ရန်ကုန်ကို စင်ကာပူလို ဖြစ်စေရမယ်လို့ သမ္မတ ဦးသိန်းစိန်အပါအဝင် အစိုးရခေါင်းဆောင်တွေက မကြာခဏ ပြောဆိုကြ ပေမယ့်လည်း ရန်ကုန်မြို့ရဲ့ ခေတ်မမီတဲ့ စည်ပင်သာယာရေး စနစ်နဲ့ ရန်ကုန်သူ ရန်ကုန်သားတွေရဲ့ အမှိုက်ကို စနစ်တကျ မစွန့်ပစ်တတ်မှုတို့က ရန်ကုန်ကို ဘယ်လိုမှ အရောင်မထွက်စေဘဲ ဖျားနာအိုမင်းနေတဲ့ မြို့အဆင့်က ရုန်းမလွတ်နိုင်တဲ့ မြို့တမြို့လို့ မြို့သူမြို့သားတွေက သုံးသပ်နေကြပါတယ်။
ရန်ကုန်မြို့လယ်ခေါင်မှာ ရှိတဲ့ တိုက်ကြီးတွေကို မျက်နှာစာက ကြည့်ရင်တော့ လှပသပ်ရပ်တယ်လို့ အပြင်ပန်း ထင်ရပေမယ့် တိုက်နောက်ဖေး လမ်းကြားတွေနဲ့ တိုက်နောက်ဖက်ခြမ်း တွေမှာတော့ အမှိုက်သရိုက်တွေ၊ မြောင်းပုပ်ရေတွေ၊ ချုံနွယ် အပင် တွေနဲ့ ညစ်ပတ်နေတာကို တွေ့ရမှာပါ။
ဒါ့အပြင် မြို့လယ်ခေါင်က လမ်းအတော်များများမှာ အမှိုက်ပုံးတွေရှိပေမယ့် ဖြစ်သလို ပစ်ထားတဲ့ အမှိုက်ပုံတွေနဲ့ ပလက်ဖောင်း တွေပေါ်၊ လမ်းတွေပေါ်မှာ အဆင်ပြေသလို ထွေးထားတဲ့ ကွမ်းတံတွေး ကွက်တွေကလည်း မြို့ပြ အင်္ဂါရပ်နဲ့ မညီ အရုပ်ဆိုး အကျည်းတန်နေပါတယ်။ အမှိုက်ပုံးတွေ ရှိတယ် ဆိုပေမယ့်လည်း အမှိုက်ပစ်ချင် သူတွေက စည်းကမ်းတကျ ပစ်မယ် ဆိုရင်တောင် အဲဒီအမှိုက်ပုံးနား ကပ်ဖို့ ခက်ခဲလောက်အောင် ညစ်ပတ် နံဟောင်နေတာဆိုတော့ လမ်းသွားလမ်းလာ တွေလည်း ဖြစ်သလို အမှိုက်စွန့်နေကြပုံ ရပါတယ်။ တချို့ ကျပြန်တော့လည်း အမှိုက်ပုံး အရေအတွက် တော်တော်နည်းတယ်၊ လမ်းသွားရင်း အမှိုက်ပုံးမှာ ပစ်ချင်လို့ ရှာရင် မတွေ့ဘူးလို့ ဝေဖန်သူတွေ ရှိပါတယ်။
ရန်ကုန်မြို့ကို အမှိုက်ကင်းစင်းအောင်၊ ကွမ်းတံတွေး ကင်းစင်းအောင် လုပ်ဖို့ဆိုတာကတော့ မလွယ်တဲ့ ကိစ္စတခုဖြစ်သလို၊ ဘတ်ဂျက် အနေအထားကလည်း ပြန်ကြည့်နေရတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာရေးရဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဌာနရဲ့ ဒုတိယ ဌာနမှူး ဦးလှဝင်းအောင်က ပြောပါတယ်။
“အဓိက ကျနေတာက ဌာနရဲ့ ဘတ်ဂျက် အခြေအနေပဲ။ လုပ်ချင်တာတွေ ရှိပေမယ့်လည်း ဘာကိစ္စဖြစ်ဖြစ် ဘတ်ဂျက်ဆိုတဲ့ နေရာရောက်ရင် အလိုလို ရပ်သွားတယ်လေ။ ရန်ကုန်မြို့ပြကြီး လှပဖို့၊ အမှိုက်ကင်းစင်ဖို့ ဆိုရင်တော့ ပြည်သူတွေက အသိ ရှိရှိနဲ့ စည်းကမ်း လိုက်နာဖို့လိုတာပေါ့။ ကျနော်တို့ဆီမှာက အမှိုက်ကောက်ဝန်ထမ်း ၃၀၀၀ ကျော်ပဲရှိတာ။ ရန်ကုန် မြို့နေ ပြည်သူက ၆ သန်းကျော်လောက် ရှိတော့ ဝန်ထမ်းတဦးက လူ ၂၀၀၀ လောက်ပစ်တဲ့ အမှိုက်ကို လိုက်ကောက် နေရတဲ့ အနေအထားပဲ” လို့ ဦးလှဝင်းအောင်က ဆိုပါတယ်။
နောက်ဖေး လမ်းကြားတွေမှာ ရှိနေတဲ့ အမှိုက်တွေကို သက်ဆိုင်ရာတိုက်တွေက သူတို့ရဲ့ ငွေကြေးနဲ့ ဝန်ထမ်းအင်အား စိုက်ထုတ် ရှင်းလင်းပြီး သတ်မှတ်နေရာမှာ ပုံရင်တော့ စည်ပင်ကားနဲ့လာပြီး သယ်ပေးတယ်လို့ သိရပါတယ်။ ဒါပေမယ့် စည်ပင်ကိုတော့ ကားအတွက် ဆီဖိုး ပြန်ပေးရမှာပါ။
“အမှိုက်ကို သတ်မှတ်နေရာမှာ ပစ်လေ၊ နောက်ဖေး လမ်းကြားဆိုတာ ပစ်ခွင့်မရှိဘူး၊ ပစ်ရင် ဒဏ်ရိုက်ရမယ်လို့ တိုင်းဒေသ ကြီး အစိုးရအဖွဲ့က ပြောပေမယ့် အမှိုက်ပစ်တဲ့သူကို ဖမ်းဖို့ဆိုတာက မလွယ်တဲ့ကိစ္စပဲ။ ကွမ်းတံတွေး ကိစ္စမှာလည်း ဒီလိုပဲပေါ့။ ဘယ်လို ဖမ်းလို့ရမှာလဲ။ ဒါပေမယ့် နွေရာသီ ညဘက်တွေမှာတော့ လူမြင်ကွင်းနေရာတွေမှာ ရှိတဲ့ ကွမ်းတံတွေး ကွက်တွေကို ရေနဲ့လိုက်ဆေးပါတယ်” လို့ ဦးလှဝင်းအောင်က ရှင်းပြပါတယ်။
မြို့ပြကို သန့်ရှင်းစိုပြေ စေချင်တဲ့ စေတနာနဲ့ ရန်ကုန်လူထုကို ပညာပေးဖို့ ရည်ရွယ်ပြီးတော့ နာရေး ကူညီမှုအသင်း၊ ဂီတ ပညာရှင်တွေနဲ့ စာပေပညာရှင်တွေ ပူးပေါင်းပြီး ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်မှာ အမှိုက်ကောက်ဖို့ စီစဉ်ခဲ့ပေမယ့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက စာထုတ်ပြီး တားမြစ်ခဲ့ ပါသေးတယ်။
ဒါပေမယ့် အခုအချိန်မှာတော့ လူမှုကူညီရေး အသင်းတွေက အမှိုက်ကောက် အစီအစဉ်တွေ လုပ်မယ်ဆိုရင် ခွင့်ပြုမှာပါလို့ ဦးလှဝင်းအောင်က ပြောလာပါပြီ။ “NGO တွေကို ခွင့်ပြုပေးပါတယ်။ တားမြစ်ခဲ့တယ် ဆိုတာကလည်း သူတို့က ဟန်ပြလောက်ပဲ လုပ်ကြတာလေ။
နာမည်လေးပဲ လုပ်တာ၊ အမှိုက်ကို လက်နဲ့တောင် ထိတာမဟုတ်ပါဘူး။ သူတို့က အမှိုက်ကောက် ပေးတယ်ဆိုရင် ကျနော်တို့ တတွေတောင် သက်သာပါသေးတယ်” လို့ သူက ဆိုပါတယ်။
လက်ရှိမှာတော့ ရန်ကုန်ရဲ့ အမှိုက်ထွက်ရှိတဲ့ ပမာဏက တနေ့ကို တန်ချိန် ၁၆၅၀ ကျော် ထွက်နေပြီး နေ့စဉ် တန်ချိန် ၁၅၄၉.၇၃၁ တန်ကို သိမ်းဆည်း စွန့်ပစ်နိုင်တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ၊ နည်းဥပဒေအရ ဘယ်သူမှ ရေမြောင်းတွင်းဖြစ်စေ၊ အများပိုင် လမ်းပေါ်ဖြစ်စေ၊ နောက်ဖေး လမ်းကြားဖြစ်စေ အမှိုက် (သို့) စက်ဆုပ်ဖွယ်ရာ များကို လှဲချခြင်း၊ ပစ်ချခြင်း၊ သွန်ချခြင်း၊ ကျရောက်စေခြင်း၊ စွန့့်ပစ်ခြင်း မပြုလုပ်ရလို့ စည်းကမ်းထုတ်ထား ပေမယ့်လည်း ပြည်သူတွေဘက်က လိုက်နာ ဆောင်ရွက်တယ်ဆိုတာ မတွေ့ရ သလောက် ဖြစ်နေပါတယ်။
“ကျနော်တို့တတွေ ပြည်သူလူထုကို အသိပညာ ပေးလို့ရအောင် အမှိုက်ကောက် ပညာပေးမယ် ဆိုတုန်းက ဌာနဘက်ကသာ ပူးပေါင်းမယ်ဆိုရင် အများကြီး အောင်မြင်မှာပါ။ ရန်ကုန်မှာက မိုးရွာရင် ရေတွေထဲ အမှိုက်တွေ ပါလာမယ်၊ ပေါလောပေါ် နေတာကလည်း လူမြင်လို့ မကောင်းဘူး၊ သူတို့မှာ ဝန်ထမ်း အခက်အခဲမရှိဘူး၊ အလုပ်သမားတွေ အများကြီးရှိတယ်၊ သူတို့ အလုပ်ကို နိုင်တယ်၊ ကျနော်တို့ကို ကောက်စရာမလိုဘူးလို့ ပြောထားတာလေ၊ အခုတော့ ရန်ကုန်က အမှိုက်နဲ့တင် ဒုက္ခရောက် နေတာပဲ” လို့ ပြည်သူလူထုကို အမှိုက်ကောက် ပညာပေးဖို့ စီစဉ်ခဲ့ပေမယ့် ဌာနက တားမြစ်ချက်ကြောင့် မအောင်မြင်ခဲ့တဲ့ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူက ဧရာဝတီကို ပြောပြပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနဲ့ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ (JICA) တို့ ပူးပေါင်းပြီး ဆောင်ရွက်မယ့် ရန်ကုန်မြို့တော် အဆင့်မြှင့်တင်ရေး စီမံချက်မှာလည်း ရန်ကုန်မြို့ရဲ့ အမှိုက်ပြဿနာကို ဖြေရှင်း ဖို့အတွက် နေ့စဉ် ထွက်ရှိတဲ့ အမှိုက်တွေကို ပြန်လည်သန့်စင်တာ၊ သုံးစွဲတာတွေ လုပ်သင့်တယ်လို့ အကြံပြု ထားတာ တွေ့ရပါတယ်။
JICA ရဲ့ သုံးသပ်ချက်မှာတော့ နောင်လာမယ့် ၂၀၄၀ ပြည့်နှစ်ဆိုရင် စီးပွားရေး လုပ်ငန်းတွေနဲ့ အိမ်တွေက ထွက်ရှိတဲ့အမှိုက် ပမာဏက တနေ့ကို တန်ချိန် ၁၄၀၀၀ နီးပါး ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
“မြို့လယ်ခေါင်မှာ အမှိုက်တွေ ပေါနေတာ မကောင်းဘူးပေါ့။ ကျနော်တို့လို လမ်းဘေးစာ ပုံမှန် ဝယ်စားနေရတဲ့ သူတွေဆိုရင် ကျန်းမာရေး ထိခိုက်နိုင်တယ်လေ၊ ဒီလိုဆိုပြီးလည်း ဈေးကြီးတဲ့ဟာ ဝယ်မစားနိုင်ဘူး” လို့ ကုမ္ပဏီ အငှားယာဉ်မောင်း ကိုလင်းက ပြောပါတယ်။
ရန်ကုန်မြို့လယ်ခေါင် ဖြစ်တဲ့ ပန်းဘဲတန်း၊ လသာ၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ လမ်းမတော်နဲ့ ဒဂုံမြို့နယ်တွေ ရဲ့ လမ်းအများအပြားမှာဆိုရင် အမှိုက်စို၊ အမှိုက်ခြောက် နာမည်တပ်ထားတဲ့ အမှိုက်ပုံးတွေ ရှိပေမဲ့လည်း လမ်းဘေးမှာတင် ကြုံသလိုပစ်ထားတဲ့ အမှိုက်ပုံငယ်တွေ အများကြီး မြင်နေရပါတယ်။
ပုစွန်တောင်ဈေးထဲက ဈေးသား တယောက်ကတော့ သူတို့ ဈေးထဲက အမှိုက်ပုံကြီးကို သိမ်းဖို့ ဈေးအုပ်ချုပ်ရေးမှူးနဲ့ စည်ပင်နဲ့ ညှိနှိုင်းထားပေမယ့်၊ အဲဒီလို လာသိမ်းပေးဖို့ ဈေးသူဈေးသားတွေက ငွေကြေးထည့်ဝင်ကြပေမယ့် စည်ပင်ကားက မှန်မှန် မလာတဲ့ အတွက် အမှိုက်ပေါင်းစုံရဲ့ အနံ့အသက်နဲ့ ဈေးသူဈေးသားတွေရဲ့ ကျန်းမာရေး စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့တော် အမှိုက်ကင်းစင်ဖို့ စည်ပင်နဲ့ ပြည်သူ တဘက်ကို တဘက် သူ့ကြောင့် ကိုယ့်ကြောင့် အပစ်တင်နေရုံနဲ့တော့ ပြီးသွားမှာမဟုတ်ဘူး၊ နှစ်ဦးနှစ်ဘက် တာဝန်သိမှဖြစ်မယ်လို့ သန့်ရှင်းမှုကို လိုလားတဲ့ ရန်ကုန်နေ ပြည်သူတွေက ပြောဆိုနေ ကြပါတယ်။