ဆောင်းပါး

နော်အုန်းလှ သို့မဟုတ် လယ်တောထဲက နိုင်ငံရေးသမား

This article has been converted from Zawgyi One to Unicode

အသားကညို ညို၊ လူက ခပ်၀၀၊ ဝတ်စားတာကလည်း ပကာသနမရှိ၊ မထည်ဝါပေမယ့် သူ့မျက်နှာကတော့ တွေ့ လိုက်တိုင်း ရယ်မော ရွှင်ပြုံးနေတာကို တွေ့ရမယ်။ သူ့အသက်က အခုဆိုရင် ၅၁ နှစ်ဝန်းကျင်ရှိလာပေမယ့် တောကြိုအုံကြားအထိ သွားလာနိုင်ပြီး လယ်သမားတွေရဲ့ဘဝ၊ ဆင်းရဲသား တောသူတောင်သားတွေရဲ့ ဘ၀ အရေးတွေကိုသာ တစိုက်မတ်မတ် လုံးပန်းနေခဲ့တယ်။ အဲဒီအတွက် လက်ခုပ်လက်ဝါးအတီးခံရပြီး သောင်းသောင်းဖျဖျ ကြိုဆိုကြတဲ့ ဆုတံဆိပ် လက်ခံရမယ့် စင်မြင့်တခုဆီ သူ ရောက်မသွားဘူး။ အဲဒီအစား နိုင်ငံတော် အကြည်ညိုပျက်စေမှုဆိုတဲ့ ပုဒ်မ ၅၀၅(ခ) နဲ့ ထောင်နန်း ၂ နှစ် စံမြန်းဖို့ မုံရွာထောင်ကိုသာ သူ့ကို ပို့ခဲ့ကြတယ်။ သူကတော့ ဒေါ်နော်အုန်းလှပါပဲ။

ကရင်တိုင်းရင်းသူ တယောက်ဖြစ်ပြီး လယ်သမားမျိုးရိုးက ဆင်းသက်လာတဲ့ ဒေါ်နော်အုန်းလှရဲ့ဘဝအစက သာမာန် လယ်တောသူတစ်ယောက်လို ရိုးရိုးလေး ဖြတ်သန်းခဲ့တယ်။ အဖေရဲ့နာမည်က ဦးသိန်းအောင်၊ အမေရဲ့ နာမည်က ဒေါ်ခင်ကြိုင်။ မိဘနှစ်ပါးလုံးက ကရင်လူမျိုးတွေဖြစ်ကြပြီး ရန်ကုန်တိုင်း မှော်ဘီမြို့နဲ့ ၄ မိုင်ကျော်ကွာဝေးတဲ့ ကုန်းဂမူးရွာလေးမှာ လယ်လုပ်၊ ငါးထောင်၊ နွားနဲ့အတူရုန်းရင်း လယ်ထဲမှာသာ ကြီးပြင်းခဲ့တယ်။ အတန်းပညာဆိုလို့လဲ တိတိ ပပမဟုတ်၊ အလယ်တန်းအဆင့်မှာတင် ကျောင်းကထွက်၊ လယ်ထဲ ဝင်လုပ်ခဲ့ရတာပါ။ မွေးချင်း ၇ ယောက်ရှိတဲ့အထဲမှာ သူက ဒုတိယမြောက် သမီးအကြီး။ အမ တယောက်၊ ညီမ ၂ ယောက်နဲ့ မောင် ၃ ယောက်ရှိခဲ့တယ်။ အားလုံးကလည်း ကျေးလက်နေတဲ့သူတွေ၊ နိုင်ငံရေးမျိုးရိုး မပါရှိခဲ့ဘူး။

