Health

သိပ္ပံမှူးတင်ကို ထောက်ခံပါ

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံ တွင်းသို့ စီးကရက် ကုမ္ပဏီကြီးများ ဝင်ရောက်လာပြီး ဈေးကွက်ရှာဖွေနေသည့် အချိန် အသက် ၈၉ နှစ် ကျော် အရွယ် ရောက်ရှိနေပြီဖြစ်သည့် ဆေးလိပ် ဆန့်ကျင်ရေးသမား မြန်မာအဘိုးအိုတဦးက ဆေးလိပ် သောက်သုံးမှု တားဆီး ကာကွယ် ဆန့်ကျင်နိုင်ရေးသူ တတ်စွမ်းနိုင်သမျှ အားလုံး လုပ်ဆောင်နေသည်။

သူကတော့ ဦးတင်မောင်ဆိုသည့် အဘိုးအိုတဦးဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကစ၍ မဂ္ဂဇင်းများ၊ အစိုးရပိုင် သတင်းစာများတွင် ဆေးလိပ်သောက်သုံးမှု ဆန့်ကျင်ရေး ဆောင်းပါးများစွာ ရာနှင့် ချီ၍ရေးသားခဲ့သည်။ သူ၏ ကလောင်နာမည် သိပ္ပံမှူးတင်သည် လူသိများ ထင်ရှားသည်။

ဆေးလိပ် သောက်သုံးမှု ဆန့်ကျင်ရေးနှင့် ပတ်သက်သည့် အစည်းအဝေးများ၊ ဆွေးနွေးပွဲများ၊ တက်ရန် ပြည်တွင်း ပြည်ပ ခရီး အများအပြား သွားရောက်ခဲ့သည်။ အခြေခံပညာ ကျောင်းများတွင် ဆေးလိပ်သောက်သုံးခြင်း၏ အန္တရာယ်ကို ဟောပြောပြီး လူငယ်များကို စည်းရုံးခဲ့သည်။ ရည်ရွယ်ချက် လုပ်ငန်းများကို အကောင်အထည် ဖော်စေရန် ကုန်ကျစရိတ်ကို ကိုယ်ပိုင်ငွေကြေး စိုက်ထုတ်အကုန်ကျခံ သုံးစွဲခဲ့သည်။

နှစ်ပေါင်း ၅၀ ကျော်ကြာ တံခါးပိတ်ကာလ ကျော်လွန်သွားပြီးနောက် စီးပွားရေးပိတ်ဆို့ ကန့်သတ်မှုများနှင့် စစ်အုပ်ချုပ်ရေး စနစ် အဆုံးသတ်သွားသော အခါ ကမ္ဘာ့ အကြီးဆုံးစီးပွားရေး ကုမ္ပဏီ ကြီးတချို့သည် အာရှ၏ အလားအလာ အကောင်းဆုံး ဈေးကွက်တခု ဖြစ်သည့် မြန်မာနိုင်ငံဈေးကွက်သို့ ညာသံပေးပြီး ဝင်ရောက်လာကြသည်။

သို့ သော်လည်း ကမ္ဘာကျော် ဆေးလိပ်နှင့် ဆေးရွက်ကြီးလုပ်ငန်းများက အခြားစီးပွားရေး ကုမ္ပဏီများနှင့်မတူ ခြားနားသည့် နည်းဗျူဟာ တရပ်ဖြင့် ဆူဆူညံညံ ပွဲသဘင်မခံဘဲ မြန်မာနိုင်ငံတွင်းသို့ မသိမသာ တိတ်တခိုး ဝင်ရောက်လာကြသည်။

မြန်မာနိုင်ငံ အပေါ် ချမှတ်ပိတ်ပင်ထားသည့် စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းခြင်း သို့မဟုတ် ဆိုင်းငံ့ခြင်း များ ပြုလုပ်လိုက် သည့်အခါ နိုင်ငံခြားစီးပွားရေး လုပ်ငန်းကြီးများ ဖြစ်သော Coca-Cola, Unilever တို့မှအစ Suzuki ကဲ့သို့သော မော်တော်ကား ကုမ္ပဏီများအထိ မြန်မာ့ဈေးကွက်အတွင်းသို့ အပြေးအလွှား ဝင်ရောက်လာကြသည်။

