Health

လူနာ မြန်မာပြည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

လွန်ခဲ့သော ၆ နှစ်က မြန်မာနိုင်ငံ၏ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နေထိုင်မကောင်းဖြစ်ခဲ့စဉ်က ပြည်တွင်းရှိ မည် သည့် ဆေးရုံတွင် တက်ရောက်ကုသရမည်ကို စဉ်းစားခြင်းဖြင့် အချိန်ဖြုန်းမနေခဲ့ပေ။ လေယာဉ်ပေါ်သို့ ချက်ချင်းတက်ပြီး နိုင်ငံရပ်ခြားရှိ စင်္ကာပူအထွေထွေဆေးရုံကြီးဆီသို့ အရောက်သွားခဲ့ပြီး သူ၏ ရောဂါကို ကုသခဲ့သည်။

ယခု အငြိမ်းစားယူသွားပြီဖြစ်သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စင်္ကာပူနိုင်ငံသို့ သွားရောက် ဆေးကုသခဲ့သည့် ၂၀၀၇ ခုနှစ်က စစ်အစိုးရ၏ လူထုကျန်းမာရေးစောင့်ရှောက်မှုအတွက် သုံးစွဲငွေသည် လူတဦးလျှင် အမေရိကန် ၁ ဒေါ်လာထက် နည်းကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ ရရှိသည့် အချက်အလက်များအရ သိရသည်။ ၆ နှစ်ကြာအပြီး အရပ်သားအမည်ခံ အစိုးရလက်ထက်သို့ ရောက်ချိန်တွင် ယခင်က ဆယ်စုနှစ်များစွာ ဘဏ္ဍာငွေချထားမှု နည်းပါးခဲ့ခြင်းကြောင့် ပျက်စီးယိုယွင်းနေသော ကျန်းမာရေးစနစ်ကို အလုံးစုံ ပြင်ဆင်ပြောင်းလဲရန် ကျွမ်းကျင်သူများက တောင်းဆိုလာကြသည်။

ကျန်းမာရေးဝန်ကြီးဌာနက နောက်လာမည့် နှစ် ၃၀ တွင် အားလုံးကို လွှမ်းခြုံနိုင်သည့် ကျန်းမာရေးစောင့်ရှောက်မှု ပေး နိုင်ရန် ရည်မှန်းချက်ထားသည်ဟု ပြောသော်လည်း အဆိုပါရည်မှန်းချက် အတွက် ဘဏ္ဍာငွေ လိုအပ်ချက် မည်မျှရှိနိုင်မည်ကို စဉ်းစားဆဲ ဖြစ်သည်။ ထိုအချိန်မရောက်မီ စပ်ကြား အစိုးရပိုင် ပြည်သူ့ဆေးရုံများတွင် တက်ရောက်ကုသမည့် လူနာများအနေဖြင့် ထုံးစံအတိုင်း ကုန်ကျမည့်ငွေကို မဖြစ်မနေရှာဖွေကြရဦးမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် အကြီးဆုံးနှင့် လူသိအများဆုံး ဖြစ်သော ရန်ကုန် ပြည်သူ့ဆေးရုံကြီးသည် ဤနေရာတွင် အထူး ကျော်ကြားသည်။ လူနာများအနေဖြင့် တက်ရောက်ကုသစဉ် အသုံးပြုသည့် ဆေးဝါးနှင့် ပစ္စည်းကရိယာများ အတွက်ပါ ကျသင့်ငွေကို ပေးချေရသည်။ လူတဦးလျှင် ပျမ်းမျှဝင်ငွေ အမေရိကန်ဒေါ်လာ ၂.၅ ခန့်သာရှိသည့် နိုင်ငံတွင် အများစုမှ မဖြစ်မနေရအောင် ရှာဖွေပေးရပြီး အချို့ ကတော့ အခြားနည်းလမ်းများကို ရှာကြရတော့သည်။

