တရုတ်ကွန်မြူနစ်ပါတီရဲ့ ပေါ်လစ်ဗျူရိုဝင်ဟောင်း ဘိုရှီလိုင်ကို ရုံးတင်တဲ့ မြင်ကွင်းကြောင့် မော်စီတုန်း အလွန် ၁၉၈၀-၈၁ မှာ မော်စီတုန်းဇနီး ဦးဆောင်တဲ့ လေးဦးဂိုဏ်းကို ခုံရုံး တင်ခဲ့တဲ့ တရားခွင်ကို သတိရစရာပါ။ တရုတ်ပြည်မှာ လေးဦးဂိုဏ်းအမှု နောက်ပိုင်းမှာ ထိပ်တန်း ပါတီခေါင်းဆောင် နှစ်ယောက်ရဲ့အမှု ပေါ်ခဲ့တယ်။ ပထမ အမှုကတော့ ၁၉၉၈ ခုနှစ်မှာ ဘေဂျင်းပါတီ အကြီးအကဲ ချန်ဇီတုန်းရဲ့အမှုနဲ့ လွန်ခဲ့တဲ့ ငါးနှစ်က ပေါ်ခဲ့တဲ့ ရှန်ဟိုင်းပါတီ အကြီးအကဲ ချန်လျံဂူး တို့ရဲ့အမှု ဖြစ်တယ်။ နှစ်ယောက်စလုံး အဂတိ လိုက်စားမှုနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရတယ်။
ဘိုရှီလိုင်အမှုမှာ အဂတိလိုက်စားမှု၊ ငွေကြေးအလွဲသုံးစားမှု စွပ်စွဲချက်တွေ ပါဝင်နေပေမယ့် ပါတီတွင်း အာဏာလုပွဲမှာ ရှုံးသွားတဲ့ နောက်ဆက်တွဲအဖြစ် သုံးသပ်ကြတယ်။ ဘိုရှီလိုင်ဟာ အခုလို ကံဆိုးမိုးမှောင် မကျခင်အထိ အညွန့်တလူလူနဲ့ ရေပန်းစားတဲ့ ခေါင်းဆောင်တယောက် ဖြစ်ခဲ့တာ၊ ဆယ်နှစ်တကြိမ် တရုတ်ကွန်မြူပါတီရဲ့ ခေါင်းဆောင် အပြောင်းအလဲကာလနဲ့ တိုက်တိုက်ဆိုင်ဆိုင် မနှစ် မတ်လက သူ့ကို အာဏာ အလွဲသုံးစားမှု၊ လာဘ်ပေး လာဘ်ယူမှုတွေနဲ့ ဖြုတ်ချလိုက်တာကြောင့် ဒီလို ထင်ကြေး ထွက်လာတာ သဘာဝကျပါတယ်။ သူ့ကို စွဲချက်တင်တဲ့ နောက်အမှုတခုက ဗြိတိသျှ စီးပွားရေးသမား တယောက်ကို သူ့အမျိုးသမီးက သတ်တဲ့ကိစ္စ ရဲအဖွဲ့က ဖော်ထုတ်ဖို့ ကြိုးစားတဲ့အခါမှာ ဘိုရှီလိုင်က မလျှော်သြဇာသုံးပြီး ကာကွယ်ခဲ့တယ်တဲ့ စွဲချက်လည်း ပါဝင်နေတယ်။
ဘိုရှီလိုင်ဟာ နဂိုကတည်းက လိင်အရှုပ်တော်ပုံတွေနဲ့ နာမည်ထွက်ခဲ့တဲ့ ကွန်မြူနစ် ခေါင်းဆောင် ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံး ရုံးချိန်းဖြစ်တဲ့ ငါးရက်မြောက် တရားခွင်မှာတော့ ဘိုရှီလိုင်က သူ့အပေါ်တင်ထားတဲ့ စွဲချက်တွေ အားလုံးကို သူ့ဇနီးအပေါ် ပုံချခဲ့တဲ့အပြင် ဖော်ကောင်လုပ်တဲ့ သူ့လက်ထောက်ဟောင်း ချုံကင်းမြို့ ရဲအရာရှိဟာလည်း သူ့ဇနီးနဲ့ တိတ်တိတ်ပုန်း ဖောက်ပြန်နေတယ်ဆိုတဲ့ သုံးပွင့်ဆိုင် ချစ်ဇာတ်လမ်း ဖွင့်ချသွားပြန်တယ်။ ဘာဖြစ်ဖြစ် နိုင်ငံတကာ မီဒီယာတွေ အတွက်ကတော့ ဟောလီဝုဒ် ဆန်ဆန် ဘိုရှီလိုင်အမှုကတော့ တမျိုးပြီး တမျိုး မရိုးအောင် ဖြစ်နေတော့တယ်။