ထို့နည်းတူ နာမည်ကျော် ဆေးလိပ်ကုမ္ပဏီကြီးများ ဝင်လာကြသော်လည်း ဖဲကြိုးဖြတ်ပွဲ မလုပ်၊ ခန်းနားကြီး ကျယ်သည့် ကြေညာ ချက်များ မထုတ်ခဲ့ကြပေ။

British American Tobacco ကုမ္ပဏီသည် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး စီးကရက် ထုတ်လုပ်သူဖြစ်သည်။ ၅ နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၅၀ ရင်းနှီးမြှုပ်နှံပြီး မြန်မာနိုင်ငံဈေးကွက်တွင် စီးကရက် ရောင်းချမည် ဖြစ်သည်။

အကျဉ်းချုံး၍ ကျင်းပသော ဖွင့်ပွဲအခမ်းအနားသို့ အစိုးရ တာဝန်ရှိသူ အနည်းငယ်ကိုသာ ရွေးချယ်ဖိတ်ကြားခဲ့သည်။ စက်ရုံကို ရန်ကုန်မြို့ ဆင်ခြေဖုံးတွင် ဆောက်လုပ်မည်ဖြစ်ပြီး အလုပ်အကိုင် နေရာ ၄၀၀ ခန့် ပေးနိုင်မည်ဟု သိရသည်။

ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး ဖြစ်သော Japan Tobacco ကုမ္ပဏီက လွန်ခဲ့သော တနှစ်ခန့်က ရွှေသံလွင် ကုမ္ပဏီ ပိုင်ရှင် လုပ်ငန်းရှင်ကြီး ဦးကျော်ဝင်းနှင့် သဘောတူစာချုပ်တခုကို တိတ်တဆိတ် လက်မှတ်ရေးထိုးခဲ့ ပြီးဖြစ်သည်။

Japan Tobacco ကုမ္ပဏီ၏ ပြောရေးဆိုခွင့် ရှိသူ Royhei Sugata က စက်ရုံတည်ဆောက်နေကြောင်း ပြောသော်လည်း ထုတ်လုပ်မည့် စီးကရက်အမည်၊ စီမံကိန်းပမာဏ နှင့် မည်သည့်နေရာတွင် စက်ရုံ တည်ဆောက်နေသည် ဆိုသော အသေးစိတ် အချက်အလက်များကို ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။

တရုတ်နိုင်ငံ၏ အကြီးဆုံး စီးကရက် လုပ်ငန်းကြီးတခုကလည်း မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ သန်းပေါင်း များစွာတန်သည့် ဖက်စပ် လုပ်ငန်းတခုကို တည်ထောင်နေပြီဖြစ်သည်။

“ပုန်းလျှိုး ကွယ်လျှိုးနဲ့ ဝင်လာမယ် ဆိုရင် လူတွေ သတိထားမိမှာ မဟုတ်ဘူးလို့ သူတို့ထင်ပုံရတယ်၊ ပိုက်ဆံဟာ ပါးစပ်ပေါက်တွေ အများကြီးကို ပိတ်နိုင်တယ်လေ၊ ကျနော့်ရဲ့ ဆေးလိပ်သောက်သုံးမှု ဆန့်ကျင်ရေး လှုပ်ရှားမှု ဟာ အရမ်းကို မတ်စောက်တဲ့ တောင်ကုန်းကို တိုက်ခိုက်ရသလို ခက်ခဲမယ်ဆိုတာ ကြိုသိခဲ့ပါတယ်” ဟု တပ်မတော် အငြိမ်းစား အရာရှိတဦးဖြစ်သူ၊ ဗိုလ်မှူးဟောင်း သိပ္ပံမှူးတင် ခေါ် ဦးတင်မောင်က ပြောသည်။

မြန်မာနိုင်ငံတွင် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ခြင်း မရှိဘဲ လျှပ်စစ်ဓာတ်အား မလုံလောက်မှု ပြဿနာလည်း ရှိနေသည်။ အရပ်သားအစိုးရ အမည်ခံထားသော မြန်မာအစိုးရ အနေဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည် အလုပ် အကိုင် အခွင့်အလမ်း များကို ဖန်တီးပေးပြီး ဖွံ့ဖြိုးတိုးတက်မှု အလျှင်အမြန်ရရှိရေး ကူညီနိုင်လိမ့်မည်ဟု မျှော်လင့်နေပုံရသည်။

