အခုတော့ ရှင်လူထွက် ဖြစ်ခဲ့ပေမယ့် လွန်ခဲ့တဲ့ ၆ နှစ်ကျော်က ပခုက္ကူမှာ ကိုယ်တိုင်ကြုံခဲ့ရတဲ့ စက်တင်ဘာ ရွှေဝါရောင် ၂၀၀၇ သံဃာ့အရေးအခင်း ကနဦး အဖြစ်အပျက်တွေကို ဘဝမှာ ဘယ်တော့မှ မမေ့ဘူးလို့ ယခု လူအမည် ကိုမင်းမင်းဦး တဖြစ်လဲ ဦးပညာစက္ကက အမှတ်တရ ပြန်ပြောပါတယ်။
စက်တင်ဘာလ ၅ ရက်နေ့က ပခုက္ကူမြို့ ဆေးရုံနားက ဓာတ်တိုင်မှာ သူနဲ့ သံဃာတော် ဦးစန္ဒိမာတို့ ကြိုးနဲ့ တုတ်၊ သေနတ်ဒင်နဲ့ ရိုက်၊ ဆဲရေးတိုင်းထွာခံခဲ့ရပုံကို ကိုမင်းမင်းဦးက ဧရာဝတီကို ပြောပြပါတယ်။
“ဒီအချိန်မှာ ကျနော်တို့ ခံခဲ့ရတာကို လက်တုံ့ပြန်လိုတဲ့ စိတ်ဆန္ဒ လုံးဝမရှိပေမယ့် ကျနော့်ဘဝမှာ ဒီလို အကြမ်းဖက်၊ ရက်စက်တဲ့ အစိုးရကိုတော့ ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ ဒီအဖြစ်အပျက်ကတော့ သမိုင်းမှတ်တမ်းမှာ ကျန်ရစ်နေတာ အသေအချာပဲ။ ဒါကို လုံး၀ ဖျောက်ဖျက်ပစ်လို့မရဘူး။ အဲဒီခေတ် အဲဒီအချိန်က အဲဒီအစိုးရရဲ့ သရုပ်ကိုတော့ အမှန်အတိုင်း ဖြစ်ဖို့လိုတယ်” လို့ သူက ဆိုပါတယ်။
မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ဒီလို သံဃာတော်တွေ ဦးဆောင်ပြီး ဆန္ဒထုတ်ဖော်ဖြစ်ခဲ့တဲ့ အကြောင်းအရင်းက ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် လမ်းလျှောက်ဆန္ဒပြတာကို ဖမ်းဆီးပြီး ထောင်ချတဲ့အခါ ဒီလှုပ်ရှားမှုကြီး မရပ်သွားစေချင်တာကြောင့် စက်တင်ဘာလ ၂ ရက်နေ့မှာ ကိုယ့်နီးစပ်ရာ အရင်းနှီးဆုံး သံဃာတော်တွေနဲ့ တိုင်ပင်ပြီး စက်တင်ဘာ ၄ ရက်နေ့ကျတော့ ပခုက္ကူတမြို့လုံးက သံဃာတော် အများအပြားပါ စည်းဝေးပြီး ဘာတွေ တောင်းဆိုကြမလဲ ဆိုတာကို ဆွေးနွေးနိုင်ခဲ့တယ်လို့ ပခုက္ကူသံဃာတော်များကို ဦးဆောင်ခဲ့တဲ့ ဦးစိနိ္တတက ပြန်ရှင်းပြတယ်။
စက်တင်ဘာလ ၅ ရက်နေ့ နေ့လည် ၁ နာရီမှာ မိမိတို့ သီတင်းသုံးရာ ပခုက္ကူ အနောက်တိုက်ကျောင်းမှ သံဃာတော် ၃၆ ပါးနဲ့ တခြား ဘုန်းကြီးကျောင်းတွေက သံဃာတော်များကိုပါ ပါဝင်စုပေါင်းနိုင်ဖို့ ပခုက္ကူ အလယ်တိုက်ကျောင်း သွားရာ လမ်းကြောင်းအတိုင်း စတင်ထွက်ခွာခဲ့ပြီး မိမိတို့ တောင်းဆိုချင်သော သဘောထား ၄ ချက်ပါ စာတမ်းများကိုလည်း ကိုင်ဆောင်ခဲ့ကြောင်း ဦးစိန္တိတက မိန့်ပါတယ်။
