[irrawaddy_gallery]
မြဝတီမြို့ဟာ ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ရဲ့ အဓိက ကုန်သွယ်ရေး လမ်းကြောင်းပေါ်က မြို့လေးဖြစ်ပြီး ထိုင်းနိုင်ငံ နယ်စပ် မဲဆောက်မြို့က တဆင့် သွင်းလာတဲ့ ကုန်ပစ္စည်းတွေနဲ့ မြန်မှာနိုင်ငံဘက်က တင်ပို့မယ့် ကုန်ပစ္စည်းတွေကို တထောက်နား တင်သွင်းပြီး အခွန်အကောက်တွေ စည်းကြပ်နေတဲ့ မြို့လေးပါ။
နယ်စပ် ကုန်စည်ကူးသန်းမှုကို အမှီသဟဲပြုပြီး ရပ်တည်နေတဲ့ ဒီမြို့ပေါ်မှာ ရပ်ကွက် ၅ ခုရှိပြီး လူမျိုးပေါင်းစုံ နေထိုင်ပါတယ်။ ဒီမြို့ဟာ ကရင်ပြည်နယ်ထဲမှာ ရှိတာဖြစ်ပြီး ကရင် တိုင်းရင်းသား လက်နက်ကိုင် ပေါင်းစုံလည်း မြို့ပေါ်မှာ သွားလာ လှုပ်ရှားပါတယ်။ အဓိက အုပ်ချုပ်တာကတော့ အစိုးရပါ။
ဒီမြို့လေးပေါ်ကနေပြီး ဝင်ထွက်နေတဲ့ ကုန်ပစ္စည်းတွေဟာ အစိုးရ လက်အောက်ကနေ တရားဝင် ဝင်ထွက်နေတာတွေ ရှိသလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တာဝန်ရှိသူတွေ၊ ဒေသဆိုင်ရာ အစိုးရ အဖွဲ့ခေါင်းဆောင်တွေနဲ့ ဆက်သွယ်ပြီး တရားမဝင် ဝင်ထွက်နေတဲ့ ကုန်စည်တွေလည်း ရှိပါတယ်။ ကုန်ပစ္စည်းတွေထဲမှာတော့ ကား၊ ဆိုင်ကယ်ကအစ လူသုံးကုန်၊ အိမ်သုံးကုန်ပစ္စည်းတွေ အထိ ပါဝင်ပါတယ်။
နယ်စပ် ကုန်သွယ်ရေးမြို့ ဖြစ်တဲ့အတွက် နယ်စုံကလာတဲ့ ကုန်သည်တွေ၊ ခရီးသည်တွေ၊ ဒေသခံ လက်နက်ကိုင် အဖွဲ့တွေနဲ့ မြို့ပေါ်က ဟိုတယ်၊ တည်းခိုခန်း၊ စားသောက်ဆိုင်တွေ၊ လက်ဘက်ရည်ဆိုင်တွေနဲ့ တခြားဈေးဆိုင်ပေါင်းစုံဟာ အသက်ဝင်နေပါတယ်။
မြို့ငယ်လေး ဖြစ်ပေမယ့် နေရာနဲ့မလိုက်အောင် ပေါနေတာက လောင်းကစားဝိုင်းတွေ၊ လိင်ဖျော်ဖြေရေးရုံတွေနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲသူတွေပါပဲ၊ လိင်ဖျော်ဖြေရေးရုံတွေဆိုရင် ရုံပေါင်း ၁၀၀ အထက်မှာ ရှိသလို လောင်းကစားဝိုင်းတွေဟာလည်း ၅၀ ဝန်းကျင်မှာ ရှိပါတယ်။ မူးယစ်ဆေးတွေကတော့ ပျော်တော်ဆက်ရုံတွေ၊ ဆိုင်ကယ် တက္ကစီတွေနဲ့ ကွမ်းယာဆိုင်တွေမှာ ချိတ်ဆက် ဝယ်ယူရရှိနိုင်လောက်အောင်ကို ကျယ်ပြန့်ပါတယ်။
