မုဒိမ်း အဓမ္မပြုကျင့်မှုဟာ အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ အိန္ဒိယနိုင်ငံရဲ့ အဆိုးဝါးဆုံး ရာဇဝတ်မှုလို့ အဆိုရှိကြပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးကဆို “အမျိုးသားရေး ပြဿနာ”လို့တောင် ပြောဆိုဝေဖန်ခဲ့ဖူးပါတယ်။
တကယ်လည်း အိန္ဒိယဟာ နှစ်ပေါင်း ၂၀၀၀ နီးပါး သက်တမ်းရှိတဲ့ ကာမသှျှတ္တရကျမ်း (Kama Sutra) ရဲ့ မူရင်း နိုင်ငံ။ အွန်လိုင်းပေါ်မှာ ဘာတွေ Search အများဆုံး လုပ်ကြသလဲဆိုတာကို စောင့်ကြည့်တဲ့ Google Trends ရဲ့ အဆိုအရ အိန္ဒိယဟာ “sex” ဆိုတဲ့ စကားလုံးကို ရိုက်ထည့်ပြီး ရှာတဲ့ ထိပ်ဆုံး ၇ နိုင်ငံမှာ ပါဝင်နေတယ်။ အိန္ဒိယမှာ မိနစ် ၂၀ တိုင်းမှာ မိန်းကလေးတယောက် မုဒိမ်းကျင့်ခံ နေရတယ်။
အရင်တပတ်က အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်းက ရာဂျက်စသန် ပြည်နယ်မှာ အသက် ၁၆ အရွယ် ကျောင်းသူလေးတယောက်ကို မုဒိမ်းကျင့်တယ်လို့ စွပ်စွဲခံရပြီး အသက် ၇၂ အရွယ် ဂုရုကြီးတပါးကို ဖမ်းဆီးခဲ့တယ်။ ဒီမတိုင်ခင်ကလည်း လူတွေ ဟိုးလေးတကျော် မုဒိမ်းမှုတွေ ဆက်တိုက် ပေါ်ပေါက်ခဲ့တယ်။ သြဂုတ်လ ၁၂ ရက်နေ့က ချယ်ရစ္စဂါး ပြည်နယ်မှာ အသက် ၇ နှစ်အရွယ် ကလေးတယောက် ရထားအိမ်သာမှာ မုဒိမ်းကျင့်တာခံလိုက်ရတယ်။ မေလတုန်းက ဂန်ဆော ဆိုတဲ့ မြို့ငယ်ကလေးမှာ အသက် ၄ နှစ် အရွယ်ကလေး တယောက်ကို အသက် ၃၅ နှစ်အရွယ် လူတယောက်က မုဒိမ်းကျင့်ပြီး နှိပ်စက်လိုက်တာ သေဆုံးသွားခဲ့တယ်။ ၂၀၁၂ ဒီဇင်ဘာလထဲမှာ အသက် ၂၃ နှစ်အရွယ် ဆေးကျောင်းသူတယောက်ကို နယူးဒေလီမြို့မှာ လိုင်းကား တစီးပေါ်မှာ လူ ၆ ယောက်က အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး နှိပ်စက်ခဲ့တယ်၊ ဒဏ်ရာ အပြင်းအထန်နဲ့ နောက်ဆုံး စင်ကာပူက ဆေးရုံမှာ သေဆုံးခဲ့တယ်။ သြဂုတ်ထဲမှာ အသက် ၂၃ နှစ်အရွယ် ဓာတ်ပုံ သတင်းထောက်မလေးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်တဲ့အမှု ပေါ်ပေါက်ခဲ့တယ်။
အိန္ဒိယမြေပေါ်မှာ မုဒိမ်းကျင့်ခံရတဲ့ အထဲမှာ နိုင်ငံခြားသူတွေလည်း မလွတ်ပါဘူး။ မတ်လထဲမှာ အသက် ၃၉ နှစ်အရွယ် ဆွစ်ဇာလန် နိုင်ငံသူကို အိန္ဒိယ နိိုင်ငံ အလယ်ပိုင်းမှာ လူ ၈ ယောက် လောက်က အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့တယ်။ နောက်နှစ်လကြာတဲ့အခါ အမေရိကန် အမျိုးသမီး တယောက်လည်း မြောက်ပိုင်းက မန်နီလီ မြို့မှာ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ အတွင်း အိန္ဒိယမှာ မုဒိမ်းမှုအရေအတွက် ၈၇၃ ရာခိုင်နှုန်း တိုးလာတယ်။ ကလေးမုဒိမ်းမှုက လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ၃၃၆ ရာခိုင်နှုန်းတိုးလာတယ်။ ၂၀၀၁ ခုနှစ်မှာ ၂၁၁၃ မှု ရှိခဲ့ရာက ၂၀၁၁ ခုနှစ်မှာ ၇၁၁၂ မှု ရှိခဲ့တယ်လို့ ဆိုတယ်။ ဒါတောင် လူမသိသူမသိ အမှုတွေကို ရာနဲ့ချီပြီး မရေမတွက်နိုင်အောင်ရှိပါဦးမယ်။
အိန္ဒိယမှာ မုဒိမ်းမှုတွေ အခုလောက် ဟိုးလေးတကျော်ဖြစ်နေတာ ယဉ်ကျေးမှုကိစ္စ၊ ဆင်းရဲမွဲတေမှု၊ ရဲတွေနဲ့ တရားရုံးတွေရဲ့ မပြည့်ဝမှုကြောင့်လို့ ကျွမ်းကျင်သူတွေက ဆိုကြတယ်။ မွမ်ဘိုင်းမှာ ဓာတ်ပုံသတင်းထောက်ကို အုပ်စုဖွဲ့ မုဒိမ်းကျင့်တဲ့ အမှုမှာ ဖမ်းထားတဲ့ လူတွေ ငါးယောက်စလုံးက ပညာမတတ်ကြပါဘူး။ သုံးယောက်က ခိုးမှုနဲ့ အဖမ်းခံဖူးသူတွေ ဖြစ်နေတယ်လို့ မွမ်ဘိုင်း ရဲတပ်ဖွဲ့က ဆိုတယ်။ သူတို့တွေ အားလုံး ဆင်းရဲသား ရပ်ကွက်မှာ နေကြတယ်။ ဒေလီမြို့မှာ ဆေးကျောင်းသူကို အုပ်စုဖွဲ့ မုဒိမ်းကျင့်တဲ့ အမှုမှာလည်း ကျူးလွန်တဲ့လူ လေးယောက်က ဒေလီ မြို့ပြင် ဆင်းရဲသား ရပ်ကွက်မှာ နေကြတယ်။ ဆွစ်ဇာလန်က တိုးရစ်အမျိုးသမီးကို မုဒိမ်းကျင့်တဲ့အမှုမှာ အတူပါသွားတဲ့ ယောကျၤားကို တုတ်နဲ့ရိုက်၊ သစ်ပင်မှာ ကြိုးနဲ့ချည် ထားခဲ့တယ်။ မုဒိမ်းကျင့်ပြီးတဲ့နောက်မှာ ဆွစ်လင်မယားဆီကနေ တယ်လီဖုန်း၊ ကွန်ပြူတာနဲ့ ပိုက်ဆံ (ဒေါ်လာ ၁၈၀) လောက်ကို လုယူသွားတယ်။
အစဉ်အလာအရ မိန်းကလေးတွေကို အိမ်တွင်းပုန်းထားတဲ့ နိုင်ငံမှာ အခုတော့ မိန်ကလေးတွေကလည်း ဆရာဝန်တွေ၊ ရှေ့နေတွေ၊ သတင်းထောက်တွေ၊ ဘဏ်လုပ်ငန်းတွေ၊ ကျောင်းဆရာမတွေ ဖြစ်နေကြပါပြီ။ မြို့ပေါ်က အလုပ်တော်တော်များများမှာ အမျိုးသမီးတွေ နေရာယူထားတာလည်း တွေ့နိုင်ပါတယ်။ ဒါကို မျှော်လင့်ချက်တွေမဲ့၊ အနာဂတ်မဲ့၊ အခွင့်အရေးမဲ့ဖြစ်နေတဲ့ ယောကျၤားတွေက မရှုစိမ့် နိုင်ဖြစ်ကြတဲ့ သဘောထားနဲ့လည်း ဆိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုကြတယ်။ အစဉ်အလာ ဖိုဝါဒ ကြီးစိုးတဲ့ နိုင်ငံမှာ အမျိုးသားတွေက ပြောင်းလဲနေတဲ့ အခြေအနေကို မလိုက်မီတော့တဲ့ အခါ ကာယအားကိုးပြီး အနိုင်ကျင့်တာတွေ ဖြစ်လာတယ်။ သူတို့ အလုပ်လက်မဲ့တာကို မိန်းကလေးတွေကြောင့်လို့ မြင်ကြတယ်။ ဒါကြောင့် မိန်းကလေးတွေကို ကြောက်ပြီး အိမ်မှာပဲ နေအောင် လိင်ပိုင်းဆိုင်ရာ စော်ကား ကြတယ်လို့ ဆိုတယ်။
နောက်တချက်က ယဉ်ကျေးမှုကိစ္စနဲ့ဆိုင်ပါတယ်။ အိန္ဒိယမှာ လူသန်းပေါင်းများစွာရဲ့ အမြင်မှာ မုဒိမ်းမှုဖြစ်ရင် မိန်းကလေးတွေက ပြသနာကို ဖိတ်ခေါ်တာနဲ့လည်းဆိုင်တယ်လို့ ယူဆကြတယ်။ ခေတ်မီမီ အဝတ်အစားတွေ ဝတ်ရင် အမေတွေက သမီးတွေကို ဆူကြတယ်။ လက်ပြတ်နဲ့ ဂျင်းဘောင်းဘီ ကျပ်ကျပ် ဝတ်ရင်တောင် အမေတွေက ဆူကြတယ်။ ဒီလိုပဲ နိုင်ငံရေး သမားတွေ၊ ဘာသာရေး ခေါင်းဆောင်တွေကလည်း မုဒိမ်းကျင့်ခံရသူတွေကို အပြစ်တင်တယ်။ လွန်ခဲ့တဲ့ လေးနှစ်က ဒေလီမြို့မှာ မနက် ၃ နာရီအချိန် အလုပ်ကနေ ကားမောင်းပြန်လာတဲ့ သတင်းထောက် အမျိုးသမီး သေနတ်နဲ့ပစ်သတ်ခံခဲ့ရတဲ့အခါ၊ ပြည်နယ် အမျိုးသမီး ဝန်ကြီးချုပ် က ညကြီး အချိန်မတော်မှာ မိန်းကလေးတယောက်ဟာ ဒီလို မစွန့်စားသင့်ဘူးလို့ မှတ်ချက် ပေးတယ်။ မနှစ် ဒီဇင်ဘာက ဖြစ်ခဲ့တဲ့ နယူးဒေလီမှာ ဆေးကျောင်းသူကို အုပ်စုဖွဲ့ မုဒိမ်းကျင့်တဲ့ အမှုနဲ့ ပတ်သက်လို့ အဆရမ်ပြည်နယ်က ဂုရုကြီးတပါးကလည်း ပရိတ်သတ်ကို တရားဟောတဲ့ အခါမှာ မုဒိမ်းကျင့်ဖို့ ကြိုးစားနေတဲ့လူတွေကို ကောင်မလေးက ခြေသလုံးဖက်ပြီး တောင်းပန်လိုက်ရင် အခြေအနေ ဒီလောက် ဆိုးမှာ မဟုတ်ဘူးလို့ ပြောခဲ့တယ်။
နောက်တချက်က တရားရေးစနစ်ပါ။ ပြစ်မှုကျူးလွန်ပေမယ့် အပြစ်ပေးမခံရတဲ့ အစဉ်အလာကို အကြောင်းရင်းတခုအနေနဲ့ ထောက်ပြကြ တယ်။ ၂၀၁၁ ခုနှစ်အတွင်း တိုင်ကြားတဲ့မုဒိမ်းမှု တွေထဲက လေးပုံတပုံကိုပဲ ရုံးက စီရင်ချက်ချခဲ့တယ်။ ဒါတောင် အိန္ဒိယမှာ မုဒိမ်းမှု ၁၀ မှု ဖြစ်ရင် ၁ မှုပဲ ရုံးပေါ်ရောက်တယ်လို့ ခန့်မှန်းတာလည်း ရှိနေတယ်။ တရားရုံးတွေမှာ အမှုတခုကို စီရင်ချက်ချဖို့ ၅ နှစ်ကနေ ၁၀ နှစ်အထိ ကြာတတ်တယ်။ ဒါကြောင့် တရားလိုဘက်က စိတ်ပျက် ငြီးငွေ့လာ၊ တရားရုံးစရိတ် မတတ်နိုင်လို့ တရားရုံးအပြင်မှာပဲ ညှိနှိုင်းပြီး လျှော်ကြေးအနည်းအပါးနဲ့ ကျေနပ်လိုက်ရတာတွေ အများကြီးလို့ ဆိုတယ်။ တချို့ ဆိုးတဲ့အမှုတွေမှာ မုဒိမ်းကျင့်ခံရတဲ့ မိန်းကလေးကို မုဒိမ်းကျင့်တဲ့ လူနဲ့ အိမ်ထောင် အတင်းချပေးတာမျိုးလည်းရှိနေတယ်။ ရာဂျက်စသန် ပြည်နယ်မှာ လောလောလတ်လတ် ဖြစ်တဲ့ အမှုတခုဆိုရင် အသက် ၆ နှစ်အရွယ် ကလေးတယောက်ကို အသက် ၄၀ အရွယ် လူကြီး တယောက်က အခန်းထဲမှာ ပိတ်လှောင်ပြီး မုဒိမ်းကျင့်ခဲ့တယ်။ ရွာကောင်စီကို တိုင်တော့ မုဒိမ်းကျင့်ခံရတဲ့ ကလေးကို ရှစ်နှစ် အရွယ် မုဒိမ်းကျင့်တဲ့လူရဲ့သား (ရှစ်နှစ်အရွယ်) နဲ့ လက်ထပ်ဖို့ ရွာကောင်စီက အမိန့်ချခဲ့တယ်။ ဒီကြားထဲ မုဒိမ်းကျင့်ခံရတယ်လို့ တိုင်ကြားတဲ့ မိန်းကလေးတွေကို ဆရာဝန်တွေက လက်နှစ်ချောင်းနဲ့ မုဒိမ်းကျင့်ခံရတာ တကယ် ဟုတ်မဟုတ်၊ အပျိုဟုတ်မဟုတ် စမ်းသပ်နေတုန်းလို့ ဆိုတယ်။
၂၀၁၂ ခုနှစ်တုန်းက အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ ဇာတ်နိမ့်က အသက် ၁၅ နှစ်အရွယ် မိန်းကလေးတယောက် လူသုံးယောက်က အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံပြီးတဲ့နောက်မှာ ကျောင်းထုတ်ခံ လိုက်ရတယ်။ ဒီဇင်ဘာလထဲမှာ ပန်ဂျပ်မှာ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရတဲ့ မိန်းကလေးကို ရဲက အမှုမဖွင့်ပေးတဲ့ အတွက် သတ်သေသွားခဲ့တယ်။ အဆင်းရဲဆုံးနဲ့ ဇာတ်အနိမ့်ဆုံး မိန်းကလေး တွေဟာ မုဒိမ်းကျင့်ခံရတာ အများဆုံးဖြစ်နေတယ်။ ဥတြာပရာဒတ်ပြည်မှာ မုဒိမ်းမှု ၁၀ မှု ဖြစ်ရင် ၉ မှုက ဇာတ်နိမ့်တဲ့ မိန်းကလေးတွေကို ကျူးလွန်တာ ဖြစ်နေတယ်။
အိန္ဒိယဟာ ကမ္ဘာမှာ စီးပွားရေးတိုးတက်မှု အမြန်ဆုံး နိုင်ငံတွေထဲမှာ ပါဝင်တယ်။ အိန္ဒိယမှာ အမျိုးသမီးကို နိုင်ငံခေါင်းဆောင်အဖြစ် ရွေးခဲ့တာ ၁၉၆၀ ပြည့်လွန်ကတည်းက ဖြစ်လို့ (အမေရိကန် ပြည်ထောင်စုထက်တောင်) ရှေ့ ရောက်တယ်လို့ ဆိုနိုင်ပါတယ်။ လက်ရှိ အာဏာရ ကွန်ဂရက်ပါတီရဲ့ ခေါင်းဆောင်၊ အောက်လွှတ်တော် ဥက္ကဌက အမျိုးသမီးဖြစ်တယ်။
ဒါပေမယ့် အိန္ဒိယမှာ မိန်းကလေးတွေနဲ့ပတ်သက်လာရင် ပြသနာကတော့ နက်နက်ရှိုင်းရှိုင်းရှိနေတုန်းပါပဲ။
၂၀၁၁ ဇွန်လအတွင်းက ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံ ၂၀ ရဲ့ အခြေအနေကို (TrustLaw) အဖွဲ့က စစ်တမ်းကောက်တဲ့အခါ အိန္ဒိယဟာ အမျိုးသမီးတွေအတွက် အန္တရာယ်အများဆုံး နိုင်ငံဖြစ်နေတယ်၊ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) အဖွဲ့ရဲ့ မှတ်တမ်းတွေအရ ကက်ရှမီးယား ဒေသမှာ အိန္ဒိယစစ်သားတွေဟာ တချို့ မိန်းကလေးတွေကို အစ္စလာမ္မစ်တွေကို ထောက်ခံစာနာတယ်လို့ စွပ်စွဲပြီး မုဒိမ်းကျင့်ကြတယ်။ ရဲတွေကလည်း ဇာတ်နိမ့်တဲ့ မိန်းကလေးတွေကို မုဒိမ်းကျင့်ကြ တယ်လို့ ဆိုတယ်။ ဝါရှင်တန် အခြေစိုက် International Centre for Research on Women ရဲ့ ၂၀၁၁ သုတေသန စစ်တမ်းအတွက် မေးခဲ့တဲ့ အိန္ဒိယ အမျိုးသားတွေထဲက ၆၅ ရာခိုင်းနှုန်းက မိန်းမဆိုတာက ရိုက်နှက်ပေးရတယ်။ ဒါမှ အိမ်မြဲမယ်။ မိန်းမဆိုတာ ရိုက်နှက်တာကို သည်းခံရမယ်လို့ ယုံကြည်ကြတယ်လို့ ဆိုတယ်။ အရိုးကွဲအောင် ရိုက်မှ အသည်းစွဲအောင် ချစ်မယ်လို့ ဆိုတဲ့ မဇျွိမသားတွေ။
ဒီဇင်ဘာလက ဆေးကျောင်းသူလေး အုပ်စုဖွဲ့မုဒိမ်းကျင့်ခံရတဲ့ အမှုဖြစ်ပြီးနောက်ပိုင်း တနိုင်ငံလုံးက မြို့တွေမှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတယ်၊ အမျိုးသမီးတွေရဲ့ ဘဝလုံခြုံရေး အတွက် အမျိုးသမီးတွေကိုယ်တိုင်က ဦးဆောင်ပြီး ဆန္ဒပြလာကြတယ်။ အစိုးရကလည်း အပြစ်ကျူးလွန်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ကတိပြုထားတယ်။ ဒါပေမယ့် နှစ်ပေါင်းများစွာ ယဉ်ကျေးမှုက ပုံသွန်းလောင်းထားတဲ့ ယဉ်ကျေးမှုကိစ္စ၊ ဇာတ်ခွဲခြားတဲ့ စနစ်၊ လူတွေရဲ့ စိတ်နေစိတ်ထားကို မပြောင်းလဲနိုင်ရင် ဥပဒေက စာရွက်ပေါ်မှာပဲ ရှိနေလိမ့်မယ်လို့ သုံးသပ်ကြတယ်။ အပြောင်းအလဲကို ဦးဆောင်ရမယ့် နိုင်ငံရေးသမားတွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ ရဲတွေ၊ တရားသူကြီးတွေကို ပြောင်းလဲဖို့က အခက်အခဲဆုံးကိစ္စက ဖြစ်နေတယ်လို့ ဆိုကြတယ်။ တဖက်မှာလည်း စီးပွားရေးအလျင်အမြန် တိုးတက်နေတာနဲ့အတူ ဆင်းရဲချမ်းသာကွာဟနဲ့ အလုပ်လက်မဲ့ ပြသနာတွေကို မကိုင်တွယ်နိုင်ရင် တနိုင်ငံထဲမှာ အခွင့်အရေးမတူညီတဲ့ အလွှာနှစ်ခု ထိပ်တိုက်တွေ့မှုက ရှောင်လွှဲဖို့ ခက်မယ်လို့ ကျွမ်းကျင်သူတွေက ဆိုကြတယ်။
