[irrawaddy_gallery]
ဓာတုကလျာ သနပ်ခါး လိမ်းသလားလို့ တစုံတယောက် က မေးလာမယ်ဆိုရင်ဖြင့် လိမ်းတယ်လို့ ပြောနိုင်ပါတယ်။
သမိုင်းထဲက ဓာတုကလျာ မင်းသမီးနဲ့ ပတ်သက်ပြီး အထောက်အထား ပြစရာ တွေ့ခဲ့ရလို့ပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ က ပဲခူးမြို့မှာရှိတဲ့ ရွှေမော်ဓော စေတီကြီးကို ရောက်ရှိ ဖူးမြော်ခဲ့ရပါတယ်။ အဲဒီ စေတီကြီး ရင်ပြင်ပေါ်က ပြ တိုက်ထဲမှာ လွန်ခဲ့တဲ့ ၁၆ ရာစုလောက်က အခု ပဲခူးလို့ခေါ်တဲ့ ဟံသာဝတီ ပြည့်ရှင်မင်း ဒုတိယ မြန်မာနိုင်ငံတော်ကို တည်ထောင် ခဲ့တဲ့ ဘုရင့်နောင် (အေဒီ ၁၅၅၁-၁၅၈၁) ရဲ့ သမီးတော် ရာဇဓာတုကလျာ မင်းသမီး သနပ်ခါးသွေးတဲ့ ကျောက်ပျဉ်ကို လှူဒါန်း ထားတာ တွေ့ခဲ့ရပါတယ်။
ရွှေမော်ဓော စေတီတော်ကြီးသို့
ရာဇဓာတုကလျာ မင်းသမီး လှူဒါန်းခဲ့သည့်
ရွှေချ ကျောက်ပျဉ် သက္ကရာဇ် ၉၆၀….
စတဲ့ ကမ္ပည်း စာတန်းလည်း ရေးထားပါတယ်။
ဓာတုကလျာ မင်းသမီးဟာ ချောမော လှပသူ တဦး ဖြစ်တယ်လို့ မှတ်တမ်းတွေမှာ တွေ့ရှိရပါတယ်။ အဲဒီလို လှပသူ တဦး ဖြစ်လို့လည်း တောင်ငူ ရွှေနန်းက စာဆို စစ်ဘုရင် နတ်သျှင်နောင်ဟာ ဓာတုကလျာကို စွဲလမ်းခဲ့ရဟန် တူပါရဲ့။ ဓာတု ကလျာနဲ့ ပတ် သက်ပြီး နတ်သျှင်နောင်ဟာ “တင့်လှပေဟန်” အစရှိတဲ့ ရတု ကဗျာတွေ ခံစားဖွဲ့ဆိုရုံတင် မဟုတ်ဘဲ မုဆိုးမဘ၀ အထိပင် မေတ္တာ သက်ဝင် စုံဖက်ခဲ့တဲ့ အထိပါပဲ။ ဓာတုကလျာနဲ့ နတ်သျှင်နောင်ဟာ ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင် ဆိုတဲ့ မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်မှု သမိုင်းခေတ်တွေထဲက တောင်ငူခေတ် စာဆိုတွေလည်း ဖြစ်ပါတယ်။
အဲဒီလို တောင်ငူ ခေတ်က ဓာတုကလျာ မင်းသမီးရဲ့ စာကဗျာ ဖွဲ့ဆိုရတဲ့အထိ အလှအပဟာ သနပ်ခါး ရဲ့ ပံ့ပိုးမှုများ ပါလေမလား လို့ စဉ်းစားမိပါတယ်။ သူတို့ ခေတ်ကာလက ရိုးရာ သနပ်ခါးနဲ့ ဆေးဖက်ဝင် သစ်မြစ်၊ သစ်ဥ၊ သစ်ပင် အစရှိတဲ့ သဘာဝရင်းမြစ် တွေ ကိုပဲ သုံးစွဲကြတာ မဟုတ်လား…။
မြန်မာ အမျိုးသမီးတွေ အစဉ်အဆက် သုံးစွဲခဲ့ကြတဲ့ ရိုးရာ သနပ်ခါးဟာ အလှအပ အတွက်တင် မကပါဘူး၊ အပူဒဏ်ကို ခံနိုင်တယ်၊ အသားအရေကို ချောမွေ့စေတယ်၊ အေးမြစေတယ်၊ ရနံ့ မွှေးမြတယ် ဆိုတဲ့ ယူဆချက်တွေအရလည်း လိမ်းချယ် ခဲ့ကြတာပါ။ သနပ်ခါး အတုံးတွေ၊ အခေါက်တွေက သွေးယူလို့ရတဲ့ အနှစ်ကို လိမ်းကြတာ ဖြစ်ပါတယ်။
သနပ်ခါးပင်ကို မြန်မာနိုင်ငံ အထက်ပိုင်း ဒေသမှာ အများဆုံး ပေါက်ရောက်တာ တွေ့ရပြီး ပခုက္ကူ ၊ ရေစကြို၊ မုံရွာ အရာတော် စတဲ့ နယ်တွေမှာ စိုက်ပျိုးကြတာလည်း ရှိပါတယ်။ သနပ်ခါး အရောင်းအဝယ်မှာ အပွေး နဲ့ အပင် အရွယ်အစားပေါ်လိုက်ပြီး ဈေးဖြတ်ကြ တယ်လို့ သိရပြီး တပင်ကို ကျပ် သောင်း ဂဏန်း ရှိတယ်လို့ ဆိုပါတယ်။
သနပ်ခါးပင်ကို ရုက္ခ ဗေဒ အခေါ်အရ လင်မိုနီးယား အက်ဆစ်ဒီစီမား(Limonia acidissima) လို့ခေါ်ပြီး သီး၊ ဥသျှစ်၊ လိမ္မော်၊ ရှောက်၊ သံပရာ၊ ပျဉ်းတော်သိမ် စတဲ့ အပင်တွေနဲ့ မျိုးရင်းတူတယ်လို့ သိရပါတယ်။
အိန္ဒိယ နိုင်ငံ ဟိမဝန္တာတောင်၊ အာသံ၊ သြရိဿ ပြည်နယ်တို့ နဲ့ ဒက္ခိဏ ကုန်းပြင်မြင့်ရှိ ခြောက်သွေ့ ဒေသတွေမှာလည်း ပေါက် ရောက်တယ်လို့ တချို့မှတ်တမ်းတွေက ဆိုပါတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်း ရွှေဘိုခရိုင်ကနေ ပြည်ခရိုင်အထိ မိုးပါး ရေရှား ရပ်ဝန်း တွေမှာ သနပ်ခါးပင်တွေ ပေါက်ရောက်တယ်လို့လည်း ပါရှိပါတယ်။
မြန်မာနိုင်ငံက သနပ်ခါး အမျိုးစားထဲမှာ ရှင်မတောင် သနပ်ခါးတို့ ၊ ရွှေဘို သနပ်ခါးတို့ ဆိုတာ နာမည်ကြီးတွေပါ။ တေးပြုစာဆို နန်းတော်ရှေ့ ဆရာတင် ကတောင် “ရွှေဘို သနပ်ခါးတုံးများ ရန်ကုန် လိမ်းဖို့ယူ” ဆိုပြီးတော့ ရေးဖွဲ့ ခဲ့ပါသေးတယ်။
အခုခေတ် လူငယ်တွေလည်း သနပ်ခါးနဲ့ တွဲပြီး သဘာ၀ အလှကို တေးဖွဲ့ ခံစားတာ ရှိပါတယ်။
“ပါးပြင်မှာ သနပ်ခါးလေးနဲ့ ချစ်စရာ ကောင်းလိုက်တာကွာ….
….. ရိုးရိုးလေးမင်းမျက်နှာ… ကမ္ဘာကျော်တောင် မမီနိုင်ဘူးကွာ….”
ဆိုတဲ့ အဲဒီစာသားလေးတွေ ပါတဲ့ “သနပ်ခါး” အမည်နဲ့ နှစ်သက်စရာ သီချင်းလေးတပုဒ် အခုခေတ် လူငယ်တွေကြားမှာ ထွက်ပေါ် ခဲ့ဖူးပါတယ်။
ဒီလို ခံစား တန်ဖိုး ထားမှုတွေရှိပေမယ့်လည်း အခုခေတ် မိန်းမပျိုလေးတွေ အများစုကတော့ သနပ်ခါးကို နှစ်နှစ်ခြိုက်ခြိုက် သုံးစွဲမှု နည်းပါးလာတယ်လို့ ထင်မြင်မိပါတယ်။
ဓာတုဗေဒ နည်းနဲ့ ဖော်စပ်ထားတဲ့ မိတ်ကပ်တို့ ၊ လိုးရှင်းတို့၊ စနိုးတို့ စတဲ့ အသားအရေ နဲ့ အလှအပ အတွက် ထုတ်လုပ်ထားတဲ့ နိုင်ငံခြား အလှကုန် ပစ္စည်းတွေကို သုံးစွဲလာကြတာ များပါတယ်။
တဖက်ကလည်း သနပ်ခါးလိမ်းရင် သနပ်ခါး သွေးဖို့ ကျောက်ပျဉ် ရှိဖို့တို့၊ အချိန်ပေးရတာတို့၊ သနပ်ခါး အစစ် ဖြစ် မဖြစ်တို့ ဆိုတဲ့ ကိစ္စတွေကလည်း ရှိသေးတယ် မဟုတ်လား။
သနပ်ခါး သွေးဖို့ အချိန်မရသူတွေ၊ အချိန်မပေးနိုင်သူတွေ အတွက် အသင့်လိမ်းရုံ သနပ်ခါး အနှစ်လိုမျိုးကို ဘူးနဲ့ထည့်ပြီး ထုတ်လုပ် လာတာတွေလည်း ရှိလာပါတယ်။ တောင်ကြီး မောက်မယ်၊ ရွှေဘိုမင်းသမီး၊ ရွှေပြည်နန်း၊ နတ်မိမယ်၊ ဒေါ်သီ အစရှိတဲ့ တံဆိပ် အမျိုးမျိုးတွေ နဲ့ ထုတ်လုပ်ကြတာပါ။ ပြည်ပ ပို့ရတဲ့ အထိ ဈေးကွက်ရှိပါတယ်။
ဒါပေမယ့် တချို့ အသင့်လိမ်း သနပ်ခါး ဘူးတွေက သနပ်ခါး အစစ်က နည်းနည်းနဲ့ တခြား အရောအနှောတွေနဲ့ ထုတ်လုပ်တာလို့ သိရပါတယ်။ အဲဒီလို မမှန်ကန်တဲ့ ထုတ်လုပ်မှုတွေ ရှိလို့ မိန်းကလေး တွေကလည်း ဝယ်လိမ်းဖို့ ဝန်လေးလာကြတာမျိုးလည်း ရှိပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ လာပြီး အလုပ်လုပ်နေတဲ့ ရန်ကုန်မြို့က မိန်းကလေးငယ် တဦးက သူ သနပ်ခါး မလိမ်းဖြစ်တာ နှစ် နဲ့ ချီ ရှိနေပြီလို့ ဆိုပါတယ်။
ချင်းမိုင် တက္ကသိုလ်မှာ အချိန်ပိုင်း ကျောင်းတက်ပြီး တဖက်က အလုပ်လည်းလုပ်နေတဲ့ မိန်းကလေး တဦးကတော့ သူ့မှာ သနပ်ခါး တုံးရော ကျောက်ပျဉ်ရော ပါလာတယ်လို့ ပြောပြပါတယ်။ ဒါပေမယ့်လည်း ထိုင်းနိုင်ငံထုတ် အလှကုန်ပစ္စည်းတွေကို ထိုင်းဘတ်ငွေ ၂၀၀၀ ဖိုး၊ ၃၀၀၀ ဖိုး ဝယ်ယူ သုံးစွဲတာမျိုးလည်း ရှိတယ်လို့ ဆိုပါတယ်။
ဟိုဘက် နှစ်တုန်းက ထိုင်း တီဗီ ချန်နယ် တခုမှာ မြန်မာ့ သနပ်ခါး အကြောင်းကို အသေအချာ ထုတ်လွှင့် ခဲ့ဖူးပါတယ်။ ထိုင်း ကုမ္ပဏီ တခုကလည်း လွန်ခဲ့တဲ့ ၃ နှစ်လောက်က သနပ်ခါး ဖြန့်ချိရောင်းချရေး လုပ်ကိုင်ရာမှာ ထိုင်း ဘတ်ငွေ သန်းချီရှိတယ်လို့ သိရ တယ်။ သနပ်ခါးဟာ ထိုင်းမှာလည်း ပေါက်ရောက်ပြီးတော့ ထိုင်းလူမျိုးတွေလည်း သုံးစွဲပါတယ်။ မြန်မာ့ သနပ်ခါးဟာ ထိုင်းနိုင်ငံ အပြင် မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတွေကိုလည်း ရောက်တယ်လို့ သိရပါတယ်။
အဲဒီလို မြန်မာ့ သနပ်ခါးဟာ ပြည်ပအထိ ခြေဆန့် နိုင်သလို ပြည်တွင်းကိုလည်း ဓာတုဗေဒ အလှကုန် ပစ္စည်း မျိုးစုံတွေလည်း ဝင်လာမစဲ တသဲသဲပါ။
အဲဒီ ဓာတုဗေဒ အလှအပသုံး ပစ္စည်းတွေက တချို့လူတွေ အတွက် အဆင်ပြေသလို အဆင်မပြေသူတွေလည်း ရှိပါတယ်။ မိတ် ကပ် ကြိုက်တဲ့ အမျိုးသမီးကြီး တဦးကို တွေ့ဖူးပါတယ်။ သူက နေ့စဉ်လိုလို မိတ်ကပ်လိမ်းပါတယ်။ တခါတော့ အဲဒီ အမျိုးသမီးကြီး မျက်နှာမှာ တင်းတိတ်လို မည်းမည်း ညိုညိုတွေ ရှိလာတာကို တွေ့ရဖူးပါတယ်။ သူ့ရဲ့ သွေးသားနဲ့လည်း ဆိုင်မယ် ထင်ပါရဲ့။