အစိုးရတရပ်အနေဖြင့် ပြည်သူများအတွက် အခြား ဦးစားပေး စဉ်းစားရမည့် အချက်များဖြစ်သော ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်နှင့် အများပြည်သူ သက်သာချောင်ချိရေး တို့ကို တခါတရံ ဘေးဖယ်ထားပုံရသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသား ဆေးလိပ်နှင့်ဆေးရွက်ကြီး ထိန်းချုပ်ရေး အစီအစဉ်၏ အကြီးအကဲ ဒေါ်နန်းနိုင်နိုင်ရှိန် က British American Tobacco, Japan Tobacco နှင့် အခြား စီးကရက်ကုမ္ပဏီများ ဝင်ရောက် ရင်းနှီးမြှုပ်နှံမှုအပေါ် ကျန်းမာရေး ဝန်ကြီးဌာနက အပြင်းအထန် ကန့်ကွက်ခဲ့သော်လည်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို အရှုံးပေးခဲ့ရသည်ဟု ပြောပြသည်။

မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်၏ ညွှန်ကြားရေးမှူးတဦး တရားမဝင် ငွေလက်ခံရယူခြင်း ရှိခဲ့သည်ဆိုသော သံသယ ဖြစ်ဖွယ်ရာ အမြောက်အများဖြင့် ရာထူးမှ နှုတ်ထွက်သွား ခဲ့ရသော်လည်း နိုင်ငံခြား စီးကရက်လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံ ခွင့်ပြုချက်ကိုမူ ပြန်လည်ပြင်ဆင်ခြင်း မရှိခဲ့ပေ။

နိုင်ငံတကာ ဈေးကွက်များတွင် ဆေးလိပ်သောက်သုံးမှု နှုန်းများကျဆင်းလာမှုနှင့် ရင်ဆိုင် နေရချိန် နိုင်ငံတကာ စီးကရက် ကုမ္ပဏီများ အတွက် မြန်မာနိုင်ငံသည် မျှော်လင့်ချက် ကောင်းကောင်း ပေးနိုင်သည့် ဈေးကွက် နေရာတခု ဖြစ်လာသည်။

မြန်မာနိုင်ငံတွင် ဆေးလိပ် သောက်သုံးမှုကြောင့် ဖြစ်ပေါ်လာမည့် ကျန်းမာရေး ထိခိုက်မှုအန္တရယ်ကို ဂရုပြုမှုနည်းလွန်းပြီး ဆေးလိပ်နှင့် ဆေးရွက်ကြီး ထိန်းချုပ်မှု ဥပဒေများ ကျင့်သုံးအသုံးပြုမှုကလည်း အားနည်းလွန်းလှသည်။

ထို့ပြင် ဆေးလိပ်သောက်သုံးမှု ဆန့်ကျင်ရေး ကို ထိထိရောက်ရောက် ဆောင်ရွက်နေသူကလည်း သိပ္ပံမှူးတင် တဦးတည်းသာ ရှိသည်။

ဆေးလိပ် သောက်သုံးမှုများသော မြန်မာ လူငယ်များ ကဲ့သို့ပင် ဦးတင်မောင်သည်လည်း ဆေးလိပ်ကို အသက် ၁၀ နှစ်တွင် စသောက်သုံးခဲ့သည်။ ထို့ကြောင့် ဆေးလိပ် စွဲသွားရန် မည်မျှ လွယ်ကူသည်ကို သူသိနေသည်။

နှစ်ပါင်း ၂၀ မျှ ဆေးလိပ်သောက်ခဲ့ပြီး Reader’s Digest စာစောင်တွင် ပါဝင်သော ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်လာနိုင်သည့် အန္တရာယ်များ အကြောင်း ရေးထားသည့် ဆောင်းပါး တပုဒ်ကို ဖတ်လိုက်ရပြီးနောက် သူ ဆေးလိပ် ဖြတ်လိုက်သည်။

