မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသည် တသန်းကျော်ကို ကြိုဆိုလက်ခံနိုင်ရေး ပြင်ဆင်နေချိန်၌ မန္တလေး အနီး ရှေးဟောင်းမြို့တော် အင်းဝရှိ အမှတ်တရ ပစ္စည်းရောင်းသူများ၊ ခရီးသွား လုပ်ငန်း လုပ်ကိုင်သူများ ကလည်း လုပ်ငန်းတွေကောင်းလာတော့မည်ဟု မျှော်လင့်ချက်တွေ မြင့်တက်လာနေသည်။
“တနှစ်ထက် တနှစ် အင်းဝကို ခရီးသည်တွေက ပိုရောက်လာကြတယ်။ ဒါပေမယ့် ကျမတို့စီးပွားရေးကတော့ ဒီအတိုင်းပါ ပဲ။ ကျမတို့ ရောင်းကောင်းတယ်လို့တော့ ပြောလို့မရဘူးပေါ့။ ဒါပေမယ့် ဒီနှစ်တော့ ပို ရောင်းကောင်းမယ်လို့ မျှော်လင့်ပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနှစ်ထဲမှာ ကျမတို့နိုင်ငံကို ကမ္ဘာလှည့်ခရီးသည်တွေ ပိုလာကြမယ်လို့ ကြားရလို့ပါ” ဟု ၂၇ မီတာမြင့်သည့် မျှော်စင်နားမှ အမှတ်တရပစ္စည်း ဆိုင်ငယ်ကလေး ဖွင့်ထားသည့် မဝင်းက ပြောသည်။ ခရီးသွား ဧည့်သည် တွေကို ဆွဲဆောင်နိုင်သည့် ထိုမျှော်စင်သည် မြို့ဟောင်းအတွင်းရှိ ၁၉ ရာစုခေတ်က နန်းတော်တွင် တခုတည်း ကျန်ခဲ့သည့် အရာဖြစ်သည်။
မန္တလေးမြို့နှင့် ၂၁ ကီလိုမီတာအကွာ မြစ်ငယ်မြစ်၏ တဖက်ကမ်းတွင်ရှိသော အင်းဝသည် ၁၄ ရာစုမှ ၁၉ ရာစု အစောပိုင်း ကာလများအထိ မြန်မာဘုရင်တို့၏ အရှိန်အဝါကြီးသော မင်းနေပြည်တော် ဖြစ် ခဲ့သည်။ အင်းဝတွင် မြန်မာနိုင်ငံအတွင်းမှ ကမ္ဘာလှည့် ခရီးသွားတွေ သွားလေ့ရှိသည့် အခြားနေရာများလိုပင် အမှတ်တရ ပစ္စည်းအရောင်းဆိုင်တွေ ပြည့်နေသည်။ အမှတ်တရ ပစ္စည်း လက်ပွေ့ရောင်းသူတွေနှင့် ကလေးငယ်တွေကလည်း လမ်းတွေပေါ်မှာ ပို့စ်ကဒ်တွေနှင့် အမှတ်တရ ပစ္စည်းတွေ ရောင်းချနေကြသည်။
“ဒီနှစ်တော့ ပိုက်ဆံပိုရမယ်လို့ ကျနော်ယုံပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဒီနှစ် ခရီးသွားရာသီမှာ ဧည့်သည်တွေ ပို ပြီး လာမယ်လို့ ကျနော့်ကို ပြောကြတယ်” ဟု အသက် ၁၃ နှစ် အရွယ်ရှိ ကိုသူ(နာမည်ရင်းမဟုတ်) ကပြောသည်။ သူက ကျောင်းပညာရေးကို လေးတန်းနှင့် အဆုံးသတ်ခဲ့ရသူဖြစ်သည်။
သူ့လိုပင် အင်းဝမှ ကလေးငယ်များသည် ပို့စကဒ်အတွဲတွေ ရောင်းရင်း မြို့ဟောင်း၏ သမိုင်းနှင့် ရှေးဟောင်း အဆောက်အဦးတွေအကြောင်း ရှင်းပြကာ မုန့်ဖိုးပိုက်ဆံတွေ ပိုရနိုင်ဖို့ စိတ်အားထက်သန်နေကြသည်။
“ကျနော်တို့က မြန်မာ ဘုရားဖူးတွေကိုပဲ ရှင်းပြပေးတာပါ။ တနေ့ကို ၁၀၀၀ ကနေ ၁၅၀၀ ကျပ်လောက်ရတတ်ပါတယ်။ ပို့စ် ကဒ်တွေချည်း သက်သက်ရောင်းတာက သိပ်တွက်ချေ မကိုက်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဘယ်သူမှ မဝယ်ချင်ကြဘူးလေ။ နိုင်ငံခြားသား တချို့တလေပဲ စိတ်ဝင်စားကြတယ်။ ကံကောင်းတဲ့ နေ့တွေကျမှ တတွဲ နှစ်တွဲ လောက်ရောင်းရတယ်။ ကဒ် ၁၀ ခုပါတဲ့ တွဲကို ၁၅၀၀ နဲ့ရောင်းပါတယ်။ ဒါကြောင့် ဒီနှစ်မှာ အရောင်းအဝယ် ပိုကောင်းဖို့ ကျနော်တို့ မျှော်လင့်နေကြ တာပါ” ဟု ကိုသူက ပြောသည်။
ထို့ပြင် သူတို့ အလုပ်မှာ အခက်အခဲတွေရှိကြောင်းလည်း ပြောသည်။
“ကျနော်တို့ ရဲတွေကိုလည်း ကြောက်ရတယ်။ တကယ်လို့ ကျနော်တို့ကို သိသွားရင်၊ ဒါမှမဟုတ် အင်တာနက်မှာ ကျနော်တို့ ဓာတ်ပုံတွေတွေ့သွားရင် သူတို့ရောက်လာပြီးတော့ ကျနော်တို့ကို ဆူမယ်။ ဒီမှာလာပြီး ဈေးမရောင်းနဲ့လို့ အတင်း မောင်း ထုတ်မယ်လေ” ဟု သူကဆိုသည်။
အင်းဝကို မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်လမ်းကနေ ကားနှင့်သွားလျှင် တနာရီခန့် မောင်းရသည်။ ကမ္ဘာလှည့် ခရီးသည် အများစုကတော့ ၃ မိနစ်မှ ၅ မိနစ်မျှကြာမည့် မြစ်ကို လှေနှင့် ဖြတ်ပြီးသွားရသည့်ခရီးကို ပိုသဘောကျကြသည်။ ထိုသို့သွားလျှင် ရှေးဟောင်းမြို့တော်မှ ကြွင်းကျန်ခဲ့သော့ မြို့ရိုးများ၊ နန်းတော်နေရာနှင့် မျှော်စင် တို့သာမက မပျက်စီးသေးဘဲ ကျန်နေသည့် သဘာဝအလှအပများကို ရှုစားခွင့်ရမည် ဖြစ်သည်။
“ရှေးဟောင်း သုတေသန နယ်မြေ” ဟု သတ်မှတ်ထားသည့် ဆိပ်ကမ်းငယ်လေးတွင် ဖုန်ထူ၍ ကြမ်းတမ်းသော လမ်းအတိုင်း မြို့ဟောင်းသို့သွားမည့် ခရီးသည်တွေကို ကြိုဆိုနေသော မြင်းလှည်းတွေ တန်းစီနေသည်။
“မနှစ်ကတော့ တော်တော်လေး အခြေအနေကောင်းတယ်။ ဒီနှစ် ဝင်ငွေပိုကောင်းမယ်လို့ ကျနော်တို့ မျှော်လင့် ထား ပါတယ်။ ကျနော်တို့ လှည်းတွေကို ပြန်ပြီးမွမ်းမံ ထားပါတယ်။ မြင်းတွေကိုလည်း သေသေချာချာ ဂရုစိုက်ပါတယ်။ သူတို့ က ကျနော်တို့ စီးပွားဖက်တွေလေ” ဟု မြင်းလှည်းသမား ကိုသန်းထွန်းကပြောသည်။
မြင်းလှည်းသမားတွေ ၏ဝင်ငွေမှာ တနေ့လျှင် ၅၀၀၀ မှ ၆၀၀၀ ကျပ်ကြားတွင်ရှိပြီး တခါတရံ အပို ဆုကြေးလည်း ရတတ်သည်။
မြန်မာ့ ခရီးသွားရာသီ၏ အမြင့်ဆုံး အချိန်က နီးကပ်လာပြီဖြစ်သော်လည်း အင်းဝက ကျင်းချိုင့်တွေပေါသည့် လမ်းတွေကတော့ ပြန်လည်ပြင်ဆင်နိုင်ရေး အတွက်စောင့်ဆိုင်းနေရဆဲဖြစ်သည်။
“မျှော်စင်ကို သွားတဲ့လမ်းနဲ့ ဗားဂရာကျောင်းကို သွားတဲ့လမ်းတချို့နေရာတွေမှာ လမ်းက အရမ်းဆိုးတယ်။ ဒါကြောင့် မြင်းလည်း ဒဏ်ရာမရအောင် လှည်းလည်း မထိခိုက်အောင် ကျနော်တို့ အရမ်းဂရုစိုက်ပြီး မောင်းရတယ်” ဟုလည်း ကိုသန်းထွန်း ကပြောသည်။
မန္တလေးမှ ဧည့်လမ်းညွှန်တွေကလည်း ခရီးသည်တွေ သက်တောင့်သက်သာသွားနိုင်ဖို့ အတွက် အင်းဝက လမ်းတွေ ချောချောမွေ့မွေ့ ရှိဖို့ လိုအပ်သည်ဟု ပြောကြသည်။
“အင်းဝက လမ်းတွေရဲ့ တချို့နေရာတွေမှာ တော်တော် အခြေအနေဆိုးပါတယ်။ တခါတလေ မြင်းချော်လဲပြီး ခရီးသည် တွေ အနည်းအကျဉ်း ထိခိုက်ဒဏ်ရာ ရတာတွေလည်း ရှိတယ်။ အင်းဝက မန္တလေးနဲ့ မိုင် နည်းနည်းပဲဝေးတာပါ။ လမ်း ကောင်းကောင်းတွေ ရှိသင့်တယ်လို့ ထင်ပါတယ်။ ဒီနှစ် ခရီးသွားရာသီမှာ လမ်းတွေကိုပြင်လိမ့်မယ်လို့တော့ ကျနော် မျှော်လင့်ပါတယ်” ဟု ဒေသခံ ဧည့်လမ်းညွှန်တယောက်က ပြောသည်။
စွန့်စွန့်စားစား သွားရတာကို သဘောကျသည့် ခရီးသည်တွေကတော့ ဤအခြေအနေနှင့် ပတ်သက်ပြီး ယခုအချိန်အထိ ကြီးကြီးမားမား အပြစ်တင် အရေးဆိုခြင်း မရှိသေးပါ။
“ခုချိန်ထိတော့ ကျနော်တို့ဆီကို အရေးတကြီး စောဒက တက်လာတာမျိုးတွေ မရှိလာသေးပါဘူး။ ဒါပေမယ့် လမ်းတွေက အရမ်းကြမ်းတဲ့ အတွက် အသက်အရွယ်ကြီးရင့်တဲ့သူတွေ အင်းဝကို မြင်းလှည်းနဲ့ သွားဖို့ မသင့်တော်ဘူးလို့တော့ ကျနော်တို့ရဲ့ ဧည့်လမ်းညွှန်တချို့က အကြံပေးကြပါတယ်” ဟု ရန်ကုန်မြို့မှ ခရီးသွားလုပ်ငန်းရှင် တယောက်ကပြောသည်။
တိရိစ္ဆာန်များနှင့် ဓာတ်မတည့်သည့် ကမ္ဘာလှည့် ခရီးသည်များက တောင်းဆိုလာလျှင်တော့ ခရီးသွားလုပ်ငန်းများက မြင်းလှည်း အစား ကားနှင့်သွားဖို့ စီစဉ်ပေးသည်ဟု သိရသည်။ ထိုသို့သော ကိစ္စမျိုးဆိုလျှင် ကြမ်းတမ်းသည့် လမ်းပေါ်တွင် ခရီးသွားရာတွင် ဘေးကင်းလုံခြုံမှု ရှိရေးက အဓိကဖြစ်လာသည်။
“ဒီနှစ်တွင်းမှာ ကျနော်တို့နိုင်ငံကို ခရီးသည်တွေ လာရောက်မှု အများဆုံးဖြစ်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ ဒါကြောင့် အင်းဝက လမ်းတွေကို အချိန်မီ ပြင်ဆင်သင့်တယ်လို့ ထင်ပါတယ်” ဟု ရန်ကုန် အခြေစိုက် ခရီးသွားလုပ်ငန်းရှင် က ပြော သည်။
၁၈၃၉ ခုနှစ် သာယာဝတီမင်းလက်ထက်တွင် ပြင်းထန်သည့် ငလျင်ကြီးတခု လှုပ်ခဲ့ပြီးနောက် မြို့တော်ကို အမရပူရ သို့ ရွှေ့ ပြောင်းခဲ့သည့် နောက်တွင် အင်းဝသည် စွန့်ပစ်ခံရသည့် မြို့တမြို့ ဖြစ်လာခဲ့သည်။
မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနမှ ပြုစုထားသည့် စာရင်းဇယားများ အရဆိုလျှင် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွား ဝင်ရောက်မှုသည် ၂၀၁၁ ခုနှစ်တွင် ၈ သိန်းကျော်အထိတိုးတက်လာခဲ့ပြီး ယမန်နှစ်က တသန်းကျော်သွားခဲ့သည်။ ယခုနှစ် ဒီဇင်ဘာလ၌ မြန်မာနိုင်ငံတွင် အရှေ့တောင်အာရှ အားကစားပွဲ ကျင်းပရန်ရှိနေရာ ခရီးသွားများ ယခင်နှစ်ကထက် ပိုမိုရောက်ရှိလာလိမ့်မည်ဟု ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနမှက ခန့်မှန်းမျှော်လင့်ထားသည်။
ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနမှ မကြာသေးမီက ထုတ်ဝေဖြန့်ချီခဲ့သော ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး စီမံချက်များ အရ ၂၀၁၅ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသည် ၃ သန်းကျော်လာရောက်လည်ပတ်စေရန် ဆွဲဆောင်နိုင်ဖို့ ရည်ရွယ်ထား ကြောင်းလည်း သိရှိရသည်။