“ဘုန်းကြီးတို့ တောင်းဆိုတာက အချုပ်အားဖြင့် ပြောရမယ်ဆိုရင် ကုန်ဈေးနှုန်း ကျဆင်းရေး၊ တန်းတူအခွင့်အရေး ရရှိရေး၊ မတရားမှုတွေ ပပျောက်ရေးနဲ့ အခု အဖမ်းခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပြီးတော့ ဆွေးနွေးတိုင်ပင် အဖြေရှာရေးပဲ။ ပခုက္ကူ အလယ်တိုက်ကျောင်းနား မရောက်ခင်မှာ ခရိုင်အုပ်ချုပ်ရေးဥက္ကဌ ဦးတင်မောင်စိုး၊ ရဲမှူးကြီး ဦးထွန်းစိန်၊ သာသနာရေးမှူး ဦးသိန်းဌေးတို့က လာတားတယ်” လို့ ဆရာတော်က ဆက်မိန့်ပါတယ်။
ဒါပေမယ့် သံဃာတော်များက မိမိတို့အလုပ်ကို ဆက်လုပ်မယ်ဆိုပြီး ဆက်ကြွချီခဲ့ရာ အုပ်ချုပ်ရေးပိုင်းက လူတွေကလည်း အနောက်ကနေ လိုက်လာကြပါတယ်။ အလယ်တိုက်ကျောင်း အရောက်မှာ အုပ်ချုပ်ရေးပိုင်း ပုဂ္ဂိုလ်တွေက ကျောင်းထိုင် ဘုန်းကြီးတွေကို ဘယ်လို ဖိအားပေးလိုက်သလဲ မသိ၊ ကျောင်းတံခါးတွေ ပိတ်ထားတာကို တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ အုပ်ချုပ်ရေးပိုင်းက အထဲကို ဝင်ခေါ်ဖို့ပြောတော့ ဘုန်းကြီးတို့က လုံးဝမယုံတော့ဘဲ “ငါတို့အပြင်ကနေပဲ ခေါ်မယ်၊ အထဲတော့ မဝင်ဘူး။ ငါတို့အထဲကို ဝင်သွားရင် မင်းတို့က တနည်းတဖုံနဲ့ ငါတို့ကို တားဆီးဖို့ လုပ်တော့မှာ” လို့ပြောပြီး အလယ်တိုက်ကျောင်းကနေ ဆက်ထွက် လိုက်ကြလို့ သိရပါတယ်။
အဲဒီလိုနဲ့ ပခုက္ကူ ဗောဓိမဏ္ဍိုင်ကျောင်းကို ရောက်တော့ သံဃာတော် ၉၀ ကျော် ထွက်လာခဲ့လို့ စီတန်းလှည့်လည်နေတဲ့ သံဃာအင်အားက ၁၀၀ ကျော်သွားပြီ။ ဒါပေမယ့် ပခုက္ကူ အရှေ့တိုက်ကျောင်း တံခါးပိတ်ထားတာ ထပ်ကြုံလိုက်ရတယ်။ ဒါပေမယ့် သံဃာတော် အနည်းငယ်က တံတိုင်းကို ကျော်ထွက်လာခဲ့လို့ သံဃာအင်အားက ပိုများသည်ထက် များလာတယ်။ စီတန်းလှည့်လည်နေတဲ့ သံဃာတော်တွေဟာ ပခုက္ကူ ဆေးရုံနား အရောက်မှာတော့ စစ်ကား ၂ စီးနဲ့ စစ်သားတွေ၊ မြို့နယ် သံဃမဟာနာယက ဥက္ကဌနဲ့ အဖွဲ့ဝင်တွေ စီးလာတဲ့ကား ၁ စီး၊ ဌာနဆိုင်ရာတွေနဲ့ သူ့လူတွေ စီးလာတဲ့ ကားတစီးက အသင့် ကြိုနေပါတယ်။