မြန်မာနိုင်ငံ၏ လူဦးရေတွင် ဆေးလိပ်သောက်သုံးသူ အချိုးအစားက ကြီးမားသော်လည်း အနည်းငယ်သာ အစီခံပါသော စီးကရက်ကို သောက်နိုင်ကြသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ၂၀၀၇ ခုနှစ်တွင် စစ်တမ်းများအရ မြန်မာနိုင်ငံမှ အမျိုးသား ၄၅ ရာခိုင်နှုန်း သည် ဆေးလိပ်သောက်သူ သို့မဟုတ် ဆေးရွက်ကြီး ဝါးကြသူများ ဖြစ်သည်ဟု သိရှိရသည်။ မြန်မာအမျိုးသမီး ၈ ရာခိုင်နှုန်း ကလည်း ဆေးလိပ်သောက်သုံးကြပြီး ဆယ်ကျော်သက် အမျိုးသား ၁၃ ရာခိုင်နှုန်းကို ဆေးလိပ်ကို ခုံမင်စွာ သောက်သုံးနေကြသည်ဟု စစ်တမ်းက ဆိုသည်။

British American Tobacco ၏ အမှုဆောင်ချုပ် Nicandro Durante က လွန်ခဲ့သော ၁၀နှစ်က စစ်တပ်နှင့် အငြင်းပွားဖွယ်ရာ ဆက်သွယ်မှုများ ရှိသည်ဆိုသော နိုင်ငံတကာ ဖိအားများ ကြောင့် မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ရသော်လည်း ယခုကဲ့သို့ မြန်မာ့ဈေးကွက်အတွင်း ပြန်လည် ဝင်ရောက် လာရခြင်းအတွက် အလွန် စိတ်လှုပ်ရှားဖွယ်ရာ ကောင်းပြီး မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး အဆင့်မြင့်တိုး တက်စေရေးတွင် တစိတ်တပိုင်း တက်ကြွစွာပါဝင် ဆောင်ရွက်ပေးရန် စိတ်အား ထက်သန်နေသည်ဟု သတင်းထုတ်ပြန်ပြောဆိုသည်။

မြန်မာ့ရိုးရာ ဓလေ့အရ မြန်မာလူမျိုးများသည် ဆေးပြင်းလိပ်နှင့် ဆင်တူသော “ဆေးပေါ့လိပ်” သောက်သုံးကြသည်။ ဆေးပေါ့လိပ်ကို ခုတ်စင်းထားသော ဆေးရွက်ကြီးများ၊ ပင်စည်ရိုးများ နှင့် ဆေးရိုး(အုန္နဲ)သား အစအနများ ဖြင့် ပြုလုပ်ပြီး အနံ့ အတွက် မန်ကျည်းနှင့် အခြားအနံ့များကိုသုံးသည်။

မြန်မာလူငယ်အများစုသည် ဖခင်၏ ဆေးပေါ့လိပ်ကို မီးညှိပေးရင်း ဆေးလိပ် စတင်သောက်သုံး တတ်သွားကြသည်။ ဆေးလိပ်သောက်သုံးခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်ကြောင်း လူအများအပြားက သိကြသော်လည်း မည်မျှအထိ ဆိုးရွားစွာ ထိခိုက်သည်ကို ပြည့်ပြည့်စုံစုံ သိသူ အနည်းငယ်သာရှိသည်။

“ဆေးလိပ်သောက်တာ အန္တရာယ်ရှိတယ်ဆိုတာ ကျမ ကြားဖူးပါတယ်။ ဒါပေမယ့် ဆေးလိပ် သောက်တဲ့လူတိုင်း ကင်ဆာ ဖြစ်တာမှ မဟုတ်ဘဲ။ ကျမ အခု နေကောင်းတယ်။ ခုထိ ဖြစ်မလာသေးတာတွေကို စိတ်ပူမနေချင်ပါဘူး” ဟု အသက် ၃၇ နှစ် အရွယ် အိမ်ရှင်မ မခင်ချိုကပြောသည်။ သူက အိမ်မှာဆိုလျှင် ဆေးပေါ့လိပ် သောက်ပြီး လူကြားထဲမှာ ဆိုလျှင် စီးကရက် သောက်သူဖြစ်သည်။

ရန်ကုန် ပြည်သူ့ဆေးရုံကြီး၏ ကင်ဆာဆောင်တွင် လူနာများ ပြည့်လျှံနေသော်လည်း အနည်းငယ်သော ဝေဒနာရှင်များကသာ ဤ သေစေလောက်သော ရောဂါသည် ဆေးလိပ်သောက်ခြင်းနှင့် သက်ဆိုင်ကြောင်း နောက်ကျစွာ သိခဲ့ကြသည်။

