ရခိုင်ရိုးရာဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသားနှစ်ဦးက ကိုယ်စီကိုင်ဆောင်ထားသည့် ခရုသင်းကို မှုတ်လိုက်ပြီးသည်နှင့်တပြိုင်နက်၊ ရိုးရာစည်တော်တီးသံ တဒိန်းဒိန်းက မြန်မာကွန်ဗင်းရှင်းစင်တာ၏ ဟောခန်းမအတွင်းလွှမ်းမိုးသွားလေသည်။ ရခိုင်စည်းချက်ဝါးချက်နှင့် ညီသည့် ပုလွေသံသာသာယာယာကလည်း တဆက်တည်းပျံ့လွင့်လျှက်ရှိသည်။ အလားတူ ရခိုင်တေးရေးဆရာ တစ်ဦးက ဦးဥတ္တမအား ဂုဏ်ပြုရေးဖွဲ့ထားသည့် မင်္ဂလာရတုပိုဒ်စုံရွတ် ဖတ်သံသည်လည်း စည်းချက်များနှင့်အညီ နာပျော်ဖွယ် ပေါ်ထွက်လာလေသည်။
ကျယ်ပြောလှသော ခန်းမကြီးအတွင်းတွင် အခမ်းအနား တက်ရောက်လာသူများသည် လက်ခုပ်သံတဖြောင်းဖြောင်းတီးကာ အားပေးလျှက်ရှိသည်။ ခန်းမအတွင်းတွင် လူပေါင်းထောင်နှင့်ချီကာ နေရာယူလျက်ရှိသည်။ ထိုင်ခုံများနှင့် မလုံလောက်ခြင်းကြောင့် မတ်တပ် ရပ်လျှက်နေရာယူထားသူများကလည်း ခြေချစရာပင်နေရာမရှိလောက်အောင် ရှိနေလေ၏။
စက်တင်ဘာ ၉ ရက်တွင် ကျင်းပသည့် ထိုအခမ်းအနားကား ယခင်အစိုးရများလက်ထက်တွင် လွတ်လပ်စွာ စည်စည်ကားကား ကျင်းပခွင့်မရခဲ့သည့် ဆရာတော်ဦးဥတ္တမ ပျံလွန် တော်မူခြင်း ၇၄နှစ်မြောက်နေ့ အောက်မေ့ဖွယ် အခမ်းအနားပင်ဖြစ်သည်။ ဆရာတော်သည် ၁၉၃၉ခုနှစ်၊ စက်တင်ဘာ၊ ၉ရက်တွင် နိုင်ငံရေးလောကဓံများကို ရင်ဆိုင်ရကာ စိတ်မကျန်းမာမှုကို ခံစားရပြီး ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။
အခမ်းအနားသို့ ဦးဥတ္တမနေ့ အထိမ်းအမှတ် တီရှပ်များ ဝတ်ဆင်ထားသည့် ရခိုင်လူငယ်အဖွဲ့အစည်းများကိုလည်း တွေ့ရသည်။ နောက်ကျောတွင် “နောက်ဆုံးမှာ ဘယ်အရာမဆို အမှန်တရားက နိုင်စမြဲ”ဆိုသည့် ဆရာတော်၏ အဆိုအမိန့်ပါ စာတမ်းများကို ရိုက်နှိပ်ထား သည်။
စင်မြင့်ပေါ်တွင် ပန်းပေါင်းစုံဖြင့် ပူဇော်ထားသည့် ဆရာတော်၏ ရုပ်ထုပန်းချီများကို တွေ့နိုင်သည်။ အခမ်းအနားတွင် လွတ်လပ်ရေးမတိုင်မီ ခေတ်တစ်လျှောက်လုံး ဆရာတော်ဖြတ်သန်းခဲ့ရသည့် သမိုင်းများ၊ နိုင်ငံရေးတိုက်ပွဲဝင်စဉ်ကာလ ရှားပါးဓာတ်ပုံများကို ခင်းကျင်းပြသထားသည်။ ဆရာတော် သက်ရှိထင်ရှားရှိခဲ့စဉ်က ဗုဒ္ဒဂါယာသို့ သွားရောက်ခဲ့သည့် ဗီဒီယိုဖိုင်ကိုလည်း ပြသခဲ့သည်။
ရန်ကုန်မြို့ မရမ်းကုန်မြို့နယ် မင်းဓမ္မလမ်းပေါ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာတွင် ဆရာတော်ဦးဥတ္တမနေ့ ကျင်းပလျှက်ရှိသည့်အချိန်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့အပါအဝင် အခြားမြို့နယ်အချို့တွင်လည်းကောင်း၊ ထိုင်း-မြန်မာနယ်စပ်ရှိ မဲဆောက်မြို့တွင်လည်းကောင်း အခမ်းအနားပွဲများကို ကျင်းပလျှက်ရှိလေသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလ တစ်လျှောက်လုံးတွင် ရှေ့တန်းမှပါဝင်ခဲ့သဖြင့် ရခိုင်တိုင်းရင်းသားတစ်ဦးဖြစ်သည့် ဆရာတော်ဦးဥတ္တမ၏ အခန်းကဏ္ဍကို ကျောင်းသင်ရိုးညွန်းတမ်း၏ စတုတ္ထတန်းမြန်မာ့သမိုင်းဖတ်စာတွင် ဖော်ပြခံခဲ့ရသည်။
“ဆရာတော်ဦးဥတ္တမ၏ ငယ်မည်မှာ ပေါ်ထွန်းအောင်ဖြစ်သည်။ မိဘများမှာ ကုန်သည်ဦးမြနှင့် ဒေါ်အောင်ကျော်သူတို့ဖြစ်ကြသည်။ ပေါ်ထွန်းအောင်ကို ၁၈၇၉တွင် စစ်တွေမြို့၌ မွေးဖွားခဲ့သည်”ဟု အစချီသည့် မြန်မာ့သမိုင်းဖတ်စာ တစ်ပုဒ်ပင်ဖြစ်သည်။
သူ့ကျွန်ဘ၀ လွတ်မြောက်ရေး အမျိုးသားလှုပ်ရှားမှုများပေါ်ထွန်းလာစေရန် မြန်မာလူမျိုးတို့၏ နိုင်ငံရေးမျက်စိဖွင့်ပေးခဲ့သူ၊ “အာရှနေဝန်း”ဟု ပင် တင်စားခေါ်ဝေါ်ခဲ့သည့် ဆရာတော်သည် ရခိုင်လူမျိုးများအတွက် ဂုဏ်ယူဖွယ်၊ အထွဋ်အမြတ်ထားဖွယ် သူရဲကောင်းတစ်ဦးဖြစ်၏။ မျိုးချစ်စိတ်ဓာတ်ကို ရှင်သန်ခိုင်မြဲစေခဲ့သူဖြစ်၏။
ထိုစဉ်က ဆရာတော်အသျှင်ဥတ္တမ၏ လွတ်လပ်ရေးကြိုးပမ်းမှုကို ဂုဏ်ပြုကျေးဇူးဆပ်သောအားဖြင့် ၁၉၆၁ခုနှစ်၊ ဇန်နဝါရီလတွင် နိုင်ငံ တော်မှ ရန်ကုန်မြို့ ဒဂုံမြို့နယ် ကန်တော်မင်ပန်းခြံကို ဦးဥတ္တမပန်းခြံအဖြစ် အမည်ပြောင်းလဲကာ ဂုဏ်ပြုသတ်မှတ်ပေးခဲ့လေသည်။
နောက်ပိုင်းတွင် ၁၉၆၂ခုနှစ် တော်လှန်ရေးကောင်စီ အစိုးရတက်လာသောအခါ ဦးဥတ္တမပန်းခြံ အမည်ပျောက်ကာ မူလအတိုင်း ကန်တော်မင်ပန်းခြံပြန်ဖြစ်လာခဲ့သည်မှာ ယနေ့အထိဖြစ်သည်။