သူ့အသက် ၂၆ နှစ်အရွယ်ရောက်တော့ ၁၉၈၈ ခုနှစ် လူထုအုံကြွမှု အရေးတော်ပုံကြီးကို မျက်ဝါးထင်ထင် တွေ့ကြုံလိုက်ရတဲ့ နောက်ပိုင်းမှာ သူ့ရဲ့ နိုင်ငံရေးဘဝက စပါတယ်။ မှော်ဘီဒေသခံတွေက ရန်ကုန်ဘက်တက်ပြီး ဆန္ဒပြဖို့ လူစုတဲ့အခါ ရန်ကုန်မှာ အခြေအနေဆိုးတွေ ဖြစ်နေတော့ မိန်းကလေးတွေ မလိုက်ကြဖို့ ပထမ စီစဉ်ထားတယ်။ အဲဒီအချိန်မှာ ဒေါ်နော်အုန်းလှက လိုက်ချင်တဲ့အကြောင်း လာပြောရင်း နောက်ဆုံး မိန်းကလေးတွေပါ လိုက်လာကြတော့တယ်။ အဲဒီထဲမှာပဲ သူ့ရဲ့ နိုင်ငံရေးစိတ်ဓါတ် ပြင်းထန်ပုံကို စတွေ့ခဲ့ရတယ်လို့ မှော်ဘီမြို့နယ် အောက်ချိုင်းကျေးရွာက ဦးတင်ငွေက ဧရာဝတီသို့ အမှတ်တရ ပြန်ပြောပြတယ်။

“သူက ရန်ကုန်ရောက်တော့ ပထမ လူအုပ်ကြီးနဲ့ အသံကြွေးကြော်တာပဲရှိသေးတယ်။ နောက်တော့ အရှေ့က ဆိုင်းပုတ်ကို ကိုင်တဲ့သူဖြစ်လာတယ်။ နောက်ဆုံး လူအုပ်အရှေ့ဆုံးက အသေခံ အလံကိုင်တဲ့သူဖြစ်လာတယ်။ သူ့ရဲ့ နိုင်ငံရေးစိတ်ဓါတ် ပြင်းထန်ပုံကို အဲဒီမှာ စမြင်လိုက်ရတယ်။ နောက်ပိုင်းတော့ သူက နိုင်ငံရေးထဲ ဇောက်ချလုပ်တော့တာပဲ” လို့ ဦးတင်ငွေက ပြောပြတယ်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းလာတော့လည်း သူ့ရဲ့ရွာက ပါတီဝင်တော်တော်များများ ဖြစ်လာခဲ့တယ်။ ရပ်ကျေးညီလာခံလုပ်တဲ့အခါ သူက အတွင်းရေးမှူးဖြစ်လာတယ်။ ၁၉၉၀ ခုနှစ် ပါတီစုံရွေးကောက်ပွဲကျင်းပဖို့ လုပ်တဲ့အခါ မှော်ဘီမြို့နယ်ထဲမှာ ပါတီအောင်နိုင်ရေးအတွက် သူရဲ့စွမ်းဆောင်မှုက ထိရောက်မှုရှိခဲ့ပါတယ်။

သူကိုယ်တိုင်က ကရင်လူမျိုးဖြစ်လေတော့ မှော်ဘီမြို့နယ်ထဲက ကရင်ရွာတော်တော်များများကို သူဦးဆောင်ပြီး စည်းရုံးမဲဆွယ်နိုင်ခဲ့တယ်လို့ ဦးတင်ငွေက ပြောပြတယ်။

“ကရင်ရွာဖြစ်တဲ့အတွက် ကျနော်တို့က အရမ်းမဝင်ရဲဘူး။ သူကတော့ တယောက်ထဲဝင်သွားပြီး အိမ်ပေါ်တက်ပြီး ကရင်စကားနဲ့ ဟိုပြောဒီပြောလုပ်လိုက်တာ မကြာခင်မှာပဲ ကျနော်တို့ကို ဝင်လာလို့ရတဲ့အကြောင်းပြောရင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မဲအောင်နိုင်ရေးတွေ လုပ်နိုင်ခဲ့တယ်။ ကရင်လူမျိုးတွေက တအားကို ရိုးကြတာ။ ဘာပါတီလဲဆိုတာ မသိဘူး။ ဗိုလ်ချုပ်သမီးပါတီလား၊ အဲဒါဆို သိပြီဆိုခဲ့တာချည်းပဲ” လို့ ဆိုပါတယ်။

သူ့ရဲ့စွမ်းဆောင်မှုကို တဖြည်းဖြည်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သိမြင်လာခဲ့ပြီးနောက် တနိုင်ငံလုံးအတိုင်းအတာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းတဲ့ ဗဟိုအမျိုးသမီးရေးရာအဖွဲ့မှာ ပါဝင်ဆောင်ရွက်ခွင့်ရခဲ့တယ်။ အဲဒီနောက်ပိုင်း နိုင်ငံရေးလုပ်ငန်းကို ပိုမို ထဲထဲဝင်ဝင် ဆောင်ရွက်လာခဲ့တယ်။

အဲဒီလို သူဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့အတူ နိုင်ငံရေးထဲကို ထဲထဲဝင်ဝင်ဆောင်ရွက်လာခဲ့တဲ့အတွက် မိသားစုနဲ့ တဖြည်းဖြည်း ဝေးကွာလာခဲ့တဲ့အကြောင်း ဦးတင်ငွေက ပြောပြတယ်။

၁၉၉၀ ရွေးကောက်ပွဲကာလမှာ သူ့ရဲ့ရွာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေ တော်တော်လေးများခဲ့ပေမယ့် အဲဒီအချိန်မှာ သူ့ရဲ့ ဦးလေးတော်သူတဦးက ထန်းတပင်မြို့နယ်ကနေ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံရာကနေ ပြသနာစတင်ခဲ့တယ်လို့ ဆိုပါတယ်။

သူ့ ဦးလေးက သူ့ရဲ့မိသားစုကို ဖိအားပေးသလို ဒေါ်နော်အုန်းလှကိုလည်း အမျိုးုသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဝေးအောင် လုပ်တယ်။ ဒါပေမယ့် သူက သူ့ရဲ့နိုင်ငံရေး ယုံကြည်ချက်ကို မစွန့်လွှတ်ရုံသာ မကဘူး။ မိသားစုက နိုင်ငံရေး လုပ်ရင် ငါတို့အိမ်ကို ပြန်မလာတော့နဲ့လို့ ပြောတဲ့အခါ အိမ်မှာ လုံး၀ မနေတော့ပါဘူး။ အဲဒီအချိန်ကလည်း ထောက်လှမ်းရေးတွေက အမြဲတမ်း သူ့နောက်ကို လိုက်ထောက်လှမ်းနေတော့ ရွာခံတွေ၊ မိသားစုတွေကလည်း တောသူတောင်သားပီပီ ကြောက်စိတ်ဝင်ခဲ့ကြတော့ သူနဲ့မိသားစုက တဖြည်းဖြည်း ဝေးကွာလာခဲ့တယ်။

ပထမတော့ သူက အိမ်ကနေထွက်ပြီး မှော်ဘီက ဝါးနက်ချောင်းရွာမှာ အရင်သွားနေခဲ့တယ်၊ နောက်တော့ မိန်းကလေး ဖြစ်တဲ့အပြင် မိသားစုလိုဖြစ်နေတဲ့ ဦးတင်ငွေက စိုးရိမ်ပြီး သူ့အိမ်မှာ လာနေဖို့ ခေါ်လိုက်တာနဲ့ ဒေါ်နော်အုန်းလှတယောက် မှော်ဘီမြို့နယ်ထဲက အောက်ချိုင်းကျေးရွာမှာ စနေဖြစ်တယ်။

“သူက ဒီဘက်ရွာက စပါးဝယ်လိုက်၊ မှော်ဘီတက်ရောင်းလိုက်၊ ရန်ကုန်မြို့ပေါ်ကို နိုင်ငံရေးကိစ္စနဲ့သွားရင်း အပြန်မှာ ရွာတွေက ကြိုက်နှစ်သက်မယ့် အထည်တွေဝယ်လာပြီး ရွာလှည့်ရောင်းချလိုက်နဲ့ သူ ဝင်ငွေရှာတယ်။ ရှာသမျှ ဝင်ငွေကလည်း နိုင်ငံရေးကိစ္စတွေမှာပဲ အသုံးပြုခဲ့တယ်။ အဲဒီလိုနဲ့ သူ့ရဲ့ နိုင်ငံရေး ရပ်တည်မှုက အမျိုးသားဒီမိုကရေစီနဲ့ပဲ တစိုက်မတ်မတ် ဆောင်ရွက်ခဲ့တယ်” လို့ ပြောပါတယ်။

ဗဟိုအမျိုးသမီးအဖွဲ့မှာ ပါလာတာ့ သူက ရန်ကုန်မြို့ထဲက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်ဆုံး အမျိုးသမီးတဦးက ရန် ကုန်ကို မှော်ဘီကနေ သွားလာနေရတာ အခက်ခဲဖြစ်မှာစိုးလို့ သူ့ရဲ့အိမ်မှာ လာနေခိုင်းတော့တယ်။ အဲဒီတော့ သူက အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်နဲ့အတူ နိုင်ငံရေးလှုပ်ရှားမှုတွေထဲကို ပိုရောက်လာခဲ့တယ်။ သူ့ရဲ့စိတ်က ဒီနိုင်ငံရေးထဲမှာပဲ စူးစူး နစ်နစ်ဖြစ်နေတယ်။ သူဟာ အချုပ်ခံရတာလည်း အကြိမ်ကြိမ်၊ ခေါ်စစ်ခံရတာလည်း အကြိမ်ကြိမ် ဖြစ်တာတောင် ပြည်သူ တွေနစ်တာတယ်လို့၊ လုပ်သင့်တယ်လို့ သူယုံကြည်လိုက်ရင် ဘယ်သူတားတား နောက်မဆုတ်ပဲလုပ်တတ်လေ့ရှိတယ်။

မှတ်မှတ်ရရ ဒေါ်အောင်ဆန်းစုကြည် မန္တလေးခရီးစဉ် ရထားနဲ့သွားဖို့ စီစဉ်တော့ အားလုံးကလိုက်ပို့ကြတယ်။ ဘူတာကြီးနားမရောက်ခင် သမ္မတရုပ်ရှင်ရုံနားရောက်တော့ ရဲတွေကတားမြစ်နေရင်း နောက်ဆုံး ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဒေါ်နော်အုန်းလှ အဖမ်းခံရတဲ့အကြောင်း အင်္ဂ ါဝတ်ပြုဆုတောင်းအဖွဲ့က ဒေါ်ချိုချိုအေးက အမှတ်တရ ပြန်ပြောပြတယ်။

“ဖမ်းတော့ ဘယ်မှာထားတယ်ဆိုတာ ဘယ်သူမှ မသိခဲ့ကြဘူး။ ဘယ်လိုမှလည်း ဆက်သွယ်မေးမြန်းလို့ မရခဲ့ဘူး။ ၂ လ ကျော်တော့မှ ထောင်ထဲမှာ သူတို့အဝတ်အစားမရှိလို့ စောင်ပတ်ပြီး ရေချိုးရတာကို ထောင်ဆူတော့မှ သူ့ကို ဆက်သွယ်ခွင့်ရခဲ့တာ” လို့ ပြောပြတယ်။

၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးအခင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဒုတိယနေအိမ် အကျယ်ချုပ်ခံလိုက်ရတယ်။ အဲဒီလိုနဲ့ ဒီပဲယင်း ၁ နှစ်ပြည်တဲ့နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့မှာပဲ ကြွသမျှ သံဃာတော်တွေကို ကျဆုံးသွားတဲ့ ကျောင်းသားပြည်သူတွေနဲ့ အကျယ်ချုပ်က ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မြောက်ဖို့ ဆုတောင်းပွဲလေး စလုပ်ကြတယ်။ အဲဒီလိုနဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တနေ့မှာ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အင်္ဂ ါဝတ်ပြုဆုတောင်းဖို့ မိသားစုပုံစံလေး စတင် ဖွဲ့စည်းလိုက်တယ်။ အဲဒီအဖွဲ့လေးက အပတ်စဉ် မပြတ်တမ်း ရွှေတိဂုံဘုရားပေါ်မှာ ဝတ်ပြုဆုတောင်းဖို့ စတင်ကြိုးစားကြတယ်။

ပထမ အချိန်တော်တော်များများက ရွှေတံဂုံဘုရားပေါ်မှာ ဝတ်ပြုခွင့်မရကြဘူး။ ၃ နှစ်လောက်အထိ ရဲတွေ၊ စွမ်းအားရှင်တွေက ပိတ်ဆို့တားဆီးမှုတွေ အများကြီးကြုံတွေ့ခဲ့ကြရတယ်။ ဒေါ်နော်အုန်းလှလာပြီဆိုရင် သူ့ကို ဂေါပကရုံးကို လိုက်ခဲ့ပါ၊ မေးစရာရှိလို့ဆိုပြီး ညနေအထိ ခေါ်သွားကြတော့ ဂေါပကရုံးထဲမှာတင် သတ်မှတ်ထားတဲ့နေ့လည် ၁ နာရီအချိန်မှာ ဝတ်ပြု ခဲ့ရတာမျိုးတွေ၊ အင်္ဂ ါထောင့်ကို သံဇကာချထားတာမျိုးတွေလည်း အများကြီးကြုံတွေ့ခဲ့ကြရတယ်။

ဒေါ်နော်အုန်းလှအပါအဝင် အင်္ဂ ါဝတ်ပြုဆုတောင်းအဖွဲ့က အဖွဲ့ဝင်တွေရဲ့ဓါတ်ပုံကို အင်္ဂ ါထောင့်မှာ ကပ်ပြီး “ကလိမ်ခြုံနိဗ္ဗာန်ဆော်များ” လို့တောင် အခေါ်ခံခဲ့ရတယ်။ အတားအဆီးအမျိုးမျိုး၊ စောင့်ကြည့်စစ်ဆေးမှု အမျိုးမျိုးနဲ့ လှောင်ပြောင်သရော်မှုတွေ ကြားမှာ ဒေါ်နော်အုန်းလှက ခိုင်မာတဲ့စိတ်နဲ့ ဒီအလုပ်ကို မပြတ်အောင် ကြိုးစားခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီဝင်တွေ တော်တော်များများလည်း အဖမ်းခံရ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံရေးလှုပ်ရှားမှု အားလျော့သွားရချိန်မှာ သူ လုံး၀ အားမရဖြစ်ရတယ်။ အဲဒီလိုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း ၁၆ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားပြီးတော့ ဒေါ်နော်အုန်းလှနဲ့အတူ ပါတီဝင်တချို့ ကုလသမဂ္ဂ အဖွဲ့ချုပ်ရုံးကို သွားပြီး တောင်းဆိုမှုတွေ လုပ်ခဲ့ရာကနေ ဒေါ်နော်အုန်းလှနဲ့အတူ ပါတီဝင် ၂၁ ဦးတို့ ပထမဆုံး ပါတီက အထုတ်ခံရ၊ ပါတီဝင်အဖြစ်က နှစ်အလိုက် ရပ်စဲခံရတာတွေ ဖြစ်တယ်။

“ကျမတို့က ကုလသမဂ္ဂရုံးကိုသွားပြီး အမေရိကန်နိုင်ငံမှာ မြန်မာ့အရေးအတွက် ဆန္ဒပြနေတဲ့ သူတွေကို ကုလသမဂ္ဂအနေနဲ့ ကြည့်ရှုစောင့်ရှောက်ပေးဖို့၊ ထိုင်းနိုင်ငံမှာ ဆန္ဒပြရင်း အဖမ်းခံရတဲ့ မြန်မာ့ကျောင်းသားတွေကို ကုလသမဂ္ဂက စုံစမ်းပေးဖို့၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရဲ့ ရလဒ်ကို အသိအမှတ်ပြုပေးဖို့ တောင်းဆိုရာကနေ ဒေါ်နော်အုန်းလှက ပါတီကနေ ထုတ်ခံလိုက်ရတယ်။ တချို့ကိုတော့ ယာယီနားပေါ့” လို့ ဒေါ်ချိုချိုအေးက ပြောပြတယ်။

အဲဒီအချိန်မှာ ဒေါ်နော်အုန်းလှတယောက် ပါတီက ဘာ့ကြောင့်ထုတ်ရတာလဲဆိုပြီး ပါတီရုံးချုပ်အရှေ့မှာ ပါတီဥက္ကဌ ဦးအောင်ရွှေကို မတ်တပ်ရပ် ဆန္ဒပြပါတော့တယ်။ သူ့ကို ရင်းနှီးတဲ့သူတွေက ဘယ်လိုပဲနားချချ လုံး၀ နားမထောင်ပဲ ပါတီရုံး ရှေ့မှာ ရက်အတန်ကြာ လာရောက် မတ်တပ်ရပ် ဆန္ဒပြတယ်။ သူနေတဲ့အိမ်ကအမျိုးသမီးကလည်း ဒီလိုမလုပ်ဖို့ တားတာနဲ့ သူ့ရဲ့စိတ်က မှန်တယ်ထင်ရင် လုံးဝအလျော့မပေးတတ်တဲ့အကျင့်ကြောင့် အဲဒီအိမ်မှာပါ လုံးဝမနေတော့ဘူး။ မှော်ဘီ၊ အောက်ချိုင်းရွာက အိမ်မှာ သွားပြန်နေတယ်။

