ဆောင်းပါး

နော်ဝေ ရွေးကောက်ပွဲနဲ့ မြန်မာ့နိုင်ငံရေး အမြင်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

လာမယ့် စက်တင်ဘာလ ၉ ရက်နေ့မှာ ကျင်းပမယ့် နော်ဝေရွေးကောက်ပွဲကို လေ့လာဖို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ် ၁၃ ဦး ဒီနေ့ (စနေနေ့) မှာ အော်စလိုမြို့ဆီ ရောက်လာပါမယ်။ အဲဒီပုဂ္ဂိုလ်တွေကတော့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ ကိုပြုံးချို၊ ကိုမြအေး၊ ကိုထွန်းမြင့်အောင်၊ ကိုအံ့ဘွယ်ကျော်၊ ကိုစိုးထွန်း၊ မမီမီလွင်နဲ့ မစန်းစန်းမော်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဦးသိန်းဦး၊ ဦးစောလှိုင်နဲ့ ကိုကိုဇော်။ မွန်အမျိုးသား ဒီမိုကရေစီပါတီမှ ဒေါက်တာ မင်းစိုးလင်းနဲ့ ဦးမင်းဝဏ္ဏကြီး၊ ဗကသအဖွဲ့မှ ကိုဖုန်းပြည့်ကြွယ်တို့ ဖြစ်ပါတယ်။

သူတို့ကို တာဝန်ယူ ဖိတ်ကြားတဲ့အဖွဲ့ကတော့ နော်ဝေ-မြန်မာ ကော်မီတီ (NBC) ဖြစ်ပြီး ဒီမိုကရေစီ ရှိပြီးသားနိုင်ငံတခုမှာ ရွေးကောက်ပွဲကို ဘယ်လိုဘယ်ပုံ ကျင်းပသလဲဆိုတာကို လေ့လာနိုင်ဖို့ ဖြစ်တယ်လို့ အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး Audun Aagre က ပြောပါတယ်။ “ဒီမှာ နိုင်ငံရေးပါတီတွေ ဘယ်လိုစည်းရုံး လှုပ်ရှားကြသလဲ၊ နိုင်ငံရေးအာဏာကို ဟန်ချက်ညီအောင် ဘယ်လို ထိန်းကျောင်းထားသလဲ၊ တရားဥပဒေ စိုးမိုးရေးရဲ့ တကယ့်အနှစ်သာရက ဘာလဲ၊ ဒီမိုကရေစီ နိုင်ငံတခုမှာ ပွင့်လင်းတဲ့ ဝေဖန်ထောက်ပြမှုကို ဘယ်လို ကျင့်သုံးသလဲ ဆိုတာတွေကို လေ့လာနိုင်ဖို့ဖြစ်တယ်” လို့ သူက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နိုဗဲလ် ငြိမ်းချမ်းရေးဆုရပြီး နောက်တနှစ်အကြာ ၁၉၉၂ မှာ NBC ကို စတင် တည်ထောင်ခဲ့တာဖြစ်ပြီး ဒေါက်တာ စိန်ဝင်းရဲ့ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) နဲ့ ဒီမိုကရက်တစ်မြန်မာ့ အသံ (DVB) တို့ကို ပထမဆုံး ထောက်ပံ့ကူညီခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ၈၈ ကျောင်းသားတွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားရေးအတွက် တလျှောက်လုံး ကြိုးစားလာခဲ့တာ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

ရွေးကောက်ပွဲစနစ် လေ့လာရေးအပြင် တခြားမျှော်လင့်ချက်တွေလည်း သူ့မှာရှိပါသေးတယ်။ “ရေနံနဲ့ သဘာဝဓာတ်ငွေ့ကရတဲ့ ကြွယ်ဝမှုတွေကို အများပြည်သူအတွက် နော်ဝေအစိုးရက ဘယ်လို စီမံခန့်ခွဲသလဲ ဆိုတာကိုလည်း လေ့လာစေချင်ပါတယ်” လို့ Audun က ပြောပါတယ်။ နော်ဝေနဲ့ မြန်မာဟာ ရေနံနဲ့ သဘာဝဓာတ်ငွေထွက်တဲ့ နေရာမှာ တူညီပြီး ရတဲ့ငွေကို စီမံခန့်ခွဲ အသုံးပြုတဲ့နေရာမှာ ကွာခြားနေတဲ့အတွက် နော်ဝေနိုင်ငံသား ၅ သန်းကျော်ဘဝနဲ့ မြန်မာနိုင်ငံသား သန်း ၅၀ ကျော်ရဲ့ ဘဝတွေ ဒီလို ကွာခြားနေတာ ဖြစ်တယ်လို့ ဝေဖန်သူတွေက ထောက်ပြကြပါတယ်။

ဒါက ဒီခရီးစဉ်ကို ဖိတ်ကြားသူတွေဖက်က မျှော်လင့်ချက်ပါ။ ဖိတ်ကြားခံရသူတွေ ဖက်ကရော ဘာတွေ မျှော်လင့်ထားသလဲ။ “ရွေးကောက်ပွဲစနစ် လေ့လာတာအပြင် အစိုးရတာဝန်ရှိသူတွေ၊ ဝန်ကြီးဌာနတွေနဲ့လည်း တွေ့မယ်၊ တက္ကသိုလ်အသိုင်းဝိုင်း၊ NGO အသိုင်းအဝိုင်းနဲ့လည်း တွေ့မယ်၊ မြန်မာ အသိုင်းအဝိုင်းနဲ့လည်း တွေ့မယ်ဆိုတော့ ဒီခရီးစဉ်က အများကြီး အကျိုးရှိမယ်လို့ မျှော်လင့်ထားပါတယ်” လို့ ဖိတ်ကြားခံရသူတွေထဲက တဦးဖြစ်သူ ကိုပြုံးချို ပြောပါတယ်။

သူတို့အဖွဲ့ဟာ နော်ဝေးရဲ့ ရွေးကောက်ပွဲနဲ့ နိုင်ငံရေးစနစ်ကို လေ့လာတာအပြင် ဂျာမနီနိုင်ငံရဲ့ ဖက်ဒရယ် အုပ်ချုပ်ရေးစနစ်ကိုလည်း လေ့လာဦးမှာ ဖြစ်ပါတယ်။ “ဒီခရီးစဉ်အတွင်း လေ့လာတွေ့ရှိချက်တွေကို အသွင်ကူးပြောင်းစ မြန်မာနိုင်ငံအတွက် မျှဝေနိုင်လိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်” လို့ ကိုပြုံးချိုက ဆိုပါတယ်။ NBC မှ Audun ကတော့ “ဖက်ဒရယ်စနစ်ဟာ မြန်မာ့နိုင်ငံရေး အဖြေအတွက် အရေးကြီးတဲ့ သော့ချက်တခုဖြစ်တယ်” လို့ ထောက်ပြခဲ့ပါတယ်။

ဖိတ်ကြားသူနဲ့ ဖိတ်ကြားခံရသူတွေရဲ့ အမြင်ကို အွန်လိုင်းကတဆင့် မေးပြီးတဲ့နောက်မှာတော့ နော်ဝေ ရွေးကောက်ပွဲရဲ့ နောက်ဆုံးအခြေနေကို သိနိုင်ဖို့ အော်စလိုမြို့လယ်က ပါလီမန်ရင်ပြင်ရှေ့ဆီ သွားရောက်ပါတယ်။ နော်ဝေ ပါလီမန်က နေပြည်တော်က ပါလီမန်လို လူသူနဲ့ ဝေးရာ အဝေးကြီးမှာ ဆောက်ထားခြင်း မဟုတ်။ ခြံစည်းရိုး အသေကာပြီး ဘယ်သူမှ အနားမကပ်နိုင်အောင် လက်နက်ကိုင် စစ်သားများ အစောင့်ချထားခြင်းလည်း မရှိ။ အော်စလိုဘူတာကြီးကနေ Karl Johans လမ်းအတိုင်း လာမယ်ဆိုရင် ၅ မိနစ်လောက် လျှောက်လိုက်တာနဲ့ ပါလီမန်ဆီ ရောက်နိုင်ပါတယ်။ နောက်ထပ် ၂ မိနစ်လောက် ထပ်လျှောက်ရင် နန်းတော်ကို ရောက်နိုင်ပါတယ်။ ဆိုလိုတာက ရွေးကောက်ခံ လွှတ်တော်အမတ်တွေ၊ အစိုးရမင်းတွေနဲ့ အများပြည်သူဟာ တသီးတခြားစီ ဖြစ်နေတာမျိုး မဟုတ်။ ပြည်သူကြားမှာ လွှတ်တော် ကိုယ်စားလှယ်တွေ၊ လွှတ်တော်အဆောက်အဦးတွေ ရှိနေတယ်ဆိုတဲ့ သဘောပါ။

ရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းပဲ လိုတော့တယ်ဆိုပေမယ့် အာရှက ထိုင်းနိုင်ငံတို့၊ မြန်မာနိုင်ငံတို့က ရွေးကောက်ပွဲ မဲဆွယ်မှုမျိုးလို လမ်းပေါ် မဲဆွယ်စည်းရုံးတာ၊ စပီကာနဲ့ အော်ပြီး ဟောပြောနေတာမျိုးတွေ မတွေ့ရပါ။ သတင်းစာ မဖတ်၊ တီဗီမကြည့်၊ အင်တာနက်သာ မသုံးရင် မနက်ဖြန်၊ သန်းဘက်ခါ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်နေတဲ့ နိုင်ငံတခုဆိ ရောက်နေတယ်လို့ သတိထားမိဖို့တောင် မလွယ်တဲ့ အနေအထားပါ။

ပါလီမန်ရှေ့မှာတော့ သတင်းစာတိုက်နဲ့ တီဗီဌာနတခုတို့ကနေ ယာယီတဲတွေထိုးပြီး Live Debate ရိုက်ကူးဖို့ ပြင်ဆင်နေတာ တွေ့ရပါတယ်။ ပါလီမန်နဲ့ နန်းတော်ကြား လမ်းဘေးတလျှောက်မှာတော့ ပါတီပေါင်း ၁၀ ပါတီလောက်ရဲ့ မဲဆွယ်စည်းရုံးရေး ဌာနတွေကို တွေ့ရပါတယ်။ ဒါကလည်း သတိမထားမိရင် မဲဆွယ်ဌာနမှန်း သိဖို့မလွယ်ပါ။ ၆ ပေ လောက်သာရှိတဲ့ ယာယီတဲငယ်လေးတွေထိုးပြီး ပါတီရဲ့ လက်ကမ်းစာစောင်တွေ၊ ပါတီခေါင်းဆောင်တွေရဲ့ ဓာတ်ပုံတွေ ဝေငှနေတာ၊ လမ်းသွားလမ်းလာတွေကို တဦးချင်း ရှင်းပြနေတာတွေကို တွေ့ရပါတယ်။

နောက်တခါ ထူးခြားတာက ဒီမှာ ကြိုတင်မဲကို လူတိုင်းပေးခွင့်ရှိပါတယ်။ သြဂုတ်လ ၁၂ ရက်နေ့ကနေ စက်တင်ဘာ ၆ ရက်နေ့အထိ မနက် ၁၀ နာရီကနေ ညနေ ၇ နာရီအတွင်း ပေးနိုင်သည်လို့ ကြိုတင်မဲပေးဌာနရဲ့ နံရံမှာ ရေးထားတာ တွေ့ရပါတယ်။ အားလုံး ကွန်ပြူတာစနစ်နဲ့ အသေအချာ လုပ်ထားတဲ့အတွက် ဘယ်လိုမှ လိမ်လို့မရ။ ဒါကြောင့် ရွေးကောက်ပွဲကျင်းပမယ့် တနင်္လာနေ့မှာ အလုပ်မအားတဲ့လူတွေက ပြီးခဲ့တဲ့ သတင်းနှစ်ပတ်လောက် ကတည်းစပြီး ကြိုတင်မဲတွေ ပေးနေကြပြီ ဖြစ်ပါတယ်။

“ကျနော်ကတော့ အားဘိုင်ပါတီ (Arbeiderpartie) ကိုပဲ မဲပေးခဲ့တယ်ဗျာ။ သူက အလုပ်သမားပါတီ ဆိုတော့ ကျနော်တို့လို တခြားနိုင်ငံကနေလာပြီး ဒီမှာအခြေချ အလုပ်လုပ်တဲ့သူတွေ၊ နိုင်ငံခြားသား အောက်ခြေ လူတန်းစားတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးမယ်လို့ ထင်ပါတယ်” လို့ ကြိုတင်မဲ ပေးပြီး ထွက်လာတဲ့ မြန်မာ-နော်ဝေ တဦးက ပြောပါတယ်။

မြန်မာ-နော်ဝေ ဆိုတာကတော့ နော်ဝေမှာ အခြေချ နေထိုင်တဲ့ မြန်မာတွေကို ဆိုလိုတာဖြစ်ပါတယ်။ ၁၉၈၈ အရေးတော်ပုံနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် နော်ဝေမှာ အခြေချနေထိုင်ဖို့ ရောက်လာသူ ၃၀၀၀ ကျော်ရှိပြီး အများစုဟာ တောခိုကျောင်းသားဟောင်း၊ နိုင်ငံရေးအကျဉ်းသားဟောင်းနဲ့ စစ်ပြေးဒုက္ခသည်တွေ ဖြစ်ကြပါတယ်။ ဒီနိုင်ငံရဲ့ ဥပဒေအရ နော်ဝေမှာ ၇ နှစ်နေပြီးရင် နိုင်ငံသားအဖြစ် လျှောက်ခွင့်ရှိတာကြောင့် ဒီထဲက လူဦးရေ ရာဂဏန်းကျော်ဟာ လွန်ခဲ့တဲ့ ရွေးကောက်ပွဲသက်တမ်း ၄ နှစ်အတွင်း နိုင်ငံသားတွေ ဖြစ်သွားတဲ့အတွက် အခုရွေးကောက်ပွဲဟာ မြန်မာတွေ ပထမဆုံးအကြိမ် မဲပေးခွင့်ရတဲ့ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။

မြန်မာအများစုက လက်ရှိအာဏာရ လက်ဝဲယိမ်း Arbeiderpartie အလုပ်သမားပါတီကို ကြိုက်ကြပေမယ့် ပါလီမန်ရှေ့မှာ မေးကြည့်တဲ့ နော်ဝေနိုင်ငံသား ၃-၄ ဦးကတော့ အတိုက်အခံပါတီ ဖြစ်တဲ့ လက်ယာယိမ်း Høyre ပါတီကို ကြိုက်တယ်လို့ ပြောကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီပါတီ အာဏာရရင် အခွန်တွေကို လျှော့ကောက်မယ်လို့ ကတိပေးထားတဲ့ အတွက်ကြောင့်လို့ ဆိုပါတယ်။ ဒါကလည်း နော်ဝေမှာ အလွန် အရေးကြီးပါတယ်။ ကမ္ဘာမှာ အခွန်ကောက်မှုနှုန်းထား အများဆုံးဖြစ်ပြီး ဝင်ငွေ ၁၀၀ မှာ ၃၅ ကျပ် အခွန်ကောက်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ နောက်တခါ နော်ဝေ မီဒီယာတွေရဲ့ ခန့်မှန်းချက်အရလည်း Høyre နဲ့ မဟာမိတ်တွေက အလားအလာ ပိုကောင်းနေတယ်လို့ ဆိုပါတယ်။

နော်ဝေရောက် မြန်မာအများစုကတော့ လက်ယာသမားတွေနိုင်ရင် အမျိုးသားရေးဝါဒ ခေါင်းထောင်လာပြီး နိုင်ငံခြားသားတွေအပေါ် နှိပ်ကွပ်လိမ့်မယ်။ လူမှုအခွင့်ရေးတွေ ဆုံးရှုံးလိမ့်မယ်ဆိုပြီး စိုးရိမ်နေကြပါတယ်။

ဒါပေမယ့် မြန်မာ နိုင်ငံရေးအကျဉ်းသားဟောင်း တဦးကတော့ ထူးထူးခြားခြား အလုပ်သမားပါတီကို မဲမပေးဘူးလို့ ပြောပါတယ်။ “နော်ဝေမှာနေတဲ့ မြန်မာတဦးအနေနဲ့ ကိုယ့်အခွင့်ရေးကိုယ် စဉ်းစားရင်တော့ အားဘိုင်ပါတီကိုပဲ မဲပေးရမှာပေါ့။ ဒါပေမယ့် ကျနော်က အားဘိုင်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လက်ရှိပေါ်လစီကို မကြိုက်ဘူးဗျ။ သူက ဒီမိုကရေစီ အင်အားစုတွေနဲ့စာရင် အစိုးရနဲ့ ပိုလုံးနေသလိုပဲ” ဆိုပြီး ဝေဖန်ပါတယ်။