ဒါတွေ အားလုံး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒီထက် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတာက တရုတ်ပြည်မှာ တချိန်က နာမည်ပျက်ခဲ့တဲ့ မော်စီတုန်း နည်းလမ်းတွေ၊ ပေါ်လစီ တွေ တကျော့ပြန် ခေါင်းထောင်လာတာပါ။ ၁၉၇၆ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ မော်စီတုန်းဟာ တရုတ်ပြည်ရဲ့ အပြင်ဘက်မှာ ဘယ်လောက်ပဲ နာမည်ပျက်ပါစေ။ တရုတ်တွေ အတွက်ကတော့ ခေတ်သစ် တရုတ်ပြည်ကြီးရဲ့ ဗိသုကာကြီးပါပဲ။ တရုတ်ပြည်မှာ ကွန်မြူနစ်ပါတီ အာဏာတည်မြဲရေး အတွက် မော်က ရက်စက်တဲ့ ရာဇဝတ်မှုတွေ၊ ဆိုးရွားတဲ့ အမှားတွေကို ကျူးလွန်ခဲ့တာ မှန်ပေမယ့် တရုတ်ပြည်မှာတော့ မော်စီတုန်းကို အမှားအယွင်း အနည်းအပါး လောက်ကို လုပ်ခဲ့တဲ့ မဟာ ခေါင်းဆောင်ကြီးအဖြစ် လေးစားကြတုန်းပါပဲ။ မော်စီတုန်းရဲ့ ပေါ်လစီတွေဟာ အနောက်ကမ္ဘာမှာ နာမည် ဘယ်လောက် ပျက်ပျက် တရုတ်ပြည်မှာတော့ အခုအချိန်အထိ မော်စီတုံးကို လွမ်းဆွတ်နေသူတွေ၊ မော်ခေတ်ကို တမ်းတနေသူတွေ အမြောက်အများ ရှိတုန်းပါပဲ။
ဒီလို လေးစားသူတွေထဲမှာ ဘိုရှီလိုင်လည်း ပါဝင်ပါတယ်။ လေးစားရုံမက ချုံကင်းနယ်မှာ မော်ဝါဒီ လက်သစ်တွေကို ဦးဆောင်သူတွေလို့ ဆိုနိုင်ပါတယ်။ ချုံကင်းမှာ ပါတီ အထွေထွေ အတွင်းရေးမှူး တာဝန်ကို ယူထားတဲ့ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အတွင်း ကာလအတွင်း ဘိုရှီလိုင်ဟာ မော်စီတုန်းရဲ့ နည်းတွေကို သုံးပြီး နိုင်ငံရေး ပြိုင်ဖက်တွေကို ရှင်းခဲ့တယ်လို့ နာမည်ကြီးတယ်။ ပါတီရဲ့ အုပ်ချုပ်ရေးဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့ အခါမှာ အောက်ခြေ လူထုကို အသုံးချခဲ့တယ်။ အရေးကြီးတဲ့ လှုပ်ရှားမှု တခုကတော့ “အနီ သီချင်းဆိုပြီး အမည်း တွေကို ချေမှုန်းရေး” ဆိုတဲ့ လှုပ်ရှားမှုပါပဲ။
သီအိုရီအရတော့ မော်စီတုန်း ခေတ်ကလို မျိုးချစ် တော်လှန်ရေး ကြွေးကြော်သံတွေနဲ့ အောက်ခြေ လူထုကို စည်းရုံးပြီး အမှောင် လောကသားတွေ (မသမာသူတွေ၊ လူဆိုး လူမိုက်အုပ်စုတွေ၊ ဒုစရိုက်သမား၊ အဂတိ လိုက်စားသူတွေလို့ စွပ်စွဲခံရသူတွေ) ကို ထောင်သွင်းအကျဉ်းချ၊ ပစ္စည်းတွေကို သိမ်းယူတဲ့ လုပ်ရပ်တွေကို လက်သံပြောင်ပြောင်နဲ့ လုပ်ခဲ့တယ်။ တကယ်တမ်း အမှောင်လောကသားလို့ စွပ်စွဲပြီး နှိပ်ကွပ်ခဲ့သူ တွေဟာ မစ္စတာ ဘိုရှီလိုင်ရဲ့ ပြိုင်ဘက်တွေ၊ အာဏာလုဖက်၊ ဆူးငြောင့် ခလုတ်တွေလို့ ယူဆသူတွေ၊ တက်သစ်စ သူဌေးတွေ ဖြစ်နေတယ်။ ယဉ်ကျေးမှု တော်လှန်ရေး ကာလတုန်းက မော်စီတုန်းက ပြိုင်ဖက်တွေကို မြေရှင် အရင်းရှင်တွေလို့ တံဆိပ်တပ်ပြီး ရှင်းပစ်ခဲ့တဲ့ နည်းပါပဲ။ ဘာဖြစ်ဖြစ် ချုံကင်းနယ်မှာ နီယို မော်ဝါဒီတွေကတော့ ဘိုရှီလိုင်ကို အခိုင်အမာ ထောက်ခံကြတယ်။
ဘိုရှီလိုင်ဟာ ပုဂ္ဂိုလ်ရေး သြဇာထူထောင်တဲ့ နေရာမှာလည်း မော်စီတုန်းရဲ့ နည်းနာတွေကိုပဲ သုံးခဲ့တယ်။ ပြည်သူလူထုကို စိတ်လှုပ်ရှားဖွယ်၊ စိတ်အား တက်ကြွဖွယ် မိန့်ခွန်းတွေကို ပုံမှန် ဟောပြောခဲ့တယ်။ ဆင်းရဲသားတွေကို မစားရ ဝခမန်း အနာဂတ် မျှော်လင့်ချက်တွေကို ပေးပြီး စည်းရုံးတဲ့ နေရာမှာ ဘိုရှီလိုင်ဟာ မော်စီတုန်းလိုပဲ လူကြိုက်များလှတယ်၊ မီဒီယာတွေကို အသုံးချပြီး သူဟာ ထူးချွန်ထက်မြက်သူ၊ အမြင်ကျယ်သူ၊ အမြော်အမြင်နဲ့ ပြည့်စုံသူအဖြစ် ပုံဖော်တယ်။ ချုံကင်း မြို့ပေါ်မှာ သူ့ကိုယ်တိုင် ရေးတဲ့ နိုင်ငံရေး ကြွေးကြော်သံတွေ၊ ဆောင်ပုဒ်တွေကို နေရာအနှံ့ တွေ့နိုင်တယ်။ ဒီနေ့အထိလည်း ချုံကင်းနယ်မှာ သူဟာ လူကြိုက်များတဲ့ ခေါင်းဆောင် ဖြစ်နေတုန်းပါပဲ။
ဒီလို မော်စီတုန်းရဲ့ လူထုစည်းရုံးရေး နည်းတွေကို သုံးပြီး အာဏာတက်လာတဲ့ ဘိုရှီလိုင်ဟာ နောက်ဆုံးမှာတော့ အကျဉ်းသားဘဝကို ရောက်သွားရတယ်။ အနောက် မီဒီယာတွေက ထင်ကြေးပေး နေကြသလို အာဏာလုပွဲမှာ ရှုံးသွားလို့ အခုလို ခုံရုံးတင်ခံရတာဆိုရင် ဝဋ်လည်တယ်လို့ ဆိုရမှာပါပဲ။ ကွန်မြူနစ် ပါတီတွင်းက တခြား ခေါင်းဆောင်တွေက မော်စီတုန်း နည်းကိုပဲ သုံးပြီးတော့ သူ့ကို နှိပ်ကွပ်လိုက်တယ် မဟုတ်လား။ ဒါကြောင့် တရုတ်ပြည်မှာ မော်စီတုန်း ဝါဒ ခေါင်းပြန် ထောင်လာသလားလို့ ယူဆစရာ ရှိလာတယ်။
ခေတ်သစ် တရုတ်နိုင်ငံ သမိုင်းကို ကြည့်ရင် ၁၈၉၈ ခုနှစ်မှာ ပြုပြင်ပြောင်းလဲရေး သမားတွေကို နှိပ်ကွပ်ခဲ့တဲ့ ဧကရီ ဒါဝါဂျာစီဇီဟာ သူကိုယ်တိုင် ပြုပြင်ပြောင်းလဲရေး သမားတွေနဲ့ မခြားတဲ့ ပေါ်လစီတွေကို အပြင်းအထန် အကောင်အထည် ဖော်ခဲ့တယ်။ ဒီလိုပဲ တရုတ်နိုင်ငံရဲ့ ပြိုင်ဘက်ကင်း ခေါင်းဆောင် တိန့်ရှောင်ပင် လက်ထက်မှာ ဈေးကွက် ပြုပြင်ပြောင်းရေးသမား ကျောက်ကျီယန်ကို ပါတီ ရာထူးကနေ ဖြုတ်ချပြီး နောက်မှာ သူကိုယ်တိုင် စီးပွားရေး ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်ကို ခပ်ရဲရဲ လျှောက်ခဲ့တာကို တွေ့ခဲ့ရတယ်။ အခုလည်း မော်လမ်းကြောင်း လိုက်တဲ့ ဘိုရှီလိုင်ကို ဖယ်ရှားလိုက်တဲ့ တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေဟာ သူတို့ကိုယ်တိုင် ဘိုရှီလိုင်သုံးခဲ့တဲ့ မော်ရဲ့ နည်းဗျူဟာတွေကို ပိုပိုကဲကဲ သုံးကြတာလားဆိုတာ မေးခွန်းထုတ်စရာ ရှိပါတယ်။
တိုက်ဆိုင်တာက သမ္မတ ဇီဂျင်းပင် ကိုယ်တိုင်လည်း တရုတ်ပြည်က လက်ဝဲသမားတွေကို စည်းရုံးတဲ့ အနေနဲ့ မော်စီတုန်းခေတ်က (၁၉၄၇ ခုနှစ်ကနေ ၁၉၇၆ ခုနှစ်အတွင်း) ကျင့်သုံးခဲ့တဲ့ “လူထုကြားမှာ အမှန်တရားရှာ” (Mass line) ပေါ်လစီကို အကောင်အထည် ဖော်ဖို့ ပါတီဝင် အားလုံးကို ဆော်သြထားတယ်။ တကယ်တော့ ဒီကြွေးကြော်သံနဲ့ နည်းနာဟာ ဘိုရှီလိုင်ရဲ့ အောင်မြင်ခဲ့တဲ့ လူထုဆက်ဆံရေး ကြွေးကြော်သံနဲ့ နည်းနာပါပဲ။ ဘိုရှီလိုင် နည်းလမ်းကတော့ ရပ်ကျေး ပါတီ ခေါင်းဆောင်တွေဟာ ပြည်သူတွေနဲ့ တပတ်တခါ အနည်းဆုံး နေ့တဝက်လောက် တွေ့ဖို့ သတ်မှတ်ထားပြီး စီရင်စု ပါတီခေါင်းဆောင်တွေကတော့ တလမှာ တခါ တွေ့တဲ့နည်းပါ။ ဒီပေါ်လစီရဲ့ ရည်မှန်းချက်က ကွန်မြူနစ် ပါတီဝင်တွေဟာ တတ်နိုင်သမျှ ပြည်သူတွေနဲ့ တသားတည်း ရှိတယ် ဆိုတာကို ပြသတဲ့ နည်းလမ်းနဲ့ ပါတီရဲ့ တရားဝင်မှုကို တည်ဆောက်ထားဖို့ပါပဲ။
ဒီနေ့ တရုတ်ပြည်မှာ ပြည်တွင်း အကျပ်အတည်းမျိုးစုံနဲ့ ရင်ဆိုင်နေရတယ်။ လူမှု စီးပွားရေး အလျင်အမြန် ပြောင်းလဲလာတာနဲ့ အမျှ ဆင်းရဲချမ်းသာ ကွာဟမှု ကြီးလာတာလို လူမှုရေး တင်းမာမှုတွေ ပေါ်ပေါက်နေတယ်။ လက်ရှိ စီးပွားရေး တိုးတက်မှုနှုန်း နှေးကွေးသွားတာကြောင့် လူမှုရေး မငြိမ်သက်မှုတွေဆီကို ဦးတည်သွားနိုင်တယ်။ ဒီလို အခြေအနေ နောက်ခံမှာ ကွန်မြူနစ် ပါတီကို အာဏာတည်မြဲအောင် လုပ်ဖို့ မော်စီတုန်း သုံးခဲ့တဲ့ ပြည်သူတွေကို သွေးခွဲပြီး စည်းရုံးတဲ့ နည်းလမ်းဟာ လက်ရှိ ပါတီ ခေါင်းဆောင်တွေ အကြားမှာ တကျော့ပြန် ရေပန်းစားလာနိုင်တယ်။ အထူးသဖြင့် တရုတ်ပြည် ရှေ့ခရီးကို ဘယ်လို ချီတက်မလဲဆိုတဲ့ ရှင်းရှင်းလင်းလင်း အိုင်ဒီယာ မရှိတဲ့ အချိန်မှာ ပိုလို့တောင် ဖြစ်နိုင်ခြေများတယ်လို့ သုံးသပ်မှုတွေ ပေါ်ထွက်လာနေပါတယ်။