ဆောင်းပါး

BRT စနစ်လား၊ လေ့လာနေရတဲ့ အခြေအနေပဲ ရှိသေးတယ်

This article has been converted from Zawgyi One to Unicode

(ယာဉ်ကြောပိတ်ဆို့မှုပိုမိုဆိုးရွားလာသည့် ရန်ကုန်မြို့တွင်းသယ်ယူပို့ဆောင်ရေးစနစ်တွင် Bus Rapid Transit (BRT) ဟုခေါ်သည့် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် တစ်ခု အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ စီစဉ်ဆောင်ရွက်လျှက်ရှိသည်။ ထို့အတူ ပုဂ္ဂလိက ကုမ္မဏီတစ်ခုကလည်း ၎င်းတို့ပြေးဆွဲမည့် လုပ်ငန်းအဆင့်ဆင့်ကို သတင်းမီဒီယာများအား အသေးစိတ် ရှင်းလင်းထုတ်ပြန်ခဲ့ရာ ရန်ကုန်လူထုအတွက် စိတ်ဝင်စားစရာကောင်းသည့် သတင်းတစ်ခုဖြစ်ခဲ့သည်။ ထို့အတူ ယာဉ်စီးခနှင့်ပတ်သက်၍ လည်း ဝေဖန်မှုများရှိခဲ့သည်။

လမ်းကြောင်းသီးသန့်ပြေးဆွဲမည်ဆိုပါက ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းရာမရောက်ဘဲ ပိုမိုဆိုးလာနိုင်ကြောင်း သုံးသပ်မှုများ လည်းရှိခဲ့သည်။ BRT စနစ်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်း ရေးကြီးကြပ်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌလည်းဖြစ်၊ BRT စနစ်ဖော်ဖော်ဆောင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကဖွဲ့စည်းထားသည့် နည်းပညာအထောက် အကူပြုကော်မတီဝင်လည်းဖြစ်သည့် ဦးလှအောင်က ဧရာဝတီသတင်းထောက် မြတ်စုမွန်ကို ဖြေဆိုရှင်းလင်းထားချက်ကို ကောက်နှုတ်ဖော်ပြအပ်ပါသည်။)

ကျနော်တို့က BRT စနစ်နဲ့သွားချင်တယ်ဆိုတဲ့ အခြေခံရှိတယ်။ ကျနော်တို့က နိုင်ငံတော်သမ္မတကြီးအပါအဝင် တာဝန်ယူနေတဲ့ပုဂ္ဂိုလ်တွေရော၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့တွေရော၊ ရန်ကုန်မြို့မှာ ပြည်သူလူထုရဲ့ သွားလာမှုအခက်အခဲကို ဘယ်လိုဖြေရှင်းသင့်သလဲဆိုတာ အမြဲတန်း မေးမြန်းပြီးတော့ ဖြေရှင်းပေးနေတာပေါ့။ ပထမအချက်က ယာဉ်တွေကိစ္စ။ ဟိုတုန်းက ချက်ပလက်တွေဘာ တွေက အန္တရာယ်များပါတယ်ဆိုတော့ ယာဉ်အိုယာဉ်ဟောင်း စနစ်ပြောင်းပေးခဲ့တယ်။ ချက်ပလက်တွေအစား ဟွန်ဒိုင်းတွေ ပြောင်းပါတယ်။ တချို့ဒိုင်နာလိုင်းတွေမှာ City Bus ကြီးတွေ ဝင်လာတယ်။ နောက်တစ်ခုကကျတော့ ယာဉ်အစီးရေပေါ့။ တချို့ကဝေဖန်ကြတယ်။ဒီနေရာမှာ ယာဉ်တွေက နည်းနေပါသေးတယ်။ နည်းလို့ လူကြပ်တာ၊ များသွား ရင်တော့ ချောင်သွားမယ်လို့ပြောတယ်။ သူဘက်ကကြည့်လည်း မှန်တယ်။ အခုကျနော်တို့က ပြည်သူလူထုဘက်ရယ်၊ ယာဉ်ပိုင်ရှင်ဘက်ရယ်ကို ကြည့်မယ်။ ဥပမာ ယာဉ်ပိုင်ရှင်ဘက်ကကြည့်ရင် လူများ နေရင် သူ့ဘက်က ဝင်ငွေကောင်းမယ်။ ပြည်သူလူထုဘက်က ကြည့်ရင်တော့ ဒါ အဆင်မပြေဘူး။

