ရန်ကုန်မြို့က မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပြတိုက်ဟာ မုတ်သုံရာသီ၏ မီးခိုးရောင် ကောင်းကင်အောက် ဖြူလျော်လျော် မိုးဖွဲများကြားတွင် ပျင်းရိညည်းငွေ့ဖွယ် ငိုက်မျဉ်းနေသည်။ ခေတ်မမီတော့သည့် စစ်အသုံးအဆောင် ပုံတူများ၊ မှတ်တမ်းတင် အဖြူအမည်း ဓာတ်ပုံများနှင့် အလွန်အကျူး ဝါဒဖြန့်ခြင်းများက အဆောက်အဦ၏ အတွင်းပိုင်း ပြင်ဆင်တင်ဆက်မှုများကလည်း စိတ်ညစ်စရာ ကောင်းနေသည်။
စိတ်ဝင်တစား စပ်စုလိုသူ သတင်းထောက်အတွက် ပြတိုက်မှာ ပျောက်ဆုံးလစ်လပ်နေခြင်းက မကြာသေးမီ ဆယ်စု နှစ်များအတွင်း မြန်မာနိုင်ငံတွင် နာမည်ကျော်ကြားထင်ရှားခဲ့သော မူးယစ်ရာဇာများဖြစ်သည့် နော်ခမ်း၊ လော်စစ်ဟန်၊ ခွန်ဆာတို့ကို ပြသမထားခြင်းပင်။ ပြတိုက်၏ အထပ် ၃ထပ်လုံးတွင် အဆိုပါ ပုဂ္ဂိုလ်များနှင့် ပတ်သက်၍ ရည်ညွှန်းပြသထားခြင်း တခုမှ မရှိပါ။
တံခါးဝတွင် ရှိနေသော ရန်ကုန်မြို့ နေရာအနှံ့အပြားတွင် တွေ့နိုင်သည့် ခွေးလေခွေးလွင့်များကို ရှောင်တိမ်းဝင်ရောက်ပြီး အပြုံးနှင့် စကားအနည်းငယ်ဆိုရင်း စပ်စုတတ်သည့် ပြတိုက်ဝန်ထမ်းများထံတွင် ဝင်ကြေး (နိုင်ငံခြားသားများအတွက်) တ ယောက်လျှင် အမေရိကန် ၃ ဒေါ်လာနှင့် ကင်မရာအတွက် ၅ ဒေါ်လာပေးဆောင်ပြီးသည်နှင့် ဧည့်သည်များ အရင်ဆုံး မြင်ရမည့် အရာမှာ ရွှေရောင်တွေလွှမ်းနေသည့် ယခင် စစ်အစိုးရ ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ပုံကြီး ဖြစ် သည်။
ပြွတ်သိပ်နေအောင် ချိတ်ဆွဲထားသော ဆုတံဆိပ်များ၏ အလေးချိန်ကြောင့် ကြမ်းပြင်ပေါ် ဓာတ်ပုံ သူ့ဖာသာ ပြုတ်ကျမှာပင် စိုးရိမ်ရသည်။
ညာဖက်တွင်ရှိသော ပုံမှာလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စစ်တိုင်းမှူး အဖြစ်ရှိနေစဉ် ၁၉၈၁ ခုနှစ် မိုးဟိန်း စစ်ဆင်ရေး ကာလ အတွင်း ဘိန်းချက်စက်ရုံတခုကို မြန်မာ့တပ်မတော်က သိမ်းပိုက်ပြီးချိန်တွင် လုပ်ဖော်ကိုင်ဖက်များနှင့် အတူ ရိုက်ကူးထားသည့် ပုံဖြစ်သည်။
ဘယ်ဖက်မှာက မြန်မာစစ်တပ်၏ ဒုတိယအကြီးအကဲဟောင်းဖြစ်သူ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ပုံဖြစ်သည်။ ၂၀၀၀ ခုနှစ်က ရိုတ်ကူးခဲ့သည့် ဓာတ်ပုံတွင် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးက ကိုးကန့် တိုင်းရင်းသားခေါင်း ဆောင်များနှင့် လက်ဆွဲနှုတ်ဆက်ရင်း ပြုံးရယ်နေသည်။ အဆိုပါဓာတ်ပုံကို ပြတိုက်မှာပြထားခြင်းက နောက် ၉နှစ်ကြာ သည့်အခါ နှစ်ဖက်လက်နက်ကိုင် အင်အားစုများ ကိုးကန့်တို့ အခိုင်အမာတပ်စွဲထားသည့် တရုတ်-မြန်မာနယ်စပ်အနီးတွင် ပြန်လည်ကာ ထိပ်တိုက်တွေ့တော့မည်ကို ကြိုတင်နိမိတ်ဖတ် ပျက်ရယ်ပြုထားသလို ဖြစ်နေသည်။ လက်နက်ကိုင် နှစ်ဖွဲ့ကြားမှ တင်းမာမှုများကြောင့် သောင်းနှင့်ချီသော ဒုက္ခသည်များ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်းသို့ ထွက်ပြေးခဲ့ ကြရသည်။
အပေါ်ထပ်တွင် ကိုးကန့်ဒေသမှ ကျေးရွာတရွာ၏ ရှုခင်းကိုရေးဆွဲထားသော ပန်းချီကားတချပ်ရှိသည်။ ပုံထဲတွင် ကလေး ငယ်များ ကစားနေကြပြီး စိတ်အားတက်ကြွနေပုံရသည့် လယ်သမားများက တချိန်တုန်းက ဘိန်းစိုက်ပျိုးခဲ့သော ယာမြေ ပေါ်တွင် ပျော်ပျော်ရွှင်ရွှင် နှင့် အသီးအနှံများ ထွန်ယက်စိုက်ပျိုးနေကြသည်။
မြန်မာဘုရင်များလက်ထက်က တားမြစ်ပိတ်ပင်ခဲ့သော ဘိန်းစိုက်ပျိုးခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်း အလေ့အထကို နိုင်ငံခြားသားများက သယ်ဆောင်လာခဲ့ခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံတွင် ရှင်းရှင်းလင်းလင်းပင် အစဉ်အဆက် လက်ခံ ထားခဲ့ကြသည်။
ဥရောပတိုက်မှ ကုန်သည်များ အာရှဒေသသို့ ခြေချရန် ကြိုးစားလာသည့်အချိန်လောက်တွင် အိန္ဒိယမှ ဘိန်းပင်များ စတင်ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံ၏ မူးယစ်ဆေး စစ်ပွဲများသည် မြန်မာနိုင်ငံကို ၁၉ ရာစုနှစ်တွင် ဗြိတိသျှတို့ သိမ်းပိုက် ပြီးချိန်မှ အမှန်တကယ် စတင်ခဲ့သည်။
ထိုရာစုနှစ် အတွင်းမှာပင် တရုတ်နိုင်ငံတွင်လည်း ဘိန်းစစ်ပွဲများ ဖြစ်ပွားခဲ့ပါသည်။ ဗြိတိသျှ တရုတ်နိုင်ငံအတွင်းသို့ ဘိန်းများ အတင်းအကြပ် တင်သွင်းခဲ့ပြီးနောက် တရုတ်နိုင်ငံတွင် မော်စီတုန်း အာဏာရရှိချိန်တွင် ထွက်ပြေးလာသည့် ကူမင်တန်တပ်များနှင့်အတူ လွတ်လပ်ရေးရပြီးဖြစ်သော မြန်မာနိုင်ငံအတွင်းသို့ ဘိန်းစိုက်ပျိုး ခြင်း ရောက်ရှိလာခဲ့သည်ဟု မှတ်တမ်းများကဆိုသည်။
“မူးယစ်ဆေးဝါး သုံးစွဲခြင်းသည် မြန်မာ့ရိုးရာ အလေ့အထ မဟုတ် နိုင်ငံခြားသားများက နိုင်ငံအတွင်းသို့ ယူဆောင် လာခဲ့ခြင်းဖြစ်သည်” ဆိုသည့် စာတမ်းကိုလည်း တွေ့ရသည်။
သို့သော်လည်း စာပေအထောက်အထားများကို ဘေးဖယ်ကြည့်မည်ဆိုလျှင် မြန်မာတိုင်းရင်းသားဒေသများမှ ရရှိသော ဘိန်းပြောင်း အဟောင်းများအပါအဝင် မူးယစ်ဆေးဝါး သုံးစွဲရန်အတွက် ဖန်တီးပြုလုပ်ထားသည့် ပစ္စည်း အမြောက်အများ ကိုလည်း တွေ့ရသည်။
