[irrawaddy_gallery]
၁၉၉၄ ခုနှစ်နောက်ပိုင်း ၁၉ နှစ်အကြာမှာ အဆိုးရွားဆုံး စံချိန်တင် ရေလွှမ်းမှု ခံလိုက်ရတဲ့ မြဝတီမြို့ဟာ ရေပြန်ကျသွားပေမယ့် မြို့ခံတွေကို စိတ်ပျက်စရာ ဒဏ်ရာဒဏ်ချက်တွေနဲ့ တုန်လှုပ်မှုတွေ ထားပစ်ခဲ့ပါတယ်။
ရေကျသွားတာ ၃ ပတ်လောက်ရှိသွားပြီ ဖြစ်ပေမယ့် မြို့တွင်း အာရှလမ်းမကြီး တခုသာ သပ်သပ်ယပ်ယပ် တွေ့မြင်ရပြီး ကျန်တဲ့ ရပ်ကွက်တွေ၊ ရပ်ကွက်ထဲက အိမ်တွေ၊ လမ်းကြားတွေ၊ ခြံစည်းရိုးတွေကတော့ ပျက်စီးမှုတွေနဲ့ စိုစွတ်စွတ် ညစ်ထေးမှုတွေကြားမှာပဲ ရှိနေပါသေးတယ်။
အဆုံးအထိ ပြောရရင် ထိုင်း-မြန်မာ နှစ်နိုင်ငံ ကူးသန်းနေတဲ့ ချစ်ကြည်ရေး တံတားအောက်က ရွှံ့ပုံကြီးကိုတောင် မဖယ်ရှားနိုင်သေးလို့ ကင်းစောင့်နေကျ တံတားစောင့် ရဲတွေတောင် မလာနိုင်ကြသေးတဲ့အဖြစ်ပါ။ ရေတိုက်စားလို့ ပျက်စီးယိုယွင်းနေတဲ့ လမ်းကြားတွေလည်း မပြင်ရသေးပါဘူး။
မြဝတီမြို့တွင်း မြို့ပြင်က ကားဝပ်ရှော့တွေ အားလုံးမှာ ရေမြှုပ်ပြီး ကျန်ခဲ့တဲ့ ကားတွေ တန်းစီပြီးထိုးထားတာဆိုရင် သံရည်ကြိုဖို့ စုထားသလားလို့တောင် ထင်ရပါတယ်။ အဲဒီကားတွေကို လက်ညိုးထိုးဈေးကွက်နဲ့ တစီးကို (မပြုပြင်မီ မျက်မြင်အတိုင်း) ထိုင်း ဘတ်ငွေ ၂ သောင်း၊ ၃ သောင်း (မြန်မာကျပ်ငွေ ၁၀ သိန်းဝန်းကျင်) နဲ့ ရောင်းနေပါတယ်။
ဒါ့အပြင် အရင်တုန်းက ပလက်စတစ်အိတ်အစုတ်၊ အပြဲတွေနဲ့ စွန့်ပစ်ပစ္စည်း အပုတ်အသိုးတွေကိုသာ မြင်တွေ့နေရတဲ့ မြို့စွန်က အမှိုက်ပုံတွေမှာတော့ ရွှံ့ဗွက်တွေနဲ့ ညစ်ထေးပေကျံနေတဲ့ တီဗီ၊ ရေဒီယို၊ အောက်စက်တွေ အပါအဝင် အိမ်သုံးပစ္စည်းတွေနဲ့ အဝတ်အထည်တွေကို တွေ့မြင်ရပါတယ်။
မြဝတီမြို့ဟာ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းတွေထဲက အကြီးဆုံး တခုဖြစ်ပြီး ရေကြီးတဲ့ရက်တုန်းက ကုန်သွယ်ရေးဇုန်ကို တပတ် ပိတ်ထားခဲ့ပေမယ့် အခု ပုံမှန်အတိုင်း ပြန်လည်ပတ်နေပြီ ဖြစ်ပါတယ်။ ကုန်တင်ကားနဲ့ ခရီးသည်တင် အဝေးပြေးကားတွေလည်း ပြန်လည်ပြေးဆွဲနေကြပါပြီ။
ဒါ့အပြင် ချစ်ကြည်ရေး တံတားထိပ်မှာရှိတဲ့ ကမ္ဘောဇဘဏ်၊ ရိုးမဘဏ် အပါအဝင် ဘဏ်တွေအားလုံးလည်း တပတ်ပိတ်ခဲ့ပြီးနောက် အခု ပြန်ဖွင့်နေကြပြီ ဖြစ်သလို မြို့ထဲက ငွေလဲကောင်တာတွေ၊ ဈေးတွေ၊ စားသောက်ဆိုင်တွေ၊ ဈေးဆိုင်တွေနဲ့ အငှားယာဉ်တွေဖြစ်တဲ့ ကား၊ မော်တော်ဆိုင်ကယ်နဲ့ သုံးဘီး ဆိုက်ကားတွေလည်း ပုံမှန်လည်ပတ်နေကြ ဖြစ်ပါတယ်။
ထိုင်း-မြန်မာ နယ်စပ်၊ မဲဆောက်နဲ့ မြဝတီမြို့နှစ်မြို့ အကြားမှာ ပြောင်းပြန်စီးတဲ့ မြစ်လို့ခေါ်တဲ့ သောင်းရင်းမြစ် စီးဆင်းပါတယ်။ ဒီမြစ်ရဲ့ မြစ်ရေဟာ ဇူလိုင်လ ၂၈ ရက်နေ့ည သန်းခေါင်ယံ အချိန်ကစပြီး မြဝတီမြို့ပေါ်ကို ရုတ်တရက် ဝင်ရောက်လာတဲ့ အတွက် အိပ်ပျော်နေတဲ့ မြို့သူ၊ မြို့သားတွေ ညချင်းတွင်း အသက်အန္တရာယ်ကင်းအောင် ရေဘေးလွတ်မယ့် နေရာတွေကို တွယ်ကပ် ခိုလှုံခဲ့ရပါတယ်။
“ရေက ညဘက်ကြီး ရုတ်တရက် တက်လာတာ ဘာပစ္စည်းမှ ယူချိန်မရဘူး။ ကလေးတွေကို နှိုးပြီး အပေါ်ထပ် ထပ်ခိုးပေါ် အမြန် မရွှေ့ရတာ၊ တချို့ဆိုလည်း အိမ်ခေါင်မိုးတွေပေါ်တက်ပြီး ကယ်ပါ ဘာညာ အော်နေကြတာ၊ ပင်လယ်ထဲ ရောက်နေသလိုပဲ ဘာမှကို လုပ်လို့မရတာ၊ ပစ္စည်းတွေလည်း အကုန်ဆုံးပဲ” လို့ အမှတ် (၅) ရက်ကွက်မှာ နေထိုင်တဲ့ ကိုမြတ်ကိုက ပြောပါတယ်။
ရေဘေးဒုက္ခ ရောက်နေတုန်းကတော့ ထိုင်းစစ်တပ်က မြဝတီမြို့ထဲ အထိ အသက်ကယ်လှေတွေနဲ့ ဝင်ရောက် ကူညီတာတွေ၊ အစားအစာတွေ ဝေငှတာတွေ ရှိပေမယ့် မြန်မာ အာဏာပိုင်တွေ လာရောက် ကူညီတာကိုတော့ သိပ်မတွေ့ရဘူးလို့ ဆိုကြပါတယ်။ ပုဂ္ဂလိက အကူအညီပေးရေး အဖွဲ့တွေက ထမင်းထုပ်၊ ခေါက်ဆွဲခြောက်ထုပ်နဲ့ တခြားစားတွေကို လာရောက် ဝေငှတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
အဲဒီတုန်းက မြဝတီမြို့ပေါ်မှာ ရှိတဲ့ ရက်ကွက် ၅ ခုထဲက အမှတ် (၄) ရက်ကွက် တခုသာ ကုန်းပေါ်ကျနေတဲ့အတွက် ခံသာပြီး ကျန်တဲ့ ရက်ကွက်တွေအားလုံး တပတ်လောက် ရေလွှမ်းတဲ့ဒဏ် ခံလိုက်ရတဲ့အတွက် တနေရာနဲ့ တနေရာ သွားလာရေးနဲ့ လုပ်ငန်းခွင်တွေကို ရပ်ဆိုင်းခဲ့ရပါတယ်။
အဆိုးဆုံး ခံခဲ့ရသူတွေကတော့ သောင်းရင်းမြစ်နားက ရပ်ကွက်တွေဖြစ်ပြီး ရေတက်လာချိန် ၁၅ ပေလောက် မြင့်တဲ့ အိမ်တွေဆိုရင် အိမ်ခေါင်မိုးတွေပါ မြှုပ်တယ်လို့ သိရပြီး အိမ်တွင်းပစ္စည်းတွေ အပါအဝင် ကား၊ ဆိုင်ကယ်တွေနဲ့ အိမ်မွေး တိရိစ္ဆာန်တွေ ပျက်စီးဆုံးရှုံး ခဲ့ကြတယ်လို့ ဆိုကြပါတယ်။
“ရေကြီးတုန်းက မြှုပ်တဲ့ အိမ်တွေဆိုရင် ရေကျသွားလည်း အိမ်တွင်းပစ္စည်းတွေက ဘာမှ ပြန်သုံးလို့ မရတော့ဘူး၊ အိမ်တွေက ဟောင်းလောင်းတွေပဲ ကျန်ခဲ့တယ်။ အခုကတော့ အိမ်တွင်းပစ္စည်း ပြန်ဝယ်ဖြည့်ဖို့ထက် နေ့တိုင်းထမင်းစားဖို့ပဲ ရှာနေရတာပေါ့၊ အလုပ်က အခုမှ ပြန်လုပ်ရတာဆိုတော့လေ” ဆိုပြီး ဆိုင်ကယ် တက္ကစီသမားတဦးက သူ့အခြေအနေကို ရှင်းပြပါတယ်။
အခုချိန်အထိ မြဝတီမြို့ခံတွေနဲ့ အာဏာပိုင်တွေကြားမှာ အငြင်းပွားနေဆဲ အကြောင်းအရာကတော့ ရေးကြီးတုန်းက သေဆုံးခဲ့တဲ့ လူအရေအတွက်ပါပဲ။ အာဏာပိုင်တွေဘက်က ၃ ဦးပဲ သေဆုံးတယ်လို့ ထုတ်ပြန်ထားပေမယ့် မြို့ခံတွေက သူတို့မျက်စိရှေ့မှာတင် တဖက်နိုင်ငံ မဲဆောက်ဘက်က ကူးလာတဲ့ လှေနှစ်စင်းမှောက်ရာမှာ လူဦးရေ ၄၀ ကျော် သေဆုံးကြောင်း ပြောဆိုကြတာတွေ လည်းရှိပါတယ်။
မြဝတီမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ငွေ က “ဒီကိစ္စက အခုအထိ အငြင်းပွားနေကြတုန်းပဲ။ ကျနော်တို့ဘက်ကတော့ ၃ ယောက် အတည်ပြုပါတယ်။ တကယ်လို့ သူတို့ပြောသလို အယောက် ၄၀-၅၀ သေတယ် ဆိုလို့ရှိရင် အလောင်းတွေ ပေါ်လာမှာပေါ့ဗျာ၊ ခင်ဗျားတို့လည်း လိုက်ပြီး စုံစမ်းနိုင်ပါတယ်” လို့ ပြောပါတယ်။