အဲဒါကို ဖြေရှင်းတဲ့အခါ အစိုးရဘက်က CNG တစ်ခုပဲ ရပ်တည်ပေးနိုင်တာ ရှိသေးတယ်။ ဥပမာ- နိုင်ငံတော်သမ္မတကြီးကနေ တစ်နေ့ကို ကုဗပေ ၁ သန်းသုံးနိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးကို ချပေးတယ်။ အဲဒီအတွက် လောလောဆယ် CNG လျှောက်ထားတဲ့ City Bus တွေ အစီးပေါင်း ၂၀၉ စီးထဲက ၁၅၃ စီးက အခုဆွဲနေပြီ။ ကုဗပေ ၁ သန်းမပြည့်မချင်းက အစီးရေ ထပ်ဝင်လာမယ်။ အဲလို ပြောင်းလဲခဲ့တာနဲ့ မဖြစ်သေးတဲ့အတွက် သယ်ယူပို့ဆောင်ရေးစနစ်ကို ပြောင်းလဲဖို့ ထပ် စဉ်းစားကြတယ်။ ကျနော်လည်း BRT ကျွမ်းကျင်တဲ့သူမဟုတ်ပါဘူး။ စဉ်းစားတော့ BRT ဆိုတဲ့အသုံးအနှုန်းက အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အသုံးအနှုန်းမှာက နာမည်ရနေတဲ့ အသုံးအနှုန်းဖြစ်တယ်။ ဒီတော့ လူတွေက BRT လို့ပြောလိုက်တာနဲ့ ကမ္ဘာက BRTကိုသွား မြင်ယောင်ကြတယ်။ လောလောဆယ် ကျနော်တို့အနေအထားနဲ့က လုပ်နိုင်ဖို့ တော်တော်လေးကို ခက်သေးတယ်။ ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရက နည်းပညာအထောက်အကူပြုကော်မတီဆိုတာ ဖွဲ့ပေးထားတယ်။ ဒီအဖွဲ့က ဘာလုပ်မလဲဆိုတာ ပြန်စဉ်းစားတော့ ကျနော်တို့မှာ လမ်းတွေအပေါ်ကို သုံးသပ်မယ်။ ယာဉ်တွေအပေါ်ကို သုံးသပ်မယ်။ ဒါ့အပြင် စနစ်အပေါ်မှာ သုံးသပ်မယ်။ ဒီလို တာဝန်တွေခွဲပြီး အခုချိန်မှာ စတင် လေ့လာနေရတဲ့ အခြေအနေပဲ ရှိသေးတယ်။

မေတ္တာလှိုင်း ယာဉ်လိုင်းကလည်း ဒီမှာဆွေးနွေးနေရင်းနဲ့ သူတို့ပြေးဆွဲခွင့်သာရရင် ဒီကားတွေနဲ့ ဒီလိုစနစ်နဲ့ပြေးမယ်။ လမ်းကြောင်းကို ဒီလိုရှင်းမယ် မှတ်တိုင်တွေ ကိုယ့်ဘာသာကိုယ်စိုက်မယ်။ ဒါတွေကြောင့် သူတို့ရဲ့ယာဉ်စီးခတွေကို ၄၀၀လောက် ပြောနေတာလေ။ ဒါက သူတို့ဖြစ်စေချင်တဲ့ သူတို့ရဲ့ အဆိုပြုချက်ပဲရှိသေးတယ်။ ဒီအပေါ်မှာ တိုင်းဒေသကြီး အစိုးရက ဖြစ်စေ၊ ပြည်ထောင်စုအစိုးရက ဖြစ်စေ သုံးသပ်မှုတွေ၊ ဆုံးဖြတ်မှုတွေက အခုချိန်ထိ မရှိသေးပါဘူး။ မရှိသေးတဲ့အတွက် ဒါဟာ သူတို့ရဲ့ ကုမ္ပဏီရဲ့ အဆိုပြုချက်ပဲရှိတယ်။ ဒီပေါ်မှာ ကျနော်တို့ ဘာမှ မသုံးသပ်သေးဘူး။ ဆုံးဖြတ်ချက်နဲ့ ခွင့်ပြုချက်ဆိုတာ မပေါ်လာသေးဘူး။