မကြာသေးခင်ကလည်း ဂျပန် အလှကုန်ပစ္စည်း ထုတ်လုပ်တဲ့ Kanebo ဆိုတဲ့ ကုမ္ပဏီက အလှကုန် ပစ္စည်း တမျိုးဟာ သုံးစွဲသူရဲ့ အရေပြားမှာ အကွက်အစွန်းတွေ ထွက်လာတာမျိုး ဖြစ်လို့ နိုင်ငံတကာကို ဖြန့်ထားတဲ့ သူ့ အလှကုန်ပစ္စည်း အမျိုးအစား ၅၀ ကျော် ကို ပြန်သိမ်းပြီး ဝယ်ယူ သုံးစွဲတဲ့ ပရိသတ်ကို တောင်းပန်ခဲ့ရပါတယ်။ ထိခိုက်တဲ့ နိုင်ငံတွေထဲမှာ မြန်မာ အပါအဝင် ထိုင်ဝမ်၊ ဟောင် ကောင်၊ တောင်ကိုရီးယား၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ် တို့ ပါဝင်တယ်လို့ သတင်းတွေမှာ ဖော်ပြ ထားပါတယ်။
ဓာတုဗေဒနဲ့ ဖော်စပ် သုံးစွဲရတဲ့ အလှအပ၊ ဓာတုဗေဒ အလှ (Chemical Beauty) ဟာ အန္တရာယ် များလွန်းလှပါတယ်။ သဘာ၀ ရင်းမြစ်တွေကို သုံးစွဲတာလောက် အန္တရာယ် မကင်းနိုင်ပါဘူး။ သဘာ၀ အလှ (Natural Beautyှ) သာ အကောင်းဆုံးဆိုတာ လည်း လူအများ သိပါတယ်။
ဒါပေမယ့်လည်း ဓာတုဗေဒ အလှနဲ့ ခေတ်သစ် ဓာတုကလျာတွေ က ပိုများလာပြီး ကမ္ဘာမှာ ဓာတုဗေဒ အလှကုန် စီးပွားရေး လုပ်ငန်းကလည်း ဝင်ငွေအများဆုံးထဲမှာ ပါဝင်ပါတယ်။
မကြာသေးခင်က ဘယ်လာရုစ် နိုင်ငံမှာ ကျင်းပတဲ့ Miss Supranational ပြိုင်ပွဲမှာ Miss Internet ပထမဆု အပါအဝင် ဆုပေါင်း လေး ဆု ရရှိခဲ့တဲ့ မြန်မာ မော်ဒယ်လ် ခင်ဝင့်ဝါ ကတော့ မြန်မာကို ကမ္ဘာက သိအောင် မြန်မာ ဝတ်စုံတွေ၊ တိုင်းရင်းသား ဝတ်စုံ အကျႌတွေ ဝတ်ပြီးတော့ မြန်မာ့ ရိုးရာ သနပ်ခါးကို လိမ်းခဲ့တယ်၊ မြန်မာတွေရဲ့ ရိုးရာ ဓလေ့ အစရှိတာတွေကို တတ်စွမ်းသလောက် ဖော်ပြခဲ့တယ်လို့ ဘီဘီစီ နဲ့ အင်တာဗျူး မှာ ပြောဆိုခဲ့ပါတယ်။
တကယ်တော့ ဓာတုဗေဒ နဲ့ သဘာ၀ ရင်းမြစ်ကို သူ့နေရာနဲ့သူ မျှတအောင် အသုံးပြုတတ်မယ်ဆိုရင် အကျိုး ဖြစ်ထွန်းနိုင်မယ်လို့ ထင်မိပါတယ်။
ဒါကြောင့် ခေတ်သစ် ဓာတုကလျာတွေ အနေနဲ့ ဓာတုဗေဒ အလှကုန်တွေ အပြင် ကျောက်ပျဉ်နဲ့ သနပ်ခါးတုံးကိုပါ ဆောင်ထားပြီး သုံးစွဲနိုင်ရင်ဖြင့် အလှတွင် အယဉ်ဆင့် ဆိုသလို ဖြစ်လာမှာ မလွဲဧကန်လို့ ဆိုချင်ပါတယ်။
ရွှေမော်ဓော စေတီကြီးပေါ်က ရာဇဓာတုကလျာ မင်းသမီးရဲ့ ကျောက်ပျဉ်က သက်သေတခုပဲ မဟုတ်ပါလား…..။ ။