လောင်းကစားရုံတွေဟာဆိုရင် မြဝတီမြို့ရဲ့ မိန်းလမ်းမကြီးဖြစ်တဲ့ အာရှလမ်းမကြီးပေါ်မှာပဲ ပေါ်ပေါ်တင်တင်ဖွင့်ထားတာ ဆိုင်အရေအတွက် ၅ ဆိုင်အထက်မှာ ရှိပါတယ်။ ဒီလမ်းမကြီးပေါ်မှာပဲ လောင်းကစားရုံတွေနဲ့ ခပ်လှမ်းလှမ်းမှာ မြို့နယ်နဲ့ ခရိုင်ရဲတပ်ဖွဲ့ရုံးတွေလည်း ရှိပါတယ်။
ဒီဆိုင်တွေက ၂၄ နာရီ ဖွင့်ကြတာဖြစ်ပြီး လောင်းကစားဆိုင်တွေရဲ့ ဆိုင်ရှင်ဟာ တဦးတည်းဖြစ်တယ်လို့ ဒီဆိုင်တွေကို မကြာခန သွားပြီး ကစားနေတဲ့ မြဝတီသား တယောက်ကပြောပါတယ်။ ဆိုင်တွေအားလုံးဟာ အဝင်ဝမှာ လိုက်ကာ အနီစလေးတွေ ကာထားတာချင်း တူသလို အထဲမှာ သုံးတဲ့ လောင်းကစားစက်တွေဟာလည်း အားလုံးတူတဲ့ အပြင် လောင်းကစား ခုံတွေ၊ စက်တွေရဲ့ တံဆိပ်တွေဟာလည်း အားလုံး တရုတ်စာတွေချည်းပါပဲ။
၄ ပေ၊ ၆ ပေလောက် အကျယ်အဝန်းရှိတဲ့ လောင်းကစား စားပွဲခုံတွေရဲ့ မျက်နှာပြင်မှာ ပင်လယ် သတ္တဝါ မျိုးစုံပုံတွေရှိပြီး ဒီအရုပ်တွေကို ခလုပ်နှိပ်ပြီး အဆက်မပြတ် ပစ်ခတ်ကြရတဲ့ ကစားနည်းမျိုးတွေပါ ကျပ်ငွေ သောင်းဂဏန်းကနေ သိန်းရာချီပြီး ကစားလို့ရပါတယ်။
ရုံထဲမှာရှိတဲ့ လောင်းကစား ခုံတွေထဲမှာ အဲဒီအမျိုးအစားကို အများဆုံးကစားကြပြီး ကျန်တဲ့ လောင်းကစားခုံတွေကတော့ ကျပ် ၁ ထောင်ကနေ စပြီး ကစားလို့ရပေမယ့် ကစားတဲ့လူ နည်းပါတယ်။ လာကစားသူတွေ အများစုဟာ အမျိုးသားတွေဖြစ်ပြီး လောင်းကစားရုံတွေအားလုံးမှာ ငွေသွင်း၊ ငွေထည့် လုပ်ငန်းတွေနဲ့ ဝန်ဆောင်မှုတွေ ပေးနေတာကတော့ အသက် ၂၀ ဝန်းကျင် အမျိုးသမီးတွေ များပါတယ်။
မြဝတီမြို့က စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင် တချို့မှာ လူပြတ်တာတွေ ရှိပေမယ့် ဒီလောင်းကစားရုံတွေမှာတော့ လူစည်ကားနေတာ တွေ့ရပါတယ်။ အာရှလမ်းမကြီးပေါ် ဆေးဆိုင်တဆိုင်ဘေးက လောင်းကစားရုံမှာဆိုရင် ယူနီဖောင်း အပေါ်အကျႌချွတ်ပြီး လာကစားနေတဲ့ ယာဉ်ထိန်းရဲတဦးကိုတောင် တွေ့ခဲ့ရပါသေးတယ်။
ဒီလောင်းကစား ရုံတွေ အတွင်းမှာတော့ ဆိုင်ဝန်ထမ်းတွေရော ကစားသမားတွေကရော တယောက်နဲ့ တယောက် အကဲခတ်တဲ့ အကြည့်နဲ့ စောင့်ကြည့်နေတာတွေ ရှိတဲ့အတွက် ရုံအတွင်းမှာ ဓာတ်ပုံနဲ့ ရုပ်သံ မှတ်တမ်းတွေယူဖို့ အင်မတန် ခက်ခဲပါတယ်။ ကစားဝိုင်းတွေမှာ တခြားလူတွေ ကစားတာကိုတော့ ဝင်လေ့လာလို့ရပါတယ်။
ဒီလောင်းကစားရုံတွေမှာ ပိုက်ဆံရှိသူတွေတင် မကဘဲ မြို့ခံ လူငယ်တွေလည်း ဝင်ရောက် ကစားနေကြသလို ဆိုင်ကယ် တက္ကစီနဲ့ သုံးဘီး ဆိုက်ကားသမားတွေလည်း ဝင်ငွေနည်းနည်းဖြောင့်တာနဲ့ မှီရာနေရာကနေ ဝင်ကစားကြတာ တွေ့ရတဲ့အတွက် ဒီလောင်း ကစားရုံတွေမှာတော့ လူတန်းစားပေါင်းစုံကို တွေ့မြင်နိုင်ပါတယ်။
“ကစားတာကတော့ဗျာ တထောင်ပါလည်း ကစားလို့ရတယ်၊ တသောင်းပါလည်း ကစားလို့ရတယ်။ ပိုက်ဆံပါ ပါသလောက် ကစားလို့ ရတယ်။ နိုင်တာကနည်းပေမယ့် ကစားပြီးရင် စွဲတယ်ဗျ၊ ထိုင်ကစားပြီးရင် ငွေကုန်လို့တာ ထပြန်ရတာ၊ လူက တော်ချင်တာ မဟုတ်ဘူး။ ကျနော့်သူငယ်ချင်း နှစ်ယောက်ဆို ဒီကောင်ကစားတာ အိမ်က တီဗီတွေ၊ အောက်စက်တွေ ရသလောက်နဲ့ ခိုးရောင်း၊ နောက်ဆုံး အိမ်ပေါ်ကပါ နှင်ချခံရတယ်” လို့ ဒီလောင်းကစားရုံတွေမှာ လိုက်ကစားခဲ့ဖူးတဲ့ လူငယ်တဦးက ရှင်းပြ ပါတယ်။
ဘယ်သူချပေးတဲ့ လုပ်ပိုင်ခွင့်နဲ့မှန်း မသိဘဲ ပေါ်ပေါ်တင်တင် ဖွင့်နေတဲ့ ဒီလောင်းကစားရုံတွေလိုပဲ လိင်ဖျော်ဖြေရေး ရုံတွေဟာ မြဝတီမြို့နေရာ အနှံ့အပြား ဓာတ်တိုင် တတိုင်လောက်အကွာမှာ တရုံဆိုသလို မြင်တွေ့နိုင်ပြီး တချို့ ရပ်ကွက်တွေထဲမှာဆိုရင် တရုံနဲ့ တရုံ ခြေလှမ်း ဆယ်လှမ်းလောက်သာ ကွာပါတယ်။
ဆိုင်ရှင်အချို့ရဲ့ ပြောပြချက်အရတော့ မြဝတီတမြို့လုံးနဲ့ သင်္ဃန်းညီနောင် ရွာမှာရှိတဲ့ အရေအတွက် ပေါင်းလိုက်ရင် ရုံပေါင်း ၁၀၀ ကျော် အထက်မှာရှိပြီး အားလုံးက စားသောက်ဆိုင်လိုင်စင်နဲ့ တင်ပြီး နားလည်မှုနဲ့ ဖွင့်နေကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။ တချို့ရုံတွေကတော့ ည ၂ နာရီ၊ ၃ နာရီ ဝန်းကျင်မှာ ပိတ်ကြပေမယ့် ရုံတော်တော် များများကတော့ ဧည့်သည် ရှိရင်ရှိသလို ၂၄ နာရီ ဖွင့်တယ်လို့ သိရပါတယ်။
လိင်ဖျော်ဖြေရေး ရုံတွေရှေ့က ဆိုင်းဘုတ်တွေမှာ စားသောက်ဆိုင်၊ မိသားစု စားသောက်ဆိုင် ဆိုတဲ့ အမည်ခံ ထားတာကို တွေ့ရပါတယ်။ အထဲမှာတော့ ပျော်ပါးခ ၄၅ မိနစ် တကြိမ်ကို နေရာခပါ ပါအပြီး ကျပ်ငွေ တသောင်းနှုန်း ကောက်ယူကြောင်း၊ ဒါဟာ တမြို့လုံးမှာ ရှိတဲ့ ဆိုင်တွေအားလုံးရဲ့ တူညီတဲ့ ဈေးဖြစ်တဲ့ကြောင်း မြို့ခံ အငှားယာဉ်မောင်းတွေနဲ့ ပျော်တော်ဆက် ရုံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။
အရင်တုန်းက ဒီလို လိင်ဖျော်ဖြေရေး ရုံတွေဟာ တဖက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့မှာပဲ များများစားစား ဖွင့်တာရှိပြီး မြဝတီမှာတော့ ၂၀၁၀ နောက်ပိုင်းမှာ ပွားများလာတာပါ။ အရင်တုန်းကငွေကြေး အဆင်မပြေလို့ ဒီလုပ်ငန်းကို လုပ်တဲ့ မြန်မာ မိန်းခလေးတွေဟာ တဖက်ကမ်း မဲဆောက်မှာ သွားလုပ်ကြရတာ ဖြစ်ပေမယ့် အခုဆိုရင် မဲဆောက်မှာ လုပ်နေတဲ့ လူတွေတောင် မြဝတီကို ပြန်ကူးပြီး လုပ်နေကြတာပါ။
ဒီနေရာတွေမှာ တွေ့ရတဲ့ မိန်းကလေး တချို့ဟာ ၁၅-၁၆ နှစ် ကျောင်းသူ အရွယ်လေးတွေ တွေ့ရပေမယ့် မေးကြည့်ရင်တော့ အားလုံးက ၁၈ နှစ်နဲ့ အထက်မှာ ရှိတယ်လို့ပဲ ဖြေကြပါတယ်၊ တချို့ဆိုရင် ကိုယ်လုပ်နေတဲ့ လုပ်ငန်းနဲ့ ဆိုင်တဲ့ ကျန်းမာရေးအရ ရှောင်ရန်ဆောင်ရန်တွေကိုတောင် တိတိပပ နားမလည်ကြပါဘူး။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း မြဝတီမှာ ပညာပေးတဲ့ အဖွဲ့အစည်း မရှိသလို ထိုင်နိုင်ငံမှာလို့ ဆေးရုံက တပတ်တခါ ခေါ်ယူ စစ်ဆေးပေးတာတွေလည်း မရှိပါဘူး။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ နေပြည်တော် ဇဗ္ဗူသီရိ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ၁၉၄၉ ခုနှစ်ကတည်းက ရေးဆွဲပြဌာန်းခဲ့တဲ့ ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေကို ပြန်လည်ပြင်ဆင် ရေးဆွဲသွားဖို့ ရှိ၊ မရှိ လွှတ်တော်မှာ အဆိုတင်တုန်းက ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ရဲချုပ် ကျော်ကျော်ထွန်းက ယဉ်ကျေးမှု၊ ဘာသာရေး၊ လူမှုရေးဆိုတဲ့ ဆင်ခြေတွေပေးပြီး ဒီဥပဒေကို ပြင်ဆင်ဖို့ ငြင်းဆန်ခဲ့ပါတယ်။
ဒါပေမယ့် မြဝတီမြို့မှာ လိင်ဖျော်ဖြေရေးရုံတွေ ဘယ်လို ဖွင့်နေတယ်၊ ဘယ်လောက် များနေတယ်ဆိုတာ အဲဒီမြို့မှာ တာဝန်ကျနေတဲ့ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ ဝန်ထမ်းတွေ အပါအဝင် တာဝန်ကျ အစိုးရရုံးတွေ၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေလည်း အသိဆုံးဖြစ်ပြီး ရဲစခန်းရဲ့ အရပ်မျက်နှာအစုံမှာ ဖွင့်နေတဲ့ ပျော်တော်ဆက်ရုံတွေ ဘယ်လောက် များနေသလဲ ဆိုတာလည်း ရဲတွေနဲ့ မြဝတီတမြို့လုံး အသိဆုံးပါ။
လိင်ဖျော်ဖြေရေးရုံတွေ လွတ်လွတ်လပ်လပ် ဖွင့်လှစ်လုပ်ကိုင်နေတာနဲ့ ပတ်သက်ပြီးတော့ တာဝန်ရှိတဲ့ မြဝတီမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ငွေ က “ဒါတွေဟာ စားသောက်ဆိုင် လိုင်စင်တင်ပြီး သူတို့ဘာသူတို့ နားလည်မှုပုံစံနဲ့ ဖွင့်နေကြတဲ့ ဟာတွေပါ၊ ဒါတွေက တရားမဝင်ပါဘူး” လို့ပြောပေမယ့် အရေးယူ ဆောင်ရွက်ဖို့ ရှိ၊ မရှိဆိုတဲ့ အမေးကိုတော့ ယတိပြတ် ဖြေဆိုနိုင်ခြင်း မရှိပါဘူး။ အရေးယူဖို့ ဘယ်လို အခက်အခဲတွေ ရှိနေလို့သလဲလို့ မေးတော့လည်း “မရှိဘူး” လို့တော့ ပြောပါတယ်။
လောင်းကစားရုံတွေနဲ့ ပတ်သက်ပြီး မေးတော့ အစက မရှိဘူးလို့ ရဲမှူး အောင်ငွေ က ပြောပါတယ်။ လောင်းကစားရုံတွေကို ရောက်ရှိခဲ့တဲ့အကြောင်း နေရာအထောက်အထားတွေ ပြမေးမှ သတင်းပေးတာ ကျေးဇူးတင်ကြောင်း သူတို့အနေနဲ့ အရေးယူ လိုက်မယ်လို့ ဆိုပါတယ်။ အရင်နှစ်တုန်းကလည်း လောင်းကစားရုံတွေကို ဝင်ဖမ်းခဲ့ပြီး လောင်းကစားခုံ အလုံးပေါင်း ၉၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မှတ်တမ်းတွေ ထုတ်ပေးပါတယ်။
ဒီမြို့ပေါ်က လိင်ဖျော်ဖြေရေး ရုံတွေဟာ ဧည့်သည် ရှိရင် ရှိသလို ၂၄ နာရီဖွင့်ကြတော့ ပျော်တော်ဆက်လုပ်ငန်း လုပ်ကိုင်တဲ့ မိန်းကလေးတွေကလည်း အိပ်ရေးပျက် ခံနိုင်အောင်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရာမ လို့ခေါ်တဲ့ စိတ်ကြွဆေးပြားတွေကို သုံးစွဲကြတယ်လို့ သုံးစွဲသူတွေ ကိုယ်တိုင်က ပြောပြကြပါတယ်။ ဒီလိုသုံးစွဲရင်းနဲ့ပဲ တချို့မိန်းခလေးတွေဟာ စိတ်ကြွဆေး သုံးစွဲနိုင်ဖို့အတွက် ဒီအလုပ်ကို လုပ်နေတဲ့ပုံစံအဖြစ် ပြောင်းကုန်တာတွေလည်း မနည်းဘူးလို့ သိရပါတယ်။
စိတ်ကြွဆေးပြားတွေကို ပေါ်ပေါ်တင်တင် သုံးစွဲနေတဲ့သူတွေထဲမှာ မြဝတီမြို့နယ် အတွင်း သွားလာလှုပ်ရှားနေတဲ့ ကရင် လက်နက်ကိုင် ရဲဘော်တွေလည်း ပါဝင်ပါတယ်။ တချို့ရဲဘော်တွေဆိုရင် လိင်ဖျော်ဖြေရေးဆိုင်တွေမှာ ဝင်လာပြီး သေနတ်ကို စားပွဲပေါ်တင်ကာ ပေါ်ပေါ်တင်တင် ထိုင်ရှုနေတာလည်း တွေ့မြင်ခဲ့ရပါတယ်။
ဒီစိတ်ကြွဆေးတွေကတော့ ဆိုင်ကယ်သမားကို လက်တို့ပြီး အလွယ်တကူ ဝယ်လို့ရနေတဲ့ အခြေအနေပါ။ မြဝတီမြို့ထဲမှာဆိုရင် တလုံးကို ကျပ်ငွေ ၃ ထောင်နဲ့ ရနိုင်ပြီး မြဝတီမြို့ပေါ်ကနေ ဆိုင်ကယ် မိနစ် ၂၀ လောက် မောင်းသွားရင် ရောက်တဲ့ သင်္ဃန်း ညီနောင်ရွာမှာဆိုရင် တလုံးကို ၂ ထောင် သို့မဟုတ် ၂၅၀၀ ရာ ကျပ်ဈေးပဲ ရှိတယ်လို့ ဝယ်ယူသုံးစွဲခဲ့ဖူးသူတွေနဲ့ အငှားယာဉ်မောင်းတွေက ပြောပါတယ်။
သင်္ဃန်းညီနောင်ဟာ မြဝတီနဲ့ ကော့ကရိတ်မြို့ကိုသွားတဲ့ အာရှလမ်းမကြီးပေါ်မှာပဲ တည်ရှိပြီး ဒေါနတောင်ခြေ မရောက်ခင်မှာ ရှိပါတယ်။ ဒီနေရာမှာလည်း လိင်ဖျော်ဖြေရေးရုံတွေ တန်းစီရှိနေကြသလို အဲဒီရုံတွေထဲမှာပဲ စိတ်ကြွဆေးပြားတွေကို အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။ ဒီနေရာကိုတော့ ထိုင်းဘက်က တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကို သယ်တဲ့ ယာဉ်မောင်းတွေ အများစု ညအိပ်နားခိုတဲ့ နေရာဆိုရင်လည်း မမှားပါဘူး။
မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး အများဆုံးမိတဲ့ အထဲမှာ ရာမ ခေါ် စိတ်ကြွဆေးပြားက အများဆုံးဖြစ်ပြီး ဆေးခြောက်နဲ့ ကော်တွေကိုတော့ သုံးစွဲသူ နည်းပါးကြောင်းနဲ့ တခါတရံ Aprazolan လို့ခေါ်တဲ့ စိတ်ကြွဆေးတွေကိုလည်း မိတယ်လို့ မြဝတီမြို့နယ် မူးယစ် အထူးတပ်ဖွဲ့ တာဝန်ခံ ဒုရဲမှူး အောင်စည်က ပြောပါတယ်။