ထိုသို့သော ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ အောက်မေ့ဖွယ်အခမ်းအနားများသည် တော်လှန်ရေးကောင်စီတက်လာပြီးနောက်ပိုင်းနှင့် တပ်မတော်အစိုးရ လက်ထက်များတွင် တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်ခဲ့ရသဖြင့် ရခိုင်တိုင်းရင်းသားများအတွက် မခံမရပ်နိုင် ဖိနှိပ်မှုတစ်ခု ဖြစ်ခဲ့လေသည်။
ယခင်က ရခိုင်ပြည်နယ်တွင် ဆရာတော်ဦးဥတ္တမ အခမ်းအနားများကို တိတ်တိတ်ဆိတ်ဆိတ် လျှို့ဝှက်စွာကျင်းပခဲ့ရပြီး ဆရာတော်ဦးဥတ္တမ ရုပ်တုတွင် လွမ်းသူ့ပန်းခွေ ဆက်ကပ်ခြင်းများကို တားမြစ်ပိတ်ပင်ခံခဲ့ရသည်။ ဦးဥတ္တမနေ့ အထိမ်းအမှတ် တီရှပ်အကျၤ ီဝတ်ဆင်လျှင်ပင် ရဲစခန်းသို့ ခေါ်ယူစစ်ဆေး မေးမြန်းခံရခြင်းများရှိခဲ့သည်။
ယခုကဲ့သို့ ရန်ကုန်မြို့ရှိ မြန်မာကွန်ဗင်းရှင်းစင်တာလို ခမ်းနားလှသောနေရာတွင် ကျင်းပခွင့်ရမည်ဟု လွန်ခဲ့သည့် နှစ်များကပြောလျှင် မည်သူမျှ ယုံနိုင်ဖွယ်မရှိသည်ကား အမှန်ပင်ဖြစ်သည်။ ယခုမူကား အုန်းအုန်းကျွက်ကျွက် စည်ကားလှသော အခမ်းအနားတစ်ခုဖြစ်နေ လေရာ စိတ်အားတက်ကြွမှု၊ စိတ်ကျေနပ်မှုအပြည့်ဖြင့် ချီတက်လာသော ရန်ကုန်ရောက် ရခိုင်လူမှုရေးအသင်းအဖွဲ့များ၊ လူငယ်များကို မြင်ရတွေ့ရသည်။
အခမ်းအနားတွင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က “ဒီလိုပွဲဖြစ်မြောက်အောင်ကျင်းပခွင့်ပေးတဲ့ တိုင်းဒေသကြီးအစိုးရ အဖွဲ့ကိုရော၊ ဒီခန်းမမှာ အခမဲ့ ကျင်းပခွင့်ရတဲ့အတွက်ရော ကျေးဇူးတင်ပါတယ်။ နောင်နှစ်မှာကျရောက်မယ့် စိန်ရတုအခမ်းအနားမှာလည်း ဒီထက်ပိုကြီးကျယ်ခမ်းနားအောင် ကြိုးစားသွားမယ်”ဟု ပြောကြားခဲ့သေးသည်။
အခမ်းအနားသို့ ရခိုင်တိုင်းရင်းသားများသာမက မြန်မာနိုင်ငံရှိ တိုင်းရင်းသားများပေါင်းစုံ တက်ရောက်ခဲ့သည်။ သံတမန်များ၊ တိုင်းရင်းသား ပါတီများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
ဆရာတော်ဦးဥတ္တမအား ပန်းခြင်းများဖြင့် ပူဇော်ရာတွင် ဗမာတိုင်းရင်းသားများ၏ ကိုယ်စားလှယ်အဖြစ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကပ်လှူပူဇော်ခဲ့သည်။ အလားတူ ရိုးရာဝတ်စုံများဆင်မြန်း ထားသည့် တိုင်းရင်းသားလူမျိုး အသီးသီးက ပန်းခြင်းများကို ကပ်လှူခဲ့ရာ တက်ရောက်လာသူများ၏ လက်ခုပ်သံနှင့် လက်ခေါက်မှုတ်သံ များသည် ကျယ်လောင်စွာ၊ တက်ကြွစွာ ပေါ်ထွက်လာလေသည်။
တိုင်းရင်းသားဝတ်စုံများကိုယ်စီဝတ်စားဆင်ထားသူများက ရခိုင်လူမျိုးတို့၏ တန်ဖိုးထားရာ ဆရာတော်၏ခြေရင်း၌ ပန်းခြင်းများဖြင့် ဆက်ကပ်ပူဇော်ချိန်တွင် “ဟယ်..ဒါက ကချင်” “ဒါက…. ရှမ်းဝတ်စုံလေး” “ဒါကျတော့ ဘာဝတ်စုံပါလိမ့်” စသည့်အာမေဋိတ်များကို ရေရွတ်ကြသည်။ ယခင်က ရခိုင်လူမျိုးတစ်မျိုးတည်းက သီးသီးသန့်သန့်ကျင်းပခဲ့ကြရရာမှ ယခုတိုင်းရင်းသားပေါင်းစုံပါဝင်သော ပွဲကို မြင်ရခြင်းအတွက် သူတို့၏စိတ်တွင် ကျေနပ်ခြင်းတစုံတရာပါဝင်နေကြကြောင်း ပေါ်လွင်နေလေသည်။
“ဆရာတော်ဦးဥတ္တမဆိုတာ ရခိုင်တစ်မျိုးသားတည်းအတွက် မဟုတ်။ ပြည်ထောင်စုတခုလုံးအတွက် လွတ်လပ်ရေးကြိုးပမ်းခဲ့တာ။ နိုင်ငံ ရေးမျက်စိဖွင့်ပေးခဲ့တဲ့ ဆရာတော်ကို ဂုဏ်ပြုတဲ့ပွဲတွေကို ဘာကြောင့်ပိတ်ခဲ့တယ်ဆိုတာ မပြောတတ်ဘူး။ ဒီလိုပွဲမျိုး လုပ်ခွင့်ပေးလိုက်တဲ့ အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှု ပိုကောင်းလာစေမယ်လို့ ထင်တယ်” ဟု ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကလည်း ဆိုသည်။
“ဆာရယ်ဂျီနယ်ကရက်ဒေါက် မြန်မာပြည်မှ ထွက်သွား”ဟု ထိုခေတ်က သြဇာကြီးခဲ့သည့် သူရိယသတင်းစာမှတဆင့် အင်္ဂလိပ်နယ်ချဲ့ အစိုးရ၏ဘုရင်ခံကို စိန်ခေါ်ခဲ့သော ဆရာတော်သည် ရခိုင်တိုင်းရင်းသားများအတွက်သာ သူရဲကောင်းမဟုတ်ဘဲ၊ ပြည်ထောင်စုတစ်ခုလုံး နှင့်လည်းသက်ဆိုင်ကြောင်း ရခိုင်တိုင်းရင်းသားတို့က ပြောသည်။
ယခုကျင်းပခဲ့သည့် ဆရတော်ဦးဥတ္တမနေ့အခမ်းအနားတွင် ဆရာတော်အားဂုဏ်ပြုသောအားဖြင့် ရန်ကုန်မြို့ ကန်တော်မင်ပန်းခြံကို ဦးဥတ္တမပန်းခြံအဖြစ် အစိုးရက ပြန်လည်သတ်မှတ်ပေးရန်လည်း တောင်းဆိုခဲ့ကြသည်။
မြန်မာနိုင်ငံတွင် ရခိုင်တိုင်းရင်းသားများနည်းတူ အခြားသောတိုင်းရင်းသားများ အထွဋ်အမြတ်ထားရာ အထိမ်းအမှတ် အခမ်းအနားပွဲများ ကျင်းပခွင့်မရခဲ့သည့် အခြားသော တိုင်းရင်းသားများလည်း ရှိနေဆဲဖြစ်သည်။ ပြည်နယ်နေ့အခမ်းအနားများကိုပင် ကျင်းပခွင့်မရ။ တိုင်းရင်းသားတို့၏ အမျိုးသားနေ့များကို ကျင်းပခွင့်မရခဲ့သည့် ကာလ များကို အားလုံးကျော်ဖြတ်ခဲ့ကြရသည်။
တိုင်းရင်းသားအားလုံးတွင် အုပ်ချုပ်သူလူတန်းစားအပေါ် မကျေလည်မှုများ၊ လူမျိုးကြီးဝါဒီသမား များဆိုသည့် အမြင်များ၊ အမုန်းတရားများဖြင့် နေထိုင်ခဲ့ကြရသည်။ လူနည်းစု တိုင်းရင်းသားများအရေးကို အစဉ်တစိုက် မျက်ကွယ်ပြုခဲ့သူများအဖြစ် ဆန့်ကျင့်လိုသည့်စိတ်ဓာတ်တို့သာ အမြစ်တွယ်ခဲ့ သည်။
ပိတ်ပင်ခြင်း၊ နှိပ်ကွက်ခြင်းများကြောင့် လျှို့ဝှက်စွာကျင်းပခဲ့ရသည့် ဆရာတော်ဦးဥတ္တမနေ့အခမ်းအနားကို ယခုကဲ့သို့ ပြန်လည်ကျင်းပခွင့် ပြုလိုက်ခြင်းသည် ရခိုင်တိုင်းရင်းသားများ၏ တန်ဖိုးထားမှုစံနှုန်းအပေါ် လေးစားမှုဖြစ်သဖြင့် ရခိုင်တိုင်းရင်းသားများနှင့် အုပ်ချုပ်သူလူတန်းစား(ဗမာတိုင်းရင်းသား)များအကြား ယခင်ကထက် နားလည်မှုပိုမိုရရှိစေမှာ အမှန် ပင်ဖြစ်သည်။ အလားတူမြန်မာနိုင်ငံတဝှမ်းလုံးရှိ ပြည် နယ်နှင့်တိုင်းအသီးသီးမှ တိုင်းရင်းသားများ၏ တန်ဖိုးထားမှုများကိုလည်း အလေးထား လေးစားမှုရှိမည်ဆိုပါက အစိုးရအဆက်ဆက်က ကြွေးကျော်ခဲ့သည့် “စစ်မှန်သောပြည်ထောင်စုစိတ်ဓာတ်” ၏ အနှစ်သာရကို မလွဲမသွေရရှိနိုင်ပေမည်။
ထို့ကြောင့် မြန်မာနိုင်ငံအနှံ့တွင်နေထိုင်ကြသော မတူကွဲပြားသည့် တိုင်းရင်းသားလူမျိုးများကြား အနှစ်သာရပြည့်ဝသည့် ပြည်ထောင်စု စိတ်ဓာတ်ပေါ်ပေါက်လာရေးရန်ဆိုသည်မှာ ၎င်းတို့တန်ဖိုးထားရာနေ့ထူးနေ့မြတ်များ၊ အမျိုးသားခေါင်းဆောင်များကို ဂုဏ်ပြုသည့်အထိမ်း အမှတ်ပွဲများ လွတ်လပ်စွာကျင်းပခွင့် ပေးခြင်းကလည်း လိုအပ်နေကြောင်း ယခုကျရောက်သည့် ၇၄နှစ်မြောက်ဆရာတော် ဦးဥတ္တမနေ့ က အကောင်းမွန်ဆုံးသာဓက တစ်ခုဖြစ်ပေသည်။