သူဟာ ဒုတိယအကြိမ် မှော်ဘီကနေရန်ကုန်ဘက်ကိုမလာရဆိုတဲ့ ခြေချုပ်လည်း ခံရတယ်။ အဲဒီ ၂၀၀၇ ခုနှစ်အချိန်မှာ တစ်ရက် အင်္ဂါဝတ်ပြုဆုတောင်းအဖွဲ့ရဲ့ နှစ်ပတ်လည်အတွက် မှော်ဘီမြို့နယ်ထဲက ဘုန်းကြီးကျောင်းတခုမှာ ဆွမ်းကပ် အလှူပွဲလေးလုပ်မလို့ အောက်ချိုင်းရွာကနေ ထမင်း ဟင်းတွေနဲ့အတူ လိုင်းကားနဲ့အလာ သူ ကားမှောက်တယ်။

“ ခေါင်းမှာ ၁၉ ချက်တောင် ချုပ်ရတာ။ အဲဒီမှောက်တဲ့ညနေမှာ မှော်ဘီတိုက်နယ်ဆေးရုံက ကုသလို့ မဖြစ်နိုင်တာနဲ့ ရန်ကုန်ဆေးရုံကြီးကို ပို့ဖို့ လုပ်တယ်။ ဒါပေမယ့် ရဲဘက်က ရန်ကုန်မလာရ ဆိုတဲ့ခြေချုပ်ရှိတာကြောင့် အပို့ မခံဘူး။ တော်တော်လေး တွန်းတွန်းတိုက်တိုက်ပြောပြီးတော့မှ ရန်ကုန်ဆေးရုံကြီးကို တင်လို့ရတာ။ ရန်ကုန်ဆေးရုံကြီးမှာပဲ ၁ လလောက် ဆေးကုသလိုက်ရတယ်” လို့ ဒေါ်ချိုချိုအေးက ပြောပြတယ်။

အဲဒီလို နိုင်ငံရေးကို တဖက်ကလုပ်ရင်း တဖက်မှာ ရွာတွေကို လှည့်လည်ပြီး ဈေးရောင်းချတဲ့အလုပ်နဲ့ ရပ်တည်နေခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ရတဲ့ဝင်ငွေတွေ တော်တော်များများကို နိုင်ငံရေးအကျဉ်းသားများရဲ့ ထောင်ဝင်စာအတွက် အကုန် ခံခဲ့တာ များတယ်။ သူတို့ရဲ့ အင်္ဂါဝတ်ပြုဆုတောင်းအဖွဲ့လေးကလည်း တဖြည်းဖြည်းနဲ့ လူတွေ လျော့ပါးလာပြီး အမာခံ လူတချို့သာ ကျန်ရစ်ခဲ့တော့တယ်။

၂၀၀၉ ခုနှစ်မှာတော့ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ၂ နှစ်ပြည့်တဲ့ အထိမ်းအမှတ်နဲ့ မြောက်ဒဂုံက မကွေးပရိယတ္တိစာသင်တိုက်မှာ ဆွမ်းကပ်လှူဒါန်းပြီး ပြန်အလာ သင်္ဃန်းကျွန်းမြို့နယ်အရောက် အဖမ်းခံရပြီး ထောင်ဒဏ် ၂ နှစ်ချမှတ်ခြင်း ခံရတယ်။