“ကျနော် မသိခဲ့ပါဘူး၊ ကျနော်က တောရွာမှာနေတာလေ၊ လွန်ခဲ့တဲ့ တနှစ်လောက်မှာ ကျနော် အဆုတ်ကင်ဆာ ဖြစ်နေပြီ လို့ မသိရခင် အထိ ဆေးလိပ်သောက်ခဲ့မိတယ်” ဟု ညာဘက် လက်မောင်းတွင် ဆေးသွင်းပိုက် တန်းလန်းနှင့် ဖြစ် နေသော အသက် ၆၀ အရွယ် ဦးလှစိုးကပြောသည်။ သူက နှစ်ပေါင်း ၅၀ ကျော် ဆေးလိပ်ကို စွဲလန်းစွာ သောက်ခဲ့သူ ဖြစ်သည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ဆေးလိပ်နှင့် ဆေးရွက်ကြီးဆိုင်ရာ သဘောတူညီချက်ကို လွန်ခဲ့သည့် နှစ် အနည်းငယ်ကတည်းက လက်မှတ်ရေးထိုးခဲ့ ပြီးဖြစ်သော်လည်း ဆေးလိပ်နှင့် ဆေးရွက်ကြီးဆိုင်ရာ ထုတ်ကုန်များကို ရောင်းချခြင်းနှင့် ဈေးကွက် မြှင့်တင်ခြင်း တို့ကို ထိန်းချုပ်သော ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ပြဌာန်း အကောင်အထည်ဖော်နိုင်ခြင်း အလွန်အားနည်းလှသည်။

ဥပဒေအရ ကလေးသူငယ်များနှင့် ငယ်ရွယ်သူများကို ဆေးလိပ်ရောင်းချခြင်းသည် တရားမဝင်သော်လည်း အသက် ၁၂ နှစ် သို့မဟုတ် ထိုထက် ငယ်ရွယ်သော ကလေးငယ်များ လမ်းဘေးဆိုင်များတွင် စီးကရက်ဝယ်နေခြင်းမှာ ပုံမှန်မြင်နေကျ မြင်ကွင်း ဖြစ်သည်။

အစိုးရက ဆေးလိပ်ကြော်ငြာများကို ပိတ်ပင်ထားသည့် အတွက် လှည့်ကွက်များ သုံးကြသည်။ မြန်မာနိုင်ငံ၏ ထိပ်တန်း သူဌေးစားရင်းဝင် သူဌေးကြီး ဖြစ်ပြီး သူပိုင်ဆိုင်သော ဇိမ်ခံကားကြီးများကြောင့် နာမည်ကျော်ကြားသူ ဦးတေဇက သူထုတ် လုပ်ရောင်းချသော စီးကရက်ဘူးများထဲတွင် အမေရိကန်ဒေါ်လာ ၅ ဒေါ်လာ၊ ၁၀ ဒေါ်လာတန် ငွေစက္ကူများ ကံစမ်းမဲ အဖြစ် ထည့်ပေးသည်။

ဆေးလိပ် သောက်တတ်သူများကို တသက်လုံး သောက်သွားစေရန် စွဲဆောင်နိုင်သည့် စွမ်းရည်နှင့် အရောင်းမြှင့်တင်မှု အတွေ့အကြုံ ဆယ်စုနှစ်ပေါင်းများစွာ ရှိနေသည့် စီးကရက် ကုမ္ပဏီကြီးများကလည်း နိုင်ငံတွင်းသို့ ဝင်ရောက်လာ ကြပြီဖြစ်ရာ ဥပဒေ၏ ဟာကွက်များမှတဆင့် အင်တိုက်အားတိုက် အရောင်းမြှင့်တင်ရေး လုပ်ကိုင်ကြတော့မည်ဖြစ်သည်။

လက်ရှိတည်ဆဲ ဥပဒေ စည်းမျဉ်းများ အရ ဆေးလိပ်၊ စီးကရက် ကုမ္ပဏီများသည် ၎င်းတို့၏ အမည်ကို လူသိများ အောင်မြှင့်တင်နိုင်ရန် အတွက် ကလေးငယ်များကို ပညာသင်ထောက်ပံ့ကြေးပေးခြင်း၊ လူမှုဖွံ့ဖြိုးရေး စီမံကိန်းများကို ငွေကြေးထောက်ပံ့မှုပေး ခြင်း သို့မဟုတ် Facebook ကဲ့သို့သော လူမှုရေးကွန်ယက်များကို အသုံးပြုခြင်းဖြင့် ကြော်ငြာ ခွင့်ရှိနေကြသည်။