ကျနော်တို့ မြန်မာနိုင်ငံမှာလည်း အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတာတွေ ရှိပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ဇူလိုင်လအတွင်းက ထုတ်ပြန်ကြေညာချက်အရ ၂၀၀၃ ခုနှစ် မှ ၂၀၁၃ ခုနှစ်အထိ ၁၀ နှစ်တာ ကာလအတွင်း မုဒိမ်းမှု ၄၆၉၈ မှု ဖြစ်ပွားခဲ့ပြီး ကလေးသူငယ် မုဒိမ်း ပြုကျင့်ခံရမှု ၂၃၀၂ မှု ရှိတာကြောင့် ၄၉ ရာခိုင်နှုန်းနီးနီးက အသက်အရွယ်မပြည့်သူတွေ အစော်ကားခံနေရပါတယ်။ ကျူးလွန်သူများတွင် အရပ်သား (သူစိမ်း) ၁၉၄၈ ဦး၊ ဝန်ထမ်း ၁၄ ဦး၊ တပ်မတော်သား ၂၉ ဦး၊ သံဃာ ၃၄ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ ကျောင်းသား ၁၁ ဦး၊ ဖခင် ၈၅ ဦး၊ ပထွေး ၁၁၇ ဦးနှင့် ဆွေမျိုး ၁၂၂ ဦးတို့ ဖြစ်ကာ အဆိုပါ ကျူးလွန်သူများထဲတွင် အသက် ၁၆ နှစ်အောက် ကလေးသူငယ် ၇၆ ဦး ပါဝင်ခဲ့ကြောင်း သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတော့ ဇန်နဝါရီလ ကနေ မေလအထိ မုဒိမ်းမှု ၆၁ မှု ဖြစ်ပွားခဲ့ရာမှာ ၅၀ ရာခိုင်နှုန်းနီးပါးရှိတဲ့ ၂၉ မှုဟာ အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်များအပေါ် ကျူးလွန်ခဲ့ကြတာကြောင့် ဒီ အရေအတွက်အရ အမျိုးသမီး ၂ ယောက် အဓမ္မ ပြုကျင့်ခံရရင် ၁ ယောက်ဟာ အရွယ်မရောက်သေးသူ ဖြစ်နေတဲ့အတွက် အလွန်စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေ ရောက်နေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တ်တော်အမတ် ဒေါက်တာညိုညိုသင်းက ပြောပါတယ်။
ဒီနေရာမှာ ပြောစရာရှိတာက ဘာသာခြားတွေက မုဒိမ်းကျင့်တယ်ဆိုပြီး အဓိကရုဏ်းဖြစ်အောင် လှုံ့ဆော်သူတွေကိုပါပဲ။ ဒီလို အမျိုးသမီးတွေကို မတော်မတရားလုပ်ခံရပြီဆို မီးရှို့၊ လုယက်တာ ပြဿနာကို ဖြေရှင်းရာ မရောက်ဘဲ ပိုဆိုးသွားစေပါတယ်။ တကယ်ဆို အမျိုးသမီးများရဲ့ တန်းတူအခွင့်အရေးကို အာမခံပေးပြီး အထူးသဖြင့် အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို ဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုကို အပြည့်အ၀ ပေးသင့်ပါတယ်။ တရားခုံရုံးမှာ အများပြည်သူ လွတ်လပ်စွာ လာရောက်နာကြားခွင့်နဲ့ လွတ်လပ်စွာ သတင်းရေးသားခွင့် ရှိရပါမယ်။ ဒါမှသာ အမျိုးသမီးများအပေါ် မတော်မတရား ကျူးလွန်နေမှုများကို ထိန်းချုပ် လျှော့ချသွားနိုင်မယ်လို့ ထင်မြင်မိပါတယ်။