“တချို့က အိပ်ရေးပျက် ခံနိုင်အောင်ဆိုပြီး သုံးကြတယ်။ တချို့က ပိန်အောင်၊ အဆီကျအောင်ဆိုပြီး သုံးကြတယ်။ အယူမှားတွေပေါ့။ ဒါတွေကို တားဆီးနိုင်အောင်လို့ ကျနော်တို့အနေနဲ့ စာသင်ကျောင်းတွေ၊ ရပ်ကွက်တွေမှာ လတိုင်း ဟောပြောပွဲတွေ လုပ်တယ်။ ဟိုတယ်တွေ၊ တည်းခိုခန်းတွေမှာလည်း တွေ့ရှိရင် သတင်းပေးဖို့ ဖုန်းနံပါတ်တွေ ကပ်ထားတယ်။ သတင်းအတိအကျ ရတာနဲ့ ဘယ်သူဘယ်ဝါရယ်လို့ မဟုတ်ဘူး ဖမ်းတယ်” လို့ ဒုရဲမှူး အောင်စည် က ရှင်းပြပါတယ်။
ဒီစိတ်ကြွဆေးပြားတွေဟာ ထိုင်းနိုင်ငံက လာတာမဟုတ်ဘဲ မြန်မာပြည်ကထုတ်တဲ့ ပစ္စည်းတွေဖြစ်ကြောင်း၊ ကုန်ကြမ်းကတော့ နိုင်ငံခြားကဝင်တာဖြစ်ကြောင်း သိရပါတယ်။
မြဝတီမြို့ပေါ်မှာရှိနေတဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေဘက်က တရားမဝင် ဒုစရိုက်လုပ်ငန်းတွေဖြစ်တဲ့ လိင်ဖျော်ဖြေရေး ရုံတွေ၊ လောင်းကစား ရုံတွေ၊ မူးယစ်ဆေးဝါးရောင်းဝယ်၊ သုံးစွဲမှုတွေနဲ့ ပတ်သက်ပြီး မရှိသလိုလို၊ မသိသလိုလို ပြောဆိုနေကြပေမယ့် ဒီလုပ်ငန်းတွေဟာ သူတို့နဲ့ အနီးဆုံးနေရာတွေမှာပဲ ရှိနေတယ်ဆိုတာ မြို့ခံတွေ အသိဆုံးပါ။
အစိုးရက ထုတ်ပြန်ထားတဲ့ ဆောင်ပုဒ်လဲဖြစ်၊ လက်ရှိအစိုးရ လူကြီးတွေလည်း မကြာခဏ ပြောပြောနေတဲ့ “တရားဥပဒေ စိုးမိုးရေး” ဆိုတဲ့ စကားဟာ မြဝတီမြို့အတွက်ကတော့ ဟာသတခုပဲ ဖြစ်နေပါလိမ့်မယ်။
ဒီရက်ပိုင်းမှာပဲ နှစ်နိုင်ငံ အစိုးရတွေက ထိုင်း-မြန်မာ နယ်စပ်တွေကနေပြီး နိုင်ငံခြားသားတွေကို ပတ်စ်ပို့၊ ဗီဇာတွေနဲ့ ဝင်ထွက်ခွင့် ပြုလိုက်ပြီဖြစ်တဲ့အတွက် ဒီအခြေအနေတွေကို အာဏာပိုင်တွေအနေနဲ့ ထိထိရောက်ရောက် မကိုင်တွယ်နိုင်ရင် နောက်ပိုင်းမှာ သိက္ခာကျစရာတွေ ဖန်တလဲလဲ ပေါ်လာနိုင်ပါတယ်။
လက်ရှိအခြေအနေမှာတော့ မြဝတီမြို့ဟာ ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ် အဓိက ကုန်သွယ်ရေး လမ်းကြောင်းပေါ်က မြို့၊ ပြောင်းပြန်စီးတဲ့ သောင်းရင်းမြစ် နံဘေးက မြို့၊ ကရင်ပြည်နယ်ထဲက မြို့၊ အစိုးရ အဖွဲ့ပေါင်းစုံ အပါအဝင် တိုင်းရင်းသား လက်နက် ကိုင်တွေ လှုပ်ရှားသွားလာနေတဲ့ မြို့၊ ဒုစရိုက်လုပ်ငန်းတွေ လွတ်လပ်ရေး ရနေတဲ့မြို့ …။