ထောင်ကပြန်ထွက်လာတော့ ထောင်ထဲမှာ ရင်းနှီးခဲ့ကြတဲ့ အမျိုးသမီးတချို့နဲ့ အရင်ကတည်းက အင်္ဂါဝတ်ပြုအဖွဲ့လေးနဲ့ လုပ်လာတဲ့သူတချို့ပေါင်းစုပြီး ဒီမိုကရေစီနဲ့ အမျိုးသမီးကွန်ယက်ကို ဖွဲ့စည်းပြီး အမျိုးသမီးများ အခွင့်အရေးအတွက် စတင်လှုပ်ရှားတော့တယ်။ ဒါပေမယ့် အမျိုးသမီးအခွင့်အရေးကို လုပ်မယ်လို့ ဦးတည်ခဲ့ပေမယ့် ကျေးလက်ဒေသက အမျိုးသမီးအခွင့်အရေး ဆုံးရှုံးနေမှုတွေက သူနဲ့ ဘဝတူတွေအရေး လယ်ယာမြေကိစ္စတွေသဘက် ဦးလှည့်လာပြီး အများဆုံး ဆောင်ရွက်ခဲ့ကြတဲ့အကြောင်း အမျိုးသမီးကွန်ယက်မှ ဒေါ်သန္တာက ပြောပြတယ်။

“ဒေါ်နော်အုန်းလှကို ထောင်ထဲမှာ ရင်းနှီးလာခဲ့တာပါ။ ကျမ လွတ်လာပြီးနောက်ပိုင်းမှာ သူနဲ့တွဲပြီး အလုပ်လုပ်တော့ သူ့မှာ အရမ်းကို ရိုးသားဖြူစင်တဲ့ ဘဝနဲ့ စိတ်ဓါတ်ကို တွေ့လာရတယ်။ သူက ဘယ်နေရာပဲရောက်ရောက် ဒေသခံတွေနဲ့အတူ နေထိုင် စားသောက် လုပ်ကိုင်နိုင်တယ်။ ဘာနဲ့ကျွေးကျွေး စားတတ်တယ်။ ဘယ်နေရာပဲဖြစ်ဖြစ် အိပ်တတ်တယ်။ ကျမတို့တောင် သူ ဘူတာမှာတုံးလုံးကြီး အိပ်ချလိုက်တာတို့၊ ကားပေါ်မှာ ဟောက်သံတွေနဲ့ အိပ်နေတာတို့ကို အတူလိုက်ရတာ ရှက်လိုက်တာလို့ သူ့ကိုပြောရင်လည်း သူက ပြုံးပြုံးပဲ။ သူ့ကို အဲဒီလိုပြောလို့လဲ ခွန်းတုံ့မပြန်တတ်ဘူး” လို့ ပြောပြတယ်။

ဒေါ်နော်အုန်းလှက ဘယ်နေရာမှာဖြစ်ဖြစ် ရဲတွေနဲ့ရင်ဆိုင် စကားပြောရမယ်ဆို အချက်ကျကျ ပြောဆိုတတ်တဲ့အပြင် တောသူတောင်သားတွေနဲ့ တွေ့ဆုံတဲ့အခါ သူကိုယ်တိုင် လယ်သမားပီပီ လိုအပ်ရင် လယ်ထဲမှာဖြစ်ဖြစ်၊ နှမ်းခင်းထဲမှာဖြစ်ဖြစ် အတူတူလုပ်ကိုင်နိုင်တဲ့အတွက် ဒေသခံတွေနဲ့ ပိုရင်းနှီးလို့ သူ့ဆိုရင် ဒေသခံတွေက ခံစားချက်တွေကို ပိုပြော လေ့ရှိတဲ့အကြောင်းလည်း ဒေါ်သန္တာက ပြောပြတယ်။

အမျိုးသမီးကွန်ရက်အဖွဲ့နဲ့ တွဲလုပ်နေတဲ့အချိန်မှာ ဒေါ်နော်အုန်းလှတယောက် မှော်ဘီ၊ အောက်ချိုင်းရွာမှာ မအိပ်ဖြစ်တော့ပဲ ရန်ကုန်၊ စမ်းချောင်းမြို့နယ်က အိမ်တအိမ်မှာ အများဆုံး အိပ်ဖြစ်တော့တယ်။ ဒါပေမယ့် စမ်းချောင်းအိမ်မှာ အစပိုင်းတလျောက်လုံး ညဘက်အိပ်ဖို့ ရပ်ကွက်က ဧည့်စာရင်းမပေးတာကြောင့် ညဘက်ပိုင်းတွေမှာ သီရိမင်္ဂလာဈေးကိုသွားပြီး ပန်း၊ ဟင်းသီးဟင်းရွက်တွေဝယ်၊ ပျံကျဈေးတွေမှာ လှည့်ရောင်းရင် တညလုံး အချိန်ဖြုန်းခဲ့ရတဲ့ ရက်တွေလည်း မနည်းခဲ့ဘူးလို့ ဒေါ်သန္တာက ဆက် ပြောပြတယ်။

“တကယ်တော့ ဒေါ်နော်အုန်းလှဟာ ညီအကို၊ မောင်နှမတွေနဲ့လည်း အဆက်ဖြတ်၊ ရန်ကုန်မှာကလည်း သွေးမျိုးသားချင်းက မရှိနဲ့။ အပျိုကြီးကလည်းဖြစ်တော့ သားထောက်သမီးခံတွေလည်း မရှိဘူး။ သူသာ တကယ်လို့ ကျန်းမာရေး၊ အသက် အရွယ်အရ နာတဲ့အရွယ်ရောက်ခဲ့ရင် ဆည်းဆာရိပ် ဘိုးဘွားရိပ်သာကိုပဲ သွားမယ်လို့ သူ အမြဲပြောလေ့ရှိတယ်။ အဲဒီနေရာကိုလည်း သိပ်အားကိုးတယ်။ အခုဆိုရင် အသက်ကလည်း ၅၀ ကျော်လာပြီ၊ သွေးတိုးကလည်း ရှိနေတယ်” ဟု ၎င်းကဆို ပါတယ်။

မိတ္ထီလာမှာ ကျင်းပတဲ့ သြဂုတ်လ ၈ လေးလုံး အရေးတော်ပုံအ ခမ်းအနားကို သွားရင်း မုံရွာ၊ လက်ပံတောင်းဘက်ကို ဒေါ်နော်အုန်းလှ တဦးတည်း ထွက်ခဲ့တာကို ဒေါ်သန္တာက မသိလိုက်တဲ့အကြောင်း ပြောပြတယ်။ လက်ပံတောင်းဒေသခံတွေနဲ့ ပက်သက်ရင် သူ တအား သံယောဇဉ်ကြီးတဲ့အကြောင်း၊ တောသူတောင်သားတွေ မတရားခံရတယ်လို့ သူ ယုံကြည်ခဲ့တယ်လို့လည်း ဆိုတယ်။

“အခုတော့ ဒေသခံတွေ ဆန္ဒပြခွင့်မရတာကို သူကြားပြီး လက်ပံတောင်းကို သွားပြီး ဆန္ဒပြဖို့ သူက သက်ဆိုင်ရာတွေဆီ ခွင့်ပြုချက်တင်သေးတယ်။ ဒါပေမယ့် မရတော့ ဘာဖြစ်ဖြစ်ဆိုပြီး သူ ဆန္ဒပြတော့တယ်။ အဲဒါကို ဖမ်းပြီး တရားရုံးက ရုံးဆက်တိုက်ထုတ်ပြီး ၃ ရက်အတွင်း အမိန့်ချတယ်။ အရေးယူပြန်တော့လည်း ပုဒ်မ ၁၈ နဲ့မဟုတ်ပဲ ပုဒ်မ ၅၀၅(ခ) နဲ့ အရေးယူခဲ့တယ်။ ဒါ တကယ်ရော သင့်တော်လားဆိုတာ အများကြီးတွေးစရာဖြစ်တယ်။ နိုင်ငံတော်သမ္မတကြီးက ပြုပြင်ပြောင်းလဲ ရေးတွေ လုပ်နေပါတယ်လို့ ဘယ်လိုပဲဆိုဆို အောက်ခြေပိုင်းတွေမှာ ဘာမှမပြောင်းလဲသေးဘူးဆိုတာ လက်တွေ့ပဲ” လို့ ဒေါ်နော်အုန်းလှကို ပြန်လွှတ်ပေးဖို့ တောင်းဆိုရင်း ဒေါ်သန္တာက ပြောဆိုပါတယ်။

Loading