ရေကြီး ရေလွှမ်းနိုင်မယ့် သတင်းကို ရပ်ကွက် အုပ်ချုပ်ရေးမှူး တွေကနေတဆင့် လူထုကို အကြောင်းကြားတယ်လို့ အာဏာပိုင်တွေက ပြောဆိုပေမယ့် ရေးလွှမ်းဒဏ် ခံလိုက်ရတဲ့သူတွေကတော့ အသိပေး၊ အကြောင်းကြားမှု မရှိကြောင်း၊ ရေကြီးမယ့် အကြောင်းကို ကြိုတင် မသိရှိရတဲ့အတွက် ပြင်ဆင်ချိန်၊ ရွှေ့ပြောင်းချိန်တွေ မရလိုက်ကြောင်း တညီတညွတ်တည်း ပြောဆိုကြပါတယ်။
ဒီလ ၂၂ ရက်နေ့က မြဝတီမြို့ အမှတ် (၅) ရက်ကွက် ကိုးနဝင်းကျောင်းမှာ ပြုလုပ်တဲ့ အသိပညာပေး ဟောပြောပွဲမှာ ရပ်ကွက်အတွင်းမှာ နေထိုင်သူ ၉၀၀ ကျော် တက်ရောက်လာကြပြီး မြို့နယ် ရဲတပ်ဖွဲ့၊ မူးယစ်၊ ဥပဒေ၊ အမျိုးသမီးရေးရာ၊ လူကုန်ကူးတိုက်ဖျက်ရေး အဖွဲ့တွေက ရေးဘေး ကိစ္စအပါအဝင် သက်ဆိုင်ရာ ကဏ္ဍတွေကို ဟောပြောခဲ့ကြပါတယ်။
အဲဒီ ဟောပြောပွဲမှာ အမှတ် (၅) ရပ်ကွက်အုပ် ချုပ်ရေးမှူး ဦးစိန်သောင်း က မြစ်ထဲမှာ စိုးရိမ်ရေမှတ်ရှိနေတဲ့ အတွက် ရေကြီးမှု သတိထားဖို့ ပြောဆိုတဲ့အခါ ပြောနေတုန်းမှာဘဲ ထိုင်နားထောင်နေတဲ့ ရပ်ကွက်သူ ရပ်ကွက်သားတွေက ဝုန်းခနဲ ထပြန်ပြေးဖို့ လုပ်ကြတဲ့အတွက် မိုက်ကရိုဖုန်းနဲ့ အော်ကာ ပြန်ထိုင်ပြီး နားထောင်ဖို့ သတိပေးရပါတယ်။
ဒီပွဲကိုတက်ရောက်ခဲ့တဲ့ အမျိုးသမီးတဦးက “အဲဒီတုန်းက ကျမတို့က စိုးရိမ်ရေမှတ် ရှိတယ်ဆိုတော့ အိမ်ပြန်ပြီး သိမ်းစရာ ရှိတာတွေသိမ်း၊ ကလေးတွေခေါ်ပြီး ဘုန်းကြီးကျောင်းမှာ သွားရှောင်မလို့ပါ၊ အရင်တခါလို့တော့ အဖြစ်မခံနိုင်ဘူးလေ။ တကယ် ဖြစ်လာရင် ကိုယ့်ကို ကယ်မယ့်လူရှိတာ မဟုတ်ဘူး။ အခုချိန်အထိ ကလေးတောင် ကျောင်းကို မလွှတ်သေးဘူး” လို့ ဆိုပါတယ်။
မြဝတီမှာ ရေကျသွားတာ ၃ ပတ် ကျော်သွားပြီ ဖြစ်ပေမယ့် ရေကြီးတုန်းက ခံလိုက်ရတဲ့ လူသေမှု၊ အကူအညီမဲ့မှု၊ ပစ္စည်းတွေ ဆုံးရှုံးမှု၊ အစားအသောက် ပြတ်လပ်မှု စတဲ့ ဒဏ်ကို ခံခဲ့ရတဲ့ မြို့ခံတွေဟာ ဒဏ်ရာဟောင်း မကျက်သေးခင်မှာဘဲ နောက်တကြိမ် ရုတ်တရက် ရေကြီးမှု အန္တရာယ်နဲ့ ကြုံရမှာကို စိုးရိမ်နေကြတာပါ။