“ပြည်သူ့ဆေးရုံတွေကို အစိုးရက ထောက်ပံ့မှု လုံး၀ မလုံလောက်တာကြောင့် လူနာတွေဟာ ဆေးထိုးအပ်၊ ဆေးဝါး၊ ပတ်တီး၊ အစားအသောက်က အစ လိုအပ်သမျှ အားလုံးကို ကိုယ်တိုင် ဝယ်ယူနေရတာ”ကို တွေ့ခဲ့ရကြောင်း ယမန်နှစ်က မြန်မာနိုင်ငံမှ ဆေးရုံများကို လာရောက်လေ့လာခဲ့သည့် ထိုင်းနိုင်ငံတွင်းရှိ မြန်မာ ရွှေ့ပြောင်းဒုက္ခသည်စခန်းများတွင် ဆယ်နှစ်ကျော် လုပ်ကိုင်ခဲ့သူ ပြည်သူ့ကျန်းမာရေးသုတေသီ ဒေါက်တာဗစ် ဆူဝန်ဗန်နီချီကစ်က ဆိုသည်။

မြန်မာနိုင်ငံ၏ လက်ရှိ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကို သူက “ကမ္ဘာပေါ်တွင် ပုဂ္ဂလိက အဆန်ဆုံး ကျန်းမာရေးစနစ်” ဟု လည်း သူက ပြော၏။ ဆင်းရဲမွဲတေမှုပြဿနာလည်း ကြီးမားပြီး အထူးသဖြင့် ကျေးလက်ဒေသများတွင် ပို၍ ဆင်းရဲကြ သည့်အတွက် မြန်မာနိုင်ငံ၏ လူဦးရေ အများစုသည် ကျန်းမာရေးစောင့်ရှောက်မှု မခံယူနိုင်လောက်အောင် ဆင်းရဲသည်ကို သူသတိပြုမိကြောင်းလည်း ထပ်ပြောသည်။

မြန်မာနိုင်ငံ၏ ကျန်းမာရေးအသုံးစရိတ်တွင် ပြည်သူများ၏ ကိုယ်ပိုင်ငွေမှ ကျခံရခြင်းက အဓိကဖြစ်နေသည်ဟု ကျန်းမာရေး ဝန်ကြီးဌာန၏ ၂၀၀၈-၀၉ ခုနှစ် အမျိုးသားအဆင့် စာရင်းများအရ သိရသည်။ အဆိုပါ စာရင်း အချက်အလက် များအရဆိုလျှင် ပြည်သူများအတွက် ကျန်းမာရေးကုန်ကျစရိတ်၏ ၁၀ ရာခိုင်နှုန်းကိုသာ ကျန်းမာရေးဝန်ကြီးဌာနက ကျခံပေးခဲ့ ပြီး ပြည်သူလူထု၏ ကိုယ်ပိုင်ငွေက ၈၂ မှ ၈၅ ရာခိုင်နှုန်း ကျခံနေရသည်။ ကျန်ရာခိုင်နှုန်း အနည်းငယ်ကို အခြားဝန်ကြီးဌာန များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက ထောက်ပံ့ပေးခဲ့ရသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ရန်ကုန်တွင် ငွေကြေးအကန့်အသတ်ရှိသည့် လူနာများအတွက် ရှိနေသည့် ရွေးချယ် စရာ အနည်းငယ်ထဲတွင် ယခုနှစ် အစောပိုင်းက ဦးဟာရွန်ဘီ သူ၏ အူကျရောဂါကို တက်ရောက်ခွဲစိတ်ခဲ့သော မွတ်စလင် အခမဲ့ ဆေးရုံလည်း တခုအပါအဝင်ဖြစ်သည်။ မွတ်စလင် အခမဲ့ ဆေးရုံ၏ ခွဲစိတ်ကုဌာန အကြီးအကဲ ဒေါက်တာတင်မျိုးဝင်း သည် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန်ဖြစ်သည်။

