြီး ဖိအားပေးတယ်တဲ့” ဟု လူမှုပတ်ဝန်းကျင်၏ ပူးပေါင်းပါဝင်မှု လိုအပ်ချက်နှင့် ပတ်သက်၍ ၎င်း၏ အတွေ့အကြုံတခုကို ကိုရီးက ပြန်လည် ရှင်းပြသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်နေ့က နေပြည်တော်၌ ပြုလုပ်ခဲ့သည့် ကမ္ဘာ့လူဦးရေနေ့ အခမ်းအနားတွင် ဒုတိယသမ္မတ ဒေါက်တာ စိုင်း မောက်ခမ်းက မြန်မာနိုင်ငံတွင် သက်ကြီးရွယ်အိုများ လျင်မြန်စွာ တိုးပွားလာခြင်းကြောင့် ကြုံတွေ့နိုင်သော စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အခက်အခဲများကို ဖြေရှင်းနိုင်ရန် ကြိုတင် ပြင်ဆင်ထားသင့်ကြောင်း၊ လာမည့် ၂ နှစ်အတွင်း မြန်မာနိုင်ငံ၏ လူဦးရေတွင် သက်ကြီးရွယ်အို ပါဝင်မှုနှုန်းမှာ ၁၀ ရာခိုင်နှုန်းအထိ တိုးမြင့်လာမည်ဟု ခန့်မှန်းထားကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် တခြားနိုင်ငံများကဲ့သို့ သက်ကြီးရွယ်အို အလွန်အမင်း များပြားသည့် ပြဿနာကို ရင်မဆိုင်ရ သေးသော်လည်း နောင် လာမည့် ဆယ်စုနှစ်များတွင် ယင်းပြဿနာကို ရင်ဆိုင်ရမည် ဖြစ်ကြောင်း၊ တိုးပွားလာမည့် သက်ကြီးရွယ်အိုများ အားလုံး ဂုဏ်သိက္ခာ ရှိရှိနှင့် သွက်လက် ကျန်းမာပြီး လုံခြုံစိတ်ချ ရသော ဘဝမျိုးဖြင့် လျှောက်လှမ်း နိုင်မည့် အစီအစဉ်ကို လူမှုဝန်ထမ်းဦးစီးဌာနမှ သက်ကြီးရွယ်အိုများ အတွက် အဓိက လုပ်ငန်းစဉ် တရပ်အဖြစ် ဆောင်ရွက် လျှက်ရှိကြောင်း လူမှုဝန်ထမ်း ဦးစီးဋ္ဌာနက ထုတ်ပြန်ထားသည်။

ထို့အပြင် အနာဂတ် သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းသည် သမားရိုးကျ ဘိုးဘွားရိပ်သာများ ထူထောင် စောင့်ရှောက်သည့် လုပ်ငန်းစနစ် တခုတည်းနှင့် လုံလောက်မှု မရှိသည့်အတွက် တခြား နည်းစနစ် များကိုလည်း ရှာဖွေ ဆောင်ရွက်လျှက် ရှိကြောင်း ဦးစီးဋ္ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံသည် အာဆီယံ-ကိုရီးယား အိမ်တိုင်ရာရောက် သက်ကြီးရွယ်အို စောင့်ရှောက် ရေးအစီအစဉ်ကို ဆောင်ရွက်လျှက် ရှိပြီး မြန်မာနိုင်ငံ အပါအဝင် အာရှ-ပစိဖိတ် ဒေသတွင်း နိုင်ငံ ၂၈ နိုင်ငံမှ သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်း ဆောင်ရွက်နေသည့် ကိုယ်စားလှယ်များ၊ ကျွမ်းကျင် ပညာရှင်များ နှင့်သက်ကြီး ရွယ်အို စုစုပေါင်း ၁၂၀ ကျော် တက်ရောက် ခဲ့သည့် ညီလာခံတခုကိုလည်း ပြီးခဲ့သည့် မေလတွင် ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ယင်းဆွေးနွေးပွဲတွင် ညီလာခံသို့ တက်ရောက် လာသော အာရှ-ပစိဖိတ် ဒေသတွင်း နိုင်ငံများ၏ သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဆိုင်ရာ မူဝါဒများ၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့် ပတ်သက်သည့် အားသာချက်၊ အားနည်းချက် စသည့် အတွေ့အကြုံ များကို ဖလှယ်ခွင့် ရရှိခဲ့ကြောင်းလည်း လူမှုဝန်ထမ်း ဦးစီးဋ္ဌာနမှ သိရသည်။

ခြုံငုံကြည့်ရမည် ဆိုလျှင် မြန်မာနိုင်ငံ၏ ခိုကိုးရာမဲ့ သက်ကြီးရွယ်အို စောင့်ရှောက်ရေး အစီအစဉ်များသည် လုံလောက်မှုမရှိ၊ စနစ်ကျမှုမရှိ သေးဘဲ အများ ပူးပေါင်းပါဝင်ရန် အရေး တကြီးလိုအပ်နေသည့် အနေအထားဖြစ်သည်။

မကြာတော့မည့် နှစ်ပိုင်းတွင် သက်ကြီးရွယ်အိုဦးရေ မြင့်မားလာမည့် အခြေအနေကို မလွှဲမသွေ ရင်ဆိုင်ကြရမည်ဖြစ်ရာ အဘွားဒေါ်မိမိနှင့် အဘွားဒေါ်တင်ရီကဲ့သို့ ခိုကိုးရာ ပျောက်ဆုံးနေသည့် ဘဝနေဝင်ချိန် အရွယ်များ မည်မျှ ထပ်ပေါ်လာ ဦးမည်ကို မသိနိုင်ပေ။

Loading