တကယ်တော့ နိုင်ငံတကာ သယ်ယူပို့ဆောင်ရေး ကဏ္ဍမှာ အသုံးပြုနေတဲ့ BRT စနစ်သုံးကားတွေဆိုတာက Slide Door ကားတွေရှိတယ်။ နှစ်ပေါက်ပါတယ်။ သုံးပေါက်ပါတယ်။ သိပ်ကြီးတဲ့ကားတွေဆိုရင် အပေါက် ၄၊ ၅ ပေါက်နဲ့ အရှည်ကြီးတွေ။ နောက်တစ်ခါ BRT စနစ်သုံးမယ် ဆိုရင် Bus Station အနေအထားကိုက ပြောင်းသွားတယ်။ အဲဒီလို အခြေ ခံ အဆောက်အအုံတွေ ပြောင်းဖို့ဆိုတာက ကျနော်တို့ တော်တော်လေးကို လုပ်ကိုင်ရဦးမယ်။ ငွေကြေးကလည်း ပြည့်စုံရမယ်။ Information Transportation System ဆိုတာကလည်း အင်မတန် ခေတ်မီတဲ့ အီလက်ထရောနစ်ပစ္စည်းတွေကို သုံးပြီးလုပ်ကြရတာ။ GPS တွေပါတယ်။ CCTV တွေပါတယ်။ လမ်းကြောင်းပေါ်မှာရှိတဲ့ လမ်းတွေကိုလည်း CCTV တွေ၊အခြားကြည့်ရှုနိုင်တဲ့ အချက်အလက်တွေနဲ့ ထိန်းသွားရတာ။ သတင်းအချက်အလက်ကို သွားနေတဲ့ ပြည်သူလူထုဆီ အမြဲတမ်းပို့ပေးနေရတာ။ လမ်းကြပ်တာတွေ၊ ကားတွေရဲ့ ရောက်ရှိမှုနှုန်းတွေ စတဲ့ အင်ဖော်မေးရှင်းတွေကို ပေးနေရတဲ့သဘောရှိတယ်။ ဒါတွေကို တည်ဆောက်နိုင်ဖို့ကလည်း ကျနော်တို့ရဲ့ လက်ရှိ အနေအထားနဲ့က အချိန် တော်တော် ယူရမယ်။ ဒါတွေကို ခြုံငုံသုံးသပ်လိုက်ရင် ကျနော်ပြောချင်တာက သွားလာတဲ့စနစ်ကို တဖြည်းဖြည်း အဆင့်မြှင့်တင်ရင်းနဲ့သာ BRT စနစ်ကို ချဉ်းကပ်သွားရမယ့် အနေအထားရှိတယ်။