Telenor ဆက်သွယ်ရေးကုမ္ပဏီ မြန်မာနိုင်ငံဆီဝင်သွားတာ၊ Statoil စွမ်းအင်ကုမ္ပဏီဝင်ဖို့ ကြိုးစားနေတာ၊ MPC လို့ခေါ်တဲ့ အစိုးရလက်အောက်ခံ ငြိမ်းချမ်းရေးစင်တာကို အဓိကထား ထောက်ပံ့နေတာတွေကို ထောက်ပြပြီး လက်ရှိအစိုးရရဲ့ မူဝါဒဟာ လူ့အခွင့်ရေးနဲ့ ဒီမိုကရေစီအပြင် စီးပွားရေးနဲ့ အကျိုးအမြတ်ဖက်ကိုပါ ထည့်တွက်လာတဲ့ သဘောရှိတယ်လို့ သူကဆိုပါတယ်။

ထူးခြားတာကတော့ ဒီပုဂ္ဂိုလ်ရဲ့ အမြင်ဟာ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဖိတ်ကြားတဲ့ NBC ညွှန်မှူး Audun နဲ့ သွားတူနေပါတယ်။ “ငြိမ်းချမ်းရေးအတွက် MPC ကို ထောက်ပံ့တာ ကောင်းပါတယ်။ ဒါပေမယ့် ထောက်ပံ့တဲ့ နည်းပညာနဲ့ ပညာရှင်တွေက အစိုးရဖက်မှာပဲ ရှိနေပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဖက်ဆီ မရောက်ဘူး။ တကယ်က ဒီအကူညီတွေကို ပဋိပက္ခဖြစ်နေတဲ့ ၂ ဖက်စလုံးက မျှမျှတတ ရသင့်တယ်” လို့ သူက ထောက်ပြပါတယ်။

နောက်အလားတူ အကူအညီ အတော်များများကိုလည်း အစိုးရ ဝန်ကြီးဌာနတွေကိုသာ လှူတန်းခွင့်ရပြီး NLD နဲ့ အတိုက်ခံတွေကို လှူတန်းခွင့်မရဘူး။ နိုင်ငံရေးပါတီများ ဥပဒေနဲ့ ငြိနေတယ်၊ ဒါကြောင့် နိုင်ငံတကာ အကူညီတွေအားလုံး လိုအပ်တဲ့လူတွေ၊ လိုအပ်တဲ့နေရာတွေဆီ ရောက်အောင် အသေအချာ လေ့လာ စိစစ်ဆောင်ရွက်ပေးဖို့ နော်ဝေ အစိုးရဆီ NBC က တိုက်တွန်းထားတယ်လို့ သူက ပြောပြပါတယ်။

ယခု ၁၃ ဦးပါ မြန်မာအဖွဲ့ မတိုင်ခင် ၂၀၁၂ ဧပြီလမှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲ ပြီးကာစ မေလမှာကတည်းက ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်းနဲ့အဖွဲ့ နော်ဝေ နိုင်ငံဆီ လာရောက် လေ့လာပြီး ဖြစ်ပါတယ်။ ပြီးတော့ ဇွန်လထဲမှာ ဒေါ်အောင်ဆန်းစုကြည် ရောက်လာပါတယ်။ ၂၀၁၃ အစောပိုင်းမှာတော့ ၈၈ မျိုးဆက် အဖွဲ့က ကိုမင်းကိုနိုင်၊ ပြီးတော့ သမ္မတ ဦးသိန်းစိန်နဲ့အဖွဲ့ စသဖြင့် ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။

ဒီခရီးစဉ်တွေအပြီးမှာ နော်ဝေနဲ့ ဥရောပသမဂ္ဂဆီကနေ ငွေကြေးနဲ့ နည်းပညာ အကူညီတွေ၊ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေကို မြန်မာနိုင်ငံက ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နော်ဝေနဲ့ ဥရောပနိုင်ငံတွေရဲ့ အုပ်ချုပ်ရေးစနစ်နဲ့ လူ့အခွင့်အရေး စံချိန်းစံညွှန်းအပေါ် တန်ဖိုးထားမှုတွေကိုတော့ မြန်မာနိုင်ငံဖက်က ရယူတာမျိုး အခုချိန်အထိ မတွေ့ရသေးပါဘူး။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading