ဆောင်းပါး

အမေ့ခံ ပင်လုံမြေ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရွှေရောင် ဝင်းပနေတဲ့ ရွှေတိဂုံ ပုံစံတူ စေတီတော်ရဲ့ အနောက်ဘက်မှာ နိုင်ငံသား အားလုံးနဲ့ သက်ဆိုင်တဲ့ အထိန်းအမှတ် ထုံးဖြူသုတ် ကျောက်တိုင် တခု ရှိနေတယ်ဆိုတာ ဒီဒေသက မဟုတ်ရင် သိနိုင်ဖို့ မလွယ်ပါဘူး။ စေတီရဲ့ အနောက်ခြမ်း ကွင်းပြင်ထဲမှာတော့ မြန်မာနိုင်ငံရဲ့ သမိုင်း တစိတ်တဒေသလည်း ဖြစ်၊ တိုင်းရင်းသား ပေါင်းစုံတို့ရဲ့ အသဲနှလုံးလည်း ဖြစ်တဲ့ ပင်လုံ ကျောက်တိုင်ဟာ ခိုင်မတ် တည်ကြည်စွာ ရပ်တည်လို့ နေပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်ကာလ ဖေဖော်ဝါရီ တရက်က ဒီနေရာမှာ တိုင်းရင်းသားပေါင်းစုံ စုဝေးခဲ့ကြပါတယ်။ စုဝေးတဲ့ အကြောင်းကတော့ လွတ်လပ်ရေးကို တောင်တန်း ပြည်မ တပေါင်းတစည်းထဲ ယူနိုင်ကြဖို့ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ ပြည်မ ကိုယ်စားလှယ်အဖွဲ့၊ ကချင် ဒူးဝါးများ၊ ချင်းတိုင်းရင်းသား ခေါင်းဆောင်များနဲ့ ရှမ်းစော်ဘွားများဟာ ဒီနေရာမှာ သုံးရက်တိုင် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီးတော့ ၁၉၄၇ ဖေဖော်ဝါရီ ၁၂ ရက်နေ့ မနက် ၁၀ နာရီအချိန်မှာတော့ သမိုင်းတွင် ခဲ့တဲ့ ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ကြတယ်။ ပင်လုံစာချုပ်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ သက်ဆိုင်ရာ တိုင်းရင်းသား ခေါင်းဆောင်တွေက လက်မှတ်ရေးထိုးပြီးတဲ့နောက် အခု ပင်လုံကျောက်တိုင် တည်နေတဲ့ နေရာမှာ ၁၂ ပေရှိတဲ့ သပြေတိုင်ကို ဗိုလ်ချုပ်ကိုယ်တိုင် အထိမ်းအမှတ်အဖြစ် စိုက်ထူခဲ့ပါတယ်။

၁၉၅၁ ခုနှစ်မှာတော့ ပင်လုံမြို့စား ဦးစံမြက သပြေတိုင် နေရာမှာ အထိန်းအမှတ် ကျောက်တိုင်ကို ဆောက်လုပ်ခဲ့ပြီးတော့ တောင်တန်း – ပြည်မ ပူးပေါင်းရေး စာချုပ် ဆိုတဲ့ ကမ္ပည်း စာသား ရေးထိုးစေခဲ့တယ်။ ကျောက်တိုင်ကို ကိုယ်တိုင်ကိုယ်ကျ တည်ဆောက်ခဲ့သူကတော့ ပန်းရံဆရာ ဦးထွေးဖြစ်ပြီး ကမ္ဘာကျောက်နဲ့ တည်ဆောက်ခဲ့တယ်လို့ သိရပါတယ်။

တိုင်းရင်းသားများရဲ့ ပင်လုံကျောက်တိုင်ဟာ အခုအချိန်မှာတော့ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် ကိုယ်တိုင် ပန္နက်ချခဲ့တဲ့ ရွှေတိဂုံပုံတူ စေတီတော်ရဲ့ အနောက်မှာ လူမသိ သူမသိ တည်ရှိနေပါတယ်။ ကျောက်တိုင်ဘေးက ညောင်ပင်အောက်မှာ ကွပ်ပျစ်ဝိုင်း တခု ရှိနေပြီးတော့ အနီးဝန်းကျင်မှာတော့ ပလတ်စတစ်နဲ့ အအေးဘူးခွံလို အမှိုက်တွေ စိတ်အနှောင့် အယှက် ဖြစ်လောက်အောင် ပွနေပါတယ်။ လေသင့်တဲ့အခါ စူးရှတဲ့ အနံ့အသက်တွေ ပျံ့လာတတ်ပြီး ဘေးပတ်ဝန်းကျင်မှာလည်း မြက်နဲ့ ခြုံနွယ်တွေ ရှုပ်ထွေးနေပါတယ်။ ဒီနေရာမှာ တချိန်က နိုင်ငံ ခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်၊ ပြည်ထောင်စုနဲ့ သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ခဲ့ကြတယ်ဆိုတာ မယုံနိုင်စရာပါပဲ။

ဒီနေ့ ဒီအချိန်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ရရှိခဲ့ကြတဲ့ သဘောတူညီချက်၊ ပင်လုံ စာချုပ်ကို မေ့လျော့ထားကြသလို၊ ပင်လုံကျောက်တိုင်နဲ့ အထိန်းအမှတ် နေရာကိုလည်း ဥပက္ခာပြု မေ့လျော့ ထားကြတာပါ။

“မှတ်မှတ်ရရ ဒီနေရာမှာ ၈၈ အရေးအခင်း ပြီးတဲ့နောက် ဘာအခမ်းအနားမှ မလုပ်တော့ဘူး။ ၂၀၀၂ လောက်မှာ ဒီကျောက်တိုင် ရှေ့က မြေနေရာမှာ ဘုရားစတည်တယ်။ ၂၀၀၆ မှာ အဲဒီတုန်းက ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းကိုယ်တိုင် ထီးတော် တင်လှူခဲ့ပါတယ်။ အဲဒါက လွဲလို့ ဒီနေရာကို အရေးတယူ လာကြည့်တာမျိုး ဘယ်တုန်းကမှ မရှိခဲ့ဘူး” လို့ ပင်လုံမြို့ ရပ်မိရပ်ဖ တစ်ဦး ဖြစ်တဲ့ ဦးစိုင်းလုံက ဆိုပါတယ်။

ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးကနေ ၅၇ မိုင်သာ ကွာဝေးတဲ့ ပြည်ထောင်စု နယ်မြေ ပင်လုံဟာ အညိုရောင် နယ်မြေ အဖြစ် နှစ်ပေါင်းများစွာ တည်ရှိခဲ့ရပါတယ်။ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA – N) နဲ့ ပအို့ဝ်အမျိုးသား တပ်မတော် (PNA) တို့ဟာ ပင်လုံနယ်ကို ခွဲဝေရယူထားခဲ့ကြပါတယ်။

“ပအို့ဝ်နယ်ထဲမှာ ရှိတဲ့ ရွာတွေ (ရှမ်းရွာအပါအဝင်) ကို ပအို့ဝ်တွေက ဆက်ကြေးကောက်ပြီး ရှမ်းနယ်ထဲမှာ ရှိတဲ့ရွာတွေ (ပအို့ဝ်ရွာ အပါအဝင်) ကို ရှမ်းတွေက ဆက်ကြေးကောက်တယ်။ သူ့နယ်ကိုယ့်နယ်ထဲမှာ ရှိတဲ့ ရွာတွေက သူတို့ နေထိုင်တဲ့ နယ်နဲ့ ပတ်သက်တဲ့ လက်နက်ကိုင်တွေရဲ့ ညွှန်ကြား အုပ်ချုပ်မှုအောက်မှာ နေထိုင်ခဲ့ရတယ်။ ပင်လုံဒေသမှာ ရှိတဲ့ ကျေးရွာအုပ်စု ဥက္ကဋ္ဌ၊ အခုတော့ အုပ်ချုပ်ရေးမှူးတွေ ဆိုရင်လည်း လက်နက်ကိုင် အဖွဲ့အစည်းက ခန့်ထားတဲ့ လူကြီးရယ်၊ အစိုးရက ခန့်ထားတဲ့ လူကြီးရယ်ဆိုပြီး ကျေးရွာအုပ်စု တခုမှာ လူကြီး ၂ ဦးစီ ရှိနေကြပါတယ်။ အဲဒီ အုပ်ချုပ်ရေး စနစ်ဟာ အခုထက်ထိ ဆက်လက် တည်မြဲနေတုန်းပါပဲ။ ကျေးရွာ အုပ်စုဆိုရင်လည်း အစိုးရက သတ်မှတ်ထားတဲ့ ကျေးရွာအုပ်စုနဲ့ ရွာတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ ကျေးရွာအုပ်စုနဲ့ ရွာတွေဆိုပြီး ကိုယ့်သတ်မှတ်ချက်နဲ့ ကိုယ် အုပ်ချုပ်နေတယ်။ ဒါကြောင့် တချို့ ကျေးရွာတွေဟာ အခွန်ကို နှစ်ဘက်စလုံး ဆောင်နေကြရတာလည်း တွေ့မြင်နေရတယ်” လို့ ပင်လုံဒေသခံ တဦးက ဆိုပါတယ်။

ပြည်ထောင်စု နယ်မြေ ပင်လုံဟာ လုံး၀ ဥပက္ခာ ပြုခံထားရတာတော့ မဟုတ်ပါဘူး။ တိုက်ပွဲသံတွေ တခြိမ်းခြိမ်း ကြားမှာပဲ ပင်လုံ ဝိဇ္ဖာနဲ့ သိပ္ပံ တက္ကသိုလ်ကို ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ကိုယ်တိုင် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဲဒီနေ့ဟာ ၅၅ နှစ်မြောက် ပြည်ထောင်စုနေ့ မတိုင်ခင် တရက်၊ ၂၀၀၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ဖြစ်ပါတယ်။ ပင်လုံ တက္ကသိုလ်ကြောင့် ပတ်ဝန်းကျင်က လူငယ်တွေဟာ စားရိတ် သက်သက်သာသာနဲ့ ပညာသင်ခွင့် ရရှိခဲ့ပေမယ့် ကျယ်ပြန့်တဲ့ လူမှုဆက်ဆံရေးတွေ ဆုံးရှုံးခဲ့ရတယ်လို့ ပင်လုံဒေသခံ လူငယ်တွေက ဆိုပါတယ်။

“ဒီမှာပဲ မွေး၊ ဒီမှာပဲ တက္ကသိုလ် တက်ရတဲ့အခါ ကျနော်တို့ရဲ့ အတွေးအမြင်တွေကလည်း ပင်လုံကို မကျော်နိုင်တော့ဘူး” လို့ ဒေသခံလူငယ် တဦးဖြစ်တဲ့ ကိုစိုင်းဆုက ဆိုပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ကိုယ်စားလှယ် ၂၃ ဦး သဘောတူ လက်မှတ်ရေးထိုးခဲ့တဲ့ ပင်လုံ စာချုပ်ဟာ စာချုပ်အဖြစ် သမိုင်းထဲမှာ ကျန်ရစ်ခဲ့ပေမယ့် ပင်လုံအထိမ်းအမှတ် ကျောက်တိုင်ကတော့ နှစ်ပေါင်းများစွာ တိုက်ပွဲတွေ အကြားမှာ မယိုင်မလဲ တည်ရှိနေခဲ့ပါတယ်။ ပြောင်းလဲသွားခဲ့တဲ့ အရာကတော့ ပန်းရံဆရာ ဦးထွေး ကမ္ပည်း ထိုးထားခဲ့တဲ့ “တောင်တန်း – ပြည်မ” ပူးပေါင်းရေး စာချုပ်ဆိုတဲ့ စာတမ်းဟာ ၁၉၇၂ ခုနှစ် မဆလ ခေတ်မှာတော့ “ပြည်မ – တောင်တန်း” ပူးပေါင်းရေး စာချုပ်ဆိုပြီး ပြောင်းလဲ ရေးထိုးလိုက်တာပဲ ဖြစ်ပါတယ်။ ဒါကိုလည်း တိုင်းရင်းသား ခေါင်းဆောင်တွေမကျေမနပ် ဖြစ်ခဲ့ကြပါတယ်။

“တောင်တန်း – ပြည်မ ကနေ ပြည်မ – တောင်တန်း ဖြစ်သွားတယ်။ အဲဒါတွေက ပြဿနာပဲ။ အမှန်တရားတွေကို လိုက်ပြီးတော့ ခဲနဲ့ ခြစ်ပစ်မယ်၊ လိုက်ဖုံးမယ်ဆိုရင် သမိုင်းက ဘယ်လှတော့မလဲ။ ကျနော်တို့က ပင်လုံကို တန်ဖိုးထားတယ်၊ ပင်လုံ စိတ်ဓာတ် ပင်လုံမူနဲ့ပဲ တိုင်းရင်းသား အခွင့်အရေး ရဖို့ဆက် ကြိုးစားမယ်။ ပင်လုံဟာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး ဖြစ်တယ်။ တိုင်းရင်းသားတွေရဲ့ အထိမ်းအမှတ်ဖြစ်တယ်” လို့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် တယောက် ဖြစ်တဲ့ ဦးခွန်ထွန်းဦးက ဆိုပါတယ်။

ပင်လုံ စာချုပ်ရဲ့ အနှစ်သာရ ဖြစ်တဲ့ တောင်တန်းဒေသတွေမှာ ဒီမိုကရေစီ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေ ရှိစေရမယ်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရှိစေရမယ်၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိစေရမယ် ဆိုတာတွေဟာ အိပ်မက်သာသာ အဆင့်နဲ့ နိဂုံးချုပ်ခဲ့ရပြီး ကာလ ရှည်ကြာတဲ့ ပြည်တွင်းစစ်ကြီးကိုတော့ အမှန်တကယ် ရင်ဆိုင်ခဲ့ကြရပါတယ်။ မူးယစ်ဆေးဝါး ပြဿနာ၊ အလုပ်လက်မဲ့ ပြဿနာ တွေနဲ့ အိမ်နီးချင်းနိုင်ငံတွေကို တိုင်းရင်းသားတွေ အစုလိုက် အပြုံလိုက် ပြောင်းရွှေ့ သွားတာတွေဟာ ပြည်တွင်းစစ်ရဲ့ အပိုဆုတွေ ဖြစ်လာပါတော့တယ်။ ဒီအပိုဆုတွေကို ပြည်ထောင်စု နယ်မြေ ပင်လုံကိုယ်တိုင်လည်း ခံစားခဲ့ရပါတယ်။

“နဝတ ခေတ်ကစလို့ အခုထက်တိုင် မိရိုးဖလာ စိုက်ပျိုးနေကြတဲ့ လက်ဖက်နဲ့ သနပ်ဖက်တွေ နေရာမှာ ဘိန်းကို တနှစ်ထက် တနှစ် တိုးတိုးပြီး စိုက်လာကြတယ်။ ဟိုတုန်းက လက်ဖက်နဲ့ သနပ်ဖက်ပွဲရုံတွေဟာ အခုတော့ လေးပုံတပုံလောက်ပဲ ဆက်လုပ် နိုင်တော့တယ်။ ဒီလို ဘိန်းဖြစ်ထွန်းမှု တိုးတက်လာတာနဲ့အမျှ လူငယ်တွေ မူးယစ်ဆေးဝါး သုံးစွဲတာလည်း တဖြည်းဖြည်း များလာတယ်။ ဘယ်လောက်တောင် ဖြစ်လာသလဲဆိုတော့ တချို့ ဂိမ်းဆိုင်၊ အင်တာနက်ဆိုင်တွေမှာ “ဆိုင်တွင်း မူးယစ်ဆေးဝါးမသုံးစွဲရ” ဆိုတဲ့ သတိပေးစာတွေတောင် ရေးရတဲ့ အဆင့်အထိ ဖြစ်နေပြီ” လို့ ပင်လုံဒေသခံ တစ်ဦးက ဧရာဝတီကို ပြောပါတယ်။

ပင်လုံမြို့သူ မြို့သားတွေကတော့ ပြည်ထောင်စု အထိမ်းအမှတ် ကျောက်တိုင် တည်ရှိတဲ့ နေရာကို တမြတ်တနိုး ထိန်းသိမ်း လိုစိတ် ရှိနေကြပါတယ်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလတုန်းက တောင်တန်း – ပြည်မ ပူးပေါင်းရေးအတွက် ဗိုလ်ချုပ် အောင်ဆန်းဟာ ဘယ်လို ဆွေးနွေးနေမယ်၊ ကချင်တိုင်းရင်းသား ခေါင်းဆောင် ဆမားဒူးဝါး ဆင်ဝါးနောင်ကတော့ ဘယ်လို ပုံစံရှိမယ်၊ ချင်းတိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင်တွေ ဘယ်လို ဆွေးနွေးခဲ့ ကြမယ် ဆိုတာတွေကို အမှတ်တရ ပြခန်းတွေ ထားရှိပေးစေလိုတယ်လို့ သူတို့က ဆိုပါတယ်။

“အခုဆိုရင် ဒီနေရာက ကျောက်တိုင်ကွင်း တကွင်း လိုလို၊ ဘုရားဝင်း လိုလို သိပ်မသဲကွဲကြတော့ဘူး။ အခုခေတ် လူငယ်တွေ တော်တော်များများက သိလည်း မသိကြတော့ဘူး။ အနည်းဆုံးတော့ ဒီနေရာဟာ တမျိုးသားလုံးနဲ့ ဆိုင်တဲ့ နေရာ ဖြစ်တယ် ဆိုတာလေးတော့ သိအောင် လုပ်ပေးသင့်တယ်။ ဒီနေရာ သန့်ရှင်းရေး ထိန်းသိမ်းရေးကို သက်ဆိုင်ရာက ငွေကုန်ကြေးကျ မခံချင်ဘူး ဆိုရင်လည်း ကျနော်တို့ ဒေသခံတွေ စိုက်ထုတ်လုပ်နိုင်ပါတယ်” လို ဒေသခံ လူငယ်တဦးက ဆိုပါတယ်။

ပင်လုံ ကျောက်တိုင် တည်ရှိရာ နေရာကို ထိန်းသိမ်း စောင့်ရှောက်ဖို့ လိုအပ်သလို ပင်လုံစာချုပ်ဟာလည်း မေ့လျော့ထားရမယ့် အရာတော့ မဟုတ်ပါဘူး။ တနိုင်ငံလုံး ငြိမ်းချမ်းရေး ရရှိဖို့ ကြိုးစားနေတဲ့ အခုလို အချိန်မှာ ပင်လုံ စာချုပ်ဟာ ပို အရေးပါတဲ့ နေရာတခုကို ရောက်လာသင့်တာပါ။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးတွေပါ နေထိုင်ကြတယ် ဆိုတာကို နှစ်ပေါင်းများစွာ မေ့လျော့ထားပြီး တချိန်က လက်နက်ကိုင် သောင်းကျန်းသူတွေလို့ ခေါ်ဝေါ်ခံခဲ့ရတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေဟာ ဒီနေ့မှာတော့ မြန်မာအစိုးရ အရာရှိတွေနဲ့ တစားပွဲတည်းထိုင်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးနေကြပါပြီ။

ဒီလို အချိန်မှာ ပင်လုံစာချုပ်နဲ့ ပင်လုံဒေသဟာ မမေ့အပ်တဲ့ အရာတခု ဖြစ်ရမှာ ဖြစ်ပါတယ်။ ၁၉၄၇ ပင်လုံ ညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်းက အခုလို ပြောခဲ့ဖူးပါတယ်။

“မြန်မာများသည် ဗြိတိသျှ၏ ကျွန် မဖြစ်လို၊ ထိုနည်းတူစွာ တောင်တန်း လူမျိုးများလည်း ဗြိတိသျှ ကျွန်အဖြစ် မရောက်စေလို၊ ထို့အပြင် တောင်တန်းလူမျိုးများသည် မြန်မာ့ကျွန် အဖြစ်လည်း မဖြစ်စေလို၊ တောင်တန်းနယ်ကို တောင်တန်းလူမျိုးများသာ အုပ်ချုပ် စိုးမိုးခြင်းကို မြန်မာများက ကြိုက်နှစ်သက်ပါကြောင်း ….” ။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading