အမေရိကန်နဲ့ မြန်မာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ဖို့ တကျော့ပြန် စီစဉ်နေပါတယ်။
မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး နဲ့ ပက်သက်ပြီး အမေရိကန် မူးယစ်ဆေးဝါး ထိမ်းချုပ်ရေးနဲ့ တရားဥပဒေ ထိန်းကျောင်းရေး လက်ထောက်ဝန်ကြီး မစ္စတာ ဝီလျံ အာရ် ဘရောင်းဖီးလ် မြန်မာနိုင်ငံကို စက်တင်ဘာလ ၄ ရက်နေ့က ရောက်လာပါတယ်။
အမေရိကန် လက်ထောက် ဝန်ကြီးရဲ့ စက်တင်ဘာ ၆ ရက်နေ့ အထိ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်သလို မူးယစ် တိုက်ဖျက်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ နိုင်ငံရေး ပါတီတွေ၊ လူထုအခြေပြု လူမှု အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံသွားမှာ ဖြစ်တယ်လို့ အေပီ သတင်း တပုဒ် က ဆိုပါတယ်။
မစ္စတာ ဝီလျံ ဘရောင်းဖီးလ် ဟာ စက်တင်ဘာလ ၅ ရက်နေ့ကတော့ ပြည်ထဲရေး ဝန်ကြီးဌာန ရဲချုပ် ဇော်ဝင်းနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ငန်းစွမ်းရည်မြှင့်တင်ရေး ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာက ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီလတွင်းက မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားကြဖို့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ် မစ်ချဲလ်နဲ့ မြန်မာအစိုးရတို့ သဘောတူ လက်မှတ် ရေးထိုးခဲ့ကြပြီး ၇ လ အကြာမှာ အခုလို မူးယစ် တိုက်ဖျက်ရေးဆိုင်ရာ အမေရိကန် ဝန်ကြီး အဆင့် တဦး မြန်မာနိုင်ငံကို ရောက်လာခဲ့တာပါ။
ဒါဟာ အမေရိကန် အနေနဲ့ မြန်မာရဲ့ မူးယစ်တိုက်ဖျက်ရေး လုပ်ငန်းကို တကျော့ပြန် ပူးပေါင်းဆောင်ရွက်မှုအတွက် အရေး ပါတဲ့ ခြေလှမ်းဖြစ်ပါတယ်။
ဒီခြေလှမ်းဟာ အလွန်အပြုသဘောဆောင်တဲ့ ခြေလှမ်းဖြစ်ပြီး မြန်မာနိုင်ငံရဲ့ မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းမှာ အဓိက လို အပ်တဲ့ လေ့ကျင့်သင်ကြားပေးမှုတွေ၊ အသုံးအဆောင်နဲ့ နည်းပညာ အကူအညီတွေရမယ်လို့ မျှော်လင့်ပြီး မူးယစ် တိုက်ဖျက် ရေးလုပ်ငန်းတွေမှာ အလွန်ထိရောက်လာနိုင်တယ်လို့ အရင် စစ်အစိုးရတွေ လက်ထက်က မူးယစ်တိုက်ဖျက် ရေး (ဗဟို) အဖွဲ့မှာ တာဝန် ယူခဲ့ဖူးသူ ရဲမှူးကြီးဟောင်း ဦးခမ်းအောင် က ဧရာဝတီကို ပြောပါတယ်။