BRT က သီးသန့်တစ်လမ်းပေးပြီးဆောင်ရွက်ရတာ။ ဒါကြောင့် လျှင်မြန်မှုတွေရှိတယ်။ သူ့ကို ဦးစားပေးတဲ့အနေနဲ့ မီးပွိုင့်ကို Pass ပေးတာရှိတယ်။ ကျနော်တို့ စဉ်းစားချက်မှာ အရင်က ပြည်လမ်းကိုပြောတယ်ဆိုတာ ပြည်လမ်းရဲ့ အကျယ်ကြောင့်ပြောတာပါ။ ဒါပေမယ့် ခရီးသွားတဲ့သူကိုကြည့်ရင် ပြည်လမ်းနဲ့ အင်းစိန်လမ်းဆိုရင် အင်းစိန်လမ်းက ပိုများတယ်။ မြောက်ဥက္ကလာဘက်က ပိုများနေတယ်။ တကယ်တော့ BRT စနစ်ဆိုတာ ခရီးသည်ကို ကြည့်သလိုပဲ ယာဉ်ကြပ်တည်းမှုကိုလည်း ဖြေရှင်းတဲ့နည်း တစ်နည်းပဲ။ ယေဘုယျပြောရရင် လက်ရှိအနေအထားကို BRT ဝင်ပေါင်းရင် လမ်းကြောင်းလျော့သွားနိုင်တဲ့အတွက် ပိတ်သွားမလားလို့ ယူဆစရာရှိတယ်။ ကျနော့အမြင် အရင်က သတ်မှတ်ထားတာက ဘတ်စ်ကားတွေကို ယာဉ်ကြောရဲ့ ညာဘက်ခြမ်းမှာပဲ မောင်းရမယ်။ ဒါပေမယ့် အခု ညာဘက်ယာဉ်ကြောမှာ ပုဂ္ဂလိကကားတွေ ရပ်ထားတဲ့အတွက် ဘယ်ဘတ်စ်ကားမှ မသွားနိုင်ဘူး။ ဒါပေမယ့် ဥပမာဆိုပါစို့ ပြည်လမ်းမှာ ညာဘက် ယာဉ်ကြောတစ်ခုလုံးကို လက်ရှိ ထုတ်ထားတဲ့စည်းကမ်းအတိုင်း တင်ကြည့်မယ်။ မူလက ၃ လမ်းသွားတာတောင် ဒီလောက်ကြပ်တာ၊ ၂ လမ်းတည်းဆို ပိုမဆိုးဘူးလားလို့ မြင်စရာရှိတယ်။ ဒါလည်း တချက်ပါတယ်။ ဒါပေမယ့် ဒီနေ့ ဘတ်စ်ကားကြီးတွေရဲ့အနေအထားကို ပြန်ကြည့်ရင် ညာဘက်က သွားပါလို့ ဘယ်လောက်ပြောပြော အလယ်လမ်းကြောင်းမှာလည်း ဘတ်စ်ကားရှိတယ်။ အပြင်ကြောမှာလည်း ဘတ်စ်ကားရှိတယ်။ ဒါက ရှိရုံတင်မဟုတ်ဘူး ကန့်လန့်ပိတ်နေတာတွေ ရှိတယ်၊ သူများလမ်းကြောင်းကို အတင်းတိုးဝင်ပြီး ခေါင်းကြီးထိုးဝင်နေတာတွေလည်း ရှိတယ်။ အဲဒီကားမျိုးတွေကိုသာ ဒီဘက်ကို ရှင်းထုတ်လိုက်ရင် ကျန်တဲ့ ၂ လမ်းမှာ နှောင့်ယှက်မယ့်ယာဉ် ကင်းမသွားဘူးလား။ ဖြစ်နိုင်တာကို ပြောကြည့်တာ။ ဘတ်စ်ကားကြီးတွေဟာ ဒီဘက်ထဲကို ဝင်သွားမယ်၊ ဟိုဘက်မှာ ၂ ကြောတော့ ကျန်မယ်။ ဘတ်စ်ကားကြီးတွေကို ဒီဘက်ကို ဆွဲထုတ်လိုက်တဲ့အတွက် ၁။ ယာဉ်ဦးရေလျော့သွားမယ်။ ၂။ အဲဒီယာဉ်ကြီးတွေရဲ့ မဆင်မခြင်မောင်းနှင်မှုတွေကြောင့် ယာဉ်ကြောကြပ်သွားတာတွေ၊ ယာဉ်ကြောပိတ်သွားတာတွေကို ကာကွယ်နိုင်မယ်။

နောက်ပြီး ယာဉ်အမျိုးအစားကိုပြောင်းကြည့်မယ်။ အခု ဒိုင်နာလို ခေါင်းထွက်နေတာတွေ၊ ဒိုင်နာလို တွယ်စီးရတာတွေမဟုတ်ဘဲ ကောင်းကောင်းလေးတွေဖြစ်လာရင် စီးတဲ့လူတွေကလည်း ကိုယ်ပိုင်ကားနဲ့ မြို့ထဲဝင်မယ့်အစား မြို့ပြင်မှာ သူ့ကားကို ထားခဲ့ပြီး ဘတ်စ်ကားနဲ့ သက်တောင့်သက်သာ ရှိရှိလိုက်သွားမယ်ဆိုရင် ကားမလျှော့သွားဘူးလား။ ဆိုရင် ၂ လမ်းတည်း ကျန်တဲ့လမ်းက အခုထက်တောင်ပိုပြီး လျော့မသွားနိုင်ဘူးလား။ အခုထက်တောင် ကောင်းနိုင်ချေရှိသလို ဆိုးတာလည်း ရှိနိုင်လာတယ်။ ဒါတွေဖြစ်ဖို့က မီးပွိုင့်တွေ ပြင်ရမယ်။ လူထုတွေနဲ့ တသားတည်းဖြစ်အောင် အလေ့အကျင့်တွေ လုပ်ရမယ်။ အလေ့အကျင့်ဆိုတာက သုံးရင်းနဲ့ ဖြစ်လာတာလေ။ အဲဒါကြောင့် ကျနော်တို့အပိုင်းကတော့ တဖြည်းဖြည်းနဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ အလေ့အကျင့်တွေ ဖော်ဆောင်သွားရမယ်။ ဥပမာ-ယာဉ်ပိုင်ဆိုင်မှုစနစ်တွေ။ အခုက ပုဂ္ဂလိက တဦးချင်းပိုင်တယ်။ နောက်ပိုင်းမှာ ကုမ္ပဏီပိုင်သွားမလား။ ဒါတွေကိုလည်း အစိုးရက ကျနော်တို့ကို စဉ်းစားခိုင်းတယ်။

BRT ကို နိုင်ငံပေါင်းရာချီပြီး စနစ်ပေါင်းမျိုးစုံနဲ့သွားနေတာ။ တချို့နိုင်ငံမှာဆို အဲဒီလမ်းကို ပိတ်လိုက်တယ်။ အကာအရံတွေ ထားတယ်။ အဲဒီထဲကို ဘယ်သူမှ မဝင်ရဘူး။ သူတို့ဆီမှာက မြေကြီးကလည်း တအားကျယ်တယ်။ တခါတလေကျရင် အလယ်မှာထားတာရှိတယ်။ ဘေးမှာထားတာရှိတယ်။ အလယ်မှာထားရင် မိုးပျံတံတား၊ ခုံးကျော်တံတားတွေနဲ့ အဲဒီကိုလာရ တာတွေရှိတယ်။ ကျနော်တို့နိုင်ငံမှာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဘေးမှာထားတယ်ဆိုတာကမှ စိတ်ကူးယဉ်ကြည့်လို့ရနိုင်သေးတယ်။ ဒါပေမယ့် စိတ်ကူးပဲ ယဉ်ရသေးတယ်။ လက်တွေ့ဖြစ်ဖို့က နည်းနည်းတွက်ရဦးမယ်ဗျ။ ကျနော်ကတော့ ဒီထက် တိုးတက်အောင် ကြိုးစားကြည့်ဖို့ သင့်တယ်လို့ မြင်တယ်။ ဒီတိုင်းသွားနေမယ့်အစား ဒီစနစ်ကို ဘယ်လိုသွားလို့ရနိုင်မလဲ။ လက်ရှိအနေနဲ့ကြည့်ရင် အခက်အခဲရှိနိုင်ပေမယ့် BRT အပြည့်ကြီးမဟုတ်ရင်တောင် နီးစပ်တဲ့ စနစ်ကလေးပေါ့။ နောက်ဆိုရင် ဘတ်စ်ကားက တစ်လမ်းတည်းသွားရတာဆိုတဲ့ အသိက ဝင်သွားမယ်။ နောက်ပိုင်းမှာ BRT တကယ်လည်းပြောင်းရော အဲဒီဟာက ကျနော်တို့အတွက် လေ့ကျင့်စရာမလိုတော့ဘူး။ ဒီလိုလည်း ဖြစ်ကောင်းဖြစ်သွားနိုင်တယ်။ BRT စနစ်ဆီကို တဖြည်းဖြည်းချဉ်းကပ်သွားရမယ်။ ဒါက ဘယ်လောက်မြန်မလဲ၊နှေးမလဲဆိုတာက ဖော်ဆောင်တဲ့ တာဝန်ရှိသူတွေကလည်း စနစ်တကျဖော်ဆောင်နိုင်မယ်၊ ပြည်သူလူထုကလည်းပါမယ်၊ အကြံပြုတဲ့လူတွေကလည်း ခင်ဗျားတို့ဟာက အလကားပဲဆိုပြီး ပြောမယ့်အစား ဒီလိုလေးလုပ်ရင်ကောင်းမယ်ဆိုပြီး အကြံပြုချက်ကလေးတွေ ရမယ်ဆိုရင် အတိုင်းထက်အလွန်ကောင်းတာပေါ့။

ယာဉ်စီးခကတော့ မ.ထ.သ ကဆုံးဖြတ်တာမဟုတ်ဘူး။ ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ ခွင့်ပြုချက် ဖြစ်ပါတယ်။ တိုင်းဒေသကြီးအစိုးရကလည်း ပြည်သူက ရွေးကောက်ထားတဲ့ အစိုးရဖြစ်တဲ့အတွက် ယာဉ်စီးခနဲ့ပတ်သက်လာရင် ပြည်သူ့ဘက်က လိုက်ရမှာပဲ။ အခုလည်း ယာဉ်သစ်တွေ သွင်းလာတော့ ၅၀ ကျပ်၊ ၁၀၀ ကျပ်နဲ့ပဲ ဆွဲခိုင်းတယ်။ အဲဒီအတွက် လည်း CNG တွေကိုလောက်ငှအောင် ပြည်ထောင်စုအစိုးရဆီကို တင်ပြပြီးရအောင် ဆွဲပေးနေတယ်။ ယာဉ်စီးခ ၄၀၀ ကိစ္စကိုပြောရင် ကျနော်လည်း သူတို့ရှင်းတာကို နားထောင်ရသလို သတင်းစာမှာလည်း ၄၀၀ အပေါ်မှာ ဝေဖန် ထားတာရှိတယ်။ ဒါကြောင့် ဒီ ၄၀၀ ကိုလည်း သူတို့ကို ဘယ်သူမှ ခွင့်ပြုသေးတာမဟုတ်ဘူး။ များခြင်း၊နည်းခြင်းကိုလည်း ဒီချိန်မှာ စဉ်းစားစရာမလိုသေးဘူး။ သူ့ အဆိုပြုချက်ပဲရှိသေးတယ်။ ကျနော်မြင်ကြည့်တယ်။ ဘာကြောင့် သူက ၄၀၀ သတ်မှတ်မှာလဲ။ ကားမှတ်တိုင်တွေကို သူတို့ဘာသာ သူတို့လုပ်မယ်ဆိုတဲ့အတွက် ဒီစရိတ် ဒီထဲမှာပါပြီ။ နောက် ယာဉ်ထိန်းတွေကို ထောက်ပံ့ပြီးတော့ ယာဉ်ကြောရှင်းဦးမယ်ဆိုတဲ့ စရိတ်တွေပါပြီ။ ဒီစရိတ်တွေမလိုဘူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ကသော်လည်းကောင်း၊ တာဝန်ရှိတဲ့သူတွေကလည်းကောင်း ဒါတွေကို တာဝန်ယူမယ် ဆောက်မယ်ဆိုရင် ယာဉ်စီးခကို ဒီလောက်တောင်းခွင့် မပေးနိုင်ဘူးဆိုရင်လည်း ဖြစ်နိုင်တယ်။ ဥပမာပေါ့။ ဒါကြောင့် ခုနေကြည့်ရင် ၄၀၀ အများကြီးပဲ ဆိုတာရှိတယ်။ ဒါက တိတိကျ ကျဆွေးနွေးမှဖြစ်မယ်။ ခရီးသွားသူတွေအတွက်က ၄၀၀ ဆို အသွားအပြန်ဆို ၈၀၀ ကုန်နေပြီ။ အများပြည်သူသွားလာမှုဆိုတဲ့အတွက် ကျနော်တို့က အဲဒါကို တွက်ရမယ်။

ကျနော်တို့က အရင်တုန်းက မျှော်မှန်းထားတာက ကျနော်တို့ရဲ့ အားနည်းချက်တွေကို ပြုပြင်ရင်းနဲ့ ဒီထက်ပိုကောင်းတဲ့ပြေးဆွဲမှုကို လုပ်ကြည့်မလား။ အဲလိုလုပ်ကြည့်ရင်းနဲ့ တဖြည်းဖြည်း တိုးတက်မှုရယ်၊ ကျနော်တို့ရဲ့ အကျိုးအပြစ်ရယ်၊ ပြည်သူရဲ့လိုလားမှုရယ် ဒါကိုမူတည်ပြီးမှ ပြောင်းလဲမှုကို တဖြည်းဖြည်းသွားရမယ်။ ချက်ချင်းကြီးဆိုရင် ကျနော်တို့ ဆုံးရှုံးဖို့များတယ်။ အဲလိုလုပ်တဲ့အခါမှာတော့ ဘယ်ယာဉ်ကို သုံးမယ်၊ ဘယ်ယာဉ်လိုင်းကို သုံးမယ်ဆိုတာ ဒီနေ့ထိ ကျနော်တို့ မဆုံးဖြတ်နိုင်သေးဘူး။ မေတ္တာလှိုင်း တစ်ခုတည်းပေးမယ်လည်း မပြောသေးဘူး။ ဒီလိုစနစ်မျိုးကို စမ်းသပ်ပြီးဖော်ဆောင်ကြည့်မယ်ဆိုရင် ပြေးဆွဲလိုတဲ့သူတွေတင်ပြပါဆိုတာလည်း ဖြစ်လာမှာပါ။