မြန်မာနိုင်ငံသည် စီးကရက်ဘူးခွံပေါ်တွင် ဆေးလိပ်ကြောင့် ကျန်းမာရေး ထိခိုက်နိုင်သည်ဆိုသော သတိပေးချက်ကို ဓာတ်ပုံ၊ ရုပ်ပုံများဖြင့် ဖော်ပြထားခြင်း မရှိသေးသည့် နိုင်ငံများထဲမှ တနိုင်ငံ ဖြစ်နေသည်ဟု နိုင်ငံတကာ တီဘီရောဂါ တိုက်ဖျက်ရေး အစည်းအရုံးမှ ဆေးလိပ်နှင့် ဆေးရွက်ကြီး ထိန်းချုပ်ရေးဆိုင်ရာ နည်းပညာ အကြံပေး Tara Singh Bam က ပြောသည်။

လက်ရှိ အချိန် မြန်မာနိုင်ငံတွင် ဆေးလိပ်သောက်သူများ၏ ၅ ရာခိုင်နှုန်းသည်သာ အစီခံ စီးကရက်များကို သောက်သုံးကြသည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ စာရင်းဇယားများအရသိရသည်။

သို့သော်လည်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကြောင့် စီးပွားရေး အင်အားပြည့်လာလျှင် ထိုအလေ့အထ ပြောင်းသွားလိမ့်မည်ဟု မျှော်လင့်ကြောင်း အရှေ့တောင်အာရှ ဆေးလိပ်နှင့် ဆေးရွက်ကြီး ထိန်းချုပ်မှု ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့၏ အကြီးတန်း မူဝါဒ အကြံပေးပုဂ္ဂိုလ် Mary Assunta ကပြောသည်။

“စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာပြီးတော့ သုံးနိုင်စွဲနိုင်လောက်တဲ့ ဝင်ငွေရှိတဲ့ လူလတ်တန်းစား အရေအတွက် တိုးပွားလာ မယ်လို့ ကျမတို့ မျှော်လင့်ပါတယ်။ အဲဒါက စီးကရက် ကုမ္ပဏီတွေ အတွက် လူလတ်တန်းစားနဲ့ ဆယ်ကျော်သက် တွေ ကို ဦးတည်ပြီး ဈေးချိုတဲ့ စီးကရက်တွေရောင်းချဖို့ အတွက် အခွင့်အလမ်းတွေ အများကြီးပေါ်လာစေနိုင်ပါတယ်” ဟု Mary Assunta က ဆိုသည်။

ဦးတင်မောင်က “အရောင်းကောင်တာတွေမှာ စီးကရက်ဘူးတွေကို နံရံလိုစီထားတာကို ကျနော်တို့ မြင်တွေ့ရပါတော့မယ်။ လှလှပပ ထုပ်ပိုး ထားတဲ့ စီးကရက်တံဆိပ် အသစ်တွေကို လူတွေသဘောကျမယ့် ပြကွက်မျိုးတွေတဲ့ ကုမ္ပဏီတွေက မိတ်ဆက် ကြပါတော့မယ်” ဟု ပြောသည်။

ဆေးလိပ်ကုမ္ပဏီများ၏ ကြော်ငြာများသည် ဆေးလိပ်သောက်သုံးမှုကို မြင့်တက်စေမည်ဖြစ်ရာ ဆေးလိပ်သောက်သုံးမှု ကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့သော ဦးတင်မောင်အတွက် ဆေးလိပ်မသောက်သုံးရေး ဆန့်ကျင်မှုများ ပိုမို ပြင်းထန်စွာ လုပ် ကိုင်ရန် စိတ်ပိုင်းဆုံးဖြတ်ထားသော်လည်း ဆေးလိပ်ကြောင့် ဘဝပျက်ကြမည့် မြန်မာနိုင်ငံသားများအတွက် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေတော့သည်။

(အေပီသတင်းဌာနမှ Aye Aye Win ၏ Tobacco Brands Slip into Myanmar without Fanfare ဆောင်းပါးကို နိုင်မင်းသွင် ဆီလျော်အောင် ဘာသာပြန်ဆိုထားသည်)

Loading