“မူးယစ်ဆေးဝါး ပြဿနာဟာ ကျနော်တို့ တနိုင်ငံတည်း ပြဿနာ မဟုတ်တဲ့အတွက် ပြဿနာက ကြီးပါတယ်။ အိမ်နီးချင်း နိုင်ငံတွေနဲ့ နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှု ကျနော်တို့ အများကြီးလိုတယ်”လို့ သူက ဆိုပါတယ်။
မူးယစ် တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ လူသားအရင်းအမြစ်၊ ပစ္စည်း ကိရိယာများနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဟာ အများကြီး ခေတ်နောက်ကျ ကျန်ခဲ့ရတယ်လို့လည်း သူက ဆက်ပြောပါတယ်။
၁၉၈၈ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံက မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေအတွက် အမေရိကန်က အကန့်အ သတ် နဲ့သာ ထောက်ပံ့ကူညီမှု လုပ်ခဲ့ပြီး ၂၀၀၄ ခုနှစ်က နောက်ဆုံး အနေဖြင့် ဘိန်းခင်းတိုင်းတာရေး လုပ်ငန်းအပြီး မြန်မာကို အမေရိကန်ဘက်က အကူအညီပေးမှု ၉ နှစ်ကြာ ရပ်ဆိုင်းထားခဲ့တာပါ။
ကုလသမဂ္ဂရဲ့ စာရင်းများအရ ကမ္ဘာပေါ်က မူးယစ်ထုတ်လုပ်မှု အားလုံးရဲ့ ၂၅ ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံက ထွက်ရှိပြီး အာဖဂန် နစ္စတန်နိုင်ငံပြီးရင် ဒုတိယအများဆုံး မူးယစ်ထုတ်လုပ်တဲ့ နိုင်ငံဖြစ်တယ်လို့ သိရပါတယ်။
အာဖဂန်နစ္စတန်က တနှစ်ကို တန်ချိန် ၃ ထောင်ကျော်လောက်ထွက်ပြီး မြန်မာကတော့ တန်ချိန် ၄၀၀ လောက် ပဲ ရှိတာမို့ ကွာဟမှုလည်း သိပ်များပါတယ်လို့ ဦးခမ်းအောင် ကတော့ ထောက်ပြပါတယ်။
ဒီအတွက်ကြောင့် အမေရိကန်အနေနဲ့ မြန်မာရဲ့ မူးယစ်ထုတ်လုပ်မှု နာမည်ဆိုးဖြစ်နေတဲ့အပေါ် စိုးရိမ်မှုရှိတာပါ။ ဒါကို လည်း အခု မြန်မာနိုင်ငံကို ရောက်နေတဲ့ လက်ထောက် ဝန်ကြီး မစ္စတာ ဝီလျံ အာရ် ဘရောင်းဖီးလ် မနှစ်က ထိုင်းနိုင်ငံ ကိုလာစဉ်က သတိပေးပြောခဲ့ဖူးပါတယ်။
“အာဖဂန် နစ္စတန် နိုင်ငံမှာ တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေကို ထိန်းချုပ်လာနိုင်ဖို့ နိုင်ငံတကာက ဆောင် ရွက်မှုတွေ အောင်မြင်လာတော့ ထုတ်လုပ်မှု လျော့ကျလာတာကြောင့် မြန်မာနိုင်ငံက တရားမဝင် မူးယစ်ဆေး ထုတ် လုပ်ဖြန့်ဖြူးမှုဟာ လာမယ့် နှစ်တွေမှာ ပိုမိုကြီးမားလာဖွယ်ရှိပါတယ်။ ဒါကြောင့် မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံဟာ လာ မယ့် နှစ်တွေမှာ ဘိန်းဖြူ အပါအဝင် စိတ်ကြွဆေးတွေ ကူးသန်းရောင်းဝယ်တဲ့ လမ်းကြောင်းဖြစ်လာဖွယ်ရှိပါတယ်”လို့ သူက ပြောခဲ့တာပါ။
ဒီလို ဘိန်းစိုက်ပျိုးမှု၊ ထုပ်လုပ်ဖြန့်ဖြူးမှု များပြားလာတာဟာ မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှု ကြီးမားတာနဲ့ တရား ဥပဒေ စိုးမိုးမှု အားနည်းတာကြောင့် ဖြစ်တယ်လို့ အမေရိကန်တို့ဘက်က သုံးသပ်ပါတယ်။ ဒါကြောင့်အမေရိကန်ရဲ့ မူးယစ်တိုက်ဖျက်ရေး ဌာနဖြစ်တဲ့ Drug Enforcement Administration–DEA ကလည်း မြန်မာနိုင်ငံက မူးယစ်လုပ်ငန်းတွေ အပေါ် မျက် ခြည် မပြတ် စောင့်ကြည့်နေတာပါ။
တချိန်က အမေရိကန်က မြန်မာနိုင်ငံကို မူးယစ်တိုက်ဖျက်ရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက် နှစ်စဉ် အမေရိကန် ဒေါ်လာ ၆ သန်းကနေ ၈ သန်းအထိ အကူအညီပေးနေခဲ့ပါတယ်။
ဒါပေမယ့် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လှုပ်ရှားမှုကြီးမှာ စစ်တပ်က ပစ်ခတ် သတ်ဖြတ်မှုတွေ ဖြစ်ပြီးတော့ အမေရိကန်ရဲ့ အကူ အညီပေးမှုလည်း ကန့်သတ် ထားခဲ့တာ ကြာပါပြီ။
အမေရိကန် အကူအညီပေးခဲ့စဉ်က မူးယစ်တိုက်ဖျက်ရေး အထူး အဖွဲ့ ၆ ဖွဲ့ မြန်မာမှာ ဖွဲ့စည်းနိုင်ခဲ့ပြီး လေ့ကျင့် သင်ကြားမှု တွေ၊ အသုံးအဆောင်တွေလည်း ရှိခဲ့ပါတယ်။ ဘိန်းခင်း ဖျက်ဆီးရေးအတွက် ဆေးဖျန်းတဲ့ လေယာဉ်ပျံတွေ၊ ရဟတ် ယာဉ် တွေ၊ အရင် လေတပ်မှာ အသုံးပြုနေတဲ့ ဖော်ကာ လေယာဉ်တွေ စတဲ့ အသုံးအဆောင်နဲ့ နည်းပညာတွေ ပေးခဲ့ပြီး ထိုစဉ်က ပူးပေါင်း ဆောင်ရွက်မှုတွေဟာ အားရစရာ ကောင်းတယ်လို့ ဦးခမ်းအောင်က ဆိုပါတယ်။
အဲဒီလို မြန်မာနိုင်ငံကို မူးယစ် တိုက်ဖျက်ရေး အတွက် အမေရိကန်က ပေးတဲ့ အကူအညီတွေဟာ တိုင်းရင်းသား လက်နက် ကိုင်တွေနဲ့ ဖြစ်ပွားတဲ့စစ်ပွဲတွေမှာ မြန်မာ့တပ်မတော်က အသုံးပြုခဲ့တယ်ဆိုတဲ့ ဝေဖန်မှုတွေကလည်း တဖက်မှာ ရှိနေခဲ့ ပါ တယ်။
ဒါပေမယ့် အခု နောက်ပိုင်း ထူးခြားတာကတော့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အပစ်အခတ် ရပ်စဲရေး လက်မှတ်တွေ ရေးထိုးပြီးနောက်မှာ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု များပြား လာတာပါ။
အစီရင်ခံစာတွေအရ ဘိန်းစိုက်ပျိုး၊ ထုတ်လုပ်မှုနဲ့ မူးယစ်ဆေး ဖြန့်ဖြူးမှုတွေ မြင့်မားမှုမှာ အဓိက အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့ နဲ့ မြန်မာ့ တပ်မတော် အရာရှိတချို့လည်း ပါဝင်နေတယ် လို့ သိရပါတယ်။
မူးယစ်ဆေး ကုန်သွယ်မှုတွေမှာ မြန်မာ စစ်တပ်အရာရှိတွေ အပါအဝင် တချို့ တပ်ရင်း၊ တပ်ဖွဲ့တွေက ပါဝင် ပတ်သက် နေ တယ် ဆိုတဲ့ စွပ်စွဲမှုတွေ ရှိသလို အစိုးရဘက်က တပ်မတော် အရာရှိ တချို့ကို မူးယစ်ကိစ္စနဲ့ အပစ်ပေး အရေးယူတာ တွေ လည်း ရှိပါတယ်။
အဲဒီအပြင် မူးယစ်ဆေးဝါး ကိစ္စ ဖမ်းဆီး အရေးယူမှုတွေကို စီမံချက်နဲ့ လုပ်ကိုင်ပြီး ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေကို လည်း အခါအားလျော်စွာ မီးရှို့ ဖျက်ဆီးပြတာတွေလည်း မြန်မာအစိုးရဘက်က လုပ်ပြပါတယ်။
ဦးခမ်းအောင်ကတော့ “အခု ကြားနေရတာက ဟိုနေရာဖမ်းမိပြန်ပြီ၊ ဒီနေရာဖမ်းမိပြန်ပြီဆိုပေမယ့် ကျနော်တို့ အနေနဲ့ တကယ်တမ်းပြောရရင် ဒါဟာ အပေါ်ယံ သဘောလောက်ပဲ ရှိနေပါသေးတယ်။ အပေါ်ယံလေးပဲ ခြစ်မိတာလေးပဲ ရှိ သေးတယ်။ တကယ်တမ်း ကျနော်တို့ မတွေ့သေးဘဲ လွတ်သွားတာတွေ ဘယ်လောက်များလဲ ခန့်မှန်းလို့ မရဘူး”လို့ ဆိုပါတယ်။
တဖက်ကလည်း ဘိန်းစိုက်တောင်သူတွေကို အခြား စီးပွားရေး လုပ်ငန်း လုပ်ကိုင်နိုင်ဖို့ ဘိန်းအစားထိုး သီးနှံစိုက်ပျိုးမှု စီမံကိန်းတွေနဲ့ပတ်သက်လို့လည်း သူက “ဘိန်းစိုက်တောင်သူတွေကို အစားထိုး သီးနှံစိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းလုပ် ဖို့ အတွက် အကူအညီပေးတာမှာ အတော် အားနည်းတယ်။ နိုင်ငံတော် အစိုးရအပိုင်းကလည်း မလုပ်နိုင်တဲ့အပိုင်းက လက်လှမ်းမမီတဲ့ နေရာတွေ ရှိတယ်။ နိုင်ငံတကာ အကူအညီကလည်း အဲဒီအပိုင်းမှာ အတော်အားနည်းတယ်” လို့ ဦးခမ်းအောင်က ပြောပါတယ်။
အရင်တုန်းက အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့စဉ်က ဘိန်းစိုက်တောင်သူတွေ အတွက် ဘိန်းအစားထိုး စီမံကိန်းတွေ တခြား ဘာတွေလုပ်ပေးနိုင်မလဲ ဆိုတာ အမေရိကန်နဲ့ ကုလသမဂ္ဂကို နှစ်စဉ် တောင်းဆိုခဲ့ပေမယ့် ဘာအကူအညီမှ မရခဲ့ ဘူး လို့လည်း သူက ဆက်ပြောပါတယ်။
“ဘိန်းစိုက်တဲ့ တောင်သူတွေက စိုက်ချင်လို့ စိုက်နေကြတာမဟုတ်ဘူး။ ဒီအပိုင်းကို ဇောင်းပေးမယ် ဆိုရင်တော့ မကြာခင် ဘိန်း ပပျောက်သွားမယ်လို့ ကျနော် ထင်ပါတယ်၊ မဟုတ်ရင်တော့ အတော်ကြာမယ်” လို့ ဦးခမ်းအောင်က ဆိုပါတယ်။
တခါ မူးယစ် ထုတ်လုပ်ဖြန့်ဖြူးမှု ကိန်းဂဏန်းမြင့်မားမှုဖြစ်ရတဲ့ နောက်တချက်က မြန်မာနိုင်ငံမှာက တိုင်းရင်းသား လက် နက် ကိုင် အဖွဲ့အစည်းတွေ ပါဝင် ပတ်သက်နေတာပါ။
နိုင်ငံရေး နောက်ခံနဲ့ အဖွဲ့အစည်းတွေ ရှိကြသလို စီးပွားရေးလုပ်ကိုင်တဲ့ အဖွဲ့အစည်းမျိုးတွေလည်း ရှိကြတာပါ။ လက်နက် ကိုင်အဖွဲ့ ၁၇ ဖွဲ့ ရှိတယ်လို့ အစိုးရဘက်က ပြောဆိုထားပေမယ့် တကယ်တမ်း ရှမ်းပြည်နယ် တခုအတွင်းမှာပဲ လက်နက် ကိုင် အဖွဲ့ပေါင်း ၂၀၀ လောက် ရှိနေတာပါ။