သံဃာတော်တွေကတော့ ရှေ့ဆက်သွားဖို့ ပြင်တယ်။ အဲဒီမှာ ပခုက္ကူက တပ်ရင်း (၂၃၅) တပ်ရင်းမှူးနဲ့ စွမ်းအားရှင်တွေ၊ ကြံ့ခိုင်ရေးတွေ၊ သံဃမဟာနာယက ဥက္ကဌ ဆရာတော်၊ ဌာနဆိုင်ရာ အရာရှိတချို့ ရောက်လာပြီးတော့ ရှေ့ဆက်မသွားဖို့ တားပါတော့တယ်။ စီတန်းလှည့်လည်နေတဲ့ သံဃာတော်တွေက ပခုက္ကူမြို့က သီဟိုရှင်ဘုရားအထိ သွားမှာ၊ အဲဒီရောက်မှ စီတန်းလှည့်လည်မှုတွေ ပြီးဆုံးမှာလို့ ငြင်းခုံနေကြရင်း ဥက္ကဌဆရာတော်က “ဟိုကောင့်ကို ဆွဲကွာ၊ ဒီကောင့်ကို ဆွဲကွာ” လို့ ပြောရာကနေ ရုန်းရင်းဆန်ခတ်မှုက စတင်ခဲ့ကာ စစ်တပ်ကပါ သံဃာတော်တွေကို ဝင်ချုပ်ပါတော့တယ်လို့ ဦးစိနိ္တတက မိန့်ပါတယ်။
“စီတန်းထားတဲ့ သံဃာတန်းကြီးရဲ့ အရှေ့ဘက်မှာ ဖြစ်နေတာက ချုပ်ထားတဲ့ သံဃာကို တဖက်ကလည်း ပြန်ရအောင်ဆွဲကြ၊ တဖက်ကလည်း ဖမ်းချုပ်ကြပေါ့။ ဦးပဇ္ဈင်းတို့က အတင်းမလုပ်နဲ့၊ ညှိပါ၊ ပြောနေရင်း သံဃာငယ်တွေ ဘက်ကလည်း စိတ်ဆိုးလာပြီး အဲဒီတပ်ရင်းမှူးကို ဝင်ချုပ်လိုက်တော့တယ်။ ဗိုလ်ကြီးတယောက်က တပ်ရင်းမှူးကို ပြန်လွှတ်ပေးပါ၊ အရှင်ဘုရားတို့လည်း ပြန်ကြွကြပါလို့ ပြောပေမယ့် သံဃာတော်တွေကလည်း အရှေ့ဆက်သွားမှာပဲ ဆိုနေကြရင်း နောက်ဆုံး သေနတ်မိုးပေါ် စပစ်တော့တာပဲ။ အဲဒီမှာ ပစ်တာ သေနတ် ၃၇ ချက်တိတိ ပစ်တာ” လို့ ဆက်မိန့်ပါတယ်။
အဲဒီမှာ အနောက်ဘက်က သံဃာတွေ ထွက်ပြေးကြတော့ အရှေ့ဘက်ဆုံးက သံဃာ ၂၅ ပါးလောက်ပဲ ရုန်းရင်းဆန်ခတ်မှုထဲမှာ ကျန်နေရစ်ခဲ့တယ်။ အဲဒီအချိန်မှာ ဦးစိနိ္တတကို ဆိုင်ကယ်နဲ့ အဲဒီနားကအိမ်က ဒကာတယောက်က သူ့အိမ်ထဲကို ခေါ်သွားတယ်။ သံဃာတော်တွေ အားလုံးကလည်း နောက်ဆုံးထွက်ပြေးရင်း သံဃာ ၃ ပါးက ပခုက္ကူအရှေ့ ဆေးရုံနားက အိမ်သာ ၃ လုံးထဲကို ဝင်ပြေးတော့ အနောက်က လိုက်နေတဲ့ စစ်သားတွေနဲ့ ပိတ်မိပြီး အဖမ်းခံလိုက်ရတာကို သူရောက်နေတဲ့ အိမ်ထဲက လှမ်းမြင်လိုက်ရတယ်လို့ ဦးစိန္တိက မိန့်ပါတယ်။
ကိုမင်းမင်းဦး (ဘွဲ့အမည် ဦးပညာစက္က) နဲ့ ဦးစန္ဒိမာတို့ကို ကြိုးနဲ့တုတ်ခေါ်ပြီး ဦးပညာနန္ဒ (ယခု လူဝတ်လဲသွား) ကို ဒီအတိုင်း ဆွဲခေါ်သွားတယ်။ အမှတ် (၃) ကျောင်းနားက ဓာတ်တိုင် ရောက်တော့ ကြိုးနဲ့တုတ်ခေါ်လာတဲ့ သံဃာ ၂ ပါးကို ဓာတ်တိုင်မှာ ချည်ထားပြီး ကျန်တပါးကို ဘေးနားထိုင်ခိုင်းထားတာ လှမ်းမြင်နေရတယ်။ အဲဒီမှာ စစ်သားနဲ့ ဘာတွေ ပြောနေသလဲ ဆိုတာကို မကြားရပေမယ့် မကြာခင်မှာပဲ ဓာတ်တိုင်မှာ ကြိုးနဲ့ ချည်ထားတဲ့ ဦးပညာစက္က (ကိုမင်းမင်းဦး) ကို သေနတ်နဲ့ လှမ်းရိုက်လိုက်တာ မြင်လိုက်ရတယ်လို့ သူမြင်တွေ့ရပုံကို ဦးစိန္တိတက မိန့်ပါတယ်။
သေနတ်နဲ့ အရိုက်ခံရတဲ့ ကိုမင်းမင်းဦးက “ကျနော့်ကို ချည်ထားတဲ့အချိန် သေနတ်ဒင်နဲ့ လှမ်းထုတော့ ခဏ သတိမေ့သွားတယ်။ သတိပြန်ရတော့ ကျနော်က ကွမ်းစားချင်လာလို့ ကွမ်းတောင်းစားတဲ့အခါ အဲဒီစစ်သားတွေက ကျနော်တို့ကို ဆဲရေးတိုင်းထွာတယ်။ နောက်တော့ ကျနော်တို့ကို ရဲစခန်းခေါ်သွားပြီး လူဝတ် ဝတ်ခိုင်းတယ်။ အချုပ်ထဲ ထည့်ထားတယ်။ နောက်တော့ ခေါ်စစ်တယ်။ မင်းတို့ ခေါင်းဆောင်တွေက ဘယ်သူတွေလဲလို့ မေးတော့ ကျနော်တို့က အားလုံး စုပေါင်းပြီးလုပ်တာ၊ ဘယ်သူကမှ ဦးဆောင်ပြီး ဒီကိစ္စကို လုပ်တာ မဟုတ်ဘူးလို့ ပြန်ပြောတယ်။ ဒါပေမယ့် ကျနော်တို့ကို စစ်ဆေးတာတွေ အများကြီး လုပ်ခဲ့ကြတယ်” လို့ ပြန်ပြောပြပါတယ်။
စစ်မေးနေစဉ် နိုင်ငံတော်အဆင့် အမိန့်ပေးနိုင်သူတဦးရဲ့ ဆုံးဖြတ်ချက်နဲ့ မြို့နယ် သံဃမဟာနယက ဆရာတော်တွေရဲ့ စီမံမှုအောက်မှာ ဆောင်ရွက်ပါလို့ ဆိုတာကြောင့် မြို့နယ် သံဃမဟာနာယက ဆရာတော်တွေက နောင်ဒီလို မလုပ်ဖို့ ပြောဆိုမိန့်ကြားခဲ့ပြီး သင်္ကန်းပြန်ဝတ်ပေးကာ ကိုယ်နေထိုင်ရာကျောင်းကို ပြန်ရောက်ခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။
ပခုက္ကူမှာ သံဃာတော်တွေကို ဓာတ်တိုင်မှာ ကြိုးနဲ့တုတ်၊ သေနတ်နဲ့ ရိုက်ခဲ့တဲ့သတင်းက မြန်မာတနိုင်ငံလုံးကို ပျံ့နှံ့သွားခဲ့ပြီး တနိုင်ငံလုံးက သံဃာတော်တွေရော ပြည်သူတွေပါ မခံမရပ်နိုင်ကြတော့ဘဲ သံဃာတွေ စုပေါင်း စည်းဝေးတိုင်ပင်ကာ အစိုးရကို ဝန်ချတောင်းပန်မှု ပြုလုပ်ဖို့ ကြေညာခဲ့ပေမယ့်လည်း စစ်အစိုးရက မျက်ကွယ်ပြု နေခဲ့တာကြောင့် ပတ္တနိက္ကုဇန (သပိတ်မှောက်) ကံဆောင်မှုတွေ ပြုလိုက်ကြပါတယ်။ အဲဒီနောက် စက်တင်ဘာလ ၁၈ ရက်နေ့က စတင်ကာ ရန်ကုန်မြို့အနှံ့ မေတ္တာသုတ် ရွတ်ဖတ်ရင်း စီတန်းလှည့်လည်မှုတွေ စတင်လာခဲ့ကြပါတယ်။ သံဃာတော်တွေ စီတန်းမှုကို ပြည်သူလူထုကပါ ပူးပေါင်း ပါဝင်လာခဲ့ရာကနေ တနိုင်ငံလုံးမှာရှိတဲ့ မြို့အနှံ့ ဒီလို စီတန်းလှည့်လည်တဲ့ အဆင့်ထိ ဖြစ်လာခဲ့ပါတယ်။
အဲဒီလိုနဲ့ သံဃာတော်တွေ နေ့စဉ်ရက်ဆက် စီတန်းလှည့်လည်မှုမှာ လူထုကလည်း တရက်ထက်တရက် ပူးပေါင်းပါဝင်မှု အင်အားကြီးလာတာကို နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က တားမြစ်တဲ့အမိန့်တွေ ဆက်ထုတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သံဃာ့လှုပ်ရှားမှုက ရပ်တန့်မသွားခဲ့တာကြောင့် စက်တင်ဘာလ ၂၄ ရက်နေ့မှာ အစိုးရ ရုပ်မြင်သံကြားကနေ “လိုက်နာရန် သတ်မှတ်ချက်များ ချိုးဖောက်ပါက၊ ဓမ္မစက်ဖြင့် လိုက်နာကျင့်သုံးခြင်း မပြုပါက လုပ်ထုံးလုပ်နည်း ဥပဒေကြောင်းအရ ဆက်လက် အရေးယူ ဆောင်ရွက်သွားမယ်” လို့ ကြေညာရင်း စစ်အစိုးရရဲ့ သရုပ်ကို ဖွင့်လှစ်ခဲ့ပါတော့တယ်။
စက်တင်ဘာလ ၂၅ ရက်နေ့က စတင်ပြီး သံဃာတော်တွေ၊ လှုပ်ရှားသူတွေကို ဖမ်းဆီးပါတော့တယ်။ ဒါပေမယ့်လည်း လှုပ်ရှားမှုက မရပ်တန့်တဲ့အပြင် ရန်ကုန်မှာ သိန်းကျော်တဲ့အထိ အင်အား ပိုမိုကြီးမားလာတာကြောင့် စက်တင်ဘာလ ၂၆ ရက်နေ့မှာစတင် အကြမ်းဖက် ဖြိုခွင်းခဲ့ပါတယ်။ ဒီလှုပ်ရှားမှုဟာ မြန်မာနိုင်ငံလူထု လှုပ်ရှားမှုသမိုင်းမှာ ၁၉၈၈ ခုနှစ် အရေးတော်ပုံပြီးရင် ဒုတိယ အကြီးမားဆုံးသော လူထုလှုပ်ရှားမှု ဖြစ်ခဲ့ပါတယ်။ ဒီလူထုလှုပ်ရှားမှုမှာ သေဆုံးခဲ့သူများကို ကနေ့အထိ စာရင်းမပြုစုနိုင်သေးပေမယ့် လူရာနဲ့ချီ သေဆုံးခဲ့ကြရတယ်လို့ ခန့်မှန်းကြပါတယ်။ လူထောင်နဲ့ချီ အဖမ်းခံရ၊ အချုပ်ခံခဲ့ကြရပါတယ်။
အခုဆိုရင် မြန်မာနိုင်ငံဟာ ဒီမိုကရေစီ အကူးအပြောင်းကာလကို ရောက်လာခဲ့ပေမယ့် ဒီလူထုလှုပ်ရှားမှုကြောင့် စစ်အစိုးရ အနေနဲ့ အချိန်ဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတင်း အပြီးသတ်နိုင်အောင် ပြင်ဆင်ကြ၊ ဒီမိုကရေစီ အကူးအပြောင်းအတွက် အတင်းလုပ်လိုက်ရတဲ့ အခြေအနေမျိုး ဖြစ်လာရတယ်လို့ မန္တလေး ရွှေဝါရောင်သံဃာအဖွဲ့ရဲ့ ဦးဆောင် ဆရာတော် ဦးသောဘိတက ဧရာဝတီကို ပြောပြတယ်။
“လက်ရှိ အနေအထားကို ရောက်ဖို့အတွက် လျှေက်ခဲ့တဲ့လမ်းတွေထဲမှာ ၁၉၈၈ ခုနှစ် အရေးတော်ပုံက ဝေးသောလမ်းကြောင်း တခုဆိုရင် ဒီ ၂၀၀၇ ရွှေဝါရောင် လှုပ်ရှားမှုက အနီးဆုံး လမ်းကြောင်းတခုပဲ။ အနီးဆုံး အကြောင်းတရား တခုပဲ။ ဒီ ၂၀၀၇ ရွှေဝါရောင်ရဲ့ ဂယက်ကြောင့်ပဲ အခုလို အပြောင်းအလဲတွေ မြန်ခဲ့တာ။ ဒါအားလုံး လက်ခံရမယ်။ လက်မခံချင်လည်း လက်ခံကြရမှာပဲ” လို့ ဆရာတော်က မိန့်ပါတယ်။
ဒီပစ်ခတ်မှုမှာ ဂျပန်နိုင်ငံက သတင်းလာယူတဲ့ သတင်းသမား ၁ ဦးသေနတ် ထိမှန်သေဆုံးမှုကြောင့် နိုင်ငံတကာ အလယ်မှာ ဒီလှုပ်ရှားမှုကြီးက ပိုမိုထင် ရှားလာခဲ့ပါတယ်။ အဲဒီလို စစ်အစိုးရက စီတန်းလှည်လည်နေတဲ့ လူထုနဲ့ သံဃာတော်တွေကို အကြမ်းဖက်၊ ပစ်ခတ်၊ ဖမ်းဆီးခဲ့တာကြောင့် ဒီ စက်တင်ဘာလ အကုန်ပိုင်းမှာပဲ လှုပ်ရှားမှုကြီးက အဆုံးသတ်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုကြီးက ရက်ပိုင်းအတွင် ပြီးဆုံးခဲ့ပေမယ့် ကျရှုံးသွားရတဲ့ လှုပ်ရှားမှုမဟုတ်ဘူးလို့ ဦးသောဘိတက ဆက်မိန့်ပါတယ်။
ဘာ့ကြောင့် ကျရှုံးခဲ့တဲ့ လှုပ်ရှားမှု မဟုတ်ရတာလဲဆိုရင် အခုအပြောင်းအလဲက အဖြေပင်ဖြစ်ကြောင်း၊ အဲဒီအချိန်က ဆုံးရှုံးမှုအနေဖြင့် ပြောရလျှင်တော့ သံဃာတွေ၊ လူတွေရဲ့ အသက်တွေ၊ ဘဝတွေလို့ ဆိုနိုင်ပါတယ်၊ ဒါကတော့ တော်လှန်ရေးတခုမှာ အမြဲတမ်းပေးဆပ်ရတဲ့ ပေးဆပ်မှုတွေဖြစ်ကြောင်း ဦးသောဘိတက မိန့်ကြားပါတယ်။ ထို့ အတူ ဦးစိန္တိတကလည်း အခုချိန်အထိ အားလုံးလို ချင်နေသော အခြေအနေသို့ မရောက်သေးသော်လည်း ဒီလှုပ်ရှားမှုဟာ တခန်းတကဏ္ဍအဖြစ် ပါဝင်နေကြောင်း မိန့်ကြားပါတယ်။
ဒီလို ဒီမိုကရေစီ အကူးအပြောင်းကာလကို ရောက်နေခဲ့ပေမယ့် အစိုးရအပေါ်မှာ ပတ္တနိက္ကုဇန ကံဆောင်သပိတ်မှောက် ထားတာက အခုအချိန်အထိ ရှိနေသေးတဲ့အကြောင်းနဲ့ အစိုးရ အပြောင်းအလဲ လုပ်လိုက်တာနဲ့ပဲ ဒီကံဆောင်မှုက လုံး၀ မပျက်ပြယ်နိုင်သေးကြောင်း ပခုက္ကူလှုပ်ရှားမှုမှာ ဦးဆောင်ခဲ့တဲ့ ဆရာတော် ဦးစိန္တိတက မိန့်ပါတယ်။ ။
“အခုချိန်အထိ ပတ္တနိက္ကုဇနကံ ပြုထားတော့ ဒါက ထောက်နေတယ်။ ဒါကြောင့်လဲ အစိုးရနဲ့ ဦးပဇ္ဈင်းတို့မှာ တိုက်ရိုက်တွေ့ဖို့၊ တိုက်ရိုက် ဆက်ဆံဖို့အတွက်က ခက်ခဲနေတယ်။ ဒီကံကို ပြန်လှန်ဖို့ဆိုတာလည်း တပါးတလေနဲ့ မရဘူး။ သံဃနာယကအဖွဲ့နဲ့လည်း တိုင်ပင်လို့ မပြီးဘူး။ ရန်ကုန်ဆရာတော်တွေနဲ့လည်း မရဘူး။ မန္တလေးသံဃာတော်နဲ့လည်း မပြီးဘူး။ တနိုင်ငံလုံးက ဆရာတော်တွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီးတော့မှ ဒီကံကြီးက ပြန်လှန်ရမှာ။ ဘုရားရဲ့ ဝိနည်းဓမ္မကံအရ အစိုးရဘက်မှ မည်သို့ပင် ဆည်းကပ်ပူဇော်နေ ကမ္မဝါဖြင့် မှောက်ထားတဲ့အတွက် ကမ္မဝါနဲ့ ပြန်လှန်ရမှာ။ လက်ရှိ အစိုးရခေတ်မှာ လုပ်မယ်ဆိုရင်လည်း တနိုင်ငံလုံးက သံဃာတွေ စုဝေးတဲ့ပွဲကို အစိုးရဘက်ကလည်း တက်ရောက်လို့ ဒီလိုလုပ်ခဲ့တာ မှားခဲ့တယ်ဆိုတာ ဝန်ချတောင်းပန်မှ ပြန်လှန်လို့ရမှာ” လို့ ဆရာတော်က မိန့်ပါတယ်။
၁၉၈၈ ခုနှစ် အရေးတော်ပုံနောက်ပိုင်း တက်လာတဲ့ အစိုးရကို ပတ္တနိက္ကုဇန ကံဆောင် သပိတ်မှောက်ခဲ့တာ ၁၉၉၀ ခုနှစ်မှာလည်း ပထမ တကြိမ် ပြုလုပ်ခဲ့သေးပါတယ်။ အခု ၂၀၀၇ ခုနှစ် ကံဆောင် သပိတ်မှောက်ခဲ့တာက ဒုတိယအကြိမ် ဆိုပေမယ့် ဒီ ၂ ကြိမ်စလုံးက ကံဆောင်သပိတ်မှောက်တာ ဒီနေ့အချိန်အထိ ကံပြန်လှန်တာမျိုး မရှိသေးပါဘူး။
အခုဆိုရင် မြန်မာနိုင်ငံ မြို့အတော်များများမှာ ၆ နှစ်ပြည့် ရွှေဝါရောင်လှုပ်ရှားမှု အထိမ်းအမှတ်ပွဲတွေ ကျင်းပဖို့ ပြင်ဆင်နေကြပါပြီ။ ဒါပေမယ့် တနိုင်ငံလုံး အတိုင်းအတာနဲ့ ဘယ်ရက်ကို ရွှေဝါရောင် လှုပ်ရှားမှုနေ့အဖြစ် သတ်မှတ်ထားတာမျိုး မရှိသေးတာကြောင့် တချို့နေရာများမှာ စတင် စီတန်းလှည့်လည်ကြတဲ့ စက်တင်ဘာလ ၁၈ ရက်နေ့ကို လှုပ်ရှားမှုနေ့လို့ သတ်မှတ်ပြီး ကျင်းပဖို့ ပြင်ဆင်နေကြတယ်။ တချို့ကတော့ သေနတ်နဲ့ အကြမ်းဖက်ဖြိုခွဲတဲ့ စက်တင်ဘာလ ၂၆ ရက်နေ့ ကို လှုပ်ရှားမှုနေ့လို့ သတ်မှတ်ပြီး ကျင်းပဖို့ ပြင်ဆင်နေကြပါတယ်။