ဆောင်းပါး

နတ်ပွဲစားနှင့် ကိုင်းပျောက် ရုက္ခစိုး

This article has been converted from Zawgyi One to Unicode

ဦးရုက္ခစိုး ရန်ကုန်ရောက်ပြီသာ ပြောသည် …။ အခုထိ မတွေ့ရသေး။ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ ဦးရုက္ခစိုးပျောက် ရှာပုံတော် ဖွင့်နေကြသည်။ ရန်ကုန် အခြေစိုက် သတင်းထောက်များ အင်တာဗျူးမည်ကို ကြောက်သောကြောင့်ပဲ ပုန်းနေသလား၊ ရန်ကုန် ရာသီဥတုနှင့် ဓာတ်မတည့်သဖြင့် နေမကောင်းများ ဖြစ်နေသလား … လားပေါင်းများစွာနှင့် မေးခွန်း ထုတ်နေကြသည်။

ဖိုးရှုပ်။ ။ တခုခုတော့ တခုခုပဲ၊ ရန်ကုန်ရောက်ပြီဆိုရင် ငါတို့ကိုတော့ လာတွေ့သင့်တာပေါ့။

ကြွက်စုတ်။ ။ အေးလေ … ဖုန်းလေး ဘာလေးတော့ ဆက်သင့်ပါတယ်။ သူ့မှာ ဖုန်းမရှိသေးရင်လည်း လမ်းဘေး ဖုန်းကဖြစ်ဖြစ် ဆက်လို့ရတာပဲ။

ဖိုးရှုပ်။ ။ ရန်ကုန် ရာသီဥတုနဲ့ အသားမကျလို့ နေမကောင်းနေတာ ဖြစ်မယ်ထင်တယ်။ ဒါမှမဟုတ် မစားရတာကြာလို့ ဆိုပြီး လမ်းဘေးစာတွေ နင်းကန်စားပြီး ဝမ်းလျှောနေလား မသိ။

ကြွက်စုတ်။ ။ မင်းလို အငတ် မှတ်နေလား၊ ရုက္ခစိုးက နေမကောင်းဖြစ်တယ်လို့ တခါမှ မကြားဖူးပါဘူးကွာ၊ မဖြစ်နိုင်ဘူး။ ရန်ကုန်မှာ မနေဘဲ နယ်ထွက်သွားတာ များလား။

ထိုသို့ သူတို့နှစ်ဦး စိတ်ကူးတည့်ရာ ထင်ကြေးပေးနေ ကြသော်လည်း တခုမှ ရေရေ ရာရာ မရှိ၊ အဖြေမထွက် သောကြောင့် နောက်ဆုံးတွင် ခေါင်းရှုပ်မခံတော့ဘဲ လက်ဖက်ရည်ဆိုင် သွားထိုင်ရန် သဘောတူညီချက် ယူလိုက်ကြသည်။ ပန်းဆိုးတန်း လမ်းမကြီးအတိုင်း လျှောက်လာရင်း သူတို့ ရှေ့တွင် ခေါင်းငိုက်စိုက်နှင့် လျှောက်လာသော ဦးရုက္ခစိုးကို တွေ့လိုက်ရသဖြင့် သူတို့ နှစ်ဦးစလုံး အံ့သြသွားတော့သည်။

ဖိုးရှုပ်။ ။ ဟာ … ဦးရုက္ခစိုးပါလား၊ ချွေးတွေသံတွေနဲ့ … မျက်နှာလည်း မကောင်းဘူး …။ ဘယ်လိုဖြစ်တာလဲ။ ကျနော်တို့က ဦးရုက္ခစိုး ပျောက်နေလို့ ဘယ်လိုက်ရှာရမှန်းမသိ ဖြစ်နေတာ။

ကြွက်စုတ်။ ။ ဟုတ်သားပဲ ဦးရုက္ခစိုး … အခု ဘယ်ဟိုတယ် … အဲ … ဘယ်သစ်ပင်မှာ တည်းလဲ။

ရုက္ခစိုး။ ။ အဲဒီကိစ္စ … အဲဒီကိစ္စ … ။ ငါစိတ်ညစ်နေတာ အဲဒီကိစ္စပဲ။ ရန်ကုန်မှာ ကျောတခင်းစာ သစ်ပင်တပင် အတွက် အခက်တွေ့နေလို့ မင်းတို့နဲ့ မဆက်သွယ်နိုင်သေးတာဟေ့။

ဖိုးရှုပ်။ ။ ဟာဗျာ …။ ရန်ကုန်မှာ နာဂစ်ကြောင့် သစ်ပင်တွေ တော်တော် ကုန်သွားပြီဆိုပေမယ့် ကျန်သင့်သလောက်တော့ ကျန်ပါသေးတယ်။

ရုက္ခစိုး။ ။ မင်း ဘာသိလို့လဲ။ အခု … ရေဘေးသင့် ဒေသက နတ်တွေကော …၊ မင်းတို့ လူတွေလုပ်လို့ ပြုတ်ပြုတ်ပြုန်း ကုန်တဲ့ တောတွေထဲက နတ်တွေပါ ရန်ကုန်ရောက်လာပြီဟ။ ရုက္ခစိုး မဖြစ်သေးတဲ့ နတ်ငယ်၊ နတ်လတ်၊ နတ်ပိစိကွေးတွေပါ အကုန် နေရာယူထားလို့ ငါ့အတွက် သစ်ပင် တပင်မှ မကျန်တော့ဘူး။ ဘာလုပ်ရမှန်းတောင် မသိတော့ပါဘူး။

ကြွက်စုတ်။ ။ ဟိုတယ် ဖွင့်ထားတဲ့ သစ်ပင်လေး ဘာလေးမရှိဘူးလား၊ ရှိရင် ခဏတဖြုတ် အဲဒီမှာတည်းရင်း နေစရာ အတည်တကျ လိုက်ရှာပါလား။

ရုက္ခစိုး။ ။ ရှိတော့ ရှိပါရဲ့ကွာ …။ ဟိုတယ်ဈေးတွေက ခေါင်ခိုက်နေတာ။ ချင်းမိုင်မှာတောင် မကြားဖူးတဲ့ ဈေးတွေဆိုတော့ မတည်းချင်ဘူး၊ မတန်ဘူးကွ။ ညစ်တီးညစ်ပတ် တည်းခိုခန်း ဖွင့်ထားတဲ့ သစ်ပင်တွေကျတော့လည်း ငါလို ရုက္ခစိုး အဆင့်နဲ့ တည်းလို့ မသင့်တော်ဘူးလေ။

ဖိုးရှုပ်။ ။ ဒါလည်း ဟုတ်တာပဲ။ သြော် … ဒါနဲ့ … ဦးရုက္ခစိုးတို့ လောကမှာ ပွဲစားတွေ ဘာတွေ မရှိဘူးလား။

ဖိုးရှုပ်၏ အမေးကြောင့် ဦးရုက္ခစိုးက ခေါင်းတဆတ်ဆတ် ငြိမ့်ရင်း … “အဲဒါပဲ ငါက ပြောပြချင်နေတာ …” ဟု ဆိုကာ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ကို သူကြုံတွေ့ခဲ့ရသည့် ဇာတ်လမ်းအား နတ်သံနှောရင်း ရှင်းပြလေတော့သည်။

ဦးရုက္ခစိုး ရန်ကုန်ရောက်ရောက်ချင်း ဈေးကြီးပေးရသော ဟိုတယ် သစ်ပင် တပင်တွင် ၂ ရက်ခန့် ဈေးကြီးပေး တည်းကာ လပေးငှား နိုင်သော သစ်ပင် ရှာပုံတော်ဖွင့်သည်။ နတ်အချင်းချင်း မေးရင်းမြန်းရင်းက နတ်ငယ်ပွဲစား တပါးနှင့် ဆုံရာမှ ဤဇာတ်လမ်း ဖြစ်လာတော့သည်။

နတ်ပွဲစား။ ။ အပိုင်ဝယ်မလား၊ ငှားချင်လား ပြော … ဦးရုက္ခစိုး၊ အဆင်ပြေအောင် လုပ်ပေးမယ်။ ပူဇော်ပသမယ့် သူတွေပါ အဆင်သင့် လိုချင်ရင်တော့ တဈေးပေါ့။

ရုက္ခစိုး။ ။ ဈေး သိပ်မကြီးရင် အပိုင်ဝယ်မယ်ကွာ။ မတတ်နိုင်ရင် တော့လည်း လောလာဆယ် ငှားနေတာပေါ့။

နတ်ပွဲစားက ဦးရုက္ခစိုးကို ရန်ကုန်မြို့လယ်က သစ်ပင်ကြီး တပင်ဆီ ခေါ်သွားသည်။ သစ်ပင်ကြီးက အတော်လေး အိုနေပြီ၊ သို့သော် ကိုင်းတိုင်း နီးပါးတွင် နတ်ကြီး၊ နတ်ငယ်၊ နတ်ဘုစုခရုများနှင့် ပြည့်နေ၏။ ကိုင်းတကိုင်းတော့ လွတ်သည် ဆိုသောကြောင့် မေးကြည့်ရာ အမြင့်ဆုံးတွင် နေရမည်၊ ဓာတ်လှေခါးလည်း မရှိ၊ သစ်ပင်က ညစ်လည်း ညစ်ပတ်သေးသည်။ တလကို နတ်ပိုက်ဆံ ၃ သိန်းနှင့် တနှစ် စာချုပ် ချုပ်ရမည်ဟု ဆိုသည်။ ၃၆ သိန်းနှင့် နတ်ပွဲစားခ ၃ သိန်း ပေါင်းလျှင် ၃၉ သိန်း ကျမည်။ ဦးရုက္ခစိုး ဘုရားအခါ တသောင်းလောက် တလိုက်ရသည်။ ဒီဈေးလောက်ဆို ရန်ကုန်မြို့ပြင်ဘက်တွင် တော်ရုံသင့်ရုံ သစ်ပင်တပင် အပိုင် ဝယ်နိုင်မလားဟု တွေးမိလိုက်သောကြောင့် မငှားတော့ဘဲ ခေါင်းခါလိုက်သည်။

ဦးရုက္ခစိုး ခေါင်းခါသည်ကို တွေ့လိုက်သော နတ်သမီးပွဲစားတပါးက ဟို နတ်ပွဲစားနှင့် အဆင်မပြေသည်ကို သိသည့်အလား အနားရောက်လာ ပြန်သည်။

နတ်သမီးပွဲစားက သစ်ပင် ကောင်းကောင်းနှင့် နေချင်လျှင် ရမည်၊ ဈေးလည်း သိပ်မကြီးဟု ဆိုသည်။ သူပြောသည့် ဈေးနှင့် ဆိုလျှင် အပိုင်ပင် ဝယ်နိုင်သေးသည် ဆိုသောကြောင့် … သူခေါ်ရာ သန်လျင်ဘက်ကို လိုက်သွားခဲ့သည်။ သန်လျင်မြို့ကို တော်တော်လေး လွန်သွားပြီး ဆည်ကြီးတခုဘေး လမ်းထဲ အတွင်းသို့ ဝင်ရပြန်သည်။ အထဲရောက်တော့ နတ်သမီးပွဲစား ပြောသလို သစ်ပင်ပေါင်း စုံလင်စွာ တွေ့ရသည်။ အားလုံးတွင် ပိုင်ရှင်ရှိသည်။ သို့သော် ထိုသစ်ပင်များဆီ မရောက်ခင် ထိပ်တွင် “ဆည်မြောင်း နတ်မင်းကြီးပိုင် သစ်ပင်များ မကျူးကျော်ရ” ဆိုသော ဆိုင်းဘုတ်တခုကို တွေ့ရ၏။

ကုက္ကိုပင် တပင်ပေါ်မှ နတ်ကြီးတပါး ဆင်းလာကာ “ဒီသစ်ပင် ရောင်းမယ် … နတ်ပိုက်ဆံ သိန်း ၃၀” ဟု ဆိုလာသည်။ သစ်ပင်က တော်တော်လေး ကောင်းသည်။ သိန်း ၃၀ ဆိုသည့် ဈေးက ရန်ကုန်မြို့ထဲတွင် ငှားနေလျှင်ပင် တနှစ်စာ မရှိ။

ရုက္ခစိုး။ ။ ဈေးကတော့ ကြိုက်ပါတယ်၊ ဒါပေမယ့် … ဟိုမှာ ရေးထားတာ ဆည်မြောင်းနတ်မင်းကြီး ပိုင်ဆို။

နတ်သမီးပွဲစား။ ။ ဒါက ရေးထားတာ ကြာပါပြီ။ ကြည့်ပါလား ဆိုင်းဘုတ်က မှိန်တောင် နေပြီ။ (နတ်ကြီးကို လက်ညှိုးထိုး၍) ဒီနတ်တွေ ဒီနေရာမှာ နေလာတာလည်း ကြာလှပြီ။ ဘာမှမဖြစ်ဘူး။ ဒီအပင်မကြိုက်ဘူးလား …၊ ဟိုဘက်မှာလည်း ရောင်းဖို့ ရှိသေးတယ်။

ရုက္ခစိုး။ ။ ဟာ … မဖြစ်ဘူးထင်တယ်၊ ဒါတွေက ကျူးကျော် သစ်ပင်တွေလား မသိဘူး။

နတ်သမီးပွဲစား။ ။ ဘာမှမပူနဲ့ …။ ကျူးကျော်ဆိုပြီး ဖယ်ခိုင်းရင်လည်း သစ်ပင် အစားရမှာပဲလေ။ အစားမရရင်လည်း ဆန္ဒပြမှာပေါ့။ ပြီးတော့ ဒီနေရာက ခိုင်မာပါတယ်။ ရပ်ကွက်နတ် အုပ်ချုပ်ရေးမှူးလည်း ရှိတယ်။ နတ်ပိုက်ဆံ တသောင်း လောက် ပေးလိုက်ရင် သူက ပိုင်ဆိုင်ကြောင်း လက်မှတ်ထိုးပေးဦးမှာ၊ သန်းခေါင်စာရင်းပါ တခါတည်း ရမယ်။

“ကျူးကျော်ဆိုပြီး ဖယ်ခိုင်းရင် အစားပြန်ရမှာပဲ” ဆိုသည့် စကားကြောင့် ဦးရုက္ခစိုး ထိုနေရာမှ ခွာရန် အသင့် ပြင်လိုက်သည်။ နတ်ပွဲစားများ ခေါ်သမျှ လျှောက်လိုက်ရတာ ခြေတိုတာပဲ အဖတ်တင်သည်။ အဆင်ပြေတာ တခုမှ မတွေ့။ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ အင်းစိန်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒလ … ရန်ကုန်နှင့် အနီးတဝိုက် နှံ့နေပြီ …။ တချို့ နေရာများတွင် “စီမံကိန်း သစ်ပင်များ မကျူးကျော်ရ” ဟု စာတပ်ထားသော်လည်း ဝင်ရောက် နေရာယူထားသည့် နတ်များကို တွေ့ရသည်။ စီမံကိန်း လုပ်မည်ဟုဆိုကာ ဖယ်ခိုင်းသော စည်ပင်နတ်မင်းကြီးကို ဆန္ဒပြနေသည့် နတ်များလည်း တွေ့ခဲ့ ရသည်။ တနေရာတွင်တော့ နတ်အများပိုင် အပန်းဖြေရာ နေရာတွင် နတ်လွှတ်သဘင်ရောက် အမတ် နတ်မင်းကြီးတပါးက သူ့ပါတီရုံး ဖွင့်ထားသောကြောင့် ဒေသခံနတ်များ ဆန္ဒပြနေသည့် မြင်ကွင်းကို မြင်ခဲ့ရသည်။

နတ်ပွဲစားများကလည်း ဦးရုက္ခစိုးကြီး သစ်ပင် ရှာနေသည့်သတင်းကို တဆင့်စကား တဆင့်ကြားကာ တပါးပြီး တပါး လာရောက် ဆက်သွယ်ကြ၏။ ကြည့်ပြီးသား သစ်ပင်များကို ပြန်ပြလိုပြ၊ ပထမတခါ လိုက်ပြသည့် နတ်ပွဲစားက သစ်ကိုင်း တကိုင်းတွင် နေခ တလလျှင် နတ်ပိုက်ဆံ ၂ သိန်းဟု ပြောထားရာမှ နောက်တပါးက ထိုသစ်ကိုင်းကိုပင် လိုက်ပြကာ ၃ သိန်းဟု ပြောတာလည်း ကြုံရသည်။ ရန်ကုန် နတ်ပွဲစားများနှင့်တော့ ဘယ်လိုမှ အဆင်ပြေမည် မဟုတ်။

ရန်ကုန် နတ်လောကလည်း သိပ်ငြိမ်ငြိမ် သက်သက်တော့ မဟုတ်လှ …။ အစွန်းရောက် ရုက္ခစိုးကြီး တပါးက သူ့တွင် “နတ် စစ်သည် ငါးသိန်း” ရှိသည်ဟု ကြေညာလိုက်သောကြောင့် ရန်ကုန်တိုင်း ဒေသကြီး နတ်လွှတ်သဘင်တွင် လှုပ်လှုပ်ရှားရှား ဖြစ်ကာ အမိန့်ထုတ်ပြန်ချက်များ ထွက်ပေါ်လာသည်။ ထိုရုက္ခစိုးကြီးကို ထိန်းသိမ်းသင့်သည်၊ ရုက္ခစိုးဘဝမှ ရာထူးချသင့်သည် စသည်ဖြင့် ဆွေးနွေး ချက်များလည်း ကြားနေရသည်။ လွှတ်သဘင် နတ်မင်းကြီးများလည်း မအားမလပ်ရအောင် ဖြစ်နေသည်။ ကျူးကျော် သစ်ပင်များ ကိစ္စနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့၍ မစုံစမ်း မစစ်ဆေးဘဲ ဒီအတိုင်း ထိုင်ကြည့် နေရသည်။ ကျူးကျော် နတ်များ နောက်ကွယ်တွင် ကြိုးကိုင်နေသည့် နတ်လုပ်ငန်းရှင်များ၊ နတ်အာဏာပိုင်များ ရှိနေသည်ဆိုသည့် သတင်းကလည်း သိုးသိုးသန့်သန့် ထွက်ပေါ်နေသေးသည်။

သို့ဖြင့် နောက်ဆုံးတွင် ဦးရုက္ခစိုးခမျာ နေစရာ နေရာလည်းမရ၊ လမ်းဘေးက ကြုံရာသစ်ပင်တွင် နေဖို့ကလည်း ရုက္ခစိုး ဂုဏ်သိက္ခာ ကျမှာစိုး၊ ဟိုတယ်သစ်ပင်များတွင် သွားပြန်တည်းမည် ဆိုပြန်တော့ နတ်ဆီးဂိမ်းရှိသဖြင့် သစ်ပင်များ အားလုံး ပြည့်နေပြီဟု ဆိုသောကြောင့် ယခုလို လမ်းမထက်တွင် တဝဲလည်လည် ဘဝနှင့် ပြဿနာ တက်ခဲ့ရခြင်း ဖြစ်သည်။

ဖိုးရှုပ်။ ။ ြဖစ်မှဖြစ်ရလေ ဦးရုက္ခစိုးရယ်။ ဦးရုက္ခစိုးတို့ နတ်လောက ကလည်း ကျနော်တို့ လူတွေလိုပါပဲလား။

ကြွက်စုတ်။ ။ ဟုတ်ပါ့ဗျာ … တထေရာတည်းပဲ။ အခု ဦးရုက္ခစိုး ဘယ်မှာနေမလဲ၊ ဘာဆက်လုပ်မလဲ။

ရုက္ခစိုး။ ။ လောလောဆယ်တော့ အသိ ရုက္ခစိုးတပါးက သူ့သစ်ပင်က ကိုင်းပိုတခုမှာ ခဏပေးနေတယ်။ ဒါလည်း သိပ် ကြာကြာတော့ မရဘူး၊ ပဲခူးရိုးမထဲမှာ ထွာဆိုင်လောက် သစ်ပင်ကလေးတွေပါ ခုတ်နေလို့တဲ့ … အဲဒီက ဘုံပျောက်တဲ့ သူ့အမျိုး နတ်တွေ လာရင် နေရာ ပေးရမယ်ပြောတာပဲ။

ဖိုးရှုပ်။ ။ ဦးရုက္ခစိုးကို ကြည့်ရတာ ပင်ပန်းလိုက်တာဗျာ။

ရုက္ခစိုး။ ။ ပင်ပန်းဆို … ပြေးနေလွှားနေရတာကိုးဟ …။ ကျုပ် သစ်ပင် ရှာနေမှန်းသိတဲ့ ပွဲစားတွေလိုက်လို့ ပြေးရတာ အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်း မစားရ …။

ဖိုးရှုပ်။ ။ မထူးပါဘူး … ဦးရုက္ခစိုးလည်း စီမံကိန်း သစ်ပင်တပင်မှာ ကျူးကျော်နေလိုက်လေ။ တချို့စီမံကိန်းတွေကလည်း နတ်တွေဆီက သိမ်းထားတာပဲဟာ။ ဒါမှမဟုတ်လည်း နတ် NGO ထောင်ပြီး ရုံးခန်းဖွင့်လိုက်၊ နေစရာလည်း ရ၊ အလုပ် အတွက်လည်း အဆင်ပြေ …။

ဖိုးရှုပ်စကား မဆုံးသေး ခင်မှာပင် … ဦးရုက္ခစိုး မျက်နှာ ကွက်ခနဲ ပျက်သွားပြီး “လာကြပြီ … လာကြပြီ … နတ်ပွဲစားတွေ ငါ့နောက်လိုက်လာပြီ … ပြေးပြီဟေ့ နောက်တပတ်မှ တွေ့တော့မယ်” ဟု ဆိုကာ ရုတ်တရက် ချက်ခြင်းဆိုသလို ကိုယ်ယောင်ဖျောက်၍ ထွက်ပြေး လေတော့သတည်း။

(ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။)

Loading