ကျနော်တောင် ထောက်ပြတယ်။ ကိုယ်က ရပြီးသကဲ့သို့ သူများတွေက သဘောပေါက်သွားရင် နည်းနည်း အခက်အခဲ ဖြစ်လာလိမ့်မယ်။ အဓိကကတော့ ကျနော်တို့က ဒီလို လုပ်ချင်တာပါလို့ပြောဖို့ပဲ လိုတယ်။ ကျနော်တို့သာ လုပ်ခွင့်ရလျှင် ဒီလိုကြိုးစားကြည့်ချင်တယ်၊ လမ်းတွေကို ဒီလိုလုပ်မယ်။ ဒီလိုဆွဲမယ်လို့ပြောရမှာ။ ၃ မိနစ်တစ်စီး ဒီလောက်လမ်းကြပ်နေတာ သူတို့ ဘယ်လိုဆွဲမလဲ။ အဲဒီတော့ နိုင်ငံတော်က တာဝန်ယူထားတဲ့လမ်းကို ထိန်းသိမ်းပေးရမယ့် ဋ္ဌာနဆိုင်ရာ အဖွဲ့အစည်းရဲ့စောင့်ရှောက်မှု၊ ဆောင်ရွက်ပေးမှု မပါရင် လုပ်လို့မရဘူး။ ဒီလို အခက်ခဲလေးတွေ ရှိတယ်။ ဒါကြောင့် သူတို့သာလုပ်ခွင့်ရရင် ဒီလိုလုပ်ချင်တယ်လို့ ပြည်သူလူထုကို ပြောရမှာ။ အဲလိုလုပ်တဲ့အတွက် ယာဉ်စီးခတွေ ဒီလို သတ်မှတ်မယ်ပြောမယ်။ အခု ကားခတွေများတယ်လို့ပြောတယ်။ ကြိုက်တဲ့လူကလည်း ကောင်းတယ်လို့ပြောမှာပဲ။ ဒါက ပြည်သူရဲ့သဘောထားပဲ။ ဒါကြောင့် ကျနော်တို့က မေတ္တာလှိုင်း တစ်ခုတည်းကိုပဲ ပေးမယ်လို့ ဒီနေ့ထိ ဆုံးဖြတ်ထားတာတွေ၊ ညွှန်ကြားထားတာတွေလည်း မရှိသေးဘူး။ တိုင်းဒေသကြီးအစိုးရက သုံးသပ်တာမျိုး၊ ပြည်ထောင်စုအစိုးရက ညွှန်ကြားတာမျိုး ဒီနေ့ထိ မရှိသေးဘူး။ ဒါကြောင့် သူတို့ကုမ္ပဏီတစ်ခုတည်းကိုပဲ သုံးမယ်၊ ဘယ်သူ့ကိုသုံးမယ်ဆိုတာ မပြောနိုင်သေးဘူး။

BRT စနစ်ကိုတောင် ဘယ်အဆင့်အထိ ကျနော်တို့လုပ်နိုင်မလဲဆိုတာလည်း ကျနော်တို့အခုမှ လေ့လာနေရတဲ့ အခြေအနေပဲ ရှိသေးတယ်။ ကျနော်ပြောခဲ့သလို ကျနော်တို့ လက်ရှိအနေအထားနဲ့က လုပ်ဖို့ အခက်အခဲတွေ ရှိသေးတယ်။ နောက်ပြီး လူထုရဲ့ အလေ့အကျင့်ကိုလည်း ရအောင်ယူရဦးမယ်။ ဒါမှ အားလုံးက တပြေးညီမယ်။ ပြေးဆွဲတဲ့စနစ်ကလည်း ကောင်းဖို့လိုတယ်။ ရန်ကုန်တိုင်းမ်သတင်းစာမှာ မ.ထ.သအပေါ်ကို ထောက်ပြရေးသားတာတွေ ရှိတယ်။ ဒါကို မ.ထ.သ အနေနဲ့ မငြင်းချင်ဘူး။ မ.ထ.သ လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ဆောင်မှ ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းရေးဌာနရဲ့ အခက်အခဲကို သိမှာပါ။

Loading