ညနေခင်းကို ရောက်တိုင်း ရန်ကုန်မြို့၏ ရုံးတွေက ဝန်ထမ်းတွေ ပြွတ်သိပ်ကြပ်ညပ်နေသော ဘတ်စ်ကားတွေပေါ်သို့ နွမ်း လျပင်ပန်းစွာ တက်သွားကြပြီး ဆင်ခြေဖုံးအရပ်က မိမိတို့ နေအိမ်တွေဆီကို ပြန်ကြချိန်တွင် မြို့တော်ခန်းမ၏ အပေါ်ဆုံး ထပ်က အခန်းတခန်းကတော့ မီးလင်းနေဆဲဖြစ်သည်။
ရုံးခန်းထဲမှာ ထိုင်နေသူက စစ်ဗိုလ်မှူးဟောင်းတယောက်ဖြစ်သော ဦးတိုးအောင် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးကာလတွင် ဒေသတွင်းမှာ အရာရာနောက်ကျကျန်နေခဲ့သည့် ရန်ကုန်မြို့ကြီးကို အရှေ့တောင် အာရှ၏ မဟာမြို့ကြီးအဖြစ် အသွင်ပြောင်းလဲနိုင်ရေးဆိုသော ကြီးမားသည့် တာဝန်တရပ်ကို ထမ်းဆောင်နေရသူလည်း ဖြစ် ပါသည်။
၂၀၁၁ ခုနှစ်မှာမှ စတင် ဖွဲ့စည်းခဲ့သော မြို့ပြစီမံကိန်းဌာန၏ ဒုတိယ ဌာနမှူးအနေဖြင့် ဦးတိုးအောင်၏ တာဝန်သည် ခက်ခဲပါသည်။
လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်း၊ ရေကြီးရေလျှံခြင်း၊ ယာဉ်ကျောပိတ်ဆို့မှု၊ လေထုညစ်ညမ်းမှုနှင့် အဆင့်အတန်းမမီသည့် နေအိမ် အဆောက်အဦးများ စသည်တို့ ဖြင့် ရန်ကုန်သည် ရာစုနှစ်ဝက်နီးပါး ကြာမြင့်ခဲ့သည့် စစ်အာဏာရှင်စံနစ် လက်အောက်တွင် စီးပွားရေးချွတ်ခြုံကျခဲ့ရခြင်းကို သရုပ်ဖော်ပြသနေသည်။
ကျေးလက်ကို စွန့်ခွာကာ မြို့ပြကိုပြောင်းရွှေ့လာကြခြင်း၏ အကျိုးဆက်ကြောင့် လက်ရှိ အချိန်တွင် ၅ သန်းခန့် ရှိသော ရန်ကုန်မြို့၏ လူဦးရေသည် ၂၀၄၀ ခုနှစ်တွင် နှစ်ဆတိုးလာနိုင်သည်ဟု ယူဆရသည်။ အလုပ်အကိုင် အခွင့်အလမ်း၏ ဆွဲဆောင်မှုကြောင့် ကျေးလက်ဒေသမှ လူထောင်ပေါင်းများစွာသည် ၎င်းတို့ကို လက်ခံနေရာပေးဖို့ အသင့်မဖြစ်သေးသည့် မြို့တော်သို့ ရောက်ရှိလာကြသည်။
“ပြဿနာတွေ အများကြီးရှိတယ်၊ ဘယ်ဟာကို ဦးစားပေးလုပ်သင့်သလဲ” ဟု ဦးတိုးအောင်က ခပ်တိုးတိုးပြောသည်။ ကလေးဘဝက ဖခင်ဖြစ်သူ စစ်သံမှူးတာဝန် ထမ်းဆောင်ရာ ဝါရှင်တန်မြို့တွင် နေထိုင်ခဲ့ဖူးသည့် အတွက် သူ၏ အင်္ဂလိပ်လေယူလေသိမ်းက အမေရိကန် ဆန်သည်။
အချို့ အဖြေတွေက အနည်းဆုံးတော့ စာရွက်ပေါ်မှာ ရှိပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများကို အကူအညီပေးနေသည့် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ ပညာရှင်များက လေ့လာရေးဆွဲပေးထားသည့် မဟာ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှုစီမံကိန်း သည် စာမျက်နှာ ၈၅၂ မျက်နှာရှိသည်။
ဒီဇင်ဘာလတွင် ပြီးဆုံးမည့် စီမံကိန်းရေးဆွဲမှုသည် မတန်တဆ မြင့်တက်လာနေသော ရန်ကုန်မြေဈေးနှုန်းကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ နောက်ဆုတ်သွားမှာကို ကြောက်ရွံ့မှုများကြားထဲတွင် ညပ်နေသည်။ ထို့ပြင် မြို့တော်စည်ပင် သာယာရေး ကော်မတီနှင့် (JICA) တို့၏ အနီးကပ် ပူးပေါင်းဆောင်ရွက်နေမှုများကြောင့် အခြေခံအဆောက်အဦး စီမံကိန်းများ အတွက် ဈေးပြိုင်ပေး၍ လျှောက်ထားရာတွင် ဂျပန်ကုမ္ပဏီများက မလျော်သော နည်းလမ်းဖြင့် အသာရသွားမှာကိုလည်း စိုးရိမ်ပူပန်မှုများ ရှိနေသည်။
ယခင် စစ်အစိုးရက မြောက်ဖက် ၂၃၆ မိုင် အကွာရှိ ပူပြင်းပြီး တောတောင်ထူထပ်သည့် နေပြည်တော်ဟု ခေါ်သည့်နေရာသို့ ပြောင်းရွှေ့ရုံးစိုက်ခဲ့ချိန် ၂၀၀၅ ခုနှစ်ကတည်းက ရန်ကုန်သည် မြန်မာနိုင်ငံ၏ မြို့တော် မဟုတ်တော့ပါ။
သို့သော်လည်း မြို့တော်ဟောင်းသည် မြန်မာနိုင်ငံ၏ ကုန်သွယ်ရေး၊ စက်မှုလုပ်ငန်းနှင့် ဘဏ္ဍာရေး အချက်အချာနေရာ အဖြစ် ဆက်လက်တည်ရှိနေခဲ့ပါသည်။ ၂၀၁၀-၂၀၁၂၏ မြန်မာနိုင်ငံ GDP တွင် ရန်ကုန်ဒေသမှ ပါဝင်မှု ၂၂ ရာခိုင်နှုန်း ရှိသည်ဟု မြို့ပြ ဖွံ့ဖြိုးမှုစီမံကိန်းတွင် ဖော်ပြထားသည်။
ရန်ကုန်တွင် မြန်မာနိုင်ငံ၏ အဓိက ပင်လယ်ဆိပ်ကမ်းများ ရှိသည့်အတွက် နိုင်ငံခြားပို့ကုန်ဦးစားပေး ကုန်ထုတ်လုပ်ငန်းများ အခြေစိုက်ကြသည့် နေရာလည်းဖြစ်သည်။ ထို့ပြင် ကမ္ဘာလှည့် ခရီးသည်တို့၏ ပင်မ ဝင်ပေါက်၊ ထွက်ပေါက်လည်း ဖြစ် သည်။ ၂၀၁၁ ခုနှစ်တွင် အရပ်သားတပိုင်း အစိုးရ တာဝန်ယူပြီး နောက်ပိုင်းတွင် ခရီးသည် ဝင်ရောက်မှုကလည်း တရှိန်ထိုး မြင့်တက်လာနေသည်။
အတိုချုပ်ဆိုရလျှင် ပြုပြင်ပြောင်းလဲရေးကာလ စီးပွားရေးသည် မြန်မာနိုင်ငံမှ အကြီးဆုံးမြို့ကြီး၏ အနာဂတ် အလား အလာများ ပေါ်တွင် မူတည်၍ နေပါသည်။ JICA က ဦးစားပေး စီမံကိန်း ၁၀၃ ခု အတွက် အမေရိကန်ဒေါ်လာ ၅.၄ ဘီလီယံ ကုန်ကျမည်ဟု တွက်ချက်ထားပြီး ရေရှည် ပြုပြင်ပြောင်းလဲရေးအတွက် ဆိုလျှင် ဒေါ်လာ ဘီလီယံ ဆယ် ဂဏန်း များစွာ ထပ်မံကုန်ကျနိုင်သည်ဟု ကျွမ်းကျင်သူ ပညာရှင်များက ခန့်မှန်းကြသည်။
နာမကျန်းသော ရန်ကုန်ကို ကုသရေး
အခြားသော မြို့ကြီးများလိုပင် ရန်ကုန်၏ ကမောက်ကမဖြစ်မှုများသည် ၎င်း၏ ဆွဲဆောင်မှုတွေထဲက တစိတ်တပိုင်း ဖြစ်သည်။ သို့သော်လည်း ရန်ကုန်မှာ နေထိုင်သူတွေအတွက်ကတော့ ဆွဲဆောင်မှုဟု မဆိုနိုင်ပါ။
လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် ပေါ်ပေါက်လာသည့် ကိုယ်ပိုင်ဓာတ်အားပေးစက်တွေက လူသွား ပလက်ဖောင်း တွေကို ပိတ်ဆို့ထားသည်။ နောက်ဖေးလမ်းကြားက အမှိုက်ပုံတွေမှာ ကြွက်တွေ အခြေချနေထိုင်ကြသည်။ အမှိုက်သရိုက် မိုးရာသီ ကာလတွင် ရေနုတ်မြောင်းများ ပိတ်ဆို့ပြီး ရေလျှံသည့် ပြဿနာကို ပိုပြီးဆိုးဝါးစေသည်။
ရန်ကုန်မြို့လယ်၏ ပျက်စီးယိုယွင်းနေပြီဖြစ်သော မြေအောက်ရေထုတ်စံနစ်ကို အင်္ဂလိပ်ကိုလိုနီခေတ်ကထဲက တည် ဆောက်ခဲ့ခြင်းဖြစ်သည်။ မိလ္လာကန်များထဲက ရေတွေ လွတ်လပ်စွာ ဝင်ထွက်နေသည်။ ရန်ကုန်မြို့၏ တဝက်ထက် နည်း သော အစိတ်အပိုင်းသာလျှင် ပိုက်ကလာသည့်ရေကို အသုံးပြုနိုင်သည်။
ဆယ်စုနှစ်များစွာ စစ်တပ်၏ တံခါးပိတ်ဝါဒ လက်အောက်တွင် ရှိခဲ့စဉ်က လမ်းတွေက ခြောက်ကပ်တိတ်ဆိတ်နေသည်။ မော်တော်ယာဉ် နည်းပါးသဖြင့် လေထုသန့်ရှင်းသည်ဟု ရှာကြံကာ ဂုဏ်တင်နိုင်ခဲ့သော်လည်း ၂၀၁၁ ခုနှစ်နောက်ပိုင်း မော်တော်ကား တင်သွင်းမှု မူဝါဒကို ဖြေလျော့ပေးလိုက်ပြီး နောက်တွင် ရန်ကုန်မြို့၏ ကျဉ်းမြောင်းပြီး မညီညာသည့် လမ်းတွေပေါ်တွင် ကားတွေ အမြောက်အများ ရောက်လာသည်။ မြို့လယ် အချက်အချာ နေရာများတွင် မကြာခဏ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်လာပြီး အိတ်ဇောပိုက်က ထွက်လာသည့် အခိုးအငွေ့တွေ ပို၍ ထူထပ်လာသည်။
ပြည့်စုံကောင်းမွန်သော မြေယာအသုံးချမှုစံနစ်နှင့် ဖွံ့ဖြိုးရေး စီမံကိန်း မရှိလျှင် ရန်ကုန်၏ အခြေအနေသည် စီမံခန့်ခွဲမှု ညံ့ဖျင်းပြီး ဆွဲဆောင်မှုမရှိသည့် အာရှ၏ မဟာမြို့ကြီး နောက်တခု ဖြစ်လာလိမ့်မည်ဟု Harvard Ash Center က ယမန်နှစ် ကထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် မြန်မာအစိုးရကို အကြံပြုခဲ့သည်။
JICA ၏ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှုစီမံချက်တွင် သန်းနှင့် ချီသော နေအိမ်တိုက်ခန်းများ ဆောက်လုပ်ရန်၊ ရန်ကုန်မြို့၏ မြစ်ကမ်းပါးများကို အဆင့်မြှင့် ထိန်းသိမ်းရန် နှင့် လက်ရှိလေဆိပ်၏ တောင်ဖက်အရပ်တွင် စီးပွားရေးအချက်အချာ နေရာအသစ်တခု တည်ဆောက်ရန် အပါအဝင် စီမံကိန်း အများအပြားကို အဆိုပြုခဲ့သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက စီးပွားရေး အချက်အချာနေရာတွင် ရှိသည့် ၁၄.၈ ဟက်တာ ကျယ်ဝန်း သည့် မြေနေရာကို ငှားရမ်းရန်အတွက် ပြည်တွင်းပြည်ပ ကုမ္ပဏီများကို တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်နေသည်။
ဂျပန်နိုင်ငံက အဆိုပါစီမံကိန်းများမှ အကျိုးအမြတ် ရရှိနိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။ ယခုနှစ် အစောပိုင်းက ကြွေးမြီ ယန်းငွေ ၁၇၆.၁ ဘီလီယံကို လျှော်ပေးခဲ့ပြီး နောက်ထပ်လည်း ယန်းငွေ ဘီလီယံနှင့် ချီ၍ အကူအညီအနေဖြင့် ပေးခဲ့သည်။ ၎င်းတို့ထဲမှ အများစုသည် ရန်ကုန်အရှေ့တောင်ဖက်ရှိ သီလဝါတွင် ဂျပန်ကုမ္ပဏီများက အကောင်အထည် ဖော်နေသော သီလဝါ ဆိပ်ကမ်းနှင့် စက်မှုဇုန်အတွက် လျာထားခြင်းဖြစ်သည်။
သီလဝါစက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် JICA က လေ့လာမှု ၄ခု ပြုလုပ်နေပြီး ၎င်းတို့ ၏ ရုံးခန်းသည် ဦးတိုးအောင်၏ ရုံးခန်း အနီးတွင်ရှိသည်။
သို့သော် ဥရောပနိုင်ငံများမှ အကူအညီပေးရေးအဖွဲ့များကဲ့သို့ မဟုတ်ဘဲ JICA သည် အကူအညီပေးရာတွင် အသွား နှစ်ခုပါသော ချဉ်းကပ်မှုကို အသုံးပြုသည်ဟု ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှုစီမံချက်ကို ရေးဆွဲသူများအား ထောက်ပြဝေဖန်သူ အမေရိကန် မြို့ပြစီမံကိန်း ကျွမ်းကျင်သူ တဦးဖြစ်သော Andrew Gulbrandson ကပြောသည်။
“ပထမ… သူတို့ ကူညီချင်ကြတယ်။ ဒုတိယ …သူတို့က ရင်းနှီးမြှုပ်နှံဖို့ အခွင့်အရေးကို သေချာအောင် လုပ်ချင်ကြတယ်” ဟု ပြောသည်။
ဖေဖော်ဝါရီ လအတွင်းက ရန်ကုန်မြို့တော်စည်ပင်နှင့် JICA တို့က ဦးဆောင် ကျင်းပခဲ့သော ရန်ကုန်မြို့ ရေရရှိရေး၊ မြေအောက် ရေနှုတ်မြောင်းများ နှင့် ရေစီးရေလာ ကောင်းမွန်ရေး တို့နှင့် ပတ်သက်သည့် ဆွေးနွေးပွဲသည် ဂျပန်တို့၏ အရေး ကိစ္စသက်သက်သာ ဖြစ်ခဲ့ပြီး ဂျပန် အဆင့်မြင့် အရာရှိများနှင့် Kubota Corporation ကဲ့သို့သော ဆောက်လုပ် ရေး ကုမ္ပဏီကြီးများ တက်ရောက်ခဲ့ကြသည်။
ထို့ကြောင့် ရန်ကုန်မြို့စီမံကိန်းများအတွက် ဈေးပြိုင်တင်သွင်း အဆိုပြုသည့်အခါ ဂျပန်ကုမ္ပဏီများက အသာစီးရသွား နိုင်သည်ဟု ရန်ကုန်ရှိ Korea Trade-Investment Promotion Agency မှ လက်ထောက်စီးပွားရေးသံမှူး Sungmin Ko ကပြောသည်။ “ပွင့်လင်းလွတ်လပ်တဲ့ လေလံမျိုးဖြစ်ရင်တောင်မှ ဂျပန် ကုမ္ပဏီတွေဖက်က အချိန်တွေ၊ သတင်း အချက် အလက်တွေ၊ အသေးစိတ် အကြောင်းအရာတွေ ပိုရထားတယ်လေ” ဟု သူက ဆိုသည်။
မြန်မာ တာဝန်ရှိသူအများ အပြားက ဂျပန်ကုမ္ပဏီများကို ပိုမိုသဘောကျကြောင်း ၎င်းတို့၏ ပုဂ္ဂလိက သဘောထားကို ထုတ်ဖော်ပြောတတ်ကြသော်လည်း ဈေးပြိုင်တင်သွင်းမှုတွင် ဂျပန်ကုမ္ပဏီများ အောင်မြင်မှုရရှိလိမ့်မည်ဟု ဆိုလိုခြင်း မဟုတ်ဟု ရန်ကုန်မြို့ JICA ရုံးမှ အကြီးတန်းကိုယ်စားလှယ် Akihito Sanjo ကပြောသည်။
ဥပမာပြရလျှင် သြဂုတ်လအတွင်းက ရန်ကုန်မြို့အတွက် အပြည်ပြည်ဆိုင်ရာလေဆိပ်အသစ်တခု ဆောက်လုပ်ရေး စီမံကိန်းကို ဂျပန်နိုင်ငံမှ New Kansai International Airport ဦးဆောင်သော အဖွဲ့ကိုမပေးဘဲ တောင်ကိုရီးယားမှ Incheon Airport ကိုပေးအပ်ခဲ့သည်ကို ကြည့်နိုင်ပါသည်ဟု သူကဆိုသည်။
“ကျနော်တို့ အတွက် အရမ်း ကံဆိုးတဲ့ရလဒ်ပါ” ဟု Akihito Sanjo ကပြောသည်။
လူမှု မတည်ငြိမ်မှု
ရန်ကုန်မြို့၏ အကြီးမားဆုံး ပြဿနာမှာ ယခင်စစ်အစိုးရ လက်ထက်ကထဲက အသိအမှတ်ပြုခဲ့သော်လည်း ကိုင်တွယ် ဖြေရှင်းဖို့ ဂရုမထားခဲ့သည့် မြို့ပြဆင်းရဲမွဲတေမှု တိုးပွားလာနေခြင်း ဖြစ်သည်။ အနည်းဆုံး ရန်ကုန်လူဦးရေ၏ ၄၀ ရာခိုင် နှုန်းသည် “ဆင်းရဲကြသည် သို့မဟုတ် အလွန်အမင်း ချို့တဲ့ကြသည်” ဟု ကုလသမဂ္ဂ၏ အိုးအိမ်ဆိုင်ရာ အဖွဲ့ UN-HABITAT ကဆိုသည်။
ရန်ကုန်မြို့လယ်ပိုင်းသည် အကွက်ကျကျ ပုံစံချထားပြီး ဗြိတိသျှခေတ်၏ အမှတ်တရ အစိုးရအဆောက်အဦးများလည်း ရှိ သည်။ လွတ်လပ်ရေး ရရှိခဲ့သည့် ၁၉၄၈ ခုနှစ်အထိ ရာစုနှစ်တခုနီးပါးမျှ ရန်ကုန်မြို့ကို ဗြိတိသျှတို့က စီမံအုပ်ချုပ်ခဲ့၏။
၁၉၈၀နှစ်များ နှင့် ၁၉၉၀ နှစ်များအတွင်းတွင် စစ်အစိုးရက မြို့တွင်းမှ လူထောင်ပေါင်းများစွာကို မြို့ပြင်မှ မြေ လွတ် မြေရိုင်းများဆီသို့ ပြောင်းရွှေ့စေခဲ့သည်။ ပြောင်းရွှေ့ခံရသူတို့မှာ နှစ်စဉ်ရေလွှမ်းမိုးတတ်သော နေရာများတွင် အခြေခံ လိုအပ်ချက်များကိုပင် လုံလောက်စွာမရဘဲ အဆင်မပြေမှုများစွာနှင့် အခြေချနေထိုင်ကြရသည်။
လျှင်မြန်စွာ တိုးတက်လာနေသည့် လူဦးရေကလည်း မူလကတည်းက မနိုင်ဝန်ထမ်းနေရသည့် ကျန်းမာရေးနှင့် ပညာရေး စံနစ်ကို ပိုပြီးဖိအားတွေ သက်ရောက်စေသည်။ မိသားစု အများအပြားသည် သူတို့၏ ကလေးများကို အစိုးရကျောင်းများ သို့ ပို့ရန်ပင် မတတ်နိုင်ကြပါ။ အစိုးရကျောင်းများတွင်ပင်လျှင် အမျိုးမျိုးသော ဝန်ဆောင်ကြေးများ ပေးရပြီး တလလျှင် ကျပ် ၅၀၀၀၀( အမေရိကန် ဒေါ်လာ ၅၀)ခန့် ကုန်ကျသည်။ မြန်မာနိုင်ငံသား အများစု၏ ပျမ်းမျှဝင်ငွေသည် တနေ့လျှင် ဒေါ်လာ အနည်းငယ်မျှသာ ရှိပါသည်။
ဆင်းရဲနွမ်းပါးသူများကို ကူညီရန် ပျက်ကွက်ခြင်းနှင့် အတူ ဇိမ်ခံကားကြီးများနှင့် အတူ သုံးဖြုန်းမော်ကြွားနေသူ လူချမ်းသာများ ပိုများလာနေသည့် ရန်ကုန်မြို့တွင် ပညာချို့တဲ့သည့် အလုပ်လက်မဲ့ အောက်ခြေလူတန်းစားများလည်း ရှိနေခြင်းသည် လူမှုရေး မတည်ငြိမ်မှုများ၊ ဆူပူအုံကြွမှုများသို့ ဦးတည်သွားနိုင်သည်။ စစ်အစိုးရကို ဆန့်ကျင်သော ဒီမိုကရေစီရေး ဆန္ဒပြမှုများ ရန်ကုန်တွင် ဖြစ်ပွားခဲ့ခြင်းမှာ ပြည်သူတို့၏ စီးပွားရေး မပြေလည်မှု သောကကြောင့် ဖြစ်သည်။
ထိုအချက်အားလုံးက ဦးတိုးအောင်၏ အလုပ်အတွက် အရေးတကြီးကိစ္စတွေ ဖြစ်လာသည်။ တခါတရံ ရုံးခန်းမှာ ည ၁၀ နာရီအထိ နေရသည်။ ထိပ်ဖျားမှာ ဘုံဆောင်အမြင့် အချွန်တွေနှင့် တန်ဆာဆင်ထားသော ထုထည်ကြီးသည့် အဆောက် အဦးကြီးထဲက လှိုဏ်ဂူသဖွယ် ရုံးခန်းထဲမှာ အလင်းရောင်လည်း အားနည်းပြီး စားပွဲတွေပေါ်မှာ လယ်ဂျာစာအုပ်တွေ ပုံနေသည်။ ကွန်ပျူတာဆိုတာ တွေ့ရခဲသည့် အရာဖြစ်၏။
အသက် ၄၆ နှစ်ရှိပြီဖြစ်သော ဦးတိုးအောင်သည် မြန်မာစစ်တပ်ထဲမှာ ၁၈ နှစ် နေခဲ့သည်။ စစ်အစိုးရ၏ အမာခံ တယောက်ဖြစ်သည်ဟု ဆိုကြသော ဗိုလ်မှူးချုပ် အောင်သိန်းလင်း၏ ဦးစီးအရာရှိ အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ၂၀၀၃ ခုနှစ်တွင် စစ်အစိုးရက ဗိုလ်မှူးချုပ် အောင်သိန်းလင်းကို ရန်ကုန်မြို့တော်ဝန်အဖြစ် ခန့်အပ်လိုက်သည့် အခါ ဦးတိုးအောင်လည်း လိုက်ပါပြောင်းရွှေ့ခဲ့သည်။
မြို့တော်စည်ပင်တွင် ၂၀၁၁ ခုနှစ် စက်တင်ဘာလအထိ မြို့ပြစီမံကိန်းဌာန မရှိပေ။ ပြုပြင်ပြောင်းလဲရေး စိတ်သန်သော ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် သမ္မတ ဖြစ်လာပြီး ခြောက်လအကြာတွင်မှ ဦးတိုးအောင်က စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ် သည်။
“ကျနော့်ရဲ့ အိပ်မက်က ရန်ကုန်ကို မြို့ပြဖွံ့ဖြိုးတိုးတက်မှုရဲ့ စံပြဖြစ်စေချင်တာပါပဲ” ဟု သူက ပြောသည်။
ဒီအတိုင်းဖြစ်ဖို့က မလွယ်ကူသေးသယောင် ထင်ရသည်။ သို့သော်လည်း ရန်ကုန်တွင် အမှတ်မဲ့ ဘေးဖယ်ထားကြသော အခြား အာရှမြို့ကြီးတွေထက် အားသာသည့် အမွေအနှစ်တွေ ရှိနေသည်။ ပြင်ဆင်ထိန်းသိမ်းရန် လိုအပ်ချက်များ ရှိနေ သည့်တိုင် ဖြိုဖျက်ခြင်းမခံရသေးသည့် သမိုင်းဝင်အဆောက်အဦးတွေ ရှိသည်။ ပတ်ဝန်းကျင် စိမ်းလန်းရေး လုပ်ဆောင်သူတွေကို ဖမ်းစားနိုင်သည့် အစိမ်းရောင်နယ်မြေတွေ ရှိနေသေးသည်။
သို့သော်လည်း အချိန်က များများမကျန်တော့ပါ။ ဖွံ့ဖြိုးရေး စီမံကိန်းသစ်တွေ၏ နေရာအများစုက မြေသြဇာမကောင်းသည့် စိုက်ပျိုးမြေတွေပေါ်မှာ ဖြစ်နေချိန်တွင် ဈေးကစားမှုတွေက မြေဈေးတွေကို မြင့်တက်စေသည်။ “ကျနော်တို့ မြို့က မြေဈေး တွေကို ထိန်းချုပ်လို့ မရဘူးဖြစ်နေတယ်” ဟု ဦးတိုးအောင်က ပြောသည်။
ရန်ကုန်မြစ်၏ တဖက်ကမ်းတွင်ရှိသော ဒလမြို့နှင့် ရန်ကုန်မြို့လယ်ကို တံတားထိုးဆက်သွယ်ရန် အဆိုပြုမှုတခုကို အစိုးရက စဉ်းစားနေဆဲ ကာလတွင်ပင် ဒလမြို့၌ မြေဈေးတွေ ထိတ်လန့်စရာ ကောင်းလောက်အောင် ထိုးတက်သွားသည်ဟု ဒေသခံများက ပြောကြသည်။
ဆိုင်ကယ် မမောင်းရ
ယာဉ်ထူထပ်သည့် အာရှမြို့ကြီးများဖြစ်သည့် ဂျကာတာနှင့် ဒက္ကာမြို့များတွင် ကြုံတွေ့ ရသလိုပင် လျှင်မြန်ထိရောက် သော ပို့ဆောင်ရေးစံနစ်မရှိဘဲ မဟာမြို့ကြီးများတွင် အလုပ်မဖြစ်နိုင်ပါ။ ရန်ကုန်လူထု၏ ၈၀ ရာခိုင်နှုန်းခန့်သည် ဦးတိုး အောင်၏ ရုံးခန်းအောက်ဖက်က လမ်းတွေပေါ်မှာ အသံ ဆူဆူညံညံနှင့် တိုးဝှေ့သွားနေသည့် ခေတ်ဟောင်း ဘတ်စ်ကား ကြီးများကိုသာ အားထား သွားလာနေရသည်။ လူစည်ကားသည့် အချိန်မဟုတ်လျှင်တောင်မှ ကားပေါ်မှာ လူတွေက ပြည့် ကြပ်နေ၏။
အာရှ၏ အခြားဒေသတွေမှာ မြင်တွေ့နေကျဖြစ်သည့် မော်တော်ဆိုင်ကယ်ကိုတော့ ရွေးချယ်လို့ မရနိုင်ပါ။ စစ်အစိုးရလက်ထက်ကထဲက ရန်ကုန်မှာ မော်တော်ဆိုင်ကယ် စီးနင်းခြင်းကို ပိတ်ပင်ထားခဲ့သည်။ သံသယကြီးသည့် စစ်ဗိုလ်ချုပ်ကြီး တယောက်က သူ့ကို မော်တော်ဆိုင်ကယ်စီးနင်း၍ လိုက်လံတိုက်ခိုက်လုပ်ကြံမည်ကို စိုးရိမ်၍ ဤသို့ ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်ဟုလည်း အချို့ကပုံပြင်ဆန်ဆန် ပြောကြသည်။
ရန်ကုန်မြို့၏ ပိတ်ဆို့ရှုပ်ထွေးနေသော လမ်းများပေါ်တွင် မော်တော်ဆိုင်ကယ် ပြန်လည်စီးနင်းခွင့်ပြုရန် “မဖြစ်နိုင်ပါ” ဟု ဦးတိုးအောင်ကလည်း ပြောသည်။
ရန်ကုန်အတွက် ကံကောင်းသည့် အချက်မှာ မြို့ဆင်ခြေဖုံးများနှင့် မြို့လယ်ကို ဆက်သွယ်ပေးထားသော စက်ဝိုင်းသဏ္ဍန် မြို့ပတ်ရထားလမ်း ရှိနေခြင်း ဖြစ်သည်။ အရှိန်နှေးနှေးသာ သွားနိုင်ပြီး အချိန်မမှန်သည့် ဟောင်းနွမ်းနေသော ရထားများ သည် မြို့လယ်၊ ဆင်ခြေဖုံးနှင့် စက်မှုဇုန်များကို ဖြတ်သန်းပြေးဆွဲနေသည်။ လက်တွေ့အကောင်အထည်ဖော်ရန် အတွက် စာချုပ်ချုပ်ဆိုနိုင်ခြင်း မရှိသေးသော်လည်း မြန်မာ့မီးရထားနှင့် ဂျပန်ပညာရှင်များ ပူးပေါင်း၍ မြို့ပတ်ရထားစနစ်ကို အဆင့်မြှင့်တင်နိုင်ရန် သုတေသနပြုနေကြသည်ဟု JICA မှ Akihito Sanjo ကပြောသည်။
“ဒီစီမံကိန်းကို ဂျပန်ဖက်က သေသေချာချာကို စိတ်ဝင်စားတာပါ” ဟု သူက ထပ်ပြောသည်။
စာရွက်ပေါ်က ရန်ကုန်ကို တည်ဆောက်ရန် အားနည်းချက် ၂ ခု ရှိနေသည်။ ပထမ တခုက ဘဏ္ဍာငွေဖြစ်သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ၂၀၁၂-၁၃ ခုနှစ် အတွက် ဘတ်ဂျက်ငွေသည် ကျပ်ငွေ ၅၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၆ သန်း) သာရှိသည်။ ၎င်းထက်လူဦးရေ တဝက်နည်းသော အမေရိကန်နိုင်ငံ ရှီကာဂို မြို့၏ ယမန်နှစ်က ဘတ်ဂျက်မှာ ဒေါ်လာ ၆.၅ ဘီလီယံဖြစ်သည်။
ဒုတိယအချက်မှာ နယူးယောက်မြို့တော်ဝန် Michael Bloomberg သို့မဟုတ် ဂျကာတာမြို့၏ ကျော်ကြားသော Joko Widodo တို့လို အများယုံကြည်လေးစားပြီး သြဇာရှိသော မြို့တော်ဝန် မရှိခြင်းဖြစ်သည်။ စစ်သားဟောင်းကြီး ဦးတိုးအောင်ကိုတော့ ထိုကိစ္စနှင့် ပတ်သက်ပြီး မှတ်ချက်ပေးဖို့ မတောင်းဆိုတော့ပါ။ ၂၀၁၁ ခုနှစ်တွင် သူ၏ အကြီးအကဲဟောင်း ဗိုလ်မှူးချုပ်အောင်သိန်းလင်း၏ နေရာတွင် အစားထိုး ခန့်အပ်ခြင်းခံရသူ ဦးလှမြင့်သည်လည်း ဗိုလ်မှူးချုပ်ဟောင်း တယောက် ဖြစ်နေသောကြောင့် ဖြစ်ပါသည်။
( Reuters သတင်းထောက် Andrew R.C. Marshall ၏ With Japan’s Help, an Ex-Soldier Leads Rangoon From Backwater to Megacity ကို နိုင်မင်းသွင် ဘာသာပြန်သည်)