အသက် ၄၁နှစ် အရွယ်ရှိပြီဖြစ်သော ဦးဟာရွန်ဘီသည် တနေ့လျှင် မြန်မာကျပ်ငွေ ၅၀၀၀ (အမေရိကန်ဒေါ်လာ ၅.၃) ခန့်သာ ဝင်ငွေရှိသော အလုပ်ကြမ်းသမား တယောက်ဖြစ်ပါသည်။ နှစ်ပေါင်း ၄၀ မျှရှိသော သူ့ဘ၀ သက်တမ်းတလျှောက်တွင် ဆေးရုံသို့ တခါမှမသွားဖူးပါ။ နေမ ကောင်းဖြစ်သည့် အခါတိုင်း ရပ်ကွက်ထဲက ဆိုင်လေးတွေမှာ ဆေးဝယ်သောက်ပြီး ကိုယ့်ဖာသာ ကုသခဲ့၏။

“ကျနော်က ပိုက်ဆံ အများကြီးမတတ်နိုင်ဘူးလေ” ဟု သူက ဧရာဝတီ သို့ပြောပြသည်။

မွတ်စလင် အခမဲ့ ဆေးရုံတွင် ရန်ကုန်မြို့မှ ဆင်းရဲနွမ်းပါးသူများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးရာတွင် ဆွဲဆောင်မှု တခု ရှိသည်။

ဦးဟာရွန်ဘီ၏ အူကျရောဂါ ခွဲစိတ်မှုကို ပြည်သူ့ဆေးရုံတွင် ပြုလုပ်မည်ဆိုပါက အမေရိကန် ဒေါ်လာ ၁၀၀ မျှကုန်ကျ နိုင် သည်ဟု ဒေါက်တာ တင်မျိုးဝင်း၏ အဆိုအရသိရသည်။ “ဒီမှာတော့ အခမဲ့ လှူတာပါ၊ တကယ်ကို လှူတာပါ” ဟုသူက ပြောသည်။ ငွေကြေးထောက်ပံ့သူ အလှူရှင်များ ကိုးကွယ်သည့် ဘာသာကြောင့် မွတ်စလင် ဆေးရုံဟု ခေါ်ခြင်းဖြစ်သော် လည်း လူမျိုး ဘာသာ အဆင့်အတန်း ခွဲခြားကန့်သတ်မှု မရှိဘဲ ကုသပေးနေသည်။

ဆေးရုံ၏ ခွဲစိတ်ကုဆောင်နှင့် ပြင်ပလူနာဆောင်မှ လူနာ အများအပြားက ငွေကြေးမတတ်နိုင်သည့်အတွက် ပြည်သူ့ ဆေးရုံများသို့ မသွားကြခြင်းဖြစ်ကြောင်းနှင့် ဂရုစိုက်မှု ကုသမှု ညံ့ဖျင်းသည့် အကြောင်းများလည်း ကြားဖူးကြောင်း ပြောကြသည်။

“တချို့ ဆရာဝန်နဲ့ သူနာပြုဆရာမတွေက ဖော်ဖော်ရွေရွေ မရှိကြဘူး” ဟု သူ၏ ဒုတိယမြောက် ကိုယ်ဝန်ကို လာရောက် ပြသသော ရန်ကုန်မြို့မှ အသက် ၁၉နှစ်အရွယ်ရှိ မစုလှဖြူကပြောသည်။

မေလ အတွင်းတွင် ခွဲစိတ်ကုသမှု လာရောက်ခံယူခဲ့ပြီး ဆေးရုံကဆင်းဖို့ ပြင်ဆင်နေသည့် အသက် ၅၃ နှစ်အရွယ် ဦးနေဝင်း ကလည်း “တခြားဆေးရုံတွေ တခါမှမရောက်ဖူးဘူး၊ ကျနော် ဒီဆေးရုံကိုပဲ ယုံတယ်” ဟု ပြောသည်။