အလေးချိန်စီးပုံရသော လက်ရာမြောက်စွာ ထွင်းထုပုံဖော်ထားသည့် ကချင်ပြည်နယ်မှ ဘိန်းပြောင်းများ၏ ဘေးတွင် ပို၍သေးသွယ်ပြီး ပိုအသုံးဝင်မည့်ပုံရှိသည့် ရှမ်းပြည်နယ်မှ ပုလွေသဏ္ဍန် ဘိန်းပြောင်းများရှိသည်။ ကချင် ပြောင်းတခုတွင် ကချင်တို့ နှစ်သက်သည့် အရောင်ဖြစ်သော အနီနှင့် အစိမ်းရောင် ပန်းဖွားချိတ်ဆွဲထားသည်ကို တွေ့ရသည်။
ထောင့်နားရှိ သော့ခတ်ထားသည့် အမှောင်ခန်းတခု နားသို့ မရောက်မိတွင် ဧည့်လမ်းညွှန်အမျိုးသမီးတယောက် ပေါ် လာပြီး “ဒီပြကွက်ကို လာကြည့်ပါဦး၊ မူးယစ်ဆေးဝါး သုံးစွဲလို့ ကျန်းမာရေးထိခိုက်တဲ့ အကြောင်းတွေပြထားပါတယ်” ဟု ဖိတ်ခေါ်သည်။ မငြင်းပယ်သင့်သော ဖိတ်ခေါ်မှုဖြစ်သဖြင့် ဝင်ကြည့်လိုက်ရာ ဂငယ်ပုံ ဥမင်တခုကိုတွေ့ရပြီး အတွင်းတွင် ရုပ်ပျက် ဆင်းပျက် ပိန်လှီ အားနည်းနေသည့် မူးယစ်ဆေးစွဲနေသူတို့၏ ဓာတ်ပုံများနှင့် သွေးကြောတွင်းသို့ ဆေးထိုး အပ်နှင့် မူးယစ် ဆေးထိုးသွင်းနေကြသူတို့၏ ပုံများကို စက်ရုပ်ဆန်သည့် နောက်ခံစကားပြောသံ အတူစတင်ပြသသည်။ ပြကွက်များ ပြောင်းလဲ သွားသည့်အချိန်တွင် နောက်ခံအဖြစ်ထွက်ပေါ်လာသည့် တယောသံများကတော့ လိုက်ဖက်မှု မရှိဘဲ အပေါစား ဆန်နေသည်။
နောက်ထပ်ပြကွက်တွင် မြန်မာလူငယ်များ၏ ပုံစံတူလူရုပ်များကို မြင်ရ၏။ အချို့က ရော့ခ်ဂီတကို တီးခတ် နေကြပြီး အခြားသူတွေက အရက်သောက်နေကြသည်။ စုံတွဲတွေက ချစ်ပွဲဝင်ဖို့ပြင်နေကြသည်။ သို့သော်လည်း နောက်ဆုံးတွင် ဝိုးတဝါး မပြတ်သားသော ပြကွက်အချို့ကို ကျော်လွန်ပြီးနောက် လူငယ်များသည် မယုံနိုင်စရာ ကြောက်ရွံ့ ထိတ်လန့်ဖွယ်ကောင်းသည့် အသွင်သို့ ပြောင်းလဲသွားပြီး သေခြင်း၏ တံခါးဝသို့ ရောက်ရှိနေကြတော့သည်။ အဆက်အစပ် အစီအစဉ်များ လွဲချော်မှုတွေရှိနေသော်လည်း ကျန်းမာရေးသင်ခန်းစာတခုဖြစ်ကြောင်း သံသယဖြစ်စရာမလိုပါ။
အပေါ်ထပ်တွင် မြင်ရသော သမိုင်းပြကွက်များ၌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ရုပ်ပုံများကို ထပ်မံမြင်တွေ့ရပြန်သည်။ စစ်အာဏာရှင်ကြီးကို ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ကိုဖီအာနန်၏ ဘေးတွင် တောင့်တင်းသော လည်တိုင် ကျောက်သားလို မျက်နှာပေးနှင့် မြင်ရပြီး နောက်တန်းတွင် ရုရှားသမ္မတ ဗလာဒီမာပူတင် ပျော့တီးပျော့ခွေ ရပ်နေသည်ကိုလည်း တွေ့ရသည်။ တရုတ်သမ္မတ ကျန် ဇီမင်း နှင့် မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက် တို့နှင့်အတူ သက်တောင့်သက်သာ ပြုံး နေ သော ဓာတ်ပုံများလည်း ရှိသည်။ ရှေ့ဆက်သွားလျှင် မြန်မာတပ်မတော်၏ မူးယစ်ဆေးဝါး တိုက်ဖျက်မှုများကို ဂုဏ်ပြု မှတ်တမ်းတင်ထားသည့် ရုပ်ပုံများ ပန်းချီများနှင့် ၎င်းတို့၏ နောက်နားတွင် မူးယစ်ဆေးဝါးဆန့်ကျင်ရေးနှင့် ပတ်သက်သော နိုင်ငံတကာ အဆင့် အစည်းအဝေးများ ၏ ဓာတ်ပုံမှတ်တမ်းများ ရှိနေသည်။
မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပြတိုက်တွင် တွေ့မြင်ရသည်များသည် ချင့်ချိန်စဉ်းစားစရာ အကြောင်းတွေ ရှိနေသည်။ မြန်မာ စစ်တပ်သည် မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်သည့် လူနည်းစု တိုင်း ရင်း သားဒေသများတွင် လူ့အခွင့်အရေး ဖောက်ဖျက်မှုများ ကျူးလွန်ခဲ့သည် ဆိုသော မှတ်တမ်းမှတ်ရာ များလည်း ရှိနေ သည်။ ထို့ပြင် မူးယစ်ရာဇာများ အဖြစ်သိကြသူများကိုလည်း နေပြည်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များ အဖြစ် နှင့် မြင်တွေ့နေရသည်။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင်ဘိန်းစိုက်ပျိုးမှု အများဆုံးနိုင်ငံနေရာကို အာဖဂန်နစ္စတန်သို့ ပေးအပ်လိုက်ရသည်မှာ ကြာ ခဲ့ပြီ ဖြစ်သော်လည်း ဒုတိယနေရာမှာတော့ ခိုင်ခိုင်မာမာ ရပ်တည်လျှက်ရှိသေးသည်။ ကုသမဂ္ဂ မူးယစ်ဆေးနှင့် ရာဇဝတ်မှု တိုက်ဖျက်ရေးရုံး၏ နောက်ဆုံးထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ မြေယာ၏ ၂၃ ရာခိုင်နှုန်းတွင် ဘိန်းစိုက်ပျိုးနေပြီး တကမ္ဘာလုံး ဘိန်းထုတ်လုပ်မှု၏ ၁၀ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံမှ ဖြစ်သည်။
မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပြတိုက်သည် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက် ခံအဖွဲ့တခုဖြစ်သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ (CCDAC) ၏ ကြီးကြပ်မှုဖြင့် လည်ပတ် နေခြင်းဖြစ် သည်။ (CCDAC) ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒုတိယ ဗိုလ်မှူးကြီး ဇော်လင်းထွန်းက မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး ထုတ်လုပ်မှုကို တားဆီးနိုင်ရေးသည် တရားဥပဒေကြောင်းတခုတည်းနှင့် ဆောင်ရွက်၍ မရနိုင်သည့် ပြဿနာ ဖြစ်သည်ဟု ဆိုသည်။ “ဘိန်းစိုက်ပျိုးတဲ့နေရာတွေမှာ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတွေလည်း ပါဝင်ဖို့ လိုပါတယ်” ဟု သူက ဧရာဝတီကိုပြောသည်။
ယနေ့ အချိန်တွင် မြန်မာနိုင်ငံသည် ဘိန်းထွက်ရှိသည့် နေရာတခုသက်သက် မဟုတ်တော့ပါ။ ထိုင်းနိုင်ငံတွင် လူ သန်းနှင့် ချီ၍ သုံးစွဲနေကြသည့် မက်သဖက်တမင်း စိတ်ကြွဆေးအများစုကို ထုတ်လုပ်ပေးသည့် နေရာလည်း ဖြစ်နေပါသည်။ ၂၀၁၀ ခုနှစ် တွင် အမေရိကန် ကွန်ဂရက်လွှတ်တော် သုတေသနအဖွဲ့၏ ခန့်မှန်းမှုအရ မြန်မာနိုင်ငံ၏ မူးယစ်ဆေး ကုန်သွယ်မှုပမာဏ သည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဘီလီယံနှင့် ၂ ဘီလီယံကြားတွင်ရှိသည်ဟု သိရသည်။
မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပြတိုက်သည် သမရိုးကျမဟုတ်သော ကိစ္စများနှင့် မရည်ရွယ်ပါဘဲ ရယ်စရာ ဖြစ်ရသည့် အချက် အချို့ ရှိနေသည်ကလွဲ၍ အရှိအတိုင်းပြောရလျှင် ရန်ကုန်ကို လာရောက်သည့် ဧည့်သည်တယောက် အနေဖြင့် လာရောက်လည်ပတ်ရန် ဆွဲဆောင်နိုင်သည့် နေရာတခုဖြစ်ပါသည်။
သို့သော်လည်း နိုင်ငံခြားခရီးသွားအများစုက ၎င်းကိုသိရှိခြင်း မရှိကြသလို လာရောက်လည်ပတ်ရန်လည်း (မြန်မာနိုင်ငံသားများ ကဲ့သို့ပင်) စိတ်ဝင်စားမှု နည်းနေသယောင်ရှိသည်။ ပြတိုက်ထဲတွင် နှစ်နာရီကြာ ရှိနေခဲ့ချိန် အတွင်း အခြား ဧည့်သည် တယောက်မျှ မမြင်ရပါ။ ပြတိုက်ဝန်ထမ်းများက ခန်းမအတွင်းမှ မီးများကို ပြတိုက်ဖွင့်ချိန် တနာရီကျော်သည်အထိ မဖွင့်ထားသေးသည်ကိုလည်း သတိပြုမိခဲ့သည်။
“ဒီနေ့တော့ ဒီမှာ အရမ်းတိတ်ဆိတ်တယ်၊ တချို့နေ့တွေမှာတော့ လူ ၅၀ လောက်လာတတ်တယ်၊ တခါတလေလဲ အနည်း အကျဉ်းပဲလာတယ်” ဟု တတိယထပ်တွင် တွေ့ရသည့် ဝန်ထမ်းတဦးက စိတ်မပါသလို အမူအရာဖြင့် ပြောသည်။
ပြတိုက်ဝင်းထဲကို ဝင်ဝင်ချင်း ပထမဆုံးမြင်ရနိုင်သည်မှာ ပြတိုက်၏ ဝင်ပေါက်ရှေ့တွင် စနစ်တကျ ပုံသွင်း စိုက်ပျိုး ထား ပုံရသည့် ချုံပုတ်များကို အတန်းလိုက်တွေ့ရပြီး အနားမှာ ဦးထုပ်ဆောင်းထားသည့် ဥယျာဉ်လုပ်သားများလည်း ရှိသည်။
မူးယစ်ဆေးပင်တွေတော့ မဖြစ်နိုင်ပါ။ ဟုတ်သည်ဆိုလျှင်လည်း များလွန်းနေသည်။
“မဟုတ်ဘူးဆရာ၊ အဲဒါ နှင်းဆီတွေပါ။ အနီနဲ့ ပန်းရောင် နှင်းဆီပါ” ဟု အလုပ်သမားတယောက်က သူ့ခေါင်းပေါ်က ဦးထုပ် ကို နဖူးပေါ်အောင် ပင့်တင်လိုက်ရင်းပြောသည်။ ထို့နောက် မကြာခင်ပွင့်တော့မည့် နှင်းဆီပင်တွေဆီကို ရေ လောင်းဖို့ ပြန် လှည့်ထွက်သွား၏။
( Simon Roughneen ၏ Rose-Tinted History at Rangoon’s Drugs Elimination Museum ကို နိုင်မင်းသွင် ဘာသာပြန်သည်)