အဲဒီအဖွဲ့တွေက သူတို့ ရပ်တည် ရှင်သန်ရေးအတွက် မူးယစ်ဆေးဝါး စိုက်ပျိုး၊ ထုတ်လုပ်၊ ဖြန့်ဖြူးတဲ့ လုပ်ငန်းတွေနဲ့ ပတ် သက် ကြရသလို တချို့လည်း ဒီလို လုပ်ငန်းလုပ်တဲ့သူတွေအပေါ် ဆက်ကြေး ကောက်စားပြီး ရပ်တည်ကြတာမျိုးလည်း ရှိပါတယ်။
“အရင်တုန်းက ဗ၊ က၊ ပ (ဗမာပြည် ကွန်မြူနစ် ပါတီ) တောင်မှ ဘိန်းကုန်ကူးတာနဲ့ မကင်းခဲ့ကြပါဘူး၊ သက်သေ
သာဓက တွေ အများကြီးရှိပါတယ်။ ကျန်တဲ့ အဖွဲ့အစည်းတွေကလည်း သူတို့ရဲ့ စားဝတ်နေရေး၊ သူတို့ရဲ့ ရပ်တည်ရေး အတွက် ရန်ပုံငွေ ရှာတဲ့အခါ ဒါနဲ့ ပတ်သက်လို့ မကင်းပါဘူး။ အနည်းဆုံးတော့ သူတို့နယ်မြေ ဖြတ်တယ်ဆိုရင် အခွန် ကောက်ကြတာပါပဲ”လို့ ဦးခမ်းအောင်က ရှင်းပြပါတယ်။
ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေး နှိမ်နင်းရေးလုပ်ငန်းတွေကို မြန်မာအစိုးရအပါအဝင် ကုလသမဂ္ဂ မူးယစ်ဆေးဝါး နဲ့ ရာဇဝတ်မှု ဆိုင်ရာရုံး(UNODC) အဖွဲ့တွေနဲ့ နိုင်ငံတကာက အစိုးရမဟုတ်တဲ့ အဖွဲ့တွေ၊ ဒေသခံ အဖွဲ့တွေ ပူးပေါင်းပြီး လုပ်ကိုင်နေကြ တာတွေ မြန်မာနိုင်ငံမှာ ရှိနေပေမယ့် မူးယစ် ထုတ်လုပ်ဖြန့်ဖြူး၊ ကုန်သွယ်မှု အများဆုံး နိုင်ငံတွေစာရင်း ထဲမှာ မြန်မာနိုင်ငံ ဟာ ရှေ့တန်းက ပါဝင်နေဆဲဖြစ်ပါတယ်။
အာဆီယံဒေသကို မူးယစ်ကင်းမဲ့ဇုန် ဖြစ်ရေး ၂၀၁၅ ခုနှစ် လျာထားပေမယ့် မြန်မာအပေါ် မူတည်တယ်လို့ ထိုင်းက မနှစ် က ပြောထားပါတယ်။ ဒီနောက်ပိုင်း မြန်မာကလည်း ကနဦးက ၂၀၁၅ ခုနှစ် နောက်ဆုံး မူးယစ်ကင်းစင်ရမယ်လို့ သတ်မှတ် ထားရာက နောက်ထပ် တနှစ်တိုးပြီး သတ်မှတ်လိုက်ရပါတယ်။
အရင် ၁၉၉၉ -၂၀၀၀ ခုနှစ်က ၂၀၁၃-၂၀၁၄ ခုနှစ်အထိ ချမှတ်ထားတဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ၁၅ နှစ် စီမံကိန်းကို နောက်ထပ် ၅ နှစ် ထပ်မံတိုးမြှင့် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဇွန်လ ၂၆ ရက်က ကျင်းပတဲ့ ကမ္ဘာ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဗဟို က ရဲမှူးကြီး ဝင်းနိုင်က ပြောဆိုထား ပါတယ်။
အဲဒီ အခမ်းအနားမှာ ကာလတန်ဖိုး အမေရိကန် ဒေါ်လာ ၇၆ သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ မီးရှို့ ဖျက်ဆီးမှု ပြုလုပ်ခဲ့ပါတယ်။
အခု တကျော့ပြန် စီစဉ်လာတဲ့ အမေရိကန်နဲ့ မြန်မာ ၂ နိုင်ငံ မူးယစ် တိုက်ဖျက်ရေး လုပ်ငန်းတွေ ပူးပေါင်းလုပ်ဆောင်မှု၊ ထောက်ပံ့ ကူညီမှုတွေ ဘယ်လို သဘောတူကြမလဲ၊ အောင်မြင်အောင် ဘယ်လိုလုပ်ကြမလဲ ဆိုတာကတော့ ဆက် လက် စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။ ။