အစပိုင်းတွင် ဆေးရုံအတွက် ဘဏ္ဍာငွေကို ရန်ကုန်မြို့ရှိ မွတ်စလင်များ၏ ဘာသာရေးအရ လှူဒါန်းငွေမှ ရရှိခဲ့သော်လည်း နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဆက်အသွယ်ရှိသော ဒေါက်တာတင်မျိုးဝင်း၏ ကျေးဇူးကြောင့် နိုင်ငံရပ်ခြားမှ အလှူငွေများလည်း စတင်ရရှိလာခဲ့သည်။

သို့သော်လည်း ဆေးရုံမှာ အကန့်အသတ်ရှိနေသည်။ ခွဲစိတ်ကုသဆောင်တွင် ကုတင် ၂၅လုံး သာဆန့်သည်။

“တခါ တလေကျရင် လူနာတွေကို ကုတင်တွေကြားမှာပဲ နေရာချပေးရတာတွေ ရှိတယ်။ ဒါကြောင့် လိုအပ်ရင် ကျနော်တို့ က လူနာ အယောက် ၃၅ ကနေ ၄၀ လက်အထိ လက်ခံပေးနိုင်တယ်” ဟု ဒေါက်တာ တင်မျိုးဝင်း က ပြောသည်။ ခွဲစိတ်ဆောင်တွင် လူနာများလွန်းသည့်အတွက် တနေ့လျှင် ခွဲစိတ်မှု ၁၀ ကြိမ်မှ ၁၅ ကြိမ်အထိ ပြုလုပ်ပေးနေရသည် ဟုလည်း သိရသည်။

“သဘောတရား အရဆိုရင် ခွဲစိတ်ဆရာဝန်တယောက်ဟာ တနေ့ကို အကြီးစား ခွဲစိတ်မှု ၅ ကြိမ်လောက်ပဲ လုပ်သင့်တယ်၊ တခါတလေ ဆိုရင် ညနေပိုင်းမှာ တော်တော်နောက်ကျတဲ့အထိ ဆေးရုံမှာနေရတယ်၊ ဆေးရုံက သေးတော့ နှလုံး၊ ဦးဏှောက်နဲ့ ကျောက်ကပ် လိုမျိုး ခွဲစိတ်မှုတွေ ဆိုရင် ဒီမှာလုပ်ပေးလို့ မရဘူး” ဟု သူက ဆိုသည်။ ထို့ကြောင့် တပတ် လျှင် လူနာ နှစ်ယောက်ခန့် ကို သူတို့ မတတ်နိုင်ပါဟု ငြင်းဆန်ကာ အခြားဆေးရုံကြီးများသို့ လွှဲပြောင်းပေးနေရသည်။

နာရေးကူညီမှုအသင်းမှ ဖွင့်လှစ်ထားသော “သုခ”ကုသိုလ်ဖြစ် ဆေးရုံတွင်လည်း အရိုးခွဲစိတ်ဆရာဝန်များ၊ ကင်ဆာ အထူး ကုများ၊ အရေပြား အထူးကုများ၊ ဓာတ်မှန်ကျွမ်းကျင်သူ ဆရာဝန်များ၊ သမားတော်များနှင့် မျက်စိ အထူးကုများ အပါအဝင် စေတနာ့ဝန်ထမ်း ဆရာဝန်များ အထူးကုများက လူနာများကို အခမဲ့ကုသပေးနေသည်။

ကျေးလက်ဒေသများတွင် သားဖွားဆရာမများက ကျန်းမာရေးစောက်ရှောက်မှုကို တာဝန်ယူပေးနေရပြီး သားဖွားဆရာမ တဦးလျှင် လူနာ ၃၀၀၀ ခန့်အထိတာဝန်ယူနေရသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ အဆိုအရသိရသည်။

“သူတို့တွေက ကနဦး ကျန်းမာရေးစောင့်ရှောက်မှု၊ မီးမဖွားခင်နဲ့ မီးဖွားပြီးစောင့်ရှောက်မှု၊ သာမန်ရောဂါကုသမှု၊ ကလေး မွေးပေးတာ၊ ကျန်းမာရေး အချက်အလက်တွေ ကောက်ယူတာ အားလုံးလုပ်ပေးနေရတယ်။ ကျေးလက်ကျန်းမာရေး တာဝန်ရှိသူတွေပြောတတ်တဲ့ ဟာသတခုရှိတယ်။ သားဖွားဆရာမတွေဟာ သူတို့ကိုယ်တိုင် ကလေးမွေးဖို့ကလွဲရင် အကုန် လုပ်တတ်တယ်တဲ့” ဟု ဒေါက်တာဗစ် ဆူဝန်ဗန်နီချီကစ်က ပြောသည်။

“သူတို့တွေက အရမ်းကို အလုပ်များကြတယ်။ သူတို့ယူထားရတဲ့ တာဝန်၊ လုပ်နေရတဲ့ အလုပ်တွေနဲ့ စာရင် လစာက အရမ်းနည်းနေတော့ ပျော်ရွှင်ကျေနပ်မှုလည်း မရှိကြပါဘူး” ဟု သူက ထပ်ပြောသည်။

သားဖွားဆရာမ များအပေါ်တွင် အလွန်အမင်း မှီခိုအားထားနေရခြင်းမှာ ဆရာဝန်များ အလွန်ရှားပါးနေခြင်းကြောင့် ဖြစ်သည်။ ဆရာဝန် ထားရှိပေးနိုင်မှု အချိုးအစားကလည်း မညီမမျှဖြစ်နေသည်။ မွန်ပြည်နယ်တွင် လူဦးရေ ၁၀၀၀၀၀ တွင် ဆရာဝန်ခြောက်ဦး ရှိပြီး ချင်းပြည်နယ် တွင်မှာတော့ လူ ၁၀၀၀၀၀ အတွက် ဆရာဝန် ၆၀ ဦးရှိကြောင်း ၂၀၀၉ ခုနှစ် တွင် နောက်ဆုံးထုတ်ပြန်ခဲ့သော ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းအချက်အလက်များ အရသိရသည်။

ကျေးလက်ဒေသများတွင် ကျန်းမာရေးဆိုင်ရာ အခြေခံ အားနည်းခြင်းကြောင့်လည်း ဆိုးရွားသည့် ရလဒ်များ ထွက်ပေါ်နေရသည်။ မြန်မာနိုင်ငံတွင် ငှက်ဖျားရောဂါကြောင့် လူသေဆုံးမှု အများဆုံးဖြစ်သည်။ တီဘီရောဂါ ပျံ့နှံ့မှုသည် လူ ၁၀၀၀၀၀ တွင် ၅၀၀ ကျော်ရှိပြီး ဒေသတွင်း ပျမ်းမျှ ပျံ့နှံ့မှုမှာ ၂၇၀ ရှိကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ၂၀၁၀ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။ HIV ပျံ့နှံ့မှုမှာလည်း လူ ၁၀၀၀၀၀ တွင် ၄၅၅ ရှိပြီး ဒေသတွင်း ပျမ်းမျှပျံ့နှံ့မှု မှာ ၁၈၉ ဖြစ်သည်ဟု သိရသည်။

စင်္ကာပူ ရှိ Mount Elizabeth ဆေးရုံကြီးသို့ သွားရောက်၍ ကျန်းမာရေးစစ်ဆေးခဲ့သော သမ္မတဦးသိန်းစိန် အပါအဝင် မြန်မာနိုင်ငံမှ ငွေကြေးတတ်နိုင်သည့် လူတန်းစားတရပ်အတွက်ကတော့ အခြေအနေက လုံးဝကွဲပြားခြားနားပါသည်။

အရှေ့တောင်အာရှ၏ အကောင်းဆုံးဆေးရုံတွေထဲက တခုဟု အသိအမှတ်ပြုချီးကျူးခံနေရသည့် ဘန်ကောက်မြို့ရှိ Bumrungrad International ဆေးရုံသို့ မြန်မာနိုင်ငံမှ ကြေးရတတ်များ လာရောက်မှုက တိုးပွားလာနေသည်။ အစိုးရ အရာရှိများနှင့် အများသိ ထင်ရှားကျော်ကြားသူများ အပါအဝင် လစဉ် မြန်မာနိုင်ငံမှ လူနာ ၁၀၀၀ ကျော် လာရောက်ကုသမှု ခံယူသည်ဟု အဆိုပါဆေးရုံ၏ ရန်ကုန်ကိုယ်စားလှယ်ရုံးမှ အကြီးတန်းမန်နေဂျာ ဒေါ်ဟယ်လင် လှကေခိုင်အေး ကပြောသည်။ ၎င်းမှာ လွန်ခဲ့သော ၁၀ နှစ် ခန့်ကတည်းက Bumrungrad ဆေးရုံတွင် စတင်အလုပ်ဝင်ခဲ့ပြီး ထိုအချိန်က တလလျှင် လူနာ ၅၀-၆၀ ခန့်သာ ရှိရာမှ တိုးတက်လာခြင်း ဖြစ်သည်ဟုလည်း သိရသည်။

“မြန်မာနိုင်ငံက ဆေးရုံတွေနဲ့ ကျန်းမာရေးဌာနတွေမှာ ရောဂါစစ်ဆေးတဲ့ အခါမျိုးမှာ မှန်ကန်တဲ့ အဖြေမရနိုင်တာကြောင့် ဖြစ်နိုင်ပါတယ်။ လူအများစုက မှန်ကန်တဲ့ ရောဂါစစ်ဆေးချက် ရနိုင်ဖို့ အတွက် နိုင်ငံခြားကို သွားကြတယ်” ဟု သူက ဆို သည်။

Bumrungrad International ဆေးရုံတွင် မြန်မာစကားပြန် ၁၄ ယောက် ခန့်ထားပြီး ရန်ကုန်ကိုယ်စားလှယ်ရုံးရှိ ဝန်ထမ်း များက လူနာများကို ထိုင်းနိုင်ငံ ဝင်ခွင့် ဗီဇာရရှိရေး နှင့် လေယာဉ်လက်မှတ် ဝယ်ယူရေးလုပ်ငန်းများကို ကူညီဆောင်ရွက် ပေးနေသည်။

“လူနာ နှစ်မျိုးနှစ်စားရှိတယ်၊ ပထမ အမျိုးအစားက အရမ်း ချမ်းသာတဲ့သူတွေ၊ ပုံမှန်ကျန်းမာရေး စစ်ဆေးဖို့နဲ့ သာမန် ရောဂါလေးတွေ ကုသဖို့ သွားကြတယ်။ ဒုတိယ အမျိုးအစားကတော့ ငွေကြေးသိပ်မတတ်နိုင်ကြဘူး၊ ဒါပေမယ့် မှန်ကန်တဲ့ စောင့်ရှောက် ကုသမှု လိုချင်ကြတယ်။ ဒါကြောင့် အိမ်တွေ၊ ပိုင်ဆိုင်မှုတွေ ရောင်းချပြီး သွားကုကြတယ်” ဟု ဒေါ်ဟယ်လင် လှကေခိုင်အေးက ရှင်းပြသည်။

အခက်အခဲ ကြီးမားစွာ ရှိလာနိုင်သည်ကို ဝန်ခံသော်လည်း ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများက ရာစုနှစ်ဝက်ကြာ စစ်အုပ်ချုပ်ရေး အဆုံးသတ်ပြီး အသွင်ကူးပြောင်းရေး စတင်တည်းက တိုင်းပြည်၏ ကျန်းမာရေးစောင့်ရှောက်မှုစံနစ်ကို အလုံးစုံ ပြင်ဆင်ပြောင်းလဲမှုများ ပြုလုပ်ရန် ဆော်ဩခဲ့ကြသည်။

ကျန်းမာရေးနှင့် ပညာရေး ပြုပြင်ပြောင်းလဲရေးကို အဓိကအဖြစ်သတ်မှတ်ထားသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ကလည်း ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး လွှတ်တော်တွင် နေရာရရှိခဲ့နောက် ယမန်နှစ်ကစ၍ ရန်ကုန်ဆေးရုံကြီး ကို အဆင့်မြှင့်တင်နိုင်ရေး စီမံကိန်းကို ဦးစီးလုပ်ဆောင်နေသည်။

စီမံကိန်း၏ ဘဏ္ဍာငွေရှာဖွေရေး ကော်မတီမှ အဖွဲ့ဝင်တယောက် ဖြစ်သော ဒေါက်တာတင်မျိုးဝင်းက ရာစုနှစ် နှင့်ချီ၍ သက်တမ်းရှိခဲ့ပြီဖြစ်သော ကုတင် ၁၅၀၀ ဆန့် ဆေးရုံကြီးကို အဆင့်မြှင့်ရန်အတွက် လွှတ်တော်မှ အသုံးစားရိတ် အဖြစ် မြန်မာကျပ်ငွေ ၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅.၃ သန်းခန့်) ချထားပေးပြီး ဖြစ်ကြောင်းပြောသည်။ စီမံကိန်း ထဲတွင် ဆေးရုံကြီး အဆင့်မြှင့် ပြင်ဆင်မှုများ ပြုလုပ်နေစဉ်အတွင်း လူနာများထားရှိနိုင်ရန် အတွက် တည်ဆောက်မည့် ကုတင် ၁၀၀၀ ဆန့် အဆောက်အဦးလည်းပါဝင်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အမျိုးသားကျန်းမာရေး မူဝါဒကို အကောင်အထည် ဖော်နိုင်စေရန် အတွက် ဒေါက်တာတင်မျိုးဝင်းက အမျိုးသားကျန်းမာရေး ကွန်ရက်ကို ယခုနှစ်အတွင်းတွင် ဖွဲ့စည်း တည်ထောင်ခဲ့သည်။ ပြည်တွင်း ပြည်ပမှ ကျန်းမာရေး ကျွမ်းကျင်သူများ နှင့် တွေ့ဆုံညှိနှိုင်းပြီးနောက် ကျန်းမာရေးကွန်ရက်သည် ခွဲစိတ်ကုဆရာဝန်များ၊ အထူးကုဆရာဝန်များနှင့် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များဖြင့် ရွေ့လျားဆေးခန်းတခုဖွဲ့စည်းပြီး ဝေးလံသော ဒေသများသို့ ခရီးထွက်နိုင်ရန် စီစဉ်နေသည်။

ယခုနှစ်အတွင်းက စတင်၍ အစိုးရ ဆေးရုံအချို့သည်လည်း အကန့်အသတ်ဖြင့် ငွေကြေးထောက်ပံ့ပေးသည့် စနစ်ကို ကျင့်သုံးနေသည်။ သို့သော်လည်း လူသိရှင်ကြား ထုတ်ပြန်ကြေညာခြင်းတော့ မရှိပေ။

ရန်ကုန်ရှိ မြောက်ဥက္ကလာ အထွေထွေဆေးရုံတွင် ယခုနှစ် ဇန်နဝါရီလမှ စတင်၍ ငွေကြေးမတတ်နိုင်သည့် လူနာများကို ပေးနေကြောင်း မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံမှ လက်ထောက်ဆရာဝန် မစန္ဒီက ပြောသည်။ သူက မြောက်ဥက္ကလာ ဆေးရုံတွင် ယခင်နှစ် အထိ အလုပ်သင်ဆရာဝန် အဖြစ်ဆောင်ရွက်ခဲ့သူဖြစ်သည်။

“လူနာတွေက ဒီအကြောင်း မသိကြဘူး။ အင်းစိန်ပြည်သူ့ဆေးရုံမှာ အခမဲ့ကုသပေးတဲ့ အစီအစဉ်တွေစနေပြီ။ ဒါပေမယ့် အင်းစိန်က လူနာတွေက ကျမတို့ဆီ ကိုလာနေကြတုန်းပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှ မသိတာ” ဟု ရန်ကုန် ဆေးတက္ကသိုလ် ၂ တွင် ပညာသင်ကြားခဲ့သော အသက် ၂၃ နှစ် အရွယ် မစန္ဒီ ကပြောသည်။

ကျန်းမာရေး ဝန်ကြီးဌာန၏ နောက် နှစ် ၂၀ အတွင်း အားလုံးကို လွှမ်းခြုံနိုင်သော ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေး ရည်မှန်းချက် သည် ဒေါက်တာတင်မျိုးဝင်းက ဘဏ္ဍာငွေ နည်းပါးမှုကြောင့် ကြီးမားသော အခက်အခဲများနှင့် ရင်ဆိုင်ရဖွယ် ရှိနေသည်။

“ကျန်းမာရေး ဝန်ကြီးဌာနရဲ့ အနေအထားကို ကျနော်တို့ နားလည်ပေးလို့ရပါတယ်။ သူတို့လက်ထဲမှာ ရှိတဲ့ ငွေပမာဏ လောက်နဲ့ ပြည်သူတွေအတွက် တတ်နိုင်သမျှ ကောင်းအောင်တော့ လုပ်ပေးပါတယ်။ ဒါပေမယ့် ဒီလို အကန့်အသတ် ရှိနေတဲ့ ဘတ်ဂျက် ကြောင့် အားလုံး အဆင်ပြေနိုင်ဖို့ ဘယ်တတ်နိုင်မှာလဲ” ဟု ဒေါက်တာတင်မျိုးဝင်း က ဆိုသည်။

နောက်ဆုံးထုတ်ပြန်ထားသော အချက်အလက်များအရ ကျန်းမာရေးအသုံးစရိတ်မှာ စုစုပေါင်း တနိုင်ငံလုံး အသုံးစရိတ်၏ ၃ ရာခိုင်နှုန်းသာ ရှိသည်။

ကျွမ်းကျင်သူများက ကျယ်ကျယ်ပြန့်ပြန့် စူးစိုက်မှု ထားရန် အရေးကြီးသည်ဟု ဆိုသည်။ ယုံကြည်လက်ခံနိုင်လောက်သော သတင်းအချက်အလက်ကို အလေးပေးတည်ဆောက်ပြီး ရင်းနှီးမြှုပ်နှံမှုက ကျေးလက်ဒေသများအထိ ရောက်ရှိနိုင်ရေးကို သေချာအောင် ပြုလုပ်ရမည် ဟုပြောကြသည်။

“လှုပ်ရှားနေတဲ့ စနစ်ရဲ့ အစိတ်အပိုင်း တော်တော်များများက ပျက်စီးနေပါပြီ။ ပြည်သူ့ ကျန်းမာရေး အတွက်ဆိုရင် နေရာတိုင်းမှာ ပြန့်ကျဲ ရှုပ်ပွ ရောထွေးနေတာတွေကို အရင်ဆုံး ပြန်ပြီး နေရာချဖို့ လိုမယ်လို့ ကျနော် ထင်ပါတယ်” ဟု ယမန်နှစ်က မြန်မာနိုင်ငံမှ ဆေးရုံများကို လာရောက်လေ့လာ ခဲ့သော ကျန်းမာရေး သုတေသီ ဒေါက်တာဗစ် ဆူဝန်ဗန်နီချီကစ်က အကြံပြုသည်။

(Samantha Michaels ၏ Myanmar patients pay the price ကို နိုင်မင်းသွင် ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading